အခန်း (၇၆၉-၇၇၀)
Vol. 56 Ch. 769-770
အပိုင်း ၇၆၉ - နယ်စပ်တိုက်ပွဲ (၃)
ဝတ်ရုံနက်နှင့်လူက သူတို့ပတ်ပတ်လည်ရှိ အလင်းအရံအတားကို မြင်၏။ သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ မန္တန်ချိပ်ဟန်တစ်ခုကို ပြုလုပ်ပြီး ရှေးမန္တန်စာသားတစ်ခုကို စတင်ရေရွတ်လာသည်။ ဆိုးယုတ်လှသောမိစ္ဆာချီသည် သူ့ထံမှ ထွက်ပေါ်လာပြီး မင်ရောင်အလား မဲနက်သော ရေဘဝဲလက်တံတစ်ခုအသွင်သို့ ပြောင်းကာ သူ့နားပတ်လည်တွင် အဆက်မပြတ် လှုပ်ခါနေသည်။
ဟန်လိသည် မျက်လုံးမှေး၍ ထိုလူ့ကို စူးစိုက်ကြည့်နေသည်။ သို့သော် သူ၏ အင်္ကျီလက်အိုးအနားစွန်းမှ ခပ်သဲ့သဲ့ မိုးကြိုးခြိမ်းသံများနှင့်အတူ ရွှေရောင်လျှပ်စီးကြောင်းများ တဖျတ်ဖျတ် လက်လာခဲ့ပေသည်။ ဟန်လိသည် သည့်အရင်ကလည်း ဤအဆင့်ရှိမိစ္ဆာကျင့်ကြံသူတစ်ဦးကို မျက်စိတစ်မှိတ်အတွင်း ချက်ချင်း အပြတ်ရှင်းပစ်ခဲ့ဖူးသည်။ ထိုမိစ္ဆာကျင့်ကြံသူ စတင်တိုက်ခိုက်လာမည့် အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်သရွေ့တော့ သူသည် ထိုသူ့ကို လွယ်လင့်တကူပင် ရှင်းထုတ်ပစ်နိုင်လိမ့်မည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများမှာ သွေးနီရောင် တောက်ပသွားပြီး သူ၏ပါးစပ်မှ သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော မာန်သွင်းဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင်မှာ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မိစ္ဆာအရှိန်အဝါများ ပျောက်ကွယ်သွားရုံတင်မကဘဲ ထိုလူသည် ပြန့်ကားလာကာ မျက်စိတစ်မှိတ်အတွင်းမှာ မူလအရွယ်အစားထက် နှစ်ဆခန့် ပိုမိုကြီးမားလာခဲ့ပေသည်။
"ဟန်"
ဟန်လိသည် အံ့အားသင့်တုန်လှုပ်ဟန်ဖြင့် အော်ဟစ်မိသွားသည်။ သူ ထိတ်လန့်သွားရခြင်းမှာ တစ်ဖက်လူ၏ ရုတ်တရက် အသွင်ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ဘဲ ထိုသူ၏ ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါများ လုံးဝဥဿုံ ပျောက်ကွယ်သွားခြင်းကြောင့်ပင်။ ၎င်း၏နေရာတွင်မူ ထူးခြားပြီး မတည်ငြိမ်လှသော အော်ရာတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့ပေပြီ။
အနက်ရောင်ဝတ်ရုံနှင့်လူ၏ နီရဲနေသောမျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။ သူ၏ဖောင်းကားနေသော ခန္ဓာကိုယ်မှာ ရုတ်တရက် ပြန်လည် ကျုံ့သွားကာ သုံးပေခန့်သာရှိသော လူပုလေးတစ်ဦး၏ အရွယ်အစားသို့ ရောက်ရှိသွားပြီးနောက် အလင်းအရံအတား နံရံဆီသို့ ပုံရိပ်ယောင်တစ်ခုအလား တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဟန်လိသည် ဘေးကျပ်နံကျပ် ဖြစ်သွားပြီးနောက် စိတ်ထဲ၌ အတွေးများ ယောက်ယက်ခတ်သွားသည်။ သူ့အနေဖြင့် မကောင်းသော အငွေ့အသက်ကို ခပ်သဲ့သဲ့ ခံစားမိလိုက်ရ၏။
သူက လက်ကို ပင့်မြှောက်လိုက်ပြီး သူ၏လက်ဝါးနှစ်ဖက်မှ သိပ်သည်းလှသော ရွှေရောင်လျှပ်စီးတန်း နှစ်ခုကို ချက်ချင်း စေလွှတ်လိုက်ရာ ၎င်းတို့သည် လေထုထဲတွင် ကြီးမားလှသော လျှပ်စီးပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို ဖမ်းဆုပ်ရန် ထိုးနှက်လိုက်သည်။ သည့်နောက်တွင် သူ၏အင်္ကျီလက်အိုးကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင် ဒိုင်းငယ်တစ်ခု သူ၏ ရှေ့တွင် ပေါ်ထွက်လာပြီး ၎င်းသည် အဆများစွာ ကြီးမားလာကာ သူ၏ ရှေ့မျက်နှာစာကို အပြည့်အဝ ကာကွယ်ပေးသွားသည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် သူ၏ သိုလှောင်အိတ်ကို အလျင်အမြန် ထိပုတ်လိုက်ပြီး အတားအဆီးဖြိုးခွင်းခြင်းပုတီးစေ့ကို သူ၏ လက်ထဲသို့ အသင့် ထုတ်ယူထားလိုက်တော့သည်။
အကယ်၍ အခြေအနေများ ဆိုးဝါးသွားခဲ့မည်ဆိုလျှင် သူသည် ၎င်းကို အသုံးပြု၍ အတားအဆီးကို ချက်ချင်း ချိုးဖျက်ပစ်မည် ဖြစ်သည်။ သူ၏ ပြိုင်ဘက်မှာ မကောင်းသော အကြံ ရှိနေမှန်း သူ သိရှိထားပြီး ဖြစ်ရာ သူသည် နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး မိမိကိုယ်ကိုယ် အန္တရာယ်ပြုခံရမည့်အဖြစ်ကို လုံးဝ ခွင့်ပြုပေးမည် မဟုတ်ပေ။
ဟန်လိ၏စိတ်ထဲ၌ အတွေးများ လှုပ်ခတ်နေစဥ်မှာပင် ရွှေရောင်လျှပ်စီး ပိုက်ကွန်ကြီးက အနက်ရောင် ဝတ်ရုံနှင့်လူကို လွှမ်းခြုံသွားသည့် အခိုက်အတန့်တွင် ထိုသူ့ထံမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက်တွင်မူ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းမှာ သွေးသားအလောင်းကောင် အပိုင်းအစများအဖြစ် လေထုထဲသို့ ဖရိုဖရဲ လွင့်စင်သွားတော့သည်။
ဟန်လိသည် အမှန်တကယ်ပင် မင်သက်သွားမိ၏။ အစကတော့ သူ၏ပြိုင်ဘက်သည် ပြင်းထန်လှသော မိမိကိုယ်ကိုဖောက်ခွဲခြင်း ပညာရပ်တစ်ခုခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော်ငြားလည်း ထိုသူ၏ အသားစများ အားလုံးမှာ အလင်းအရံအတားပေါ်သို့သာ ပြန့်ကြဲသွားခဲ့ပြီး ပေါက်ကွဲမှု ကိုယ်တိုင်တွင်မူ မည်သည့် အဖျက်အစီး အရှိန်အဝါမျှ ပါဝင်မနေခဲ့ပေ။
ဟန်လိသည် စိတ်ရှုပ်ထွေးနေစဥ်မှာပင် ထူးခြားဆန်းကြယ်သော အခြင်းအရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည်။ သူ့ပြိုင်ဘက်၏ အသားစများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်း မရှိဘဲ အလင်းအရံအတားပေါ်တွင် တင်းကြပ်စွာ ကပ်ငြိနေကြခြင်းပင်။ ဟန်လိက ထိုအသားစများကို သေချာစွာ စူးစမ်းကြည့်လိုက်သည့်အခါ ၎င်းတို့သည် စတင်၍ တွန့်လိမ်လှုပ်ရှားလာကြတာ မြင်တွေ့လိုက်ရသဖြင့် ဘာလုပ်ရမှန်းမသိအောင် မှင်တက်သွားမိတော့သည်။
ချက်ချင်းပင် ကွဲအက်သံအချို့နှင့်အတူ ထိုအသားစများမှာ သွေးနီရောင်မြူထုများအဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းအရံအတား ပတ်ပတ်လည်သို့ စတင် ပြန့်ကားသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းသည် အလင်းအရံအတား၏ အစိတ်အပိုင်းအများစုကို သွေးနီရောင် ဖုံးလွှမ်းသွားစေပြီး လေထုထဲတွင်လည်း ညှီစော်နံလှသော သွေးနံ့များ ပြည့်နှက်သွားစေခဲ့သည်။
ဟန်လိသည် အကြီးအကျယ် မျက်နှာပျက်သွားပြီး သူ၏ နောက်ကွယ်ရှိ အလင်းအရံအတားထံသို့ အတားအဆီးဖြိုးခွင်းခြင်းပုတီးစေ့ကို အလျင်အမြန် ပစ်လွှတ်လိုက်သည်။ ပြင်းထန်လှသော မြည်ဟိန်းသံတစ်ခုနှင့်အတူ ဝိညာဉ်လုံးက အတားအဆီးကို ထိမှန်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သိပ်မကြာခင်မှာ ထိမှန်ခံလိုက်ရသော အတားအဆီးအလွှာမှာ အလင်းများ တဖျတ်ဖျတ် လက်သွားပြီးနောက် အရံအတားတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
ဟန်လိသည် ဤသည်ကို မြင်ရသည့်အခါမှ ကျေနပ်ဝမ်းမြောက်သွားပြီး သူ၏ လက်ချောင်းများကို အဆက်မပြတ် တောက်ထုတ်ကာ ထိုအားနည်းသွားသော အစိတ်အပိုင်းဆီသို့ မိုးပြာရောင် အလင်းတန်းများကို ဆက်တိုက်ပစ်လွှတ်လျက် ၎င်းကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ရှေ့မျက်နှာစာ၌ သွေးနီရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီး အားနည်းသွားသော အစိတ်အပိုင်းကို မြူထုများဖြင့် ပြန်လည် ဖုံးအုပ်ပစ်လိုက်တော့သည်။
ဟန်လိသည် စိတ်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရပြီး ဘေးပတ်ပတ်လည်သို့ လှမ်း၍ စူးစမ်းကြည့်လိုက်သည့်အခါ အလင်းအရံအတားတစ်ခုလုံးမှာ သွေးနီရောင်သို့ လုံးဝ ပြောင်းလဲသွားပြီး ၎င်း၏ မျက်နှာပြင်ထက်တွင် သွေးနီရောင် မြူထုများ တလှိမ့်လှိမ့် ဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။ လေထုထဲတွင်လည်း သွေးစက်များ မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ဖြစ်တည်လာပုံရပြီး ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များကို ပိုမို၍ သိပ်သည်းလာစေသည်။
သူက ဆက်၍ တွေဝေမနေတော့ဘဲ သူ၏ပါးစပ်ကိုဟကာ ပန်းကန်လုံးခန့် ထူထဲပြီး သိပ်သည်းလှသော ရွှေရောင်လျှပ်စီးကြောင်းတစ်ခုကို သူ၏ ရှေ့တွင်ရှိသော သွေးနီရောင် အရံအတားနံရံထံသို့ မှုတ်ထုတ်လိုက်သည်။ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားခြင်းနှင့်အတူ သွေးနီရောင် မြူထုများမှာ ခေတ္တမျှ ပြန့်ကြဲသွားသော်လည်း ၎င်းသည် နဂိုအတိုင်း မည်သည့်ထိခိုက်မှုမှ မရှိခဲ့လေသည့်အလား မျက်စိတစ်မှိတ်အတွင်း ချက်ချင်းပင် ပြန်လည် ကောင်းမွန်သွားခဲ့ပေသည်။
သူသည် အကြီးအကျယ် ထိတ်လန့်သွားပြီးနောက် သူ၏ ဝါးတိမ်အုပ်ဓားများကို ထုတ်သုံးမည့် အစီအစဉ်ကို ချက်ချင်း ရပ်တန့်လိုက်၏။ သူ့မျက်နှာမှာလည်း သုန်မှုန်သွား၏။
ထိုအခိုက်အတန့်တွင် အခြားသော လောင်းကြေးတိုက်ပွဲ ကိုးခုတွင်လည်း အလားတူ မြင်ကွင်းမျိုး ဖြစ်ပွားနေသည်။ ရက်စက်ကြမ်းကြုတ်လှသော မိမိကိုယ်ကိုပေါက်ကွဲခြင်း ဖြစ်စဥ်များနှင့်အတူ အလင်းအရံအတားများ အားလုံးမှာ သွေးနီရောင်သို့ ပြောင်းလဲသွားကြသည်။ လောင်းကြေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူဆယ်ဦးလုံးမှာမူ ဤအလင်းအရံအတားများအတွင်း၌ တင်းကြပ်စွာ ပိတ်လှောင်ခြင်း ခံလိုက်ရပြီး သူတို့အနေဖြင့် ကာကွယ်နိုင်စွမ်းမရှိသော လျှို့ဝှက်ပညာရပ်တစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရခြင်းပင်။
အပြင်ဘက်မှနေ၍ ဝိညာဉ်မန္တန် အစီအရင်ကို ထိန်းချုပ်နေကြသော အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူ ဆယ်ဦးမှာလည်း အခြေအနေများ မကောင်းတော့ကြောင်း သိရှိလိုက်ကြသည်။ သူတို့သည် တစ်ဖက်ရှိ မန္တန်စစ်သည်တော်များကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ကြပြီးနောက် မန္တန်အစီအရင်ကို ရပ်တန့်ပစ်ရန်အတွက် မန္တန်ချိပ်ဟန်များကို ခပ်သွက်သွက် ဖန်တီးလိုက်ကြသည်။ သို့သော် သူတို့ကို အံ့ဩသွားစေသည်မှာ အလင်းအရံအတားများ သွေးနီရောင်သို့ ပြောင်းလဲသွားသည်ကို မြင်ရုံမျှဖြင့် တစ်ဖက်ရှိ မန္တန်စစ်သည်တော်များမှာ စကားတခွန်းမှ မဆိုတော့ဘဲ မိမိတို့၏ စစ်စခန်းကြီးဆီသို့ ချက်ချင်း ပြန်လည်ပျံသန်းသွားကြခြင်းပင်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆယ်ဦးမှာ စိတ်မအေးနိုင်တော့ပါ။ သူတို့အနေဖြင့် အခြေအနေများ လုံးဝဆိုးဝါးမှန်း ကောင်းကောင်း သဘောပေါက်သွားကြ၏။ အလင်းအရံအတားအတွင်းမှ ဤအပြောင်းအလဲမှာ ကျိန်းသေပေါက် မောက်လန်များ၏ လှည့်ကွက်တစ်ခု ဖြစ်ရပေမည်။
သူတို့ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ၎င်းဝိညာဉ်မန္တန် အစီအရင် အလင်းအရံအတားကို သူတို့ ဖြိုခွဲနိုင်ခဲ့သော်လည်း အံ့ဩဖွယ်ကောင်းစွာပင် ၎င်း၏ နေရာတွင် သွေးနီရောင် မြူထုတစ်ခု ပြန်လည် ပေါ်ထွက်လာခဲ့ပေသည်။ ထိုမြူထုမှာ စတင်၍ လှည့်ပတ်လာပြီး သိပ်သည်းလှသော သွေးနီရောင် အလွှာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်း၏ ပတ်ပတ်လည်၌ ပြီးပြည့်စုံသော အတားအဆီးတစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းသွားတော့သည်။ ၎င်းအတားအဆီးကြီးမှာ လူပေါင်းရာချီ၏ သွေးအနှစ်သာရများဖြင့် ပြုလုပ်ထားခဲ့သည့်အလား ထင်မှတ်ရသည်။
တာအိုသခင်နေဝန်းရှင်နှင့် အခြားသူများသည် ဤသွေးစုပ်အတားအဆီးကြီး ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး အောက်ဘက်ရှိ ကျင့်ကြံသူဆယ်ဦးမှာလည်း ၎င်းကို ရပ်တန့်နိုင်စွမ်း မရှိကြသည်ကို သိရှိလိုက်ရသည့်အခါ စိတ်တည်ငြိမ်အောင် ထားသည်။ ထို့နောက် သူတို့က စူးရှတောက်ပသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အောက်ဘက်ရှိ ဝိညာဉ်မန္တန်အစီအရင်များရှိရာ အရပ်ဆီသို့ ချက်ချင်း သက်ဆင်းလာကြတော့သည်။
တာအိုသခင်နေဝန်းရှင်သည် အောက်ဘက်သို့ ရောက်လာချင်းချင်း ထိုအတားအဆီးကြီးကို အံ့ဩတုန်လှုပ်သော အကြည့်ဖြင့် သေချာစွာ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် သုန်မှုန်သော မျက်နှာထားဖြင့်...
"နောက်ပြန်ဆုတ်ကြစို့။ ဒီအတားအဆီးက မင်းတို့ရဲ့ စွမ်းရည်နဲ့ ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
ကျင့်ကြံသူများသည် ထိုစကားကို ကြားရသည့်အခါ စိတ်သက်သာရာ ရသွားကြ၏။ သူတို့က အလျင်အမြန်ပင် နောက်ဆုတ်သွားကြတော့သည်။ ကျင့်ကြံသူစုန်သည်လည်း မထွက်ခွာခင် ဟန်လိ ပိတ်လှောင်ခံထားရသည့် သွေးစုပ်အတားအဆီးကြီးထံသို့ စိုးရိမ်ပူပန်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသေးသည်။
အခြားတစ်ဖက်တွင်မူ ပိန်ခြောက်ခြောက်အဘိုးအိုနှင့် အခြားသော မန္တန်စစ်သည်တော်များမှာ ကောင်းကင်တောင်ပိုင်းက စဦးစိတ်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူများ ပိတ်လှောင်ခံလိုက်ရသည်ကို မြင်တွေ့ရသည့်အတွက် အလွန်တရာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည်လည်း အဆင့်မြင့် ကျင့်ကြံသူသုံးဦးက အောက်ဘက်ရှိ မန္တန်အစီအရင်များဆီသို့ ပျံသန်းသက်ဆင်းသွားသည်ကို မြင်ကြသည်။ သို့သော် ထိုသူများက အတားအဆီးကို ဖျက်ဆီးပစ်မည့်အပေါ် စိုးရိမ်ဟန်မပြဘဲ တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေကြသည်။
ပိန်ခြောက်ခြောက်အဘိုးအိုသည် တဖက်သို့ ပြန်လှည့်လိုက်ပြီး သူ၏ နောက်ကွယ်တွင် ရပ်နေသော အနက်ရောင် ဝတ်ရုံနှင့်လူကို ပြုံး၍ ကြည့်ကာ...
"ဂိုဏ်းချုပ်ဖန်း... အောင်မြင်သွားပြီပဲ။ ကျုပ် မျှော်လင့်တာက ဒီသွေးစုပ်အတားအဆီးဟာ ခင်ဗျား ပြောခဲ့သလိုမျိုးပဲ တကယ့်ကို စွမ်းအားကြီးမားလှပြီး ဒီကျင့်ကြံသူ ဆယ်ဦးကို နေ့တစ်ဝက်လောက်အထိ ကျိန်းသေပေါက် ပိတ်လှောင်ထားနိုင်ဖို့ပါပဲ။ အခု ကျုပ်တို့ဘက်က သူတို့ရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဆယ်ဦးကို လျှော့ချပစ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် သူတို့ရဲ့ စစ်အင်အားဟာ သိသိသာသာ ဆုတ်ယုတ်သွားလိမ့်မယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့ ကောင်းကင်တောင်ပိုင်းကို အပြတ်ရှင်းမယ့် အဆုံးအဖြတ်ပေးနိုင်မယ့် ထိုးစစ်ဆင်မှုကြီးတစ်ခုကို စတင်နိုင်ပါပြီ" ဟု ဆိုလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူသည် ပိန်ခြောက်ခြောက် အဘိုးအိုကို တစ်ချက် လှမ်းကြည့်ပြီးနောက် အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
"စိတ်ချပါ။ ဒီသွေးစုပ်အတားအဆီးဟာ ကျုပ် တို့ဂိုဏ်းရဲ့ ကြီးမြတ်လှတဲ့ လျှို့ဝှက်ပညာရပ် ခြောက်ခုထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီသွေးအလောင်းကောင် တစ်ကောင်ချင်းစီကို နှစ်ပေါင်းရာချီတိုင်အောင် သေချာစွာ ပြုစုပျိုးထောင်ထားခဲ့ရရုံတင်မကဘဲ သူတို့ကို မိစ္ဆာဝိညာဉ်ဆေးလုံးကိုပါ အတင်းအကြပ် ကျွေးထားခဲ့တာ ဖြစ်တယ်။ ဒါ့အပြင် ကျုပ် ကိုယ်တိုင်လည်း သူတို့ရဲ့ အစစ်အမှန် နောက်ခံကို ဖုံးကွယ်ထားနိုင်ဖို့အတွက် ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံ အမျှင်တန်းတစ်ခုကို သုံးပြီးတော့ ဒီသွေးအလောင်းကောင်တွေကို ကိုယ်တိုင် ထိန်းချုပ်ထားခဲ့တာပါ။ ဒီလောက်သေချာ ပြင်ဆင်ထားခဲ့တာကြောင့် အောင်မြင်မှုရဖို့ ကျုပ် ရာနှုန်းပြည့် ယုံကြည်မှု ရှိခဲ့တာပေါ့။ သူတို့ဘက်ကစဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေက ဒီအတားအဆီးကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင်တောင်မှ သူတို့ရဲ့ မှော်စွမ်းအား အမြောက်အမြားကို မသုံးစွဲဘဲနဲ့တော့ အချိန်တိုအတွင်းမှာ လုံးဝဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကရော သူတို့ကို အဲ့ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ အခွင့်အရေး ပေးမှာမို့လို့လား။"
ထိုအနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားများကို သက်သေပြလိုက်သည့်အလား တာအိုသခင်နေဝန်းရှင်သည် သွေးစုပ်အတားအဆီးကြီး၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး စူးရှတောက်ပသော ဓားချီတန်းတစ်ခုကို ထုတ်ဖော်ကာ ၎င်းကို တိုက်ခိုက်၏။ ပြင်းထန်လှသော ပေါက်ကွဲသံများနှင့်အတူ သွေးစုပ်အတားအဆီးကြီးမှာ ခေတ္တမျှသာ တုန်ခါသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် နဂိုအတိုင်း ပုံမှန် ပြန်ဖြစ်သွားသည်။
တာအိုသခင်နေဝန်းရှင်သည် ဤသည်ကို မြင်ရသည့်အခါ မျက်နှာမှာ လုံးဝ အုံ့မှိုင်းသွားတော့သည်။ ဝေဝူယာနှင့်မိစ္ဆာအိုကြီးဟီတို့မူ ၎င်းအတားအဆီးကို ဝင်ရောက် တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ သူတို့၏ တိုက်ပွဲအတွေ့အကြုံများအရ ဤသွေးစုပ်အတားအဆီးကြီးသည် မည်မျှအထိ စွမ်းအားကြီးမားလှကြောင်း တချက်ကြည့်ရုံရုံမျှဖြင့် ကောင်းကောင်းရိပ်မိကြသည်။
ဤအတားအဆီးကြီးမှာ အလွန်တရာ ခိုင်မာလှရုံတင်မကဘဲ ၎င်း၌ အခြားသော ထူးခြားဆန်းကြယ်မှုများစွာလည်း ရှိနေသေးသည်။ သို့သော် သူတို့ သေချာသိရှိလိုက်ရသည့် အချက်တစ်ခုမှာ ၎င်းအတားအဆီးကြီး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရန်သူများကို ဒုက္ခပေးရန် မဟုတ်ဘဲ ရန်သူများကို ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ်ပြတ်သွားအောင် ပိတ်လှောင်ထားရန်သာ ဖြစ်သည်။
သူတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်မိကြပြီး ခါးသီးစွာ ပြုံးလိုက်ကြတော့သည်။ အစကတော့ သူတို့သည် ဤလောင်းကြေးတိုက်ပွဲများကို အသုံးချ၍ မောက်လန် စစ်တပ်ကြီး၏ အင်အားစုများကို အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ မမျှော်လင့်ထားခဲ့မိသည်မှာ ရန်သူသည် စကတည်းက သူတို့ဘက်မှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ဆယ်ဦးကို ပိတ်လှောင်ထားရန် ကြံစည်ထားခဲ့ခြင်းပင်။ ဤအမှားအယွင်းကြီးကြောင့် ဝါရင့်ကျင့်ကြံသူ သုံးဦးလုံးမှာ ဘေးကျပ်နံကြပ် ဖြစ်သွားရပြီး သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သော အစီအစဉ် အများစုမှာလည်း အချည်းနှီး ဖြစ်သွားရတော့သည်။
ဝေဝူယာက သက်ပြင်းချလိုက်ပြီးနောက် ခပ်ဖြေးဖြေး မေးမြန်းလိုက်သည်။ "အစ်ကိုရီ(မိစ္ဆာအိုကြီးဟီ)... ဒါက ဘယ်လိုမျိုး မိစ္ဆာတာအို ပညာရပ်လဲ။ ခင်ဗျားတို့ရဲ့ မိစ္ဆာတာအို ဂိုဏ်းခြောက်ဂိုဏ်းထဲမှာရော ဤကဲ့သို့သော လျှို့ဝှက်ပညာရပ်မျိုး ရှိပါသလား။ ဒီလူတွေဟာ ဒီပညာရပ်ကို ထုတ်ဖော်ဖို့အတွက် ကိုယ်တိုင် ပေါက်ကွဲပစ်ဖို့အထိ လုပ်ဆောင်ခဲ့ကြတာကတော့ တကယ့်ကို မယုံနိုင်စရာပဲ"
မိစ္ဆာအိုကြီးဟီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြန်လည် ဖြေကြားသည်။
"ကျုပ်တို့ဆီမှာ ဒီလို ပညာရပ်မျိုး မရှိပါဘူး။ ကျုပ်လည်း ခုလောက်ထိ ထူးခြားဆန်းကြယ်လှတဲ့ လျှို့ဝှက်ပညာရပ်မျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကြည့်ရတာ ကျင်းအင်ပါယာရဲ့ ကျင့်ကြံသူတွေကို ကျုပ်တို့ လျှော့တွက်လို့ မရနိုင်တော့ဘူးပဲ"
သူတို့သုံးယောက်လုံးမှာ စိတ်သောက ရောက်နေကြလေပြီ။ ဤပညာရပ်အကြောင်း ရန်သူများကိုလည်း မေးမနေတော့။ မေးလျှင်ကော ဘာထူးပါ့မည်နည်း။ ဤအခိုက်အတန့်တွင် မန္တန်စစ်သည်တော်စစ်တပ်ကြီးအတွင်းမှ စစ်မောင်းသံများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး သူတို့၏ တပ်ခွဲအသီးသီးသည် ကောင်းကင်ယံထက်သို့ စတင်ပျံတက်လာကြသည်။ မြေပြင်ပေါ်တွင် ကျန်ရှိနေသော မန္တန်စစ်သည်တော်များကလည်း မန္တန်စာသားများကို စတင်ရွတ်ဆိုလိုက်ကြပြီး တိုက်ခိုက်မည့် အနေအထားသို့ ချက်ချင်း ပြင်ဆင်လိုက်ကြတော့သည်။
ကြီးမြတ်သောကျင့်ကြံသူသုံးဦးမှာမူ ဤသည်ကို မြင်သော်လည်း ယောက်ယက်ခတ်သွားခြင်း မရှိကြချေ။ သူတို့ဘက်မှ စစ်တပ်ကလည်း စတင် လှုပ်ရှားလာပြီး ၎င်းတို့ထံမှ အရောင်စုံ အလင်းတန်းများ လင်းထင်းစွာ တောက်ပလာတော့သည်။
တာအိုသခင်နေဝန်းရှင်က တွေးတွေးဆဆဖြင့် ဆိုလာသည်။
"ကျုပ်တို့ဘက်က အင်အားစုအချို့ ဆုံးရှုံးသွားရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ သူတို့ဟာ သေဆုံးသွားကြတာ မဟုတ်ဘဲ ယာယီလောက် ပိတ်လှောင်ခံထားရတာမို့ တော်သေးတယ်။ သူတို့ အချိန်တစ်ခုအထိ တောင့်ခံထားနိုင်သရွေ့တော့ လွတ်မြောက်လာမယ့် အခွင့်အရေး ရှိနေတုန်းပါပဲ။ ကျုပ်တို့ဘက်မှာ အစကတည်းက အဆင့်မြင့် ကျင့်ကြံသူ အရေအတွက် ပိုမို များပြားနေတာ ဖြစ်တာကြောင့် ဆယ်ဦးလောက် လျော့နည်းသွားခဲ့ရင်တောင်မှ ကျုပ်တို့ရဲ့ စစ်အင်အားက အများကြီး ဆုတ်ယုတ်သွားမှာ မဟုတ်ဘူး"
မိစ္ဆာအိုကြီးဟီနှင့်ဝေဝူယာတို့မှာမူ ဤသည်မှာ မိမိကိုယ်ကိုယ် နှစ်သိမ့်သည့် စကားများသာ ဖြစ်ကြောင်း ကောင်းစွာ နားလည်ကြသည်။ အခြေအနေများက ဤမျှအထိ ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်ရာ သူတို့၏ နှလုံးသားထဲတွင် ဒေါသများ ပြင်းထန်စွာ ဖြစ်ပေါ်နေသော်လည်း မည်သို့မျှ မတတ်နိုင်ကြတော့ပေ။
"ကျုပ်တို့က ဒီစစ်ပွဲကြီးတစ်ခုလုံးကို ကိုယ်တိုင် ဝင်ရောက် လမ်းညွှန်နေဖို့ မလိုပါဘူး။ ကျုပ်တို့ လုပ်ဆောင်ရမှာက အဲ့ဒီ မောက်လန်နတ်ဘုရားသူတော်စင် သုံးဦးကို ရှင်းထုတ်ပစ်ဖို့ပဲ" မိစ္ဆာအိုကြီးဟီ၏ မျက်လုံးထဲမှ ရက်စက်သော အလင်းတန်းတစ်ခု ဝင့်ခနဲ ဖြစ်သွားပြီးနောက် သူက သူ၏ဘေးတွင် ရှိနေသော အခြားနှစ်ဦးကို ထပ်မံ အာရုံစိုက်မနေတော့ဘဲ ခေါင်းကို မော့ကာ မန္တန်စစ်သည်တော် စစ်တပ်ကြီးဆီသို့ ကျယ်လောင်စွာ လှမ်း၍ အော်ဟစ်လိုက်တော့သည်။
"ကျုပ် ကြားဖူးတာကြာပါပြီ... မောက်လန်နတ်ဘုရားသူတော်စင် သုံးဦးမှာ မခန့်မှန်းနိုင်လောက်အောင် နက်နဲလှတဲ့ ဝိညာဉ်မန္တန် ပညာရပ်တွေ ရှိတယ်ဆိုတာကို။ ကျုပ် ကိုယ်တိုင် ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ချင်လို့ ခင်ဗျားတို့ကို တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ အော်ဟစ်လိုက်ခြင်း ဖြစ်တာကြောင့် မိစ္ဆာအိုကြီးဟီ၏ ဟိန်းဟောက်သံကြီးမှာ မိုင်ပေါင်းများစွာအတွင်းရှိ လေထုတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ပဲ့တင်ထပ်သံများစွာကို ကျန်ရစ်စေခဲ့သည်။ ယင်းအခိုက်တွင် စစ်တပ်ကြီး နှစ်ခုလုံးအတွင်းမှ မန္တန်ရွတ်ဆိုသံများမှာ ချက်ချင်း ပြတ်တောက်သွားရတော့သည်။ ကောင်းကင်ယံထက်တွင် ပျံသန်းနေကြသော မန္တန်စစ်သည်တော်အချို့ဆိုလျှင် ခန္ဓာကိုယ်များ ယိမ်းထိုးသွားကြပြီး ကျင့်ကြံမှုအဆင့် နိမ့်ကျသူများဆို မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထက်ကနေ အောက်သို့ ချက်ချင်း ပြုတ်ကျကုန်၏။
အပိုင်း ၇၇၀ - နယ်စပ်တိုက်ပွဲ (၄)
မိစ္ဆာအိုကြီးဟီ၏စိန်ခေါ်သံ ကောင်းကင်ယံတစ်ခုလုံးတွင် ဟိန်းထွက်သွားသည့်အခါ ပိန်ခြောက်ခြောက် အဘိုးအိုသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ခပ်မြန်မြန်ပင် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"ကျုပ်တို့ ကောင်းကင်တောင်ပိုင်းရဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူ သုံးဦးနဲ့ တိုက်ခိုက်ရမှာကတော့ အနှေးနဲ့အမြန်ပါပဲ။ ဒါပေမဲ့ ကျုပ်အနေနဲ့ စစ်ပွဲကြီးတစ်ခုလုံးကို ညွှန်ကြားဖို့အတွက် စခန်းမှာပဲ ကျန်ရစ်ခဲ့ရမှာ ဖြစ်လို့ ကိုယ်တိုင် တိုက်ခိုက်လို့ မရဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ဖန်းအနေနဲ့ပဲ သူတို့ထဲက တစ်ယောက်ကို တားဆီးပေးဖို့ ဒုက္ခပေးရပါလိမ့်မယ်။ ခင်ဗျားက ကောင်းကင်လျှပ်စီးမိစ္ဆာပညာရပ်ကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံထားပြီး ခန္ဓာကိုယ်ထဲကို ကောင်းကင်နတ်ဆိုး အစစ်အမှန်ချီတွေကိုပါ သွင်းယူနိုင်စွမ်းရှိတာကြောင့် ဒါက ခင်ဗျားအတွက်တော့ မခက်ခဲလောက်ပါဘူး"
"ကျုပ် ခင်ဗျားနဲ့ အပေးအယူ လုပ်ထားပြီးသား ဖြစ်တာကြောင့် ကျိန်းသေပေါက် လှုပ်ရှားပေးမှာပါ။ ကျုပ်လည်း ကောင်းကင်တောင်ပိုင်းရဲ့ ထိပ်တန်း မိစ္ဆာတာအို ကျင့်ကြံသူရဲ့ စွမ်းရည်တွေကို ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့"
အနက်ရောင်ဝတ်ရုံနှင့်အမျိုးသား (ဝါ) ဂိုဏ်းချုပ်ဖန်းက အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏မျက်လုံးများထဲမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်မှ အနက်ရောင်မိစ္ဆာချီများ တဖြည်းဖြည်း မြင့်တက်လာပြီးနောက် မိစ္ဆာအိုကြီးဟီ ရှိရာအရပ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ မျိုးရိုးအမည်ကျုံးဟူသည့် ပညာရှိအသွင်လူနှင့် လူပုလေးပုတို့ကလည်း စကားတစ်ခွန်းမျှ ဆိုမနေဘဲ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ကောင်းကင်တောင်ပိုင်းမှ ကြီးမြတ်သောကျင့်ကြံသူသုံးဦးကလည်း နှေးကွေးမနေပေ။ ထိုသူတို့ထံ ပြေးဝင်တိုက်ခိုက်ကြသည်။ ထို့နောက်တွင်မူ ထိုလူခြောက်ဦးလုံး၏ပုံရိပ်များသည် တိမ်တိုက်များကြားအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြပြီး အရိပ်အယောင်ပင် မမြင်ရတော့ပေ။
သိပ်မကြာခင်မှာ ထိုအနီးဝန်းကျင်ရှိ ကောင်းကင်ယံတစ်ခုလုံး၏အရောင်သည် စပြောင်းလဲလာ၏။ ထိုနေရာတွင် မီးလျှံအလား နီရဲသွားလိုက်၊ မင်ရောင်အလား နက်မှောင်သွားလိုက် ဖြစ်နေတော့သည်။ ကောင်းကင်တခွင်တွင်လည်း မိုးကြိုးအက်ကွဲသံကြီးများ ဆက်တိုက်ပဲ့တင်ထပ်နေသေးသည်။ အလင်းတန်း တဖျတ်ဖျတ် လင်းလက်လာမှုများက တိမ်တိုက်များကို ရံဖန်ရံခါ လင်းထင်းသွားစေသည်။
စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကျင့်ကြံသူခြောက်ဦး ကောင်းကင်ထက်တွင် စတင် တိုက်ခိုက်ကြသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်နှင့် သူတို့အောက်ဘက် ကောင်းကင်ယံရှိ ကျင့်ကြံသူများနှင့် မန္တန်စစ်သည်တော် စစ်တပ်ကြီးနှစ်ခုကြားမှ တိုက်ပွဲကြီးသည်လည်း ချက်ချင်းပင် အစပျိုးလာတော့သည်။
သို့သော်ငြားလည်း ဤစစ်ပွဲကြီးမှာ ကျင့်ကြံသူ လူနည်းစု တစ်ဦးနှင့်တစ်ဦး အနီးကပ် ချဉ်းကပ်၍ မှော်ရတနာများဖြင့် အပြန်အလှန် ဆော်ကြသည့် တိုက်ပွဲမျိုးနှင့် လားလားမျှ မတူပေ။ ထို့အစား စစ်တပ်ကြီးနှစ်ခုလုံးမှာ မန္တန်စာသားမျိုးစုံကို တညီတညွတ်တည်း ရွတ်ဆိုလိုက်ကြပြီး မိမိတို့၏ ပတ်ပတ်လည်၌ ကာကွယ်ရေး ဝိညာဉ်မန္တန်အစီအရင်မျိုးစုံကို အရင်ဦးစွာ အသက်သွင်းလိုက်ကြသဖြင့် စစ်တပ်ကြီး နှစ်ခုကြားမှ အလယ်ဗဟိုနေရာတွင် ကြီးမားလှသော အလင်းအရံအတားကြီး တစ်ခု ဖြစ်တည်လာသည်။ ၎င်းက သူတို့၏ ပင်မအင်အားစုများကို အပြည့်အဝ ဖုံးအုပ် ကာကွယ်ပေးသွားတော့သည်။
ကျင့်ကြံသူများဘက်တွင်မူ သူတို့၏ ကာကွယ်ရေး အစီအစဉ်များကို အရင်ဆုံး အချောသတ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ သို့ပေမည့် ဤသည်မှာ ကျင့်ကြံသူများ၏ ဓာတ်ကြီးလေးပါး တာအိုပညာရပ်များက မန္တန်စစ်သည်တော်များ၏ ဝိညာဉ်မန္တန် ပညာရပ်များထက် ပိုမို သာလွန်နေ၍တော့ မဟုတ်ပေ။ သူတို့ ခုလောက်ထိ လျင်မြန်စွာ လှုပ်ရှားနိုင်ခြင်းမှာ သူတို့၏ ကာကွယ်ရေး မန္တန်အစီအရင် အများစုကို အစီအရင် ကိရိယာတန်ဆာပလာများ အသုံးပြု၍ ချခင်းခဲ့ကြခြင်းကြောင့်သာ ဖြစ်သည်။
လက်ဦးမှု ရရှိသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တောင်ပိုင်း စစ်တပ်ကြီး၏ တပ်မှူးကြီးဖြစ်သူ လုံဟန်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြတ်ပြတ်သားသား ချက်ခြင်းအမိန့်ပေးသည်။
ပထမဆုံး ထိုးစစ်ဆင် တိုက်ခိုက်မည့် အဖွဲ့မှာမူ အဝေးထိ ပစ်လွှတ်နိုင်စွမ်းရှိသော ရှားပါးလှသည့် ဂိုဏ်းစောင့်ရတနာ ဆယ်ခုကျော် ဖြစ်ကြပြီး သည့်အရင်က ဟန်လိ မြင်တွေ့ခဲ့ရသော ကြီးမားလှသည့် ကြေးဝါမောင်းကြီးမှာလည်း ၎င်းတို့ထဲမှ တစ်ခု အပါအဝင်ပင်။
ထိုအခိုက်အတန့်တွင် မောင်းကြီးကို ထောက်ပံ့ပေးထားသော စင်မြင့်ကြီးမှာ စစ်တပ်၏ ရှေ့ဆုံးအစွန်းနားသို့ ရောက်ရှိနေလေပြီ။ ၎င်းသည် မြေပြင်ပေါ်ကနေ မည်သည့် အလေးချိန်မျှ မရှိလေသည့်အလား အေးဆေးစွာ မြောက်တက်လာပြီး မီတာရာချီရှိသော ကောင်းကင်ယံထက်တွင် ရပ်တန့်လိုက်ရာ အဝါရောင်ဝတ်စုံနှင့် လူသန်ကြီးရှစ်ဦးက ၎င်း၏ ဘေးပတ်ပတ်လည်တွင် သတိကြီးစွာဖြင့် စောင့်ကြပ်နေကြသည်။ ၎င်း၏ဘေးတွင် ထိုင်နေခဲ့သော လူသန်ကြီးမှာမူ ယခုအခါတွင်မူ မောင်းကြီး၏ ဘေး၌ မတ်တပ်ရပ်နေခဲ့ပြီ ဖြစ်၏။ သူ၏ လက်ထဲတွင် သုံးမီတာခန့် မြင့်မားသော သံတူကြီးတစ်လက်ကို ကိုင်ဆောင်ထားလျက် မျက်လုံးများကိုမူ ခုထက်ထိ တင်းကြပ်စွာ မှိတ်ထားဆဲပင်။
၎င်းနှင့် မလှမ်းမကမ်း အကွာအဝေးတွင် ကျင့်ကြံသူနှစ်ဦးက အနက်ရောင်အလင်းများ တဖျတ်ဖျတ် လက်နေသည့် မီတာနှစ်ဆယ်ခန့် မြင့်မားသော တြိဂံပုံစံ အလံကြီးတစ်ခုကို ပင်ပန်းကြီးစွာဖြင့် မြှောက်တင်ထားကြသည်။ ထိုအလံကြီး၏အထက်တွင် အသက်ဝင်လှစွာ ထွင်းထုထားသော အနက်ရောင်ရေနဂါးကြီးတစ်ကောင်၏ ပုံရိပ်ရှိ၏။
သည့်ထက် ပိုမိုဝေးကွာသောနေရာတွင်မူ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပျိုပျစ်နုပျိုသော အမျိုးသမီးကိုးဦး ရှိနေပြီး သူတို့၏လက်ထဲတွင် အနီရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသော လင်ဗန်းကြီးတစ်ခုကို သယ်ဆောင်ထားကြရာ ၎င်းအောက်တွင် တစ်စုံတစ်ခုကို လျှို့ဝှက်စွာ ဖုံးကွယ်ထားပုံရသည်။ သူတို့သည် ထူးခြားသော အစီအစဉ်အတိုင်း နေရာယူထားကြပြီး လေထဲတွင် ညင်သာစွာ ဝဲပျံနေကြသည်။
သူတို့ကြားတွင် ဇာထိုးဝတ်ရုံများကို ဝတ်ဆင်ထားသည့် အဘိုးအိုသုံးဦး ရှိနေပြီး သူတို့ တစ်ဦးစီ၏ ကျောပေါ်တွင် မိမိတို့၏ ခန္ဓာကိုယ် အရွယ်အစားထက်ဝက်ခန့် ရှိသော ကြီးမားလှသည့် ဘူးသီးခြောက်ကြီး တစ်ခုစီကို လွယ်ပိုးထားကြသည်။ သူတို့သည် မိမိတို့တပ်ဖွဲ့၏ ရှေ့ဆုံးမှ လျှောက်လှမ်းလာကြသည်။ ဤအဖွဲ့ သုံးစုမှာမူ ထိုးစစ်ဆင်ရန် အမိန့်ကို အစောဆုံး ကြားသိလိုက်ရသော သူများ ဖြစ်ကြသည်။
ကြေးဝါမောင်းကြီး၏ ဘေးတွင် ရပ်နေသောလူသန်ကြီးသည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အဝါရောင်အလင်း အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် လက်ထဲမှ သံတူကြီးကို သုံး၍ မောင်းကြီး၏ ဗဟိုချက်တည့်တည့်ဆီသို့ သူ တတ်နိုင်သမျှ ခွန်အားကုန် သုံးလျက် ကြမ်းတမ်းစွာ ထုနှက်လိုက်တော့သည်။ စူးရှတောက်ပလှသော ရွှေရောင်အလင်းတစ်ခု ခေတ္တမျှ ဖြာထွက်သွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွားခဲ့ပေသည်။ ထိုရွှေရောင်အလင်း ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် ၎င်းသည် ကြယ်တာရာ အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်သူများရှိရာ အရပ်ဆီသို့ တဟုန်ထိုး ထိုးနှက် တိုက်ခိုက်လေတော့သည်။ သို့သော် မီတာလေးဆယ်လောက် ပျံသန်းသွားပြီးနောက် ထိုရွှေရောင်အလင်းမှုန်များမှာ ကြီးမားလှသော ရွှေရောင်မြူလှိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လူသန်ကြီးသည် ကြေးဝါမောင်းကြီးကို မရပ်မနား ထပ်မံ၍ အကြိမ်ကြိမ် ထုနှက်လိုက်ရာ မောင်းကြီးထံမှ ရွှေရောင်အလင်းမှုန် အမြောက်အမြား တရစပ် ပေါက်ကွဲထွက်လာတော့သည်။ သိပ်မကြာခင်မှာ ထိုရွှေရောင်မြူလှိုင်းကြီးမှာ ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မန္တန်စစ်သည်တော်များဆီသို့ ဒေါသတကြီး ထိုးစစ်ဆင်လာတော့သည်။
ကျင့်ကြံသူနှစ်ဦးသည်လည်း မိမိတို့၏ အောက်ဘက်မှနေ၍ တြိဂံပုံစံ အနက်ရောင် အလင်းအလံကြီးကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ကြရာ မည်သည့် နေရာကမှန်းမသိရသော အနက်ရောင်ရေနဂါးကြီးတစ်ကောင်သည် လေထုထဲကနေ ရုတ်တရက်ပေါ်ထွက်လာခဲ့ပေပြီ။ ထိုရေနဂါးကြီးမှာ လေထုကို ခွင်း၍ ပျံသန်းလာပြီး ၎င်း၏ ပါးစပ်မှ မိုးပြာရောင်နှင့်အနက်ရောင် အခိုးအငွေ့များကို မရပ်မနား မှုတ်ထုတ်နေလေသည်။ သည့်နောက်တွင်မူ ပြင်းထန်လှသော လေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်ခဲများနှင့် သဲများကို ပရမ်းပတာ လွင့်စင်သွားစေသဖြင့် အနီးနားရှိ ကျင့်ကြံသူများမှာ အခြေအနေကို သေသေချာချာ မြင်တွေ့နိုင်စွမ်း မရှိကြတော့ပေ။
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်များသည်လည်း မိမိတို့ သယ်ဆောင်လာသော လင်ဗန်းကြီး၏ အထက်သို့ လက်ဝါးများကို တစ်ပြိုင်နက်တည်း ဖိချလိုက်ကြပြီး အသံသာသာဖြင့် မန္တန်စာသားများကို တီးတိုးရွတ်ဆိုလိုက်ကြသည်။ အနီရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ လင်ဗန်းကြီးထဲကနေ တောက်ပလှသော အနီရောင် ကြေးဝါပြား ကိုးချပ် ပျံသန်းထွက်လာပြီး ၎င်းတို့သည် လေထုထဲတွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် လှည့်ပတ်စီးဆင်းနေကြသည်။
၎င်းတို့အားလုံးမှာ တစ်မီတာခန့် ရှည်လျားပြီး မီးလျှံကဲ့သို့ နီရဲနေသည့် မှော်ကြေးမုံများ ဖြစ်ကြကာ အံ့အားသင့်ဖွယ်ကောင်းသော ဝိညာဉ်အလင်းများ ဖြာထွက်နေသည်။ လက်သီးဆုပ်အရွယ်ရှိ မရေမတွက်နိုင်သော မီးငှက်ကလေးများမှာ ၎င်းတို့ထဲကနေ တရစပ် ပေါ်ထွက်လာကြပြီး သူတို့၏ ခန္ဓာကိုယ်များနှင့်ပါးစပ်များထဲတွင် မီးလျှံများ ပြင်းထန်စွာလောင်ကျွမ်းနေကြသည်။ သူတို့သည် စူးရှလှသော အော်မြည်သံများနှင့်အတူ မြားတစ်စင်းနှယ် မန္တန်စစ်သည်တော် စစ်တပ်ကြီးဆီသို့ တဟုန်ထိုး ထိုးနှက် တိုက်ခိုက်ကြတော့သည်။
ဇာထိုးဝတ်ရုံနှင့် အဘိုးအိုသုံးဦးသည်လည်း တြိဂံပုံစံ အစီအစဉ်အတိုင်း နေရာယူထားကြပြီးနောက် မိမိတို့၏ ကျောပေါ်မှ ကြီးမားလှသော ဘူးသီးခြောက်ကြီးများကို ချက်ချင်း အောက်ချလိုက်ကြသည်။ ၎င်းတို့၏ အဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ရိုးတွင်းခြင်ဆီအထိ အေးစိမ့်လှသော အဖြူရောင် ရေခဲချီ မြူထုကြီးတစ်ခု ချက်ချင်း ပြန့်ကားသွားပြီး သူတို့၏ ရှေ့မျက်နှာစာ နယ်ပယ်တစ်ခုလုံးကို နှင်းခဲအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။ ထိုနှင်းခဲအလွှာကြီးမှာလည်း မန္တန်စစ်သည်တော်များ ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြန့်ကားသွားသည်။
ဤအဖိုးတန် ဂိုဏ်းစောင့်ရတနာများ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများမှာ မန္တန်စစ်သည်တော်များက မိမိတို့၏ ကာကွယ်ရေး မန္တန်အစီအရင် အလင်းအရံအတားကို ဖွဲ့စည်းပြီးစီးသွားသည့် အချိန်နှင့် မကွာခြားဘဲ တစ်ပြိုင်နက်တည်းလိုလို ကျရောက်လာခြင်း ဖြစ်ပေသည်။ ပိန်ခြောက်ခြောက်အဘိုးအို၏ အမိန့်အောက်တွင် ရှိနေကြသောကြောင့် သူတို့အနေဖြင့် ဤတိုက်ခိုက်မှုများကို အံတင်းတင်းကြိတ်ကာ တောင့်ခံထားရန်ကလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ နောက်တစ်စက္ကန့်တွင်မူ ရွှေရောင်မြူလှိုင်းကြီး အနက်ရောင်လေမုန်တိုင်းကြီးနှင့် မီးငှက်ကလေးများ အားလုံးမှာ မန္တန်စစ်သည်တော်များ၏ ကာကွယ်ရေး အလင်းအရံအတားထံသို့ ကြမ်းတမ်းစွာ သွားရောက် ရိုက်ခတ်မိသဖြင့် အတားအဆီးကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားစေသည်။
လုံဟန့်သည် ဤသည်ကို မြင်ရသည့်အခါ ပထမဆုံး ထိုးစစ်ဆင်မှု မပြီးဆုံးသေးမီမှာပင် ဒုတိယမြောက် ထိုးစစ်ဆင်မှုကြီးကို ထပ်မံ လုပ်ဆောင်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
ဤအဆင့်မြင့်ပြီး ကြီးမားလှသော ပူးပေါင်းတိုက်ကွက်ကြီးမှာမူ ဂိုဏ်းအသီးသီးမှ လျှို့ဝှက်ပညာရပ်မျိုးစုံကို အတူတကွ အသုံးပြု၍ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ အရောင်စုံ လင်းလက်နေသော စွမ်းအားကြီး အလင်းတန်းများနှင့် ပြည့်လျှံနေသည့် မိစ္ဆာမီးတောက်များမှာ ကျင့်ကြံသူ စစ်တပ်ကြီးထဲကနေ တရစပ် ပေါက်ကွဲထွက်လာပြီး ပထမဆုံး တိုက်ကွက်များ၏ နောက်ကွယ်ကနေ မန္တန်စစ်သည်တော် စစ်တပ်ကြီးထံသို့ ချက်ချင်း သွားရောက် ထိုးနှက် တိုက်ခိုက်တော့သည်။ ဤတိုက်ကွက်များမှာလည်း ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြန်သဖြင့် မန္တန်စစ်သည်တော်များ၏ ကာကွယ်ရေး အလင်းအရံအတားကို မရပ်မနား ပြင်းထန်စွာ ဖျက်ဆီးနေတော့သည်။
ပိန်ခြောက်ခြောက်အဘိုးအို၏ မျက်နှာမှာ လုံးဝ အုံ့မှိုင်းသွားတော့သည်။ သူ လုံးဝ မမျှော်လင့်ထားခဲ့မိသည်မှာ သူတို့၏ ဝိညာဉ်မန္တန် ပညာရပ်များမှာ ခုလောက်အထိ နှေးကွေးစွာ အသက်ဝင်လာရပြီး မန္တန်စစ်သည်တော် စစ်တပ်ကြီးကို အကာအကွယ်မဲ့သော အခြေအနေသို့ ရောက်ရှိသွားစေခဲ့ခြင်းပင်။ ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်လှသော ပူးပေါင်းတိုက်ကွက်များအောက်တွင် သူ၏ မန္တန်စစ်သည်တော်များမှာ ဖိနှိပ်ခြင်း ခံလိုက်ရပေပြီ။ နောက်ဆုတ်ရန် သို့မဟုတ် တန်ပြန် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိကြတော့ပေ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော ကြီးမားလှသည့် ပူးပေါင်းတိုက်ကွက်ကြီးကိုမူ ကာကွယ်ရေး မန္တန်အစီအရင်၏ အကာအကွယ် မရှိဘဲနှင့်ဆိုလျှင် စဦးစိတ်ဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် ကိုယ်တိုင် ဝင်ရောက် တောင့်ခံဝံ့မှာ မဟုတ်ပေ။ ပိန်ခြောက်ခြောက် အဘိုးအိုသည် သူ၏ ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးဘက်သို့ အလျင်အမြန် လှည့်ကြည့်ကာ...
"အမျိုးသမီးလု... ကြည့်ရတာ ခင်ဗျားရဲ့ သားရဲကြီးတွေကို ထုတ်သုံးဖို့ လိုအပ်နေပြီထင်တယ် မဟုတ်ရင် ကျုပ်တို့ ဆက်ပြီး တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူး" ဟု ဆိုလိုက်သည်။
အမျိုးသမီးက ပြုံးလိုက်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ပြန်တုန့်ပြန်သည်။
"ကျမတို့ ဂိုဏ်းချုပ်က ဒီသားရဲကြီးတွေကို ရှင်ဆီ လွှဲပေးထားခဲ့ပြီးမှတော့ ရှင် စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်လေ။ ကျမကို ကိုယ်တိုင် လာရောက် ပြောဆိုနေဖို့ မလိုပါဘူး”
ပိန်ခြောက်ခြောက်အဘိုးအိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် တိုက်ခိုက်ရန် ချက်ခြင်းအမိန့်ပေးသည်။ ကျယ်လောင်လှသော မာန်သွင်းဟစ်ကြွေးသံကြီးများ ကောင်းကင်ယံထက်တွင် ပေါက်ကွဲထွက်လာပြီး ခဏအကြာတွင် ကြီးမားလှသောသားရဲပုံရိပ်ကြီးဆယ်ခု ထွက်ပေါ်လာ၏။ ၎င်းတို့သည် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ကွက်မျိုးစုံကို မိမိတို့၏ ခန္ဓာကိုယ်များဖြင့် အတင်းအကြပ် ဝင်ရောက် တားဆီးပေးလိုက်ကြသဖြင့် မန္တန်စစ်သည်တော်များမှာ ဘေးကင်းသွားကြတော့သည်။ ဤကြီးမားလှသော သံချပ်ကာ သားရဲကြီးများက ပေါ်လာသည်နှင့် တစ်ပြိုက်နက်တည်းမှာ စစ်တပ်ကြီးရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
၎င်းသားရဲကြီးများ ပြေးဝင်လာတာ မြင်သည်နှင့် ကျင့်ကြံသူများသည် တိုက်ခိုက်မှုကို နှစ်ပိုင်းခွဲ၏။ တစ်ပိုင်းက သားရဲကြီးများကို တိုက်ခိုက်ပြီး အခြားတစ်ပိုင်းက မန္တန်စစ်သည်စစ်တပ်ကြီးကို ဦးတည်တိုက်ခိုက်သည်။ တိုက်ခိုက်မှုအားပျော့သွားသည့်အပေါ် အခွင့်ကောင်းယူကာ အဆင့်မြင့်မန္တန်စစ်သည်များက မြန်ဆန်စွာ ပျံသန်းထွက်လာကြသည်။ သူတို့က ရောင်စုံပုတီးစေ့များကို လေထဲသို့ ပစ်တင်ကာ မန္တန်စာသားများ တီးတိုးရွတ်ဆို၏။
သူတို့၏ မျက်စိရှေ့တွင်မူ မယုံကြည်နိုင်လောက်အောင် ထူးခြားဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထိုအလင်းပုတီးစေ့များထဲမှ အချို့မှာ မြေပြင်အောက်သို့ တိုက်ရိုက် စိမ့်ဝင်သွားကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားရုံတင်မကဘဲ ကျန်ရှိသော ပုတီးစေ့များမှာမူ မိုးပြာရောင်အလင်းများဖြင့် ရစ်ထွေးလျက် လေထုထဲတွင် ရပ်တန့်နေကြသည်။ ၎င်းတို့ထဲကနေ ကြည်လင်သော ရေလှိုင်းများ တဖျတ်ဖျတ် လက်နေသော အလင်းတန်းများနှင့် ပြင်းထန်စွာ တောက်လောင်နေသည့် မီးလျှံများ ပေါက်ကွဲထွက်လာတော့သည်။
သိပ်မကြာခင်မှာပင် ဤအလင်းပုတီးစေ့များမှာ မတူညီသော နတ်ဆိုးသားရဲကြီးများ၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ ပေကိုးဆယ်ခန့် ရှည်လျားသော အဝါရောင် မြွေနဂါးကြီးများ၊ ပေခြောက်ဆယ်ခန့် မြင့်မားသည့် မီးလျှံဝံပုလွေကြီးများ၊ လင်းတကြီးများနှင့် ရေခဲမြူထုများဖြင့် ဖုံးလွှမ်းနေသည့် အပြာရောင်မိစ္ဆာလိပ်ကြီးများအပြင် အခြားသော သားရဲကြီးများစွာလည်း ရှိနေကြသေးသည်။
ဤနတ်ဆိုးသားရဲကြီးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် ရှေ့ဆုံးမှ ရှိနေသော ကြီးမားလှသည့် သံချပ်ကာသားရဲကြီးများ၏ နောက်ကွယ်ကနေ ကျင့်ကြံသူ စစ်တပ်ကြီးဆီသို့ တန်းတန်းမတ်မတ် တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ဤကြီးမားလှသော သံချပ်ကာသားရဲကြီးများ၏ မွေးရာပါ ကာကွယ်နိုင်စွမ်းများအပြင် သူတို့ ဝတ်ဆင်ထားသော သံချပ်ကာများနှင့် ကာကွယ်ရေး ဝိညာဉ်မန္တန်ပညာရပ်များကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် ပြည့်နှက်နေခဲ့လျှင်ပင် ဆက်လက်၍ အားမာန်အပြည့်ဖြင့် ရှေ့သို့ အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နိုင်ကြဆဲပင်။
သူတို့နောက်ကွယ်မှ လိုက်ပါလာကြသော ပုံရိပ်ယောင်နတ်ဆိုးသားရဲများမှာမူ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသော်ငြားလည်း သူတို့၏ ခန္ဓာကိုယ်အများစုမှာ ကျင့်ကြံသူများ၏ တိုက်ကွက်တစ်ခုတည်းနှင့်တင် တစစီ ပြိုလဲပျက်စီးသွားကြပြီး ဝိညာဉ်အလင်း မှုန်ကလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏ ပုံသဏ္ဌာန်များ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ထိုအလင်းပုတီးစေ့များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး ၎င်းတို့ထံတွင် မည်သည့် ဝိညာဉ်ချီ အရှိန်အဝါမျှ ကျန်ရှိမနေတော့ပေ။
အဆင့်မြင့်မန္တန်စစ်သည်တော်များမှာမူ ဤသည်ကို နည်းနည်းလေးမျှ ဂရုစိုက်ပုံမပေါ်ပေ။ သူတို့သည် မိမိတို့၏ လက်များကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ကြပြီးနောက် အခြားသော အလင်းပုတီးစေ့ အသုတ်အသစ်များကို လေထဲသို့ ထပ်မံ ပစ်လွှတ်လိုက်ကြပြန်သည်။ ထို့နောက် မန္တန်စာသားများကို ထပ်မံ ရွတ်ဆိုလိုက်ကြပြန်ရာ ထိုပုံရိပ်ယောင်နတ်ဆိုးသားရဲကြီးများမှာ အသက်ပြန်သွင်းခံလိုက်ရသည့်အလား ပြန်လည်ပေါ်ထွက်လာကြပြီး အကြောက်အလန့်ကင်းစွာဖြင့် ရှေ့သို့ အပြင်းအထန် တိုးဝင်လာပြန်သည်။ ဤသည်မှာ ကျင့်ကြံသူ အမြောက်အမြားကို ထိတ်လန့်သွားစေ၏။ သူတို့သည် ထိုသားရဲကြီးများအပေါ်သို့ အာရုံပိုစိုက်လိုက်ရသောကြောင့် မန္တန်စစ်သည်တော်များ၏ ကာကွယ်ရေးအလင်းအရံအတားအပေါ်သို့ တိုက်ခိုက်နေသည့် တိုက်ကွက် အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားရသည်။
လုံဟန်၏ မျက်နှာမှာ လုံးဝ အုံ့မှိုင်းသွားတော့သည်။ သူက ခပ်မြန်မြန်ပင် အမိန့်တစ်ခု ပေးရန် ကြံစည်လိုက်၏။ သို့သော် သူ ခဏ တွေဝေမိသွားသည်။
ကျိုးပမ်းအားထုတ်မှုများကြောင့် ရရှိလာခဲ့သော ဤရှားပါးလှသည့် အခွင့်အရေးကို အသုံးချ၍ ပိန်ခြောက်ခြောက်အဘိုးအိုသည် သူတို့၏ ဝိညာဉ်မန္တန်ပညာရပ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရန် ချက်ခြင်း အမိန့်ပေးသည်။ မျက်စိတစ်မှိတ်အတွင်း ကွဲပြားသော ဝိညာဉ်အလင်းတန်းမျိုးစုံ လင်းထင်းစွာ တောက်ပလာတော့သည်။ မန္တန်စာသားမျိုးစုံကို တညီတညွတ်တည်း ရွတ်ဆိုလိုက်ကြခြင်းနှင့်အတူ ကိုးပေခန့် ကျယ်ပြောလှသော မီးလုံးကြီးများနှင့်ရေခဲစူးချွန်ကြီးများမှာ လေထုထဲကနေ ရုတ်တရက် ပေါ်ထွက်လာကြတော့သည်။
"ဓမ္မမန္တန်စစ်အစီအရင်ကြီးပဲ"
လုံဟန်သည် ဤသည်ကို မြင်ရသည့်အခါ စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူတို့၏ ဤထိုးစစ်ဆင်မှုကို သူ ဖိနှိပ်နိုင်စွမ်း မရှိမှန်း ကောင်းစွာ သိရှိထားသဖြင့် အလျင်အမြန်ပင် အသံလွှင့်ကာ မှာကြားလိုက်တော့သည်။ စစ်ပွဲတွင် အသုံးပြုနေသော အဖိုးတန် ဂိုဏ်းစောင့်ရတနာများမှာ သူတို့၏ တိုက်ခိုက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး ၎င်းတို့၏ ပိုင်ရှင်များသည်လည်း မိမိတို့၏ တပ်ခွဲများအတွင်းသို့ ခပ်မြန်မြန် ပြန်လည် ဆုတ်ခွာသွားကြကာ အလင်းအရံအတားအတွင်းသို့ ဝင်ရောက် ပုန်းကွယ်လိုက်ကြတော့သည်။
ထိုအခိုက်အတန့်မှာပင် ကျင့်ကြံသူ တစ်ထောင်ကျော်ခန့်မှာ အလင်းအရံအတားအပြင်ဘက်သို့ ပျံသန်းထွက်လာကြပြီး သူတို့ တစ်ဦးစီတိုင်း၏ လက်ထဲတွင် တစ်မီတာခန့် မြင့်မားသော အစီအရင် အလံတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ကြခြင်းဖြင့် အနုစိတ်လှသော ကြီးမားလှသည့် ဝိညာဉ်မန္တန်အစီအရင်ကြီးတစ်ခုကို ချက်ခြင်းဖွဲ့စည်းလိုက်ကြတော့သည်။ သည့်နောက်တွင်မူ ထိုအစီအရင် အလံများကို လေထဲသို့ ပစ်လွှတ်လိုက်ကြရာ ကျင့်ကြံသူ စစ်တပ်ကြီး၏ အထက်တွင် သက်တံကဲ့သို့ အရောင်စုံ လင်းလက်နေသော အလင်းအလွှာတစ်ခု ဖြစ်တည်လာပြီး မောက်လန်များ၏ ပြင်းထန်လှသော ထိုးစစ်ဆင်မှုကို ခုခံရန်အတွက် နောက်ထပ် အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ပြင်ဆင်လိုက်ကြတော့သည်။
ဤအခိုက်အတန့်တွင် မီးလုံးကြီးများ၊ ရေခဲစူးချွန်များက အထက်မှ သက်ဆင်းလာပြီး သူတို့ဝန်းကျင်ကို မီးလှိုင်းများ၊ ရေခဲမြူများနှင့် ခြုံလွှမ်းသွားစေသည်။ ကြီးမားလှသော သံချပ်ကာသားရဲကြီးများနှင့် ပုံရိပ်ယောင်နတ်ဆိုးသားရဲများမှာမူ ကျင့်ကြံသူ စစ်တပ်ကြီး၏ အရှေ့ လမ်းတဝက်ထိ ရောက်လာခဲ့လေပြီ။ ၎င်းသားရဲကြီးများထဲမှ အသန်မာဆုံး ဖြစ်သည့် ရှစ်ကောင်သာလျှင် ကျန်ရှိတော့ပြီး ဒုတိယအသုတ်အဖြစ် ပေါ်လာခဲ့သော ပုံရိပ်ယောင်နတ်ဆိုးသားရဲများ၏ အများစုမှာမူ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် လုံးဝဖျက်ဆီးခြင်း ခံလိုက်ရပြီး ဖြစ်သည်။
သို့သော်ငြားလည်း ထိုနတ်ဆိုးသားရဲကြီးများမှာမူ ကြီးမားလှသော ကျင့်ကြံသူ စစ်တပ်ကြီးကို ရင်ဆိုင်နေရသော်လည်း နည်းနည်းလေးမျှ ကြောက်လန့်ဟန်မပြဘဲ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ရှေ့သို့ ဆက်လက်ချီတက်လာကြသည်။