အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃)
ထိုအရေးကိစ္စကို အသေအချာ ကတိကဝတ်ပြုပြီးနောက်တွင် ကျေးရွာလူကြီးသည် ရုတ်ချည်း စကားစဖော်၍ မေးမြန်းလိုက်၏။
“လင်းယန် မင်းတို့ ညစာ မစားရသေးဘူး မဟုတ်လား”
လင်းယန်သည် ကျေးရွာလူကြီးက ဘာဖြစ်လို့ ထိုအကြောင်းအရာကို ရုတ်တရက် မေးမြန်းရသနည်းဟု ဝေခွဲမရ ဖြစ်သွားသော်လည်း၊ အမှန်အတိုင်းသာ ရိုးသားစွာ ပြန်လည် ဖြေကြားလိုက်သည်။
“ပျောက်သွားတဲ့ ငန်းဖြူကြီးကို ရှာနေတာနဲ့ပဲ အလုပ်ရှုပ်နေလို့၊ အခုအထိ ညစာ ချက်ဖို့ အချိန်မရသေးပါဘူးဗျာ”
အမှန်စင်စစ် သူသည် နေ့လယ်စာကိုပင်လျှင် ကမန်းကတန်းဖြင့် နှစ်လုတ်ခန့်သာ စားသောက်ခဲ့ရခြင်း ဖြစ်၏။ ယခုကဲ့သို့ စားသောက်ခြင်း အကြောင်းအရာကို စကားစပ်မိလိုက်သောအခါမှသာ၊ သူ၏ ဝမ်းဗိုက်အတွင်းမှ ဆာလောင်မွတ်သိပ်လှသော အာရုံခံစားမှုတို့သည် နိုးထလာခဲ့တော့သည်။
“မင်းရဲ့ ငန်းဖြူကြီး ပျောက်ဆုံးသွားတာကတော့ တကယ်ကို နှမြောစရာကောင်းတယ်၊ ဒါပေမဲ့ ကံကောင်းချင်တော့ ငါ့ရဲ့ အိမ်မှာလည်း အဝေဆာ မွေးမြူထားတဲ့ ငန်းဖြူကြီး အချို့ ရှိနေသေးတယ်၊ မင်း အဲဒီထဲက တစ်ကောင်ကို ဖမ်းယူပြီး အိမ်ကို ယူသွားလိုက်ပါ”
“ဗျာ...”
လင်းယန်သည် လွန်စွာ အံ့အားသင့်သွားရ၍ ပြောလိုက်၏။
“ရွာလူကြီး ကျွန်တော့်အနေနဲ့ ရွာလူကြီးရဲ့ ပိုင်ဆိုင်မှုတွေကို ဒီအတိုင်း အလကား ဘယ်လိုလုပ်ယူရဲပါ့မလဲ”
ကျေးရွာလူကြီးသည် သူ့အား များစွာသော ကိစ္စရပ်များတွင် ကူညီစောင့်ရှောက်ပေးခဲ့ပေသည်။ လူသားတစ်ဦး အနေဖြင့် အခြားတစ်ဖက်သား၏ ကျေးဇူးတရားများကို သိရှိရမည်ဖြစ်၍ ထိုကဲ့သို့ အလကား ပေးအပ်သည်ကို လွယ်ကူစွာ မယူဆောင်အပ်ပါချေ။
“ဒါက အလကား သက်သက်ပေးတာမျိုးတော့ မဟုတ်ပါဘူး၊ မင်းရဲ့ အဒေါ်နဲ့ မင်းရဲ့ အစ်ကိုကြီးက မြို့နယ်ထဲကို သွားပြီးတော့ အပန်းဖြေနေကြတာမို့လို့၊ ဒီအဖိုးကြီးက အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်ပြီး ထမင်းချက်ပေးမယ့်သူ မရှိဘူးဖြစ်နေတာ၊ ဒါကြောင့်မို့လို့ ဒီနေ့ ငါ မင်းတို့အိမ်ဆီကို လာပြီးတော့ ညစာ အတူတူ လာစားရင် မကောင်းဘူးလား”
ကျေးရွာလူကြီးသည် လွန်ခဲ့သော အကြိမ်က လင်းယန်၏ အိမ်၌ စားသောက်ခဲ့ရသော ဟင်းလျာများ၏ လွန်စွာ မွှေးကြိုင်လှသော အရသာကို ယနေ့တိုင် နှလုံးသားထဲ စွဲထင်နေဆဲ ဖြစ်၏။ ထိုအရသာသည် မည်မျှအထိ ပြင်းထန်လှသနည်းဆိုလျှင် သူသည် အိမ်သို့ ပြန်ရောက်သောအခါ မိမိအိမ်၌ ချက်ပြုတ်သော ထမင်းဟင်းများကို လည်ချောင်းထဲသို့ မြိုချရန် ခက်ခဲလှသည်အထိ ဖြစ်ပွားခဲ့ရသည်။
သို့သော် မိမိသည် ကျေးရွာလူကြီးတစ်ဦး ဖြစ်သည့်အတွက်၊ လင်းယန်၏ အိမ်ဆီသို့ နေ့စဉ်ရက်ဆက် လာရောက်ကာ အလကား စားသောက်နေရန်မှာလည်း လူမှုရေးအရ လုံးဝ မလျော်ကန်ပါချေ။ သူတို့တွင် ပြည်သူလူထုထံမှ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်မျှ အလကား မယူဆောင်ရဟူသော ပြတ်သားလှသည့် စည်းမျဉ်းစည်းကမ်းများ တည်ရှိနေသည် မဟုတ်လော။
အကယ်၍ မကောင်းသော စိတ်ဆန္ဒ ရှိသူတစ်ဦးဦးကသာ ထိုအခြေအနေကို အထက်သို့ တိုင်ကြားလိုက်မည်ဆိုလျှင် သူ၏ ကျေးရွာလူကြီး ရာထူးသက်တမ်းမှာ ချက်ချင်း နိဋ္ဌိတံသွားပေလိမ့်မည်။
“ကောင်းပါပြီဗျာ”
လင်းယန်သည် လွယ်ကူစွာ သဘောတူညီလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် စားသောက်ခြင်းကလည်း စားသောက်ခြင်းပင်ဖြစ်ပြီး၊ လူသုံးယောက် အတူတူ သုံးဆောင်ခြင်းကလည်း ညစာ စားသောက်ခြင်း မဟုတ်လော။
ထို့ပြင် ကျေးရွာလူကြီးသည် သူ့အား ငန်းဖြူကြီးတစ်ကောင်ကို လက်ဆောင်အဖြစ် ပေးအပ်ဦးမည် ဖြစ်သည်။ ထိုညတွင် သံဒယ်အိုးကြီးဖြင့် ငန်းသားချက်ကို မြိန်ရည်ယှက်ရည် သုံးဆောင်နိုင်တော့မည် ဖြစ်၍ သူ၏ဘက်က ငြင်းပယ်ရန် အကြောင်းမရှိပါချေ။
လင်းယန်သည် ကျေးရွာလူကြီး၏ အိမ်ဝင်းအတွင်းသို့ ကိုယ်တိုင် သွားရောက်လျက် သန်စွမ်းလှသော ငန်းဖြူကြီးတစ်ကောင်ကို ဖမ်းဆီးခဲ့ပြီးသောအခါ အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ချက်ပြုတ်ရန်အတွက် အလျင်အစလို ပြင်ဆင်တော့သည်။ တစ်ဖက်တွင် ကျေးရွာလူကြီးသည် ရန်အာဟူနှင့်အတူ ကွပ်ပစ်ပေါ်တွင် ထိုင်လျက် စစ်တုရင်ကို အာရုံစိုက် ကစားနေကြပေသည်။
“အာဟူ၊ မင်းရဲ့ စစ်တုရင်ကစားကွက်ကတော့ အရင်အတိုင်းပဲ တကယ်ကို ညံ့တုန်းပါပဲလား”
ရန်အာဟူသည် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြော၏။
ညံ့တာ ဟုတ်ပါ့မလားဗျာ၊ ကျွန်တော် စစ်တုရင် မကစားဖြစ်တာ အချိန်အတော်ကြာသွားလို့ လက်ရည်အနည်းငယ် ပျက်နေတာပါ၊ နောက်ထပ် နှစ်ပွဲ သုံးပွဲလောက် ကစားပြီးလို့ လက်ရည်ပြန်တက်လာတာနဲ့ မင်းကို သေချာပေါက် အပြတ်အသတ် အနိုင်ယူပြပါ့မယ်၊ ရွှေ့ပြီဗျာ”
“အာဟူစုတ်၊ မင်း စစ်တုရင်ကစားတာက ဒီလိုပုံစံမျိုး မဟုတ်ဘူးလေ”
ကျေးရွာလူကြီးသည် ရန်အာဟူ၏ စစ်တုရင်ရွှေ့ကွက်ကို ကြည့်ရှု၍ မျက်နှာပျက်ကာ အော်ဟစ်ငြင်းခုံတော့၏။
ထိုစဉ် လင်းယန်သည် ထိုညအတွက် အရသာရှိလှသော ညစာကို အာရုံစိုက်၍ ချက်ပြုတ်နေဆဲ ဖြစ်ပေသည်။ ပထမဦးစွာ သူသည် အသင့်ပြင်ဆင်ထားသော ငန်းသားများကို အတုံးငယ်များ ဖြစ်အောင် စနစ်တကျ တုံးတစ်လိုက်ပြီးသောအခါ ရေအေးအတွင်း၌ ခေတ္တမျှ စိမ်ထားလိုက်၏။
ပြီးနောက် ရေစိမ်ထားသော ငန်းသားများကို အိုးထဲသို့ ထည့်သွင်းကာ၊ ဟင်းချက်ဝိုင်၊ ဂျင်းပြားများနှင့် ကြက်သွန်မြိတ် အပိုင်းအစများကို ရောနှောထည့်လိုက်သည်။ မီးအရှိန်ကို မြှင့်တင်ကာ ဆူပွက်လာအောင် ပြုလုပ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ အမြှုပ်များအား ဂရုတစိုက် ခပ်ထုတ်ပစ်၍ မိနစ်အနည်းငယ်မျှ ထပ်မံ ချက်ပြုတ်ပြီးမှ အပြင်သို့ ဆယ်ယူ၍ ဘေး၌ အသင့် အအေးခံထားလိုက်ပေသည်။
ထိုအခြေခံ အဆင့်ဆင့် ပြီးဆုံးသွားသောအခါ လင်းယန်သည် ဒယ်အိုးအတွင်းသို့ ဆီအနည်းငယ် ထည့်သွင်းလိုက်၍ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်များကို ထည့်ကာ မွှေးကြိုင်လာအောင် ဆီသတ်တော့၏။
ပြီးသောအခါ သူသည် ရေနွေးဖျောထားသော ငန်းသားတုံးများကို ထည့်သွင်းကာ မျက်နှာပြင်များ အနည်းငယ် ရွှေဝါရောင် ပြောင်းလဲလာသည်အထိ အပြင်းအထန် မွှေနှောက်ကြော်လှော်လေသည်။ ထိုလုပ်ငန်းစဉ်သည် ငန်းသားအတွင်းပိုင်း၌ တည်ရှိနေသော ဆီဦးရည်များကို အပြင်ဘက်သို့ ထွက်ပေါ်လာစေရန်အတွက် ဖြစ်ပေသည်။
မကြာမီအတွင်းမှာ အလွန် စူးရှမွှေးကြိုင်လှသော ဟင်းရနံ့သည် အိမ်တစ်ဝင်းလုံးအနှံ့ ပျံ့နှံ့သွားရသည်။ ကျေးရွာလူကြီးသည် နှာခေါင်းကို စွင့်၍ ရှူရှိုက်မိလိုက်ကာ သူ၏ စိတ်အာရုံတစ်ခုလုံးသည် ထိုဟင်းအိုးဆီသို့ ရောက်ရှိသွားပြီး စစ်တုရင် ကစားခြင်းအပေါ် စိတ်ပါဝင်စားမှု လုံးဝ မရှိတော့ပါချေ။
သူသည် ရန်အာဟူက မိမိ၏ စစ်တုရင်ရုပ်ကို ခိုးယူ၍ အနောက်သို့ ပြန်လည် ဆုတ်ခွာလိုက်ခြင်းကို သတိမပြုမိတော့ရှာပေ။
“ရွာလူကြီး ကြည့်လိုက်စမ်းပါဦး၊ ကျွန်တော် အနိုင်ရသွားပြီ မဟုတ်လား၊ စောစောကတည်းက ကျွန်တော် ပြောသားပဲ၊ အစပိုင်းမို့လို့ လက်ရည်မကျသေးတာပါဆို”
ယခုအချိန်တွင် ကျေးရွာလူကြီးသည် စစ်တုရင်ပွဲ၏ အနိုင်အရှုံးအပေါ် မည်သည့် ဂရုစိုက်မှုကိုမျှ မရှိတော့ဘဲ၊ ကွပ်ပစ်ပေါ်မှ ထိုင်ရာက ထရပ်၍ မီးဖိုချောင်ဆီသို့ တရွေ့ရွေ့ လှမ်းဝင်လာခဲ့၏။
“မွှေးလှချည်လား လင်းယန်ရဲ့”
လင်းယန်သည် ပြုံးလိုက်၍ စိတ်မရှည် ဖြစ်နေသော ကျေးရွာလူကြီးအား စကား ဆိုလိုက်သည်။
“ခဏလေးပဲ စောင့်ပါဦး၊ နောက်ထပ် ခဏနေရင် သုံးဆောင်နိုင်ပါပြီ”
ပြီးနောက် သူသည် ပဲငပိအနှစ်၊ ပဲငပိအကြည်ရည်၊ ပဲငပိအနောက်ရည်နှင့် သကြားစသည့် ဟင်းခတ်အမွှေးအကြိုင်များကို စနစ်တကျ ထည့်သွင်းလိုက်၏။ သူသည် ကျေးရွာလူကြီး၏ မျက်မှောက်မှောက်၌ လျင်မြန်စွာ မွှေနှောက်ကြော်လှော် ပြသနေခြင်း ဖြစ်ပေသည်။ထိုထူးခြားလှသော ဟင်းရနံ့သည် ကျေးရွာလူကြီးအား အာရုံများ မိန်းမောတွေဝေသွားစေတော့သည်။
အမွေးဖြူနှင့် အမွေးဝါလေးတို့သည်ပင်လျှင် ထိုဟင်းရနံ့ကြောင့် အနီးသို့ တရွေ့ရွေ့ ချဉ်းကပ်လာခဲ့ကြ၏။ ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြင်းထန်လှသော ဟင်းရနံ့ကို ရရှိလိုက်လျှင် အတက်ကြွဆုံးနှင့် အလျင်အစလို အရှိဆုံး ဖြစ်ရမည့် သတ္တဝါမှာ ခွေးကြီး သာ ဖြစ်ပေသည်။
သူသည် မိမိ၏ အစားအစာများ လျော့နည်းသွားမည်ကို အမြဲတမ်း စိုးရိမ်ပူပန်တတ်သည် မဟုတ်လော။ သို့သော် ယနေ့တွင် ထိုကောင်သည် အိမ်ဝင်းတံခါးဝ၌ အားအင်ကုန်ခမ်းစွာဖြင့် ဝပ်စင်းနေရှာ၏။ သူ၏ ပုံသဏ္ဌာန်မှာ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကို ခံစားထားရသည့် အလား ဖြစ်ပေသည်။
လင်းယန်သည် မိမိ၏ လမ်းကို ပိတ်ဆို့နေသော အမွေးဝါလေးကို ခြေထောက်ဖြင့် အသာအယာ တို့ထိ မောင်းထုတ်လိုက်ကာ ပြောလိုက်၏။
“ဖယ်စမ်း... ဖယ်စမ်း...၊ ဒီမှာ လာပြီးတော့ ရှုပ်မလုပ်နဲ့”
သူသည် ဘီယာဗူးကြီးတစ်ဗူးကို ဒယ်အိုးအတွင်းသို့ လောင်းထည့်လိုက်၍ အယ်လ်ကိုဟောဓာတ်များသည် ဟင်းခတ်ပစ္စည်းများ၏ ရနံ့ကို ပိုမို၍ ဆွဲဆောင်မှုရှိစွာ တောက်ပြောင်လာစေသည်။ ကျေးရွာလူကြီးသည် မိမိ၏ ဝမ်းဗိုက်ကို လက်ဖြင့် ပွတ်သပ်လိုက်မိ၍ နောက်ပိုင်းကျရင်တော့ သေချာပေါက် ပုံမှန်ထက် ပိုမို၍ စားသောက်ရမည်ဟု တွေးတောမိတော့၏။
သူသည် နောက်တစ်ကြိမ်တွင် ထိုကဲ့သို့သော အဖိုးတန် ဟင်းလျာမျိုးကို မည်သည့်အချိန်မှ ထပ်မံ သုံးဆောင်ရဦးမည်ကို မသိရှိနိုင်ပါချေ။ သူသည် ထိုဟင်းလျာအချို့ကို သေချာပေါက် ထုပ်ပိုး၍ အိမ်၌ ကျန်ရစ်ခဲ့သော ဇနီးအိုကြီးအားလည်း မြည်းစမ်းကြည့်ခွင့် ပေးရမည် ဖြစ်သည်။
လွန်ခဲ့သော အကြိမ်က သူသည် အိမ်သို့ ပြန်ရောက်ချိန်တွင် လင်းယန် ချက်ပြုတ်သော ဟင်းလျာများ မည်မျှအထိ ကောင်းမွန်ကြောင်း ပြောကြားခဲ့သော်လည်း၊ သူ၏ ဇနီးအိုကြီးသည် အပိုများ ပြောဆိုနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ကာ လုံးဝ မယုံကြည်ခဲ့ပါချေ။ သူတို့သည် သာမန် ကျေးလက်ရိုးရာ ဟင်းလျာများသာ ဖြစ်ကြသည် မဟုတ်လော။
လင်းယန်ကဲ့သို့သော ယောက်ျားရင့်မာကြီးတစ်ဦး ချက်ပြုတ်သော ဟင်းလျာသည် နှစ်ပေါင်းမြောက်မြားစွာ အိမ်ထောင်ရှင်မအဖြစ် ချက်ပြုတ်လာခဲ့သော မိမိ၏ လက်ရာကို မည်သို့လျှင် ကျော်လွန်နိုင်ပါမည်နည်း။
ထို့ပြင် လင်းယန်သည် မည်သည့် အဆင့်မြင့် ဟင်းချက်သင်တန်းကိုမျှ တက်ရောက်ဖူးခြင်း မရှိသကဲ့သို့၊ နာမည်ကျော် စားသောက်ဆိုင်ကြီးများမှ စာဖိုမှူးကြီးတစ်ဦးလည်း မဟုတ်သည်မှာ အမှန် ဖြစ်၏။
သံဒယ်အိုးကြီးဖြင့် ချက်ပြုတ်ထားသော ငန်းသားချက်သည် မကြာမီအတွင်း အဆင်သင့် ဖြစ်ပွားသွားခဲ့လေပြီ။ ကျေးရွာလူကြီးသည် ငန်းဖြူကြီးတစ်ကောင်ကို ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့်၊ လင်းယန်သည် အခြားသော ဟင်းလျာနှစ်မျိုးကိုပါ အထူးတလည် ထပ်မံ ချက်ပြုတ်ပေးခဲ့၏။
တစ်ခုမှာ ကျေးလက်ရိုးရာ ပဲပြားခြောက်ကြော် ဖြစ်၍ အခြားတစ်ခုမှာ ဆားစိမ်မုန်ညင်းဖြင့် ရောနှောချက်ပြုတ်ထားသော ဝက်သားမျှင်ကြော် ဖြစ်ပေသည်။ ကျေးရွာလူကြီးသည် ဟင်းများ၏ ရနံ့ကို ရှူရှိုက်ရုံမျှဖြင့် စိတ်အာရုံများ ကယောင်ကတမ်း ဖြစ်လုနီးပါး ဖြစ်သွားရတော့သည်။
“ကဲ... စားကြစို့”
သူ၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် ရန်အာဟူနှင့် ကျေးရွာလူကြီးတို့သည် တစ်ပြိုင်နက်တည်းမှာ ငန်းခြေထောက်တစ်ဖက်စီကို တူဖြင့် အပြေးအလွှား တစ်ပြိုင်တည်း ညှပ်ယူလိုက်ကြပေသည်။ သူတို့နှစ်ဦးလုံးသည် မိမိတို့၏ တူများကို လုံးဝ လွှတ်ပေးမည့် အသွင်မရှိကြချေ။
“အာဟူစုတ်၊ ငါက မင်းငယ်ငယ်ကတည်းက ထိန်းလာခဲ့တာ ဖြစ်တယ်၊ ငါ မင်းကို ဘာတွေလုပ်ရမယ်သင်ထားလဲ၊ လူကြီးမိဘတွေကို ရိုသေလေးစားရမယ်၊ လူငယ်တွေကို သနားညှာတာရမယ်ဆိုတဲ့ တရားကို မင်း မေ့လျော့သွားပြီလား”
ရန်အာဟူသည် သူ၏ ဖြူဖွေးလှသော သွားများကို ဖြဲပြလိုက်ကာ ပြောလိုက်၏။
“ဒါဆိုရင်လည်း ကျေးရွာလူကြီး အနေနဲ့ မျိုးဆက်သစ် လူငယ်တွေကို ပိုပြီးတော့ အခွင့်အရေး ပေးသင့်တာပေါ့ဗျာ”
လင်းယန်သည် ထိုမြင်ကွင်းကို ကြည့်ရှု၍ ဘာစကား ပြန်လည် ပြောကြားရမည်ကို မသိတော့ပါချေ။
“ဟောဒီမှာ ငန်းခြေထောက်က နှစ်ဖက်လုံး ရှိနေတာပဲ မဟုတ်လား၊ မင်းတို့ တစ်ယောက်ကို တစ်ဖက်စီ ယူလိုက်ကြရင် ပြီးနေတာကို ဘာဖြစ်လို့ လုနေကြတာလဲ၊ ကျွန်တော်ကတော့ မစားတော့ပါဘူး”
သူသည် မူလက ထိုလူနှစ်ယောက်အနေဖြင့် လူမှုရေးအရ အပြန်အလှန် အားနာပြကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ လက်တွေ့တွင် သူတို့သည် ချက်ချင်း သဘောတူညီလိုက်ကြပေသည်။
“ကောင်းပြီလေ”
လင်းယန်မှာ စကားဆွံ့အသွားရတော့၏။ သူသည် တိတ်ဆိတ်စွာ ငန်းသားတစ်တုံးကို ညှပ်ယူ၍ ပါးစပ်အတွင်းသို့ ထည့်သွင်းလိုက်ကာ အလွန် ထူးခြားမွှေးကြိုင်လှပြီး အဆုံးမရှိသော အရသာထူးကို ခံစားလိုက်ရပေသည်။ ထိုနတ်ရေစင်သည် တကယ်ကို အဖိုးတန်လှသော အရာတစ်ခု ဖြစ်ပေသည်။
ကျေးရွာလူကြီးသည် ထမင်း သုံးပန်းကန်ခွက်ခွက်ကို ဆက်တိုက် စားသောက်လိုက်ပြီးသောအခါ မိမိ၏ ဆူဖြိုးလှသော ဝမ်းဗိုက်ကြီးကို လက်ဖြင့် ပုတ်ခတ်ကာ စကားဆို၏။
“လင်းယန် မင်းရဲ့ ဒီလိုဟင်းချက်စွမ်းရည်မျိုးနဲ့ ကျေးလက်စားသောက်ဆိုင်လေး ဖွင့်လှစ်ထားတာကတော့ တကယ်ကို နှမြောစရာ ကောင်းလှတယ်၊ ငါ့ရဲ့ အမြင်အရဆိုရင်တော့ မင်းက ဟိုးမြို့ကြီးပြကြီးတွေမှာ ရှိတဲ့ မီ... မီချလင်ဆိုလား အဲဒီ စားသောက်ဆိုင်ကြီးတွေရဲ့ စာဖိုမှူးချုပ်ကြီးတောင် ဖြစ်ထိုက်ပါတယ်”
ရန်အာဟူသည် ဘေးနားမှနေ၍ စကားဖြည့်ပေးလိုက်၏။
“ဒါက မီချီလင်စားသောက်ဆိုင်လို့ ခေါ်တာပါ၊ ရွာလူကြီးရဲ့”
“ဟုတ်တယ်... ဟုတ်တယ်... မီချီလင် စားသောက်ဆိုင်ပေါ့ ငါ ခဏ မေ့သွားလို့ပါ၊ မင်းအနေနဲ့ တို့တွေရဲ့ ရွာငယ်လေးထဲမှာ ဒီလို ဆိုင်မျိုး ဖွင့်လှစ်ထားတာကတော့ မင်းရဲ့ အဖိုးတန် စွမ်းရည်တွေကို မြေမြှုပ်သင်္ဂြိုဟ်ထားသလို ဖြစ်နေတာပေါ့”
လင်းယန်သည် အသာအယာ ပြုံးလိုက်၍ ပြော၏။
“မြို့ကြီးပြကြီးတွေနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော်က စစ်ရေကျေးရွာလေးကိုပဲ ပိုပြီးတော့ သံယောဇဉ်ရှိပြီး နှစ်သက်မိပါတယ်ဗျာ”
ထိုသို့ ပြောကြား၍ သူသည် ပန်းကန်လုံးအတွင်းမှ ငန်းသားနှစ်တုံးကို ကောက်ယူကာ အမွေးဝါနှင့် အမွေးဖြူတို့၏ ရှေ့မှောက်သို့ ပစ်ချပေးလိုက်၏။ ထိုသတ္တဝါငယ် နှစ်ကောင်သည်လည်း ဆာလောင်မွတ်သိပ်နေသော တောဝံပုလွေများကဲ့သို့ ချက်ချင်း စားလိုက်ကြတော့သည်။
ကျေးရွာလူကြီးသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရင်ထဲ၌ နှမြောတသခြင်း ပြင်းထန်စွာ ဖြစ်ပွားသွား၍ ပြော၏။
“မင်းက အရသာရှိလှတဲ့ အစားအစာတွေကို သူတို့လို သတ္တဝါတွေကို ကျွေးမွေးပစ်လိုက်တာလားကွာ၊ ဒါက တကယ်ကို ဖြုန်းတီးပစ်တာပဲ”
“မင်းရဲ့ အဒေါ်ကတော့ ထိုမျှအထိ အရသာရှိတဲ့ အရာမျိုးကို တစ်ခါမျှ မစားဖူးရှာသေးဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့လည်း အကုန်လုံး ကုန်အောင် စားနိုင်မှာ မဟုတ်ဘူးဆိုတော့၊ ငါ ဒါတွေကို မင်းရဲ့ အဒေါ် မြည်းဖို့အတွက် အိမ်ကို သယ်သွားလိုက်မယ်”
ကျေးရွာလူကြီးသည် ကွပ်ပစ်ပေါ်မှ ထရပ်လိုက်၍ သံဒယ်အိုးအတွင်း၌ ကျန်ရှိနေသော ငန်းသားချက်များကို အိုးလိုက်ခွက်လိုက် မတင်၍ အပြင်သို့ လှမ်းထွက်သွားခဲ့လေပြီ။ သူမှာ အားနာစိတ် နည်းနည်းမျှ မရှိပါချေ။
“မနက်ဖြန်ကျရင်တော့ ငါ ဒီအိုးခွက်တွေကို အသေအချာဆေးကြောပြီးမှ မင်းဆီကို ပြန်လည် ပေးတော့မယ်”
ရန်အာဟူသည် ထိုမြင်ကွင်းကို ကြည့်ရှု၍ မကျေမနပ်ဖြစ်ကာ သွားများကို တင်းတင်းကြိတ်လိုက်မိ၏။
“စားပြီးတာနဲ့ အိုးလိုက်ခွက်လိုက် သယ်ဆောင်သွားတာပဲ၊ ငါက မနက်ဖြန်ကျရင် ထပ်ပြီး စားဖို့အတွက် ချန်ထားချင်တာကို”
“ကျန်ခဲ့ရင်လည်း မင်း မစားရတော့ဘူး”
လင်းယန်သည် အေးဆေးစွာ စကားဆိုလိုက်သည်။ ရန်အာဟူ၏ မျက်လုံးအစုံမှာ ရုတ်ချည်း တောက်ပသွားရ၍ မေးလိုက်၏။
“သူဌေး ဒါဆိုရင် မနက်ဖြန်ကျရင် အဖိုးတန်လှတဲ့ စားသောက်ပွဲကြီးတစ်ခုကို ထပ်ပြီး ဖန်တီးပေးဦးမှာလားဗျ”
“မနက်ဖြန်ကျရင် ကျေးရွာလူကြီးက တို့တွေရဲ့ သစ်ပင်စိုက်ပျိုးရေး စီမံကိန်းအတွက် လိုအပ်တဲ့ လုပ်သားအင်အားတွေကို ဝိုင်းဝန်း စည်းရုံးပေးလိမ့်မယ်၊ အဲဒီအခါကျရင် မင်းက သူတို့နဲ့အတူ လယ်ကွင်းပြင်ဆီ လိုက်ပါသွားဖို့ တာဝန်ယူရမှာ၊ ငါကတော့ အိမ်မှာပဲ ကျန်ရစ်ခဲ့ပြီး အားလုံးအတွက် ထမင်းဟင်း ချက်ပြုတ်ပေးရမှာ”
လင်းယန်သည် လုပ်သားများအတွက် တစ်နေ့တာ လုပ်အားခ ငါးဆယ်ယွမ် ပေးအပ်ခြင်းသည် အနည်းငယ် နည်းပါးလွန်းနေသည်ဟု ခံစားမိသဖြင့်၊ သူတို့အတွက် ကျွေးမွေးမည့် ထမင်းဟင်း အရသာကို ပိုမို၍ အဆင့်မြင့်မား ကောင်းမွန်အောင် ပြင်ဆင်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် စောစီးစွာကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ဖြစ်၏။
“လုံးဝ ပြဿနာမရှိပါဘူး သူဌေးရယ်”
လင်းယန်ကဲ့သို့သော လွတ်လပ်၍ အရည်အချင်းရှိလှသော သူဌေးတစ်ဦး၏ အနောက်သို့ လိုက်ပါလာခဲ့ပြီးသောအခါ ရန်အာဟူသည် မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် အစားအသောက် ကောင်းမွန်ခြင်းနှင့် စိတ်အေးချမ်းသာစွာ ရှင်သန်ရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခံစားသိရှိခဲ့ရပေသည်။
သူသည် မကြာသေးခင်ကစ၍ ကိုယ်အလေးချိန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်ဟု ခံစားနေရ၏။ သူသည် မနက်ဖြန်ကျလျှင် အိမ်ပြန်ကာ မိဘများကိုလည်း ထိုကျန်းမာသန်စွမ်းလှသော ပုံသဏ္ဌာန်ကို မြင်တွေ့စေရမည်ဟု ရင်ထဲ၌ တွေးတောကာ ဝမ်းမြောက်နေမိတော့သည်။
အခန်း (၆၄)
ညဉ့်ဦးယံအချိန်၌ ဆိတ်ငြိမ်လှသော လေထုထဲတွင် လေညှင်းလေးသည် ခပ်အေးအေး တိုက်ခတ်နေခဲ့သည်။ ထိုကဲ့သို့သော တောရွာငယ်လေးများတွင် ပျော်ပွဲရွှင်ပွဲဟူ၍ ပေါပေါများများ ရှိမနေခဲ့ချေ။
ထို့ကြောင့် ရွာသူရွာသားများသည် ပုံမှန်အားဖြင့် ညစာသုံးဆောင်ပြီးနောက်တွင် စုဝေးထိုင်၍ စကားစမြည်ပြောဆိုခြင်းဖြင့်သာ အချိန်ကုန်လွန်စေလေ့ ရှိကြပေသည်။
ယခုအချိန်တွင် ဝမ်တာလီနှင့် အခြားသော သူများသည် သူတို့၏ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုများကို စတင်ခြင်း မရှိကြသေးဘဲ အမြဲတမ်း ပြုလုပ်လေ့ရှိသည့်အတိုင်း ကျေးရွာအတွင်းရှိ စမ်းရေချောင်းငယ်၏ ဘေးတွင် စုဝေးထိုင်နေကြ၏။
လီတင့်သည် ရှုလီအား မကျေမနပ်ဖြစ်ကာ ဒေါသတကြီးဖြင့် စိုက်ကြည့်၍ ပြော၏။
“ရွာထဲကအဒေါ်ကြီးတွေ ပြောတာကို ငါကြားခဲ့ရတယ်၊ မင်း ဒီနေ့ လင်းယန်ဆီကို တကူးတကသွားတယ်ဆိုတာ အမှန်ပဲလား၊ ဒါက ဘာသဘောလဲ ရှုလီ၊ မင်းကိုပါ သူက ငွေကြေးနဲ့ သိမ်းသွင်းလိုက်ပြီလို့တော့ ငါ့ကို မပြောနဲ့ဦးနော်၊ သူက အွန်လိုင်းပေါ်မှာ သူ့ရဲ့မသမာမှုတွေကို ဖုံးကွယ်ဖို့အတွက် လူတွေကို ငွေပေးပြီး ငှားရမ်းထားတာ၊ သူ့ရဲ့ တည်ရှိမှုဟာ ငါတို့တွေအတွက်အိမ်မက်ဆိုးပဲဆိုတာ မင်းမေ့သွားပြီလား”
လီတင့်၏ ပြင်းထန်လှသော ဒေါသတရားများနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှုလီသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားဆိုလိုက်၏။
“ငါ့ရဲ့ အမြင်အရဆိုရင်တော့ တို့တွေ လင်းယန်အပေါ်မှာ အထင်အမြင်မှားနေခဲ့ကြတာ ဖြစ်လိမ့်မယ်၊ သူ့ရဲ့ နောက်ကွယ်မှာ ဘယ်ငွေရှင်ကြေးရှင်၊ ဘယ်အဖွဲ့အစည်းကနေ ပံ့ပိုးကူညီပေးနေတာမျိုး မရှိဘူး၊ သူ့အပေါ်မှာ ဒီလောက်အထိ မကောင်းစိတ်တွေထားနေတာကို ရပ်လိုက်လို့သင့်ပြီလို့ထင်တယ်”
ရှုလီ၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်တာလီသည် လှောင်ပြုံး ပြုံးလိုက်လေသည်။ လင်းယန်သည် အခြားသူများ၏ စိတ်နှလုံးကို သိမ်းသွင်းရာတွင် တကယ်ကို ကျွမ်းကျင်လှပါပေသည်။
ထိုမျှ တိုတောင်းလှသော ရက်အနည်းငယ်အတွင်းမှာ သူသည် ရှုလီ၏ အတွေးအခေါ်များကို ပြောင်းလဲပစ်နိုင်ခဲ့သည် မဟုတ်ပါလော။ အမှန်စင်စစ် ယခင်တုန်းက ရှုလီသည် ထိုအဖွဲ့ထဲတွင် လင်းယန်အပေါ် အမုန်းဆုံးဖြစ်၍ သူ၏ နာမည်ကို ကြားရုံမျှဖြင့် စက်ဆုပ်ရွံရှာဖွယ်ရာ အမူအရာများကို မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်အောင် ပြသလေ့ရှိသူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမသည် လင်းယန်၏ စကားများကို ယုံကြည်နေခဲ့ပြီ ဖြစ်၏။ ဝမ်တာလီအနေဖြင့် လင်းယန်သည် မည်သည့် နည်းလမ်းများကို အသုံးပြုကာ ရှုလီအား မှိုင်းတိုက်လိုက်သနည်းဆိုသည်ကို အလွန် သိရှိလိုလှပေသည်။
လီတင့်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်၍ ရယ်မောလိုက်၏။
“ငွေရှင်ကြေးရှင်မရှိဘူး ဟုတ်လား၊ ဒါက သူကိုယ်တိုင် မင်းကို ပြောပြခဲ့တာလား၊ သူပြောသမျှ အရာရာတိုင်းကို မင်းက အလွယ်တကူ ယုံကြည်နေတာလား ရှုလီ၊ နေပါဦး မင်း သူ့အပေါ်မှာ စိတ်ကူးယဉ်ပြီး သံယောဇဉ်တွယ်မိသွားတာတော့ မဟုတ်ပါဘူးနော်၊ အကယ်၍ သူ့ရဲ့နောက်ကွယ်မှာ ငွေရှင်ကြေးရှင်တွေသာ မရှိဘူးဆိုရင်၊ သူ့ရဲ့ အိမ်ဝင်းထဲမှာ ရောက်နေတဲ့ အရှေ့မြောက်ကျားကြီးတွေကို မင်း ဘယ်လို ရှင်းပြမလဲ၊
ပြီးတော့ အခြားတောရိုင်းတိရစ္ဆာန်တွေကိုကော ဘယ်လို ရှင်းပြမလဲ၊ လင်းယန်က စန်းကောင်းလွန်းလို့ လူသားတွေတင်မကဘဲ တိရစ္ဆာန်တွေကပါ သူ့ကို ချစ်ကြတာပါလို့ ငါ့ကို ပြောဦးမလို့လား၊ ရယ်စရာကောင်းတဲ့ စကားမျိုးကို ဘယ်သူကများ ယုံကြည်လိမ့်မယ်လို့ မင်း ထင်နေတာလဲ”
ရှုလီသည် လီတင့်အား မည်သို့ ပြန်လည် ရှင်ပြရမည်ကို မသိရှိတော့ပါချေ။ အကယ်၍သာ ယခင်အချိန်က ဖြစ်လျှင် လူသားတစ်ဦးသည် ထိုမျှအထိ တိရစ္ဆာန်များ၏ ချစ်ခင်မှုကို ရရှိနိုင်လိမ့်မည်ဟူသော အချက်ကို သူမကိုယ်တိုင်လည်း ယုံကြည်လိမ့်မည် မဟုတ်သည်မှာ အမှန်ဖြစ်၏။
သို့သော် ယနေ့တွင် သူမသည် လင်းယန်က တိရစ္ဆာန်ငယ်လေးများအပေါ် ထားရှိသော စစ်မှန်လှသည့် မေတ္တာတရားများနှင့် ထိုတိရစ္ဆာန်ငယ်လေးများက လင်းယန်အပေါ် ပြန်လည် ပြသကြသော သံယောဇဉ်များကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ ကြုံဆုံခဲ့ရပြီ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်လှသော ဝံပုလွေများပင်လျှင် လင်းယန်၏ အနီးတွင် သူတို့၏ ရန်လိုသော စိတ်အာရုံများကို လျှော့ကာ ငြိမ်ငြိမ်သက်သက် ဖြစ်နေခဲ့ပေသည်။ ယနေ့တွင် သူတို့ ကြုံတွေ့ခဲ့ရသော ဝံပုလွေနှင့် ကျားသစ်ဖြူတို့၏ ဖြစ်ရပ်သည်လည်း လုံးဝ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပေသည်။ထိုနေရာ၌ မည်သည့် ငွေရှင်ကြေးရှင်များ၏ လျှို့ဝှက် ကြိုးကိုင်မှုမျှ တည်ရှိမနေခဲ့ပါချေ။
“နင် စကားတွေကို ဒီလောက်အထိ လွန်လွန်မင်းမင်း မပြောပါနဲ့၊ ငါ့အမြင်အရတော့ နင်က လင်းယန်အပေါ်မှာ မကောင်းတဲ့အမြင်တွေထားနေလို့ သူ့ရဲ့ လုပ်ရပ်မှန်သမျှက မျက်ပါးမွှေးစူးစရာ ဖြစ်နေတာ”
ရှုလီသည် ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။
တစ်ခဏအတွင်းမှာ သူတို့နှစ်ဦးသည် အပြင်းအထန် ငြင်းခုံကြတော့မည့် အနေအထားသို့ ရောက်ရှိလာခဲ့သဖြင့် ဝမ်တာလီသည် ကြားမှနေ၍ စကားစဖြတ်လိုက်ရတော့သည်။
“ကဲ တော်ပြီ၊ မငြင်းကြနဲ့တော့၊ ငါတို့တွေ ယခင်တုန်းက အလွန်စည်းလုံးတဲ့ အဖွဲ့တစ်ခု ဖြစ်ပေမယ့် အခုကျမှ ဘာဖြစ်လို့ အသေးအဖွဲ့ကိစ္စတွေနဲ့ နေ့စဉ်ရက်ဆက် ရန်ဖြစ်နေကြရတာလဲ၊ ဒီနေရာမှာ ဒီအကြောင်းတွေကို ငြင်းခုံရင် အချိန်ပဲကုန်မယ်၊
အဲဒီအစား အွန်လိုင်းမှာ ပိုပြီးလူကြိုက်များအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆွေးနွေးကြတာက ပိုပြီးတော့ အကျိုးရှိလိမ့်မယ်၊ ပြိုင်ပွဲက တစ်နှစ်ပဲအချိန်ရှိတာနော်၊ အခုဆိုရင် တစ်လကုန်သွားပြီဆိုတာကို မမေ့ကြနဲ့ဦး၊
အကယ်၍ ငါတို့တွေအနေနဲ့ လင်းယန်ကို အမြန်ဆုံး အမီမလိုက်နိုင်ဘူးဆိုရင်တော့၊ ဟောဒီက ဆုကြေးငွေတွေက ငါတို့တွေနဲ့ လုံးဝ သက်ဆိုင်တော့မှာ မဟုတ်ပါဘူး”
သန်းသုံးဆယ်ဟူသော ကြီးမားလှသည့် ဆုကြေးငွေပမာဏအပေါ် မည်သည့် သာမန်လူသားကများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ထိုသည်ကား သာမန်မိသားစုမှ ပေါက်ဖွားလာခဲ့ကြသော လူငယ်များအတွက် မိမိတို့၏ ဘဝတစ်သက်တာလုံးတွင် ရှာဖွေရန် မလွယ်ကူလှသော ကြီးမားလှသည့် ဝင်ငွေကြီး ဖြစ်ပေသည်။
ယခုအချိန်တွင် ရုပ်သံထုတ်လုပ်ရေး အဖွဲ့သားများသည် သူတို့အား လုပ်ငန်းစတင်ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးပေးထားရုံတင်မက၊ ရှာဖွေရရှိသမျှသော ဝင်ငွေများကိုလည်း ကိုယ်တိုင် ပိုင်ဆိုင်ခွင့် ပေးအပ်ထား၍ သန်းသုံးဆယ်ဟူသော မဟာဆုကြေးကြီးကိုပါ ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးထားခြင်းဖြစ်ပေသည်။
ထို့ကြောင့် မည်သူကများ မိမိ၏ စွမ်းဆောင်ရည်များအား အသုံးချကာ ဘဝကို အကောင်းဆုံး ပြောင်းလဲပစ်ရန်အတွက် ကြိုးပမ်းလိုစိတ် မရှိဘဲနေမည်နည်း။
သူတို့အားလုံးသည် သာမန်ဆင်းရဲသား မိသားစုများမှ လာကြသူများ ဖြစ်သဖြင့် ထိုအရာသည် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် အကောင်းဆုံးသော အခွင့်အလမ်းထူးကြီး ဖြစ်ပါတော့သည်။
“ငါကတော့ အခုအချိန်မှာ ဘိတ်ချေးကို ရောက်နေပြီဖြစ်လို့ ပထမဆုကိုရဖို့အတွက် ဘယ်မျှော်လင့်ချက်မျှ ရှိမနေတော့ဘူး”
ရှုလီသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသည်းလှိုက်မတတ် ချလိုက်၍ ထိုသို့ ပြောကြားပြီးသောအခါ သူမသည် သူတို့အား စစ်မှန်သော စေတနာများဖြင့် အကြံပြုစကား ဆိုလိုက်၏။
“ငါ နင်တို့ကို စေတနာနဲ့ အကြံပြုချင်တာကတော့ လင်းယန်အပေါ်မှာ မကောင်းတဲ့ အာဃာတတွေ ထားရှိမနေကြဖို့ပပဲ”
သူမ၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် လီတင့်၏ ကဲ့ရဲ့ရှုတ်ချလှသော စကားသံသည် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
“ဘာလဲ အခု လင်းယန်က အဆင့် (၁) နေရာမှာ ရောက်နေတာကို တွေ့လိုက်ရလို့၊ မင်းက သူ့ကို သွားဖားယားချင်နေတာပေါ့၊ ဟုတ်တယ်မလား၊ ငါတို့တွေကတော့ မင်းလိုမျိုး သာပေါင်း လုံးဝမဟုတ်ဘူး”
ထိုစကားကိုကြားလိုက်ရသော ရှုလီသည် ဒေါပွကာ မျက်နှာပင် နီမြန်းသွားသည်။
“နင်... တော်ပြီ၊ ငါ နင်တို့ကို ဘာစကားမှ မပြောချင်တော့ဘူး”
ရှုလီသည် မည်သည့် စကားကိုမျှ ထပ်မံ မဆိုတော့ဘဲ ချက်ချင်း လှည့်ထွက်သွားခဲ့လေသည်။ တစ်ဖက်တွင် ဝူအန်းသည်လည်း လွန်ခဲ့သော အကြိမ်က တောဝက်ဘုရင်ကြီး၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခံစားခဲ့ရဖူးသဖြင့် ယခုအချိန်တွင် လင်းယန်အား ရန်မစရဲတော့ပါချေ။
ထို့ကြောင့် ထိုနေရာတွင် ဝမ်တာလီနှင့် လီတင့် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ ဝမ်တာလီ၏ မျက်လုံးအစုံတွင် ကောက်ကျစ်စဉ်းလဲလှသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့၍ သူသည် လီတင့်အား အသာအယာ နှစ်သိမ့်လိုက်၏။
“ကဲ ဒီလောက်အထိ ဒေါသဖြစ်မနေပါနဲ့တော့၊ လင်းယန်မှာ တကယ်ပဲ အခြားသူတွေကို လှည့်ဖြားနိုင်တဲ့ စွမ်းရည်အချို့ ရှိနေပုံရတယ်၊ ရှုလီလို မိန်းကလေးမျိုးတောင်မှ သူ့ရဲ့လှည့်ကွက်အောက်မှာ မိန်းမောသွားခဲ့ရပြီ မဟုတ်လား၊ ဒါကြောင့်မို့လို့ ငါတို့နှစ်ယောက်က ပိုပြီးတော့ စည်းလုံးညီညွတ်မှု ရှိဖို့ လိုအပ်တယ်”
လီတင့်၏ မျက်လုံးအစုံတွင် မကျေနပ်မှုများနှင့် ပြင်းထန်လှသော ဒေါသတရားများသည် တောက်လောင်နေဆဲ ဖြစ်သည်။
“ဒါဆို ငါတို့တွေက လင်းယန် ဒီအတိုင်း ပထမနေရာမှာ ရပ်တည်နေတာကိုပဲ အေးအေးဆေးဆေး ထိုင်ကြည့်နေကြရမှာလား”
သူမအနေဖြင့် ထိုပထမနေရာကို လင်းယန်ရရှိသွားခြင်းထက် မိမိတို့အဖွဲ့မှ ဝမ်တာလီ ရရှိသွားခြင်းကိုသာ လက်ခံနိုင်စွမ်း ရှိပေသည်။
“ငါ့မှာ အစီအစဉ်တစ်ခုတော့ ရှိတယ်”
လီတင့်သည် သူ၏ အနီးသို့ တရွေ့ရွေ့ ချဉ်းကပ်လာခဲ့သည်။
“ဒီအစီအစဉ်က အန္တရာယ် များလွန်းမနေဘူးလား”
“ကျားဂူထဲကို မဝင်ဘဲနဲ့ ကျားသားကို ဘယ်လိုလုပ်ရနိုင်ပါ့မလဲ”
ဝမ်တာလီသည် ခပ်အေးအေး ဆိုလိုက်၏။ လီတင့်သည် ထိုအကြောင်းအရာကို အသေးစိတ် ပြန်လည် တွေးတောကြည့်ရှုလိုက်၍ အမှန်တကယ် အကြောင်းပြချက် ခိုင်လုံမှု ရှိသည်ဟု ခံစားလိုက်ရတော့သည်။
အခြားတစ်ဖက်တွင် သူတို့၏ လျှို့ဝှက်လှသော ကောက်ကျစ်သည့် အစီအစဉ်များကို လုံးဝ သိရှိခြင်းမရှိရှာသော လင်းယန်သည် ယခုအချိန်တွင် မိမိ၏ နွေးထွေးလှသော ကုတင်ထက်၌ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပြီ ဖြစ်ပေသည်။
သို့သော် ရန်အာဟူသည် ယနေ့ ရိုက်ကူးခဲ့သော အဖိုးတန် ဗီဒီယိုမှတ်တမ်းများကို အွန်လိုင်းပေါ်သို့ တင်ဆက်နိုင်ရန်အတွက် ညမီးရောင်အောက်တွင် ပင်ပန်းကြီးစွာဖြင့် အာရုံစိုက်ကာ တည်းဖြတ်နေဆဲ ဖြစ်၏။
“နောက်ဆုံးတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ၊ ဒီဗီဒီယိုလေး အွန်လိုင်းပေါ်မှာ အကြီးအကျယ် ပေါက်ပါစေကြောင်း ဆုတောင်းရုံပဲ ရှိတော့တယ်”
သူသည် ထိုနေရာတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အချိန်မှစ၍ သိသိသာသာ ငွေရွှင်လာခဲ့ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မိမိ၏ မိသားစုအတွက် အသုံးအဆောင်ပစ္စည်းအများအပြားကို ကိုယ်တိုင် ဝယ်ယူပေးခဲ့သောကြောင့် သူ၏ မိခင်အိုကြီးမှာ ယနေ့တိုင် ပြုံးပျော်၍ မဆုံးနိုင်အောင် ဖြစ်နေခဲ့ရသည်။
ညဉ့်နက်ပိုင်း တစ်ဆယ့်တစ်နာရီခွဲ အချိန်ကာလသည် အွန်လိုင်းပေါ်တွင် အချိန်ကုန်လေ့ရှိကြသော ညဇီးကွက်လူငယ်များအတွက် အတက်ကြွဆုံးသော အချိန်အခါသမယ ဖြစ်ပေသည်။
သူတို့အတွက် ကိုယ်ပိုင်အချိန်မှာ ယခုမှသာ စတင်ခြင်းဖြစ်သည်မဟုတ်လော။
ကျိုးလျန်သည် ကုတင်ထက်၌ လဲလျောင်း၍ မိမိ၏ လက်ကိုင်ဖုန်းကို ဖွင့်လှစ်လိုက်ပြီးသောအခါ အွန်လိုင်းဗီဒီယိုတိုများကို စတင် ကြည့်ရှုတော့သည်။ တစ်နေ့တာလုံး ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ခဲ့ရသမျှသော စိတ်ဖိစီးမှုများသည် ယခုကဲ့သို့ အချိန်တွင်မှသာ အပြည့်အဝ ပြေလျော့သွားတတ်ခြင်းဖြစ်၏။
“ငါ့ကို ထားရစ်ပြီး မထွက်ခွာသွားပါနဲ့ဦး ယန့်ဇီရဲ့၊ ယန့်ဇီ... မင်း ဘယ်နေရာကို ထွက်သွားဖို့ ပြင်နေတာလဲ၊ မင်း နောက်တစ်ကြိမ် ပြန်လာဦးမှာလား... ယန့်ဇီရဲ့”
ဗီဒီယိုဖိုင်အတွင်း၌ ဟက်စကီ ခွေးကြီးတစ်ကောင်သည် ကုန်တင်ကားကြီးတစ်စီး၏ အနောက်မှနေ၍ အသည်းအသန် လိုက်ဆွဲနေခဲ့၍ ထိုကား၏ အပေါ်ရှိ လှောင်အိမ်များအတွင်း၌ ဝံပုလွေမကလေးနှင့် မြေခွေးဖြူလေးတို့က ငြိမ်သက်စွာ ပါသွားခဲ့ကြသည်။
ထိုထူးခြားလှသော ဗီဒီယိုမြင်ကွင်းနှင့် နောက်ခံ အသံဖန်တီးမှုတို့ ပေါင်းစပ်လိုက်သောအခါ ကျိုးလျန်သည် ဆက်တိုက် ရယ်မောမိတော့၏။
“တကယ်ကို ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီဟက်စကီးခွေးကြီးက ဘာဖြစ်လို့ ဒီလောက်အထိ ရယ်စရာကောင်းနေရတာလဲ”
သူသည် ဖုန်းမျက်နှာပြင်ကို အောက်သို့ ထပ်မံ ဆွဲချလိုက်ကာ ဗီဒီယိုမြင်ကွင်းသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့၍ ဟက်စကီး ခွေးကြီးသည် ဝံပုလွေမကလေး၏ ဘေးနားတွင် သွားရည်တမြှားမြှားဖြင့် ပတ်ချာလည် ကပ်နေသည့်မြင်ကွင်း ဖြစ်ပေသည်။
“အချစ်လေး... မင်းရဲ့ ခန္ဓာကိုယ်ထက်က ရနံ့က တကယ်ကို မွှေးကြိုင်လှတာပဲလား၊ အချစ်လေး... မင်း ဘာအမျိုးအစား ရေမွှေးတွေကို အသုံးပြုထားတာလဲဗျ၊ အချစ်လေး မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့လျှာနဲ့ အနည်းငယ်လောက် တို့ထိခွင့်ပေးရင် မကောင်းဘူးလားဟင်”
ဟတ်စကီးခွေးကြီးသည် ဝံပုလွေမကလေး၏ အနီးတွင် နှာခေါင်းကို စွင့်လျက် အပြင်းအထန် ရှူရှိုက်နေခဲ့၍ နောက်ဆုံးတွင် စိတ်မရှည်တော့သော ဝံပုလွေမကလေး၏ သန်စွမ်းလှသော လက်ဝါးတစ်ချက်ဖြင့် ရိုက်ပုတ်ခြင်း ခံလိုက်ရကာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲသွားခဲ့ရရှာသည်။
“ဘုရားရေ ငါ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဟက်စကီးခွေးတစ်ကောင်က ဝံပုလွေမတစ်ကောင်ကို ဒီလောက်အထိ အသည်းအသန် လိုက်လံ ပိုးပန်းနေတဲ့ မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့မိဘူး၊ တကယ်ကို ရယ်ရတယ်”
ကျိုးလျန်သည် ထိုဗီဒီယိုကို သိမ်းဆည်းထားလိုက်ပြီး မှတ်ချက်ကဏ္ဍတွင်လည်း ရေးသားလိုက်၏။
“ဒီဟတ်စကီခွေးကြီးက ကိုယ့်ကိုယ်ကို ဝံပုလွေတစ်ကောင်လို့ အထင်မှားနေတာလား မသိဘူး”
သူသည် အောက်ရှိ မှတ်ချက်များကို ဖွင့်လှစ်ကြည့်ရှုလိုက်သောအခါ၊ မိမိနှင့် အတွေးအခေါ် တူညီကြသော လူမြောက်မြားစွာကို အတိုင်းသား တွေ့ရှိလိုက်ရတော့သည်။
“ဟားဟားဟား တကယ်ကို မျက်စိပွင့်စေတဲ့ ဖြစ်ရပ်ဆန်းပါပဲလား၊ ခွေးနဲ့ ဝံပုလွေက ဘယ်လိုလုပ်ပြီးတော့ အတူတူ နေနိုင်ပါ့မလဲ”
“မင်းတို့ ဝံပုလွေမကလေးရဲ့ မျက်နှာပေါ်က ခွေးလေးကို စက်ဆုပ်နေတဲ့ အမူအရာတွေကို မမြင်မိကြဘူးလား”
“ဒါကြောင့်မို့လို့ ခွေးတွေက အခြားသူတွေရဲ့ မျက်နှာအမူအရာကို လုံးဝ ဖတ်နိုင်စွမ်းမရှိကြဘူးလို့ ပြောတာပေါ့”
“ရယ်ရလွန်းလို့ သေတော့မယ်၊ သူပိုးပန်းနေတဲ့ သတ္တဝါက ဘာကောင်လဲဆိုတာကို သူသေချာကောသိရဲ့လားမသိဘူး”
“ငါ အခု လက်တွေ့ဘဝထဲက အချစ်ရူးကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရတာပဲ”
“ဒါက ငါအကြိုက်ဆုံး အွန်လိုင်းဘလော်ဂါရဲ့ ဆိုင် မဟုတ်ဘူးလား၊ ငါ ဒီခွေးကြီးကို သိတာပေါ့၊ ဒါက သူ ပထမဦးဆုံး မွေးခဲ့တဲ့ ဟက်စကီ ခွေးပဲ မဟုတ်လား၊ ဒီခွေးကြီးမှာ ထိုမျှအထိ ရည်မှန်းချက်ကြီးကြီးမားမားတွေ ရှိနေလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး”
“အချို့သောလူတွေ အနေနဲ့ ဒီဗီဒီယိုကို သေချာ ကြည့်ရှုလိုက်ကြပါဦး၊ ဒီမြင်ကွင်းက မင်းတို့ရဲ့ လက်တွေ့ပုံသဏ္ဌာန်နဲ့ အလွန် တူညီနေတာ မဟုတ်ဘူးလား”
“ဟားဟားဟား အပေါ်က မှတ်ချက်ကတော့ တကယ်ကို လူတွေရဲ့ နှလုံးသားကို ထိခိုက်စေလွန်းလှပါတယ်ဗျာ”
“တကယ်ကို ဆန်းပြားလှတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီးပါပဲလား”
ထိုဗီဒီယိုတိုလေးသည်လည်း ယခင်က ဗီဒီယိုများကဲ့သို့ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများထက်တွင် အချိန်တိုအတွင်းမှာ ပြင်းထန်စွာ ပေါက်ကွဲအောင်မြင်သွားခဲ့လေပြီ။
ထိုဗီဒီယိုကြောင့် မြောက်မြားစွာသော နာမည်ကျော် ကုန်အမှတ်တံဆိပ်များ၏ တိတ်တဆိတ် ဆက်သွယ်မှုများကိုပါ လက်ခံရရှိခဲ့တော့သည်။ သူတို့အားလုံးသည် ထိုခွေးကြီးကို အသုံးပြု၍ ကုန်ပစ္စည်း ကြော်ငြာများကို လက်ခံရိုက်ကူးပေးရန် အဆိုပြုလာကြခြင်း ဖြစ်ပေသည်။
ရန်အာဟူသည် မနက်ဖြန် နံနက်တွင် အိပ်ရာမှ နိုးထလာခဲ့ပြီးနောက် ဖုန်းအတွင်းရှိ ထိုမြောက်မြားစွာသော ကြော်ငြာကမ်းလှမ်းမှု မက်ဆေ့ခ်ျများကို မြင်တွေ့လိုက်ရသောအခါ ဝမ်းမြောက်လွန်းလှသဖြင့် ပါးစပ် မပိတ်နိုင်အောင် အော်ဟစ်ရယ်မောတော့၏။
“ကျွန်တော်တို့တွေ ချမ်းသာပြီ၊ ကျွန်တော်တို့တွေ အကြီးအကျယ် ချမ်းသာပြီ”
“သူဌေး ကျွန်တော်တို့တွေ တကယ်ကို ငွေအများကြီး ရှာနိုင်တော့မှာဗျ”
လင်းယန်သည် သူ့အား အေးဆေးစွာ တစ်ချက် ကြည့်ရှုလိုက်၍ ပြော၏။
“ဒီတစ်ကြိမ်မှာကော ဘာအမျိုးအစား ကုန်ပစ္စည်းကြော်ငြာလဲ”
“နောက်ထပ်တစ်ကြိမ် ခွေးစာတွေ ရောင်းချဖို့အတွက် ကမ်းလှမ်းလာပြန်တာတော့ မဟုတ်ပါဘူးနော်”
ရန်အာဟူသည် မိမိ၏ လက်ကိုင်ဖုန်းမျက်နှာပြင်ကို အသေးစိတ် ဖတ်ရှုလိုက်၍ စကားဆို၏။
“ပထမဦးဆုံး ကမ်းလှမ်းလာတဲ့ ကြော်ငြာကတော့ တန်တန်အက်ပလီကေးရှင်းအတွက်ဗျ”
“အဲဒီ တန်တန်အက်ပလီကေးရှင်းဆိုတာက ဘာလုပ်တဲ့ ဆော့ဖ်ဝဲလ်မို့လို့လဲ”
လင်းယန်သည် မိမိအနေဖြင့် ထိုကဲ့သို့သော ဆော့ဖ်ဝဲလ်မျိုးကို တစ်ခါမျှ မကြားဖူးကြောင်း မေးမြန်းလိုက်ပေသည်။
“ဒါက အွန်လိုင်းပေါ်ကနေ ချစ်သူရည်းစား ရှာဖွေပေးတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတဲ့၊ သူတို့ဘက်က ပြောတာကတော့ ကျွန်တော်တို့တွေရဲ့ ခွေးကြီပုံသဏ္ဌာန်က ကြော်ငြာနဲ့ တကယ်ကို ကိုက်ညီမှု ရှိလွန်းလှပါတယ်တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ‘ခွေးညိုကြီးရဲ့ လုပ်ရပ်တွေထဲမှာ လက်တွေ့ဘဝထဲက အချို့သော အချစ်မူး မူးနေတဲ့ ငမူးစုတ်တွေရဲ့ အရိပ်အယောင်တွေကို အတိုင်းသား မြင်တွေ့နေရလို့ပဲ၊
အကယ်၍ မင်းအနေနဲ့ လက်တွေ့ဘဝထဲမှာ မင်းရဲ့ စိတ်ကူးထဲက နတ်သမီးလေးကို ရှာမတွေ့နိုင်ခဲ့ဘူးဆိုရင်တော့၊ ဆော့ဖ်ဝဲလ်ပေါ်မှာ သွားရောက် ရှာဖွေနိုင်ပါတယ်’ ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ကြော်ငြာခိုင်းချင်တာတဲ့ဗျ”
လင်းယန်မှာ ဘာမှပြန်မပြောနိုင်အောင်ဖြစ်သွားရသည်။