← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅)

နောက်တစ်ရက်တွင် လင်းယန်သည် ဝက်စားခွက်ရှေ့၌ ရပ်ကာ အတွေးနယ်ချဲ့နေမိသည်။ တစ်လကျော်မျှ စနစ်တကျကျွေးမွေးထားခဲ့သဖြင့် ဝက်ကလေးများသည် ယခုအခါအသားတက်လာကာ ဝဝဖိုင့်ဖိုင့်နှင့် အကောင်ကြီးများ ဖြစ်လာကြပြီ။

ထိုဝက်ကလေးတို့၏ အသားများမှာ အလွန် စားချင်စဖွယ်ကောင်းလှသည်။

သို့သော် ထောင့်တစ်နေရာရှိ ဝက်တစ်ကောင်သည် အနံ့အရသာရှိသော အစာကို မြင်ရသည့်တိုင် စားချင်စိတ်မရှိဘဲ ငေးငိုင်နေဆဲဖြစ်သည်။

“တစ်ခုခုတော့ မှားနေပြီ၊ အရင်ကဆို ဒီလိုမဟုတ်ခဲ့ဘူးလေ၊ ဝက်သုံးကောင်လုံး အစာစားချိန်ဆိုရင် အမြဲတမ်း တက်ကြွနေကြတာ”

သူ၏ဦးနှောက်တွင် တစ်စုံတစ်ရာ ချို့ယွင်းနေခြင်းလော။ သို့မဟုတ် ဖျားနာနေခြင်းလော။ လင်းယန် တွေးတောမိသည်။

“နောက်နှစ်ရက်လောက်ဆိုရင် ဆရာဝန်ချင်း ရောက်လာပြီး ကျားပေါက်လေးတွေကို စစ်ဆေးပေးလိမ့်မယ်၊ အဲဒီကျမှ ငါ့ဝက်ကလေးကိုလည်း တစ်ခါတည်း ကြည့်ခိုင်းလိုက်တာ အကောင်းဆုံးပဲ”

ထို့နောက် လင်းယန်သည် ဝက်ခြံအတွင်း၌ အစာကို အလုအယက် စားသောက်နေသည့် တောဝက်ကြီးကို မျက်စိစွေကြည့်၍ သတိပေးစကား ဆိုလိုက်သည်။

“မင်းစားတာကတော့ အရင်အတိုင်း အငမ်းမရစားတုန်း၊ ဝက်ခြံထဲက တခြားဝက်တွေကို ထပ်ပြီး အနိုင်မကျင့်နဲ့၊ မဟုတ်ရင်တော့ မင်းကို တောင်ပေါ်ကိုပဲ ပြန်ပို့ပြီး တောဝက်အဖြစ်နဲ့ပဲ နေခိုင်းလိုက်မယ်”

“အွင်... အွင်”

တောဝက်ကြီးမှာ လင်းယန်၏ ခြိမ်းခြောက်မှုကို လုံးဝဥပေက္ခာပြုကာ အစာကိုသာ နင်းကန်အောင်စားသောက်နေလေသည်။ လင်းယန်သည် ဝက်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော နောင်တအရိပ်အယောင်ကို မသတိထားမိလိုက်ပေ။

အမှန်စင်စစ်မှာ ထိုတောဝက်ကြီးသည် ချစ်စရာကောင်းသော ဝက်မလေးကို အကြိမ်ကြိမ် နမ်းရှုပ်ခဲ့မိသည့်အတွက် စိတ်ထဲ၌ အနည်းငယ်အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်၏။

‘အတူတူနေနေတာပဲ၊ အိုးချင်းထားရင် အိုးချင်းထိတာပေ့ါ၊ ဘာများဖြစ်လို့လဲ’

လင်းယန်သည် ဝက်ကလေးအစာမစားခြင်းမှာ စားချင်စိတ်မရှိ၍သာ ဖြစ်မည်ဟု ယူဆကာ ပေါ့ပေါ့ဆဆသာ သဘောထားလိုက်သည်။

ထို့နောက် လင်းယန်သည် အဒေါ်ကြီးချန်းထံသို့ သွားရန် စီစဉ်နေခဲ့သည်။

သူသည် လက်ဗလာဖြင့် သွားရသည်မှာ မသင့်လျော်ဟု ယူဆသည့်အတွက် မိမိကိုယ်တိုင် ပြုလုပ်ထားသော စပျစ်သီးခြောက်များနှင့် အမဲသားခြောက်များကို ထုပ်ပိုးယူဆောင်ခဲ့၏။

အထူးသဖြင့် ကျားပေါက်လေးများသည် လင်းယန်လက်ရာ အမဲသားခြောက်ကို အလွန် နှစ်သက်ကြ၏။ ရန်အာဟူဆိုလျှင်အခွင့်အရေးရတိုင်း သူ့အိတ်ကပ်ထဲသို့ ထည့်ယူသွားတတ်မြဲဖြစ်သည်။

ရှုလီငှားရမ်းထားသည့် အိမ်မှာ သုံးလစာအတွက် ယွမ်တစ်ထောင်မျှသာပေးရပြီး အကျယ်မှာ ပေတစ်ရာပတ်လည်ရှိသည်။

ဤပမာဏဖြင့် မြို့ကြီးပြကြီးတွင် အိမ်သာတစ်လုံးစာမျှ ငှားနိုင်မည်မဟုတ်သော်လည်း ကျေးလက်ဒေသတွင်မူ ခြံဝင်းပါသည့် သီးသန့်အိမ်ကြီးတစ်လုံးကို အလွယ်တကူ ရရှိနိုင်၏။

“ရှုလီ ရှိလား”

လင်းယန်သည် ယဉ်ကျေးစွာ တံခါးခေါက်လိုက်သည်။

“အစောကြီးပါလား၊ မနက်စာစားပြီးမှ လာမယ်ထင်တာ”

အိမ်အပြင်သို့ထွက်လာ၍ ရှုလီက အံ့အားသင့်စွာ မေးမြန်းသည်။

“ဒီအချိန် အလုပ်စလုပ်တာက အကျင့်ဖြစ်နေလို့ပါ၊ ဒါလေးတွေက အိမ်မှာ လုပ်ထားတာ၊ စားကြည့်ပါဦး”

စပျစ်သီးခြောက်နှင့် အမဲသားခြောက်များအား ပေးလိုက်ကာ ရှုလီမှာ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။

မနက်စာ စားသောက်ပြီးသောအခါ နှစ်ဦးသား အဒေါ်ကြီးချန်း၏ အိမ်သို့ ထွက်ခွာလာခဲ့ကြသည်။ အဒေါ်ကြီးချန်း မှာထားသည့် လျှပ်စစ်ပန်ကာကိုလည်း ရှုလီသယ်လာခဲ့သည်။

“ကားငှားမလို့လား ရတာပေါ့ကွယ်”

အဒေါ်ကြီးချန်းသည် ဝမ်းသာအားရ ခွင့်ပြုသည်။

“အချိန်တွေက မြန်လိုက်တာ၊ ဦးလေးယူဂင်ရဲ့ မြေးလေးတောင် ဒီလောက်ကြီးလာပြီပဲ၊ မင်းရဲ့ အစ်ကိုကြီးက ဒီရက်ပိုင်း အိမ်မှာရှိနေတာ သူ မင်းကို ကားမောင်းပို့ပေးလိမ့်မယ်”

လင်းယန် အနည်းငယ် အားနာသွားကာ ပြောလိုက်သည်။

“အဒေါ်ကြီးချန်း စိတ်မပူပါနဲ့၊ ကျွန်တော် အစ်ကိုကြီးအတွက် လုပ်အားခကို ပေးသင့်သလောက်ပေးပါမယ်”

“အို ရွာတူသားချင်းတွေပဲ ဘာလို့ လုပ်အားခတွေတောင်းနေမှာလဲ၊ မင်းငယ်ငယ်တုန်းကဆို ငါတို့အိမ်ရှေ့မှာ အဝတ်မပါဘဲ ပြေးလွှားဆော့ကစားနေကျလေ မှတ်မိသေးလား၊ မင်းအဘိုးက ဘောင်းဘီတွေ ကိုင်ပြီး နောက်ကနေ လိုက်ဖမ်းနေတာ၊ မင်းကတော့ သိပ်ဆော့တာ၊ မျောက်လိုပဲ သစ်ပင်ပေါ်ကို ချက်ချင်း တက်သွားတတ်တာပဲ”

အဒေါ်ကြီးချန်းသည် ရယ်မော၍ အတိတ်အကြောင်းကို ပြောပြသည်။

လင်းယန်သည် ရှုလီ၏ ရှေ့တွင် ရှက်နေမိသည်။ သူ မမှတ်မိကြောင်း ပြောရမလိုလို၊ မပြောရမလိုလိုနှင့် အခက်တွေ့နေရသည်။ ထိုစဉ် အဒေါ်ကြီးချန်း၏သားမှာ စီးကရက်ကို ဖွာရင်း ထွက်လာသည်။

“အမေ၊ ဒါဘယ်သူလဲ”

“မင်းကလည်း လင်းယန်ကိုတောင် မမှတ်မိတော့ဘူးလား၊ ငယ်ငယ်တုန်းက မင်းတို့နှစ်ယောက် အတူတူ ဆော့ကြတာလေ”

“ဪ အဘိုးယိုဂင်ရဲ့ မြေးယန်ယန်လား၊ အရပ်တွေ တော်တော်ရှည်လာပါလား၊ မင်း အထက်တန်းကျောင်းသွားတက်ကတည်းက မတွေ့ဖြစ်တော့တာပဲ”

အဘိုးဖြစ်သူ ကွယ်လွန်ပြီးသောအခါ လင်းယန်တစ်ယောက်တည်း မြို့တွင် ကျောင်းတက်ခဲ့ရသဖြင့် ရွာမှလူများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ အရာအားလုံးမှာ ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေသည်။

“လင်းယန်က ဘေးရွာက ပျိုးပင်တွေ သွားယူမလို့ မင်းလည်း သူ့ကို လိုက်ကူညီပေးလိုက်ပါဦး”

အဒေါ်ကြီးချန်းသည် သားဖြစ်သူကို ခိုင်းလိုက်၏။

ထရပ်ကားကြီးနှင့် လေးငါးခေါက်မျှ သွားရောက်သယ်ယူပြီးသောအခါ ပျိုးပင်ပေါင်း နှစ်ရာကျော်ကို လင်းယန်၏ လယ်ကွင်းသို့ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။ ရွာသူရွာသားများသည်လည်း ဝိုင်းဝန်းကူညီ၍ ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

နေပူရှိန် ပြင်းထန်လှသော မွန်းတည့်ချိန်တွင် လင်းယန်မှာ ချွေးများစိုရွှဲ၍ ပြောလိုက်သည်။

“အားလုံးပဲ ကျေးဇူးတင်ပါတယ်၊ အချိန်လည်း တော်တော်ရှိပြီဆိုတော့ ကျွန်တော် အိမ်ပြန်ပြီး နေ့လယ်စာ ပြင်လိုက်ဦးမယ်”

“ရပါတယ်ကွယ်၊ မပင်ပန်းပါဘူး မင်းသွားချက်လိုက်ပါ၊ ဒီမှာ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ထားပေးပါ့မယ်”

ရွာသားများသည် စေတနာထား၍ ပြန်လည်ဖြေကြားကြသည်။ လင်းယန်သည် ထိုရွာသို့ ပြန်လာရခြင်းမှာ အဘိုး၏ အမှတ်တရများကြောင့်သာမက ရွာသူရွာသားများ၏ စေတနာသန့်သန့် ရိုးသားသည့် လူနေမှုဘဝကို နှစ်သက်၍လည်း ဖြစ်သည်။

ရှုလီသည်လည်း လင်းယန်ကို ကူညီရန် စိတ်အားထက်သန်စွာ လိုက်ပါလာခဲ့သည်။

“လူနှစ်ဆယ်စာ ချက်ရတာ မလွယ်ဘူးလေ၊ ကျွန်မက ဟင်းသိပ်မချက်တတ်ပေမဲ့ အကူအညီတော့ ပေးနိုင်ပါတယ်”

သူမ၏ အိမ်မှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ယူလာသည်။ လင်းယန်သည် ရှုလီ၏ စေတနာကို အလွန်နှစ်သက်သွားသဖြင့် ပြုံး၍ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ နောက်ဆိုရင် လိုအပ်တာရှိရင် ကျွန်တော့်ခြံကနေ လာခူးပါ အားမနာပါနဲ့”

ရှုလီသည်လည်း ပါးချိုင့်နှစ်ခုပေါ်အောင် ပြုံးလိုက်ကာ ပြန်လည်ပြောဆိုသည်။

“ဟုတ်ကဲ့ပါ၊ ကျွန်မတို့က သူငယ်ချင်းတွေပဲလေ အားမနာပါဘူး၊ ဘာဟင်းတွေ ချက်ဖို့ စိတ်ကူးထားလဲ”

ရှုလီသည် မေးလိုက်ကာ လင်းယန်က ဂုဏ်ယူစွာ ပြောပြလိုက်သည်။

“အလုပ်ကြမ်းလုပ်ကြမှာဆိုတော့ အားရှိအောင် အမဲသားအာလူးဟင်း၊ ကြက်ခြေထောက်နဲ့ ပဲပုပ်ဟင်း၊ ဝက်သုံးထပ်သား၊ အမဲသားစပ်၊ လိပ်ဟင်းနဲ့ ငါးဟင်းတွေပါ ချက်မှာ”

“ဟင်းအများကြီးပဲနော်၊ ဒါပေမဲ့ ငါးက ဒီအချိန်မှ ဘယ်မှာဝယ်လို့ရမှာလဲ”

ရှုလီသည် စိုးရိမ်တကြီး မေးလိုက်သည်။

ရွာတွင် ဟင်းသီးဟင်းရွက်များကိုသာ ကိုယ်တိုင်စိုက်ပျိုး၍ ရသော်လည်း အသားနှင့် အခြားကုန်ပစ္စည်းများအတွက် မြို့သို့ သွားရောက်ဝယ်ယူရလေ့ရှိသည်။ လိပ်ကဲ့သို့သော အရာမှာ ဝယ်ယူရန် ပို၍ ခက်ခဲလှသည်။

“ရပါတယ်၊ အိမ်နောက်က ရေကန်ထဲမှာ ရှိတယ်”

လင်းယန်သည် စိတ်အေးလက်အေးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

အခန်း (၆၆)

“ရေကန်ကြီး ဟုတ်လား၊ နင့်အိမ်ရဲ့ နောက်ဖေးမှာ ရေကန် ရှိတာလား”

ရှုလီသည် အလွန်အံ့အားသင့်သွားရသည်။

“နင် အရင်က ဒီအကြောင်းအရာကို ငါ့ကို တစ်ခါမှ ပြောခဲ့တာမရှိဘူးနော်”

လင်းယန်သည် သူ၏မျက်ခုံးကို အသာအယာ ပင့်တင်လိုက်၍ ပြောလိုက်၏။

“ကဲပါ ငါ နင့်ကို လိုက်ပြပေးပါ့မယ်၊ နောင်ကျရင် နင် ငါးစားချင်တဲ့အခါမျိုးမှာ ဟောဒီနေရာကို အချိန်မရွေး လာဖမ်း”

သူ့ထံတွင် ဥစ္စာဓနများများပြားပြား ရှိမနေသော်လည်း လတ်ဆတ်လှသော ငါးများသည် အလျှံပယ် ရှိနေပေသည်။ ရန်အာဟူသည်လျှင် နေ့စဉ်ရက်ဆက် ငါးဟင်းများ စားသောက်ရလွန်းသဖြင့် အော့အန်လုနီးပါး ဖြစ်နေခဲ့ပြီ မဟုတ်လော။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူသည် စိတ်ရူးပေါက်လာခဲ့၍ လင်းယန်အား ပင်လယ်နေသတ္တဝါအချို့ကိုပါ ထပ်မံမွေးမြူပေးရန်အတွက် အတင်းအကျပ် တောင်းဆိုခဲ့သေးသည်။

သို့သော် သူတို့၏ ရေကန်ငယ်လေး၏ ဂေဟစနစ် ပတ်ဝန်းကျင်မျှဖြင့် ပင်လယ်နေသတ္တဝါများကို မည်သို့လျှင် မွေးမြူနိုင်ပါမည်နည်း။

ဖြစ်နိုင်သည်မှာ ရန်အာဟူ၏ စိတ်အာရုံထဲတွင် လင်းယန်ဟူသော သူ့သူဌေးသည် အရာရာကို တတ်စွမ်းနိုင်သော တန်ခိုးရှင်တစ်ဦးကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

လင်းယန်သည် ရှုလီအား ဦးဆောင်လျက် အိမ်၏ အနောက်ဘက်တံခါးကို အသာအယာ ဖွင့်လိုက်၏။ ထိုတံခါးမကြီး၏ ညာဘက်မျက်နှာစာတွင် စိမ်းလဲ့ကြည်လင်လှသော ရေကန်ကြီးတစ်ကန်သည် ခန့်ညားစွာ တည်ရှိနေပေသည်။

ထိုရေကန်၏ ဘေးနားတွင် သက်တမ်းရင့်လှ၍ လူကြီးနှစ်ဦး ဖက်ရုံမျှဖြင့် မမှီနိုင်လောက်အောင် ဆူဖြိုးထွားကျိုင်းလှသော ပ‌ညောင်ပင်ကြီးတစ်ပင်ရှိသည်။

ထို့ပြင် ထိုပ‌ညောင်ပင်ကြီး၏ ပင်စည်နှင့် ကိုင်းဖျားများထက်တွင် ဖရုံနွယ်ပင်များသည် စိမ်းစိုစွာဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားကြပေသည်။

ထိုနွယ်ပင်များထက်တွင် သေးငယ်လှသော ဖရုံသီးငယ်လေးများသည် အားမာန်အပြည့်ဖြင့် တွဲလောင်းကျ၍ သဘာဝတရား၏ ပြင်းထန်လှသော ရှင်သန်ခြင်းစွမ်းအားကို ပြသနေကြသကဲ့သို့ တည်ရှိနေကြ၏။

ထိုထူးခြားဆန်းပြားလှသော သဘာဝမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရှုလီသည် လွန်စွာ စိတ်ဝင်စားသွား၍ စူးစမ်းမေးမြန်းလိုက်ပေသည်။

“နင် ဒီဖရုံသီးတွေအတွက် စင်မဆောက်ပေးဘူးလား၊ ဖရုံနွယ်ပင်တွေက အသီးရဲ့အလေးချိန်ကို ရေရှည်မခံနိုင်ဘဲ အသီးတွေ အကုန်လုံး မမှည့်ခင်မှာတင် အောက်ကို ကြွေကျသွားလိမ့်မယ်နော်”

“ငါ ဒီနေရာမှာ ဖရုံသီးတွေ စိုက်ထားခဲ့မိတာကို လုံးဝမေ့နေတာ”

လင်းယန်သည် ယခုမှ သူကိုယ်တိုင် ဖရုံသီးစိုက်ပျိုးခဲ့ခြင်းကို သတိရသွားလေ၏။

“ဒီရက်ပိုင်းအတွင်းမှာ ငါ အလုပ်နည်းနည်းလေး များနေလို့ပါ၊ နောက် ရက်အနည်းငယ်အတွင်းမှာ အချိန်အားတာနဲ့ ဒီအရာတွေကို အသေအချာ ပြန်လုပ်လိုက်ပါ့မယ်”

အစပိုင်းတွင် လင်းယန်သည် ထိုရေကန်ကြီးကို လုံလောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်တွင် ရေကန်၏ အကျယ်အဝန်းမှာ အနည်းငယ် သေးငယ်လွန်းနေသည်ဟု ခံစားလိုက်ရပေသည်။

အထူးသဖြင့် ရေကန်အတွင်း၌ လွန်စွာ ထူထပ်ပုရစ်လှစွာဖြင့် ကူးခတ်လှုပ်ရှားနေကြသော ငါးအုပ်ကြီးများကို မြင်တွေ့လိုက်ရသောအခါတွင် ဖြစ်၏။

“မဖြစ်နိုင်တာ၊ ဒီငါးတွေက ဘာဖြစ်လို့ ဒီလောက်မြန်မြန် သားပေါက်နိုင်ကြရတာလဲ”

လင်းယန်သည် ဝေခွဲမရ ဖြစ်သွားတော့သည်။ ထိုငါးအုပ်ကြီးကို မည်မျှပင်ဖမ်းယူစားသောက်ပါစေ ကုန်ဆုံးသွားလိမ့်မည်မဟုတ်ဟူသော ခံစားချက်ကို ပြင်းထန်စွာ ပေးစွမ်းနေခဲ့ပေသည်။

ထိုအကြောင်းအရာများအား ဘေးဖယ်ထားလျက် ညစာအတွက်ကိုသာ အလျင်စလို ပြင်ဆင်ရတော့မည်ဖြစ်၏။

“နေပါဦး ငါးဖမ်းပိုက် ရှိမနေဘူးလား၊ မင်းမှာ ငါးဖမ်းပိုက်မရှိဘဲနဲ့ ဒီငါးတွေကို ဘယ်လိုဖမ်းမှာလဲ”

ရှုလီသည် ရေကန်အတွင်းရှိ ပြည့်နှက်နေသော ငါးအုပ်ကြီးကို ကြည့်ရှု၍ တုန်လှုပ်ခြောက်ချား သွားရပေသည်။

ထိုမျှ သေးငယ်လှသော ရေကန်ငယ်လေးအတွင်း၌ အမျိုးစုံလှသော ငါးများဖြင့် ပြည့်နှက်နေ၏။

သူမ အနေဖြင့် ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ်မျှ ကိုင်းညွတ်လိုက်ရုံမျှဖြင့် ရေကန်အတွင်းမှ ငါးများ၏ ရုန်းကန်လှုပ်ရှားမှုကြောင့် မျက်နှာပေါ်သို့ ရေများ စင်လာလိမ့်မည်ဟု ထင်မှတ်ရလောက်အောင်ဪင်။

“ပစ္စည်းကိရိယာတွေ လုံးဝမလိုပါဘူး”

လင်းယန်သည် သာယာစွာ ပြုံးလိုက်ကာ မိမိ၏ လက်တွေ့လုပ်ဆောင်မှုဖြင့် ရှုလီ၏ မျက်မှောက်မှောက်၌ သက်သေပြသလိုက်တော့၏။

သူသည် ရေကန်၏ အနားတွင် ဆောင့်ကြောင့်ထိုင်လိုက်၍ ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ ရေပြင်အတွင်းသို့ မိမိ၏ လက်ဗလာကို အသာအယာ ထိုးနှိုက်ကာ လျင်မြန်စွာ ဆွဲယူလိုက်ပြီး လွန်စွာ ထွားကျိုင်းလှသော လတ်ဆတ်သည့် ကကတစ်ငါးကြီးတစ်ကောင်မှာ သူ့လက်အတွင်း၌ အတိုင်းသား ပါလာခဲ့တော့သည်။

“ဒီနေ့ ငါတို့တွေ အရသာရှိလှတဲ့ ငါးဆီပြန်ချက်ကြတာပေါ့”

သို့သော်လည်း လူပေါင်းနှစ်ဆယ်ကျော်အတွက် ငါးတစ်ကောင်တည်းဖြင့် လုံးဝ လုံလောက်မှု တည်ရှိမနေပါချေ။ ထို့ကြောင့် လင်းယန်သည် သူ၏ မြန်ဆန်လှသော လက်စွမ်းဖြင့် နောက်ထပ် လေးငါးကောင်ကို ဆက်တိုက်ဆိုသလို ဖမ်းဆီးလိုက်၏။

ပြီးသောအခါ ရေကန်၏ အောက်ခြေအနီးမှ ထွားကျိုင်းလှသော ရေချိုလိပ်ကြီး သုံးကောင်ကိုပါ ထပ်မံ၍ ကောက်ယူလိုက်ပေသည်။

ရှုလီသည် ဘေးနားမှနေ၍ မြင်ကွင်းကို ကြည့်ရှုကာ မျက်လုံးအစုံမှာ အဝိုင်းသား ဖြစ်သွားရပြီး စကား မဆိုနိုင်လောက်အောင် မှင်တက်သွားရတော့သည်။

ထိုမျှအထိ လွယ်ကူမြန်ဆန်လှသော ငါးဖမ်းခြင်း စွမ်းရည်မှာ စိုစွတ်လှသော ငါးဈေးတန်းကြီးတစ်ခုအတွင်းသို့ သွားရောက်၍ အသင့် ဖမ်းဆီးထားသော ငါးများကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနေရသည့်အလား ထင်မှတ်ရပေသည်။

ထိုမျှအထိ လွယ်ကူချောမွေ့လွန်းနေသည်လော။

ကကတစ်များနှင့် ရေချိုလိပ်များကို စနစ်တကျ ကိုင်တွယ်ပြင်ဆင်ပြီးသောအခါ လင်းယန်သည် အားတက်သရောဖြင့် မီးဖိုချောင်အတွင်း၌ ဟင်းလျာများကို စတင်ချက်ပြုတ်တော့သည်။

ရှုလီသည် ဘေးနားတွင် ရပ်တန့်ကာ ဝိုင်းဝန်းကူညီရန် စိတ်ဆန္ဒ ရှိနေသော်လည်း လင်းယန်၏ ကျွမ်းကျင်လှသော လက်ရည်ကြောင့် သူမ အနေဖြင့် မည်သည့်အရာကို ကူညီပေးရမည်မှန်း မသိရှိလောက်အောင် ဖြစ်နေခဲ့ရ၏။

ထိုစဉ် ရန်အာဟူသည် အမဲသားတုံးကြီးကို သယ်ဆောင်၍ အိမ်အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပေသည်။

အံ့သြစရာ ကောင်းလှသည်မှာ ထိုကောင်သည် ကြီးမားလှသော အမဲသားတုံးကြီးကို သူ့အိမ်မွေးခွေးညိုကြီး ဖြစ်သော ရှောင်ဟု၏ ကျောကုန်းထက်သို့ တင်ဆောင်၍ သယ်ဆောင်လာခြင်းဖြစ်၏။

ရှုလီသည် ထိုမြင်ကွင်းကို ကြည့်ရှု၍ နှုတ်ခမ်းများ တုန်ရင်သွားကာ ရန်အာဟူအား ပါးနပ်လှသည်ဟု ချီးမွမ်းရမည်လော သို့မဟုတ် အလွန် ပျင်းရိလွန်းလှသည်ဟု ကဲ့ရဲ့ရမည်လောဟူ၍ ဝေခွဲမရ ဖြစ်သွားရတော့သည်။

“သူဌေး၊ ကျွန်တော် သူဌေးအတွက် အမဲသားတုံးကြီးကို စားပွဲခုံပေါ် တင်ပေးခဲ့ပြီဗျ၊ တကယ်ကို ပင်ပန်းလွန်းလို့ အသက်တောင်ထွက်တော့မလားဘဲ”

လင်းယန်သည် ဟင်းအိုးကို အားပြင်းစွာ မွှေနှောက်ကြော်လှော်နေ၍ စကားဆိုလိုက်၏။

“မင်း အိမ်ကိုသွားပြီးတော့ အမဲသားသယ်လာရုံနဲ့ ဒီလောက်အထိ ပင်ပန်းသွားရတာလား”

ရန်အာဟူသည် ဘေးနားရှိ ရေအိုးအတွင်းမှ ရေကို အငမ်းမရ သောက်သုံးလိုက်ပြီးသောအခါ ရေရွတ်လိုက်သည်။

“သူဌေး မသိလို့ပါ၊ ကျွန်တော့်ရဲ့ မိဘတွေက တကယ်ကို လွန်လွန်မင်းမင်း ဖြစ်လွန်းနေကြတာ၊ သူဌေးက ခုနစ်ပေါင် ရှစ်ပေါင်လောက်ဆိုရင် လုံလောက်ပြီလို့ ပြောပေမယ့် သူတို့ကတော့ အမဲသားတစ်ခြမ်းလုံးကို အိမ်ကို သယ်သွားဖို့အတွက် အတင်းအကျပ် တိုက်တွန်းနေကြတာဗျ"

“ကျွန်တော်တို့ရဲ့ ရေခဲသေတ္တာငယ်တာကို ဒီလောက်အထိကြီးရင် ဘယ်လိုလုပ် ဆံ့ပါ့မလဲဗျာ၊ ထည့်စရာ မရှိတာထက်စာရင်တော့၊ နေ့စဉ်ရက်ဆက် လတ်ဆတ်တဲ့အသားတွေကို သွားယူတာက ပိုပြီးတော့ အဆင်ပြေပါတယ်မဟုတ်လား”

“ဒါကြောင့်မို့လို့ ကျွန်တော် သူတို့နဲ့ အချိန်အတော်ကြာအောင် ငြင်းခုံနေခဲ့ရလို့သာ အခုမှပြန်လာရတာဗျ”

ရန်အာဟူ နှုတ်ခမ်းဆူလိုက်မိ၏။ သူ၏ မိဘများသည် သူ့အား အမဲသားများ ပေးရုံတင်မကဘဲ မိမိတို့အိမ်ရှိ ပိုင်ဆိုင်မှု အသုံးအဆောင် ထက်ဝက်ခန့်ကိုပါ လင်းယန်၏ အိမ်သို့ ရွှေ့ပြောင်းပေးရန်အတွက် ကြိုးပမ်းနေကြခြင်းဖြစ်ပေသည်။

ထိုသည်ကား အမှန်တကယ်ပဲ လိုအပ်သည်လော။ သူသည် ယခုအချိန်တွင် လင်းယန်အောက်၌ အလုပ်လုပ်ကိုင်နေခဲ့ပြီ ဖြစ်သော်လည်း မည်သို့ဖြစ်ဖြစ် တစ်ရွာတည်းသားများ ဖြစ်ကြသည် မဟုတ်လော။

သူတို့သည် သားဖြစ်သူအား မိုင်ပေါင်း သုံးထောင်ခန့် ဝေးကွာလှသော အရပ်ဒေသကြီးတစ်ခုဆီသို့ စေလွှတ်လိုက်ရသည့်အလား စိုးရိမ်ပူပန်နေကြလေ၏။

“နေပါဦး၊ မင်းက ငါတို့ဆီမှာ အလကား စားဖို့လာတော့ မဟုတ်ပါဘူးနော်”

ရန်အာဟူသည် ရှုလီ၏ ခန္ဓာကိုယ်ကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှု၍ သံသယစိတ်ဖြင့် မေးမြန်းလိုက်၏။

ရှုလီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိကာ ဆွံ့အသွားရတော့သည်။

အူတူတူအကောင်အား ပြန်ဖြေရန် သူမအနေဖြင့် လုံးဝစိတ်မပါဝင်တော့ချေ။ သို့သော်လည်း ရန်အာဟူမှာ မရပ်သေးပေ။

“မင်းက အရင်တုန်းက ငါ့သူဌေးကို အမုန်းဆုံး ဖြစ်ခဲ့တာ မဟုတ်လား၊ ဒါဆိုရင် ဘာဖြစ်လို့ ဒီရက်ပိုင်းအတွင်းမှာ ငါ့တို့အိမ်ကို နေ့စဉ်ရက်ဆက် လာနေရတာလဲ၊ မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာတော့ မဟုတ်ဘူးမလား”

လင်းယန်သည် ကျက်ပြီးသွားသောဟင်းကို ပန်းကန်ထဲသို့ ထည့်နေစဉ် ထိုစကားသံအား ကြားလိုက်ရသဖြင့် ရန်အာဟူ၏ခေါင်းကို လက်ဖြင့် အသာအယာ တောက်လိုက်၏။

“ဧည့်သည်အပေါ်မှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံစမ်းပါ၊ ငါတို့တွေ သစ်သီးပင် ပျိုးပင်တွေကို အဆင်ပြေပြေ ဝယ်ယူနိုင်ခဲ့တာက ရှုလီရဲ့ ကျေးဇူးကြောင့်ဆိုတာ မင်း မေ့နေပြီလား၊ ပြီးတော့ အဒေါ်ကြီးချန်းရဲ့ ကားကို ငှားနိုင်ခဲ့တာကလည်း ရှုလီက ကြားထဲကနေ ကူညီပေးခဲ့လို့ပဲ"

“မဟုတ်ရင် မင်းအနေနဲ့ ဒီလောက်အထိ ချောချောမွေ့မွေ့ ပြီးနိုင်လိမ့်မယ်လို့ ထင်နေတာလား၊ ဧည့်သည် စားဖို့ အိမ်ထဲကနေ မုန့်တွေ သွားယူမပေးဘဲနဲ့ ဘာတွေစကားများနေတာလဲ”

လင်းယန်၏ အပြစ်တင်ခြင်းကိုခံလိုက်ရပြီးနောက်တွင် ရန်အာဟူသည် မကျေမနပ်ဖြစ်ကာ အိမ်တွင်းသို့ ဝင်၍ အမဲသားခြောက်အချို့ကို ယူလာခဲ့တော့သည်။

“ကဲ စားလိုက်ပါဦးဗျာ၊ နောက်ပိုင်းကျရင်တော့ ကျွန်တော့်က နှိပ်စက်ပါတယ်လို့ အပြင်မှာ လျှောက်မပြောပါနဲ့ဦး ဒီမုန့်တွေကို ကျွန်တော်ကိုယ်တိုင်တောင်မှ နှမြောလွန်းလို့ အများကြီး မစားဝံ့ဘူး”

အမဲသားခြောက်များကို ပါးစပ်အတွင်းသို့ အငမ်းမရ ထည့်သွင်းကာ ပါးစပ်ဖောင်းနေသော ရန်အာဟူ၏ ပုံသဏ္ဌာန်ကို ကြည့်၍ ရှုလီ ဆွံ့အသွားရပေသည်။

ထိုသည်ကို သူက နှမြောလွန်းလို့ မစားဝံ့ပါဘူးဟု ပြောဆိုဝံ့သည်လော။ အမဲသားခြောက်အများစုမှာ သူ၏ အိတ်ကပ်အတွင်းသို့သာ အမြဲတမ်း ရောက်ရှိသွားသည်မဟုတ်လော။

“စကားမစပ် ငါတို့တွေရဲ့ ကျေးလက်ဒေသမှာ ချိုင်ညောင်ပါဆယ်လ်ပို့ဆောင်ရေး လုပ်ငန်းတစ်ခု ဖွင့်လှစ်ထားတာက တကယ်ပဲ ဒီလောက်ဝင်ငွေကောင်းတာလား”

လင်းယန်၏ စကားများကို ကြားလိုက်ရပြီးနောက်တွင် ရန်အာဟူ၏ ရှုလီအပေါ် ထားရှိသော ရန်လိုသည့် စိတ်အာရုံများမှာ သိသာစွာ လျော့နည်းသွားခဲ့၍ သူသည် စတင်၍ စကားစဖော်ကာ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

“ဒါက ကိုယ်ဖွင့်လှစ်ထားတဲ့ နေရာ‌ဒေသအပေါ်မှာ အများကြီး မူတည်တယ်၊ အကယ်၍ မြို့ကြီးတွေမှာသာ ဖွင့်မယ်ဆိုရင်တော့ သေချာပေါက် ဝင်ငွေကောင်းမှာ၊ ဒါပေမဲ့ ကျေးလက်တောရွာတွေမှာတော့ လူတွေရဲ့ အွန်လိုင်းကနေ ပစ္စည်းဝယ်လိုအားက မြို့ပြတွေလောက်မရှိဘူး”

ရှုလီသည် ကျေးလက်ဒေသကို မည်သည့်ခွဲခြားနှိမ်ချလိုသော စိတ်ဆန္ဒ ရှိမနေဘဲ လက်တွေ့ကျလှသော အချက်ကိုသာ ရိုးသားစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

ပတ်ဝန်းကျင်ရှိ ကျေးရွာများအားလုံး၏ ဝယ်အားစုစုပေါင်းကို ပေါင်းစပ်လိုက်လျှင် မြို့ပြကြီးများရှိ လူနေအိမ်ရာ ဝန်းတစ်ခုတည်း၏ ဝယ်အားကိုပင် မီနိုင်လိမ့်မည်မဟုတ်ပါချေ။

မည်သို့ဖြစ်စေ ကျေးလက်ဒေသများတွင် အများစုမှာ သက်ကြီးရွယ်အိုများနှင့် အသက်လတ်ပိုင်း လူကြီးများသာ ကျန်ရစ်ခဲ့ကြ၍ လူငယ်လူရွယ်များ နည်းပါးလှသည် မဟုတ်ပါလော။ ထို့ကြောင့် ရွာ၏ဝယ်လိုအားသည် မြို့ပြကို အမီမလိုက်နိုင်ခြင်း ဖြစ်ပေသည်။

“ဒါဆိုရင် အရင်အကြိမ်က မင်းရဲ့ အွန်လိုင်းဝင်ငွေ စာရင်းဇယားကကျတော့ တကယ်ကို ကောင်းတယ်နေတယ်ရော”

“ဒါကတော့ ငါ ပါဆယ်လ်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုတည်းကို လုပ်ကိုင်နေတာ မဟုတ်ဘဲ အခြားသော ဒေသထွက်ကုန် ပစ္စည်းအချို့ကိုပါ အွန်လိုင်းပေါ်ကနေ တွဲရောင်းနေလို့လေ၊ မဟုတ်ရင် ထိုကျေးလက် ပါဆယ်လ်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုတည်းနဲ့ ဒီလောက်အထိ ဝင်ငွေရဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

“တကယ်လို့သာ အဲလုပ်ငန်းက ငွေရွှင်တယ်ဆိုရင် လူတိုင်းက ထိုလုပ်ငန်းကိုပဲ စုပြုံပြီးတော့ လုပ်ကြတော့မှာဗျ၊ ကြည့်ရတာတော့ ဒီပြိုင်ပွဲကြီးရဲ့ မဟာဆုကြေးကြီးကတော့ ငါနဲ့ လုံးဝ သက်ဆိုင်လိမ့်မယ် မထင်တော့ဘူး”

ရှုလီသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။

အကယ်၍သာ လင်းယန်နှင့် စကားမပြောဖြစ်ခဲ့လျှင် သူမအနေဖြင့် ယခုကဲ့သို့ အေးဆေးတည်ငြိမ်စွာဖြင့် မိမိ၏ ရှုံးနိမ့်မှုကို လက်ခံနိုင်လိမ့်မည် မဟုတ်သည်မှာ အမှန် ဖြစ်၏။ မည်သူမဆို သန်းသုံးဆယ်ဟူသော ကြီးမားလှသည့် ဆုကြေးငွေကြီးကို လက်လွှတ် ဆုံးရှုံးလိုက်ရလျှင် ရင်ထဲ၌ နှမြောတသဖြစ်ရမည်မဟုတ်လော။

သို့သော်လည်း ယခုအချိန်တွင် ရှုလီသည် သူ့ဘဝသူ အကောင်းဆုံး နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်ပေသည်။

သူမသည် ယခုမှ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးသာဖြစ်၍ ထိုသည်ကား သူမ၏ ဘဝသက်တမ်းတစ်လျှောက်တွင် အဖိုးတန်အတွေ့အကြုံသစ်တစ်ခုကို ရလိုက်ရခြင်းဖြစ်ပေသည်။

ထို့ပြင် သူမအနေဖြင့် အရှုံးမပေါ်သရွေ့၊ ရုပ်သံအဖွဲ့သားများ ပေးအပ်ထားသော ယွမ်တစ်သိန်းဟူသော မတည်ရင်းနှီးငွေကို ပြန်လည်ပေးဆပ်ရုံမျှဖြင့် ကျန်ရှိသမျှသော မိမိကိုယ်တိုင် ရှာဖွေရရှိခဲ့သည့် ဝင်ငွေများကို အပြည့်အဝ ပိုင်ဆိုင်နိုင်ခွင့်ရှိပေသည်။

ထိုငွေကြေးများဖြင့် သူမအနေဖြင့် မိမိသွားရောက်လိုသော နေရာများသို့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဦးမည် ဖြစ်ကာ သန်းသုံးဆယ်ဟူသော မဟာဆုကြေးကြီးအပေါ်၌သာ အစွဲအလမ်းကြီးစွာ စိတ်ဒုက္ခခံနေရန် မလိုအပ်တော့ချေ။

ရှုလီသည် မီးဖိုဘေးတွင် ပင်ပန်းကြီးစွာဖြင့် အာရုံစိုက်ချက်ပြုတ်နေသော လင်းယန်၏ကျောပြင်ကို ကြည့်ရှု၍ စကားဆိုလိုက်၏။

“လင်းယန်က တကယ်ကိုတော်တယ်နော်၊ ငါ့ရဲ့ အမြင်အရဆိုရင်တော့ နင်က ငါတို့တွေအားလုံးထဲမှာ ပြိုင်ပွဲကြီးရဲ့ မဟာချန်ပီယံဆုကြီးကို ဆွတ်ခူးသွားနိုင်ဖို့အတွက် အလားအလာအရှိဆုံးသူလို့ထင်တယ်”

ရန်အာဟူသည် ထိုစကားကို ကြားလိုက်ရသောအခါ ဂုဏ်ယူဝင့်ကြွားလှသော အမူအရာဖြင့် ပြုံး၍ ပြောလိုက်သည်။

“မင်းက တကယ်ကို အမြော်အမြင်ရှိတဲ့ မိန်းကလေးပဲ၊ ဒီတစ်ကြိမ်မှာတော့ မဟာချန်ပီယံဆုကြီးက သေချာပေါက် ငါ့သူဌေးဆီကိုပဲ ရောက်ရှိရမှာ၊ ငါတို့က အဘိုးရဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီးကိုချဲ့ထွင်ပြီးတော့ အနိုင်ပိုင်းပြမှာ”

ရှုလီသည် ရန်အာဟူ၏ စစ်မှန်ပြီး တက်ကြွလှသော အပြုံးများကြောင့် ရင်ထဲ၌ ကူးစက်တတ်သော စွမ်းအင်အချို့ကို ခံစားလိုက်ရပေသည်။

“ဟင်းအနံ့ တကယ်မွှေးတာပဲ”

လေပြေညှင်းနှင့်အတူ ပျံ့လွင့်လာခဲ့သော ထူးခြားလှသည့် ဟင်းရနံ့ကို ရှူရှိုက်မိလိုက်ရသောအခါ၊ ရှုလီသည် မိမိ၏ ဝမ်းဗိုက်အတွင်းမှ ဆာလောင်မွတ်သိပ်လှသော အသံများ ထွက်ပေါ်လာသည်ကို အတိုင်းသား ခံစားလိုက်ရပေသည်။

“မင်း ဒီနေ့တော့ တကယ်ကို ကံကောင်းတယ်၊ သူဌေးရဲ့ ဟင်းချက်လက်ရာကတော့ ငါတို့တစ်ရွာလုံးတင်မကဘဲ တစ်နယ်လုံးမှာပါ ပြိုင်ဘက်မရှိအောင်ကို ကောင်းတာ”

ထိုစဉ် လင်းယန်က မီးဖိုချောင်အတွင်းမှနေ၍ အသံလှမ်းအော်လိုက်တော့သည်။

“အာဟူစုတ်၊ အဲ့နေရာမှာ ဘာတွေ စကားများနေတာလဲ၊ အပြင်က ကူညီပေးနေတဲ့ ရွာသူရွာသားတွေအားလုံးကို ထမင်းစားဖို့ သွားခေါ်လိုက်တော့”

All Chapters