အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇)
ရန်အာဟူတစ်ယောက် ရွာသားများကို ညစာစားရန် သွားခေါ်နေခိုက် လင်းယန်က ခြံဝင်းကျယ်ကြီးထဲတွင် စားပွဲနှစ်လုံးကို သေသေသပ်သပ် ပြင်ဆင်လိုက်၏။
ပုံမှန်အားဖြင့် သူတို့နှစ်ယောက်တည်း စားသောက်ကြလျှင် ကျောက်စားပွဲလေးပေါ်တွင်သာ ရိုးရှင်းစွာ စားလေ့ရှိကြသော်လည်း ယနေ့တွင်မူ အလုပ်လာကူပေးသောသူ နှစ်ဆယ်တိတိ ရှိနေသောကြောင့် ထိုကျောက်စားပွဲလေးမှာ လုံလောက်မည်မဟုတ်ပေ။
စားပွဲတစ်လုံးလျှင် လူဆယ်ယောက်နှုန်းဆိုလျှင် ကွက်တိဖြစ်သွားမည်ဖြစ်ကာ စားပွဲများနေရာချပြီးသည်နှင့် ရှုလီက ဟင်းပွဲများကို စားပွဲပေါ်သို့ သယ်ယူပြင်ဆင်ပေးရမည့် တာဝန်ကို ယူထားလေသည်။
ဟင်းလျာများဆီမှ သင်းပျံ့လှိုင်ထွက်နေသော မွှေးရနံ့များက သူမ၏ နှာခေါင်းဝသို့ ရိုက်ခတ်လာတိုင်း ခိုးမစားမိစေရန် မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးထိန်းချုပ်နေရပြီး ထိုဆွဲဆောင်မှုပြင်းထန်လှသော ရနံ့များကြောင့် ရှုလီခမျာ အကြိမ်ကြိမ် သတိလွတ်လုနီးပါး ဖြစ်ခဲ့ရ၏။
လင်းယန်၏ ဟင်းချက်လက်ရာမှာ ဤမျှအထိ ထူးကဲကောင်းမွန်နေမည်မှန်းသာ ကြိုသိခဲ့လျှင် သူမအနေဖြင့် ဤလူစွမ်းကောင်းနှင့် စောစောစီးစီးကတည်းက မိတ်ဆွေဖွဲ့ထားသင့်ပေသည်။
ရှုလီတွင် အခြားထူးခြားသော ဝါသနာဟူ၍ မရှိဘဲ စားသောက်ခြင်းကသာ သူမ၏ တစ်ခုတည်းသော စိတ်ဝင်စားမှုဖြစ်ကာ အရသာရှိသော အစားအစာများကို မည်သည့်အခါမျှ ငြင်းဆန်နိုင်စွမ်း မရှိသူဖြစ်ပြီး ရှိရွှေရွာသို့ မလာရောက်မီကတည်းက အရသာထူးကဲသော စားသောက်ဆိုင်ပေါင်းစုံသို့ လှည့်လည်သွားလာရသည်ကို အလွန်နှစ်သက်သူ ဖြစ်လေသည်။
သို့ရာတွင် ယခုလက်ရှိ မြင်တွေ့နေရသော ဟင်းလျာများကဲ့သို့ သူမ၏ စားချင်စိတ်ကို ပြင်းပြင်းထန်ထန် နှိုးဆွနိုင်စွမ်းရှိသည့် ဟင်းပွဲမျိုးကို မည်သည့်စားသောက်ဆိုင်တွင်မှ မကြုံတွေ့ခဲ့ဖူးချေ။ သူမက မနေနိုင်တော့ဘဲ လင်းယန်ကို လှမ်းကြည့်လိုက်သည်။
“လင်းယန်၊ ရှင် အရင်က ဟင်းချက်သင်တန်းတွေ ဘာတွေ အထူးတလည် တက်ခဲ့ဖူးသေးလား၊ အခုဒီဟင်းပွဲတွေရဲ့ အပြင်အဆင်နဲ့ ရနံ့က ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားဖိုမှူးကြီးတွေ ချက်ထားတာနဲ့ ဘာမှမကွာခြားသလို ခံစားနေရလို့ပါ”
လင်းယန်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းကာ ပြုံးရွှင်စွာ တုံ့ပြန်လိုက်၏။
“ကျွန်တော်က တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ ရွာကိုတန်းပြန်လာတာဆိုတော့ အဲဒီလိုမျိုး သင်ဖို့ အခွင့်အရေး မရခဲ့ဘူး၊ အခုဟင်းပွဲတွေအကုန်လုံးက အင်တာနက်ပေါ်က ဟင်းချက်နည်းတွေကိုကြည့်ပြီး ကိုယ့်ဘာသာကို စမ်းချက်ကြည့်ထားတာပါ”
ရှုလီက စိတ်မရှည်တော့သည့်ဟန်ဖြင့် ညည်းတွားလိုက်ရင်း ရန်အာဟူကိုပါ အပြစ်တင်လိုက်သည်။
“ကျွန်မတောင် မြည်းစမ်းကြည့်ချင်စိတ်ကို မနည်းထိန်းထားရတာ၊ သူတို့တွေက ဘာလို့ ခုထိပြန်မလာကြသေးတာလဲ၊ ဒီလူ အလုပ်လုပ်တာ တကယ်ကို နှေးလွန်းတယ်”
သူမမှမဟုတ် ရန်အာဟူကိုယ်တိုင်လည်း ထိုအချိန်တွင် စိတ်လောနေပြီဖြစ်ကာ ရွာသားများအား ခပ်သုတ်သုတ်လျှောက်ကြရန် အလျင်စလို တိုက်တွန်းနေလေသည်။
“အားလုံးပဲ မြန်မြန်လေး လျှောက်ကြပါဗျာ၊ ဟင်းတွေအေးသွားရင် စားလို့ကောင်းမှာ မဟုတ်တော့ဘူး”
ဤလူများ အဘယ်ကြောင့် ဤမျှနှေးကွေးနေရသနည်း။ စားသောက်ရမည့်ကိစ္စတွင် တက်တက်ကြွကြွ မရှိလျှင် ဦးနှောက်ချို့ယွင်းနေခြင်းသာဖြစ်ကြောင်း သူတို့မသိကြလေသလော။
ရွာသားများကလည်း နှစ်ပေါင်းရှစ်ရာခန့် အစာငတ်နေသည့်နှယ် နေမထိထိုင်မသာဖြစ်နေသော ရန်အာဟူ၏ ပုံစံကိုကြည့်ကာ အလွန်အမင်း အံ့သြချင်နေကြ၏။ ရန်မိသားစုမှ ဤကောင်လေးမှာ အဘယ်ကြောင့် ရက်ပေါင်းများစွာ ထမင်းမစားရသေးသူတစ်ယောက်လို ဖြစ်နေရသနည်း။
မကြာမီမှာပင် ရန်အာဟူတစ်ယောက် အဘယ်ကြောင့် ဤမျှလောက် ကပျာကယာဖြစ်နေရကြောင်းကို သူတို့ သဘောပေါက်သွားကြလေသည်။ အကြောင်းမှာ ခြံဝင်းအပြင်ဘက်သို့ ရောက်သည်နှင့်တပြိုင်နက် အတွင်းဘက်မှ လွင့်ပျံလာသော ဟင်းနံ့များကို ရှူရှိုက်မိသွားကြသောကြောင့်ပင်။ ရွာသားများကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။
“မွှေးလိုက်တဲ့အနံ့ကြီး၊ မင်းတို့ရော အနံ့ရကြရဲ့လား”
“ဝက်သားနီချက် အနံ့ကြီးနဲ့ တူတယ်ကွ”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပြောင်းဖူးနဲ့ ဝက်နံရိုးစွပ်ပြုတ်အနံ့ ဖြစ်ရမယ်”
“မင်းတို့ နှာခေါင်းတွေက ဘယ်လိုဖြစ်နေတာလဲ၊ ငါ့နှာခေါင်းထဲမှာတော့ ငါးပေါင်းနံ့ကြီးရနေတယ်”
“လင်းယန်က ငါတို့ကို ဧည့်ခံဖို့ ဟင်းပွဲတွေအများကြီးများ ချက်ထားတာလားမသိဘူး”
လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ တွေးတောနေကြဆဲမှာပင် လူရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ လျှင်မြန်စွာ ဖြတ်ပြေးသွား၏။ သူတို့ မျက်လုံးကို သေချာပြူးကြည့်လိုက်ချိန်တွင်မူ ထိုလူမှာ ထမင်းစားပွဲရှေ့၌ အခိုင်အမာ နေရာယူ ထိုင်ပြီးနေလေပြီ။
ကျောက်ရှုဇီက အံ့အားသင့်စွာဖြင့် လှမ်းအော်လိုက်သည်။
“အမယ်လေး အဘိုးကြီး၊ ဘာလို့ ဒီလောက်တောင် အလောတကြီး ပြေးသွားရတာလဲ”
‘ရွာလူကြီးပါလား’
ကျောက်ရှုဇီမှာ မျက်လုံးပြူးသွားရ၏။ စောစောက လျှပ်တစ်ပြက် ဖြတ်ပြေးသွားသူမှာ ရွာလူကြီးဖြစ်နေခဲ့သည်ကိုး။ နေရာယူပြီးသည်နှင့် ရွာလူကြီးက ချက်ချင်းပင် လှမ်းအော်လိုက်သည်။
“မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ၊ ထမင်းမစားကြတော့ဘူးလား”
ရွာလူကြီး ဤကဲ့သို့ ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြသဖြင့် အားလုံးမှာ ခေါင်းကုတ်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြလေ၏။ သို့သော်လည်း ယခုအချိန်တွင် ထမင်းစားရမည့်ကိစ္စက ပို၍အရေးကြီးနေပေသည်။
စားပွဲပေါ်တွင် ခင်းကျင်းထားသော ဟင်းလျာဒါဇင်ခန့်ကို မြင်လိုက်ရသောအခါ အားလုံးမှာ တစ်ခဏမျှ ဆွံ့အသွားကြရသည်။ ထမင်းကျွေးမည်ဟု ပြောစဉ်က ရိုးရိုးရှင်းရှင်း ဟင်းနှစ်ပွဲသုံးပွဲခန့်သာ ကြော်လှော်ကျွေးမွေးမည်ဟု မူလက ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
သို့သော် လင်းယန်က ဤမျှအထိ ခမ်းခမ်းနားနား ပြင်ဆင်ထားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။ ထို့အပြင် သောက်စရာ အချိုရည်များကိုပင် အစုံအလင် ဝယ်ယူထားသေး၏။
ရွာသားများထဲမှ အချို့က အားနာပါးနာဖြင့် ဝင်ပြောကြသည်။
“ဒါက သိပ်များမနေဘူးလား”
“ဟုတ်ပါ့ လင်းယန်ရာ၊ မင်းက ဘာလို့ ဒီလောက်အများကြီး ချက်ထားရတာလဲ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဘဲသား အစုံပါပဲလား၊ ဒါတွေကို ငါတို့ဘယ်လိုလုပ် ကုန်အောင်စားနိုင်ပါ့မလဲ”
လင်းယန်က သဘောကျစွာ ပြုံးလိုက်ရင်း ဧည့်ဝတ်ကျေပွန်စွာ တုံ့ပြန်လိုက်သည်
“မကုန်ရင်လည်း နောက်မှပဲ ကြည့်ရှင်းကြတာပေါ့ဗျာ၊ ခင်ဗျားတို့ကို ဗိုက်မဝဘဲနဲ့တော့ အလုပ်မဆင်းခိုင်းနိုင်ပါဘူး၊ ဒီနေ့တော့ အားလုံးပဲ စိတ်ကြိုက်သာ စားကြပါ၊ ထမင်းဖြစ်ဖြစ် ဟင်းဖြစ်ဖြစ် ကျွန်တော့်ဆီမှာ လုံလုံလောက်လောက် ရှိပါတယ်”
ရွာလူကြီးမှာမူ မွှေးပျံ့လှသော ဟင်းနံ့များကြောင့် စကားပင်မပြောချင်တော့ဘဲ တူကိုကိုင်ကာ စတင်စားသောက်နေလေပြီ။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျောက်ရှုဇီက အနေခက်စွာဖြင့် လှမ်းပြောလိုက်သည်
“အဘိုးကြီးရေ၊ ဘယ်သူမှတောင် မစားကြသေးဘူး၊ ရှင်က ဘာလို့ အရင်စစားနေရတာတုန်း”
ပါးစပ်တစ်ခုလုံး ငရုတ်ဆီအနှစ်များ ပေပွနေသော ရွာလူကြီးက ပလုပ်ပလောင်းဖြင့် ပြန်ဖြေလေသည်
“မြန်မြန်လာစားကြစမ်းပါ၊ အရမ်းစားလို့ကောင်းလွန်းလို့ ငါတောင် သေတော့မယ်၊”
ရွာလူကြီးတစ်ယောက် ကလေးတစ်ယောက်လို ပြုမူနေသည်ကို ရွာသားများ မြင်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးပင်။
သို့ရာတွင် ရွာလူကြီးကို အပြစ်မတင်သာကြောင်း သူတို့ကိုယ်တိုင်လည်း ကောင်းစွာသိနေကြသည်။ ရနံ့ကို ရှူရှိုက်မိရုံဖြင့်ပင် သွားရည်ကျချင်စရာ ကောင်းလွန်းနေသည်မဟုတ်ပါလော။
တစ်ခဏအတွင်းမှာပင် အားလုံးမှာ အပြန်အလှန် အားနာနေခြင်းများကို ရပ်တန်းကရပ်လိုက်ကြပြီး ပန်းကန်နှင့်တူများကို ကိုယ်စီကောက်ကိုင်ကာ အငမ်းမရ စတင်စားသောက်ကြလေတော့သည်။
စားသောက်နေရင်းမှ ချီးကျူးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
“တကယ်ကို အရသာရှိလွန်းတယ်၊ ငါ တစ်သက်လုံးမှာ ဒီလောက်ကောင်းတဲ့ ဟင်းမျိုး တစ်ခါမှ မစားဖူးခဲ့ဘူး”
“ဒီဝက်ခြေထောက်ပေါင်းက နူးအိနေတာပဲ၊ တစ်ကိုက်ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာ အရည်ပျော်သွားသလိုပဲ၊ ပေါင်းအိုးနဲ့ ချက်ထားတာများလား”
“ငါ့မိန်းမကို လာသင်ခိုင်းမှဖြစ်မယ်၊ ဒီလက်ရာက ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတွေအဆင့်လောက် ရှိတယ်မလား”
“အရင်က တီဗွီထဲမှာ သူဌေးတွေ ကြယ်ငါးပွင့်ဟိုတယ်မှာ စားသောက်နေကြတာကို အမြဲတွေ့ရတော့ အခုငါတို့လည်း သူဌေးတွေလို ခံစားနေရပြီ”
“ဟုတ်တယ်၊ သူဌေးတွေစားတဲ့ အစားအစာတွေကတောင် ငါတို့လောက် ကောင်းချင်မှကောင်းမှာ”
“မင်းတို့ ဒီလိပ်ခွံပျော့ပေါင်းလေးကို မြန်မြန်မြည်းကြည့်ကြစမ်း၊ စပ်ပေမယ့် ဆက်တိုက်ကို စားချင်နေတယ်”
ရွာသားများမှာ ဟင်းပွဲတစ်ပွဲချင်းစီ၏ အရသာကို ခံစားရင်း အဆက်မပြတ် ချီးမွမ်းနေကြလေ၏။ လူတိုင်း၏ ပါးစပ်များတွင် ငရုတ်ဆီအနှစ်များဖြင့် ရဲရဲနီနေသော်လည်း မည်သူကမျှ စားနေခြင်းကို မရပ်တန့်ချင်ကြပေ။
အချို့ဆိုလျှင် ထမင်းငါးပန်းကန်ပင် စားပစ်လိုက်ကြ၏။ ရှုလီမှာမူ သူတို့လောက် အလွန်အကျွံ မဟုတ်သော်လည်း ဆက်တိုက် လေတက်လာသည်အထိ အားပါးတရ စားသောက်ထားလေသည်။
ရန်အာဟူက ဘေးနားမှနေ၍ သူမအား မျက်စပစ်ပြရင်း လှမ်းမေးလိုက်သည်။
“ဘယ်လိုလဲ၊ ငါပြောတာ မှန်တယ်မလား၊ ငါ့ဘော့စ်ရဲ့ ဟင်းချက်လက်ရာက ရှယ်ပဲမဟုတ်လား”
ရှုလီက ခေါင်းညိတ်ပြလိုက်စဉ် သူမ၏ ရင်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။ အစားအသောက်ကို ရူးသွပ်စွာ နှစ်သက်သူတစ်ယောက်အနေဖြင့် ထိုအခိုက်အတန့်တွင် ပြိုင်ပွဲမှနုတ်ထွက်ပြီး လင်းယန်ထံတွင် အလုပ်လာလုပ်ချင်စိတ်များပင် ပေါက်လာရ၏။
ဤလောကတွင် အရသာရှိသော အစားအစာများကို သုံးဆောင်ရခြင်းထက် ပို၍အရေးကြီးသောအရာ မည်သည့်အရာရှိနိုင်မည်နည်း။ နေ့စဉ်နေ့တိုင်း ဤမျှအရသာရှိသော ဟင်းလျာများကိုသာ စားခွင့်ရမည်ဆိုလျှင် လစာမရလျှင်ပင် သူမ ကျေနပ်စွာ လုပ်ကိုင်ပေးမိမည်မှာ အမှန်ပင်။
ရန်အာဟူတစ်ယောက် ချမ်းသာပါလျက်နှင့် လင်းယန်ထံတွင် အဘယ်ကြောင့် အလုပ်လာလုပ်နေရသနည်းဟု ရွာထဲရှိ အဒေါ်ကြီးများ အတင်းတုတ်လေ့ရှိသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ ယခုကြည့်ရသည်မှာ ဤကောင်လေးက ငွေအတွက် လာလုပ်နေခြင်းမျိုး လုံးဝမဟုတ်ဘဲ ဤထမင်းတစ်နပ်အတွက်သာ ဖြစ်မည်မှာ သေချာလှ၏။
သူမသာဆိုလျှင်လည်း ဤသို့ပင် လိုလိုလားလား လုပ်ဆောင်မိမည်သာဖြစ်သည်။ လူတိုင်းက ရန်အာဟူကို ဉာဏ်မကောင်းဟု ထင်နေကြသော်လည်း တကယ်တမ်းတွင် ဤကောင်လေးကသာ အလည်ဆုံးလူ ဖြစ်နေလေတော့သည်။
ရှုလီက ရန်အာဟူကို အားကျသည့်အကြည့်များဖြင့် ကြည့်ကာ မေးလိုက်၏။
“ဒီမှာ အလုပ်သမား ထပ်ခေါ်သေးလား”
ဘဲပေါင်ကို အားပါးတရ ကိုက်နေသော ရန်အာဟူမှာ ထိုစကားကို ကြားလိုက်သည်နှင့် ပါးစပ်ထဲမှ ဘဲပေါင်ကို ချက်ချင်းလွှတ်ချလိုက်ပြီး ရှုလီအား အပြည့်အဝ အကြည့်များဖြင့် စိုက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“မင်းက ဘာလို့ ဒါကိုမေးရတာလဲ၊ ငါ့အလုပ်ကို လုဖို့တော့ မကြိုးစားနဲ့နော်၊ မင်းကို ငါကြိုပြောထားမယ်၊ အဲ့ဒီအတွေးကို အခုချက်ချင်း ရပ်တန်းကရပ်လိုက်၊ အခုအချိန်မှာ ငါက ငါ့ဘော့စ်ရဲ့ သစ္စာအရှိဆုံး တပည့်ပဲ”
ရှုလီက နှုတ်ခမ်းထောင့်ကို တွန့်ကာ ပြန်ပြောလိုက်သည်။
“ငါက ဒီအတိုင်း မေးကြည့်ရုံလေးပါ၊ ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေရတာလဲ”
သူမက သူ့ကို ထပ်ပြီးစကားပြောချင်စိတ်ပင်ပျောက်သွားကာ နောက်ထပ် ထမင်းတစ်ပန်းကန် သွားစားခြင်းကသာ ပို၍ကောင်းမွန်မည်ဟု တွေးလိုက်လေ၏။
အားလုံးမှာ ဗိုက်များ စူထွက်လာသည်အထိ စားသောက်ပြီးသွားကြပြီ ဖြစ်၏။ စားသောက်ပြီးနောက် လူတိုင်း၏ မျက်လုံးများ မှေးစင်းကျလာသည်အထိ သက်သောင့်သက်သာ ဖြစ်နေကြလေသည်။
ကျေနပ်နေသော လေသံများနှင့် စကားသံများ ထွက်ပေါ်လာသည်။
“လင်းယန်၊ မင်းဟင်းချက်တာ ဒီလောက်ကောင်းမှန်းသိရင် ရွာက ပွဲလမ်းသဘင်တွေမှာ မင်းကိုပဲ စားဖိုမှူးကြီးအဖြစ် တာဝန်ပေးသင့်တာ”
“မှန်တယ်၊ မှန်တယ်၊ မှန်တယ်၊ နောက်ဆို ရွာမှာ မင်္ဂလာဆောင်တာပဲဖြစ်ဖြစ်၊ နာရေးကိစ္စပဲဖြစ်ဖြစ် မင်းကပဲ စားဖိုမှူးကြီး လုပ်ပေးလို့ရတယ်မလား”
ရွာသားများက ရွာလူကြီးထံသို့ မျက်စပစ်ပြလိုက်ကြသည်။ အချက်ပြမှုကို ရရှိပြီးနောက် ရွာလူကြီးက သူ၏ စူထွက်နေသော ဗိုက်လုံးလုံးကြီးကို ပွတ်သပ်ရင်း ခေါင်းညိတ်ထောက်ခံလိုက်၏။
“လင်းယန်၊ မင်းဘယ်လိုသဘောရလဲ၊ မင်းက ဟင်းချက်ဖို့ပဲ တာဝန်ယူ၊ ကျန်တဲ့အလုပ်တွေကိုတော့ တခြားလူတွေကို လုပ်ခိုင်းလိုက်မယ်လေ”
သူတို့က ဤမျှအထိ ပြောဆိုနေကြပြီဖြစ်ရာ လင်းယန်အနေဖြင့်လည်း မငြင်းဆန်သာတော့ဘဲ သဘောတူလိုက်ရသည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ရွာအတွက်ပဲ ကျွန်တော်လုပ်ပေးနိုင်မယ်နော်”
အကယ်၍ အနီးအနားရှိ ရွာများကပါ သူတို့၏ မင်္ဂလာဆောင်များနှင့် နာရေးကိစ္စများအတွက် သူ့ကိုလာရောက် အကူအညီတောင်းကြမည်ဆိုလျှင် သူပင်ပန်းလွန်း၍ သေသွားနိုင်သည်မဟုတ်လော။
ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများမှာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြလေသည်။ မကြာမီကာလအတွင်း မည်သူ့မိသားစုတွင်များ မင်္ဂလာကိစ္စ ရှိနိုင်မည်နည်းဟုပင် သူတို့ စတင်တွေးတောနေကြပြီ ဖြစ်၏။
ထိုအချိန်တွင် ကောင်းကင်ယံထံမှ စူးရှသော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုအသံကြောင့် လူတိုင်းမှာ မိမိတို့ကိုယ်ကို သတိမထားမိဘဲ အလိုအလျောက် မော့ကြည့်မိသွားကြသည်။ အံ့သြထိတ်လန့်နေသော စကားသံများ ဆူညံသွား၏။
“အဲဒါ ဘာအသံကြီးလဲ”
“သိမ်းငှက်တစ်ကောင်ရဲ့ အော်သံနဲ့ တူတယ်နော်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရှိရွှေရွာမှာ သိမ်းငှက်တွေ ဘယ်ကနေ လာမှာလဲ”
“ဟုတ်ပါ့၊ ငါ ဒီမှာ တစ်သက်လုံးနေလာတာ တစ်ခါမှကို မမြင်ဖူးဘူး၊ ရွာလူကြီးကော မြင်ဖူးလား”
“မမြင်ဖူးဘူးလား”
ရွာလူကြီးမှာလည်း ဇဝေဇဝါဖြစ်နေကာ အခြားသူများနည်းတူ ကောင်းကင်သို့ လည်ပင်းဆန့်၍ ကြည့်နေမိသည်။
အမည်းရောင် အရိပ်တစ်ခုက ကောင်းကင်ယံတွင် ဝဲပျံနေဆဲပင်။
သို့သော် ထိုအမည်းရောင်အရိပ်အောက်ရှိ အဖြူရောင်အရိပ်လေးမှာ တစ်နည်းနည်းဖြင့် ရင်းနှီးနေသလိုမျိုး သူခံစားနေရသည်။ ရွာလူကြီးက မျက်လုံးကို ကျဉ်းကာကြည့်ရင်း မဝံ့မရဲ လှမ်းမေးလိုက်သည်
“လင်းယန်၊ မင်းအိမ်က ပျောက်သွားတဲ့ ဘဲငန်းဖြူကြီး ကောင်းကင်မှာ ပျံနေသလိုပဲနော်”
အခန်း (၆၈)
ထမင်းစားလက်စဖြစ်သော လင်းယန်က ခေါင်းမော့ကြည့်လိုက်၏။
“ရွာလူကြီး ခင်ဗျား ဒီကိုမလာခင် အရက်တွေဘာတွေများ သောက်လာသေးလား”
ခွက်အနည်းငယ်လောက် သောက်ရုံနှင့်တော့ ဤမျှယောင်ယမ်းပြောဆိုနေမည် မဟုတ်ပေ။
ရွာလူကြီး၏ မျက်နှာတွင် မကျေမနပ်ဖြစ်သွားဟန် အထင်းသားပေါ်လွင်သွားလေသည်။
“ဟိုမှာကြည့်စမ်းပါ၊ ကောင်းကင်မှာ ပျံနေတဲ့ ဘဲငန်းဖြူကြီးက မင်းရဲ့ ဘဲငန်း မဟုတ်ဘူးလား”
သူက လက်ညိုးထိုးပြရင်း ဆက်ပြောလေသည်။
“မင်းရဲ့ ဘဲငန်းဖြူကြီးကို ဖမ်းထားတဲ့အကောင်က ငါကြည့်ရသလောက်တော့ ရွှေရောင်သိမ်းငှက်ကြီးနဲ့ ခပ်ဆင်ဆင်ပဲ”
မည်သို့ပင်ဆိုစေ ရွာလူကြီးက လင်းယန်ထက် ဆယ်စုနှစ်ပေါင်းများစွာ ပိုမိုအသက်ရှင်နေထိုင်ခဲ့သူဖြစ်ရာ သူ၏ အမြင်အာရုံမှာ သာမန်လူများထက် များစွာထက်မြက်စူးရှလှပေသည်။
လင်းယန်က လက်ထဲမှတူကို ချထားလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။
“ဒီလောက်မြင့်နေတာကို ခင်ဗျားက ဘာများသေသေချာချာ မြင်ရလို့လဲ”
ထိုအခါမှသာ ၎င်းမှာ ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင် အမှန်တကယ်ဖြစ်နေကြောင်း သူသဘောပေါက်သွားရ၏။ ရွှေရောင်သိမ်းငှက်ကြီးမှာ သိပ်အမြင့်ကြီးတွင် ပျံသန်းနေခြင်းမဟုတ်ဘဲ သူတို့၏ ခေါင်းပေါ်တည့်တည့် ကောင်းကင်ယံတွင် ဝဲပျံနေခြင်းသာဖြစ်သည်။ ထို့ကြောင့်ပင် လူတိုင်းက ဤမျှ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရခြင်းဖြစ်လေသည်။
လင်းယန် မျက်လုံးပြူးသွားရသည်။
“နေပါဦး၊ အဲ့ဒီအကောင်က တကယ်ကြီး ငါ့ရဲ့ ဘဲငန်းဖြူကြီးလား”
သူက စိုးရိမ်တကြီး ရေရွတ်လိုက်၏။
“အိမ်ကနေ ထွက်ပြေးသွားပြီးမှ ရွှေရောင်သိမ်းငှက်ကြီးရဲ့ အစားခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်”
လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိတ်သွားရသော်လည်း ဤအခြေအနေမှာ သူထင်သလိုမဟုတ်ကြောင်း လျင်မြန်စွာပင် ရိပ်မိလိုက်၏။
ရွှေရောင်သိမ်းငှက်ကြီးက ဆူဖြိုးဖိုင့်ကားနေသော ဘဲငန်းဖြူကြီးကို ခြေသည်းနှစ်ဖက်ဖြင့် ခိုင်မြဲစွာ ဆုပ်ကိုင်ထားရင်း လေထဲတွင် အချိန်အတန်ကြာ ဝဲပျံနေလေသည်။ ထို့နောက် ၎င်း၏ နှုတ်သီးမှ ဩဇာအပြည့်ပါသော စူးရှကျယ်လောင်သည့် အော်သံကြီးတစ်သံကို ထုတ်လွှတ်လိုက်၏။
“ကျွီ... ကျွီ”
‘ဒါက မင်းအိမ် ဟုတ်လို့လား၊ ဘာလို့ လူတွေ ဒီလောက်အများကြီး ရှိနေရတာလဲ’
ရွှေရောင်သိမ်းငှက်ကြီးက သိချင်စိတ်အပြည့်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ မျက်လုံးအစုံနှစ်ဆယ်ကျော်က ၎င်းထံသို့ တစ်ပြိုင်နက်တည်း စူးစိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ယေဘုယျအားဖြင့် ရွှေရောင်သိမ်းငှက်ကြီးများသည် လူသားများကို ရန်လိုတိုက်ခိုက်လေ့မရှိကြပေ။ သူတို့က လူသားများအပေါ် စူးစမ်းချင်စိတ် ပိုမိုပြင်းပြတတ်ကြလေသည်။
၎င်း ဖမ်းဆုပ်ထားသော ဘဲငန်းဖြူကြီးမှာမူ ထူးကဲစွာ စိတ်လှုပ်ရှားနေပြီး တရစပ် အော်ဟစ်နေလေတော့သည်။
“ဂွပ် ဂွပ် ဂွပ် ဂွပ်”
‘နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ၊ ဒါ ငါ့အိမ်ပေါ့၊ ဟို ပန်းကန်ကိုင်ထားတဲ့သူက ငါ့သခင်လေ’
၎င်းက ဆက်တိုက်အော်ဟစ်နေသည်။
“ဂွပ် ဂွပ် ဂွပ် ဂွပ်”
‘အစ်ကိုကြီး၊ မြန်မြန်အောက်ဆင်းကြရအောင်၊ ကျွန်တော့်သခင်နဲ့ မိတ်ဆက်ပေးချင်လှပြီ’
ရွှေရောင်သိမ်းငှက်ကြီးက ဘဲငန်းဖြူကြီးကို ကိုင်ဆောင်ထားရင်း လားရာကိုပြောင်းကာ ခြံဝင်းကျယ်ကြီးထဲသို့ တည်ငြိမ်စွာ ဆင်းသက်လာလေသည်။
လင်းယန်တစ်ယောက် မိမိရှေ့မှောက်သို့ ရောက်ရှိလာသော ဘဲငန်းဖြူကြီးကို မြင်လိုက်ရသည့်တိုင်အောင် အိမ်မက်တစ်ခုလို ခံစားနေရဆဲပင်။
“မင်းက အိမ်ကနေ ထွက်ပြေးသွားတာမဟုတ်ဘူးလား ကောင်စုတ်လေးရဲ့၊ ဘာလို့ ရုတ်တရက်ကြီး ပြန်ရောက်လာရတာလဲ”
ဤဘဲငန်းဖြူကြီးကို တစ်စုံတစ်ယောက်က ဖမ်း၍ ဟင်းအဖြစ် ချက်စားပစ်လိုက်ပြီဟုပင် လင်းယန် တွေးထင်ထားခဲ့မိသည်။ မည်သို့ပင်ဆိုစေ ဤအကောင်က ရွာထဲတွင် မိမိကို ရန်သူပတ်လည်ဝိုင်းနေအောင် လုပ်ထားခဲ့သည်မဟုတ်လော။
ဆော့ကစားတတ်သော ကလေးတစ်သိုက်က ဖမ်းဆီးပြီး ချက်စားပစ်လိုက်ခြင်းမျိုး ဖြစ်နိုင်ခြေ မရှိသည်တော့မဟုတ်ပေ။ လင်းယန် ငယ်စဉ်ကပင် သူတစ်ပါးအိမ်မှ ကြက်များကို ခိုးယူကာ ကင်စားလေ့ရှိခဲ့ဖူးသည်ပင်။
ဘဲငန်းဖြူကြီးက ၎င်း၏ အတောင်ပံများကို ဖြန့်ကားခတ်ကာ လင်းယန်ကို လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်ချင်နေဟန်ဖြင့် အသံပြုလိုက်သည်။
“ဂွပ် ဂွပ် ဂွပ်”
လင်းယန်က ရွံရှာဟန်ဖြင့် နောက်ဆုတ်ရှောင်တိမ်းလိုက်၏။
“မင်းကိုယ်က နံဟောင်နေတာပဲ၊ ဒီနှစ်ရက်အတွင်း ဘယ်တွေများ လျှောက်သွားနေခဲ့လို့ ဒီလောက်တောင် အနံ့ဆိုးတွေ ထွက်နေရတာလဲ”
အငြင်းခံလိုက်ရသဖြင့် ဘဲငန်းဖြူကြီးမှာ မကျေမနပ်ဖြစ်သွားကာ လင်းယန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။
“ဂွပ် ဂွပ် ဂွပ်”
‘ဒါက ယောကျ်ားပီသတဲ့ ရနံ့ကွ၊ နားလည်လား၊ ငါ့ရဲ့ အစ်ကိုကြီးလည်း ဒီမှာရှိနေတာကို မျက်နှာလေးဘာလေးတောင် မထောက်ဘူးလား’
လင်းယန်၏ အကြည့်များက ဘဲငန်းဖြူကြီး၏ အနောက်ဘက်ရှိ ရွှေရောင်သိမ်းငှက်ကြီးထံသို့ ကျရောက်သွား၏။
ရွာသားများကမူ ဘဲငန်းဖြူကြီး ရမ်းသမ်းအော်ဟစ်နေသည်ဟုသာ ထင်မှတ်နေကြသော်လည်း သူကမူ ထိုအကောင် ဘာပြောလိုသည်ကို ရှင်းလင်းစွာ နားလည်နေလေသည်။
“မင်းပြောချင်တာက ဒါ မင်းရဲ့ အစ်ကိုကြီးဆိုပါတော့၊ မင်းက အိမ်ကနေ ထွက်ပြေးသွားပြီးမှ သူငယ်ချင်းတစ်ကောင်ပါ ခေါ်လာခဲ့တယ်ပေါ့လေ”
‘ဒါတော့ မဖြစ်နိုင်ဘူးလေ၊ ဘဲငန်းဖြူတစ်ကောင်က ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်နဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နိုင်မှာလဲ၊ ဒီနှစ်ကောင်က အစာကွင်းဆက်ရဲ့ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်မှာ ရှိနေကြတာ မဟုတ်ဘူးလား’
ဤရွှေရောင်သိမ်းငှက်ကြီးသာ အတောင်ပံများကို ဖြန့်ကားလိုက်ပါက နှစ်မီတာခန့်ပင် အရှည်ရှိလေသည်။ သာမန် ရွှေရောင်သိမ်းငှက်များထက်ပင် များစွာပို၍ ခန့်ညားထည်ဝါနေသေး၏။ ခွန်အားကြီးမားလှသော မာနတရားများက ၎င်း၏အသွင်အပြင်တွင် အထင်းသားပေါ်လွင်နေသည်။
ဤဘဲငန်းဖြူကြီးက သိမ်းငှက်ကြီး၏ နှုတ်သီးမှ လွတ်မြောက်လာခဲ့ရုံမျှမက သူငယ်ချင်းပါ ဖြစ်လာခဲ့သေးသည်လော။
‘ဘာကြောင့်များလဲ’
ဇီဝဗေဒဆရာက သူတို့ကို ဤကဲ့သို့ သင်ခန်းစာမျိုး တစ်ခါမှ မသင်ပေးခဲ့ဖူးပေ။
ဘဲငန်းဖြူကြီးမှာ အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားနေလေသည်။
“ဂွပ် ဂွပ် ဂွပ်”
‘ဟုတ်တယ်၊ ဒါ ငါ့ရဲ့ အစ်ကိုကြီးပဲ၊ သူက အရမ်းကို ခန့်ညားတယ်မဟုတ်လား၊ အနာဂတ်မှာ ငါလည်း ရွှေရောင်သိမ်းငှက်ကြီးလိုမျိုး ခန့်ညားထည်ဝါတဲ့ ဘဲငန်းကြီးတစ်ကောင် ဖြစ်လာစေရမယ်’
၎င်း၏ ရင်ဘတ်ကို ကော့ကာ ကြီးမားလှသော ရည်မှန်းချက်များကို ထုတ်ဖော်ပြသနေလေသည်။
လင်းယန်က မျက်လုံးကို အပေါ်လှန်ကာ ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်၏။
“မင်း နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာလား”
ရွာသားများမှာ ရွှေရောင်သိမ်းငှက်ကြီးကို ကြောက်ရွံ့ဇဝေဇဝါဖြစ်စွာ ကြည့်နေကြလေသည်။ သူတို့တစ်သက် ဤကဲ့သို့သော သတ္တဝါမျိုးနှင့် တစ်ခါမှ အနီးကပ် မကြုံတွေ့ခဲ့ဖူးချေ။
ရုပ်သွင်ကို မြင်ရုံမျှဖြင့်ပင် သူတို့၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်လာကာ ဤသိမ်းငှက်ကြီး ရုတ်တရက် ဒေါသထွက်ပြီး သူတို့ကို ရန်မူလာမည်ကို စိုးရိမ်သဖြင့် အားလုံးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ကြ၏။
အကယ်၍များ ၎င်း၏ ထိုးဆိတ်ခြင်းကို ခံလိုက်ရပါက နာရေးစားမြိန်ပွဲကို ချက်ချင်းစတင်လိုက်ရုံသာ ရှိတော့မည်မဟုတ်ပါလော။
လင်းယန်က ပြုံးရင်း ရှင်းပြလိုက်လေသည်။
“အားလုံးပဲ မကြောက်ကြပါနဲ့၊ ရွှေရောင်သိမ်းငှက်တွေက ယေဘုယျအားဖြင့် လူတွေကို လွယ်လွယ်နဲ့ ရန်မမူတတ်ကြပါဘူး”
ရွှေရောင်သိမ်းငှက်ကြီးက ၎င်း၏ အတောင်ပံများကို ခေါက်သိမ်းလိုက်ပြီး လင်းယန်ဆီသို့ ခြေနှစ်လှမ်းခန့် လျှောက်လာခဲ့သည်။
“ကျွီ... ကျွီ”
‘စားစရာကောင်းကောင်းတွေ ရှိတယ်ဆို၊ မဟုတ်ဘူးလား၊ အရမ်းဆာနေပြီ၊ တအားဆာနေပြီလေ’
ထိုအသံကို ကြားပြီးနောက် ဘဲငန်းဖြူကြီးက ဖင်တယမ်းယမ်းဖြင့် လျှောက်သွားကာ ခွေးရေခွက်ကို ကိုက်ချီလာခဲ့လေသည်။
“အစ်ကိုကြီး၊ မြန်မြန်သောက်လိုက်”
ရွှေရောင်သိမ်းငှက်ကြီးက ရင်းနှီးနေသော ဝိညာဉ်စမ်းရေ၏ မွှေးပျံ့ချိုမြိန်လှသည့် ရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် ချက်ချင်းပင် ရေအကုန်လုံးကို မော့သောက်လိုက်လေတော့သည်။
၎င်း၏ မျက်နှာပေါ်တွင် ကျေနပ်သွားသော အမူအရာများ အထင်းသား ပေါ်လွင်နေ၏။
လင်းယန်က ဤမြင်ကွင်းကို အတွေးနက်စွာဖြင့် ကြည့်နေမိသည်။ ဤဘဲငန်းဖြူကြီး အိမ်မှထွက်ပြေးစဉ်က ဝိညာဉ်စမ်းရေ အနည်းငယ်ကို ယူဆောင်သွားခဲ့ပုံရသည်။ ထို့ကြောင့်ပင် ရွှေရောင်သိမ်းငှက်ကြီးကို သူငယ်ချင်းဖြစ်လာစေရန် ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်ပေမည်။
ဤရွှေရောင်သိမ်းငှက်ကြီးမှာ လူများကို တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း သေချာသွားသောအခါမှ ရွာသားများလည်း စိုးရိမ်ထိတ်လန့်မှုများ အနည်းငယ် လျော့ပါးသွားကြလေသည်။ ထို့နောက် သူတို့က တစ်ယောက်တစ်ပေါက် နောက်ပြောင်ပြောဆိုလာကြ၏။
ရွာသားများက ရယ်မောရင်း စကားဆိုကြသည်။
“လင်းယန်၊ ဒီရွှေရောင်သိမ်းငှက်ကြီးက မင်းအိမ်ကို အလည်လာတာနဲ့ တူတယ်နော်”
တစ်ယောက်က ဝင်ထောက်သည်။
“ဟားဟားဟား၊ သူရေဆာနေလို့ ရေဝင်သောက်တာ နေမှာပါ”
နောက်တစ်ယောက်ကလည်း ဆက်ပြော၏။
“ဒါဆိုရင် ဒီရွှေရောင်သိမ်းငှက်ကြီးက တကယ်ကို သဘောကောင်းတာပဲ၊ မင်းပျောက်သွားတဲ့ ဘဲငန်းဖြူကြီးကိုတောင် အိမ်ပြန်ပို့ပေးသေးတယ်”
ရေသောက်ပြီးနောက် ရွှေရောင်သိမ်းငှက်ကြီးက လင်းယန်ကို ထပ်မံစိုက်ကြည့်လာလေသည်။ လင်းယန်က ၎င်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွား၏။
“မင်း ဗိုက်မဝသေးဘူးလား”
ရွှေရောင်သိမ်းငှက်ကြီးက လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလိုက်သည်။ ရေသောက်ရုံသက်သက်ဖြင့်တော့ ဗိုက်ပြည့်နိုင်မည်မဟုတ်ချေ။
လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်သွားရပြန်သည်။ ဤကောင်ကြီးအတွက် တကယ်ကို ခက်ခဲပင်ပန်းခဲ့မည်မှာ အမှန်ပင်။
အလွန်အမင်း ဗိုက်ဆာနေသည့်တိုင် ဘဲငန်းဖြူကြီးကို မျိုမချမိစေရန် အတော်လေး အောင့်အည်းသည်းခံထားခဲ့ရပုံပေါ်သည်။
ဘဲငန်းဖြူကြီးက ပြဿနာရှာရန် ထပ်မံကြံစည်လာပြန်လေသည်။
“ဂွပ် ဂွပ် ဂွပ်”
‘သခင်၊ ကျွန်တော့်ရဲ့ အစ်ကိုကြီးကို ဧည့်ခံဖို့ စားစရာတစ်ခုခု မြန်မြန်သွားယူပေးပါလား၊ ကျွန်တော့်ရဲ့ အစ်ကိုကြီး ဗိုက်ဆာနေပြီ၊ ကျွန်တော်လည်း ဘာမှမစားရသေးဘူးလေ’
လင်းယန်၏ မျက်နှာတစ်ခုလုံး မှုန်ကုပ်သွားကာ ဘဲငန်းဖြူကြီး၏ ခေါင်းကို ခပ်နာနာလေး တစ်ချက်ပုတ်လိုက်လေသည်။
“အကြောင်းမဲ့သက်သက် အိမ်ကနေ ထွက်ပြေးသွားတာတောင် ငါ့ဆီက အစာတောင်းဝံ့သေးတယ်ပေါ့လေ”
သူက မာန်မဲလိုက်သည်။
“မင်းကို သံဒယ်အိုးနဲ့ ဘဲငန်းပေါင်းဟင်း အစောကြီးကတည်းက လုပ်ပစ်ခဲ့သင့်တာ”
သို့ရာတွင် ရွှေရောင်သိမ်းငှက်ကြီးက နိုင်ငံတော်အဆင့်-၁ ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်နေသည့်အတွက် ၎င်းစားရန် တစ်စုံတစ်ခုကိုတော့ သူယူဆောင်ပေးသင့်သည်ဟု တွေးလိုက်မိသည်။
သို့မဟုတ်ပါက ဤအကောင်ကြီး အလွန်အမင်း ဗိုက်ဆာလာပြီး သူ၏ နောက်ဖေးခြံထဲရှိ ဘဲငန်းဖြူများကို ဖမ်းစားသွားနိုင်လေသည်။ ထိုသို့သာဆိုလျှင် သူတကယ်ကို ကြီးစွာသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေမည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် ချက်ပြုတ်ထားသော ဟင်းလျာများ အတော်များများ ကျန်ရှိနေသေးရာ လင်းယန်က ရွှေရောင်သိမ်းငှက်ကြီးအတွက် အသားတုံးအချို့ကို ကောက်ယူပေးလိုက်လေသည်။
ရွှေရောင်သိမ်းငှက်ကြီးက ထူးကဲသော အရသာကို ခံစားရင်း အလွန်တရာ ကျေနပ်အားရစွာ စားသောက်နေလေသည်။
“ကျွီ ကျွီ”
၎င်းက ယဉ်ကျေးသိမ်မွေ့သော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင် ဖြစ်လေ၏။ ဤလူသားက အလွန်ရက်ရောပေသည်။ လမ်းတစ်လျှောက်လုံးတွင် ဤဘဲငန်းဖြူကြီးက ၎င်း၏သခင်အကြောင်း အဆက်မပြတ် ချီးမွမ်းလာခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။
ဤသို့ဖြစ်နေမှတော့ ဤလူသားအတွက် ကျေးဇူးဆပ်လက်ဆောင်တစ်ခုကို ၎င်းအနေဖြင့် ပြင်ဆင်ပေးရန် လိုအပ်လာပြီဖြစ်သည်။ ဤသည်မှာ သူတို့ ရွှေရောင်သိမ်းငှက်များ၏ စည်းမျဉ်းပင်။
ဤလူသား၏ အစားအစာများကို အလကားသက်သက်တော့ စားသုံးသွား၍ မဖြစ်နိုင်ချေ။ ၎င်း၏ သိမ်းငှက်မာနက ထိုသို့ အချောင်ခိုခြင်းကို ခွင့်မပြုပေ။
လင်းယန်က လက်လှမ်းကာ ရွှေရောင်သိမ်းငှက်ကြီး၏ အမွေးအတောင်များကို ပွတ်သပ်ပေးလိုက်သည်။ နိုင်ငံတော်အဆင့်-၁ ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ကို ထိတွေ့ရခြင်း၏ ခံစားချက်မှာ တကယ်ကို ထူးခြားဆန်းသစ်လှပေသည်။
ရွှေရောင်သိမ်းငှက်ကြီးက သက်သောင့်သက်သာဖြင့် မျက်လုံးများကို မှေးစင်းထားကာ လည်ချောင်းထဲမှ ချိုသာသော အသံလေးများ ထုတ်လွှတ်နေလေသည်။
“ကူ... ကူ”
၎င်းမှာ ဤအခိုက်အတန့်ကို အလွန်အမင်း သာယာကျေနပ်နေကြောင်း ထင်ရှားလှပေ၏။
လင်းယန်က တည်ငြိမ်စွာ သတိပေးလိုက်သည်။
“ဗိုက်ဝရင်လည်း မင်းနေရာမင်း ပြန်တော့လေ၊ မင်း ဒီမှာ တစ်သက်လုံးနေသွားလို့မှ မဖြစ်တာ”
လင်းယန်က သူ့ အစ်ကိုကြီးကို နှင်ထုတ်ချင်နေကြောင်း ကြားလိုက်ရသောအခါ ဘဲငန်းဖြူကြီးက ချက်ချင်းပင် ဆန့်ကျင်ကန့်ကွက်လေတော့သည်။
“ဂွပ် ဂွပ် ဂွပ်”
‘မဖြစ်ဘူး’
အကယ်၍ သူ၏ အစ်ကိုကြီး ထွက်သွားပါက အနာဂတ်တွင် သူ့ကို မည်သူက ကာကွယ်ပေးတော့မည်နည်း။ သူတို့ ညီအစ်ကိုနှစ်ကောင်က ယခုမှစ၍ တစ်ရွာလုံးကို ကြီးစိုးချယ်လှယ်ကာ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငယ်လေးများအားလုံးကို သူတို့ခြေအောက်တွင် ဒူးထောက်အညံ့ခံစေရမည်။
ဘဲငန်းတစ်ကောင်ဖြစ်နေရုံဖြင့် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက် အိမ်မက်များ မရှိရတော့ဘူးလော။ ၎င်း၏ အကြီးမားဆုံးသော အိမ်မက်က ရွာ၏ အကြီးဆုံး ဘော့စ်ကြီးတစ်ကောင် ဖြစ်လာရန်ပင်ဖြစ်သည်။
လင်းယန်က ဒီညတွင်ပင် ဘဲငန်းဖြူကြီးကို ဟင်းချက်စားပစ်တော့မည်ဟူသော အတွေးကို မျိုသိပ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်လေသည်။
“မင်းက ဘော့စ်ကြီး ဖြစ်ချင်သေးတယ်ပေါ့လေ၊ ငါပြောတာ သေချာနားထောင်စမ်း၊ မင်းကို အတုံးတုံးပြီး သံဒယ်အိုးထဲထည့် မပေါင်းပစ်သေးတာကိုပဲ ငါ့ကိုကျေးဇူးတင်နေလိုက်”
သူက စိတ်ရှုပ်ထွေးစွာဖြင့် ဆက်ပြော၏။
“မင်းတို့ ဘဲငန်းဖြူအကောင်တချို့ကို မွေးမြူရတာကိုက အတော်လေး ခက်ခဲနေတာကို မင်းက ရွှေရောင်သိမ်းငှက်ကြီးကိုပါ အိမ်ခေါ်လာသေးတယ်ပေါ့၊ သူ့ကို မင်းကပဲ ရှာကျွေးမှာလား”
ဤကဲ့သို့သော နိုင်ငံတော်အဆင့်-၁ ကာကွယ်စောင့်ရှောက်ထားသည့် တိရစ္ဆာန်မျိုးကို သူတို့သဘောဖြင့် အလွယ်တကူ မွေးမြူထား၍ ရနိုင်မည်မဟုတ်ပေ။
အားပါးတရ စားသောက်ပြီးနောက် ရွှေရောင်သိမ်းငှက်ကြီးမှာ မူလက ဤနေရာတွင် အမြဲတမ်း အခြေချနေထိုင်ရန် စဉ်းစားထားခဲ့သည်။ ၎င်း၏ ညီငယ်လေးနှင့်အတူ ကောင်းကောင်းစားကာ သက်သောင့်သက်သာ နေထိုင်မည်ဟု ရည်ရွယ်ထားခဲ့၏။
သို့သော် ဤလူသားက သူ့ကို နေထိုင်ခွင့်ပြုရန် သိပ်ဆန္ဒမရှိကြောင်း ကြားလိုက်ရသောအခါ ခေါင်းကို ငဲ့စောင်းလိုက်လေသည်။
တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ၎င်း၏ ကြီးမားကျယ်ပြန့်သော အတောင်ပံကြီးများကို ထပ်မံဖြန့်ကားကာ ကောင်းကင်ယံသို့ ပျံသန်းသွားလေတော့သည်။
၎င်းက ဤလူသားကို ကျေးဇူးဆပ်လက်ဆောင် မပေးရသေးသောကြောင့် ဖြစ်ရမည်။
သူ နားလည်သွားပြီဖြစ်သည်။ လူသားများ၏ အသိုင်းအဝိုင်းတွင် လက်ဆောင်ပေးခြင်းမှာ ကျေးဇူးတင်ကြောင်း ဖော်ပြသည့် နည်းလမ်းတစ်ခုပင်။
တစ်ဖက်လူက သူ့အား အလွန်ချိုမြိန်သော ရေနှင့် ဤမျှကြီးမားသော အသားတုံးကြီးကို ကျွေးမွေးခဲ့ရာ ၎င်းအနေဖြင့်လည်း ကျေးဇူးဆပ်ခြင်းကို မဖြစ်မနေ ပြသရမည်သာ ဖြစ်လေသည်။