အခန်း ၄၄၃
Vol. 45 Ch. 443
အခန်း(၄၄၃) ပုံမှန်မဟုတ်သော တိုးတက်မှုအခြေအနေ
"စီနီယာ၊ ဒါက စိတ်လှုပ်ရှားစရာဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဆိုဖာပေါ်ကနေ အဲဒီလို ခုန်ချစရာတော့ မလိုပါဘူး။"
ချန်ဟွိုက်အန်၏ အံ့ဩမှုကို မြင်တွေ့ရသောအခါ ဝမ်ရှိုယီက ကျေနပ်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
စီနီယာ့နောက်ကို လိုက်လာတာ အတော်ကြာပြီ။ အမြဲတမ်း ပြဿနာပဲ ရှာပေးခဲ့မိတာ။ အခုတော့ စီနီယာ့အတွက် တစ်ခုခု လုပ်ပေးနိုင်ပြီ။
"ခွန်းလွန်အင်မော်တယ်နန်းတော်ကို သွားပြီးတော့ အဂ္ဂိရတ်ပညာရှင် လုပ်ရမယ်ဆိုတာ။ အဲဒါက မသင့်တော်ဘူး မဟုတ်လား။" ချန်ဟွိုက်အန်က အတင်းပြုံးပြလိုက်သည်။
ငါ အခု အယောင်ဆောင်ထားတာ ပေါ်သွားလို့ မဖြစ်ဘူး။ ပုံမှန်ဆိုရင် ဝမ်ရှိုယီ သဘောကျအောင် ငါက ခွန်းလွန် အင်မော်တယ်နန်းတော်ကို တောင့်တနေသလိုမျိုး ဟန်ဆောင်နေကျလေ။ အခုမှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေမယ် ဆိုရင်တော့ ဉာဏ်နည်းနည်းရှိတဲ့သူ ဆိုရင်တောင် ပြဿနာကြီးတစ်ခု ရှိနေမှန်း သိသွားမှာပဲ။
"ဘာမှ မသင့်တော်စရာ မရှိပါဘူး။" ဝမ်ရှိုယီက လေးနက်စွာ ခေါင်းညိတ်ပြီး ပြောသည်။ "တစ်ကမ္ဘာလုံးမှာ စီနီယာကလွဲရင် တခြားပိုသင့်တော်တဲ့သူကို ကျွန်တော် မရှာတွေ့နိုင်ပါဘူး။"
"စီနီယာကလွဲရင် ဒီလိုအံ့ဖွယ်ဆေးလုံးမျိုးကို ဘယ်သူကများ သန့်စင်နိုင်မှာလဲ။"
"စီနီယာ၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ မလိုပါဘူး။ အရှင်မက စံနှုန်းအရမ်းမြင့်တာ။ စီနီယာ့ကို ဂုဏ်ထူးဆောင် အကြီးအကဲအနေနဲ့ ခန့်အပ်လိုက်ပြီဆိုကတည်းက စီနီယာ့ရဲ့အရည်အချင်းတွေကို သူ အတော်လေး အသိအမှတ်ပြုတယ်ဆိုတာ ပြသနေတာပဲ။ စီနီယာက ဒီအကြီးအကဲရာထူးနဲ့ လုံးဝကို ထိုက်တန်ပါတယ်။ ပြီးတော့ စီနီယာ့ရဲ့ အဂ္ဂိရတ်ပညာရပ်တွေနဲ့ဆိုရင် ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ ပူးပေါင်းတာက အတော်လေး စွမ်းအားကြီးတဲ့ မဟာမိတ်တစ်ခု ဖြစ်လာမှာပဲ။ အရှင်မက အရမ်းကို သစ္စာရှိပြီး ဖြောင့်မတ်တယ်။ ခွန်းလွန်အင်မော်တယ်နန်းတော်တစ်ခုလုံးက စီနီယာ့အပေါ် မတရားလုပ်မှာ မဟုတ်ပါဘူး။"
ဝမ်ရှိုယီက အလွန်ပင် ရိုးသားပွင့်လင်းစွာ ပြောဆိုခဲ့သည်။
ချန်ဟွိုက်အန်မှာ ငိုလုမတတ် ဖြစ်သွား၏။
ပုံမှန်ဆို ဝမ်ရှိုယီကို နည်းနည်း ထုံတယ်လို့ ထင်ထားပေမယ့် သူက တကယ်ကို လူကောင်းတစ်ယောက်ပါ။
အခု ကြည့်စမ်း။ ဘာဖြစ်သွားပြီလဲ။ သူက ငါ့အတွက် ဧရာမ ကျင်းကြီးတစ်ခု တူးပေးထားတယ်။ ပြီးတော့ အခု လက်ထဲကို ဓားပျော့လေး ထည့်ပေးပြီးတော့ အဲဒီထဲကို အတင်း ခုန်ချခိုင်းနေကြပြီ။
"ဘာကို တွန့်ဆုတ်နေတာလဲ၊ စီနီယာ။" ဝမ်ရှိုယီက နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်၏။ "ပြောရခက်တဲ့ ကိစ္စ တစ်ခုခု ရှိနေလို့လား။"
"အာ..." ချန်ဟွိုက်အန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူ၏ပါးစပ်ထောင့်ကို ကုတ်လိုက်သည်။ "ဒီလိုပါ။ ခွန်းလွန်အင်မော်တယ်နန်းတော်ကို ဝင်လိုက်ရင် အခုထက် လွတ်လပ်ခွင့် နည်းသွားမှာစိုးလို့ပါ။ အဲအဲဒါကြောင့် ငါ တွန့်ဆုတ်နေတာပါ။ ဒီလိုမျိုး အင်အားကြီးတဲ့ နေရာမျိုးထက်စာရင် လွတ်လပ်မှုကို ပိုအရေးကြီးတယ်လို့ ထင်တုန်းပဲ။ လှောင်ချိုင့်ထဲကငှက်လေးတစ်ကောင် ဖြစ်သွားရင် ငါ့ရဲ့လမ်းစဉ် ဖျက်ဆီးခံရနိုင်တယ်လေ။"
"စီနီယာ၊ ဂုဏ်ထူးဆောင်အကြီးအကဲတွေက အင်မော်တယ်နန်းတော်ထဲမှာ အမြဲတမ်း နေစရာမလိုပါဘူး။ အကြီးအကဲရာထူး လက်ခံယူတဲ့အချိန် တစ်ခါပဲ အင်မော်တယ်နန်းတော်ကို သွားဖို့လိုတာပါ။"
ပြဿနာကြီး တစ်ခုခုများလားဟု ဝမ်ရှိုယီ ထင်ခဲ့သော်လည်း ကန့်သတ်ခံရမည့် ခံစားချက်မျှသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ ချက်ချင်း သက်ပြင်းချလိုက်၏။
"ပြီးတော့ ကျွန်တော်က လွတ်လွတ်လပ်လပ် မရှိဘူး ထင်နေလို့လား။ ကျွန်တော်က အင်မော်တယ်နန်းတော်ရဲ့ အဓိကတပည့်တစ်ယောက်တောင် ဖြစ်နေသေးတာပဲလေ။"
"အင်မော်တယ်နန်းတော်က လိုအပ်တဲ့ အချိန်နဲ့ အရေးကြီးတဲ့အခါသမယတချို့မှာပဲ စီနီယာ ပေါ်လာဖို့ လိုတာပါ။ ပြီးတော့ စီနီယာက Cပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးအနေနဲ့ ဆက်ရှိနေဦးမှာ ဖြစ်ပြီးတော့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲဆိုတဲ့ အတော်မြင့်တဲ့ အဆင့်အတန်းကိုလည်း ခံစားရဦးမှာပါ။"
ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။
သူ အနည်းငယ် သွေးဆောင်ခြင်း ခံလိုက်ရသည်။
ငြင်းဆန်လွန်းနေရင် သံသယဝင်ခံရမှာပဲဆိုတော့ ခေါင်းငုံ့ပြီး ကြိုဆိုလိုက်တာက ပိုမကောင်းဘူးလား။
ခွန်းလွန်အင်မော်တယ်နန်းတော်သည် တက်လှမ်းသူများထဲ ထိပ်တန်းအင်အားစုဖြစ်ပြီး လျှို့ဝှက်ချက်များနှင့် အနီးစပ်ဆုံးနေရာဟုပင် ဆိုနိုင်သည်။
"ငါ ငရဲမသွားရင်၊ ဘယ်သူသွားမှာလဲ။"ဆိုတဲ့ စကားပုံအတိုင်းပေါ့။
ရန်သူကို သေသေချာချာ နားလည်မှပဲ အနိုင်ယူနိုင်မှာ။
ပြီးတော့ သူလျှိုလုပ်တာက ရန်သူကို နားလည်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။
ထိုသို့တွေးမိလိုက်သည်နှင့် ချန်ဟွိုက်အန်၏ ခြောက်ကပ်ကပ်အပြုံးက ပြုံးရွှင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်နှာပေါ်ရှိ ကြွက်သားများ ပျော့ပျောင်းသွားသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ ဝမ်ရှိုယီ၏လက်ကို ဆုပ်ကိုင်ပြီး သူ၏ပခုံးကို ပုတ်လိုက်သည်။ "ကောင်းတယ်။ ကောင်းတယ်။ မင်း ငါ့အတွက် ကောင်းတဲ့အလုပ် လုပ်ပေးခဲ့တာပဲ။ လွတ်လပ်ခွင့်ကို မကန့်သတ်ဘူးဆိုမှတော့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲရာထူးကို ငါ ဝမ်းသာအားရ လက်ခံပါ့မယ်..."
"ဒါနဲ့ မင်းက ဂုဏ်ထူးဆောင်အကြီးအကဲတွေက အတော်လေးကို မြင့်မားတဲ့ ခံစားခွင့်တွေ ရတယ်ဆို။ ဘယ်လို ခံစားခွင့်မျိုးတွေလဲ။"
ဝမ်ရှိုယီက ခေါင်းခါပြသည်။ "ဒီဂျူနီယာက ဒါတွေကို သိဖို့ အရည်အချင်း မပြည့်မီပါဘူး။ ခွန်းလွန် အင်မော်တယ်နန်းတော်ကို သွားပြီးတော့ အဆောင်အယောင် လက်ခံယူတဲ့အခါ အရှင်မက စီနီယာ့ကို အသေးစိတ် ရှင်းပြပါလိမ့်မယ်။" သူကလည်း ချန်ဟွိုက်အန်၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခု ပေါ်လာသည်။
"ခွန်းလွန်အင်မော်တယ်နန်းတော်ကနေ ကြိုဆိုပါတယ်။ စီနီယာ... အခုကစပြီး ကျွန်တော်က စီနီယာ့ကို အကြီးအကဲလို့ ခေါ်ရတော့မယ်။ ဟားဟားဟား။"
ချန်ဟွိုက်အန် လက်ဝှေ့ယမ်းပြလိုက်သည်။ "ငါတို့ကြားမှာ တခမ်းတနားတွေ မလိုပါဘူး။ အဆောင်အယောင်တွေ ဘယ်တော့ ရမှာလဲ။"
"အရှင်မက စောလေ ကောင်းလေပဲလို့ ပြောတယ်၊ အခုချက်ချင်းဆိုရင် ပိုကောင်းတာပေါ့။"
ဝမ်ရှိုယီက လက်ထဲရှိ ကျောက်စိမ်းပြားကို ဝှေ့ယမ်းပြလိုက်သည်။
ချန်ဟွိုက်အန် - "..."
တောက်… သီသီလေး လွတ်သွားတာပဲ။
ဒါဆိုရင် ဒီကောင်က အဲဒီအရှင်မဆိုတဲ့သူနဲ့ တစ်ချိန်လုံး ဖုန်းပြောနေခဲ့တာပေါ့။
ငါ အမြန် ကျင့်ကြံဖို့ လိုနေပြီ။ ရွှေရောင်အနှစ်သာရအဆင့်မှာ ရှိနေတဲ့ ငါ့ရဲ့ အားနည်းတဲ့နတ်ဘုရားအာရုံက လုံးဝ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။
...
...
ခွန်းလွန်အင်မော်တယ်နန်းတော်သို့ မသွားခင် အရှင်မအတွက် လက်ဆောင်အချို့ ပြင်ဆင်လိုကြောင်း ချန်ဟွိုက်အန်က ဝမ်ရှိုယီကို ပြောလိုက်သည်။
သူ အလေးစားဆုံး စီနီယာကပင် အရှင်မကို လေးစားကြောင်း မြင်ရသည့်အတွက် ဝမ်ရှိုယီ သဘာဝကျကျပင် ဝမ်းသာသွားသည်။ အရှင်မက နားလည်မှုရှိပြီး အကြောင်းအကျိုး ဆင်ခြင်တတ်သည်ဖြစ်ရာ အလောတကြီး လုပ်စရာမလိုကြောင်း သူက အမြန် ပြောလိုက်သည်။
ငါ့အနေနဲ့ လက်ဆောင် ပြင်ဆင်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဖြစ်သလို ဖြေရှင်းဖို့ ဆေးလုံးတချို့ ဒါမှမဟုတ် တစ်ခုခု ပေးလိုက်ရုံပဲ ရှိတယ်။
ချင်းယွန်ဘုံက ကောင်းတဲ့ပစ္စည်းဘယ်ဟာမဆို အဲဒီအရှင်မဆိုတဲ့သူကို သေချာပေါက် အံ့အားသင့်သွားစေမှာပဲ။
မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ မဖြစ်အောင်လို့ မသွားခင် ကျန်းယိပိုင်ရဲ့ ရုပ်ခန္ဓာကို အရင် ပြန်ဖန်တီးပေးရမယ်။
အဲဒါက ငါ့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။
...
အကျဉ်းခန်း နံပါတ်(၀)သို့ ပြန်ရောက်ချိန်ျ ခန်းမတစ်ခုလုံး ပြည့်နေသော ရွှေရောင် အလင်းတန်းများကြောင့် ချန်ဟွိုက်အန် မှင်တက်သွားသည်။
ရွှေရောင်ကြာပန်းကြီးက အပြည့်အဝ ပွင့်လန်းနေပြီး ပါ့ကျီ၊ စတော်ဘယ်ရီဝက်ဝံ၊ ပုစွန်တုပ်ဘုရင်နှင့် ရှောင်ချင်းတို့ အားလုံးက ၎င်း၏ ပတ်ပတ်လည်တွင် စုရုံးကာ သိသာထင်ရှားသော လိုချင်တပ်မက်မှုများဖြင့် စိုက်ကြည့်နေကြသည်။
တစ်ချိန်က ရှင်သန်လန်းဆန်းနေသော သစ်ခွပင်က လူဝင်လာသော အသံကို ကြားပြီးနောက် ချက်ချင်းပင် ညှိုးရော်သွားပြီး ပန်းအိုးဘေးတွင် အားပျော့စွာ ခွေခေါက်နေသည်။ စက္ကန့်ပိုင်းလေးအလိုကမှ လှပနေခဲ့သော သူ၏အရွက်များက နေရောင်ထဲတွင် တစ်ပတ်ဆက်တိုက် လှန်းထားရသကဲ့သို့ ခြောက်သွေ့ပြီး ဝါကြင်သွား၏။
"ဟိုက်။ ဒါက ဘယ်လိုမျိုး ပုံမှန်မဟုတ်တဲ့ တိုးတက်မှုအခြေအနေမျိုးလဲ။"
"ဒီပြန်လည်မွေးဖွားခြင်း ရွှေရောင်ကြာပန်းက ကြာစေ့အိမ်တစ်ခုပဲ ထုတ်ပေးတာ မဟုတ်ဘူးလား။"
ချန်ဟွိုက်အန်က ပန်းဖတ်များ၏ အလယ်ဗဟိုရှိ ကြီးမားပြီး ဖျော့တော့သော ရွှေရောင်ကြာစေ့အိမ် သုံးခုကို ငေးမောကြည့်နေမိသည်။
ဒါပေမဲ့ ကြာစေ့အိမ်သုံးခု ထွက်လာတာက ကောင်းတဲ့ကိစ္စပဲ။
ဒီရွှေရောင်ကြာပန်းက တစ်သက်မှာ တစ်ကြိမ်ပဲ အသီးသီးနိုင်တယ်လို့ ပြောကြတယ်။ အသီးကြွေသွားတာနဲ့ ပန်းက သေဆုံးသွားပြီးတော့ ကြာစေ့အိမ်ကို ခူးယူတာက သူ့ကို သတ်ပစ်တာပဲ။
အခု သုံးခု ရှိနေပြီဆိုတော့ တစ်ခုကို ခူးလိုက်ရင်တောင် ကြာပန်းက ဆက်ရှင်သန်နေနိုင်သေးတယ်။
သို့သော်…
ချန်ဟွိုက်အန်၏အကြည့်က ဘေးနားရှိ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွဆီ ရောက်သွားပြီး ရင်ထဲ တင်းကျပ်သွား၏။
ဘာဖြစ်သွားတာလဲ။
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက ခြောက်သွေ့နေသော အရွက်တစ်ရွက်ကိုမကာ စားပွဲပေါ်တွင် ရေဓာတ်ခန်းခြောက်နေသော အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။
"သခင်၊ ကျွန်မ... ကျွန်မ သေရပါတော့မယ်..."
ချန်ဟွိုက်အန် - "..."
အဲဒီလို မဖြစ်သင့်ဘူး။
အသက်ရှင်သန်နိုင်စွမ်း ပြင်းထန်တဲ့ စိတ်ဝိညာဉ်အပင်၊ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက ရေနည်းငါးတစ်ကောင်လို အဲဒီလောက် မထိခိုက်လွယ်သင့်ဘူးလေ။
သူ သံသယဝင်နေသော်လည်း ပြန်လည်မွေးဖွားခြင်းကြာပန်းကို ပန်းအိုးထဲမှ ချက်ချင်း ဆွဲနုတ်လိုက်ပြီး ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွကို အထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ပြန်လည်မွေးဖွားခြင်းကြာပန်း - "..."
ဒီကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက ငါ့ကို ဟန်ဆောင်ကောင်းတဲ့ကောင်မလို့တောင် ခေါ်ခဲ့သေးတယ်မလား။
ဘယ်သူက တကယ့် ဟန်ဆောင်ကောင်းတဲ့ကောင်မ အစစ်လဲ။ နင့်မှာ အသိဉာဏ်လေးတောင် မရှိဘူးလား။
မျက်မြင်ထင်ရှားစွာပင် ကိုးလှည့်သစ်ခွ၏ ညှိုးရော်ခြောက်သွေ့နေသော အကိုင်းအခက်များနှင့် အရွက်များသည် ပြန်လည်ဖြန့်ကျက်လာပြီး အစိမ်းရောင်ကို ပြန်လည်ရရှိလာသည်။
အပြင်သို့ ဆွဲနုတ်ခံလိုက်ရသော ပြန်လည်မွေးဖွားခြင်းကြာပန်းမှာ မပြောင်းလဲဘဲ နေရာအနှံ့ တောက်ပနေဆဲ ဖြစ်သည်။
"တစ်ခါသုံးစိတ်ဝိညာဉ်အပင်တွေကတော့ ခံနိုင်ရည် အရှိဆုံးပဲ။"
ချန်ဟွိုက်အန် သက်ပြင်းချလိုက်ပြီး ကြာစေ့အိမ်တစ်ခုကို ခူးယူလိုက်ကာ ပြန်လည်မွေးဖွားခြင်းကြာပန်းကို ရေတစ်ဝက်ခန့် ရှိနေသော ရေချိုးကန်တစ်ခုထဲသို့ ထည့်လိုက်သည်။
ဤပြန်လည်မွေးဖွားခြင်းကြာပန်းက အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။ ရေမရှိသောရေချိုးကန် အထဲတွင်ပင် တည်ငြိမ်စွာ ရပ်တည်နိုင်ပြီး အတော်လေး အေးအေးဆေးဆေး ရှိနေပုံပေါ်သည်။
"ဒီကြာစေ့အိမ်ကို ဘာလုပ်ရမလဲ..."
ချန်ဟွိုက်အန် ခေါင်းကိုကုတ်လိုက်ပြီး ဖုန်းကိုထုတ်ကာ ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။
သတင်းစကားတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး သူ့ကို ခေါင်းမူးသွားစေသည်။
[ သင်၏ဂိုဏ်းချုပ်က နှိပ်နယ်မှုအတွက် သင့်ကို ဆင့်ခေါ်နေပါသည် ]
"...ဒီကလေးမ ဂိုဏ်းချုပ် ဖြစ်ကတည်းက အာဏာကို အလွဲသုံးစား လုပ်နေပြီပဲ။"
ဒီလိုအပြုအမူမျိုးကို တားမြစ်သင့်တယ်။
ဒီလိုအကျင့်မျိုးကို ပျိုးထောင်ပေးလို့ မဖြစ်ဘူး။
ထို့ကြောင့် သူက လောလောဆယ် ၎င်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး ထိုအစား သူ၏သိုလှောင်အိတ်ထိပ်ရှိ စကန်ဖတ်သည့် လုပ်ဆောင်ချက်ကို အသုံးပြုကာ ကြာစေ့အိမ်ကို စကန်ဖတ်လိုက်သည်။
[ ရွှေရောင်ကြာပန်း၏ကြာစေ့အိမ် (လျှို့ဝှက်ရတနာ) - ၎င်းကို အမှုန့်ကြိတ်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များ ပါဝင်သောစမ်းရေ ထည့်လိုက်ပါက ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ရန်အတွက် ထိပ်တန်းပစ္စည်းဖြစ်သော နွီဝါးမူလမြေကို ရရှိနိုင်ပါသည် ]
ချန်ဟွိုက်အန်က လူကြီးတစ်ဦး၏ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော ကြာစေ့အိမ်ကို စိုက်ကြည့်ကာ ခဏတာ တိတ်ဆိတ်သွားသည်။
ဒီလောက်သေးသေးလေးကို အမှုန့်ကြိတ်လိုက်ရင် ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့ တကယ်ပဲ ထောက်ပံ့ပေးနိုင်ပါ့မလား။
…