← Chapters

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း(၄၄၄) အံ့ဖွယ်အနှိပ်ပညာရပ်

ဆယ်မိနစ်အကြာ။

ချန်ဟွိုက်အန်က မြေပြင်ပေါ်ရှိ လူတစ်ဝက်ခန့်မြင့်သော ရွှံ့ဖြူများကို စိုက်ကြည့်ကာ ထပ်မံ တိတ်ဆိတ်သွားသည်။

ထင်ထားတဲ့အတိုင်းပဲ။ ကျင့်ကြံခြင်းလောကက အရာတွေကို သာမန်အသိဉာဏ်နဲ့ ရှုမြင်လို့မရဘူးပဲ။

အမှုန့်ကြိတ်ပြီး ထွက်လာတာက နည်းနည်းလေးပေမယ့် စိတ်ဝိညာဉ်စမ်းရေနဲ့ ရောလိုက်တာနဲ့ ပြောင်းသွားတယ်။ အဖြူရောင်ရွှံ့တွေက ဘက်တီးရီးယားတွေ အဆုံးအစမဲ့ ပွားများနေသလိုမျိုး အမြန်ပွားလာတယ်။

အခုဆိုရင် ငါရှေ့မှာ နွီဝါးရဲ့ ဇစ်မြစ်မြေတွေ အများကြီး ပုံနေပြီ။

ဒါနဲ့ဆိုရင် ကျန်းယိပိုင် တစ်ယောက်တည်းကို ပုံဖော်လို့ရတာတင်မကဘူး။ ကျန်းယိပိုင်ရဲ့ မြေးတစ်ယောက်ကိုပါ ပုံဖော်လို့ရလောက်တယ်။

"အစ်ကိုကြီးကျန်း။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ကိုယ့်ဘာသာ ပုံဖော်လို့ရတယ်။ ခင်ဗျားအတွက် လုပ်ပေးရမှာ နည်းနည်း အနေခက်လို့ပါ။ ဘာလို့လဲဆိုတာ ခင်ဗျား သိပါတယ်။"

ချန်ဟွိုက်အန်က ကျန်းယိပိုင်ကို ကြေးခွံနက်ဓားထဲမှ ထုတ်ပေးလိုက်သည်။

အစ်ကိုကြီးကျန်းကလည်း ယောကျ်ား တစ်ယောက်ပဲလေ။ သူ့ကို လက်နဲ့သွားနှိပ်ပေးသလိုမျိုး လုပ်ပေးလို့မှ မရတာ။ ဟုတ်တယ် မဟုတ်လား။

ဒါက အရမ်းကို ထူးဆန်းလွန်းတယ်။

"ဒါတွေက ရုပ်ခန္ဓာကို ပြန်လည် တည်ဆောက်ဖို့ ပစ္စည်းတွေလား။" ကျန်းယိပိုင်က နွီဝါးဇစ်မြစ်မြေ၏ ပတ်လည်တွင် လှည့်ပတ်သွားလာနေပြီး ထိုရွှံ့များကို သူ၏စိတ်ဖြင့် အလွယ်တကူ ထိန်းချုပ်ကာ ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်ကြောင်း တွေ့ရှိသွားသည်။

"ဒါက နွီဝါးဇစ်မြစ်မြေလေ။" ချန်ဟွိုက်အန်က ရှင်းပြသည်။ "အဲဒါက လူသားတွေကို နွီဝါး ဖန်တီးတုန်းက သုံးခဲ့တဲ့မြေပဲ။ ရွှေရောင်ကြာပန်းကို ရှင်သန်စေခဲ့တဲ့ မြေကတော့ နွီဝါး ကောင်းကင်ကိုဖာထေးတုန်းက သုံးခဲ့တဲ့ မြေ... ဘာပဲဖြစ်ဖြစ်၊ အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပဲ။"

"ဪ ဒီလိုမျိုးကိုး။" ကျန်းယိပိုင်က ခေါင်းညိတ်လိုက်သည်။ ချန်ဟွိုက်အန်တွင် အရေးကြီးကိစ္စ တစ်ခုခု ရှိနေပုံရသည်ကို မြင်သောအခါ သူက ပြောလိုက်သည်၊ "ရုပ်ခန္ဓာ ပြန်လည်တည်ဆောက်တဲ့ကိစ္စကို ငါ့ဘာသာငါ လုပ်လို့ရပါတယ်။ မင်း လုပ်စရာရှိတာ သွားလုပ်လေ။"

ချန်ဟွိုက်အန်တွင် အမှန်တကယ်ပင် လုပ်စရာ ရှိနေသည်။ သူ ကိုယ်တိုင် သန့်စင်ထားသော ဆေးလုံးများနှင့် အဂ္ဂိရတ်ဂိုဏ်းထံမှ ယူလာခဲ့သော ဆေးလုံးပုလင်း အတော်များများကို သူ စီစဉ်နေသည်။

၎င်တို့က ခွန်းလွန်အင်မော်တယ်နန်းတော်၏ အရှင်မအတွက် နှုတ်ဆက်လက်ဆောင်အဖြစ် ပေးရမည့် အရာများပင်ျ။

သူလျှိုလုပ်ရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ လေးလေးနက်နက်နှင့် အဆုံးထိ ဆက်ကစားရပေမည်။ အကောင်းဆုံးက ဝမ်ရှိုယီကဲ့သို့ပင် အရှင်မ၏ ယုံကြည်မှုကို ရယူနိုင်ခြင်းပင်။ ထိုသို့ဆိုလျှင် ကျန်းယိပိုင်၏ ဂိုဏ်းတည်ထောင်သော ကြိုးပမ်းမှုများအတွက် ပိုကြီးမားသော အာမခံချက်တစ်ခု ရသွားပေလိမ့်မည်။

...

အခန်းထဲတွင် ကျန်းယိပိုင်က အရှေ့မှ နွီဝါးဇစ်မြစ်မြေကို စိုက်ကြည့်ရင်း အတွေးများနေသည်။

အသစ်စက်စက် ရုပ်ခန္ဓာတစ်ခု ဆိုသည်မှာ လုံးဝ အသစ်စက်စက် အခြေအနေတစ်ခုကိုလည်း ဆိုလို၏။

ကျင့်ကြံသူများက ရုပ်ဖျက်ခြင်း သို့မဟုတ် နုပျိုခြင်းဆေးလုံးတွေကို သုံးပြီး ရုပ်ရည်ကို ပြောင်းလဲနိုင်၊ ထာဝရ နုပျိုမှုကို ထိန်းသိမ်းထားနိုင်သော်လည်း ၎င်းတို့က ရုပ်ဖျက်ခြင်းသက်သက် ဖြစ်ပြီး တကယ့် အခြေအနေမှန်ကို ကိုယ်စားမပြုပေ။

သူသည် အစကတည်းက အဘိုးကြီးတစ်ယောက် ဖြစ်၏။ ငယ်ရွယ်ပုံပေါက်အောင် မည်မျှ ကြိုးစားကြိုးစား၊ သူ့အသက်ကို ဖုံးကွယ်၍ မရနိုင်ပေ။ ထို့ပြင် သူက သဘာဝအတိုင်းကို ပိန်ပါးနေရာ ၎င်းက နုပျိုခြင်း ဆေးလုံးနှင့်ပင် ပြောင်းလဲမရသော အရာပင်။

သူ၏ပုံစံဟောင်းကြီးကို သူ ငြီးငွေ့နေလေပြီ။

ယခု ကမ္ဘာမြေကို ပြန်ရောက်ပြီဖြစ်ရာ လုံးဝ အသစ်စက်စက် ဖြစ်လာသင့်ပေသည်။

ကျန်းယိပိုင်က မော့ကြည့်လိုက်ရာ သူ၏အကြည့်သည် နံရံပေါ်ရှိ ဗာဇင်ကာ ပိုစတာပေါ်သို့ ရောက်သွား၏။ ဆက်ဖြစ်မည့်အရာကို သူက အခြေခံအားဖြင့် နားလည်သွားပြီ ဖြစ်သည်။

...

...

ခွန်းလွန်အင်မော်တယ်နန်းတော်၏ မိုးပျံလှေပေါ်တွင်။

ချန်ဟွိုက်အန်က တင်ပလ္လင်ခွေထိုင်ကာ အနားယူရန် မျက်လုံးများကို မှိတ်ထားပြီးနောက် ဗီအာဦးထုပ် တစ်လုံးကို ထုတ်ယူလိုက်သည်။

ဂိုဏ်းချုပ်လီ၏ ဆင့်ခေါ်မှုကို လျစ်လျူရှု၍ မရပေ။

မဟုတ်ပါက လီချင်းရန် စိတ်ကောက်နေသည်ကို သူ ရင်ဆိုင်ရနိုင်၏။

ကံကောင်းထောက်မစွာဖြင့် ခွန်းလွန်အင်မော်တယ်နန်းတော်၏ မိုးပျံလှေများသည် အလွန်ပင် ခမ်းနားပုံ ပေါ်သော်လည်း ပျံသန်းမှု အလွန်ပင် နှေးကွေးနေခြင်းပင်။

ကမ္ဘာမြေသို့ မပြန်ခင် လီချင်းရန်ထံသို့ အစီရင်ခံရန် သူ့တွင် အချိန်အလုံအလောက် ရှိနေသည်။

သို့သော် ဤမြင်ကွင်းက ဝမ်ရှိုယီအတွက် အလွန် ထူးဆန်းနေပုံရသည်။

"စီနီယာက ကျင့်ကြံတဲ့အချိန် တကယ်ပဲ ဆိုင်ကယ်ဦးထုပ် ဆောင်းထားတာလား။"

ဝမ်ရှိုယီက မေးစေ့ကို ကုတ်ကာ ချန်ဟွိုက်အန်၏ခေါင်းပေါ်ရှိ အမည်းရောင် ဦးထုပ်ကို ကြည့်နေသည်။ တက်လှမ်းသူ အများအပြားတွင် ထူးဆန်းသော အလေ့အကျင့်များ ရှိကြသည်ဟု သူ ကြားဖူးသည်။ ဥပမာ အချို့က အနံ့ဆိုးထွက်နေသော အိမ်သာများထဲတွင်သာ ကျင့်ကြံရန် စိတ်ကူးရတတ်ကြသည်။

စီနီယာက အဲဒီလို ထူးဆန်းတဲ့ အလေ့အကျင့် ရှိသူတွေထဲက တစ်ယောက် ဖြစ်နေမလား။

"ငါလည်း တစ်ချိန်ချိန်ကျရင် ဦးထုပ်ဆောင်းကြည့်ဦးမယ်။ ဒါက ငါ့ရဲ့ ကျင့်ကြံမှုကို မြန်စေမလား မသိဘူး။"

ဝမ်ရှိုယီက ခွန်းလွန်အင်မော်တယ်နန်းတော်တွင် စီနီယာနှင့်အတူ အလုပ်လုပ်ကာ ခွန်းလွန် အင်မော်တယ်နန်းတော်နှင့် အရှင်မအတွက် အလုပ်အကျွေးပြုနိုင်တော့မည်ဟူသော အတွေးဖြင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူက တိုးတိုးလေး သီချင်းညည်းနေမိပြီး စီနီယာ ချန်ဟွိုက်အန်၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ တိတ်တဆိတ်ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို သတိမထားမိခဲ့ပေ။

...

လစောင်းကြယ်သုံးပွင့် လိုဏ်ဂူ။

"အကြီးအကဲချန်။ ကျွန်မ... ကျွန်မ ရှင့်ကို ဆင့်ခေါ်တာ ဘာလို့ ဒီလောက် ကြာနေရတာလဲ။ ကျွန်မကို အလေးမထားတာလား။"

ချန်ဟွိုက်အန်က ဝါးခုတင်ပေါ်တွင် မျက်နှာနီနီဖြင့် မတ်မတ်ထိုင်နေသည့် လီချင်းရန်ကို ကြည့်ကာ၊ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

ကောင်းရော။ မင်းက ဂိုဏ်းချုပ်ဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု မရှိသေးဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။

အဲဒါတွေက ဟန်ရေးပြနေတာပဲ မဟုတ်ဘူးလား။

တပည့်လေး၏ ယုံကြည်မှုကို မြှင့်တင်ပေးရန်အတွက် ချန်ဟွိုက်အန်က အပြစ်မတင်ခဲ့ပေ။ ထိုအစား သူက လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး လီချင်းရန်၏ စကားအတိုင်း လိုက်ပြောသည်၊ "ဂိုဏ်းချုပ်ကို အစီရင်ခံ ရရင်တော့ မင်းရဲ့ ဆရာ... အဟမ်း အဟမ်း၊ ငါ့မှာ အရေးတကြီး လုပ်စရာလေးတွေ ရှိနေလို့ နောက်ကျသွားတာပါ။ ဂိုဏ်းချုပ်၊ ဘာများ အလုပ်အကျွေး ပြုရမလဲ။"

"ရပါတယ်။ ရောက်လာတာ ကောင်းတယ်။"

လီချင်းရန်က အလွန် ရက်ရောသည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ထို့နောက် ဘေးနားရှိ ဝါးခုတင်ကို ပုတ်လိုက်သည်။ "အကြီးအကဲချန်၊ ဒီမှာ လာလှဲလိုက်။"

ချန်ဟွိုက်အန် မှင်တက်သွား၏။ သူက လာပြီး ခြေထောက်နဲ့ ပခုံးကို နှိပ်ပေးရမှာ မဟုတ်ဘူးလား။

ထိုသို့ဆိုလျှင် လီချင်းရန်၏ခန္ဓာကိုယ်ကို တရားဝင် ထိတွေ့ခွင့်ရသည်ဖြစ်၍ သူက သဘောကျနေခဲ့သည်။

"ဘာရပ်လုပ်နေတာလဲ။" လီချင်းရန် နှုတ်ခမ်းလေးစူကာ ခါးထောက်လိုက်သည်။ "ဒါက ကျွန်မရဲ့ စကားတွေ အရာမဝင်တော့ဘူးလို့ ဆိုလိုတာလား။ ကျွန်မ ရှင့်ကို ဘာမှလုပ်ခိုင်းနေတာ မဟုတ်ဘူး။ ဝါးခုတင်ပေါ်မှာ လှဲနေဖို့ပဲ ပြောတာလေ။"

ချန်ဟွိုက်အန်က ရွေးချယ်စရာ မရှိသဖြင့် လှဲချလိုက်ပြီး လီချင်းရန်ကို ဘာလုပ်ရမှန်း မသိသော အမူအရာဖြင့် ကြည့်လိုက်သည်။ "ဘာလုပ်မလို့လဲ။"

လီချင်းရန်က လက်ကို ပွတ်သပ်လိုက်ပြီး ပျော်ရွှင်သော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပျံ့နှံ့သွားသည်။ "ဆရာ့ရဲ့ ခြေထောက်၊ ပခုံး၊ ကျောပြင်နဲ့ ပေါင်တွေကို နှိပ်ပေးမလို့ပေါ့။"

"မင်းက ဂိုဏ်းချုပ်လေ။" ချန်ဟွိုက်အန် သက်ပြင်းချလိုက်သည်။ "ဂိုဏ်းချုပ် တစ်ယောက်က ဒီလိုကိစ္စမျိုး မလုပ်သင့်ဘူး။ ဂိုဏ်းချုပ်ဆိုတာ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အာဏာကို တည်ဆောက်ရမှာပေါ့။"

"ဒါပေမဲ့ ဆရာက ကျွန်မရဲ့ ဆရာပဲလေ။"

လီချင်းရန်က အင်္ကျီလက်ခေါက်တင်ကာ လက်ကိုပွတ်သပ်ရင်း ပြုံးလျက် ပြောသည်။ "တပည့်တစ်ယောက် အနေနဲ့ ဆရာ့အတွက် ဒီကိစ္စတွေ လုပ်ပေးတာက မှန်ပါတယ်။ နောင်တစ်ချိန် ကျွန်မ ဒဏ်ရာရတာ ဒါမှမဟုတ် နေမကောင်းဖြစ်တဲ့အခါကျရင် ဆရာက ကျွန်မကို အချိုးမပြေဘူးဆိုပြီး မုန်းလို့ မရဘူးနော်။ အဲဒီအခါကျရင် ဆရာ့အကူအညီ လိုမှာ။"

ချန်ဟွိုက်အန်က အခုချက်ချင်း သူ့ကို ဂရုစိုက်ချင်ပြီး ခန္ဓာချင်း နီးစပ်ချင်သည်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

သို့သော် အဆုံးတွင်တော့ ထိုသို့ တိုက်ရိုက်မပြောခဲ့ပေ။

"ချင်းရန်။ ဆရာ မကြာသေးခင်က ရှေးဟောင်း စာအုပ်တွေကို လေ့လာပြီးတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့၊ သွေးခဲတွေကို ဖယ်ရှားပေးတဲ့၊ သွေးကြောတွေကို ပြေလျော့စေတဲ့၊ ခန္ဓာကိုယ်အတွက် အတော် အကျိုးရှိတဲ့ အံ့ဖွယ်အနှိပ်ပညာရပ်ပါတဲ့ စာလိပ်တစ်ခုကို ရခဲ့တယ်။ ဒါပေမဲ့..." သူ မျက်မှောင်ကြုတ်ကာ အခက်အခဲရှိဟန် ဖန်တီးလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ။" လီချင်းရန်က မျှော်လင့်ထားသည့်အတိုင်း ငါးစာကို ဟပ်လိုက်ပြီး ဆရာဖြစ်သူကို မျက်တောင်များ ခတ်လျက် ကြည့်လိုက်သည်။

"ဒါပေမဲ့ ဒီလိုမှော်ဆန်တဲ့ပညာရပ်မျိုးကို သင်ယူဖို့က လက်တွေ့ လေ့ကျင့်မှု လိုအပ်တယ်။ လက်တွေ့ လေ့ကျင့်မှု မပါရင် စာအုပ်ထဲကနေ သင်ယူရုံသက်သက်ပဲ ဖြစ်နေပြီး အနှစ်သာရကို နားလည်နိုင်မှာ မဟုတ်ဘူး။ လက်တွေ့ လေ့ကျင့်ဖို့ သင့်တော်တဲ့ တပည့်တစ်ယောက်ကို မရှာတွေ့သေးဘူးလေ။"

"ဪ…" လီချင်းရန် ခေါင်းညိတ်ပြီး အကြံပြုလိုက်သည်။ "ဆရာ၊ ဂိုဏ်းချုပ်စုနဲ့ ဦးလေးကျန်းမုန့်ချူးတို့ကို လေ့ကျင့်ရေးသားကောင် လုပ်ခိုင်းလိုက်လေ။ ဂိုဏ်းချုပ်စုနဲ့ ဦးလေးကျန်းက ဗဟုသုတ အရမ်းကြွယ်ဝတဲ့ လူတွေဆိုတော့ သူတို့က ဆရာ့ကို အကြံဉာဏ်တချို့ ပေးနိုင်မှာပါ။"

ချန်ဟွိုက်အန် - "..."

ဒီတပည့်မိုက်လေးက အရင်က တော်တော် ပါးနပ်တယ်။

ဘာလို့များ အခု သွယ်ဝိုက်ပြောတဲ့ အဓိပ္ပာယ်ကို ရုတ်တရက်ကြီး နားမလည်တော့တာလဲ။

၎င်းကိုမြင်သော် သူက ဆက်လက် လမ်းညွှန်ပေးရုံသာ တတ်နိုင်ပြီး လီချင်းရန်၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးတက်သွားသည်ကို သတိမထားမိခဲ့ပေ။

"ဟူး။ ဒီထူးဆန်းတဲ့ပညာရပ်က ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် မတူညီတဲ့ နည်းလမ်းတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ယောကျ်ားလေးနဲ့ မိန်းကလေးက ခန္ဓာကိုယ် ဖွဲ့စည်းပုံမှ မတူတာလေ။ ယောကျ်ားလေးတွေ အတွက်ကတော့ လေ့ကျင့်ရေးသားကောင်တွေ ရှိတာပေါ့၊ ဒါပေမဲ့ မိန်းကလေးတွေ အတွက်ကတော့ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း အဲဒီကောင်မလေး ယွဲ့ချန်ချီကိုပဲ ခိုင်းလိုက်တော့မယ်။"

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်၊ ချန်ဟွိုက်အန်က ပေါင်ကိုဆုပ်ကိုင်ထားသောလက်မှာ ရုတ်တရက် လေးလံသွားသည်ကို ခံစားလိုက်ရသည်။

သူ မော့ကြည့်လိုက်ရာ လီချင်းရန်၏ လှပပြီး ပြုံးရွှင်နေသော မျက်နှာကို တွေ့လိုက်ရ၏။

"ဆရာ…"

လီချင်းရန်က ပြုံးလျက် ပြောသည်။

"ဒီလောက်ဒုက္ခများတဲ့ ကိစ္စတွေနဲ့ စီနီယာအစ်မယွဲ့ကို ဘာလို့ သွားအနှောင့်အယှက်ပေးနေမှာလဲ။"

"ဒီတပည့်က ဆရာ့အတွက် လုပ်ပေးလို့ မရဘူးလား။"

ချန်ဟွိုက်အန် တွန့်ဆုတ်သွားသည်။ တစ်ခုခု ပြောချင်သော်လည်း ရပ်တန့်သွားသကဲ့သို့ပင်။

လီချင်းရန်၏ အမူအရာက လေးနက်သွားပြီး ပြတ်သားစွာ ပြောသည်။ "ကျွန်မက ဂိုဏ်းချုပ်ပဲ။ ကျွန်မရဲ့ စကားက ဥပဒေပဲ။ အကြီးအကဲချန်၊ တွန့်ဆုတ်မနေပါနဲ့တော့။ ဒီကိစ္စက ပြီးပြီ။ သုံးရက်အတွင်း ဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်မကိုယ်တိုင် ဒီအံ့ဖွယ်အနှိပ်ပညာရပ်ကို လက်တွေ့ ခံစားကြည့်မယ်။"

ချန်ဟွိုက်အန် - "..."

…

All Chapters