အခန်း ၄၄၅
Vol. 45 Ch. 445
အခန်း(၄၄၅) တောင်ကို လာရောက်အရိုအသေပေးသော မျောက်ဘုရင်
"ဟေး၊ ဂိုဏ်းတံခါးဝမှာ ဆောင့်ကြောင့်ထိုင်နေတဲ့မျောက်က ဘာလဲ။"
"စပ်စုချင်လို့ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရှန်း ငါတို့ဂိုဏ်းအတွက် ဆောက်ပေးထားတဲ့ တံခါးကြီးက တော်တော်လေး ခမ်းနားတာကိုး။"
လရိပ်ဂိုဏ်း၏ အဝင်ဝတွင် မျောက်ငယ်လေးတစ်ကောင်က တံခါးရှေ့၌ ဆောင့်ကြောင့်ထိုင်နေသည်။
ဝန်းရံနေသော ကျင့်ကြံသူများ၏ စူးစမ်းလေ့လာနေသည့် အကြည့်များအောက်တွင် သူက အနည်းငယ် ကြောက်ရွံ့ပြီး တင်းမာနေပုံရသည်။
"ဒီမျောက်မှာ မိစ္ဆာအငွေ့အသက် ရှိတယ်။ ဒါပေမဲ့ အန္တရာယ်တော့ မရှိဘူး။ တောင်ဝိညာဉ်တစ်ကောင် ဖြစ်မယ်။"
"တောင်ဝိညာဉ်တွေက ဂိုဏ်းတံခါးဝကို ဘယ်လိုများ လာရဲတာလဲ။ တော်တော် ရဲတင်းတာပဲ။"
ကျင့်ကြံသူများကြားရှိ စကားပြောဆိုမှုများကို ကြားသောအခါ မျောက်က ဆက်လက်တွန့်ဆုတ်နေ၍ မရတော့ကြောင်း သိလိုက်သည်။
ဤခမ်းနားသောဂိုဏ်းကို ရောက်လာရန် တောင်များ၊ ချိုင့်ဝှမ်းများကို ဖြတ်သန်းပြီး အန္တရာယ်များကို ရင်ဆိုင်ခဲ့ရခြင်းမှာ သူ၏ကံကြမ္မာကို လောင်းကြေးထပ်ရန် မဟုတ်ပါလား။
ထိုအချိန်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက လူအုပ်ကို ဖယ်ရှားကာ ထွက်လာသည်။
"မျောက်လေး၊ ငါတို့ဂိုဏ်းတံခါးဝကို ဘာကိစ္စနဲ့ လာတာလဲ။ ဒီမှာ နင်စားဖို့ သစ်သီးတွေ မရှိဘူးနော်။"
ယွဲ့ချန်ချီက မျောက်မိစ္ဆာကို အထက်အောက် ကြည့်လိုက်သည်။ ဤမျောက်မိစ္ဆာတွင် ကြည်လင်ပြီး အသိဉာဏ် ရှိသော မျက်လုံးများရှိပြီး တောင်ပေါ်တွင် သူ အများဆုံး တွေ့ရလေ့ရှိသော ရိုင်းစိုင်းပြီး မယဉ်ကျေးသည့် မျောက်မိစ္ဆာများနှင့် မတူပေ။ ဤမျောက်က သူ့ကို ယဉ်ကျေးပြီး ခန့်ညားသော ခံစားချက်ကိုပင် ပေးစွမ်းသည်။
အချို့က မွေးရာပါ ပါရမီနှင့် အသိဉာဏ် ပါလာတတ်ကြ၏။
အလွန် အသိဉာဏ်ရှိပုံပေါ်သူများက ပုံမှန်အားဖြင့် ပါရမီ ကောင်းတတ်ကြသည်။
ယွဲ့ချန်ချီက မိစ္ဆာများနှင့် အဆက်အသွယ် အနည်းငယ်သာ ရှိသည်။ သို့သော် စိတ်ဝိညာဉ်ချီစွမ်းအင်ဆိုသည့် သဘောတရားက မိစ္ဆာတွေအပေါ်တွင်လည်း သက်ရောက်သည်ဟု သူ ခံစားမိသည်။
ကျင့်ကြံသူတွေကို ရှောင်တတ်တဲ့ တခြားမျောက်မိစ္ဆာတွေနဲ့မတူဘဲ ဒီမျောက်မိစ္ဆာက ငါတို့တံခါးဝဆီကို ရောက်လာတယ်ဆိုတော့ သာမန်ထက်တော့ ထူးခြားနေမှာ သေချာတယ်။
"သခင်၊ ကျွန်တော်... ကျွန်တော်က ထာဝရအသက်နဲ့ အသိဉာဏ်ပွင့်လင်းမှုကို ရှာဖွေဖို့ လာတာပါ။"
မျောက်ငယ်လေးကက လက်အုပ်ချီကာ အရိုအသေပေးလိုက်ပြီးနောက် ရယ်မောကာ လူသားဘာသာစကားဖြင့် ပြောလိုက်သည်။
လေသံက ထူးဆန်းနေသော်လည်း အတော်လေး ရှင်းလင်းနေသေး၏။
ဤစကားကို ကြားသောအခါ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"နင်က တာအိုကို ရှာဖွေမယ် ဟုတ်လား။" ယွဲ့ချန်ချီ မှင်တက်သွား၏။
"မျောက်မိစ္ဆာ တစ်ကောင်က ငါတို့လူသားဂိုဏ်းဆီလာပြီးတော့ တာအိုကို ရှာဖွေရဲတယ်လား။" တပည့်တစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။ "မင်းက တောင်ဘုရင်ဆီကိုသွားပြီး အရိုအသေ ပေးသင့်တာ။"
"ကျွန်တော်တို့ မျောက်အုပ်စုက နေ့တိုင်း တခြားမိစ္ဆာတွေရဲ့ အနိုင်ကျင့်တာကို ခံနေရတယ်။ ကျွန်တော် ဆက်ပြီး အနိုင်ကျင့် မခံချင်တော့ဘူး။ ပြီးတော့လည်း ကျွန်တော် ရှာဖွေချင်တာက စစ်မှန်တဲ့ လမ်းစဉ်ကိုပါ။ တစ်သက်လုံး အသားစိမ်းစားပြီး သွေးသောက်ရတဲ့ မိစ္ဆာတစ်ကောင် မဖြစ်ချင်တော့ဘူး။" မျောက်ငယ်လေးက အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။
"ဒါပေမဲ့ ငါတို့ရဲ့လမ်းစဉ်ကို ကျင့်ကြံရင်တောင် နင်က မိစ္ဆာတစ်ကောင်ပဲလေ။"
ဤစကားကို ကြားသောအခါ မျောက်ငယ်လေး ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။
"လူသားတွေနဲ့ မိစ္ဆာတွေရဲ့ အဆင့်အတန်းက ပြောင်းလဲလို့ မရဘူး။"
"လူတစ်ယောက်လို ပြုမူဖို့ ဘယ်လောက်ပဲ ကြိုးစားကြိးစား၊ လုံးဝ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။"
"ဒီကကျင့်ကြံသူများကလည်း လက်ခံကြမှာ မဟုတ်လောက်ဘူး။"
"နင့်ကို လက်ခံနိုင်မလား မလက်ခံနိုင်ဘူးလား ဆိုတာက ငါတို့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။"
မျောက်မိစ္ဆာတစ်ကောင်က တာအိုကိုရှာဖွေရန် မိမိတို့ဂိုဏ်းဆီ ရောက်လာသည်ကို ယွဲ့ချန်ချီက အတော်လေး စိတ်ဝင်စားသွားသည်။ ကံကြမ္မာက သူ့အစီအစဉ်နှင့်သူ ရှိသည်ဟု ယုံကြည်သည့်အတွက် သူက ချက်ချင်း မငြင်းဆန်ခဲ့ပေ။
"ငါတို့က ဂိုဏ်းထဲကတပည့်တွေ သက်သက်ပဲ။ တပည့်သစ် လက်ခံမခံဆိုတာကို ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ဆုံးဖြတ်တာ... ဪ၊ ဟုတ်သားပဲ။ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကြီးလည်း ပါတာပေါ့။"
"ဘိုးဘေးကြီး ဟုတ်လား…" မျောက်၏မျက်လုံးများ အရောင်လက်သွားပြီး လက်သီးသုံးချက်နှင့် ဓားတစ်ချက်တည်းဖြင့် တောင်တံခါးကိုဖွင့်လိုက်သော မြင်ကွင်းက သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ "မေးခွင့်ပြုပါ။ ခင်ဗျားတို့ဂိုဏ်းရဲ့ ဘိုးဘေးကြီးက အင်မော်တယ်တစ်ပါးလား။"
"မဟုတ်ပါဘး။ ငါတို့ရဲ့ဘိုးဘေးကြီးက အင်မော်တယ် မဟုတ်ပါဘူး။"
ယွဲ့ချန်ချီ ခေါင်းခါပြလိုက်သည်။ "ငါတို့ရဲ့ဘိုးဘေးကြီးက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ မဟာတက်လှမ်းခြင်းဆိုတာဘာလဲ နင်သိလား။ ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်တဲ့သူတွေမှ အင်မော်တယ် ဖြစ်လာနိုင်တာ။"
ဤစကားကို ကြားသောအခါ မျောက်၏မျက်လုံးများ ပိုမို တောက်ပလာပြီး လက်ခုပ်တီးကာ ပြောသည်။ "ဒါက အင်မော်တယ်ဖြစ်တာနဲ့ ဘာမှမကွာဘူး။ ကျွန်တော်က ဘိုးဘေးကြီးနောက်ကိုလိုက်ပြီး တာအိုကျင့်ကြံချင်တယ်။"
သူက မြေပြင်ပေါ်တွင် ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် ဦးခေါင်းတိုက် အရိုအသေပေးလိုက်သည်။
"သခင်လေးတို့၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဘိုးဘေးကြီးဆီမှာ စကားကောင်းလေး ပြောပေးလို့ ရမလား။ ကျွန်တော်... ကျွန်တော် ဘိုးဘေးကြီးရဲ့ လမ်းညွှန်မှုအောက်မှာ တကယ် ကျင့်ကြံချင်လို့ပါ။"
ဤစကားကို ကြားသောအခါ လရိပ်ဂိုဏ်းမှ တပည့်များ ပြောစရာစကားမဲ့သွားကြ၏။
ဓားကျောင်းတော်ကဖြစ်ဖြစ်၊ ကျန့်ဝူမြင့်မြတ်နယ်မြေကဖြစ်ဖြစ်၊ အားလုံးက ဘိုးဘေးကြီး မည်သည့်အဆင့်တွင် ရှိနေကြောင်း၊ ဘိုးဘေးကြီးဆီမှ တာအိုကို သင်ယူခွင့်ရခြင်းမှာ မည်သို့အခွင့်ထူးမျိုး ဖြစ်ကြောင်းကို သိကြသည်။
ဘိုးဘေးကြီးက အလွန်ပင် စွမ်းအားကြီးပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်ခဲ့သည့်တိုင် လီချင်းရန် ကလွဲ၍ တခြားမည်သူ့ကိုမှ တပည့်အဖြစ် လက်မခံခဲ့ပေ။
မင်းက ဘိုးဘေးကြီးနောက်ကိုလိုက်ပြီး ဘိုးဘေးကြီးရဲ့လမ်းစဉ်ကို သင်ယူချင်တယ် ဟုတ်လား။
ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။
ငါတို့အတွက်တောင် ဘိုးဘေးကြီးနောက်ကိုလိုက်ပြီး တာအိုကိုကျင့်ကြံဖို့ အရမ်းကို ခက်ခဲတာ။
ဉာဏ်ကောင်းတယ်လို့ထင်ရတဲ့ မျောက်မိစ္ဆာတစ်ကောင်ဆိုတော့… အဲဒီအခွင့်အရေးက ပိုပြီးတောင် နည်းသေးတယ်။
"ငါတို့ ဘိုးဘေးကြီးဆီက တာအိုကို သင်ယူခွင့်ရမရဆိုတာကို ငါတို့ရဲ့စကားကောင်း နည်းနည်းလေးနဲ့ ဆုံးဖြတ်လို့ မရဘူး။ ဘိုးဘေးကြီးရဲ့ခွင့်ပြုချက် လိုအပ်တယ်။ ဒါပေမဲ့လည်း ငါတို့ရဲ့ ဘိုးဘေးကြီးက မိစ္ဆာတွေကို သိပ်ပြီးတော့ သဘောကျတဲ့ပုံမပေါ်ဘူး..."
၎င်းကို သူက လီချင်းရန်ဆီမှ ကြားခဲ့ခြင်း ဖြစ်သည်။
လီချင်းရန်၏ မူလစကားများအရ ဘိုးဘေးကြီးသည် နေ့တိုင်း မိစ္ဆာသောင်းနှင့်ချီကို သတ်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားကာ သွေးချောင်းစီးစေခဲ့သည်။ ၎င်းက ဘိုးဘေးကြီး မိစ္ဆာများအပေါ် မည်မျှ မုန်းတီးကြောင်းကို ပြသရန် လုံလောက်နေလေပြီ။
ဤစကားကို ကြားသောအခါ မျောက်၏မျက်လုံးများ မှေးမှိန်သွားသော်လည်း သူ၏တိုက်ခိုက်လိုစိတ်များ ပြန်လည် နိုးကြားလာသည်။
"ဘိုးဘေးကြီးက ကျွန်တော့်ကို တပည့်အဖြစ်လက်ခံဖို့ သဘောတူတဲ့အထိ ဒီမှာ ဒူးထောက်ပြီး စောင့်နေမယ်။"
ယွဲ့ချန်ချီ - "..."
ငါ ငြင်းတာက တော်တော်လေး လိမ္မာပါးနပ်တယ်လို့ ထင်ခဲ့တာ။
ဒီမျောက်က ဘာလို့ တစ်ခွန်းမှ နားမထောင်ရတာလဲ။
"ကောင်းပြီလေ၊" သူက သက်ပြင်းချလိုက်သည်။ "ငါက ဒါကို ဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ်ဆီကို သတင်းပို့ပေးရုံပဲ တတ်နိုင်မယ်။ အလုပ်ဖြစ်မဖြစ် ဆိုတာကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်။"
"ကျေးဇူးတင်ပါတယ် သခင်လေး၊ ကျေးဇူးတင်ပါတယ် သခင်လေး။"
မျောက်က အကြိမ်ကြိမ် ဦးခေါင်းတိုက် အရိုအသေပေးလိုက်သည်။
သူ၏ခေါင်းက ကျောက်ပြားနှင့်ရိုက်မိကာ ဒုတ်ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာ၏။
ယွဲ့ချန်ချီက ဆက်မကြည့်နိုင်တော့ဘဲ အမြန်လှည့်ထွက်သွားတော့သည်။
...
"ဘိုးဘေးကြီး၊ ဂိုဏ်းချုပ်။ အထဲမှာ ရှိလား။"
အဓိကခန်းမထဲတွင် လီချင်းရန်နှင့် ချန်ဟွိုက်အန်တို့ကို ရှာမတွေ့သဖြင့် ယွဲ့ချန်ချီက အနံ့ခံကောင်းသော ခွေးတစ်ကောင်ကဲ့သို့ပင် ဘိုးဘေးကြီး၏ လိုဏ်ဂူအိမ်ဖြစ်သော လစောင်း ကြယ်သုံးပွင့်လိုဏ်ဂူကို ရှာတွေ့သွား၏။
ငါတို့ ဘိုးဘေးကြီးက ဘာလို့ ဒီလောက်ထောက် အသံထွက်ရခက်တဲ့ နာမည်မျိုးကို ရွေးခဲ့တာလဲ မသိဘူး။
ဒါက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါများလား...
"ရှိတယ်။"
ချန်ဟွိုက်အန်က ကြယ်သုံးပွင့်လိုဏ်ဂူထဲမှ အဝတ်အစား ဖရိုဖရဲဖြင့် ထွက်လာသည်။
သူက ဘောင်းဘီကို ဆွဲတင်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။ "ဘာကိစ္စလဲ။"
"ဘိုးဘေးကြီး၊ ဘိုးဘေးကြီး ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမဲ့ မျောက်တစ်ကောင်က တပည့်ခံချင်တယ်တဲ့။ ပြီးတော့ သူက ဘိုးဘေးကြီးဆီကနေ တာအိုကို သင်ယူချင်တယ်လို့တောင် ပြောနေတယ်။" ယွဲ့ချန်ချီက နှုတ်ခမ်းတွင် နောက်ပြောင်သော အပြုံးတစ်ခုဖြင့် ချန်ဟွိုက်အန်၏ နောက်ကျောကို ချောင်းကြည့်ရင်း ပြောလိုက်သည်။
"ဘိုးဘေးကြီး၊ ဂိုဏ်းချုပ်လီကော ဘယ်မှာလဲ။ အထဲမှာ ဘာလုပ်နေကြတာလဲ။ ဘဝရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အကြောင်း ဆွေးနွေးနေကြတာတော့ မဟုတ်ဘူးမလား။"
ချန်ဟွိုက်အန် မျက်လုံးထဲ မှောင်သွား၏။
ကမ္ဘာမြေကို တစ်ခေါက်သွားပြီးနောက် ယွဲ့ချန်ချီက စကားလုံးမျိုးစုံကို သင်ယူလာခဲ့ပြီ ဖြစ်သည်။
"နေပါဦး။ ဘာပြောလိုက်တာလဲ။ မျောက်တစ်ကောင်က တောင်တံခါးဝမှာ အရိုအသေ လာပေးတယ် ဟုတ်လား။"
ချန်ဟွိုက်အန်က နောက်ကျမှ မျက်လုံးပြူးသွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
"ဟုတ်ပါတယ်။" ယွယ်ချန်ချီ ခေါင်းညိတ်လိုက်သည်။ "သူ အပြင်မှာ ဒူးထောက်နေတုန်းပဲ။ ဘိုးဘေးကြီး သူ့ကို လက်မခံရင် သေတဲ့အထိ ဒူးထောက်နေမယ်လို့ ပြောနေတယ်။"
ချန်ဟွိုက်အန်က သူ၏ နောက်ကျောရှိ လိုဏ်ဂူမုခ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး မနေ့က သူ လုပ်ခဲ့သည်များကို ပြန်အမှတ်ရလိုက်သည်။ တောင်ကြီးတစ်ခုလုံးကို လင်းတိုင်င်ဖန်စွမ်းတောင်ဟု သူ နာမည်ပြောင်းခဲ့သည်။
လင်းတိုင်င်ဖန်စွမ်းတောင်၊ လစောင်းကြယ်သုံးပွင့် လိုဏ်ဂူ။
အခု နောက်ထပ်မျောက်တစ်ကောင်က တောင်တံခါးဝမှာ အရိုအသေလာပေးနေတယ်။
လခွမ်းတဲ့မှ…
ကွက်တိဖြစ်နေတာပဲ။
အရာအားလုံးက အတိအကျ ကွက်တိနေတာပဲ။
"အဲဒီ မျောက်နာမည်က ဘယ်လိုခေါ်လဲ။" သူက အလောတကြီး မေးလိုက်သည်။
"မျောက်တစ်ကောင်မှာ ဘယ်လိုလုပ်ပြီးတော့ နာမည်ရှိနိုင်မှာလဲ..." ယွဲ့ချန်ချီက ထူးဆန်းစွာ ပြောလိုက်သည်။ "မိစ္ဆာတွေတောင် ကိုယ့်ကိုယ်ကိုယ် နာမည် မပေးကြဘူး။ သူတို့အားလုံးက စွမ်းအားနည်းနည်း ရလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရင်၊ သခင်၊ ဒါမှမဟုတ် မဟာပဏ္ဍိတလို ခမ်းနားတဲ့ဘွဲ့နာမည်တွေ ပေးကြတာချည်းပဲ။"
"နာမည်မရှိဘူးလား။ အဲဒါ ကောင်းတယ်။"
ချန်ဟွိုက်အန်က စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
ဒီလို ဆင်တူတဲ့ကံကြမ္မာတွေက အနာဂတ်ကို ကြိုတင်နိမိတ်ပြနေတာလား။
"ဘိုးဘေးကြီး၊ ဒီမျောက်ကို တကယ်ပဲ တပည့်အဖြစ် လက်ခံချင်နေတာတော့ မဟုတ်ဘူးမလား။"
ယွဲ့ချန်ချီက ချန်ဟွိုက်အန်၏အမူအရာ တစ်ခုခု လွဲချော်နေကြောင်း ခံစားမိလိုက်သည်။
"လက်ခံမှာပေါ့။ ဘာလို့ လက်မခံရမှာလဲ။"
ချန်ဟွိုက်အန်က လက်ဝှေ့ယမ်းလိုက်ပြီး ယွဲ့ချန်ချီအား မျောက်ကိုခေါ်လာရန် ပြောတော့မည့်ဆဲဆဲ ရုတ်တရက် ရပ်တန့်သွားသည်။
"အင်း... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။"
သူ ခဏ စဉ်းစားလိုက်ပြီး ထိုမဟာပဏ္ဍိတ၏ဘဝကို ပြန်လည်အမှတ်ရကာ အံကြိတ်ပြီး စိတ်ကို တင်းမာအောင် ထားထားကာ ပြောလိုက်သည်။
"သူ့ကို အပြင်မှာ တစ်ပတ်၊ နှစ်ပတ်လောက် အရင်ဒူးထောက်ခိုင်းထားလိုက်။"
…