အခန်း ၄၄၆
Vol. 45 Ch. 446
အခန်း(၄၄၆) ကြွယ်ဝခြင်းဆီ လမ်းကြောင်းလား
"ဟမ်…"
ယွဲ့ချန်ချီက ချန်ဟွိုက်အန်၏ အတွေးအမြင်များကို နားလည်ရန် ခက်ခဲနေသည်။
မျောက်ကို အဘယ်ကြောင့် တပည့်အဖြစ် လက်ခံနေကြောင်း သူ နားမလည်ပေ။
မျောက်က အပြင်တွင် မည်သည်ကြောင့် ဒူးထောက်နေရကြောင်းကိုလည်း သူ နားမလည်ပေ။
သို့သော်လည်း ဘိုးဘေးကြီးတွင် ထိုသို့လုပ်ရသည့် အကြောင်းရင်းများ ရှိရပေမည်။
သူက သံသယများကို ရင်ထဲတွင်သာ သိမ်းထားပြီး သတင်းစကားပါးရန် လှည့်ထွက်သွားခဲ့သည်။
ကောင်းသောကိစ္စများ ဖြစ်လာသောအခါ လူများက စိတ်လှုပ်ရှား တက်ကြွနေတတ်ကြသည်။ ချန်ဟွိုက်အန်က ပျော်ရွှင်သော စိတ်အခြေအနေဖြင့် လိုဏ်ဂူသို့ ပြန်ရောက်လာသည်။ မော့ကြည့်လိုက်သောအခါ လီချင်းရန်က ဝါးခုတင်ပေါ်တွင် မတ်မတ်ထိုင်နေသည်ကို သူ မြင်လိုက်ရ၏။ ကောင်မလေး၏ ရှက်ရွံ့မှုများမှာ သိသိသာသာ လွန်မြောက်သွားပြီ ဖြစ်သည်။ သူ၏ အေးစက်စက် အသွင်အပြင်က တည်ငြိမ်အေးချမ်းသော ခံစားချက်မျိုး ပေးစွမ်းနေ၏။
"အကြီးအကဲချန်၊ ဘာကိစ္စများလဲ။ ဘာလို့ ဒီလောက် ပျော်နေရတာလဲ။ ကျွန်မကို ပြောပြ။"
လီချင်းရန်က ဂိုဏ်းချုပ်မုဒ်သို့ ဝင်ရောက်သွားသောအခါ စကားပြောဆိုမှုတွင် မေးခွန်းထုတ်စရာ မလိုသော အာဏာအငွေ့အသက်များ ပါဝင်နေသည်။
"ငါ တပည့်တစ်ယောက် လက်ခံတော့မယ်။ ပြီးတော့ အဲဒီတပည့်က မျောက်တစ်ကောင်ပဲ။"
လီချင်းရန်၏ အမူအရာ ပြောင်းလဲသွားသည်။ "ယောကျ်ားလေး တပည့်လား၊ ဒါမှမဟုတ် မိန်းကလေး တပည့်လား။ ဪ ဟုတ်သားပဲ... ဆရာ၊ ကျွန်မက ဆရာ့ရဲ့ နောက်ဆုံးတပည့်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
ဂိုဏ်းချုပ်၏ ခန့်ညားသောအကြည့်များ ပျောက်ကွယ်သွားပြီး သစ္စာမရှိသော ယောကျ်ားတစ်ယောက်ကို ကြည့်နေသကဲ့သို့ သနားစရာကောင်းသော အကြည့်များဖြင့် အစားထိုး ဝင်ရောက်လာသည်။
"မှတ်မိတာပေါ့။" ချန်ဟွိုက်အန်က ချောင်းဟန့်လိုက်သည်။ "ငါ ပြောချင်တာက သူ့ကို ဂိုဏ်းထဲမှာ နာမည်ခံ တပည့်အဖြစ်ပဲ လက်ခံမှာလို့ ပြောတာ။ သူ့ကို သင်ကြားပေးရမယ့် တာဝန်ကိုပဲ ငါ ယူမှာပါ၊ ဒါပေမဲ့ သူ့ကို ငါ့တပည့်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။"
ဤစကားကို ကြားသော်လည်း လီချင်းရန် မတုန်လှုပ်ဘဲ ထပ်မေးလိုက်သည်။ "ယောကျ်ားလေး တပည့်လား၊ ဒါမှမဟုတ် မိန်းကလေး တပည့်လား။"
"နှစ်ခုစလုံး မဟုတ်ဘူး။"
"နှစ်ခုစလုံး မဟုတ်ဘူး ဟုတ်လား။ လိင်နှစ်မျိုးစလုံး ပါနေတာများလား။" ချန်ဟွိုက်အန်အပေါ် လီချင်းရန်၏ အကြည့်များမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။
"မင်း ဘာတွေ တွေးနေတာလဲ။" ချန်ဟွိုက်အန်က လက်လှမ်းပြီး လီချင်းရန်၏နဖူးကို ခေါက်လိုက်သည်။ "သူက မျောက်လေ။"
"ဆရာက မျောက်တွေကိုတောင် မချန်တော့ဘူးလား..."
ချန်ဟွိုက်အန် မျက်လုံးထဲ မှောင်သွား၏။ "ဒီစကားတွေ မင်းကို ဘယ်သူသင်ပေးတာလဲ။"
လီချင်းရန် - "လင်းလင်လင်လေ။"
ချန်ဟွိုက်အန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ကျောက်ရင်က ရည်မှန်းချက်ကြီးပြီး ကောင်းတဲ့အရာတွေကို သင်ပေးတယ်။
လင်းလင်ကလင်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားနေတဲ့ပုံပဲ။
"နောက်တစ်ခါ လင်းလင်လင်ဆီကနေ ထူးဆန်းတာတွေ ဘာမှမသင်နဲ့တော့။ မင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူး။"
လီချင်းရန် ခေါင်းစောင်းကာ မှင်တက်သွားသည်။ "ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာလို့ မကောင်းရတာလဲ။"
"ဟေး။ မင်း ယွဲ့ချန်ချီလို ဖြစ်ချင်ရင် ဆရာပြောတာကိုပဲ နားထောင်။" ချန်ဟွိုက်အန်က ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြောလိုက်သည်။
လီချင်းရန်က မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများကို အားကျပြီး မနာလိုဖြစ်စေသော ယွဲ့ချန်ချီ၏ လွန်ကဲစွာ ဖွံ့ဖြိုးနေသော အခြေအနေကို တွေးမိကာ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ငါ့မှာ တခြား လုပ်စရာတွေ ရှိသေးတယ်။ အခု ငါ သွားတော့မယ်။"
ချန်ဟွိုက်အန်က အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ခွန်းလွန် အင်မော်တယ်နန်းတော်သို့ ရောက်ရန် သိပ်မလိုတော့ဟု ခံစားလိုက်ရသည်။
မထွက်ခွာခင် သူက ထပ်ပြောသည်၊ "ဂိုဏ်းထဲက တပည့်တွေကို အဲဒီ မျောက်ကို သွားမကြည့်ဖို့ ပြောလိုက်။ အခု သူက တောင်တံခါးဝ အပြင်ဘက်မှာ ဒူးထောက်နေတယ်။ ငါ့ဂိုဏ်းထဲ ဝင်ချင်တယ်ဆိုတော့ကာ စမ်းသပ်မှု တစ်ခုကို ဖြတ်သန်းရမှာပေါ့။ သူ တကယ်ပဲ စိတ်ရင်းမှန်တယ်ဆိုရင် နေလို့ရတယ်။ မဟုတ်ရင်တော့ ငါတို့က ဆုံတွေ့ဖို့ ဖန်လာပေမယ့် ပေါင်းဖက်ဖို့ ရေစက်မပါဘူးလို့ပဲ ပြောရမှာပေါ့။"
"ဆရာ။ ဒီမျောက်က သာမန်မိစ္ဆာလေး တစ်ကောင်ပါ။ ငတ်သေသွားရင် ဘယ်လိုလုပ်မလဲ။"
"အင်း..." ချန်ဟွိုက်အန် ခဏတာ တွန့်ဆုတ်သွားသည်၊ "မင်းရဲ့တပည့်တွေကို သူ့ဆီ နေ့တိုင်း သစ်သီးတွေ သွားပို့ခိုင်းလိုက်လေ။ ဒါပေမဲ့ တမင်သက်သက် လုပ်နေတယ်လို့ မထင်ရစေနဲ့။"
သူ မူလက အရာအားလုံးကို အတိအကျ ပုံတူကူးချရန် ရည်ရွယ်ခဲ့သည်။
သို့သော် ဤမျောက်သည် နွီဝါးကျောက်တုံးမှ ထွက်ပေါ်လာသော ကျောက်မျောက် မဟုတ်ပေ။ ထို့ကြောင့် ၎င်းထံမှ အများကြီး မျှော်လင့်၍မရပေ။
...
ခွန်းလွန်အင်မော်တယ်နန်းတော်။
"C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူး ချန်ဟွိုက်အန် ဟုတ်လား။"
ဟွာကျင်းက ဝမ်ရှိုယီ ဘေးနားတွင် ဒူးထောက်နေသော အမျိုးသားကို ငုံ့ကြည့်လိုက်ပြီး အံ့အားသင့်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
အရမ်းခန့်တာပဲ။
သံသရာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးသော အတွေ့အကြုံနှင့် အသိပညာအားလုံးနှင့်ပင် ဤမျှခန့်ညားသော အမျိုးသားမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဒီလို ယောကျ်ားမျိုးက အရည်အချင်း သိပ်မရှိရင်တောင် လက်တိုလက်တောင်းခိုင်းဖို့ အနားမှာ ထားတာကကို ပျော်စရာတစ်ခုပဲ။
"ဂျူနီယာ ချန်ဟွိုက်အန် အရှင်မကို အရိုအသေပေးပါတယ်။"
ချန်ဟွိုက်အန်က အနေခက်စွာဖြင့် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
သူက ဘိုးဘေးကြီးအဖြစ် နေသားကျနေပြီး ပုံမှန်အားဖြင့် တခြားသူများက သူ့ကို အရိုအသေပေးလေ့ရှိသည်။ သူက တခြားသူများကို အရိုအသေပေးလေ့ မရှိပေ။ ဤအခြေအနေက သူ့ကို ခဏတာ အနေခက်သွားစေ၏။
"တကယ်ကို ခန့်ညားတဲ့ ယောကျ်ားပဲ။"
ဟွာကျင်းလည်း အလွန် ကျေနပ်သွား၏။
ချန်ဟွိုက်အန်က ရိုးသားသော အမျိုးသားတစ်ဦးနှင့် တူသည်။
သူ၏ အချစ်ဆုံးတပည့် ဝမ်ရှိုယီက ထောက်ခံပေးထားခြင်းဖြစ်၍ ဘက်လိုက်မှု အနည်းငယ် ပါဝင်နေသည်မှာ ပုံမှန်ပင်။
"အရှင်မရဲ့ တန်ဖိုးထားမှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အရှင်မအတွက် လက်ဆောင်ငယ်လေးတစ်ခု ပြင်ဆင်လာပါတယ်။ အရှင်မအနေနဲ့ အပြစ်မယူဘူးလို့ မျှော်လင့်ပါတယ်။" ချန်ဟွိုက်အန်က သေတ္တာတစ်လုံးကို ထုတ်ယူကာ ဝမ်ရှိုယီထံသို့ ကမ်းပေးလိုက်ပြီး ဝမ်ရှိုယီက ဟွာကျင်းထံသို့ ယူသွားပေးရန် အချက်ပြလိုက်သည်။
သေတ္တာကို ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအထဲတွင် ဆေးလုံးများ ပါဝင်ကြောင်း ဟွာကျင်း သိလိုက်၏။
ဖွင့်ကြည့်သောအခါ အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်နေသည်။ ၎င်းတို့အားလုံးမှာ ရှေးဟောင်းစာအုပ်များတွင် မတွေ့ရသော ဆေးလုံးများ ဖြစ်သော်လည်း အသုံးပြုထားသော ပစ္စည်းများမှာ ကမ္ဘာမြေပေါ်တွင် ရနေပြီဖြစ်သော အရာများ ဖြစ်သည်။ ဆိုလိုသည်မှာ ချန်ဟွိုက်အန်တွင် လုံးဝ ကွဲပြားခြားနားသော ဆေးနည်းများ ရှိနေခြင်း ဖြစ်သည်။
"အသက်ဓာတ်ကို ပြန်လည်ပြည့်ဖြိုးစေတာ၊ ပြတ်တောက်သွားတဲ့ ခြေလက်အင်္ဂါတွေကို အသစ်ပြန်ဖြစ်စေတာ၊ စိတ်ကို တည်ငြိမ်စေတာ... ပြီးတော့ နုပျိုမှုကို ထိန်းသိမ်းပေးတဲ့ ဆေးလုံးတွေတောင် ပါသေးတယ်။"
"အရှင်မက တကယ်ကို အမြင်စူးရှတာပဲ…" ချန်ဟွိုက်အန်က ချီးကျူးလိုက်သည်။ "ဆေးလုံးလေးမျိုးရဲ့ အာနိသင်ကို တစ်ချက်ကြည့်ရုံနဲ့ သိနေတယ်။"
"အရှင်မက တိုက်ပွဲနည်းဗျူဟာတွေနဲ့ အခင်းအကျင်းတွေမှာ ကျွမ်းကျင်ရုံတင်မကဘူး။ အဂ္ဂိရတ်ပညာမှာလည်း ပြိုင်ဘက်ကင်းတယ်။ ခွန်းလွန်အင်မော်တယ်နန်းတော်က အဂ္ဂိရတ်အကြီးအကဲတွေ အားလုံးကို အရှင်မ ကိုယ်တိုင် သင်ကြားပေးခဲ့တာ။ ပြီးတော့မှ အဲဒီအကြီးအကဲတွေက သူတို့ရဲ့တပည့်တွေကို ဘယ်လိုမျိုး ဆေးသန့်စင်ရမလဲ ဆိုတာကို သင်ပေးခဲ့တာပါ။" ချန်ဟွိုက်အန်က အရှင်မအား ချီးကျူးသည်ကို ကြားရသဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဝမ်ရှိုယီက ပြုံးလျက် ပြောလိုက်သည်။
ချန်ဟွိုက်အန် အပြင်ပန်းတွင် တည်ငြိမ်နေသည်။
သို့သော် သူ၏ရင်ထဲတွင်မူ အထင်အမြင်သေးနေသည်။
ဒီခွန်းလွန်အင်မော်တယ်နန်းတော်က အသုံးမကျတဲ့ ဆေးလုံးတွေကိုများ ဆေးသန့်စင်ခြင်းလို့ သတ်မှတ်လို့ ရလို့လား။ ချင်းယွန်ဘုံရဲ့ အခြေခံခိုင်မာတဲ့ ဆေးသန့်စင်ခြင်းပညာရပ်နဲ့ ယှဉ်လိုက်ရင် ကျောက်ခေတ်နဲ့ သံခေတ်ကြားက ကွာခြားချက်လိုပဲ။
"လူတိုင်းမှာ ကိုယ်ပိုင် အထူးကျွမ်းကျင်မှုတွေ ရှိကြတာပဲ။ ဆေးသန့်စင်ခြင်းကို ပညာရှင်တွေဆီမှာပဲ ထားခဲ့သင့်တယ်။" ဟွာကျင်းက ဝမ်ရှိုယီနှင့် သူ၏တပည့်များ၏ မြှောက်ပင့်မှုများကို ခံနိုင်ရည်ရှိကြောင်း ထင်ရှားပြီး တည်ငြိမ်စွာ ပြောသည်။
"အုပ်ချုပ်ရေးမှူးချန် ရောက်လာပြီဆိုမှတော့ ငါတို့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်လာဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုတာပဲ။ မင်းက လွတ်လပ်ခွင့်ကို ပိုပြီးတော့ သဘောကျတယ်လို့ ငါကြားထားတယ်။ ဒါကြောင့် တပည့်တွေကို ဆေးသန့်စင်ခြင်းတာအို သင်ပေးဖို့ တစ်လကို တစ်ရက်ပဲ ခွန်းလွန် အင်မော်တယ်နန်းတော်ကို ပြန်လာရမယ်။"
"ပြီးတော့ ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မင်းရဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုကိုပဲ မင်း ဆေးလုံးတွေ ထောက်ပံ့ခွင့် ရှိတယ်။ အဲဒီအတွက် ငါတို့က မင်းကို အခကြေးငွေနဲ့ ဆေးသန့်စင်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးမယ်။ ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ မဟာမိုးကြိုးကျောင်းတော်လိုမျိုး တခြားဂိုဏ်းတွေကို ဘယ်ဆေးလုံးမှ မထောက်ပံ့ရဘူး။"
"ဒါဆို အဲဒါက မင်းအတွက် ဖြစ်နိုင်ရဲ့လား။"
ချန်ဟွိုက်အန်က စကားလုံး တစ်လုံးချင်းစီကို သေချာ စဉ်းစားလိုက်သည်။
တစ်လကို တစ်ခါ သူလျှိုလုပ်တမ်း ကစားရတာ လုံးဝ လက်ခံနိုင်စရာပဲ။
ဒီနည်းလမ်းက ပေါ်သွားနိုင်တဲ့အန္တရာယ်ကို လျှော့ချပေးနိင်မယ့်အပြင်ကို ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို သိသာထင်ရှားတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်စေနိုင်တယ်။
ငါက ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် အကြီးအကဲ တစ်ယောက်ပဲလေ။
ခွန်းလွန်အင်မော်တယ်နန်းတော်အတွင်းမှာ တခြားတပည့်တွေ သွားခွင့်မရှိတဲ့ နေရာတွေ အများအပြားကို ငါ သွားလို့ရနိုင်တယ်။
ဆေးသန့်စင်ဖို့ပစ္စည်းတွေ ထောက်ပံ့ပေးစရာ မလိုတဲ့အပြင်ကို အခကြေးငွေတောင် ရသေးတယ်။
ပစ္စည်းတွေ ဘယ်လောက်လိုလဲဆိုတာက ငါ့စကားအပေါ်မှာပဲ မူတည်နေတယ် မဟုတ်လား။ နည်းနည်းလောက် အလွဲသုံးစား လုပ်ရင် ဘယ်သူက သိမှာလဲ။
တခြားအရာတွေ အားလုံးကို ဖယ်ထားလိုက်ရင် ဒီအရှင်မက အတော်လေး စိတ်ရင်းမှန်တာပဲ။
ဤအတွေးဖြင့် သူက ဟွာကျင်းကို လက်အုပ်ချီကာ ဦးညွှတ်လိုက်ပြီး ပြောသည်။ "ဒီဂျူနီယာမှာ ကန့်ကွက်စရာ မရှိပါဘူး။"
"သိပ်ကောင်းတယ်။" ဤစကားကို ကြားသောအခါ ဟွာကျင်း အလွန် ဝမ်းသာသွားပြီး လက်ဝှေ့ယမ်း ပြလိုက်သည်။
ငွေဗန်းများကို ကိုင်ဆောင်ထားသော တပည့်နှစ်ဦးက လိုက်ကာနောက်ကွယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ဗန်းတစ်ဗန်းတွင် ရွှေချထားသော ကျောက်စိမ်းဖြူဆေးအိုးတစ်ခု ပါရှိပြီး အခြားဗန်းတစ်ခုတွင်မူ သိုလှောင်လက်စွပ်တစ်ကွင်း၊ အဝတ်အစားတစ်ထပ်နှင့် ကျောက်စိမ်းပြားတစ်ခု ပါရှိသည်။
"ဒါက ဒီလအတွက် မင်းရဲ့ ဝိညာဉ်ကျောက်စိမ်း ဝေစုပဲ။ ဝိညာဉ်ကျောက်စိမ်း မိုင်းတွင်းကို မတူးဖော်ရသေးဘူး။ ပြီးတော့ အခု ဝိညာဉ်ကျောက်စိမ်းက အပိုင်းအစလေးတွေပဲ ရှိသေးတယ်။ ဒါပေမဲ့ အသုံးပြုဖို့အတွက်တော့ မထိခိုက်ပါဘူး။ ငါတို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်က ဝိညာဉ်ကျောက်စိမ်း မိုင်းတွင်းကို သိမ်းပိုက်ပြီးတာနဲ့ ဝေစုကိုလည်း အဲဒီအတိုင်း တိုးပေးသွားမှာပါ။"
"ဒီဆေးအိုးက ငါ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ရတနာတစ်ခုပဲ။ ပြီးတော့ ဒီအဝတ်အစားတွေက ခွန်းလွန် အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲဝတ်စုံပဲ။ ကျောက်စိမ်းပြား အတွက်ကတော့ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။"
ဟွာကျင်းက ဗန်းပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြကာ တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် သူ၏နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ပေါ်လာပြီး တောက်ပပြီး မာနကြီးသော အမူအရာက မျက်နှာဖုံး နောက်မှနေ၍ ထွန်းလင်းလာသည်။
"ခွန်းလွန်အင်မော်တယ်နန်းတော်ကနေ ကြိုဆိုပါတယ် အကြီးအကဲချန်။ မင်းက လမ်းမှန်ကို ရွေးလိုက်တာပဲ။"
"အင်မော်တယ်အဖြစ်ကို တက်လှမ်းနိုင်မယ့် လမ်းကျယ်ကြီးကိုပေါ့။"
...