အခန်း ၄၄၇
Vol. 45 Ch. 447
အခန်း(၄၄၇) ငွေကြေးအသစ်တွေ့ရှိ
"ဒါက အရှင်မ စီနီယာ့အတွက် ပြင်ဆင်ပေးထားတဲ့ လိုဏ်ဂူအိမ်ပါ။"
ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို မျှော်စင်ပုံစံ အဆောက်အအုံတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
လိုဏ်ဂူအိမ်ဟု ခေါ်သော်လည်း ၎င်းမှာ အတော်လေး ခမ်းနားပုံပေါ်ပြီး မျှော်စင်ထဲမှ သဲ့သဲ့မျှ ထွက်ပေါ်လာသော ဆေးရနံ့များကို ရှူရှိုက်မိနိုင်သည်။
တံခါးကို ဖွင့်လိုက်ရာ ဆေးရနံ့များ ပိုမို ပြင်းထန်လာသည်။ လမ်းလျှောက်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မီးခိုးရောင် တာအိုဝတ်ရုံများကို ဝတ်ဆင်ထားသော ခွန်းလွန် တက်လှမ်းသူအုပ်စုများက အလုပ်ရှုပ်နေကြပြီး တစ်ဦးစီ၏ရှေ့တွင် ဆေးအိုး တစ်အိုးစီ ရှိနေသည်။ လျှောက်လမ်း၏ အလယ်ဗဟိုတွင် စိမ်းပြာရောင် ဝတ်ရုံဝတ် တက်လှမ်းသူ နှစ်ဦးက မီးခိုးရောင်ဝတ် တပည့်များကြားတွင် ကင်းလှည့်နေကြသည်။
အပြာရောင် ဝတ်ရုံဝတ်ထားသူများမှာ ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲများ ဖြစ်သည်။ ဝမ်ရှိုယီက သူ့ကို ကြိုပြောထားပြီး ဖြစ်သည်။ သူတို့၏အရှိန်အဝါများကို အကဲခတ်ကြည့်ရသလောက် အကြီးအကဲ နှစ်ဦးစလုံးမှာ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော် ဟွာကျင်း ယခုလေးတင် သူ့ကို ပေးလိုက်သော ဝတ်စုံမှာ ပို၍ရင့်သော အပြာရောင် ဖြစ်သည်။
ခွန်းလွန်အင်မော်တယ်နန်းတော်တွင် လူတစ်ယောက်၏ အဝတ်အစားအရောင် ရင့်လေလေ အဆင့်အတန်း မြင့်လေလေ ဖြစ်သည်။
တစ်ဦးတည်းသော ခြွင်းချက်မှာ ဟွာကျင်း ဖြစ်ပြီး အင်မော်တယ်နန်းတော်တစ်ခုလုံးတွင် သူတစ်ဦးတည်းသာ အဖြူရောင် တာအို ဝတ်ရုံကို ဝတ်ဆင်သည်။
"အကြီးအကဲဝမ်၊ အကြီးအကဲလီ၊ ဒါက ဆေးစံအိမ်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ချန်ဟွိုက်အန်ပါ။"
ဝမ်ရှိုယီ၏ မိတ်ဆက်စကားကို ကြားသောအခါ အပြာရောင်ဝတ်ရုံဝတ် တက်လှမ်းသူ နှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြပြီး အမူအရာများ အနည်းငယ် ပြောင်းလဲသွားကာ ချန်ဟွိုက်အန်ကို ကြည့်နေသော သူတို့၏ မျက်လုံးများတွင် သတိဝီရိယများ ပြည့်နှက်နေသည်။
"ဝမ်ရှိုယီ၊ ဆေးစံအိမ်မှာ ဂုဏ်ထူးဆောင် အကြီးအကဲတွေ ခန့်အပ်တယ်ဆိုတာ ငါတို့ ဘာမှ မကြားမိပါဘူး။"
"ဒါ အရှင်မရဲ့ အမိန့်ပဲ။" ဝမ်ရှိုယီ၏အမူအရာ အေးစက်သွားသည်။ "ဘာလဲ၊ ခင်ဗျားတို့ နှစ်ယောက်က အမိန့်ကို မနာခံတော့ဘူးလား။"
အကြီးအကဲနှစ်ဦးက အလျင်စလို ပြန်ဖြေသည်။ "မဝံ့ရဲပါဘူး။"
"အခုကစပြီးတော့ အကြီးအကဲချန်က ဆေးစံအိမ် တစ်ခုလုံးကို တာဝန်ယူလိမ့်မယ်။ ခင်ဗျားတို့က အကြီးအကဲချန်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို လိုက်နာရမယ်။ အကြီးအကဲချန်က တစ်လတစ်ခါ ပြန်လာပြီးတော့ ဟောပြောပို့ချလိမ့်မယ်။ အခု အကြီးအကဲချန်ကို သူ့အခန်းဆီ ခေါ်သွားမလို့။ ခင်ဗျားတို့ထဲက ဘယ်သူမှ အဲဒီအခန်းထဲကို ထပ်မဝင်ရဘူး။ နားလည်လား။"
အကြီးအကဲနှစ်ဦး၏အဖြေကို မစောင့်တော့ဘဲ ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို အထဲသို့ ခေါ်ဆောင်သွားသည်။
ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး သူတို့ဆီသို့ စူးစမ်းလေ့လာလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
ချန်ဟွိုက်အန်က အတွင်းဘက်ဆုံး အခန်းထဲ ဝင်သွားသည်အထိ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။
"မင်းရဲ့ ဆေးစံအိမ်က လူတွေက သိပ်ဖော်ရွေပုံ မပေါ်ဘူးနော်။ အဲဒီအကြီးအကဲ နှစ်ယောက်က ငါ့ကို အရှင်လတ်လတ် စားပစ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ။"
"ဒါ စီနီယာ့ရဲ့ တည်ရှိမှုက သူတို့ရဲ့ နေရာကို ခြိမ်းခြောက်နေလို့လေ။"
ဝမ်ရှိုယီက တံခါးကိုပိတ်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ "ကျွန်တော်တို့ ခွန်းလွန်အင်မော်တယ်နန်းတော်က အရင်လာသူ အရင်ရဆိုတာကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ စွမ်းအားကသာ အရာရာပဲ။ မြင့်မားတဲ့နေရာတစ်ခုကို လိုချင်ရင် အဲဒီနေရာနဲ့ထိုက်တန်တဲ့ အရည်အချင်း ရှိဖို့လိုတယ်။ စီနီယာ့ရဲ့ အဂ္ဂိရတ် ပညာရပ်တွေက သူတို့ထက် သာလွန်နေတော့ စီနီယာ့ရဲ့ အဆင့်အတန်းက သူတို့ထက်မြင့်တာ သဘာဝပါပဲ။"
"သူတို့ ပြဿနာရှာရဲရင် စီနီယာကိုယ်တိုင် သူတို့ကို အလွယ်တကူ ရှင်းပစ်လိုက်လို့ရပါတယ်။ အရှင်မက စီနီယာ ကောင်းကောင်း လုပ်ခဲ့တယ်လို့ပဲ ထင်မှာပါ၊ စီနီယာ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။"
"တကယ်လား။ အရှင်မက တော်တော်လေး သဘောထား ပွင့်လင်းတာပဲ။"
ချန်ဟွိုက်အန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဂိုဏ်းတစ်ခုတွင် အစွမ်းရည်ဆုံးသူများကသာ မြင့်မားသောနေရာများကို ရယူနိုင်မည်ဟူသော စည်းမျဉ်းသည် အလွန် တရားမျှတသည်။
တက်လှမ်းသူများ၏ ခေါင်းဆောင်ဆိုသည့်အဆင့်အတန်းကို ဘေးဖယ်ထားလိုက်လျှင် ဟွာကျင်းတွင် ဂိုဏ်းအုပ်ချုပ်မှုနှင့် ပတ်သက်၍ အနည်းဆုံးတော့ အရည်အချင်းအချို့ ရှိပေသည်။
"ဂိုဏ်းက တရားမျှတတဲ့ယှဉ်ပြိုင်မှုကို အမြဲတမ်း အားပေးတယ်။ ဘာပဲဖြစ်ဖြစ် ခွန်းလွန်အင်မော်တယ်နန်းတော် အထဲကို ဝင်လာတယ်ဆိုတာ အင်မော်တယ်ဖြစ်မယ့်သူတွေရဲ့ ရှေ့တန်းမှာ ရပ်တည်နေတာကို ဆိုလိုတာပဲ။ ကျွန်တော်တို့က အချိန်၊ လူနဲ့ ကောင်းကင်ကို ဖီဆန်တဲ့သူတွေလေ။ အနှီးထုပ်ထဲမှာ အကာအကွယ် ပေးထားတဲ့ ကလေးတွေမှ မဟုတ်တာ။"
ဝမ်ရှိုယီက အရှင်မထံမှ ချန်ဟွိုက်အန် ယခုလေးတင် ရရှိခဲ့သော သိုလှောင်လက်စွပ်ကို လက်ညှိုးထိုး ပြလိုက်သည်။
"စီနီယာ၊ အရှင်မက စီနီယာ့ကို ဝေစု ဘယ်လောက် ပေးထားလဲဆိုတာ မကြည့်ချင်ဘူးလား။"
ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန်က သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်လိုက်၏။ အထဲတွင် မြစိမ်းရောင် ပုတီးစေ့ အလုံးတစ်ရာခန့် ရှိနေသည်။
သူက ၎င်းတို့ထဲမှ တစ်လုံးကို ထုတ်ယူလိုက်ရာ အခန်းထဲရှိ စိတ်ဝိညာဉ် ချီစွမ်းအင်များ ချက်ချင်းပင် ပိုမို သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။
"ဒါက ဝိညာဉ်ကျောက်စိမ်း ပုတီးစေ့လား။"
ချန်ဟွိုက်အန်က ပုတီးစေ့ကို ကောက်ကိုင်လိုက်သည့် အခိုက်အတန့်တွင် အိတ်ကပ်ထဲရှိဖုန်းက ငါးကြိမ် ဆက်တိုက် တုန်ခါသွားသည်။
ပုံရိပ်ယောင်ကောင်မလေးဂိမ်းက အသိပေးချက်များ ပို့နေသည်မှာ အထင်အရှားပင်။
"ဟုတ်တယ်။ ဒါတွေက ဝိညာဉ်ကျောက်စိမ်း ပုတီးစေ့တွေပဲ။ ဒါတွေက အများကြီး မရှိဘူး။ အရှင်မက စီနီယာ့ကို တစ်လ အလုံးတစ်ရာတောင် ပေးဖို့ ဆန္ဒရှိတယ်ဆိုတာက စီနီယာ့ကို ဘယ်လောက်တောင် တန်ဖိုးထားလဲဆိုတာ ပြနေတာပဲ။"
ဝမ်ရှိုယီ၏လေသံတွင် အားကျမှုနှင့် လေးစားမှု အရိပ်အယောင်များ ပါဝင်နေ၏။
"အပြင်က အဲဒီအကြီးအကဲနှစ်ယောက် တစ်လကို ဘယ်လောက်ရလဲ။"
"၂၀။"
ချန်ဟွိုက်အန်က အံ့ဩတကြီး နှုတ်ခမ်းစုပ်သပ်လိုက်သည်။
အရှင်မက ငါ့ကို တကယ် အထင်ကြီးနေတာပဲ။
ကံဆိုးချင်တော့ ငါက သူလျှိုတစ်ယောက် ဖြစ်နေတယ်...
"စီနီယာ၊ ကျွန်တော်တို့ ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းကို သိမ်းပိုက်ပြီးတာနဲ့ ဝေစုက ပိုပြီးတော့တောင် များလာဦးမှာ။" ဝမ်ရှိုယီက မျှော်လင့်ချက်ကြီးစွာဖြင့် ပြောလိုက်သည်။ "အခုချိန်မှာ အရှင်မက သူ့ရဲ့ အရန် အရင်းအမြစ်တွေ အားလုံးကို အသုံးချနေတာ။ ဖရိုဖရဲခေတ်ကြီး စတင်တော့မယ်။ ကျွန်တော်တို့သာ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးနေမယ်ဆိုရင်၊ အနာဂတ်မှာ တက်လှမ်းခြင်းတာအိုကို သေချာပေါက် တက်လှမ်းနိုင်မှာပါ၊ ဟားဟား ဟားဟားဟားဟား..."
ချန်ဟွိုက်အန်က အကောင်းမြင်စိတ်များအပြည့်ဖြင့် ရူးသွပ်စွာ ရယ်မောနေသော ဝမ်ရှိုယီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
အင်မော်တယ်အဖြစ် တက်လှမ်းမယ့်လမ်းစဉ် ဟုတ်လား။
အဲဒါက အဆုံးမရှိ သံသရာလည်နေတဲ့ လမ်းဆုံးတစ်ခု သက်သက်ပဲ။
စစ်တုရင်ရုပ်တစ်ခုက စစ်တုရင်ခုံပေါ်ကနေ ခုန်ထွက်သွားရင်တောင်မှ အဲဒါက ခုံအပြင်ဘက်က စစ်တုရင်ရုပ် တစ်ခု ဖြစ်နေတုန်းပဲ။ ပြီးတော့ နောက်ဆုံးကျရင်လည်း ဘူးထဲကို ပြန်ထည့်ခံရမှာပဲလေ။
...
ဝမ်ရှိုယီ ထွက်သွားပြီးနောက် ချန်ဟွိုက်အန်က ဖုန်းကို ထုတ်လိုက်သည်။
ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်နှင့် အကွက် အများအပြား ပေါ်လာသည်။
[ ဗားရှင်းအဆင့်မြှင့်တင်မှု အသိပေးချက် ]
[ ကစားသူ၏ကမ္ဘာရှိ ငွေကြေးအပြောင်းအလဲကို တွေ့ရှိရသည် ]
[ ကစားသူများအား ပျော်ရွှင်ဖွယဂိမ်းအတွေ့အကြုံကို ပေးစွမ်းရန်ဆိုသည့် အဓိကမူဝါဒကို လိုက်နာလျက် လောကကြီး ပြောင်းလဲလာသည်နှင့်အမျှ ဂိမ်းမှ ငွေကြေးစနစ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏ ]
[ လက်ရှိ ငွေကြေး - ယွမ်။ ပြောင်းလဲမည့် ငွေကြေး - ကျောက်စိမ်း ]
[ ဝယ်ယူမှု စည်းမျဉ်းများ - ကစားသူ၏ လက်ရှိ ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမဆအဆင့်ကို ဥပမာအနေဖြင့် ယူပါက ဤအဆင့်ကို တစ်နာရီကြာ ထိန်းသိမ်းထားရန် ဝိညာဉ်ကျောက်စိမ်း တစ်သောင်း လိုအပ်သည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်ကို တစ်နာရီကြာ ထိန်းသိမ်းထားရန်အတွက် ဝိညာဉ်ကျောက်စိမ်း ၉သောင်း လိုအပ်သည်။ မဟာတက်လှမ်းခြင်း ပထမမြောက်အတိဒုက္ခအဆင့်မတိုင်မီ အခြေအနေကို တစ်နာရီကြာ ထိန်းသိမ်းထားရန် အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း တစ်သောင်း လိုအပ်သည်။ မဟာတက်လှမ်းခြင်း ပထမမြောက်နှင့် ဒုတိယမြောက်အတိဒုက္ခကြား အခြေအနေကို တစ်နာရီကြာ ထိန်းသိမ်ရန် အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း တစ်သိန်း လိုအပ်သည် (အတိဒုက္ခကျော်ဖြတ်ရန် လိုအပ်သည်)။ ဤပုံစံအတိုင်း ဆက်လက်သွားမည်ဖြစ်ပြီး စတိုးဆိုင်အတွင်းရှိ အဆင့်မြင့် ပစ္စည်းအမျိုးမျိုးနှင့် ပွဲစဉ်ကြောင့် ပေါ်လာသော အက်ပ်တွင်းဝယ်ယူမှု ရွေးချယ်စရာများကလည်း ၎င်းနှင့်အညီ ပြောင်းလဲသွားမည်ဖြစ်သည် ]
[ ကမ္ဘာ့ငွေကြေး ပြောင်းလဲသွားပြီးနောက် ဂိမ်း၏အကဲဖြတ်မှုအပေါ် အခြေခံ၍ ငွေကြေး အပြောင်းအလဲ တဖြည်းဖြည်း သက်ရောက်လာမည်ဖြစ်သည် ]
[ စိတ်မပူပါနှင့်၊ ကစားသူ။ ယွမ်ကို ပုံမှန်အတိုင်း အသုံးပြုနိုင်သေးပါသည် ]
…………………………………
ဂိမ်း အသိပေးချက်ကို ဖတ်ပြီးနောက် ချန်ဟွိုက်အန် လုံးဝ စိတ်ဓာတ်ကျသွားသည်။
ပိုက်ဆံထုတ်စက် တစ်ထောင် ဒါမှမဟုတ် ရှစ်ရာလောက်တောင် ရမယ်လို့ ပြောခဲ့သေးတယ်။ အခုကျတော့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေပြန်ပြီ။
မဟုတ်ဘူး။ ဖြစ်နိုင်သေးတယ်။
ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်း အပြည့်အဝ မပေါ်လာခင် ဒီအချိန်အတွင်းမှာ ဝယ်လို့ရသမျှ အကုန်ဝယ်ထားဖို့ ကြိုးစားရမယ်။
"ကြည့်ရတာ ငါတို့ လိုချင်ချင် မလိုချင်ချင် ဒီဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းအတွက် တိုက်ပွဲဝင်ရုံကလွဲပြီးတော့ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။"
ချန်ဟွိုက်အန်က တွန့်ဆုတ်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူ အမြန်ပြန်ပြီး ဂိုဏ်းတည်ထောင်ရေး ကိစ္စကို ကျန်းယိပိုင်နှင့် ဆွေးနွေးရန် လိုအပ်နေလေပြီ။
ဂိုဏ်းတစ်ခု မတည်ထောင်ထားဘူးဆိုရင် ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်း လုယက်မှုမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူး။ မဟုတ်ရင် လူတိုင်းရဲ့ တိုက်ခိုက်တာကို ခံရမှာ အသေအချာပဲလေ။
တံခါးကိုဖွင့်လိုက်သည်နှင့် အပြာရောင်ဝတ်ရုံဝတ် အကြီးအကဲနှစ်ဦးက မျက်နှာထား တင်းမာစွာဖြင့် ထိုနေရာတွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
"ခင်ဗျားတို့ နှစ်ယောက် ဘာလုပ်နေတာလဲ။ ဘာကိစ္စလဲ။"
ချန်ဟွိုက်အန် ခေတ္တရပ်သွားပြီး ညာလက်မှ ဓားရိုးကို သွားစမ်ကြည့်းလိုက်မှသာ သူ ကြေးခွံနက်ဓားကို ယူမလာခဲ့ကြောင်း သတိရသွားသည်။
သို့သော် ပြဿနာ မကြီးပေ။၊ သူ့ဆီတွင် အရန်အစီအစဉ်တစ်ခု ရှိသေးသည်။ ချန်ကျန်းဓားပင်။
"အကြီးအကဲချန်၊ မင်းက ဝမ်ရှိုယီနဲ့ ပတ်သက်မှုရှိလို့သာ ဆေးစံအိမ်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်လာတာ မဟုတ်လား။"
"ဝမ်ရှိုယီက အရှင်မရဲ့အချစ်တော်ဆိုတာ ငါတို့အားလုံး သိပါတယ်။ ဒါပေမဲ့ ခွန်းလွန်အင်မော်တယ်နန်းတော် အထဲမှာ အဆက်အသွယ်တွေက အရေးမပါဘူး။ စွမ်းအားကသာ အရာရာပဲ။ မင်းက ငါတို့ထက် အဆင့်အတန်း မြင့်ရင်တောင်မှ မင်းရဲ့လက်သီးတွေက မမာဘူးဆိုရင် ငါတို့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး။"
သူတို့နှစ်ယောက် အပြန်အလှန် စကားပြောပြီးနောက် ချန်ဟွိုက်အန် နောက်ဆုံးတော့ နားလည်သွားသည်။
သူတို့က လက်မခံဘူးပဲ။
ငါက ဒီနယ်မြေမှာ အသစ်ရောက်လာတဲ့သူတစ်ယောက်ပဲ။ ပြီးတော့ သူလျှိုတစ်ယောက် ဖြစ်နေတော့၊ အာရုံစိုက် မခံရအောင် ပြဿနာ မရှာသင့်ဘူး။
ဒါပေမဲ့ ငါက တကယ် အရေးတကြီးဖြစ်နေတာ။
"သဘောပေါက်ပြီ။"
ချန်ဟွိုက်အန်က ချန်ကျန်းဓားကို ကစားသူ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။
သူ၏ မူလက နူးညံ့သိမ်မွေ့သော သဘာဝက ဓားတစ်လက်ကဲ့သို့ ချက်ချင်း စူးရှထက်မြက်သွားပြီးနောက် ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့် ကျင့်ကြံမှုက ရွှေရောင်အနှစ်သာရ အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဝံပုလွေ သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ လွှမ်းမိုးသွားသည်။
ရွှေရောင်အနှစ်သာရအဆင့်ရှိ လူနှစ်ယောက်ကြားမှာတင် ကျင့်ကြံမှုအဆင့် နည်းနည်းလေး ကွာခြားခြင်းက မည်မျှလောက် ကွာခြားသွားနေကြာင်းကို သူတို့ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
အကြီးအကဲချန်ရဲ့ အစစ်အမှန်အနှစ်သာရက ဘာလို့ ဒီလောက်တောင် ထူထဲပြီး လေးလံနေရတာလဲ။။
ငါတို့ဆီက ထွက်လာတဲ့ အစစ်အမှန်ချီစွမ်းအင်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် လမင်းကြီးနဲ့ အလင်းရောင် လုနေတဲ့ ကြယ်လေးတွေလိုပဲ။
ဒါပေမဲ့ မြားက လေးကြိုးပေါ် ရောက်နေပြီဆိုတော့ ပစ်ရတော့မှာပဲ။
ငါတို့က စကားကြမ်းကြမ်းတွေ ပြောပြီးသွားပြီလေ။
ပြီးတော့ ဒါက အရှင်မရဲ့အမိန့်ဖြစ်နေတော့ အံကြိတ်ပြီး ရှေ့ဆက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။
...