အခန်း ၄၅၀
Vol. 45 Ch. 450
အခန်း(၄၅၀) ချီမုန်တိုင်းဆေးလုံး အသုံးပြုခြင်း
တစ်နာရီကြာပြီးနောက်။
လေဝိညာဉ်ဂိုဏ်းတွင် ငိုကြွေးညည်းတွားသံများ ပြည့်နှက်နေ၏။
တပည့်များအားလုံးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျင့်ကြံမှုများကို ဖယ်ရှားလိုက်ရသည်။
ဓားနက်ဂိုဏ်း တစ်ခုလုံးတွင် လူ၅၀ကျော် ရှိသည်။ ချီသန့်စင်ခြင်းအဆင့်သို့ ယခုလေးတင် ရောက်ရှိလာသော တပည့်များက ကြီးမားသော ဆုံးရှုံးမှုများ မခံစားရ၍ ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း တက်လှမ်းခြင်းတိုင် အကူအညီဖြင့် ရွှေရောင်အနှစ်သာရအဆင့် ရောက်ရှိနေပြီဖြစ်သော လီကျုံးစီကဲ့သို့သူများမှာမူ မျက်နှာပျက်ကာ စိတ်ဓာတ်ကျနေကြသည်။
"ငါ့ရဲ့ ရွှေရောင်အနှစ်သာရ၊ ငါ ခက်ခက်ခဲခဲ ကျင့်ကြံထားတဲ့ ရွှေအမြုတေ ပျောက်သွားပြီ၊ အကုန် မရှိတော့ဘူး။"
လီကျုံးစီက မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
"အသုံးမကျတဲ့ကောင်။"
ကျန်းယိပိုင်က လီကျုံးစီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူနှင့် ချန်ဟွိုက်အန်တို့သည် တက်လှမ်းခြင်းတိုင်အကြောင်းကို လေ့လာနေကြသည်။
ဤတက်လှမ်းခြင်းတိုင်သည် ယခင်ဓားနက်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အမှန်တကယ် သက်ဆိုင်မှု ရှိနေသည်။ ၎င်းကို ခွန်းလွန်အင်မော်တယ်နန်းတော်မှ ရရှိခဲ့သည်ဟု ဆိုကြသည်။
သို့သော် ဤတက်လှမ်းခြင်းတိုင်ကို ဂိုဏ်းအတွင်း ပေါ့ပေါ့ဆဆ အသုံးပြု၍ မရပေ။ ၎င်းကို အသက်သွင်းရန် ယဇ်ပူဇော်မှု တစ်ခု လိုအပ်သည်။
ယဇ်ပူဇော်ရန် အသုံးပြုသော ပစ္စည်းများမှာ အလွန် ရိုးရှင်းသည်။ စိတ်ဝိညာဉ် ချီစွမ်းအင်များ ပြန်လည်၍ နိုးထလာပြီးနောက် ပေါ်ထွက်လာသော မိစ္ဆာသားရဲ အမျိုးမျိုး၏ မိစ္ဆာအမြုတေများပင်။
ချန်ဟွိုက်အန် ခဏတာ စဉ်းစားလိုက်သည်။
မိစ္ဆာတွေကို သတ်ပြီး အဆင့်တက်တာ။ ယဇ်ပူဇော်တာ။ ဒါက တခြားဂိမ်းတွေမှာ အဆင့်တက်တာနဲ့ ဘာများ ကွာခြားလို့လဲ။
ထူးခြားတာက မိစ္ဆာကို သတ်လိုက်ရင် အတွေ့အကြုံရမှတ်တွေက သတ်တဲ့သူဆီ တိုက်ရိုက် မရောက်သွားတာပဲ။
အဲဒီအစား သူတို့က ဒီယဇ်ပူဇော်တဲ့နည်းလမ်းကို သုံးပြီးတော့ တက်လှမ်းခြင်းတိုင်တွေကို အတွေ့အကြုံ ရေကန်တွေလိုမျိုး ဖန်တီးကြတယ်။ ပြီးတော့မှ ဂိုဏ်းကအကြီးအကဲတွေက သူတို့ရဲ့ စွမ်းဆောင်ရည်အလိုက် ခွဲဝေပေးကြတာပေါ့။
"ညီလေး၊ အခုခေတ် ဂိုဏ်းတိုင်းမှာ ဒီလိုမျိုး တက်လှမ်းခြင်းတိုင်တွေ ရှိနေမယ်လို့ ငါ ထင်တယ်..."
ကျန်းယိပိုင် မျက်မှောင်ကြုတ်လိုက်သည်။
၎င်းက သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ပေ။ အကြောင်းမှာ တက်လှမ်းခြင်းတိုင်က မွေးရာပါ ပါရမီကို လျစ်လျူရှုပြီး ကြီးထွားမှုကို အတင်းအကျပ် တွန်းအားပေးနိုင်၍ပင်။
သာမန်လူများလည်း တက်လှမ်းခြင်းတိုင်မှတစ်ဆင့် ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။ သို့သော်လည်း ဝိညာဉ်အမြစ်များနှင့် တခြားမွေးရာပါ ပါရမီများ မရှိလျှင် သူတို့စွမ်းအားက ချင်းယွန်ဘုံမှ ကျင့်ကြံသူများထက် အများကြီး နောက်ကျကျန်နေခဲ့လိမ့်မည်။
"တက်လှမ်းခြင်းတိုင်ကို အသက်သွင်းဖို့ မိစ္ဆာဘယ်နှစ်ကောင်ကို ယဇ်ပူဇော်ဖို့လိုလဲ။"
ချန်ဟွိုက်အန်က မျက်နှာပျက်နေသော လီကျုံးစီကို မေးလိုက်သည်။
လီကျုံးစီက မျက်လုံးများကို ပင့်ကာ အားနည်းစွာ ပြောသည်။
"အသက်သွင်းဖို့အတွက် အခြေခံအုတ်မြစ်အဆင့် မိစ္ဆာသားရဲ ဆယ်ကောင်လောက် လိုပါတယ်။ ပြီးတော့ အခြေခံအုတ်မြစ်အဆင့် တက်လှမ်းသူ တစ်ယောက်ကလည်း အသက်သွင်းလို့ ရပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ အသက်သွင်းလို့ ထွက်လာတဲ့ တက်လှမ်းသူစွမ်းအင်က အခြေခံအုတ်မြစ်အဆင့် တပည့်တစ်ယောက်ကို အဆင့်ငယ် တစ်ခု၊နှစ်ခုလောက်ပဲ တက်ဖို့ ကူညီပေးနိုင်တယ်၊ အရမ်းကို နှေးပါတယ်။"
ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့က နှုတ်ခမ်းကို မဲ့လိုက်ကြသည်။
မင်းက ဒါကို နှေးတယ်လို့ ခေါ်တာလား။
ချင်းယွန်ဘုံမှာဆိုရင် အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူ တစ်ယောက်က အခြေခံအုတ်မြစ်အဆင့် မိစ္ဆာအကောင်တစ်ရာ သတ်ရင်တောင်မှ အဆင့်ငယ်တစ်ခု တက်နိုင်ပါ့မလား ဆိုတာ မသေချာဘူး။
"အော်မေ့တောင်မှာ မိစ္ဆာတွေ မရှိတော့ဘူးဆိုရင် တက်လှမ်းခြင်းတိုင်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဘယ်ကနေ သွားစုဆောင်းမှာလဲ။" ချန်ဟွိုက်အန် ထပ်မံ၍ မေးလိုက်သည်။
သူနှင့် ကျန်းယိပိုင်တို့ တောင်ပေါ်တက်လာစဉ်က မိစ္ဆာများ သိပ်မတွေ့ခဲ့ရပေ။
လက်ရှိအခြေအနေအရဆိုလျှင် တောနက်တောင်ခေါင်းများထဲတွင် မိစ္ဆာများ သောင်းကျန်းနေသင့်သည့်အချိန် ဖြစ်သည်။
"ကျွန်တော်တို့ သတ်နိုင်သမျှကို သတ်ပြီးပြီ။ ကျန်တဲ့ကောင်တွေကလည်း ပုန်းနေကြပြီ။" လီကျုံးစီ သက်ပြင်းချလိုက်သည်။ "အခု ကျွန်တော်တို့က ယဇ်ပူဇော်ဖို့ ပစ္စည်းတွေ လိုချင်ရင် မိစ္ဆာချိတ်ပိတ်မျှော်စင်ကိုပဲ သွားလို့ရတော့မယ်။ ချင်းလင်တောင်တန်းက မိစ္ဆာချိတ်ပိတ်မျှော်စင်က ပျက်စီးသွားပြီဆိုတော့ ကျွန်တော်တို့ သတ်ဖို့အတွက် မိစ္ဆာတွေရှာဖို့ တခြားမိစ္ဆာချိတ်ပိတ်မျှော်စင်တွေကိုပဲ သွားရတော့မယ်။ မိစ္ဆာချိတ်ပိတ်မျှော်စင်နဲ့ နီးလေလေ မိစ္ဆာတွေ ပိုများလေလေပဲ။ အဲဒါကြောင့် အဲဒီလိုမျိုး ခရီးစဉ်မျိုးကနေရတဲ့ အကျိုးအမြတ်က မနည်းပါဘူး။"
"သွားရပြန်ရတာ အတော်လေး ဒုက္ခများတယ်။ ကျွန်တော် ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်ချင်တယ် ဆိုရင်တောင် တစ်လ နှစ်လလောက်နဲ့တော့ မဖြစ်နိုင်တော့ဘူး။"
လီကျုံးစီ၏ လေသံတွင် မကျေနပ်မှုများ အပြည့် ပါဝင်နေပြီး သူ၏ သိုင်းပညာများ ဆုံးရှုံးသွားရခြင်းအပေါ် နာကြည်းနေဆဲဖြစ်ကြောင်း ထင်ရှားသည်။
သူ့အတွက်က သူ၏စွမ်းရည်များမှာ မိစ္ဆာများကို သတ်ဖြတ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော ရလဒ်များပင်။ ယခု ၎င်းတို့အားလုံး အလဟဿဖြစ်သွားရာ သူ မည်သို့ မနာကြည်းဘဲ နေနိုင်မည်နည်း။
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက သူ့ဘာသာ ဆက်ပြောသည်။
"နောက်ရက်အနည်းငယ်နေရင် ထျန်ဖူခရိုင်မှာ ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းတစ်ခု ပေါ်လာတော့မယ်။ အခု ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုတွေ ပျက်စီးသွားပြီဆိုတော့ ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းကို မသိမ်းပိုက်နိုင်ရင်၊ ကျင့်ကြံခြင်း အရင်းအမြစ်တွေ မရှိလို့ တခြားသူတွေထက် ပိုနှေးကွေးသွားတော့မယ်။ အော်မေ့တောင်က စိတ်ဝိညာဉ် ချီစွမ်းအင်တွေ အလိုအလျောက် စုဝေးလေ့ရှိတဲ့ ကောင်းချီးရတဲ့ နေရာတစ်ခုပဲ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ဂိုဏ်းကို အတင်း ဝင်တိုက်မယ့်သူတွေ သေချာပေါက် ရှိလာမှာ။ ဒါပေမဲ့ ကိုယ့်ဂိုဏ်းကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး။"
ဤစကားကို ပြောပြီးနောက် လီကျုံးစီက သက်ပြင်းချကာ မျက်ရည် နှစ်စက်ကို ထပ်မံ ညှစ်ထုတ်လိုက်သည်။
ကျန်းယိပိုင်က လီကျုံးစီကို လျစ်လျူရှုကာ ချန်ဟွိုက်အန်ထံသို့ တိတ်တဆိတ် အသံလွှင့်လိုက်သည်။ "ညီလေး၊ သူတို့ရဲ့ကျင့်ကြံမှုတွေကို ငါတို့ မမြှင့်တင်ပေးရင် သူတို့ရဲ့စိတ်ဓာတ်က တည်ငြိမ်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့ ပါရမီက အရမ်းကို ညံ့ဖျင်းပြီးတော့ ကျင့်ကြံဖို့ဆန္ဒလည်း မရှိကြဘူး။ ဥပမာ..."
"ခင်ဗျား ဆိုလိုတာက သူတို့ရဲ့အလားအလာတွေကို အလွန်အကျွံ ထုတ်သုံးပြီး တစ်ခုခု တည်ဆောက်ဖို့ ဆေးလုံးမျိုးတွေကို သုံးမလို့လား။"
ချန်ဟွိုက်အန်က ကျန်းယိပိုင်၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။
"ဟူး၊ ဒါပဲ လုပ်စရာ ရှိတော့တယ်။" ကျန်းယိပိုင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ဒီလူတွေရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ ချီမုန်တိုင်းဆေးလုံးကို သုံးမယ်ဆိုရင်တောင်မှ အဲဒါက တက်လှမ်းခြင်းတိုင် ဆိုတာကြီးကပေးအပ်တဲ့ ကျင့်ကြံမှုထက် ပိုပြီးတော့ ခိုင်မာသေးတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သာမန် တက်လှမ်းသူတွေထက် သာလွန်မှာကို သေချာပေါက် အာမခံနိုင်တယ်။"
"ပေးဆပ်ရမယ့်တန်ဖိုးက ကိုယ့်ရဲ့ အလားအလာတွေကို အကုန်ထုတ်သုံးပြီးရင် ရှေ့ဆက်တက်လို့ မရတော့တာပဲ ရှိတာ။"
"ဒါပေမဲ့ ဒါက လုံးဝတော့ မဟုတ်ပါဘူး။ တကယ်လို့ ဒီလူတွေထဲမှာ တာအိုအပေါ် တစ်စိုက်မတ်မတ် နှစ်မြှုပ်ထားတဲ့သူ တကယ် ရှိနေတယ်ဆိုရင် ကိုယ့်ရဲ့ အလားအလာတွေကို အကုန်ထုတ်သုံးရမယ်ဆိုရင်တောင် ကူညီပေးနိုင်မယ့်နည်းလမ်း ငါ့မှာ ရှိပါတယ်။"
ဆိုလိုသည်မှာ အရည်အချင်းမရှိလျှင် သာမန်ကျင့်ကြံသူ တစ်ယောက်သာ လုပ်နေသင့်ကြောင်း သဘောပင်။
"ကောင်းပြီ၊" ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ "ချီမုန်တိုင်းဆေးလုံးကို သုံးကြတာပေါ့။"
ထိုလုပ်ရပ်က လူမဆန်သော်လည်း တက်လှမ်းခြင်းတိုင်ထက် ပိုကောင်းနေသေးသည်။
ထို့အပြင် အစားထိုးစရာများ အမြဲရှိနေသည်။ တစ်ယောက်ယောက်က အမှန်တကယ် အောင်မြင်ချင်လျှင် တခြားဗျူဟာများ ရှိပေသည်။
"ဒါပေမဲ့ သူတို့တွေ လေ့ကျင့်နေတဲ့ သိုင်းပညာတွေနဲ့ နောက်ပိုင်းမှာ စုဆောင်းမယ့် တရားဝင်တပည့်တွေ လေ့ကျင့်မယ့် သိုင်းပညာတွေနဲ့ ပတ်သက်ပြီးတော့ကော ခင်ဗျား ဘယ်လိုထင်လဲ။"
ဓားကျင့်ကြံသူများက ယခုအခါ ခွန်းလွန်အင်မော်တယ်နန်းတော်၏ အရှင်မအတွက် သေချာပေါက် မျက်စိစူးစရာ တစ်ခု ဖြစ်နေလေပြီ။
ထို့ကြောင့် ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲနှစ်ဦး၏ နှောင့်ယှက်မှုကို ခံရချိန်တွင်ပင် သူသည် ဓားသိုင်းပညာကို ထုတ်ဖော်မပြသခဲ့ပေ။
မည်သို့ဆိုစေ ထိုသာမန်လူနှစ်ယောက်ကို လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် လွယ်လွယ်ကူကူ ရှင်းပစ်နိုင်၏။
"ဓားသိုင်းတော့ မဖြစ်ဘူး။" ကျန်းယိပိုင်၏ အတွေးများက ချန်ဟွိုက်အန်နှင့် ထပ်တူကျနေသည်။ သူက ပြုံးလျက် ပြောသည်။ "ငါက ဓားသိုင်းတစ်ခုတည်းပဲ တတ်တယ်လို့ မင်း ထင်နေတာတော့ မဟုတ်ပါဘူးနော်။ တကယ်တော့ ငါ ကျန့်ဝူဂိုဏ်းကို မတည်ထောင်ခင်က သိုင်းပညာရှင် တစ်ယောက်။ “ကျီးကန်းလေယာဉ်ပျံ”ဆိုတဲ့ တိုက်ကွက်က အဲဒါကို သက်သေပြနေတာပဲ။"
ချန်ဟွိုက်အန် - "..."
ပြီးတော့ “ကျားနက်ရင်ဘတ်ဖောက်” တိုက်ကွက်လည်း ရှိသေးတယ် မဟုတ်လား။ အဲဒါက လုံးဝကို အံ့မခန်းပဲ။
"ဘာပဲဖြစ်ဖြစ် ဘာတွေဖြစ်နေလဲဆိုတာကို မင်း သိထားဖို့ပဲ လိုတာပါ။ ဒီတက်လှမ်းသူတွေက ကောင်းမွန်တဲ့ အစားအစာကို တစ်ခါမှ မစားဖူးကြဘူး။ သူတို့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ဓားသိုင်းတွေက ကြမ်းတမ်းပြီး ခေတ်နောက်ကျနေတယ်။ အတိုင်းအတာကို ထိန်းချုပ်ထားနိုင်သရွေ့ သူတို့ကို အနိုင်ယူဖို့ ခက်မှာမဟုတ်ပါဘူး။"
ကျန်းယိပိုင်နှင့် ဆွေးနွေးပြီးနောက် ချန်ဟွိုက်အန်က စိတ်ဓာတ်ကျနေသော လီကျုံးစီကို ပြောလိုက်သည်။ "အကြီးအကဲလီ၊ မင်း အဲဒီလောက် မျက်နှာပျက်ပြီးတော့ နာကြည်းနေစရာ မလိုပါဘူး။ ဂိုဏ်းချုပ်က မင်းတို့ကို ကျင့်ကြံမှုတွေ ဖယ်ရှားခိုင်းတာ အကြောင်းပြချက် ရှိလို့ပါ။ သေချာတာပေါ့။ မင်းတို့ရဲ့ အရင်ကစွမ်းအားတွေကို အချိန်တိုအတွင်း ပြန်လည်ရဖို့ ကူညီပေးမယ့် နည်းလမ်းတွေလည်း သူ့မှာ ရှိတယ်။"
ဤစကားကို ကြားသောအခါ လီကျုံးစီ မျက်လုံးများ အရောင်လက်သွား၏။ "ရွှေရောင်အနှစ်သာရအဆင့်ကို ပြန်ရောက်နိုင်မှာလား။"
"မရောက်နိုင်ဘူး။" ချန်ဟွိုက်အန် ခေါင်းခါပြလိုက်သည်။
"ဒါဆို..."
"ဘာလို့လဲဆိုတော့ မင်းတို့ရဲ့ ရွှေရာင်အမြုတေတွေက သိပ်ပြီးတော့ မသန့်စင်လို့ပဲ။"
ချန်ဟွိုက်အန်က မိမိ၏ ရွှေရောင်အမြုတေ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်ရာ စစ်မှန်သော အနှစ်သာရ အနက်က လီကျုံးစီ၏ အမြုတေထက် အနည်းဆုံး အဆပေါင်း ဒါဇင်ချီ၍ ပိုမို ကြီးမားနေ၏။
လီကျုံးစီလည်း ၎င်းကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူ၏မျက်နှာ တောင့်တင်းသွားကာ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။
"ခင်ဗျားရဲ့ အစစ်မှန်အနှစ်သာရက..."
"မှန်တယ်။" ချန်ဟွိုက်အန်က ပြုံးစစဖြင့် ပြောလိုက်ပြီး သူ့ကို လှည့်စားရန် ကြိုးစားလိုက်သည်။
"မင်း ဂိုဏ်းချုပ်နောက်ကို လိုက်နေသရွေ့ မင်းလည်း ဒီလိုမျိုး နက်ရှိုင်းတဲ့ အစစ်အမှန်အနှစ်သာရကို ရနိုင်တယ်။ တခြားသူတွေရဲ့ ကျင့်ကြံမှုအဆင့်အမြင့်တွေကို အားမကျနဲ့။ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်တာက အရေးအကြီးဆုံးပဲ။ စဉ်းစားကြည့်လေ။ မင်းက အခြေခံအုတ်မြစ်အဆင့် ပြီးပြည့်စုံခြင်းမှာပဲ ရှိနေရင်တောင်မှ ရွှေရောင်အနှစ်သာရအဆင့် တက်လှမ်းသူ တစ်ယောက်ကို အနိုင်ယူနိုင်သေးတယ်။ အဲဒါက ဂုဏ်ယူစရာ မကောင်းဘူးလား။"
လီကျုံးစီက ဤစကားကို ကြားပြီးနောက် ခဏစဉ်းစားကြည့်ရာ အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ထင်ရသည်။
သို့သော်လည်း သူ၏မျက်နှာပေါ်တွင် သံသယများနှင့် မယုံကြည်မှုများ အများအပြား ရှိနေဆဲပင်။
တက်လှမ်းခြင်းတိုင်ကို အစားထိုးနိုင်တဲ့အရာ တကယ်ပဲ ရှိလို့လား။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ၊ စီနီယာ။"
လီကျုံးစီက ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ အရှေ့တွင် ဒူးထောက်လိုက်သည်။
"ဒုက္ခိတတစ်ယောက် ဖြစ်သွားမယ့်အစား ကျွန်တော့်ရဲ့စွမ်းအား နည်းနည်းလေးပဲဖြစ်ဖြစ် ပြန်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပါတယ်။"
...