အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အခန်း (၆၇၃) - သတ်ဖြတ်ခံလိုက်ရသူမှာ တာအိုသားတော် ဖြစ်သည် (၁)
ယွီလုံ နန်းတော်မှ အသွင်ပြောင်း နဂါး အစောင့်တပ်ဖွဲ့ဝင်များသည် အရိုင်းနယ်မြေ အတွင်း ယွီလုံ နန်းတော်က ပြုစုပျိုးထောင်ထားသော ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်ရှိ တပ်ဖွဲ့ဖြစ်ပြီး ခိုင်ခံ့လှသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။ သူတို့ ကျင့်ကြံထားသော ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကြောင့် သူတို့၏ အရေပြားပေါ်တွင် အကြေးခွံကဲ့သို့သော ဦးချိုအလွှာများ ဖြစ်ပေါ်နေပြီး အလွန်တရာ အစွမ်းထက်သော ကာကွယ်ရေး စွမ်းရည်ရှိသည့် သံခမောက် ဆောင်းထားသော လူပုံစံ နဂါးများကဲ့သို့ ထင်မှတ်ရသည်။
နဂါး အစောင့်တပ်ဖွဲ့ဝင် ငါးထောင် စုဝေးမိသည်နှင့် တစ်ပြိုင်နက် သူတို့၏ ကာကွယ်ရေး စွမ်းအားမှာ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော အရှင်သခင်ကြီး တစ်ပါး၏ တိုက်ခိုက်မှုကိုပင် မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ခုခံနိုင်စွမ်း ရှိသည်။
သို့သော်လည်း...
နဂါး အစောင့်တပ်ဖွဲ့ဝင် ငါးထောင်မှာ ဟင်းလင်းပြင် နယ်ပယ်၏ ရွှေ့ပြောင်းခံလိုက်ရပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော် အတွင်းသို့ ရောက်ရှိသွားချိန်တွင် လုံးဝ စုစည်းမှု ပြိုကွဲသွားခဲ့သည်။ စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အပြည့်အဝ လည်ပတ်နေသော စတုတ္ထအဆင့် သတ်ဖြတ်ခြင်း အခင်းအကျင်း နှင့် ရင်ဆိုင်လိုက်ရသောအခါ အဆိုပါ တပ်ဖွဲ့ဝင် ငါးထောင်မှာ အသားတုံးများကဲ့သို့ ဖြစ်သွားခဲ့ပြီး အခင်းအကျင်း၏ ဖျက်ဆီးခံလိုက်ရကာ ချက်ချင်းပင် အပိုင်းပိုင်း အစစ ဖြစ်သွားတော့၏။
တပ်ဖွဲ့ဝင် ငါးထောင်လုံးမှာ အသက်ရှူရမည့် အချိန်ပင် မရလိုက်ချေ။ သူတို့၏ ကြေကွဲဖွယ် ကောင်းလှသော အော်ဟစ်သံများမှာ မြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး အားလုံး ပျက်စီးသွားခဲ့ကာ ကောင်းကင်နှင့် မြေကြီး အနှံ့တွင် သွေးညှီနံ့များ လွှမ်းခြုံသွားတော့သည်။
ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးနှင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြားမှာ စစ်သဘ်ောပေါ်တွင် ရပ်နေရင်း သူတို့၏ ရင်ဘတ်များမှာ ပြင်းထန်စွာ တုန်လှုပ်နေကြ၏။
သူတို့၏ စိတ်နှလုံးထဲတွင် ဒေါသနှင့် ထိတ်လန့် ကြောက်ရွံ့မှုများ ရောထွေးနေသည်။
‘နဂါး အစောင့်တပ်ဖွဲ့ဝင် ငါးထောင် အခုလိုပဲ ပျက်စီးသွားတာလား...။
နဂါး အစောင့်တပ်ဖွဲ့ မရှိတော့ရင် သူတို့က စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ဘာနဲ့များ သိမ်းပိုက်ကြမှာလဲ…’
ထို့အပြင် ဤဆုံးရှုံးမှုမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော်တွင် တာအိုသားတော်နှင့် တပ်ဖွဲ့များ ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်ထက်ပင် ပိုမို ဆိုးရွားလှသည်။
ဤသည်မှာ အရိုင်းနယ်မြေရှိ ယွီလုံ နန်းတော်၏ မြို့တော် နှစ်ခုမှ စစ်အင်အား အများစုပါပင်။
မြေကမ္ဘာအင်မော်တယ် နယ်မြေက သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန်လုံး ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။
သူတို့ ထိတ်လန့်မှုမှ မလွတ်မြောက်သေးမီမှာပင် လီဟော့ နန်းတော်မှ တာအိုသားတော်နှင့် အရှင်သခင်ကြီးများမှာလည်း ကြောက်ရွံ့မှုကြောင့် အေးခဲသွားကြ၏။
သူတို့သည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် မိုင်တစ်ရာကျော် အကွာသို့ ရောက်ရှိသွားမှသာ သတိပြန်ဝင်လာကြတော့သည်။
အနီရောင် ချပ်ဝတ် ဝတ်ဆင်ထားသော နတ်မိမယ်က တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်၏။
“ရပ်လိုက်ကြ... အားလုံး ရပ်လိုက်ကြ...”
လီဟော့ နန်းတော်၏ စစ်သဘ်ော သုံးစင်းလုံးမှာ ရပ်တန့်သွားပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ ဆက်လက် မတိုးတော့ချေ။
ယခင်က အနီရောင် ချပ်ဝတ် ဝတ်ဆင်ထားသော နတ်မိမယ်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ဖောက်ဝင်ကာ တာအိုသမီးတော် ဖန်ရှောင်ကို ဖမ်းဆီးပြီး အင်မော်တယ် တစ်သောင်း မြို့တော်သို့ ကျွန်အဖြစ် ရောင်းချရန် ကြံရွယ်ထားခဲ့သည်။
သို့သော် ယခုမူ သူမ၏ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ ပို့လွှတ်လိုက်သော အကြည့်မှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သူ၏ ဆံပင်များပင် ထောင်သွားသည်အထိ ဖြစ်နေ၏။
သူမသည် ယွီလုံ နန်းတော်မှ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ သတ်ဖြတ်ခြင်း အခင်းအကျင်း အောက်တွင် ချက်ချင်း ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသောအခါ အရိုးစွဲသည်အထိ ထိတ်လန့်သွားတော့သည်။
မည်သို့ပင်ဆိုစေ ဒါက သူတို့ ပထမဆုံး အကြိမ် အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရခြင်းပင်။
အတိတ်ကာလက သူတို့သည် ရန်သူများနှင့် တပ်ဖွဲ့လိုက် တိုက်ခိုက်လေ့ မရှိခဲ့ဘူးလား...။
၎င်းမှာ ကျင့်စဉ်များ၊ ကိုယ်ခန္ဓာ သန့်စင်ခြင်း အတတ်ပညာများ၊ မှော်လက်နက်များနှင့် ရတနာများ၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ မြေကမ္ဘာအင်မော်တယ် နယ်မြေမှာ သိုင်းလောက၏ နိယာမများကို လုံးဝ ဂရုမစိုက်ဘဲ ပြုမူနေခြင်း ဖြစ်၏။
နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို ဤကဲ့သို့ ဖျက်ဆီးပစ်ခြင်းမှာ လုံးဝ အထင်သေးစရာ ကောင်းပြီး အလွန်တရာ ရွံရှာဖွယ် ကောင်းလှသည်။
လီဟော့ နန်းတော်မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အကြီးအကဲများမှာလည်း ကြောက်ရွံ့နေကြသည်။
သူတို့၏ မျက်နှာများမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး အရိုးစွဲသည်အထိ ထိတ်လန့်နေကြ၏။
“တာအိုသားတော်... မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှာ တစ်ခုခု မှားယွင်းနေတယ်...”
“တာအိုသားတော်... ဘာဆက်လုပ်ကြမလဲ... ရှေ့ဆက်သွားကြမလား...”
“တာအိုသားတော်... လီဟော့ နန်းတော်ရဲ့ တပ်ဖွဲ့က ဒီ ဟင်းလင်းပြင် တာအိုကို ခုခံနိုင်မှာ မဟုတ်ဘူး... ဟင်းလင်းပြင် စွမ်းအားကို တားဆီးဖို့ ကြိုးစားရင်တောင်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် မရှိရင် တားဆီးဖို့ ခက်ခဲလိမ့်မယ်...”
လီဟော့ နန်းတော်မှ မူလဝိညာဉ် အဆင့် အကြီးအကဲများက အံ့ဩတကြီး ပြောဆိုလိုက်ကြပြီး အားလုံးမှာ ပြန်လည် ဆုတ်ခွာရန် ဆန္ဒရှိနေကြသည်။
သို့သော် သူတို့ ပြန်ဆုတ်ရန် ဆုံးဖြတ်ခြင်း မပြုနိုင်မီမှာပင် ရှေ့တည့်တည့်၌ နောက်ထပ် အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာပြန်၏။
စုယွီက အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူက ယွီလုံ နန်းတော်၏ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို အင်မော်တယ် မြို့တော် အတွင်းသို့ ရွှေ့ပြောင်းကာ အခင်းအကျင်းဖြင့် သတ်ဖြတ်ပစ်လိုက်ခြင်းမှာ ကိုင်တွယ်ရ အလွယ်ကူဆုံး ဖြစ်သောကြောင့်ပါ။
ဒါက သူ၏ ဗျူဟာ ဖြစ်၏။ ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးနှင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြား၏ အားကိုးရာကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
သူတို့ကို ဖျက်ဆီးပြီးနောက် ကျန်ရှိနေသူများကို ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူသွားလိမ့်မည်။
“စတင် လှုပ်ရှားတော့”
ထို့ကြောင့် အင်မော်တယ် မြို့တော်၏ အခင်းအကျင်းက နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို ချေမှုန်းလိုက်သည်နှင့် စုယွီက အမိန့်ပေးလိုက် တော့သည်။
တဆက်တည်း၌ ဟင်းလင်းပြင် နယ်ပယ်က ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင် နယ်ပယ်အတွင်းရှိ အားလုံးသော သူများ ဖြစ်ကြသည့် ဟွမ်ရှီထောင်၊ ဟွမ်ကျူး၊ ချင်ခယ်ရှင်း၊ လီကျန့်၊ ဖန်ရှောင်၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြားနှင့် အင်မော်တယ် တပ်မတော် တို့သည် စုယွီ၏ စိတ်အာရုံနှင့်အတူ မြို့တော်မှ ပျောက်ကွယ်သွားကြ၏။
နောက်တစ်စက္ကန့်တွင် သူတို့သည် ယွီလုံ နန်းတော်မှ စစ်သဘ်ော ငါးစင်းကို ဝိုင်းရံထားသော နေရာသို့ ရောက်ရှိသွားသည်။
“ဝှီး”
စုယွီ၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ ယွီလုံ နန်းတော်မှ စစ်သဘ်ော ငါးစင်း၏ ပတ်ဝန်းကျင်၌ အဆောင်လက်ဖွဲ့ စာသားများ ထပ်မံ ရစ်သိုင်းလာပြန်သည်။ ဤတစ်ကြိမ်တွင် အဆောင်လက်ဖွဲ့ တစ်ရာခန့် ထွက်ပေါ်လာပြီး အားလုံးမှာ စတုတ္ထအဆင့် အလယ်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့များ ဖြစ်ကြ၏။
စတုတ္ထအဆင့် အလယ်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုချင်းစီတိုင်းသည် မူလဝိညာဉ် အဆင့် အလယ်ပိုင်း အရှင်သခင်ကြီး တစ်ပါးကိုပင် ခဏတာ ချုပ်နှောင်ထားနိုင်စွမ်း ရှိသည်။
စတုတ္ထအဆင့် အလယ်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ရာက စစ်သဘ်ော ငါးစင်းပေါ်သို့ ကျရောက်သွားသည့်အခါ ယွီလုံ နန်းတော်မှ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော အရှင်သခင်ကြီး နှစ်ပါးနှင့် မူလဝိညာဉ် အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး လေးပါးတို့မှာပင် အဆောင်လက်ဖွဲ့၏ စွမ်းအား ပေါက်ကွဲမှု အောက်တွင် လှုပ်ရှားရန် မစွမ်းသာဘဲ ချုပ်နှောင်ခံလိုက်ရ၏။
စုယွီက ယွီလုံ နန်းတော်မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်စုကို အဆောင်လက်ဖွဲ့၏ စွမ်းအားဖြင့် ချုပ်နှောင်ထားစဉ်မှာပင် စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် နှစ်ဦး ဖြစ်ကြသည့် ချင်ခယ်ရှင်းနှင့် လီကျန့်တို့က အလျင်အမြန် လက်ဝှေ့ယမ်းကာ အခင်းအကျင်း အခြေခံ အမြောက်အမြားကို ထုတ်ယူပြီး သူတို့၏ ပတ်လည်တွင် ပိတ်မိစေသော အခင်းအကျင်းများနှင့် သတ်ဖြတ်ခြင်း အခင်းအကျင်းများကို စတင် တည်ဆောက်လိုက်သည်။
“သတ်ကြ”
တပ်မှူး ဟွမ်ရှီထောင်က သူ၏ ပုဆိန်ဖြင့် ယွီလုံ နန်းတော်၏ စစ်သဘ်ော တစ်စင်းကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်၏။
စစ်သဘ်ောပေါ်ရှိ ယွီလုံ နန်းတော်မှ တာအိုသားတော်၊ အစောင့်အရှောက်များနှင့် အနောက်ရှိ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြားမှာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သွေးများ အန်ထုတ်ကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြသည်။
“ဟား...”
အခြား တစ်ဖက်တွင် ဟွမ်ကျူးသည် သူ၏ မူလ ပုံစံသို့ ချက်ချင်း ပြောင်းလဲသွား၏။ ၎င်းမှာ အလင်းရောင် အဝါနုရောင် အကြေးခွံများ ရှိပြီး ခေါင်းတွင် ဦးချို တစ်ခု၊ ခန္ဓာကိုယ်တွင် လက်သည်း နှစ်ခုပါရှိသော ဧရာမ မြွေကြီး တစ်ကောင် ဖြစ်ပြီး စတုတ္ထအဆင့် ထိပ်တန်း မှော်သားရဲ တစ်ကောင်၏ ခြိမ်းခြောက်မှုများကို ပြသနေသည်။ ၎င်း၏ ဟိန်းဟောက်သံမှာ နဂါး တစ်ကောင်ကဲ့သို့ ပဲ့တင်ထပ်သွား၏။
ဟွမ်ကျူးသည် သူ၏ မူလ ပုံစံသို့ ပြောင်းလဲသွားပြီးနောက် ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ကောင်းကင်တွင် မိုးကြိုးများ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်၏ ဘေးတစ်ဖက်စီတွင် ဟာရီကိန်း မုန်တိုင်းများ လိုက်ပါလာ၏။
ဧရာမ မြွေကြီး၏ အမြီးက ရိုက်ခတ်လိုက်ရာ ယွီလုံ နန်းတော်မှ ကျန်ရှိနေသော စစ်သဘ်ော လေးစင်းကို ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ချက်ချင်း ရိုက်ချလိုက်ပြီး စစ်သဘ်ော နှစ်စင်းကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်တော့သည်။
အခန်း (၆၇၄) - သတ်ဖြတ်ခံလိုက်ရသူမှာ တာအိုသားတော် ဖြစ်သည် (၂)
ကျန်ရှိနေသော စစ်သဘ်ော နှစ်စင်းမှာ ပေါက်ကွဲ ပျက်စီးသွားခြင်း မရှိသော်လည်း အသုံးမဝင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
“တာအိုသားတော်...”
ယွီလုံ နန်းတော်မှ မူလဝိညာဉ် အဆင့် အစောင့်အရှောက် နှစ်ဦးမှာ အံ့ဩ တုန်လှုပ်ကာ ဒေါသထွက်နေကြသည်။ စုယွီနှင့် အခြားသူများ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူတို့ ဒဏ်ရာ ရရှိသွားခဲ့သော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ လျော့ပါးသွားခြင်း မရှိချေ။
ဟွမ်ကျူးနှင့် ဟွမ်ရှီထောင်တို့ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာချိန်တွင် ထိုနှစ်ဦးမှာ ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။ သူတို့မှာ နောက်တစ်ကြိမ် ပြန်လည် တွန်းလှန်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သော်လည်း ဟွမ်ကျူးတို့၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့၏။
ထိုနှစ်ဦးသည် ယွီလုံ နန်းတော်မှ တိုက်ခိုက်နိုင်စွမ်း ရှိသေးသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးနှင့်အတူ ဟွမ်ကျူးတို့၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ယွီလုံ နန်းတော်မှ တာအိုသားတော်များသည် သူတို့၏ အသက်ကယ် လက်ဖွဲ့များကို အသုံးပြုရန် အလျင်အမြန် ပြင်ဆင်လိုက်ကြတော့၏။
၎င်းမှာ ပဉ္စမအဆင့် အဆင့်နိမ့် စကြာဝဠာ ရွှေ့လျားခြင်း မန္တန် ဖြစ်သည်။
နတ်မိမယ် ဖုန်းလင် တစ်ချိန်က လညွှန် နန်းတော် ဘိုးဘေးကြီးလက်မှ လွတ်မြောက်ခဲ့ခြင်းမှာ ဤကဲ့သို့သော အဆောင်လက်ဖွဲ့ တစ်ခုကြောင့် ဖြစ်၏။
သို့သော်လည်း ထိုတာအိုသားတော် နှစ်ဦးက အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ချိန်တွင် စုယွီက သူ၏ ဟင်းလင်းပြင် နယ်ပယ်ဖြင့် ဟင်းလင်းပြင်ကို ချက်ချင်း တည်ငြိမ်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူသည် တာ့ရွှီ မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်ထံမှ ရရှိခဲ့သော အဆင့်နိမ့် မှော်လက်နက်နှင့် နှိုင်းယှဉ်နိုင်သည့် ဟင်းလင်းပြင် ပစ္စည်း တစ်ခုကို သူ၏ လက်ထဲ၌ ကိုင်ဆောင်ထားလိုက်၏။
စုယွီက သူ၏ မှော်စွမ်းအားကို စီးဆင်းစေလိုက်ပြီး အဆိုပါ ပစ္စည်းအတွင်းရှိ ဟင်းလင်းပြင် တာအို စွမ်းအားကို အသက်သွင်းလိုက်ရာ အင်မော်တယ် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်မှာ ပိုမို တင်းကြပ်သွားတော့၏။
“အုန်း…”
ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးက ပဉ္စမအဆင့် အဆောင်လက်ဖွဲ့များကို အသက်သွင်းလိုက်သဖြင့် ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဟင်းလင်းပြင် စွမ်းအားလှိုင်း တစ်ခုက သူတို့နှစ်ဦးကို လွှမ်းခြုံသွားပြီး ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းဖြင့် ပျောက်ကွယ်သွားစေလိုက်၏။
"ဘုန်း"မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတို့၏ စွမ်းအားထက် သာလွန်သော စွမ်းအားနှစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး စစ်မှန်သော နဂါး တစ်ကောင်၏ ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်ပေါ်သွားသည်။
စွမ်းအားနှစ်ခုမှာ ဟွမ်ကျူးနှင့် ဟွမ်ရှီထောင် တို့ထံသို့ ပြင်းထန်စွာ ရိုက်ခတ်လာ၏။
"ဝုန်း..."
ဟွမ်ကျူးနှင့် ဟွမ်ရှီထောင်တို့မှာ တိုက်ရိုက် ရင်ဆိုင်ရန်သာ ရွေးချယ်လိုက်ကြသည်။ ဟွမ်ကျူးမှာ ချက်ချင်းပင် လွင့်စင်သွားခဲ့ပြီး သူ၏ အလွန်တရာ မာကျောသော အကြေးခွံ ချပ်ဝတ်များမှာ ကွဲကြေကာ သွေးများ ပန်းထွက်ကုန်ပြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
အင်မော်တယ် တပ်မတော် တပ်မှူး ဟွမ်ရှီထောင်မှာလည်း မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အချို့နှင့်အတူ စုပေါင်း ခုခံလိုက်သော်လည်း စွမ်းအားလှိုင်းကြောင့် နောက်သို့ လွင့်စင်သွားရသည်။ သို့သော် သူက ရုန်းကန် ခုခံလိုက်နိုင်ခဲ့သည်။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ စွမ်းအားကို ခုခံရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
ပဉ္စမအဆင့် အဆောင်လက်ဖွဲ့၏ စွမ်းအားဖြင့် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးမှာ ချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားကြသည်။
သို့သော် သူတို့ ပျောက်ကွယ်သွားချိန်တွင် စုယွီ လည်း ပျောက်ကွယ်သွားခဲ့၏။
တိုက်ပွဲ ဖြစ်ပွားရာ နေရာမှ မိုင်ရှစ်ရာခန့် အကွာတွင် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးကို လွှမ်းခြုံထားသော ဟင်းလင်းပြင် စွမ်းအားမှာ ကုန်ဆုံးသွားခဲ့သည်။ မူလအားဖြင့် အဆောင်လက်ဖွဲ့၏ စွမ်းအားမှာ မိုင်ထောင်ချီအထိ ရွှေ့ပြောင်းပေးနိုင်သော်လည်း စုယွီ၏ ဟင်းလင်းပြင် တာအို စွမ်းအားနှင့် သူ၏ ပစ္စည်းကြောင့် မိုင်ရှစ်ရာခန့်သာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ကြသည်။
ဤနေရာတွင်ပင် သူတို့သည် တိုက်ပွဲ၏ တုန်ခါမှုများကို အာရုံခံမိနေဆဲ ဖြစ်၏။
ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးအနက် တစ်ဦးမှာ မူလဝိညာဉ် အဆင့် (၃) သာ ရှိပြီး အခြားတစ်ဦးမှာ အနည်းငယ် ပိုမို စွမ်းအားကြီးမားကာ မူလဝိညာဉ် အဆင့် (၅) အထိ ရောက်ရှိနေသူ ဖြစ်သည်။
ထိုနေရာမှ ထွက်ပြေးလာချိန်တွင် သူတို့မှာ ထိတ်လန့်တကြား ဖြစ်နေကြပြီး “ပြေး... ပြေးကြ” ဟု အော်ဟစ်လိုက်ကြသည်။
သို့သော် သူတို့ ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြုခါနီး အချိန်မှာပင် ဟင်းလင်းပြင် တာအို စွမ်းအားများက သူတို့နှစ်ဦးကို ထပ်မံ လွှမ်းခြုံသွားပြန်သည်။ ထို့နောက် ဓာတ်ကြီးငါးပါး နယ်ပယ်၊ အချိန်နယ်ပယ်နှင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း နယ်ပယ် တို့က သူတို့ထံ ရောက်ရှိလာတော့၏။
ထိုအခိုက်အတန့်၌ စုယွီ၏ အသံက သူတို့၏ နားထဲသို့ ထွက်ပေါ်လာသည်။
“မင်းတို့က ဒီကို ရောက်လာတာပဲ... ဘာလို့ ဒီလောက်တောင် အလျင်စလို ထွက်သွားချင်နေတာလဲ...”
"ဘုန်း"နယ်ပယ်အများအပြား၏ ဖိနှိပ်မှုမှာ အလွန်တရာ ကြီးမားလှသည်။ ဟင်းလင်းပြင် နယ်ပယ်က သူတို့နှစ်ဦးကို ကန့်သတ်ထားပြီး အချိန်နယ်ပယ်က သူတို့၏ သက်စောင့်စွမ်းအင်ကို လျင်မြန်စွာ ကုန်ခမ်းသွားစေကာ သူတို့၏ ခန္ဓာကိုယ်များကို အလွန်တရာ အားနည်းသွားစေ၏။ ကိုယ်ခန္ဓာ သန့်စင်ခြင်း နယ်ပယ်မှာ လေးလံလှသဖြင့် သူတို့မှာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။
ဓာတ်ကြီးငါးပါး နယ်ပယ်၏ စွမ်းအားများမှာ ဓာတ်ငါးပါး စစ်မှန်သော ဝိညာဉ်ငါးပါး အဖြစ်သို့ ပေါင်းစပ်သွား၏။
ဧရာမ သစ်ပင်ကြီး တစ်ပင်၊ မီးဖီးနစ်ငှက်ကြီး တစ်ကောင်၊ နေရောင်ခြည်နှင့် ဝိညာဉ်ရေတို့ဖြင့် ပေါင်းစပ်ထားသော ရေနဂါး၊ ကန်းကျင်း အရှိန်အဝါဖြင့် ပြုလုပ်ထားသော ဝိညာဉ်ဓားနှင့် ရွှမ်မင် မြေဓာတ်ဖြင့် ပြုလုပ်ထားသော ဧရာမ ရုပ်တုကြီး တစ်ခု။
“ဖိနှိပ်”
စုယွီက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စစ်မှန်သော ဝိညာဉ်ငါးပါးက ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးဆီသို့ ဖိနှိပ်လာတော့၏။
"ဘုန်း"“ဖူး…”
မူလဝိညာဉ် အဆင့် (၂) သာ ရှိသေးသော စုယွီက ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးကို ဖိနှိပ်လိုက်ရာ သူတို့မှာ သွေးများ ဆက်တိုက် အန်ထုတ်နေကြသည်။ မူလဝိညာဉ် အဆင့် (၅) ရှိသော တာအိုသားတော်ပင်လျှင် စုယွီ၏ နယ်ပယ် အများအပြား၏ ဖိနှိပ်ခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကာ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိတော့ချေ။
“ရပ်လိုက်ကြ.. ကျွန်တော်တို့က ယွီလုံ နန်းတော်က တာအိုသားတော်တွေပါ...”
ကြောက်ရွံ့မှုများက သူတို့နှစ်ဦးထံတွင် ပြည့်နှက်နေပြီး မျက်နှာဖုံးနှင့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော နက်နဲဆန်းကြယ်သည့် ပုံရိပ်ကို ကြည့်ရင်း ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ တိုးပွားလာကြ၏။ သူတို့မှာ အားနည်းလှသော ခြိမ်းခြောက်မှုကိုသာ ထုတ်ဖော်နိုင်တော့သည်။
သူတို့မှာ ယခုအခါ ကြောက်ရွံ့မှုကြောင့် ကျောက်ရုပ် ဖြစ်နေကြပြီ ဖြစ်၏။
သူတို့၏ အရှေ့တွင် ရှိနေသူမှာ ဘယ်သူလဲ။
နယ်ပယ်တစ်ခုပြီး တစ်ခုက သူတို့အား ဖိနှိပ်နေသည်မှာ ကြက်သီးမွေးညှင်း ထဖွယ် ကောင်းလှသည်။
“လူသားရော ဟုတ်ရဲ့လား”
'ဟုတ်တယ်... ပြီးတော့ တာအိုသားတော်တွေကို သတ်ဖြတ်နေသူကလည်း ငါပဲ' ဟု စုယွီ တွေးတောလိုက်သည်။
သူက စကား တစ်ခွန်းမျှ မပြောဘဲ သူတို့၏ အော်ဟစ်သံများကို လုံးဝ ဂရုမစိုက်ချေ။ စုယွီသည် ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ပြီး သူ၏ ဝိညာဉ် စွမ်းအားမှာ ရွှေပုစဉ်း အစုံပါသော အတောင်ပံ နှစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ မူလဝိညာဉ်ကို ခုတ်ထစ်လိုက်တော့၏။
“ဖူး…”
သူ၏ မှော်စွမ်းအား ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်လျှင် စုယွီ၏ လက်ရှိ ဝိညာဉ် စွမ်းအားမှာ မူလဝိညာဉ် အဆင့် (၄) သို့မဟုတ် (၅) နှင့် ညီမျှသည်။ ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် သူတို့၏ မူလဝိညာဉ်ကို ချက်ချင်း ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိသွားစေ၏။
“အား...”
ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ကြပြီး သေခြင်းတရားကိုပင် တောင့်တနေကြသည်။
စုယွီက ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်ကို နောက်တစ်ကြိမ် အသုံးပြုကာ သူတို့၏ မူလဝိညာဉ်ကို အကြိမ်ကြိမ် ခုတ်ထစ်လိုက်သည်။ သူတို့၏ အသက်စွမ်းအင်မှာ အလွန်တရာ လျော့နည်းသွားပြီး သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်မှသာ သူက ရပ်တန့်လိုက်တော့၏။
ဤမျှ ထိခိုက် ဒဏ်ရာမျိုးမှာ ယွီလုံ နန်းတော်က အဖိုးတန် ရတနာများစွာကို အသုံးပြု၍ ကယ်ဆယ်လျှင်တောင်မှ ပြန်လည် နာလန်ထူနိုင်မည်လား ဆိုသည်မှာ မသေချာလှချေ။
ထို့နောက် သူသည် သူတို့၏ ကွဲကြေလုနီးပါး ဖြစ်နေသော မူလဝိညာဉ်များ အတွင်း၌ နတ်ဘုရား တံဆိပ် တစ်ခုကို ထည့်သွင်းလိုက်ပြီး မှော်လက်နက် အတွင်းသို့ ပစ်ချလိုက်တော့သည်။
ထို့နောက် စုယွီ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
အခန်း (၆၇၅) - သတ်ဖြတ်ခံလိုက်ရသူမှာ တာအိုသားတော် ဖြစ်သည် (၂)
“ပြေးကြ”
စုယွီနှင့် သူ၏အဖွဲ့က ယွီလုံ နန်းတော်မှ အဖွဲ့အား စတင် တိုက်ခိုက်လိုက်သည်နှင့် လီဟော့ နန်းတော်မှ တာအိုသမီးတော်၊ အစောင့်အရှောက်နှင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်စုမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။ ဘာမျှ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် စစ်သဘ်ောကို လှည့်ကာ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။
စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော် အပြင်ဘက် တိုက်ပွဲ ဖြစ်ပွားရာသို့ ပြန်လည် ရောက်ရှိလာချိန်တွင် သူနှင့် သူ၏ မဟာမိတ်များမှာ အချိန်တိုအတွင်းမှာပင် ယွီလုံ နန်းတော်မှ အရှင်သခင်ကြီး အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။
မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော အစောင့်အရှောက် နှစ်ပါး အပါအဝင် ယွီလုံ နန်းတော်မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး လေးဆယ်ကျော် အနက် သုံးဆယ်ကျော်မှာ ကျဆုံးသွားခဲ့ပြီး ကျန်ရှိသူများကိုမူ စုယွီတို့က အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့၏။
မြေကမ္ဘာအင်မော်တယ် နယ်မြေဘက်မှမူ အနည်းငယ်သာ ဒဏ်ရာ ရရှိသွားကြပြီး တစ်ဦးတစ်ယောက်မျှ ကျဆုံးခြင်း မရှိပေ။
ဘာကြောင့် ကျန်ရှိသူများကို မသတ်ဖြတ်ခဲ့သနည်း ဆိုလျှင်...
သူတို့ကို အရှင်လတ်လတ် ဖမ်းဆီးထားခြင်းမှာ ပို၍ တန်ဖိုးရှိသောကြောင့် ဖြစ်သည်။
ဤအကျဉ်းသားများ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ အင်မော်တယ် ဂိတ်တံခါး၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်ပေလိမ့်မည်။
ချင်ခယ်ရှင်းနှင့် လီကျန့်တို့ကဲ့သို့ ဤတိုက်ပွဲတွင် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သူများသည် ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့နှင့် ပူးပေါင်းကာ ယွီလုံ နန်းတော်မှ အရှင်သခင်ကြီးများကို ဝိုင်းရံထားနိုင်ရန် အခင်းအကျင်းများကို တည်ဆောက်ခဲ့၏။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ တိုက်ပွဲမှာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားသည်သာ။
အကယ်၍ မဟုတ်ပါက မူလဝိညာဉ် အဆင့် အထွတ်အထိပ် နှစ်ပါး၊ မူလဝိညာဉ် အဆင့် နှောင်းပိုင်း အချို့နှင့် မူလဝိညာဉ် အဆင့် အစောပိုင်း၊ အလယ်ပိုင်း အရှင်သခင်ကြီး လေးဆယ်ကျော်တို့၏ ပူးပေါင်း တိုက်ခိုက်မှုကို သူတို့ ခုခံနိုင်မည် မဟုတ်ချေ။
ယွီလုံ နန်းတော်မှ သူများအားလုံးကို ထိန်းချုပ်ပြီးနောက် ဟွမ်ရှီထောင်က လီဟော့ နန်းတော်၏ စစ်တပ်ကြီး ရှိခဲ့ရာဘက်သို့ ကြည့်ကာ မေးလိုက်သည်။
“သူတို့ လွတ်မြောက်သွားပြီလား...”
စုယွီက ခေါင်းကို အနည်းငယ်သာ ခါယမ်းလိုက်၏။
“စီနီယာကလည်း..သူတို့ လွတ်နိုင်ပါ့မလားဗျ...”
အားလုံး အဆင်သင့် ဖြစ်သွားပြီး ယွီလုံ နန်းတော်မှ အသက်ရှင်ကျန်ရစ်သူ အကျဉ်းသားအားလုံးကို အပြင်းအထန် ဒဏ်ရာရရှိစေကာ ထိန်းချုပ်လိုက်၏။ ပြီးနောက် စုယွီက အားလုံးကို မှော်လက်နက် နန်းတော် အတွင်းသို့ ဝင်ရောက်ရန် ချက်ချင်း ဆင့်ခေါ်လိုက်၏။
ထို့နောက် သူသည် လျှို့ဝှက်စွာ မှတ်သားထားသော ဟင်းလင်းပြင် အမှတ်အသားကို လိုက်၍ စစ်သဘ်ော သုံးစင်းနောက်သို့ ဟင်းလင်းပြင် စွမ်းအားဖြင့် လိုက်လံ ရှာဖွေခဲ့တော့သည်။
အချိန်တိုအတွင်းမှာပင် စုယွီသည် အဝေးသို့ မရောက်ရှိသေးသော သူတို့၏ စစ်သဘ်ော သုံးစင်းကို အလွယ်တကူ မှီသွားခဲ့၏။ သို့သော် စစ်သဘ်ော သုံးစင်းပေါ်တွင် လီဟော့ နန်းတော်မှ စစ်သည် သုံးထောင်သာ ကျန်ရှိတော့သည်။
ကျန်ရှိသူ အားလုံးမှာ မရှိတော့ချေ။
စုယွီနှင့် အဖွဲ့သည် မတွန့်ဆုတ်နေဘဲ ကျန်ရှိနေသော လီဟော့ နန်းတော်မှ စစ်သည် သုံးထောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်၏။
လီဟော့ နန်းတော်မှ တာအိုသမီးတော် တစ်ဦးအပေါ် ..မိမိ ချန်ရစ်ခဲ့သော ဟင်းလင်းပြင် အမှတ်အသားကို အာရုံခံမိပြီးနောက် စုယွီက ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်၏။
“ဒီလောက်တောင် ဝေးဝေး ထွက်ပြေးသွားတာလား...တော်တော် ဉာဏ်ပြေးတာပဲ၊ စကြာဝဠာ ရွှေ့လျားခြင်း မန္တန်ကို သုံးလိုက်တာလား...”
ထိုတာအိုသမီးတော်မှာ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ဟင်းလင်းပြင် အမှတ်အသားမှ အာရုံမှာလည်း ပိုမို အားနည်း လာနေသည်ကို စုယွီ.. ခံစားမိလိုက်သည်။
သို့သော်...သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ဝီ…”
သူ့ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် စုယွီမှာ ပျောက်ကွယ်သွားခဲ့၏။
ဤအချိန်တွင် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စတုတ္ထမြောက် အင်မော်တယ် မြို့တော် အစွန်း၌ လီဟော့ နန်းတော်မှ တာအိုသမီးတော်သည် အစောင့်အရှောက်၏ မှော်စွမ်းအားဖြင့် အလျင်အမြန် ထွက်ပြေးနေပြီး သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
“မြန်မြန်... မြန်မြန်”
မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စတုတ္ထမြောက် အင်မော်တယ် မြို့တော် နယ်နိမိတ်မှ ထွက်ခွာခါနီး အချိန်တွင် သူတို့နှစ်ဦးမှာ ပျော်ရွှင်မှု အနည်းငယ်ကို ခံစားလိုက်ရ၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူမတို့၏ ပတ်ဝန်းကျင်ရှိ စကြဝဠာမှာ တုန်ခါသွားပြီး စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း နှစ်ခုကို အသက်သွင်းလိုက်သည်။
သူမတို့ နှစ်ဦးစလုံးသည် စုယွီ၏ ဟင်းလင်းပြင် စွမ်းအားဖြင့် ဖုံးကွယ်ထားသော အကြီးစား အခင်းအကျင်း အတွင်းသို့ ပြေးဝင်မိသွားတော့၏။
“အုန်း”
ဟွမ်ကျူး၊ ဟွမ်ရှီထောင်၊ ချင်ခယ်ရှင်း၊ လီကျန့်နှင့် မြေကမ္ဘာအင်မော်တယ် နယ်မြေမှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အချို့တို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ မရေမတွက်နိုင်သော မန္တန်များနှင့် မှော်လက်နက်များမှာ သူမတို့ထံသို့ မိုးကြိုးအလား ကျရောက်လာတော့၏။
“အွတ်”
ထို နှစ်ယောက်မှာ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသည့် အစောင့်အရှောက် အဘွားအို၏ အဆင့်နိမ့် မှော်ချပ်ဝတ်မှာ ကျိုးပဲ့သွားတော့၏။ သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ကွဲအက်သွားပြီး ဖုန်မှုန့် အဖြစ်သို့ ရောက်ခါနီး ဖြစ်သွားတော့သည်။
သူတို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာချိန်တွင် အဘွားအိုနှင့် လီဟော့ နန်းတော်မှ တာအိုသမီးတော် တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး သေခါနီး အခြေအနေသို့ ရောက်ရှိသွားကြသည်။ သူမတို့တွင် ခုခံရန် အားအင် မရှိတော့ချေ။
သူမတို့၏ ထိတ်လန့် တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရာ ပတ်ဝန်းကျင်မှ ဝိုင်းရံထားသော ပုံရိပ် အမျိုးမျိုးကိုသာ မြင်တွေ့လိုက်ရသည်။