အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
အခန်း (၆၆၁) - မိသားစုထံ ပြန်လည်ရောက်ရှိခြင်း နှင့် စုမိသားစု၏ အပြောင်းအလဲများ (၂)
နတ်မိမယ် ဖုန်းလင်၏ ရာထူးနှင့် အဆင့်အတန်းက မီးဖီးနစ် ကောင်းကင် နန်းတော်တွင် မြင့်မားလေလေ..
သူ့အတွက် ပို၍ အကျိုးရှိလေလေ ဖြစ်၏။
ထို့အပြင် မီးဖီးနစ်.. ကောင်းကင် နန်းတော်သည် ဝေးလံ ခေါင်ဖျားသော တောင်ပိုင်း အင်မော်တယ် နယ်မြေတွင် တည်ရှိသည်။ ထို့ကြောင့် သူမသည် သူ့ကိုယ်စား အပြစ်များကို ထမ်းယူကာ လညွှန် နန်းတော်နှင့် ကြယ်ခူး မျှော်စင်တို့ကို ရန်စမိလျှင်တောင်မှ မည်သို့မျှ ထိခိုက်နစ်နာမည် မဟုတ်ချေ။
“ရွှီး...”
ထိုက်ရွှီ၏ စူးရှသော အော်သံကြီးက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွား၏။ အတိတ်ကာလက စုယွီအတွက် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော ခရီးစဉ်တစ်ခုကို ထိုက်ရွှီက နေ့တစ်ဝက်ပင် မပြည့်မီ အချိန်အတွင်း ဖြတ်ကျော်ကာ ဆေးလုံး တောင်တန်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။
နှစ်ပေါင်း တစ်ရာကျော် ကုန်လွန်ခဲ့သော်လည်း ဆေးလုံး တောင်တန်းက သိပ်ပြီး ပြောင်းလဲမသွားချေ။
စုမိသားစု၏ ဂူစံအိမ်သည် ဆေးလုံး တောင်တန်းရှိ သက်ဝင်လှုပ်ရှားနေသော မီးတောင်အချို့နှင့် မဝေးလှသည့် ကျောက်စိမ့်မြေကြားတွင် တည်ရှိသည်။ မီးတောင်ကျောက်ဆောင်များ ကြားရှိ မြေကွက်လပ်များကို စုမိသားစုက ဝိညာဉ်စိုက်ခင်းများ အဖြစ် ဖန်တီးထား၏။
စိုက်ခင်းများထဲတွင် ဝိညာဉ်ဆန်များ၊ ဝိညာဉ် ဆေးပင်များနှင့် ဝိညာဉ်အပင်များဖြင့် ပြည့်နှက်နေသည်။ အဆိုပါ စိုက်ခင်းများ ကြားတွင် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများစွာက အလုပ်များနေကြသည်။
သို့သော် ထိုက်ရွှီ ကောင်းကင်မှ ဆင်းသက်လာသည့် အခိုက်အတန့်တွင် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးက ဆေးလုံး တောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူရော်သွားကြသည်။ သူတို့က အထိတ်တလန့်ဖြင့် မော့ကြည့်လိုက်ကြ၏။
ပေဆယ်နှင့်ချီ၍ ကြီးမားကျယ်ပြန့်သော အတောင်ပံကြီးများကို ဖြန့်ကျက်ထားသည့် ထိုက်ရွှီ၏ အရိပ်ကြီးကို မြင်လိုက်ရသောအခါ အချို့သော ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများဆိုလျှင် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ပုံကျသွားကြတော့သည်။
အချို့ကမူ အသက်လု ထွက်ပြေးရန်ပင် ပြင်ဆင်နေကြပြီပင်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုက်ရွှီက ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါများကို ရုပ်သိမ်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံမှ ဆေးလုံး တောင်တန်းဆီသို့ ဆင်းသက်လာစဉ် တဖြည်းဖြည်း သေးငယ်သွားသည်။ လေထဲတွင် ဝဲပျံနေစဉ်မှာပင် စုယွီ၊ ယွီခယ်အာ၊ စုရွေ့နှင့် အခြားသူများ၏ ပုံရိပ်များက ရှင်းလင်းစွာ ထင်ရှားလာတော့၏။
မြေပြင်ပေါ်သို့ ဆင်းသက်ချိန်တွင် ထိုက်ရွှီသည် စုယွီ၏ ပခုံးပေါ်တွင် ရပ်နားနေသော လက်တစ်ဝါးစာ အရွယ်အစားရှိ ခရမ်းရောင်စပ်စပ် ငှက်ငယ်လေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
စုမိသားစု၏ ဆေးလုံး တောင်တန်း အပြင်ဘက်တွင် ရပ်နေကြသော ကျင့်ကြံသူ အချို့သည် စုယွီ၊ ယွီခယ်အာနှင့် သူခေါ်ဆောင်လာသော အမြုတေ ဖွဲ့စည်းခြင်း အဆင့် အမျိုးသမီး ကျင့်ကြံသူ နှစ်ဆယ်တို့ကို မမှတ်မိကြချေ။
သို့သော် စုယွီနှင့် အခြားသူများထံမှ ထွက်ပေါ်နေသော အမြုတေ ဖွဲ့စည်းခြင်း အဆင့်၏ အရှိန်အဝါများက ထိုနေရာရှိ ကျင့်ကြံသူများကို အကြောက်တရားနှင့် ရိုသေလေးစားမှုများ ဖြစ်ပေါ်လာစေသည်။ သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
သူတို့အားလုံးက အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေလား...။
ဒီလောက်များပြားတဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေက ဘယ်ကနေ ရောက်လာကြတာလဲ...။
“ဟိုမှာ စုမိသားစုက အကြီးအကဲ စုရွေ့ပဲ...”
လူအုပ်ထဲမှ တစ်ယောက်က စုရွေ့ကို မှတ်မိသွားကာ အံ့ဩတကြီး အော်ဟစ်လိုက်၏။
“ဒီ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ အားလုံးက စုမိသားစုကပဲလား...”
စုယွီက မိသားစု ခြံဝင်းဆီသို့ စတင် လျှောက်လှမ်းလိုက်သည်နှင့် စုရွီအန်း၊ ယွီဝမ်ဇီ၊ စုချီ၊ စုတင်းပန်းနှင့် အခြားသူများက အတွင်းဘက်မှ အပြေးအလွှား ထွက်လာကြသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်ကနှင့် နှိုင်းယှဉ်လျှင် သူတို့အားလုံး သိသိသာသာ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်ပြီး ယခင်ကလို လူငယ်လေးများ မဟုတ်ကြတော့ချေ။
စုရွီအန်းသည် ယခုအခါ အသက် ငါးဆယ် ခြောက်ဆယ် အရွယ် လူလတ်ပိုင်းမှ သက်ကြီးပိုင်း အရွယ်သို့ ရောက်ရှိနေပြီပင်။ ယွီဝမ်ဇီကမူ အနည်းငယ် ပို၍ ကြည့်ကောင်းနေသေး၏။ အသက်အရွယ် ထိန်းသိမ်းခြင်း ကျင့်စဉ်များကြောင့် သူမသည် အသက် လေးဆယ် အရွယ်ခန့်သာ ထင်ရသည်။
ထိုနည်းတူစွာပင် စုချီ၊ စုတင်းပန်းနှင့် အခြားသူများသည်လည်း လူလတ်ပိုင်း အရွယ်များအဖြစ် ကြီးပြင်းလာခဲ့ကြလေပြီ။
ဆန့်ကျင်ဘက် အနေဖြင့်...
စုယွီကမူ လွန်ခဲ့သော နှစ်တစ်ရာ၊ နှစ်ရာ ကာလများကအတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ဆံနွယ်များကို ပခုံးထက်တွင် ကျပန်း ဖြန့်ချထားသော သူ၏ ရုပ်သွင်မှာ အိုမင်းရင့်ရော်ခြင်း အလျဉ်းမရှိဘဲ ငယ်ရွယ်နုပျိုသော အင်မော်တယ် တစ်ပါးအလား တင့်တယ် ခမ်းနားနေ၏။
သူ၏ ဘေးတွင် ရပ်နေသော ယွီခယ်အာသည်လည်း အနည်းငယ်မျှသာ ရင့်ကျက်လာခဲ့သည်။ သူမသည် အလှဆုံး အရွယ်သို့ ရောက်ရှိနေသည့်တိုင် အသက် နှစ်ဆယ်၊ သုံးဆယ် အရွယ် အမျိုးသမီး တစ်ဦး၏ ရုပ်သွင်ကိုသာ ထိန်းသိမ်းထားနိုင်သေး၏။
မည်သို့ပင်ဆိုစေ ယွီခယ်အာသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပိုမို ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားပြီး အချိန်ကာလ၏ ဖျက်ဆီးမှုများကို ခုခံနိုင်စွမ်း ရှိနေပြီပင်။
စုယွီနှင့် ယွီခယ်အာတို့ကို မြင်လိုက်ရသောအခါ စုရွီအန်းနှင့် အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ သို့သော် လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း အနည်းငယ်မျှပင် ပြောင်းလဲမသွားသော စုယွီ၏ မျက်နှာကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုရွီအန်းနှင့် အခြားသူများက စိတ်လှုပ်ရှားစွာဖြင့် ဝန်းရံလာကြသည်။
“ဦးလေးငယ်...”
“ဘိုးဘေးကြီး...”
“အဆုံးတော့ ပြန်ရောက်လာခဲ့ပြီပေါ့...”
စုမိသားစုဝင် အများစုမှာ စုယွီကို တစ်ကြိမ်မျှပင် မမြင်ဖူးကြချေ။ လူကြီးများ၏ နောက်မှ လိုက်ပါလာကြသော သူတို့သည် စုယွီကို တိတ်တဆိတ် အကဲခတ်ရင်း အချင်းချင်း တီးတိုး ရေရွတ်နေကြ၏။
လူကြီးများက ဒူးထောက်၍ အရိုအသေ ပေးလိုက်သောအခါ သူတို့လည်း အလျင်အမြန်ပင် လိုက်ပါ လုပ်ဆောင်လိုက်ကြသည်။
စုမိသားစု မျိုးဆက်သစ်များ၏ အပြောင်းအလဲများကို ကြည့်ရင်း စုယွီသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်သွားရ၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအား တစ်ခုက စုရွီအန်းနှင့် အခြားသူများကို မတ်တတ်ရပ်စေလိုက်သည်။
“ကဲ... အားလုံးပဲ အတွင်းကို ဝင်ပြီးမှ စကားပြောကြတာပေါ့...”
စုယွီက ညင်သာစွာ တိုက်တွန်းလိုက်၏။
စုမိသားစုဝင်များ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ ဆေးလုံး တောင်တန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
“စုမိသားစုရဲ့ ဘိုးဘေးကြီးတဲ့လား... ကောလာဟလတွေထဲက စုမိသားစုရဲ့ ဘိုးဘေးကြီးက အသက်ရှင်နေတုန်းပဲလား...”
“ဒါကြောင့်ကိုး... ဒါကြောင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ ဒီလောက် အများကြီး ရောက်လာတာကိုး... ပြီးတော့ ဟိုကြောက်စရာကောင်းတဲ့ သားရဲကြီးကလည်း စုမိသားစု ဘိုးဘေးကြီးရဲ့ စီးတော်ယာ ဖြစ်နေတာပဲ... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ထွက်သွားခဲ့တဲ့ ဒဏ္ဍာရီလာ စုမိသားစုရဲ့ ဘိုးဘေးကြီးက ပြန်ရောက်လာခဲ့ပြီကိုး...”
“စုမိသားစုက တကယ်ကို အထင်ကြီးစရာပဲ... သာမန် မိသားစုငယ်လေး ဘဝကနေ အခုလို အနေအထားအထိ ရောက်လာခဲ့တာ... ပိုင်ယွီ အင်မော်တယ် မြို့တော်နဲ့ ယွင်ကျန်းဂိုဏ်းတောင်မှ သူတို့ကို မစော်ကားရဲကြဘူး... စုမိသားစုဝင်တွေက တာ့ယွဲ့နယ်နိမိတ် တစ်ခုလုံးမှာ ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ကြပြီ...”
“ငါတို့သာ စုမိသားစုထဲ ဝင်ခွင့်ရမယ့် နည်းလမ်းတစ်ခုခု ရှိခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ...”
ကျင့်ကြံသူ အချို့က အရှေ့ဘက်ရှိ စုမိသားစု၏ နယ်မြေကို အားကျ ငေးမောစွာ ကြည့်နေကြ၏။
တစ်ချိန်က စုမိသားစုသည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးပင် မရှိသော သာမန် မိသားစုငယ်လေး တစ်ခုသာ ဖြစ်ခဲ့သည်။ အခြားသူများ သို့မဟုတ် အခြားသော အင်အားစုများကို မော့ကြည့်ခဲ့ရသည့် ဘဝမျိုး ဖြစ်၏။
ယခုမူ တာ့ယွဲ့နယ်နိမိတ် အတွင်း၌ စုမိသားစုသည် အခြားသူများက မော့ကြည့်ရသည့် အဆင့်အတန်း တစ်ခုအထိ ရောက်ရှိနေခဲ့ပြီပင်။
ဒီတိုတောင်းလှသော နှစ်ရာ ကာလအတွင်း အပြောင်းအလဲများက အလွန် ကြီးမားလွန်းလှသည်။
အပြင်ဘက်မှ ကျင့်ကြံသူများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ကို ထားလိုက်ပါတော့။ စုယွီ ပြန်လည်ရောက်ရှိလာပြီး သိပ်မကြာမီမှာပင် ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာကြောင်း သတင်းက စုမိသားစု တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မရေမတွက်နိုင်သော မိသားစုဝင်များ အကြား ကြီးမားသော ဂယက်တစ်ခု ရိုက်ခတ်သွားစေခဲ့သည်။
စုမိသားစုနှင့် ပူးပေါင်းကာ အလုပ်လုပ်ကိုင်နေကြသော အဆင့်နိမ့် ကျင့်ကြံသူလေးများဆိုလျှင် ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။
စုမိသားစု၏ ဘိုးဘေးကြီးသည် နှစ်တစ်ရာအကြာတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အမြောက်အမြားကို ခေါ်ဆောင်ကာ ပြန်လည်ရောက်ရှိလာကြောင်း သူတို့အားလုံး ကြားသိခဲ့ရသည်။ ထို့အပြင် ယခင်က ကြောက်မက်ဖွယ် ကောင်းသော သားရဲကြီးမှာလည်း စုမိသားစု ဘိုးဘေးကြီး၏ စီးတော်ယာ ဖြစ်ကြောင်းကိုပါ သိရှိခဲ့ကြရ၏။
ထိုမျှ အင်အားကြီးမားသော ဘိုးဘေးကြီး ရှိနေသရွေ့ မည်သူကမျှ ပြဿနာ လာရှာရဲမည် မဟုတ်သောကြောင့် စုမိသားစုသည် အနည်းဆုံး နောက်ထပ် နှစ်ရာပေါင်းများစွာ ငြိမ်းချမ်းစွာ ရှင်သန်နိုင်မည်မှာ သေချာလှ၏။
စုယွီသည် စုရွီအန်း၊ စုချီနှင့် အခြားသော မိသားစုဝင်များနှင့်အတူ မိသားစု နတ်ကွန်းဆီသို့ ရောက်ရှိလာခဲ့သည်။ ခန်းမကြီးထဲရှိ ရင်းနှီးနေသော်လည်း အနည်းငယ် စိမ်းသက်နေသော မိသားစုဝင်များကို ကြည့်ရင်း စုယွီက သက်ပြင်းကို ခပ်ဖွဖွ ချလိုက်မိ၏။
အချိန်ကာလများက အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး ယခုအခါ စုရွီအန်းနှင့် အခြားသော လူငယ်လေးများသည် သူတို့၏ သက်တမ်း ကုန်ဆုံးချိန်သို့ နီးကပ်လာခဲ့ပြီပင်။
စုချီ တစ်ယောက်တည်းသာ အနည်းငယ် ကံကောင်းခဲ့သည်ဟု ဆိုရမည်။ သူသည် တစ်ကြိမ်တွင် ရုတ်တရက် အသိအမြင် ပွင့်လင်းသွားခဲ့ပြီး ရွှေအမြုတေ ဆေးလုံးကို စားသုံးရန် အခွင့်အရေး ရရှိခဲ့ကာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် ယခုအခါ စုချီသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် သုံးသို့ ရောက်ရှိနေပြီပင်။
စုချီမှလွဲ၍ စုယွီကို အံ့အားသင့်စေခဲ့သည်မှာ တာ့ယွဲ့ မှောင်ခိုဈေးကွက်တွင် သူတွေ့ဆုံခဲ့ဖူးသော ဝိညာဉ်စိုက်ခင်း ပညာရှင် နတ်မိမယ် ဇီယန်ပါပင်။ သူမသည်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့်မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီပင်။
သူမသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် တစ်တွင်သာ ရှိနေသေးသော်လည်း အနည်းဆုံးတော့ စုရွီအန်းနှင့် အခြားသူများထက် ပို၍ ကံကောင်းကာ ပိုမို ကောင်းမွန်သော အနေအထား တစ်ခုတွင် ရှိနေခဲ့သည်။
စကားပြောဆိုနေကြစဉ် အတွင်းမှာပင် စုယွီသည် စုရွီအန်း၏ မြေးများထဲမှ မျိုးဆက်သစ် ပါရမီရှင် တစ်ဦးဖြစ်သော စုဝေရှန်းနှင့်လည်း တွေ့ဆုံခဲ့ရသည်။ စုဝေရှန်းသည် မြေဓာတ် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး လက်ရှိတွင် အသက် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံခြင်းက အခြေခံ တည်ဆောက်ခြင်း အဆင့် ခုနစ်သို့ပင် ရောက်ရှိနေခဲ့ပြီပင်။
သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် သိပ်မလိုတော့ဘဲ အသက် လေးဆယ် မပြည့်မီမှာပင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ချိုးဖြတ် ဝင်ရောက်နိုင်မည့် အခွင့်အရေးကောင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
မြေဓာတ် ဝိညာဉ်အမြစ် ပိုင်ရှင် ပါရမီရှင် စုဝေရှန်း အပြင် စုမိသားစုတွင် အသက် နှစ်ဆယ့်တစ်နှစ် အရွယ်ဖြင့် အခြေခံ တည်ဆောက်ခြင်း အဆင့် တစ်သို့ ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့သော စုရွေ့၏ သားတစ်ဦးဖြစ်သည့် စုဟူ ကဲ့သို့သော အရည်အသွေးမြင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သည့် ပါရမီရှင် အများအပြားလည်း ရှိနေသေးသည်။
အနာဂတ်တွင် ဤလူငယ်များသည် စုရွီအန်း၊ စုချီနှင့် အခြားသူများ၏ နေရာကို အစားထိုးကာ စုမိသားစု၏ ထိပ်တန်း အင်အားစုများ ဖြစ်လာကြမည်မှာ အသေအချာပင်။
မိသားစု၏ မျိုးဆက်သစ်များနှင့် တွေ့ဆုံပြီးနောက် စုယွီက သူတို့ကို မှော်လက်နက်များ၊ ဆေးလုံးများ၊ လျှို့ဝှက်နည်းစနစ်များ၊ အဆောင်လက်ဖွဲ့များ စသည်တို့ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။ ထို့နောက် သူက ယွီခယ်အာနှင့် အခြားသူများကို ဦးဆောင်ကာ မိသားစု သင်္ချိုင်းဆီသို့ ထွက်ခွာလာခဲ့၏။
ယွီချန်းချင်းသည် တစ်ချိန်က အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ကျရှုံးသွားခဲ့ပြီး ကွယ်လွန်ပြီးနောက် စုမိသားစု၏ သင်္ချိုင်းတွင် မြှုပ်နှံခံခဲ့ရသည်။
စုယွီ၏ လက်အောက်ခံဟောင်း လီဖျင်ချန် သည်လည်း စုယွီ မြေကမ္ဘာအင်မော်တယ် နန်းတော်သို့ ထွက်ခွာသွားပြီး မကြာမီမှာပင် ကွယ်လွန်သွားခဲ့ပြီး စုမိသားစု၏ သင်္ချိုင်းတွင်ပင် ဂူသွင်း မြှုပ်နှံထားခဲ့၏။
မည်သို့ပင်ဆိုစေ လီဖျင်ချန်သည် စုမိသားစုထဲသို့ အိမ်ထောင်ကျခဲ့ပြီး စုမိသားစုအတွက် ဝိညာဉ်အမြစ် ပါရှိသော မျိုးဆက်ပေါင်းများစွာကို မွေးဖွားပေးခဲ့သူ ဖြစ်သည်။
လန်ရှီးနှင့် လန်ကုန်း အမြွှာ ညီအစ်မ နှစ်ဦး သည်လည်း အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန် ကျရှုံးခဲ့ပြီး ကွယ်လွန်ပြီးနောက် ဤနေရာတွင်ပင် အနားယူနေကြပြီပင်။
သင်္ချိုင်းတွင် ရပ်နေရင်း စုယွီက မိတ်ဆွေဟောင်းများ၏ ရင်းနှီးနေသော အုတ်ဂူများကို ငေးကြည့်နေမိသည်။
သူက ‘ဒီမိတ်ဆွေတွေနဲ့ နောက်ဘဝတွေမှာ ပြန်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်...’
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် စုယွီ ရင်တွင်း၌ တီးတိုး ရေရွတ်လိုက်၏။
အရိုအသေ ပေးပြီးနောက် စုယွီ၊ ယွီခယ်အာနှင့် အခြားသူများလည်း ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။
ထိုနောက်ပိုင်း အချိန်များတွင် စုယွီ၊ ယွီခယ်အာနှင့် အခြားသူများသည် လက်ရှိ၌ စုဇီ ထိန်းချုပ်ထားသော ယွင်ကျန်းဂိုဏ်းသို့ နောက်တစ်ခေါက် သွားရောက်ခဲ့ကြ၏။ စုဇီ၏ စီမံခန့်ခွဲမှု အောက်တွင် ယွင်ကျန်းဂိုဏ်း၌ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲ ငါးဦးပင် ထပ်တိုးလာခဲ့ချေပြီ။
သူတို့၏ အင်အားနှင့် စွမ်းရည်များသည် အတိတ်ကထက် များစွာ သာလွန် နေခဲ့ပြီပင်။
ယွင်ကျန်းဂိုဏ်း၏ အခြေအနေကို မြင်တွေ့ပြီးနောက် စုယွီက ယွင်ကျန်းဂိုဏ်းကို တာ့ယွဲ့ နန်းတော်နှင့် ပူးပေါင်းရန် အကြံပြုချက်ကို တင်ပြလိုက်သည်။
စုဇီ အနေဖြင့်လည်း ယွင်ကျန်းဂိုဏ်းတွင် ဆက်လက် မနေထိုင်သင့်တော့ဘဲ အနာဂတ်တွင် ကျင့်ကြံရန်အတွက် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက် ကောင်းကင် နယ်မြေသို့ သွားရောက်သင့်ကြောင်း သူက အကြံပြုလိုက်၏။
သို့တည်းမဟုတ် ယွီခယ်အာ၊ မာထျန်းလင် တို့နှင့်အတူ ပိုင်ဟွာဂိုဏ်းသို့ သွားရောက်ကာ ပိုင်ဟွာဂိုဏ်း၏ အင်အားများကို ထိန်းချုပ်ရန်လည်း တိုက်တွန်းလိုက်သည်။
ထိုနေရာတွင် ကျင့်ကြံခြင်းက ယွင်ကျန်းဂိုဏ်းတွင် နေထိုင်ရသည်ထက် များစွာ ပိုမို ကောင်းမွန်မည်မှာ အသေအချာပင် ဖြစ်တော့၏။
အခန်း (၆၆၂) - အခင်းအကျင်း တာအို အမွေအနှစ်ကို ရရှိခြင်းနှင့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ပြန်လည် ထွက်ပေါ်လာခြင်း (၁)
လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင်။
စုယွီက အခင်းအကျင်း တာအို အင်အားစု နှစ်ခုမှ မူလဝိညာဉ် အဆင့် အရှင်သခင် နှစ်ပါးကို ဆက်တိုက် သတ်ဖြတ်လိုက်ပြီးနောက် အဆိုပါ အင်အားစုကြီး နှစ်ခုလုံး ချက်ချင်း တုန်လှုပ်သွားကြ၏။
ဝိညာဉ်ကျောက်စာတိုင်ကို စောင့်ကြပ်နေသော အကြီးအကဲများ၏ မျက်နှာများမှာ ကြောက်လန့်တကြား ဖြူရော်သွားကြသည်။ သူတို့က နန်းတော်သခင်နှင့် မျှော်စင်သခင်တို့ထံ အလျင်အမြန် သတင်းပို့လိုက်ပြီး ဤကိစ္စကို ဆွေးနွေးရန် အကြီးအကဲများ အားလုံးကို အရေးပေါ် ဆင့်ခေါ်လိုက်တော့၏။
သိပ်မကြာမီမှာပင် လညွှန် နန်းတော်၏ ပထမ အကြီးအကဲသည် နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ ကြယ်ခူး မျှော်စင်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
“တတိယ အကြီးအကဲတို့ အဖွဲ့ ဘယ်ကို သွားကြတာလဲ...”
“မာရှီချင်းရဲ့ ဇာတိဖြစ်တဲ့ တာ့ယွဲ့ နယ်မြေ ဆိုတဲ့ နေရာငယ်လေးဆီ သွားကြတာပါ... မာရှီချင်းနဲ့ ဟိုလူအိုကြီး အဲဒီကိုများ ထွက်ပြေးသွားသလား ဆိုတာကို စုံစမ်းဖို့ စေလွှတ်လိုက်တာပါ... ဒါပေမဲ့ သူတို့က မမျှော်လင့်ဘဲ ပြဿနာနဲ့ ရင်ဆိုင်လိုက်ရတယ်... အခုတော့ အကြီးအကဲ ချင်နဲ့ လီ ကလွဲပြီး ကျန်တဲ့သူတွေ အားလုံး သေဆုံးသွားကြပါပြီ...”
“ဟိုလူအိုကြီး တကယ်ပဲ အဲဒီကို သွားခဲ့တာများလား...”
“ဖြစ်နိုင်ချေ အရမ်းများတယ်...”
ဆွေးနွေးတိုင်ပင်ပြီးနောက် သူတို့သည် ဤကိစ္စကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးရန် လညွှန် နန်းတော်၏ ဘိုးဘေးကြီးများကို တာ့ယွဲ့ နယ်မြေသို့ သွားရောက်ပေးရန် ပန်ကြားရန် ဆုံးဖြတ်လိုက်ကြသည်။
...
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်။
နတ်မိမယ် ဖုန်းလင်သည် သူမ၏ နာမည်ရင်းကို ပြန်လည် အသုံးပြုကာ ဝိညာဉ် နန်းတော်၊ စစ်တပ် နန်းတော်နှင့် အစစ်အမှန် နန်းတော် တို့ကို ပြန်လည် တည်ဆောက်လိုက်၏။ ထို့နောက် ပြင်ပမှ ကျင့်ကြံသူများကို နန်းတော် သုံးခုထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ကာ ကြွယ်ဝလှသော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် အမွေအနှစ်များကို ကန့်သတ်ချက်မရှိ ထောက်ပံ့ပေးခဲ့သည်။
သို့သော် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များတွင် နတ်မိမယ် ဖုန်းလင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ပတ်သက်နေရန် မလိုအပ်ချေ။
လူအနည်းငယ်ကို ရွေးချယ် ခန့်အပ်ပြီးနောက် နတ်မိမယ် ဖုန်းလင်က ထိုတာဝန်များကို သူတို့ထံ လွှဲပြောင်းပေးအပ်လိုက်၏။
သူမကမူ အဘွားအိုကို ခေါ်ဆောင်ကာ ဖုန်းလော့နယ်နိမိတ်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။
ဖုန်းလော့နယ်နိမိတ်၏ ဗဟိုချက်တွင် အလွန်တရာ ကျယ်ဝန်းလှသော ရေကန်ကြီး တစ်ခု ရှိနေပြီး ထိုရေကန်ကြီးသည် တောင်တန်းဖုံးလွှမ်း သမုဒ္ဒရာ နယ်မြေဆီသို့ တိုက်ရိုက် စီးဆင်းသွားသော မြစ်ကြီးတစ်စင်း၏ မြစ်ဖျားခံရာ နေရာဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သည်။
ထိုရေကန်ကြီးကို ဖုန်းလော့ ရေကန် ဟုလည်း ခေါ်ဆိုကြ၏။
ရေကန်ကြီး၏ ပုံသဏ္ဌာန်မှာ ကောင်းကင်ယံမှ ဆင်းသက်လာသော ဖီးနစ်ငှက်ကြီး တစ်ကောင် မြေပြင်ပေါ်သို့ ကျဆင်းလာသည့်အလား ရှိနေသည်။
ဖုန်းလော့နယ်နိမိတ်၏ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သော သွေးဖီးနစ် အင်မော်တယ်ဂိတ်တံခါးသည် ဖုန်းလော့ ရေကန်နှင့် မဝေးလှသော တောင်တန်း တစ်ခုပေါ်တွင် တည်ရှိသည်။
နတ်မိမယ် ဖုန်းလင်သည် သွေးဖီးနစ် အင်မော်တယ်ဂိတ်တံခါးကို လုံးဝ ဂရုမစိုက်ချေ။ ယင်းအစား သူမက အဘွားအိုကို ဦးဆောင်ကာ ဖုန်းလော့ ရေကန်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့၏။
ထို့နောက် သူမက ကျိုးပဲ့နေသော ကြေးဝါအပိုင်းအစ တစ်ခုကို ထုတ်ယူကာ သူမ၏ ကိုယ်ပိုင် ဖီးနစ် မှော်စွမ်းအားဖြင့် သေချာစွာ စူးစမ်းရှာဖွေမှုများ စတင်လိုက်တော့သည်။
လအနည်းငယ် ကုန်လွန်သွားခဲ့သော်လည်း နတ်မိမယ် ဖုန်းလင်မှာ မည်သည့် အရာကိုမျှ မရှာတွေ့ခဲ့ချေ။
သူမက မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်၏။
“အခြား အပိုင်းအစတွေကို ရှာဖို့ လိုအပ်နေပုံပဲ...”
နတ်မိမယ် ဖုန်းလင်က အဘွားအိုကို ခေါ်ဆောင်ကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်လာခဲ့သည်။ သို့သော် သူတို့ ပြန်ရောက်ပြီး မကြာမီမှာပင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ပေါ်သို့ ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့တော့၏။
နတ်ဘုရား အလင်းတန်းများ ဖုံးလွှမ်းနေပြီး စိမ်းဖျော့ဖျော့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ထိုပုံရိပ်၏ ခန္ဓာကိုယ်မှာ ဝေဝါးနေပြီး ရှင်းလင်းစွာ မမြင်ရချေ။
ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် သူမက ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အတွင်းရှိ ပိုင်ယွဲ့ အင်မော်တယ် တောင်ထွတ်ဆီသို့ အကြည့်ပို့လိုက်၏။ သူမ၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားမှုနှင့်အတူ အင်မော်တယ် တောင်ထွတ် အတွင်းမှ အဆင့်အတန်း အမှတ်အသား တံဆိပ်ပြား တစ်ခုက ပျံသန်းလာပြီး သူမရှေ့တွင် ရပ်တန့်သွားတော့သည်။
ဤတံဆိပ်ပြားမှာ အခြားမဟုတ်ဘဲ လညွှန် နန်းတော်၏ တတိယ အကြီးအကဲ ချင်ခယ်ရှင်း၏ အဆင့်အတန်း အမှတ်အသား တံဆိပ်ပြားပါပင်။
ဤတံဆိပ်ပြား အတွင်းရှိ အာရုံခံစနစ်ကို အခြေခံ၍သာ သူမသည် ဤနေရာကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်၏။
*
ပိုင်ယွဲ့ အင်မော်တယ် တောင်ထွတ် အထက်တွင်။
နတ်မိမယ် ဖုန်းလင်နှင့် အဘွားအို နှစ်ဦးစလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားစွာဖြင့် ကောင်းကင်ယံသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။
“ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်...”
"ဝုန်း"
သူတို့ တစ်ခွန်းမျှပင် မပြောနိုင်မီ ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များနှင့်အတူ လွှမ်းမိုးနိုင်စွမ်းရှိသော အင်မော်တယ် စွမ်းအားကြီးက သူတို့ထံသို့ ရိုက်ခတ်လာကာ သူတို့အားလုံးကို တစ်ပါတည်း ဖိနှိပ် ချုပ်ချယ်ရန် ရွယ်ရည်လာတော့သည်။
“ကြယ်ခူး မိစ္ဆာအိုကြီး...မင်း ပုန်းနေလို့ မရဘူး... ထွက်ပြေးလို့လည်း မလွတ်ဘူး...”
“မင်း ထွက်မလာဘူးဆိုရင် ဒီအင်မော်တယ် မြို့တော် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်...”
သို့သော် နောက်တစ်စက္ကန့်တွင် နတ်မိမယ် ဖုန်းလင်၏ အနောက်၌ ရပ်နေသော အဘွားအိုက အဆောင်လက်ဖွဲ့ တစ်ခုကို ဆွဲထုတ်လိုက်၏။ သူမက လက်တစ်ဖက်ကို နတ်မိမယ် ဖုန်းလင်၏ ပခုံးပေါ်သို့ တင်လိုက်ပြီး အခြား လက်တစ်ဖက်ဖြင့် သူမလက်ထဲရှိ အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်။
“ရွှီး…”
အဆောင်လက်ဖွဲ့၏ စွမ်းအားများ ပေါက်ကွဲထွက်လာမှုနှင့်အတူ မီးဖီးနစ်ငှက်ကြီး တစ်ကောင်က ကောင်းကင်ယံသို့ ပျံတက်သွားကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများကို ထုတ်လွှတ်လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းက ကောင်းကင်ယံမှ ဆင်းသက်လာသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ ဖိနှိပ် ချုပ်ချယ်ထားသော နတ်ဘုရား စွမ်းအားများကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပြီး မီးဖီးနစ်ငှက်ကြီးက ကောင်းကင်ယံရှိ ပုံရိပ်ဆီသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။
ဟင်းလင်းပြင် တုန်ခါမှုများနှင့်အတူ နတ်မိမယ် ဖုန်းလင်နှင့် အဘွားအိုတို့ ချက်ချင်း ပျောက်ကွယ်သွားကြပြီး အဆောင်လက်ဖွဲ့၏ စွမ်းအားဖြင့် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာသို့ နေရာရွှေ့ပြောင်း ခံလိုက်ရသည်။
“သွားမယ်...”
မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာသို့ ရွှေ့ပြောင်းခံရသော်လည်း အဘွားအိုသည် နတ်မိမယ် ဖုန်းလင်ကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိရာ လမ်းကြောင်းဆီသို့ အလျင်အမြန် ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်၏။
တစ်ချိန်တည်းမှာပင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အထက် ကောင်းကင်ယံ၌ လညွှန် နန်းတော်၏ ဘိုးဘေးကြီးသည် ကောင်းကင်ယံသို့ ထိုးတက်လာသော မီးဖီးနစ်ငှက်ကြီးကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
၎င်း ထုတ်လွှတ်လိုက်သော စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူမကိုယ်တိုင်ပင် မခံမရပ်နိုင်လောက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။
သူမက ချက်ချင်း ပျောက်ကွယ်သွားကာ မီးဖီးနစ်ငှက်ကြီး၏ ရိုက်ခတ်မှုကို အလျင်စလို ရှောင်တိမ်းလိုက်သည်။
"ဘုန်း"မီးဖီးနစ်ငှက်ကြီးက ကောင်းကင်ယံတွင် ပေါက်ကွဲသွားပြီး ၎င်း၏ ကြီးမားလှသော စွမ်းအားက မိုင်ရာနှင့်ချီသော ကောင်းကင်ပြင် တစ်ခုလုံးကို ချက်ချင်း တုန်လှုပ်သွားစေ၏။ ကျင့်ကြံသူ အများအပြားက ဤတုန်ခါမှုကို ခံစားလိုက်ရပြီး ကောင်းကင်ယံရှိ အဆုံးမဲ့ မီးတိမ်တိုက် သမုဒ္ဒရာကြီးကို တွေ့မြင်လိုက်ရကာ ကောင်းကင် တစ်ခုလုံးမှာ တောက်ပသော အနီရောင် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လညွှန် နန်းတော်၏ ဘိုးဘေးကြီးက အခြား နေရာတစ်ခုတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ မီးဖီးနစ်ငှက်ကြီး၏ ပေါက်ကွဲမှုနှင့် ယခုအခါ ဗလာကျင်းနေပြီ ဖြစ်သော ပိုင်ယွဲ့ အင်မော်တယ် တောင်ထွတ်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် ခံစားချက် မျိုးစုံ ပြည့်နှက်နေ၏။
“ဒီအဆောင်လက်ဖွဲ့က...”
သူမ အလွန်တရာ အံ့အားသင့်သွားရသည်။ အဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသော ဖီးနစ်ငှက်ကြီးမှာ သူမ ယခင်က တစ်နေရာရာတွင် မြင်ဖူးခဲ့သကဲ့သို့ ရင်းနှီးနေခဲ့၏။
အတော်ကြာ စဉ်းစားပြီးနောက်…
အင်အားစု တစ်ခု၏ နာမည်က သူမ၏ စိတ်အာရုံထဲတွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
'တောင်ပိုင်း အင်မော်တယ် နယ်မြေ... မီးဖီးနစ် ကောင်းကင် နန်းတော်...'
ရုတ်တရက် လညွှန် နန်းတော် ဘိုးဘေးကြီး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။
'ခုနက လူနှစ်ယောက်က မီးဖီးနစ် ကောင်းကင် နန်းတော်ကများလား...'
'ငါတို့ လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင်တို့ရဲ့ ပျက်စီးဆုံးရှုံးမှုတွေက မီးဖီးနစ် ကောင်းကင် နန်းတော်နဲ့ ပတ်သက်နေတာလား...'
'ကြယ်ခူး မိစ္ဆာအိုကြီး မဟုတ်ဘူးလား...'
“ဒါတော့ မဟန်ဘူး...”
လညွှန် နန်းတော် ဘိုးဘေးကြီးက နောင်တ အနည်းငယ် ရသွားကာ
သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်၏။ ယခုလေးတင် တွေ့ခဲ့ရသော လူနှစ်ဦးမှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ မဟုတ်ဘဲ တောင်ပိုင်း အင်မော်တယ် နယ်မြေရှိ မီးဖီးနစ် ကောင်းကင် နန်းတော်မှ ကျင့်ကြံသူများ ဖြစ်နေမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
မီးဖီးနစ် ကောင်းကင် နန်းတော်သည် သာမန် အင်အားစုငယ်လေး တစ်ခု မဟုတ်ဘဲ သူတို့၏ လညွှန် နန်းတော် အနေဖြင့် လုံးဝ သွားရောက် မစော်ကားရဲသော အင်အားစုကြီး တစ်ခု ဖြစ်၏။
သူမ အနေဖြင့် မလှုပ်ရှားမီ သေချာ ရှင်းလင်းအောင် အရင် မေးမြန်းခဲ့သင့်သည်။
ယခုအခါ ထိုနှစ်ဦးက ပဉ္စမအဆင့် အဆောင်လက်ဖွဲ့ကို အသုံးပြုကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်ရာ မီးဖီးနစ် ကောင်းကင် နန်းတော်ရှိ သူတို့၏ အဆင့်အတန်းမှာ လုံးဝ အထင်သေး၍ ရမည် မဟုတ်ချေ။
သူတို့သာ အောင်မြင်စွာ ပြန်ရောက်သွားပါက မီးဖီးနစ် ကောင်းကင် နန်းတော်၏ အင်အားစုများကိုပင် ခေါ်ဆောင်လာနိုင်ပေသည်။
"ဝုန်း"
ထိုအကြောင်းကို တွေးတောမိပြီးနောက် လညွှန် နန်းတော် ဘိုးဘေးကြီးသည် အဆောင်လက်ဖွဲ့ ချန်ရစ်ခဲ့သော ခြေရာများနောက်သို့ အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့၏။
သူမသာ ထိုနှစ်ဦးကို မှီအောင် လိုက်နိုင်ခဲ့လျှင် တစ်ခုခုကို လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အခန်း (၆၆၃) - အခင်းအကျင်း တာအို အမွေအနှစ်ကို ရရှိခြင်းနှင့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ပြန်လည် ထွက်ပေါ်လာခြင်း (၂)
ဖုံးကွယ်၍ မရနိုင်လျှင်တောင်မှ သူမ အနေဖြင့် အကောင်းဆုံး ဖြေရှင်းနိုင်ရန် ကြိုးစားရမည် ဖြစ်၏။
သို့သော် သူမသည် ကျင့်ကြံခြင်း နယ်မြေ တစ်ခုလုံးကို အနှံ့အပြား ရှာဖွေခဲ့သော်လည်း နတ်မိမယ် ဖုန်းလင်နှင့် အဘွားအိုတို့၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
ရွေးချယ်စရာ မရှိတော့သဖြင့် လညွှန် နန်းတော်၏ ဘိုးဘေးကြီးသည် တာ့ယွဲ့ နယ်မြေသို့ တစ်ခါမျှ မလာခဲ့ဖူးသည့်အလား တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။
အစမှ အဆုံးတိုင် သူမသည် ကြယ်ခူး ဘိုးဘေးကြီးထံမှ ခိုင်လုံသော သတင်းအချက်အလက် တစ်ခုကိုသာ ရရှိခဲ့၏။ ဤအခြေအနေများအရ မီးဖီးနစ် ကောင်းကင် နန်းတော်သည် လညွှန် နန်းတော်ကို လာရောက် ပြဿနာရှာမည် မဟုတ်ဟု သူမ ယူဆလိုက်သည်။
မည်သို့ပင်ဆိုစေ ထိုနှစ်ဦးမှာ မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိခဲ့ချေ။
ထို့အပြင် ဤနေရာသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဖြစ်ပြီး တောင်ပိုင်း အင်မော်တယ် နယ်မြေရှိ မီးဖီးနစ် ကောင်းကင် နန်းတော်၏ ပိုင်နက်နယ်မြေ မဟုတ်ပေ။
အခြား တစ်နေရာတွင် နတ်မိမယ် ဖုန်းလင်သည် ဖုန်းလော့နယ်နိမိတ်၏ နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ အဘွားအိုကို ခေါ်ဆောင်၍ တောင်ပိုင်း အင်မော်တယ် နယ်မြေသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီပင်။
ထိုအချိန်မှသာ နတ်မိမယ် ဖုန်းလင်သည် ရုတ်တရက် ကြုံတွေ့ခဲ့ရသော မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို ပြန်လည် စဉ်းစားရန် အချိန်ရသွား၏။ သူမ၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပြည့်နှက်နေသည်။
'ဟိုဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူက ဘယ်သူလဲ...'
'ကြယ်ခူး ဘိုးဘေးကြီး ဆိုတာကရော ဘယ်သူလဲ...'
'သူမက ဘာလို့ ငါ့ကို လာတိုက်ခိုက်ရတာလဲ...'
နတ်မိမယ် ဖုန်လင်သည် တာ့ယွဲ့ နယ်မြေသို့ ယခုမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး သူမ ယခင်က သိရှိခဲ့သော ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ အခြေခံ အုတ်မြစ်များမှာလည်း ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်၏။
တာ့ယွဲ့ နန်းတော်၏ သတင်း ပိတ်ဆို့ထားမှုများကြောင့် တာ့ယွဲ့ နန်းတော်၌ ဖြစ်ပွားခဲ့သော အပြောင်းအလဲများနှင့် စစ်ပွဲများကို သူမ လုံးဝ မသိရှိခဲ့ချေ။
ထို့ကြောင့် နတ်မိမယ် ဖုန်းလင် တစ်ယောက် မည်သည့် အရာကိုမျှ နားမလည်နိုင်အောင် ဖြစ်နေရသည်။
သူမ၏ စိတ်ထဲတွင် အတွေးများစွာ ရှုပ်ထွေးနေသော်လည်း ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တစ်ဦးက သူမကို အဘယ်ကြောင့် ရုတ်တရက် လာရောက် တိုက်ခိုက်ရသနည်း ဆိုသည်ကို အဖြေမရှာနိုင်ခဲ့ပေ။
ဤကိစ္စက လုံးဝ အဓိပ္ပာယ် မရှိချေ။
‘တာ့ယွဲ့ နယ်မြေလို နေရာမျိုးမှာ ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဘယ်ကနေ ဘယ်လို ရောက်လာရတာလဲ…’
“ဒါက တောင်ပိုင်း အင်မော်တယ် နယ်မြေက ရန်သူ မဟုတ်ဘူးဆိုရင်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အလယ်ပိုင်း ဒေသကပဲ ဖြစ်ရမယ်...”
နတ်မိမယ် ဖုန်းလင်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ မျက်မှောင်ကြုတ်လိုက်၏။
'တာအိုမိတ်ဆွေ စုယွီက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဗဟိုနယ်မြေက အင်မော်တယ် နန်းတော် တစ်ခုကို ဝင်ရောက်သွားခဲ့တာပဲ... ဒီဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူက သူ့ကြောင့်များ ရောက်လာတာလား... ဒါဆို ငါက အပြစ်မရှိဘဲ ကြားညှပ်သွားတာပေါ့...'
နတ်မိမယ် ဖုန်းလင်က သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်ပြီး နေရာရွှေ့ပြောင်း အခင်းအကျင်းဘက်သို့ လှည့်ကြည့်လိုက်၏။ သို့သော် အမှန်တရားကို စုံစမ်းရန် ထိုနေရာသို့ ပြန်သွားရန် သူမ စိတ်ကူးမရှိတော့ချေ။
သူမ၏ ပြန်လာရခြင်း ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီပင်။ ထျန်းဖုန်း နန်းတော်၏ ရှေးဟောင်း အပျက်အစီးနယ်မြေကို ရှာဖွေရန်အတွက် အခြား အပိုင်းအစများ လိုအပ်နေသေး၏။
ထို့ကြောင့် ပြန်သွားရန် မလိုအပ်တော့ပေ။
“နောက်တစ်ခေါက် ပြန်လာမယ့် အချိန်အထိ စောင့်ကြတာပေါ့... လောလောဆယ်တော့ ကောင်းကင် နန်းတော်ကို ပြန်ပြီး အခြေအနေတွေကို သတင်းပို့ရမယ်...”
...
တာ့ယွဲ့ နယ်မြေ... ဆေးလုံး တောင်တန်း။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွားလိုက်သည့် အချိန်မှာပင် ဆေးလုံး တောင်တန်း၌ စတုတ္ထအဆင့် အဆင့်နိမ့် တောင်ကာကွယ်ရေး အခင်းအကျင်းကို တည်ဆောက်နေသော စုယွီသည် ထိုတုန်ခါမှုကို ချက်ချင်း အာရုံခံမိသွား၏။
သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ဤမျှ ဝေးကွာသော နေရာမှပင် ထိုတုန်ခါမှုကို သူ အာရုံခံနိုင်နေဆဲ ဖြစ်၏။
'မူလဝိညာဉ် အဆင့်ရဲ့ အထွတ်အထိပ် ရောက်နေတဲ့ အရှင်သခင်ကြီး တစ်ပါးပါးကများ လှုပ်ရှားလိုက်တာလား... ဒါမှမဟုတ် ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တစ်ယောက်များလား...'
ဒုတိယ အချက်ကို တွေးမိလိုက်သောအခါ စုယွီ၏ ကျောရိုးထဲတွင် စိမ့်ခနဲ ဖြစ်သွားတော့သည်။
'မဖြစ်နိုင်ဘူး...'
'ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဒီကိုများ ရောက်လာတာလား...'
တစ်ခုခု မှားယွင်းသွားပါက မိသားစုကို ခေါ်ဆောင်ကာ ဟင်းလင်းပြင် စွမ်းအားဖြင့် ထွက်ပြေးရန်အတွက် သူက စုမိသားစုဝင်များကို အလျင်အမြန် စုစည်းလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ လှုပ်ရှားမှုမှာ ခေတ္တမျှသာ ဖြစ်ပြီး နောက်ထပ် မည်သည့် အသံမျှ ထွက်ပေါ်မလာတော့ချေ။
စုယွီက ဆက်သွယ်ရေး တံဆိပ်ပြားကို ကြည့်ကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း နတ်မိမယ် ဖုန်းလင်ထံမှ မည်သည့် သတင်းစကားကိုမျှ မရရှိခဲ့ပေ။
ဤအဖြစ်က သူ့ကို အနည်းငယ် တွေဝေသွားစေ၏။
'တာအိုမိတ်ဆွေ ဖုန်းလင် တောင့်ခံထားနိုင်ပါ့မလား...'
နတ်မိမယ် ဖုန်းလင် အနေဖြင့် အနည်းငယ် ထပ်မံ တောင့်ခံထားနိုင်ရန် သူက ရင်တွင်း၌ ဆုတောင်းနေမိသည်။ သူမသာ သူ၏ ကိုယ်စား အပြစ်များကို ထမ်းယူပေးမည် ဆိုပါက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်း တို့၏ ယခင်က အငြိုးအာဃာတများကို သူ ဂရုစိုက်တော့မည် မဟုတ်ဘဲ အားလုံးကို ဖျက်သိမ်းပေးလိုက်မည် ဖြစ်၏။
'သူသာ မတောင့်ခံနိုင်တော့ဘူး ဆိုရင်... ဟူး... တာအိုမိတ်ဆွေ ဖုန်းလင်... အနာဂတ်မှာ အချိန်ရရင် မင်းရဲ့ အုတ်ဂူဆီ ငါ လာလည်ပါ့မယ်...'
နောက်ထပ် လဝက်ခန့် အချိန်အတွင်း၌ အရာအားလုံးက အေးချမ်း တိတ်ဆိတ်နေပြီး စုယွီ သည်လည်း မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရှိခဲ့ရချေ။
သူက သတင်းအချက်အလက်များကို စုံစမ်းရန် ကောင်းကင်မိုးကြိုးကြွက်များကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဆီသို့ သတိကြီးစွာဖြင့် စေလွှတ်လိုက်၏။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ ထိခိုက်ပျက်စီးမှု မရှိဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အရိပ်အယောင်များလည်း မတွေ့ရကြောင်း သူ သိရှိလိုက်ရသည်။
သို့သော် နတ်မိမယ် ဖုန်းလင်မှာ မြို့တော်ထဲတွင် မရှိတော့ချေ။
တာ့ယွဲ့ နန်းတော်နှင့် တာ့ယွဲ့ အင်မော်တယ် မြို့တော်တို့၏ ဝင်ပေါက်များကို သေချာစွာ စစ်ဆေးပြီးနောက် မည်သည့် အဖြစ်အပျက်မျှ မရှိဘဲ အရာအားလုံးက ဘေးကင်း ငြိမ်းချမ်းနေကြောင်း တွေ့လိုက်ရ၏။
ထိုနောက်ပိုင်း အချိန်များတွင် စုယွီသည် ဆေးလုံး တောင်တန်းပေါ်၌ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်းကြီး တစ်ခုကို တည်ဆောက်ရန် အာရုံစိုက်နေခဲ့သည်။ ထိုသို့ လုပ်ဆောင်နေရင်း သူ တာ့ယွဲ့နယ်နိမိတ်သို့ ပြန်ရောက်နေခဲ့သည်မှာ တစ်နှစ် တင်းတင်း ပြည့်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။
ယခုအခါ အခင်းအကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သလို စုဇီ ဦးဆောင်သော ယွင်ကျန်းဂိုဏ်း သည်လည်း တာ့ယွဲ့ နန်းတော်ဆီသို့ ထွက်ခွာသွားခဲ့ပြီပင်။
တာ့ယွဲ့ နန်းတော်မှ လူများသည် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ် အတွင်းမှ ပြန်လည် ထွက်ပေါ်လာခဲ့ကြပြီး တာ့ယွဲ့နယ်နိမိတ် အတွင်းရှိ အင်အားစုများကို ကြီးမားသော ပူးပေါင်းမှုကြီး တစ်ခု အဖြစ် စတင် အကောင်အထည် ဖော်လိုက်ကြတော့သည်။
ဖုန်းလော့နယ်နိမိတ်နှင့် ကိုးဝိညာဉ် မိစ္ဆာတောင်တန်း တို့ကို သိမ်းပိုက် ထိန်းချုပ်မည့် ကိစ္စအတွက်မူ စုယွီက ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် စွက်ဖက်ရန် အစီအစဉ် မရှိချေ။
ယင်းအစား သူက ချင်ခယ်ရှင်း၊ လီကျန့်၊ ယွီခယ်အာနှင့် စုဇီ တို့ကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြု၍ ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်နယ်မြေသို့ သွားရောက်ခဲ့၏။
ပိုင်ဟွာဂိုဏ်းတွင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး လေးပါး ရှိနေပြီ ဖြစ်ရာ သူတို့၏ စုပေါင်း အင်အားသည် ဖုန်းလော့နယ်နိမိတ်နှင့် ကိုးဝိညာဉ် မိစ္ဆာတောင်တန်း တို့ကို တာ့ယွဲ့ နန်းတော်က လွှမ်းမိုး ထိန်းချုပ်ရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီပင်။
...
မြေကမ္ဘာအင်မော်တယ် နန်းတော်၏ ဂိတ်တံခါး။
တစ်နှစ်ကျော် အကြာတွင် ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ရောက်ရှိလာသော စုယွီသည် မာရှီချင်း၏ အခြေအနေကို သွားရောက် ကြည့်ရှုရန် ရည်ရွယ်ထား၏။ သို့သော် သူ ရောက်ရောက်ချင်းမှာပင် စံအိမ်တော် သခင်ကြီး၏ အသံက သူ၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာကာ ခန်းမဆောင်ကြီးဆီသို့ ဆင့်ခေါ်လိုက်တော့သည်။
စံအိမ်တော် သခင်ကြီးမှာ အမြဲတမ်းလိုလို တည်ငြိမ် အေးချမ်းနေဆဲ ဖြစ်၏။ စုယွီကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် နှုတ်ဆက် စကားပင် မဆိုရသေးမီ ကျောက်စိမ်းမှတ်တမ်း တစ်ခုကို သူ့ထံ ပစ်ပေးလိုက်သည်။
“ဒါက ကြယ်ခူး မျှော်စင်က ရရှိလာတဲ့ ပဉ္စမအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် အမွေအနှစ် တစ်ခုပဲ... လညွှန် နန်းတော်က ရထားတဲ့ အမွေအနှစ်နဲ့ ပေါင်းလိုက်မယ် ဆိုရင် ဆဋ္ဌမအဆင့် အခင်းအကျင်း ပညာရှင် အမွေအနှစ် တစ်ခု ဖြစ်လာလိမ့်မယ်...”
“ဦးလေးဆရာက လောလောဆယ် တံခါးပိတ် ကျင့်ကြံနေတာ ဆိုတော့ ဒီအမွေအနှစ်ကို သူ မလိုအပ်သေးဘူး...”
“မင်းက အင်မော်တယ် နန်းတော် အနေနဲ့ ကြယ်ခူး မျှော်စင်ကို အနိုင်ယူနိုင်ဖို့ အများကြီး ကူညီပေးခဲ့လို့ ဒီအမွေအနှစ်ကို ရရှိခဲ့တာပဲ... ဒါ့အပြင် အခင်းအကျင်း တာအိုအပေါ် မင်းရဲ့ ပါရမီကလည်း ထူးခြား ပြောင်မြောက်တယ်လေ...”
“ဒါကြောင့် ဒီအခင်းအကျင်း တာအို အမွေအနှစ်ရဲ့ ပုံတူ တစ်စောင်ကို မင်းကို ပေးဖို့ ဆုံးဖြတ်လိုက်တယ်...”
စုယွီ တစ်ယောက် အံ့အားသင့်သွားပြီး အလျင်အမြန်ပင် မေးမြန်းလိုက်၏။
“ဒါက... အစ်ကိုကြီး... လညွှန် နန်းတော်နဲ့ အင်မော်တယ် တစ်သောင်း နန်းတော်တို့ကသာ ဒီကိစ္စကို သိသွားရင် ကျွန်တော့်အတွက် အန္တရာယ် မများလွန်းဘူးလား...”
စံအိမ်တော် သခင်ကြီး (ဝါ) နန်းတော် သခင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ကာ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“စိတ်မပူပါနဲ့... အခု မင်းကို ပေးထားတဲ့ အမွေအနှစ်ထဲမှာ စတုတ္ထအဆင့် အဆင့်မြင့် အထိပဲ ပါဝင်တာပါ... မင်း စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် အဆင့်ကို ရောက်တဲ့အခါကျမှ ကျန်တဲ့ အမွေအနှစ်တွေကို ဆက်ပေးမယ်...”
စုယွီ : “...”
ပဉ္စမအဆင့် အောက်ရှိ အမွေအနှစ်များ ဆုံးရှုံးသွားလျှင်တောင်မှ ကိစ္စမရှိဘူး ဆိုသည့် အဓိပ္ပာယ်ပါပင်။ သို့သော် သူ၏ အသက်က အခင်းအကျင်း တာအို အမွေအနှစ်ထက် ပိုအရေးမကြီးဘူးလား။
သူ၏ အစ်ကိုကြီးသည် ပြဿနာ တစ်ခု၏ အဓိက အနှစ်သာရကို နားလည် သဘောပေါက်နိုင်စွမ်း လွန်စွာ အားနည်းလှပေသည်။
စံအိမ်တော် သခင်ကြီးက ပြုံးစိစိ မျက်နှာဖြင့် စုယွီကို ကြည့်ကာ မေးလိုက်၏။
“မင်း ယူမှာလား... မယူဘူး ဆိုရင်လည်း ပြန်ပေးလေ...”
စုယွီက တံဆိပ်ပြားကို အမြန် သိမ်းဆည်းလိုက်ရင်း ပြန်လည် ဖြေကြားလိုက်သည်။
“ယူမှာပေါ့...”
ဆဋ္ဌမအဆင့် အခင်းအကျင်း ပညာရှင် အဖြစ်သို့ ရောက်ရှိစေနိုင်မည့် အမွေအနှစ် တစ်ခုကို ဘယ်သူကများ အလိုမရှိဘဲ နေမည်နည်း။
စံအိမ်တော် သခင်ကြီးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။ သူ ထွက်ခွာသွားတော့မည့် အချိန်တွင် စံအိမ်တော် သခင်ကြီးက ရုတ်တရက် လှည့်ကြည့်ကာ ထပ်မံ မှာကြားလိုက်သည်။
“ညီလေး.. အရိုင်းနယ်မြေကနေ ထွက်လာခဲ့တာ အတော်လေး ကြာနေပြီ... အခု ပြန်သွားရမယ့် အချိန် ရောက်ပြီ...”
စုယွီသည် အင်မော်တယ် နန်းတော်၏ ခန်းမဆောင်ကြီး အတွင်းမှ မဟာယွီ တောင်ထွတ်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့၏။
ကြယ်ခူး မျှော်စင်မှ လွှဲပြောင်းပေးလိုက်သော အခင်းအကျင်း တာအို အမွေအနှစ်ကို နားလည် သဘောပေါက်ရန် ကျောက်စိမ်းမှတ်တမ်း အတွင်းသို့ အာရုံဝင်စားလိုက်ချိန်တွင် အကြမ်းဖျင်း လေ့လာမှုလေး တစ်ခုဖြင့်ပင် ဤအမွေအနှစ်၏ နက်နဲမှုကို စုယွီ ခံစားလိုက်ရသည်။
သူ၏ ဆရာ တာအိုဆရာ ထျန်းယွီ ထံမှ ရရှိခဲ့သော အခင်းအကျင်း တာအို အမွေအနှစ်နှင့် နှိုင်းယှဉ်လျှင် ဤအမွေအနှစ်က သံသယဖြစ်ဖွယ် မရှိအောင် ပိုမို ပြည့်စုံပြီး အပြစ်အနာအဆာ ကင်းမဲ့နေ၏။ ၎င်းသည် တစ်စုံတစ်ယောက်ကို ဉာဏ်အလင်း ပွင့်လာစေရန် လမ်းညွှန်ပေးနိုင်သော ပြီးပြည့်စုံသည့် အခင်းအကျင်း တာအို စနစ်ကြီး တစ်ခုနှင့်ပင် တူညီနေပါသည်။
'အရိုင်းနယ်မြေကို ပြန်ရောက်မှပဲ ဖြည်းဖြည်းချင်း လေ့လာရတော့မယ်...'
စုယွီသည် မာရှီချင်း၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှုဟိုင် တို့ကို စုဝေးလိုက်၏။ မာရှီချင်းမှာ လက်ရှိတွင် မြေကမ္ဘာအင်မော်တယ် နန်းတော် အတွင်း၌ အနားယူ ကုသမှု ခံယူနေဆဲ ဖြစ်သည်။
လော့ချန်ယွီက တစ္ဆေ ဓားတောင်ထွတ်၏ ကိစ္စရပ်များကို လွှဲပြောင်း ရယူရန် အလုပ်များနေ၏။ တာအိုဆရာမ ချင်းချွမ်မှာမူ တောင်ထွတ်သခင် အမွေဆက်ခံသူများ အဖြစ် အရှင်သခင်ကြီး ယွဲ့ပေါ် ကို ကူညီပေးနေသည်။
တာအိုဆရာ ရှုဟိုင် အနေဖြင့်မူ ဟိုဒီ လှည့်လည်သွားလာရင်း အခွင့်အရေးများ ရှာဖွေရန် ရံဖန်ရံခါ အပြင်ထွက်လေ့ ရှိသလို အင်မော်တယ် နန်းတော် အတွင်း၌ နေထိုင်ကာ စာအုပ်စာပေ အမျိုးမျိုးကို ဖတ်ရှု လေ့လာနေတတ်သော နက်နဲဆန်းကြယ်သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေဆဲပင်။
*
တစ်လကျော် အကြာတွင်..
စုယွီသည် တောင်တန်းအင်မော်တယ်မြို့တော် ၏ နေရာရွှေ့ပြောင်း အခင်းအကျင်းမှ တစ်ဆင့် အရိုင်းနယ်မြေသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့တော့သည်။
အရိုင်းနယ်မြေရှိ မြေကမ္ဘာအင်မော်တယ် နန်းတော်၏ ပထမမြောက် အင်မော်တယ် မြို့တော်မှ ထွက်ခွာလာပြီးနောက် စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ တစ်ယောက်တည်း ခရီးဆက်လာခဲ့၏။ သို့သော် ပထမမြောက် အင်မော်တယ် မြို့တော်နှင့် အနည်းငယ်မျှ ဝေးကွာသော နေရာသို့ ရောက်ချိန်တွင် သူ၏ လမ်းကြောင်းကို ပိတ်ဆို့နေသော မြစ်ကျယ်ကြီး တစ်စင်းကြောင့် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်နေလိုက်၏။
သူ၏ ရှေ့မှောက်ရှိ ကျယ်ဝန်းလှသော မြစ်ကြီးကို အကဲခတ် ကြည့်ရှုနေစဉ် အချိန်အတော်ကြာသည် အထိ မည်သည့် အနှောင့်အယှက်မျှ ထွက်ပေါ်မလာခဲ့ချေ။
စုယွီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ့ကို စောင့်ဖို့ အခင်းအကျင်း တစ်ခုတောင် ချထားသေးတယ်... ရည်ရွယ်ချက်က ဘာများလဲ...”
ထိုစဉ် ရှေ့ရှိ လေဟာနယ် အတွင်းမှ အံ့အားသင့်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းက မိစ္ဆာအိုကြီး ထျန်းယွီရဲ့ တပည့်ပီသပါပေတယ်... ငါ့ရဲ့ တည်ရှိနေမှုကိုတောင် မင်း အာရုံခံနိုင်တယ်ပေါ့လေ...”
အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူသတ်ချင်စိတ်များ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြီးမားလှသော ခြိမ်းခြောက်မှုကြီး တစ်ခုက သူ့အပေါ် လွှမ်းမိုးလာသည်ကို စုယွီ ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထတောင်သွားတော့၏။
တစ်ဖက်လူမှာ မူလဝိညာဉ် အဆင့် ခုနစ် သို့ ရောက်ရှိနေသော အရှင်သခင်ကြီး တစ်ပါး ဖြစ်နေသည်။
ထိုအသံက ထပ်မံ ထွက်ပေါ်လာ၏။
“စိမ်းပြာငရဲ အင်မော်တယ် နန်းတော်က တာအိုဆရာ ယူချွမ်က မင်းကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ရင် အဆင့်နိမ့် မှော်လက်နက် တစ်ခု ပေးမယ်လို့ ဆုငွေ ထုတ်ထားတယ်... မင်း မသေချင်ဘူး ဆိုရင် ခုခံမနေဘဲ အသာတကြည် အဖမ်းခံလိုက်တာ အကောင်းဆုံးပဲ...”
နောက်တစ်စက္ကန့်တွင် အဆင့်နိမ့် မှော်ပစ္စည်း သုံးခုက လေဟာနယ် အတွင်းမှ စုယွီထံသို့ ပြေးဝင်လာတော့သည်။
ဓားတစ်လက်၊ ကြိုးတစ်ချောင်းနှင့် ဘူးသီးခြောက် တစ်လုံးတည်း။