အခန်း (၆၆၄-၆၆၆)
Vol. 45 Ch. 664-666
အခန်း (၆၆၄) - နတ်ဆိုးတစ်ကောင်အလား တည်ရှိနေမှု၊ မှော်လက်နက် ဆယ်ခုထက်မက (၁)
ထိုဓားသည် အဆင့်နိမ့် မှော်လက်နက် တစ်ခု ဖြစ်ပြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေဟာနယ် အတွင်းသို့ ပုန်းကွယ်သွားကာ မလှုပ်မယှက် ဝဲပျံနေ၏။
ကြက်သီးမွေးညင်း ထဖွယ် ကောင်းသော ဓားသွား တစ်လက်က မိမိထံသို့ ချိန်ရွယ်ထားသည်ကိုသာ အာရုံခံနိုင်ပြီး ၎င်းမှာ ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုပါပင်။
ကြိုးမှာမူ နဂါးတစ်ကောင်အလား လူးလွန့် လှုပ်ရှားနေသော ချန်ခွန်းကြိုး ဖြစ်သည်။ မှော်စွမ်းအားများကို ချည်နှောင် တားဆီးနိုင်စွမ်း ရှိပြီး ရှေးဟောင်း အင်မော်တယ် ချည်နှောင်ကြိုး၏ အစွမ်းထက်သော အမွေခံ တစ်ခု ဖြစ်၏။
ဘူးသီးခြောက်မှာမူ အနည်းငယ် ထူးခြားနေသည်။ ၎င်းသည် ဖိနှိပ် ချုပ်ချယ်နိုင်စွမ်း ရှိသော နတ်ဘုရား အလင်းတန်း တစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ ရှိ၏။ လူတစ်ယောက်ကို ရွှံ့ညွန်ထဲတွင် နက်ရှိုင်းစွာ ပိတ်မိနေပြီး မလှုပ်ရှားနိုင်တော့သကဲ့သို့ ခံစားရစေနိုင်သည်။
အဆင့်နိမ့် မှော်လက်နက် သုံးခုကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းက စုယွီ တွေ့ဖူးသမျှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများ အကြားတွင်ပင် အလွန်တရာ ရှားပါးလှသော ကိစ္စဖြစ်သည်။ ဤအဖြစ်က စုယွီကို အံ့အားသင့် တုန်လှုပ်သွားစေ၏။
ချန်ခွန်းကြိုးက သူ့ကို လာရောက် ချည်နှောင်ရန် ကြိုးစားနေစဉ်မှာပင် စုယွီသည် ချီသန့်စင်အိုးကို စိတ်အာရုံဖြင့် ခေါ်ယူလိုက်ပြီး ၎င်း၏ အဝကို ချန်ခွန်းကြိုး ရှိရာသို့ ချိန်ရွယ်လိုက်သည်။
“ဝီ…”
စုယွီက အခြေခံ ငါးပါး မှော်စွမ်းအားများကို အိုးအတွင်းသို့ စီးဆင်းစေလိုက်ပြီး ချီသန့်စင်အိုးကို အသက်သွင်းလိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်။
ချီသန့်စင်အိုး ထံမှ ထူးခြား ပြောင်မြောက်လှသော နတ်ဘုရား စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး စိတ်ကူးနှင့်ပင် မယုံနိုင်လောက်အောင် ပြင်းထန်သော စုပ်ယူအား တစ်ခုက ချန်ခွန်းကြိုးကို ပစ်မှတ်ထားလိုက်သည်။ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ ချန်ခွန်းကြိုးမှာ အိုးအတွင်းသို့ ဝါးမြိုခံလိုက်ရတော့၏။
ချီသန့်စင်အိုး၏ နတ်ဘုရား သန့်စင်မှု အောက်တွင် ချန်ခွန်းကြိုး ပေါ်ရှိ ဝိညာဉ် အမှတ်အသားမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“ဖူး…”
စုယွီကို ဖမ်းဆီးရန် လက်လှမ်းလိုက်သော ပုံရိပ်မှာ အလွန်အမင်း တုန်လှုပ်သွားပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာတော့သည်။ သူ၏ ချန်ခွန်းကြိုးပေါ်ရှိ ဝိညာဉ် အမှတ်အသားမှာ ဖိအားပေး သန့်စင်ခံလိုက်ရပြီး သူ၏ ထိန်းချုပ်မှု အောက်မှ လွတ်ကင်းသွားသောကြောင့် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ချက်ချင်း ခံစားလိုက်ရ၏။
ဤအဖြစ်က သူ၏ ဝိညာဉ်ကိုလည်း အနည်းငယ် ထိခိုက်သွားစေခဲ့သည်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာသည် အသက် သိပ်မကြီးလှဟု ထင်ရ၏။ အနက်ရောင် ဆံပင်များ ရှိပြီး သူ၏ မျက်နှာကို ဖတ်မရနိုင်အောင် ကြောက်မက်ဖွယ် မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားသည်။ သူသည် အရပ်ရှစ်ပေခန့် ရှိပြီး ခန္ဓာကိုယ် ထွားကျိုင်း တောင့်တင်းလှ၏။
သို့သော် မျက်နှာဖုံး အောက်ရှိ သူ၏ မျက်ဝန်းများမှ တစ်ဆင့် သူ အလွန်အမင်း အံ့အားသင့် တုန်လှုပ်နေပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
စုယွီ ခေါ်ယူလိုက်သော ချီသန့်စင်အိုးကို မြင်တွေ့လိုက်ရပြီး အိုးထဲမှ ထွက်ပေါ်လာသော နတ်ဘုရား စွမ်းအားများကို အာရုံခံမိသောအခါ သူက တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်၏။
“ဒါက အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခုပဲ...”
အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခုသည် အဆင့်နိမ့် မှော်လက်နက်ထက် အဆင့်တစ်ဆင့်သာ ပိုမြင့်သော်လည်း။
ဤသို့သော အဆင့် ကွာဟမှုသည် သာမန် မှော်ပစ္စည်းများနှင့် မှော်လက်နက်များ ကြားရှိ ကွာဟမှုထက်ပင် များစွာ ပိုမို ကြီးမားလှသည်။
အဆင့်နိမ့် မှော်လက်နက်များကို မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများက အသုံးပြုကြပြီး သူတို့အကြားတွင်ပင် အဆိုပါ လက်နက်များမှာ အလွန်တရာ ရှားပါးလှ၏။ အသစ်တက်လာသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အချို့ဆိုလျှင် မှော်လက်နက် အကြမ်းဖျင်း ပုံစံ တစ်ခုကိုသာ ပိုင်ဆိုင်ထားပြီး အဆင့်နိမ့် မှော်လက်နက် တစ်ခုကိုမျှ ပိုင်ဆိုင်မထားကြချေ။
သို့သော် အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခုကိုမူ အင်မော်တယ် အင်အားစု အသီးသီး အကြားတွင်ပင် အဖိုးတန် ရတနာ တစ်ပါး အဖြစ် သတ်မှတ်ထားကြသည်။ ဝိညာဉ်ခွဲထွက်အဆင့် ရှိသူများသာ ၎င်းကို ကိုင်ဆောင် အသုံးပြုခွင့် ရရှိကြ၏။
၎င်းသည် သူတို့ ဂိုဏ်း၏ အဖိုးတန် ရတနာကြီး တစ်ခုပါပင်။
ငယ်ရွယ်သော အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က အလယ်အလတ်အဆင့် မှော်လက်နက် ကဲ့သို့သော ရတနာ တစ်ပါးကို မည်သို့မည်ပုံ ပိုင်ဆိုင်ထားနိုင်သနည်း ဆိုသည်ကို စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေရသည်။
ထို့အပြင် ထိုအရာက သူ၏ အဆင့်နိမ့် မှော်လက်နက်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် ဝါးမြိုသွားခဲ့သေး၏။
သို့သော် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ အသိစိတ် ပြန်လည် ဝင်လာသောအခါ သူ၏ မျက်လုံးများထဲတွင် အလွန်အမင်း ပျော်ရွှင်မှုနှင့် လောဘတရားများ ပြည့်နှက်သွားပြီး ရူးသွပ်နေသူ တစ်ယောက်အလား အော်ဟစ် ရယ်လိုက်တော့သည်။
“ဟားဟားဟား... ငါ ဒီလောက် ကံကောင်းလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ...”
“အလယ်အလတ်အဆင့် မှော်လက်နက်... ငါ့ဟာ... ဒါ ငါ့ဟာပဲ...”
"ဝုန်း"
စိတ်လှုပ်ရှားမှုနှင့်အတူ တာအိုဆရာ၏ နတ်ဘုရား စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး သူ၏ မြေဓာတ် နယ်မြေက ကမ္ဘာမြေ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ၎င်းနှင့်အတူ ကြီးမားလှသော သဘာဝ စွမ်းအင်များက စုယွီကို ရစ်ပတ်ကာ အပြင်းအထန် ဖိနှိပ် ချေမှုန်းလာတော့သည်။
ဤနယ်မြေသည် စိတ်ကူးနှင့်ပင် မယုံနိုင်လောက်အောင် ပြင်းထန်သော ဆွဲငင်အား တစ်ခုကို ပိုင်ဆိုင်ထားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီသည် အပြင်ဘက်ရှိ ကမ္ဘာမြေဆွဲအားထက် အဆရာပေါင်း၊ ထောင်ပေါင်းများစွာ ပိုမို ပြင်းထန်သော ဖိအားများ အောက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုယွီထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ သူက အခြား မည်သည့် အရာကိုမျှ ဂရုမစိုက်တော့ချေ။
အလယ်အလတ်အဆင့် မှော်လက်နက်က သူ့မျက်စိရှေ့တွင် ရှိနေပြီပင်။ စုယွီကို သတ်ပစ်ရမည် ဆိုလျှင်တောင်မှ ဤအဖိုးတန် ရတနာကို သူ မဖြစ်မနေ လုယူမည် ဖြစ်၏။
သူသည် သူ၏ မူလ တာဝန်ကိုပင် မေ့လျော့သွားခဲ့ပြီပင်။
သို့သော်။
သူ စုယွီ အနီးသို့ ရောက်ခါနီး အချိန်မှာပင် အမည်းရောင် ပုံရိပ်တစ်ခုက စုယွီ၏ အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာ၏။ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ အနက်ရောင် ဓားကြီး တစ်လက်က ကောင်းကင်ယံသို့ မြင့်မားစွာ မြောက်တက်သွားပြီး ကမ္ဘာမြေကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော ဖျက်ဆီးခြင်း စွမ်းအားများနှင့်အတူ အောက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
"ဘုန်း..."
ဓားတစ်ချက်တည်းဖြင့်ပင် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာသည် ကောင်းကင်ယံမှ မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရ၏။
ကြယ်တံခွန် တစ်စင်း အလား မြေပြင်ပေါ်တွင် အောက်ခြေမရှိသော တွင်းနက်ကြီး တစ်ခုကို ဖြစ်ပေါ်သွားစေသည်။
အက်ကွဲကြောင်းများက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားပြီး အဆုံးမဲ့ ရွှံ့ဗွက်များနှင့် ဖုန်မှုန့်များက ကောင်းကင်ယံသို့ ပေါက်ကွဲ လွင့်စင်သွားတော့၏။
တွင်းနက်ကြီး အောက်ခြေမှ။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ၏ မှော်လက်နက် အကြမ်းဖျင်း ပုံစံ ချပ်ဝတ် တစ်ခုမှာ ချိုင့်ဝင်သွားပြီး သူ၏ ခန္ဓာကိုယ် အတွင်း၌ အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာကာ သူ၏ အသားအရေမှာ ကြွေထည် တစ်ခုအလား အက်ကွဲသွားသဖြင့် သွေးသံရဲရဲ ဖြစ်နေတော့သည်။ သူက သွေးများ ဆက်တိုက် အန်ထုတ်နေပြီး မျက်လုံးများမှာလည်း အပြင်သို့ ပြူးထွက်နေ၏။
ခုနက ဓားချက်ကို ပြန်လည် တွေးတောမိသောအခါ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
‘ဒါ... ဒါ ဘာကြီးလဲ...’
တကယ်တော့ အဲဒါက ဘာကြီးလဲ...
အနက်ရောင် ဒေါသ စစ်သည်တော်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရချိန်တွင် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာသည် ထိုအခိုက်အတန့်၌ ကမ္ဘာမြေကြီး တစ်ခုလုံးက သူ့ကို ဆန့်ကျင်နေသကဲ့သို့ ခံစားလိုက်ရ၏။ စကြာဝဠာ၏ စွမ်းအင်များက သူ့အပေါ်သို့ ဖိချလာကာ သူ၏ ဝိညာဉ်ကို ခြိမ်းခြောက်နေပြီး သူ့ကို မလှုပ်ရှားနိုင်အောင် ဖန်တီးထားသည်။
အနက်ရောင် ဒေါသ စစ်သည်တော်၏ ဓားစွမ်းအားက စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး နီးကပ်လာသော သေမင်း၏ အရိပ်အယောင်ကို ခံစားလိုက်ရကာ သူ၏ စိတ်နှလုံး အတွင်း၌ ကြီးမားသော စိတ်ဒဏ်ရာ တစ်ခုကို ဖြစ်တည်သွားစေခဲ့၏။
သူသာ ကျွမ်းကျင်လှသော မြေဓာတ် ဝိညာဉ်အမြစ် နတ်ဘုရား စွမ်းအား၊ ကောင်းမွန်သော ကာကွယ်ရေး ကျင့်စဉ်များနှင့် သူ၏ မှော်လက်နက် အကြမ်းဖျင်း ပုံစံ ချပ်ဝတ် ကိုသာ မပိုင်ဆိုင်ထားခဲ့လျှင်။
ခုနက ဓားချက်က သူ့ကို အသားစအဖြစ် အပိုင်းပိုင်းအစစ ခုတ်ထစ် ဖျက်ဆီးပစ်နိုင်လောက်သည်။
ရွှီး...
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ အသက်ရှူရန် အချိန်ပင် မရလိုက်မီ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ကောင်းကင်ယံရှိ အနက်ရောင် ဒေါသ စစ်သည်တော်၏ အရှေ့သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ ထပ်မံ တွေဝေသွားရပြန်သည်။
‘ဟင်...’
အနက်ရောင် ဒေါသ စစ်သည်တော်၏ လက်ထဲရှိ အနက်ရောင် ဓားကြီးက နောက်တစ်ကြိမ် မြောက်တက်သွားပြန်ပြီး စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာကို ထိတ်လန့် တုန်လှုပ်စေသော စွမ်းအားများနှင့်အတူ နောက်တစ်ကြိမ် ပြင်းထန်စွာ ခုတ်ချလိုက်ပြန်၏။
"ဘုန်း"စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာသည် ကြယ်တံခွန် တစ်စင်း အလား ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချခံလိုက်ရပြန်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်မှာ မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ် ရောက်နေသော ထိပ်သီး သိုင်းပညာရှင် တစ်ဦး ဖြစ်ကြောင်း စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာ နားလည် သဘောပေါက်သွားတော့၏။
“ပြေးမှပဲ...”
အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှုများနှင့်အတူ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ တာအိုဆရာက စတုတ္ထအဆင့် အဆင့်မြင့် နေရာရွှေ့ပြောင်း အဆောင်လက်ဖွဲ့ တစ်ခုကို စိတ်အာရုံဖြင့် အလျင်အမြန် ခေါ်ယူလိုက်သည်။ ဤအဆောင်လက်ဖွဲ့က သူ့ကို မိုင်ထောင်ချီ ဝေးကွာသော နေရာသို့ နေရာရွှေ့ပြောင်း ပေးနိုင်စွမ်း ရှိ၏။
အခန်း (၆၆၅) - နတ်ဆိုးတစ်ကောင်အလား တည်ရှိနေမှု၊ မှော်လက်နက် ဆယ်ခုထက်မက (၂)
သို့သော် သူသည် အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အတွင်း၌ လှိုင်းဂယက်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှာ အမှန်ပင် ရွေ့လျားသွားခဲ့၏။
သို့သော် သူသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့် စုယွီတို့၏ အရှေ့၌သာ ပြန်လည် ထွက်ပေါ်လာပြန်တော့သည်။
တာအိုဆရာ ယူချွမ်: “...”
စုယွီ၏ ဟင်းလင်းပြင် တာအို စွမ်းအားများက တာအိုဆရာ ယူချွမ်ကို လွှမ်းခြုံထားသည်။ တာအိုဆရာ ယူချွမ်၏ လုံးဝ နားမလည်နိုင် ဖြစ်နေသော မျက်နှာကို ကြည့်ရင်း စုယွီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။ ကြီးမားသော နေရာရွှေ့ပြောင်း အဆောင်လက်ဖွဲ့မှာ အသုံးဝင်သည်မှာ မှန်၏။
သို့သော် အဆုံးတွင် ဤအဆောင်လက်ဖွဲ့မှာ ဟင်းလင်းပြင် စွမ်းအား၏ အပေါ်ယံ သဘောသဘာဝကိုသာ ကိုင်တွယ်နိုင်ခြင်း ဖြစ်သည်။
၎င်းမှာ သူ ပိုင်ဆိုင်ထားသော ဟင်းလင်းပြင် တာအို စွမ်းအားနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်ချေ။
သူ့ရှေ့တွင် ထွက်ပြေးရန် ကြိုးစားခြင်းမှာ ရူးမိုက်သော အကြံအစည် တစ်ခုသာ ဖြစ်၏။
တာ့ယွဲ့ နန်းတော်၌ ချင်ခယ်ရှင်းနှင့် လီကျန့်တို့နှင့် တိုက်ခိုက်ခဲ့စဉ်ကပင် ထိုသူတို့နှစ်ဦးမှာ ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။ သူသာ ဟင်းလင်းပြင် တာအို စွမ်းအားကို ထိန်းချုပ်မထားပါက ထိုသူတို့နှစ်ဦးကို တားဆီးရန် ခက်ခဲလိမ့်မည်သာ။
သို့သော် ချင်ခယ်ရှင်းနှင့် လီကျန့်တို့မှာ နောက်ဆုံးတွင် စိတ်ပျက်အားငယ်ကာ မလိုလားဘဲ စုယွီ၏ ဖမ်းဆီးခံယူခဲ့ကြရသည်။
မူလဝိညာဉ် အဆင့် နှောင်းပိုင်းတွင် ရှိနေသည့် ချင်ခယ်ရှင်းနှင့် လီကျန့်တို့ပင် ထိုသို့ ဖြစ်ခဲ့ရလျှင် ယခု သူ၏ ရှေ့မှောက်တွင် ရပ်နေသည့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ မူလဝိညာဉ် အဆင့် ခုနစ် ကျင့်ကြံသူ အကြောင်း ပြောဖွယ်ရာ မရှိတော့ပေ။
"ဘုန်း..."
အနက်ရောင် ဒေါသ စစ်သည်တော်၏ မရပ်မနား တိုက်ခိုက်နေသော ဓားချက်များ အောက်တွင် တာအိုဆရာ ယူချွမ်၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် ပေါက်ကွဲ ထွက်သွားတော့သည်။ ကျန်ရှိနေသော မူလဝိညာဉ်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း စုယွီက ချက်ချင်း ပြန်လည် ဆွဲယူလိုက်၏။
ဓားတစ်ချက် ခုတ်ချလိုက်ရာ မူလဝိညာဉ်မှာ နှစ်ပိုင်း ကွဲသွားတော့သည်။
ပြန်လည် ပေါင်းစပ်သွားသော မူလဝိညာဉ်မှာ အရှိန်အဝါများ လျော့ကျသွားပြီး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့၏။
“ကျွန်တော့်ကို အသက်ချမ်းသာပေးပါ တာအိုမိတ်ဆွေ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ...”
တာအိုဆရာ ယူချွမ်က ထိတ်လန့်တကြား တောင်းပန်လိုက်သည်။ စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်ကို သူ ကြည့်လိုက်သည့် အကြည့်မှာ နတ်ဆိုး တစ်ကောင်ကို ကြည့်နေရသကဲ့သို့ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
သူ၏ ယနေ့ အတွေ့အကြုံမှာ ကျင့်ကြံခြင်း ကမ္ဘာထဲ ဝင်ရောက်လာကတည်းက အကြောက်မက်ဖွယ် အကောင်းဆုံး နေ့ရက်ပါပင်။
စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့၏ အလှည့်ကျ ညှဉ်းပန်းမှုကို ခံလိုက်ရခြင်းမှာ ရှင်လျက်နှင့် ငရဲကို ရောက်နေရသည်နှင့် တူလှသည်။
ပြီးတော့ တာအိုဆရာ ထျန်းယွီရဲ့ တပည့်က အမြုတေ ဖွဲ့စည်းခြင်း အဆင့်လောက်ပဲ ရှိသေးတယ်လို့ ဘယ်သူ ပြောလိုက်တာလဲ...
ဒီကောင်က မူလဝိညာဉ် အဆင့်ကို ရောက်နေရုံတင်မကဘဲ မူလဝိညာဉ် အဆင့် (၂) ကိုတောင် ရောက်နေတာပဲ...
ဒါကတော့ အင်မော်တယ် ဂိုဏ်းတွေရဲ့ တာအိုသားတော် အဆင့်ရှိသူ တစ်ယောက်ပဲ ဖြစ်ရမယ်...
တာအိုဆရာ ယူချွမ်မှာ တွင်းနက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
စုယွီက တာအိုဆရာ ယူချွမ်၏ ရေရွတ်နေမှုများကို ဂရုမစိုက်တော့ချေ။ သူက အနက်ရောင် ဒေါသ စစ်သည်တော်ကို ခိုင်းစေကာ နောက်ဆုံး ကျန်ရစ်သော မူလဝိညာဉ်ကို တံဆိပ်ခတ်နှိပ်စေပြီး တိုက်ပွဲ ဖြစ်ပွားရာ နေရာကို အလျင်အမြန် ရှင်းလင်းလိုက်သည်။
ထို့နောက် အနက်ရောင် ဒေါသ စစ်သည်တော်ကို ခေါ်ဆောင်ကာ ဟင်းလင်းပြင် စွမ်းအားကို အသုံးပြု၍ ထွက်ခွာသွားခဲ့သည်။
တိုက်ပွဲ ဖြစ်ပွားရာ နေရာနှင့် အဝေးဆုံးသို့ ရောက်သွားပြီးနောက် စုယွီသည် မြေအောက် ပေ သုံးထောင်ခန့် အနက်သို့ ဆင်းသက်ကာ ဂူစံအိမ် တစ်ခု တည်ဆောက်ပြီး တာအိုဆရာ ယူချွမ်ကို စစ်ဆေး မေးမြန်းလိုက်သည်။
“ငါ့ကို အရှင်လတ်လတ် ဖမ်းဆီးဖို့ ဘယ်သူက ဆုငွေ ထုတ်ထားတာလဲ...”
“ကျွန်... ကျွန်တော် မသိဘူး... ကျွန်တော်က ဒီတာဝန်ကို စိမ်းပြာငရဲ အင်မော်တယ် နန်းတော်ဆီကနေပဲ ယူခဲ့တာပါ... အလုပ်ရှင်နဲ့လည်း ဘာမှ အဆက်အသွယ် မရှိပါဘူး...”
“မင်းက စိမ်းပြာငရဲ အင်မော်တယ် နန်းတော်က မဟုတ်ဘူးလား...”
“မဟုတ်ပါဘူး... ပြင်ပ အဖွဲ့ဝင် တစ်ယောက်ပါ... ကျွန်တော် လိုအပ်တဲ့ အရင်းအမြစ်တွေ ရဖို့ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်ဆီက တာဝန်တွေကိုပဲ ယူလုပ်တာပါ...”
“ဒါဆို မင်းက ဘယ်သူလဲ...”
“ယွီလုံ နန်းတော်ရဲ့ ပထမမြောက် အင်မော်တယ် မြို့တော်က အကြီးအကဲကြီး... အရှင်သခင်ကြီး ဟုန်ထူပါ...”
“စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှာ အရိုင်းနယ်မြေ အတွင်း အခြေစိုက် စခန်းရှိလား...”
“ရှိတယ်... ဒါပေမဲ့ ဘယ်နေရာမှာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး...”
ထိုသူမှာ အသက်ချမ်းသာပေးရန် တောင်းပန်နေသော်လည်း စုယွီက အချက်အလက် အချို့ ရရှိပြီးနောက် သူ၏ မူလဝိညာဉ်ကို ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ဖြင့် စစ်ဆေးရန် ကြိုးစားလိုက်သည်။ သို့သော် စတင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ မူလဝိညာဉ်မှ မူမမှန်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာတော့၏။
စုယွီ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင် စွမ်းအားကို အသက်သွင်းကာ မူလဝိညာဉ်ကို မိုင်ရာနှင့်ချီ ဝေးကွာသော နေရာသို့ ပစ်လွှတ်လိုက်သည်။
"အုန်း..."
မျက်စိတစ်မှိတ် အတွင်းမှာပင် အရှင်သခင်ကြီး ဟုန်ထူ၏ မူလဝိညာဉ်မှာ ပေါက်ကွဲသွားပြီး အလွန် ပြင်းထန်သော စွမ်းအားများက တောင်တန်းများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ကာ မိုင်ရာနှင့်ချီသော ဧရိယာကို တုန်လှုပ်သွားစေ၏။ ကောင်းကင်ယံကို ဖျက်ဆီးကာ မြေပြင်ကို ပြိုကျသွားစေပြီး ကန္တာရ တောအုပ်တစ်ခုလုံးကို ချက်ချင်း ပျက်စီးသွားစေတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုယွီက ဟင်းလင်းပြင် တာအို စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုကာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဘက်သို့ ဦးတည် ထွက်ပြေးလိုက်သည်။
“စိမ်းပြာငရဲ အင်မော်တယ် နန်းတော်...”
“ဟူး...”
ဤအင်အားစုအကြောင်း တွေးမိတိုင်း စုယွီက သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်မိ၏။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှာ ကိုင်တွယ်ရန် လုံးဝ မလွယ်ကူချေ။ နေရာတိုင်းတွင် အမြစ်တွယ်နေပြီး သူတို့၏ လက်တက်များကို အကြိမ်ကြိမ် ဖျက်ဆီးပစ်သော်လည်း သူတို့၏ အဓိက အမြစ်မှာ ထိခိုက်မှု မရှိချေ။ အချိန်ကာလ အနည်းငယ် ရရှိလိုက်သည်နှင့် သူတို့မှာ အမြဲတမ်း ပြန်လည် ထွက်ပေါ်လာတတ်သည်။
ယခင်က ပထမမြောက် အင်မော်တယ် မြို့တော်မှ အကြီးအကဲနှင့် အရှင်သခင်ကြီး ဟုန်ထူ တို့ကဲ့သို့ပင် သူတို့မှာ အရင်းအမြစ်များ ရရှိရန်နှင့် ဆုငွေ ထုတ်ထားသော တာဝန်များကို ယူဆောင်ရန် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အမည်ကို လျှို့ဝှက်စွာ အသုံးပြုလေ့ ရှိကြ၏။
ထို့အပြင် ဟုန်ထူ ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အများအပြား ရှိနေသေးသည်။
စုယွီ၏ စိတ်ထဲတွင် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်သည် အင်မော်တယ် တစ်သောင်း နန်းတော်ထက်ပင် ပိုမို ရှုပ်ထွေးပြီး ကိုင်တွယ်ရ ပိုမို ခက်ခဲသော အင်အားစု တစ်ခု ဖြစ်သည်။
ထိုမျှ အင်အားကြီးမားသော အဖွဲ့အစည်း တစ်ခုကို သူ အမှန်တကယ် မစော်ကားလိုချေ။
သို့သော်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်ကသာ သူ့ကို ပစ်မှတ်ထားကာ သူ၏ အသက်ကို လိုချင်နေမည် ဆိုပါက သူလည်း အလွယ်တကူ အနိုင်ကျင့် ခံနေမည် မဟုတ်ပေ။
ပထမမြောက် အင်မော်တယ် မြို့တော်နှင့် စတုတ္ထမြောက် အင်မော်တယ် မြို့တော်တို့ အကြား ခရီးစဉ်မှာ ဝေးလံလှ၏။ စတုတ္ထအဆင့် စစ်သင်္ဘောဖြင့် ခရီးနှင်မည် ဆိုပါက တစ်နှစ်နီးပါး ကြာမြင့်နိုင်ပေသည်။
သို့သော် စုယွီက ဟင်းလင်းပြင် တာအို စွမ်းအားကို အသုံးပြု၍ အလျင်အမြန် ရွေ့လျားခဲ့ရာ တစ်လပင် မပြည့်မီ အချိန်အတွင်း စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ ထွက်ခွာသွားပြီး ပြန်လည် ရောက်ရှိလာခဲ့သည်မှာ သုံးနှစ် ကုန်လွန်သွားခဲ့ပြီပင်။
သုံးနှစ်တာ ကာလ။
စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အပြောင်းအလဲများမှာ သိသိသာသာ မကြီးမားချေ။ ဖန်ရှောင်သည် သူ၏ အကြံပေးချက်ကို လိုက်နာကာ အရိုင်းနယ်မြေတွင် အခွင့်အရေးများ ရှာဖွေရန် သွားရောက်လေ့ မရှိတော့ဘဲ ကျင့်ကြံခြင်းကိုသာ အဓိကထား၍ သူမ၏ ကိုယ်ပိုင် အင်အားကို တိုးတက်အောင် လုပ်ဆောင်ကာ သူမ၏ လက်အောက်ရှိ အင်မော်တယ် တပ်မတော်၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနေ၏။
အရိုင်းနယ်မြေတွင် အင်အားသာလျှင် အရာအားလုံး ဖြစ်သည်။
စုယွီ ပြန်လည် ရောက်ရှိလာချိန်တွင် သူ၏ အာရုံစိုက်မှုကို လိုအပ်သည့် သို့မဟုတ် သူ အလုပ်များနေရမည့် အရာ မရှိတော့ချေ။
ဖန်ရှောင်၊ ဟွမ်ရှီထောင်၊ ကျန်ဟောင်၊ ချန်ချွမ်းနှင့် အခြားသူများနှင့် တွေ့ဆုံပြီးနောက် စုယွီသည် သူ၏ ကိုယ်ပိုင် ခြံဝင်းနှင့် ဂူစံအိမ်သို့ ပြန်သွားခဲ့၏။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆင့်နိမ့် မှော်လက်နက် တစ်ခုပြီးတစ်ခုကို စစ်ဆေးကြည့်လိုက်သည်။
ချင်ခယ်ရှင်းနှင့် အခြားသူများထံမှ သူ ရရှိခဲ့သော အဆင့်နိမ့် မှော်လက်နက်များကို ရေတွက်ကြည့်လိုက်ရာ ယခုအခါ လက်ထဲတွင် အဆင့်နိမ့် မှော်လက်နက် ပေါင်း (၁၆) ခုအထိ ရှိနေပြီ ဖြစ်၏။
စုယွီက ရွေးချယ်မှု တစ်ခု ပြုလုပ်လိုက်သည်။ သူ၏ ရေခဲမီးတောက် ပုလဲ၊ ချင်းယွဲ့ ဓား၊ ကောင်းကင်လျှို့ဝှက် ရွှမ်ရေ ပုလဲ နှင့် အနီရောင် နတ်ဘုရား လှံတံ တို့မှာ အလွန်တရာ စွမ်းအားကြီးမားလှပြီး သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိလေသည်။
ဤတစ်ကြိမ် သိမ်းပိုက်ခဲ့သော မှော်လက်နက်များ အနက် သူ စိတ်တိုင်းကျသော အဆင့်နိမ့် မှော်လက်နက်များ သိပ်ပြီး မရှိလှချေ။
သူတို့အကြားတွင် ကြယ်ခူး မျှော်စင်၏ အကြီးအကဲ တစ်ဦးထံမှ ရရှိခဲ့သော အဆင့်နိမ့် မှော်လက်နက်ဖြစ်သည့် မီးနဂါးလေးနှင့် လညွှန် နန်းတော်၏ အကြီးအကဲ တစ်ဦးထံမှ ရရှိခဲ့သော ဝိညာဉ် ဖိနှိပ် မျှော်စင်၊ ထို့အပြင် သူ အခုမှ ရရှိခဲ့သော ကောင်းကင်နှင့် မြေကြီးကြိုးနှင့် နတ်ဘုရား နှ်ိမ် ဘူးသီးခြောက် တို့မှာ စုယွီ အကြိုက်ဆုံး ဖြစ်သည်။
စုယွီက ၎င်းတို့ အားလုံးကို ထုတ်ယူကာ သူ၏ ကိုယ်ပိုင် လက်နက်များ အဖြစ်သို့ ပြောင်းလဲ သန့်စင်လိုက်သည်။
ကျန်ရှိနေသော အဆင့်နိမ့် မှော်လက်နက် ရှစ်ခုနှင့် ချင်ခယ်ရှင်းထံမှ သူ ယူဆောင်ခဲ့သော အမျိုးသမီး ကျင့်ကြံသူများအတွက် အဆင့်နိမ့် မှော်လက်နက် ဖြစ်သည့် အတွင်းဝတ် ချပ်ဝတ်ကိုမူ စုယွီက လက်ရှိအချိန်တွင် သိမ်းဆည်းထားလိုက်၏။
ဤလက်နက်များကို အနာဂတ်တွင် သူ လိုအပ်မည့် အခြား အရင်းအမြစ်များဖြင့် လဲလှယ်နိုင်သလို သူ၏ ပတ်ဝန်းကျင်ရှိ သူများကိုလည်း လက်ဆောင်အဖြစ် ပေးအပ်နိုင်သည်။
သူက အရှင်သခင်ကြီး ဟုန်ထူ၏ ကျန်ရှိနေသော ပစ္စည်းများကို ထပ်မံ ရှာဖွေကြည့်လိုက်၏။
စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားစဉ်က အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး ပေါင်း သုံးသန်းကျော်ကို သီးသန့် ရရှိခဲ့သည်။
အခြားသော အရင်းအမြစ်များမှာလည်း မရေမတွက်နိုင်အောင် များပြားလှပြီး အထူးသဖြင့် အခင်းအကျင်း တာအိုနှင့် ပတ်သက်သည့် အရင်းအမြစ်များမှာ ပို၍ပင် များပြားလေ၏။
စတုတ္ထအဆင့် အဆင့်နိမ့်မှ စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ပစ္စည်းများ၊ အခင်းအကျင်း အခြေခံများနှင့် အခင်းအကျင်း အလံများ အမြောက်အမြား ရှိနေသည်။
“နောက်တစ်ဆင့် အနေနဲ့ စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ တစ်ခုကို ဆွဲကြည့်မယ်... စတုတ္ထအဆင့် အလယ်အလတ် အခင်းအကျင်း တစ်ခုကို နားလည် သဘောပေါက်အောင် လုပ်မယ်... ပြီးတော့ စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံး တစ်ခုကို ဖော်စပ်မယ်... ငါ့ရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ ပိုပြီး ဖော်စပ်ကြည့်သင့်တယ်...” ဟု စုယွီက တွေးတောလိုက်၏။
စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ ပြန်ရောက်လာချိန်တွင် သူသည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်တော့သည်။
နေ့စဉ် ကျင့်ကြံခြင်း၊ ဆေးလုံး ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ဆွဲခြင်း၊ တာအို နယ်မြေကို နားလည် သဘောပေါက်ခြင်းနှင့် အခင်းအကျင်း လေ့လာခြင်း တို့ဖြင့် နေ့ရက်တိုင်းမှာ အလွန်တရာ ပြည့်စုံ လှပနေခဲ့၏။
စုယွီ ပြန်ရောက်ပြီး တစ်လ အကြာတွင် ဖန်ရှောင်က အင်မော်တယ် တပ်မတော်နှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံရန် သူ၏ ခြံဝင်းဆီသို့ ရောက်ရှိလာခဲ့သည်။
“ဦးလေးငယ်... ကျွန်မ အင်မော်တယ် မြို့တော်ဆီကို တတိယအဆင့် ဆေးလုံး ပညာရှင် ဆယ်ဦးကို ဖိတ်ခေါ်ထားတယ်... အင်မော်တယ် တပ်မတော် အတွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ဆေးလုံးများကို ဖော်စပ်ရာမှာ သူတို့ကို လမ်းညွှန် ပေးနိုင်မလား...”
“ပြီးတော့ အင်မော်တယ် တပ်မတော်ရဲ့ အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီးလည်း သူတို့ကို ပိုပြီး လမ်းညွှန် ပေးဖို့ လိုအပ်ဦးမယ်...”
ဖန်ရှောင်မှာ သူမကိုယ်တိုင်နှင့် အင်မော်တယ် တပ်မတော်၏ စွမ်းအားကို မြှင့်တင်ရန် တစ်ကိုယ်လုံး အပ်နှံထားသူ ဖြစ်သည်။ စုယွီမှာ သူမကို အတော်လေး သဘောကျမိပြီး အပြင်ဘက်မှာ ပြဿနာ ရှာနေခြင်း မဟုတ်သဖြင့် အဆိုးကြီး မဟုတ်ဟု တွေးလိုက်သည်။
သူက ခေါင်းညိတ်၍ အတည်ပြုပေးလိုက်၏။
“ကောင်းပြီလေ... ဒါတွေက သေးငယ်တဲ့ ကိစ္စလေးတွေပါ...”
အနှစ်သာရ သွေး၊ ရိုးတွင်းခြင်ဆီနှင့် အထူး သားရဲ အသားများမှ ဖော်စပ်ထားသော ကိုယ်ခန္ဓာ သန့်စင်ခြင်း ဆေးလုံးများက အင်မော်တယ် တပ်မတော်၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း အတွက် ထူးခြားသော အကျိုးသက်ရောက်မှု ရှိသည်။ ၎င်းတို့မှာ အင်မော်တယ် တပ်မတော်၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။
စုယွီ၏ လမ်းညွှန်မှုနှင့် အကူအညီများဖြင့် စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အင်မော်တယ် တပ်မတော်သည် ကျင့်ကြံခြင်း ဆေးလုံးများနှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုတော့ပေ။
ယွီလုံ နန်းတော်၏ ပထမမြောက် အင်မော်တယ် မြို့တော် အနေဖြင့်မူ စုယွီက ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုပြီး အကြီးအကဲ ဟုန်ထူ၏ မူလဝိညာဉ် ပေါက်ကွဲသွားသည့် အချိန်မှာပင် သူတို့၏ အကြီးအကဲ သေဆုံးသွားကြောင်း သိရှိသွားခဲ့သည်။
ဤကိစ္စကို စုံစမ်းရန် ယွီလုံ နန်းတော်၏ ပထမမြောက် အင်မော်တယ် မြို့တော်က အချိန်အတော်ကြာ အားထုတ် ရှာဖွေခဲ့သော်လည်း အရှင်သခင်ကြီး ဟုန်ထူ၏ အရိပ်အယောင်ကိုပင် မတွေ့ရှိခဲ့ရပေ။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် အဆိုပါ ကိစ္စမှာ ဘာမျှ မဟုတ်သလို ဖြစ်သွားခဲ့တော့၏။
သို့သော် ဤကိစ္စနှင့် ပတ်သက်သည့် အငြိုးအာဃာတကိုမူ ယွီလုံ နန်းတော်က မြေကမ္ဘာအင်မော်တယ် နန်းတော်ဆီသို့ ပုံချထားခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုကာလအတွင်း အရိုင်းနယ်မြေရှိ မြေကမ္ဘာအင်မော်တယ် နန်းတော်ပိုင် အင်မော်တယ် မြို့တော် အနည်းငယ်မှာ ယွီလုံ နန်းတော်နှင့် ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားခဲ့၏။
အရှင်သခင်ကြီး ဟုန်ထူ သေဆုံးသွားခြင်းမှာ မြေကမ္ဘာအင်မော်တယ် နန်းတော်၏ ကြံစည်မှု တစ်ခုသာ ဖြစ်နိုင်ကြောင်း သူတို့ ယူဆလိုက်ကြသည်။
အခန်း (၆၆၆) - ဆယ်နှစ်တာ ကုန်လွန်ပြီးနောက်၊ အင်မော်တယ် မြို့တော်မှ ရုတ်တရက် အပြောင်းအလဲ (၁)
အရိုင်းနယ်မြေ အတွင်းရှိ လျှို့ဝှက်နယ်မြေ တစ်ခု။
အရှင်သခင်ကြီး ဟုန်ထူ ကျဆုံးသွားသည့် အချိန်မှာပင် လျှို့ဝှက်နယ်မြေ အတွင်းရှိ တစ်စုံတစ်ယောက်က ချက်ချင်း သတိပြုမိသွားပြီး “အကြီးအကဲ... တာအိုဆရာ ယူချွမ် ကျဆုံးသွားပါပြီ” ဟု အစီရင်ခံလိုက်သည်။
အဖြူရောင် နတ်ဆိုး မျက်နှာဖုံးကို တပ်ဆင်ထားသည့် ပုံရိပ်တစ်ခုက မော့ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးတို့မှာ ပြောင်းလဲသွားသကဲ့သို့ ရှိ၏။ သူ၏ ရှေ့မှောက်ရှိ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးမှာ အလွန်တရာ လေးလံသော အင်မော်တယ် တောင်ကြီး တစ်ခုက သူ့နှလုံးသားပေါ်သို့ ဖိချထားသကဲ့သို့ အသက်ရှူရ ခက်ခဲလာကာ အသက်ရှူ မွန်းကြပ်မှုကို ခံစားလိုက်ရသည်။
“ယူချွမ်... သူက ယွီလုံ နန်းတော်ရဲ့ အဓိက အင်မော်တယ် မြို့တော်က အကြီးအကဲ တစ်ယောက် မဟုတ်လား... သူ ဘာတာဝန် ယူခဲ့တာလဲ၊ သူ့ကို ဘယ်သူ သတ်လိုက်တာလဲ...” ဟု စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲက ဝေဝါးသော အသံဖြင့် မေးမြန်းလိုက်၏။
မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးက ရိုသေစွာဖြင့် ပြန်လည် ဖြေကြားသည်။ “မကြာခင်ကမှ မြေကမ္ဘာအင်မော်တယ် နယ်မြေမှ တာအိုဆရာ ထျန်းယွီ၏ တပည့် စုယွီကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ဖို့ အဆင့်နိမ့် မှော်လက်နက် တစ်ခုကို ဆုငွေ ထုတ်ထားတဲ့ တာဝန်တစ်ခု ရှိခဲ့ပါတယ်။”
“တာအိုဆရာ ယူချွမ်က ဒီတာဝန်ကို ယူခဲ့တာပါ... မကြာသေးခင်ကပဲ တာအိုဆရာ ယူချွမ် ချန်ရစ်ခဲ့တဲ့ ဝိညာဉ် အမှတ်အသား ပျက်စီးသွားခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ် ကျဆုံးမှုကို အတည်ပြုနိုင်ခဲ့ပါတယ်...”
“ဘာကြောင့်၊ ဘယ်သူက သတ်လိုက်တာလဲ ဆိုတာကိုတော့ ထပ်မံ စုံစမ်းဖို့ လိုအပ်ပါသေးတယ်...”
တိတ်ဆိတ်သွားပြီးနောက် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီသတင်းကို ပြန်ပို့လိုက်ပါ... ဆုငွေကို တိုးမြှင့်ပေးဖို့ အဓိက တာဝန်ခံကို တောင်းဆိုလိုက်ပါ... ပြီးတော့ သူ့ကို ဘယ်သူ သတ်လိုက်တာလဲ ဆိုတာကို စုံစမ်းပြီး တာအိုဆရာ ထျန်းယွီရဲ့ တပည့်အကြောင်း အချက်အလက်တွေကိုလည်း ရှာဖွေထားပါ...”
“ဟုတ်ကဲ့ပါ အကြီးအကဲ...”
သူတို့၏ ထူးခြားသော ခြေရာခံ နည်းလမ်းများဖြင့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်သည် အရှင်သခင်ကြီး ဟုန်ထူ ကျဆုံးခဲ့သည့် နေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့၏။ စုယွီက တိုက်ပွဲ ဖြစ်ပွားရာ နေရာကို အကြမ်းဖျင်း ရှင်းလင်းထားခဲ့သော်လည်း သူတို့သည် အခြေအနေများကို ပြန်လည် ဖော်ထုတ်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အခြေအနေများကို ခန့်မှန်းနိုင်ခဲ့ကြသည်။
“တာအိုဆရာ ယူချွမ်က ပစ်မှတ်ကို ချုံခို တိုက်ခိုက်ဖို့ အခင်းအကျင်း ကြီးတစ်ခုကို ချထားခဲ့ပေမဲ့ ပစ်မှတ်က သူ့ရဲ့ ခြေရာကို သိရှိသွားခဲ့လို့ အခင်းအကျင်းက အလကား ဖြစ်သွားခဲ့ရတယ်... တာအိုဆရာ ယူချွမ်မှာ ကိုယ်တိုင် လှုပ်ရှားဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး...”
“ဒါပေမဲ့ ပစ်မှတ်ရဲ့ စွမ်းအားက... ပိုတိကျအောင် ပြောရရင် သူတို့ဘက်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အစောင့်အရှောက် တစ်ယောက် ရှိနေခဲ့တယ်... အဲဒီလူက သူ့ကို ကောင်းကင်ယံကနေ မြေပြင်ပေါ်ကို ရိုက်ချလိုက်လို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့တယ်...”
“တာအိုဆရာ ယူချွမ် ထွက်ပြေးလို့ မရတော့ဘဲ ရုပ်ခန္ဓာ ပျက်စီးသွားသည်အထိ အကြိမ်ကြိမ် အရိုက်ခံခဲ့ရတယ်...”
“ရန်သူက တာအိုဆရာ ယူချွမ်ရဲ့ မူလဝိညာဉ်ကို ဖမ်းဆီးပြီး ဝိညာဉ်ရှာဖွေဖို့ ကြိုးစားခဲ့ပုံရတယ်... ဒါပေမဲ့ သူတို့က မူလဝိညာဉ်ထဲမှာ အင်မော်တယ် နန်းတော်က ချိတ်ပိတ် ထားခဲ့တဲ့ တားမြစ်ချက်ကို သွားထိမိခဲ့တယ်... သူ့ရဲ့ မူလဝိညာဉ်က ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်တာကြောင့် အရိုင်းနယ်မြေရဲ့ ဒီအပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်...”
“မှတ်တမ်းတင် အချက်အလက်များ - တစ်၊ ပစ်မှတ်၏ အစောင့်အရှောက်မှာ မူလဝိညာဉ် အဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး မူလဝိညာဉ် အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး တစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။”
“နှစ်၊ ပစ်မှတ်၏ မြေကမ္ဘာအင်မော်တယ် နယ်မြေအတွင်းရှိ အနေအထားမှာ ရှုပ်ထွေးလှသည်။ သူ၏ ဘေးတွင် အစောင့်အရှောက် တစ်ဦး ရှိနေသည်မှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ လျှို့ဝှက် ပုန်းကွယ်နေသော တာအိုသားတော် တစ်ဦး ဖြစ်နိုင်ချေ ရှိသည်။”
“သုံး၊ ပစ်မှတ်ကို ကိုင်တွယ်ရန် ခက်ခဲမှု အဆင့်ကို ပဉ္စမအဆင့် နီးပါးသို့ ပြောင်းလဲ သတ်မှတ်သည်။”
အချက်အလက်များကို တစ်ခုပြီးတစ်ခု ပြင်ဆင်မှု လုပ်လိုက်၏။
အရိုင်းနယ်မြေရှိ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အာရုံစိုက်မှုမှာ စုယွီထံသို့ ပြောင်းလဲသွားခဲ့ပြီး သူ့အကြောင်း နောက်ထပ် အချက်အလက်များစွာကို စိမ်းပြာငရဲ အင်မော်တယ် နန်းတော်က စုစည်းကာ အနှစ်ချုပ်ထားခဲ့၏။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲ၏ လက်ထဲသို့ ရောက်ရှိသွားချိန်တွင် ၎င်းမှာ စုယွီအကြောင်း ပြည့်စုံသော ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ဖြစ်လာခဲ့သည်။
“စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင်၊ ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ ရုပ်သေး ပညာရှင်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) မှာ ရှိနေပုံရတယ်၊ သူ့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံခြင်း အဆင့်ကို မသိရှိနိုင်တာ ဖြစ်မလား... မူလဝိညာဉ် အဆင့် အစောပိုင်းလောက်မှာ ရှိနေမလား...”
“လွန်ခဲ့သော နှစ်တစ်ရာကျော်က လျှို့ဝှက်ဆန်းကြယ် တာ့ယွဲ့ နယ်မြေမှာ သူ အင်မော်တယ် နန်းတော်နဲ့ ထိတွေ့မှု ရှိခဲ့တယ်... အဲဒီအချိန်က သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၃) မှာ ရှိခဲ့တာလား...”
“ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် အဆင့်မြင့်၊ ရွှေအမြုတေ တာအို အခြေခံကို ကျင့်ကြံထားသူ...”
ထောက်လှမ်းရေး အစီရင်ခံစာ တစ်ခုလုံးကို ကြည့်ရှုပြီးနောက် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲသည် တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်လိုက်လေ၏။
စုယွီ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် အဆင့်မြင့် ဆိုသည့် ပါရမီကို ထည့်တွက်မည် ဆိုပါက ၎င်းမှာ အရေးမပါလှသော ပါရမီ တစ်ခုသာ ဖြစ်သည်။ သို့သော် စုယွီသည် တာအို ကျင့်ကြံခြင်း ကဏ္ဍ လေးခုစလုံးတွင် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို ထည့်တွက်မည် ဆိုပါက ၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
သူ၏ တာအို ကျင့်ကြံခြင်း အဆင့်ကို ကြည့်ခြင်းအားဖြင့် စုယွီသည် မူလဝိညာဉ် အဆင့် အစောပိုင်းတွင် ရှိနေသည်ဟု ဆိုနိုင်ပါသည်။
သာမန် ပါရမီရှင် တစ်ဦးဆိုလျှင် ပထမဦးစွာ ကျင့်ကြံခြင်း အဆင့်ကို ချိုးဖြတ်ပြီးမှသာ သူတို့၏ တာအို ကျင့်ကြံခြင်း အဆင့်ကို ကျင့်ကြံခြင်း အဆင့်နှင့် ထပ်တူညီအောင် တဖြည်းဖြည်း မြှင့်တင်လေ့ ရှိကြသည်။
အသက် နှစ်ရာကျော်နေပြီ ဖြစ်သော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးက ဆေးပညာ၊ အဆောင်လက်ဖွဲ့၊ အခင်းအကျင်းနှင့် ရုပ်သေးပညာ တို့ကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေပြီး အားလုံးမှာ စတုတ္ထအဆင့်သို့ ရောက်ရှိနေသည်။
ဤပါရမီမှာ အလွန်တရာ ထူးခြားလှသည်။
ဝိညာဉ်အမြစ် ပါရမီတွင် ချို့ယွင်းချက် ရှိနေသည်မှာ အနည်းငယ်မျှ လျစ်လျူရှုနိုင်ပါသည်။
အတော်ကြာ စဉ်းစားပြီးနောက် အကြီးအကဲသည် သူ၏ လက်အောက်ငယ်သားကို မော့ကြည့်ကာ ပြောလိုက်သည်။ “သူ့ကို ဆက်သွယ်ဖို့ တမန် တစ်ယောက် လွှတ်လိုက်ပါ... သူ့ကို အင်မော်တယ် နန်းတော်ထဲ ခေါ်ဆောင်လာဖို့ ကြိုးစားကြည့်... သူ့ကို ကောင်းကင်အဆင့် တံဆိပ်ပြား ရာထူး ပေးမယ်လို့ ကတိပေးလိုက်...”
လက်အောက်ငယ်သားက သတိကြီးစွာဖြင့် မေးမြန်းသည်။
“ဆုငွေ ထုတ်ထားတာကို ဆက်ထားသင့်သေးလား...”
အကြီးအကဲက ပြန်မေးလိုက်၏။
“အဓိက တာဝန်ခံက ဆုငွေ တိုးပေးလိုက်တာလား...”
“ဟုတ်ကဲ့... အဆင့်နိမ့် မှော်လက်နက် နှစ်ခုနဲ့ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး နှစ်သန်းပါ...”
အကြီးအကဲသည် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
“ဆက်လုပ်လိုက်ပါ... ဆုငွေကို ထုတ်ထားလိုက်... အဆင့်နိမ့် မှော်လက်နက် တစ်ခုနဲ့ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး တစ်သန်း ပေးမယ်လို့ ထုတ်ပြန်လိုက်... တာဝန်ကို ယူမယ့်သူတွေကိုလည်း ပစ်မှတ်ရဲ့ ဘေးမှာ အစောင့်အရှောက် တစ်ယောက် ရှိနိုင်တယ် ဆိုတာ သတိပေးထားဖို့ မမေ့နဲ့... ပစ်မှတ်ကို ကိုင်တွယ်ဖို့ ဆိုရင် စိတ်ရှည်ရမယ်၊ အခွင့်အရေးကောင်းကို စောင့်ရမယ်...”
လက်အောက်ငယ်သားက ချက်ချင်း နာခံလိုက်သည်။
“နားလည်ပါပြီ အကြီးအကဲ...”
ထို့နောက် သူတို့ နှစ်ဦးသည် အရိုင်းနယ်မြေရှိ အခြားသော ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးလိုက်ကြသည်။
အရိုင်းနယ်မြေတွင် ရှိသော စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အကြီးစား စခန်းတွင် လုပ်ဆောင်ရမည့် ကိစ္စများမှာ အလွန်များပြားလှ၏။
မြေကမ္ဘာအင်မော်တယ် နယ်မြေမှ ပါရမီရှင် အငယ်စားလေး တစ်ယောက်၊ အရေးမပါလှသော ဆုငွေ တစ်ခု ဆိုသည်မှာ များပြားလှသော ကိစ္စရပ်များ ထဲမှ အရေးမပါသည့် တစ်ခုသာ ဖြစ်သည်။
...
စတုတ္ထမြောက် အင်မော်တယ် မြို့တော်။
အချိန်များ ကုန်လွန်သွားခဲ့ပြီး ငါးနှစ်တာ ကာလတစ်ခု ကုန်ဆုံးသွားခဲ့လေပြီ။
ဤငါးနှစ်တာ ကာလ အတွင်း စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှ ခြေလှမ်း တစ်လှမ်းမျှပင် အပြင်သို့ မထွက်ခဲ့ချေ။ သူသည် သူ၏ ဂူစံအိမ် အတွင်း၌သာ အချိန်ကုန်ဆုံးခဲ့ပြီး ကျင့်ကြံခြင်း၊ တာအို နယ်မြေကို တွေးတောခြင်း၊ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို မြှင့်တင်ခြင်း၊ ဆေးလုံး ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ အခင်းအကျင်း လေ့လာခြင်း တို့မှာ နေ့စဉ် ဘဝ၏ အစိတ်အပိုင်း အားလုံး ဖြစ်လာခဲ့ပါသည်။
စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ပုန်းအောင်းနေခဲ့သဖြင့် ဖန်ရှောင်၏ မြေကမ္ဘာအင်မော်တယ် တပ်မတော်မှာ တဖြည်းဖြည်း တိုးတက်လာခဲ့၏။ အကယ်၍ ယခင်က သူတို့ကို အဆင့်နိမ့်ဟု သတ်မှတ်ခဲ့လျှင် ယခုအခါတွင်မူ သူတို့ကို အရိုင်းနယ်မြေ၏ အရည်အချင်းရှိသော တပ်မတော် တစ်ခုဟု ခေါ်ဆိုနိုင်တော့မည် ဖြစ်သည်။
နောက်ထပ် ဆယ်စုနှစ် အနည်းငယ်မျှ လေ့ကျင့်သွားမည် ဆိုပါက သူတို့သည် အရိုင်းနယ်မြေတွင် နေရာတစ်ခုကို အမှန်ပင် ရရှိလာတော့မည်မှာ အသေအချာပါပင်။