← Chapters

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

အခန်း (၆၇၀) - အရိုင်းနယ်မြေ၏ ပြင်းထန်သော အပြောင်းအလဲများ၊ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အန္တရာယ် (၃)

နောက်ထပ် နှစ်လခန့် ကုန်လွန်သွားခဲ့သည်။

စတုတ္ထအဆင့် အလယ်အလတ် ကြီးမားသော အခင်းအကျင်း နှစ်ခုကို တည်ဆောက်ပြီးနောက် စုယွီသည် အဆောင်လက်ဖွဲ့များ ရေးဆွဲရန် သူ၏ ဂူစံအိမ်သို့ ပြန်လာခဲ့၏။ ဤတစ်ကြိမ်တွင် သူသည် စတုတ္ထအဆင့် အလယ်အလတ် ချန်ခွန်း မန္တန်ကို ဖန်တီးနေခြင်း ဖြစ်သည်။

ဤအဆောင်လက်ဖွဲ့နှင့် ဆိုပါက သူသည် ဟင်းလင်းပြင် စွမ်းအားကို မထိန်းချုပ်နိုင်သည့် ပြင်းထန်သော ဒဏ်ရာမျိုး ရရှိခဲ့လျှင်တောင်မှ အဆောင်လက်ဖွဲ့၏ စွမ်းအားကို အသုံးပြု၍ ထွက်ပြေး လွတ်မြောက်နိုင်ပေလိမ့်မည်။

“နောက်ထပ် ကြိုတင် ပြင်ဆင်ဖို့ လိုအပ်တာ ဘာများ ရှိသေးလဲ...”

စုယွီသည် တစ်စုံတစ်ရာ လစ်ဟာနေသလားဟု တွေးတောနေစဉ်မှာပင် အခြား တစ်ဖက်မှ ကောင်းကင်မိုးကြိုးကြွက်အုပ်စုက အခြေအနေ တစ်ခုကို ချက်ချင်း အစီရင်ခံ လာခဲ့သည်။

“သခင်ကြီး... ယွီလုံ နန်းတော်က သူတို့ရဲ့ အင်မော်တယ် မြို့တော် နှစ်ခုကနေ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို စုစည်းပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီကို ဦးတည် ချီတက်လာနေပါပြီ...” ကောင်းကင်မိုးကြိုးကြွက်ဘုရင်က အလျင်အမြန် ပေါ်ထွက်လာပြီး စုယွီကို အသိပေးလိုက်သည်။

စုယွီ၏ မျက်ဝန်းများမှာ ရုတ်တရက် စူးရှသွားတော့၏။

မျှော်လင့်ထားသည့် အတိုင်းပင်။

ယွီလုံ နန်းတော် ကဲ့သို့သော အင်အားစုများမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေကို တိုက်ခိုက်ရန် ဤအခွင့်အရေးကို လက်လွှတ်မခံချေ။ အရိုင်းနယ်မြေအတွင်း မြေကမ္ဘာအင်မော်တယ် နယ်မြေ ခံစားနေရသော ကြီးမားသည့် ဆုံးရှုံးမှုများကို အခွင့်ကောင်းယူကာ မြေကမ္ဘာအင်မော်တယ် နယ်မြေကို တိုက်ခိုက်ပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အသက်စွမ်းအင်ကို သိမ်းပိုက်ခြင်းမှာ သူတို့၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဖြစ်၏။

စုယွီသည် ကောင်းကင်မိုးကြိုး

ကြွက်ဘုရင်ကို အလျင်အမြန် ခေါ်ယူလိုက်ပြီး ဖန်ရှောင်၊ ဟွမ်ရှီထောင်၊ ဟွမ်ကျူး၊ ကျန်ဟောင်၊ ချန်ချွမ်းနှင့် အခြားသူများကို ဆင့်ခေါ်ကာ ယွီလုံ နန်းတော်၏ ကျူးကျော်မှုကို မည်သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးတိုင်ပင်လိုက်သည်။

အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်း၌ ဖန်ရှောင်က အဓိက နေရာတွင် ထိုင်နေပြီး မြို့တော် ကာကွယ်ရေးမှူးများ ဖြစ်ကြသော ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့က ဘေးတစ်ဖက်စီတွင် ရှိနေကြ၏။

စုယွီမှာမူ မူလဝိညာဉ် အဆင့် အကြီးအကဲ တစ်ဆယ့်ငါးဦး ၊ နှစ်ဆယ်ခန့်၏ အကြားတွင် သတိမပြုမိလောက်အောင် တစ်ဖက်၌ ထိုင်နေလိုက်သည်။

“ယွီလုံ နန်းတော်က နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်... ဒါက အနည်းဆုံးတော့ အင်မော်တယ် မြို့တော် နှစ်ခုရဲ့ စွမ်းအားပဲ... ကျွန်တော်တို့ရဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို တိုက်ခိုက်ဖို့ အကုန်လုံးကို သုံးလိုက်တာလား... သူတို့ တကယ်ကို အစွမ်းကုန် လုပ်နေတာပဲ...”

“ကျွန်တော်တို့ဘက်က နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမယ် ဆိုရင် တခြား အင်မော်တယ် မြို့တော်တွေကရော ဘယ်လိုလုပ်မလဲ... ဒုတိယမြောက် အင်မော်တယ် မြို့တော်ကရော ဘယ်လိုလဲ...”

“တခြား အင်မော်တယ် မြို့တော်တွေကတော့ အဆင်ပြေမှာပါ။ ဒုတိယမြောက် အင်မော်တယ် မြို့တော်က ပထမမြောက် အင်မော်တယ် မြို့တော်နဲ့ သိပ်မဝေးဘူး... စတုတ္ထအဆင့် စစ်သင်္ဘောတွေကို သုံးရင် အင်မော်တယ် တပ်မတော်က တစ်လအတွင်း ရောက်လာနိုင်တယ်... တခြား အင်အားစုတွေကတော့ အခွင့်အရေး ရနိုင်မှာ မဟုတ်ဘူး...”

“ကျွန်တော်တို့ရဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နဲ့ တတိယမြောက် အင်မော်တယ် မြို့တော်တွေပဲ ဝေးကွာနေတာ... အကူအညီ ရောက်လာဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာလိမ့်မယ်...”

“ယွီလုံ နန်းတော်က နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်နဲ့ ကျွန်တော်တို့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား... အိပ်မက် မက်နေတာပဲ... သူတို့က တိုက်ခိုက်သူတွေ ဖြစ်ပေမဲ့ ကျွန်တော်တို့က ခုခံသူတွေ ဖြစ်လို့ ပိုပြီး လွယ်ကူပါလိမ့်မယ်...”

“ပေါ့ပေါ့တန်တန် မနေကြပါနဲ့... သူတို့ဆီမှာ ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူ ရှိနေရင် ဒါမှမဟုတ် တခြား အင်အားစုတွေ ပူးပေါင်းလာရင် ဘယ်လိုလုပ်မလဲ...”

အကြီးအကဲများက အငြင်းပွားနေကြ၏။

သူတို့မှာ ကြောက်လန့်ခြင်း မရှိသော်လည်း ယွီလုံ နန်းတော်၏ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင် ကျူးကျော်လာမှုကြောင့် အားလုံး ဒေါသထွက်နေကြသည်။

တိုတောင်းသော ဆွေးနွေးမှု အပြီးတွင် ဟွမ်ရှီထောင်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

“ကောင်းပြီ... အင်မော်တယ် ဂိတ်တံခါးက အားကောင်းတဲ့ အကူအညီတွေ ရောက်လာတဲ့အထိ ကျွန်တော်တို့ တောင့်ခံထားနိုင်မယ် ဆိုရင် ယွီလုံ နန်းတော် လိုမျိုး ကျူးကျော်လာတဲ့ ရန်သူတွေက သူတို့ဘာသာ ပြန်ဆုတ်သွားကြလိမ့်မယ်...”

“အခုတော့ ရန်သူတွေ ပြန်ဆုတ်သွားတဲ့အထိ အပြည့်အဝ ခုခံဖို့ ပြင်ဆင်ကြတာပေါ့...”

ဟွမ်ရှီထောင်၏ စီစဉ်မှု အောက်တွင် အကြီးအကဲများသည် သူတို့၏ စစ်သည်များကို ဦးဆောင်ကာ မြို့တော်၏ အဓိက နေရာများကို စောင့်ကြပ်ပြီး စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်လိုက်ကြ၏။

ထိုအချိန်တွင် အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်း၌ စုယွီ၊ ဖန်ရှောင်၊ ဟွမ်ရှီထောင်နှင့် ဟွမ်ကျူး တို့သာ ကျန်ရစ်ခဲ့သည်။

စုယွီက မျက်မှောင် အနည်းငယ် ကြုတ်ကာ တီးတိုး ရေရွတ်လိုက်သည်။ “ကျွန်တော်တို့ အပြင်ဘက် အခြေအနေကို သိပ်ပြီး မသိရှိရသေးသလို တခြား အင်မော်တယ် မြို့တော်တွေရဲ့ လက်ရှိ အခြေအနေကိုလည်း သတင်းမရရှိသေးဘူး... ကျွန်တော်တို့မှာ ဆက်သွယ်ရေး ပစ္စည်းသာ ရှိမယ်ဆိုရင် အခုလိုမျိုး အမြဲတမ်း အခြေအနေကို စောင့်ကြည့်နေရမယ့် အဖြစ်မျိုး မဖြစ်တော့ဘူး...”

ဟွမ်ရှီထောင်က သက်ပြင်းချကာ ပြန်လည် ဖြေကြားလိုက်သည်။ “အကွာအဝေးက သိပ်ဝေးလွန်းတယ်... ပြီးတော့ အရိုင်းနယ်မြေရဲ့ ရှုပ်ထွေးလှတဲ့ မြေပြင်အနေအထားတွေကြောင့် သာမန် ဆက်သွယ်ရေး ပစ္စည်းတွေက အသုံးမဝင်လှဘူး...”

ဖန်ရှောင်က ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“နောက်တစ်ဆင့် ဘာလုပ်ကြမလဲရှင့်...”

ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့က အချင်းချင်း ကြည့်လိုက်ပြီး ပြန်ဖြေလိုက်ကြ၏။ “အင်အားချင်း ယှဉ်ပြိုင်ကြတာပေါ့... စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကိုသာ ကျုပ်တို့ စောင့်ရှောက်ထားနိုင်မယ် ဆိုရင် တခြား ဘာမှ စိုးရိမ်စရာ မလိုပါဘူး...”

ထိုအချိန်မှာပင် စုယွီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ကြွက်ဘုရင်၏ အသံက သူ၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာတော့သည်။

“သခင်ကြီး... ကျွန်တော့်ရဲ့ သားမြေးတွေက လီဟော့ နန်းတော်ဘက်ကနေ နောက်ထပ် စစ်တပ်ကြီး တစ်ခု လာနေတာကို တွေ့လိုက်ရပါတယ်... လူဦးရေ သုံးထောင် ရှိပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဘက်ကိုပဲ ဦးတည် လာနေတာပါ... သူတို့က မိုင် တစ်သောင်းလောက် ဝေးတဲ့ နေရာမှာ ရှိနေတယ်...”

လီဟော့ နန်းတော်…

သူတို့၏ အင်မော်တယ် မြို့တော် စခန်းမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် မဝေးလှပေ၊ သို့သော် ဤအချိန်မှာပင် သူတို့က စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ စစ်တပ်ကြီး တစ်ခုကို စေလွှတ်လိုက်ပြန်ပြီလား...။

မြေကမ္ဘာအင်မော်တယ် နယ်မြေမှာ ဤသို့သော မငြိမ်မသက်မှုများ ဖြစ်ပေါ်နေစဉ် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အတွင်းပိုင်း၊ သူတို့၏ အရိုင်းနယ်မြေ စခန်း၌။

အစီရင်ခံစာ အများအပြားကို ကြည့်ရှုနေသော အကြီးအကဲသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်သည်။

“သူတို့က မြေကမ္ဘာအင်မော်တယ် နယ်မြေကို လုံးဝ ပျက်စီးသွားအောင် လုပ်ဖို့ စီစဉ်နေကြတာပဲ မဟုတ်လား…”

အခန်း (၆၇၁) - လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တပ်မတော်ကြီး (၅,၀၀၀) ပျက်စီးသွားခြင်း (၁)

အရိုင်းနယ်မြေရှိ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲသည် သူတို့ ထိန်းချုပ်ထားသော အရိုင်းနယ်မြေ အတွင်းမှ အင်အားစုများ၏ လှုပ်ရှားမှု သတင်းများသာမက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာဘက်မှ ဖြစ်ပေါ်နေသော မငြိမ်သက်မှုများ အကြောင်းကိုပါ ရရှိခဲ့သည်။

မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော် ဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် မမြင်နိုင်သော လက်တစ်စုံက ပေါ်ထွက်လာပြီး ကသောင်းကနင်း ဖြစ်အောင် ဖန်တီးလိုက်သကဲ့သို့ ရှိသည်။

၎င်းက မြေကမ္ဘာအင်မော်တယ် နယ်မြေကို ပစ်မှတ်ထားကာ မငြိမ်မသက်မှုများကို စတင် လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။

အရိုင်းနယ်မြေရှိ အင်မော်တယ် မြို့တော်များမှ အင်အားစု အသီးသီး၏ တပ်ဖွဲ့များမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အရိုင်းနယ်မြေ အတွင်းရှိ အင်မော်တယ် မြို့တော် လေးခုဆီသို့ စတင် ချီတက်လာကြပြီး အဓိက အားဖြင့် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ပထမမြောက် အင်မော်တယ် မြို့တော်ဆီသို့ အလုံးအရင်းဖြင့် စုစည်း ရောက်ရှိလာကြသည်။

အင်မော်တယ် နန်းတော်၏ နေရာရွှေ့ပြောင်း အခင်းအကျင်းမှ တစ်ဆင့် ရောက်ရှိလာသူများပင်လျှင် အင်မော်တယ် မြို့တော် အတွင်း၌ ပိတ်မိနေကြတော့၏။

အင်အားစု အသီးသီး၏ သွေးဆာနေသော ပါးစပ်ကြီးများက ကျန်ရှိနေသော အခြား အင်မော်တယ် မြို့တော် သုံးခုကို ဝါးမြိုရန် အသင့် ပြင်ထားကြသည်။

ဤအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ အကြီးအကဲသည် ပေါ့ပါးစွာ ရယ်လိုက်သည်။ မြေကမ္ဘာအင်မော်တယ် နယ်မြေက တစ်ချိန်က သူတို့၏ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် စခန်းများကို သူတို့ နယ်မြေအတွင်းမှ ရှင်းလင်းခဲ့ဖူးသော်လည်း ဤအရာမှာ သူ့အတွက် အရေးမကြီးပေ။ သူကိုယ်တိုင်မှာ မြေကမ္ဘာအင်မော်တယ် နယ်မြေအပေါ် မည်သည့် အငြိုးအာဃာတမျှ မရှိချေ။

သို့သော် မြေကမ္ဘာအင်မော်တယ် နယ်မြေ ရုတ်တရက် ဤကဲ့သို့သော ဝဲဂယက် အလယ်သို့ ကျရောက်သွားသည်ကို မြင်တွေ့ရခြင်းက သူ့အတွက် စိတ်ဝင်စားစရာ ကောင်းနေသည်။ “ကျင့်ကြံခြင်း ကမ္ဘာဆိုတာ ခန့်မှန်းရ ခက်ခဲပြီး အန္တရာယ် ဆိုတာကလည်း အချိန်မရွေး ကျရောက်လာနိုင်တာပဲ...”

“ဒီတစ်ခါတော့ မြေကမ္ဘာအင်မော်တယ် နယ်မြေ တစ်ခုလုံး သွေးစွန်းပြီး တခြား အင်အားစုတွေရဲ့ ခွဲဝေမှု ခံရတော့မှာပဲ...”

...

အရိုင်းနယ်မြေ အတွင်းရှိ တစ်နေရာ။

အင်မော်တယ် တပ်မတော်မှ လူဦးရေ သုံးထောင်ခန့် ပါဝင်သော စစ်တပ်ကြီးသည် စစ်သဘ်ော သုံးစင်းဖြင့် အရိုင်းနယ်မြေကို ဖြတ်ကျော်ကာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ တတိယမြောက် အင်မော်တယ် မြို့တော်ဆီသို့ ချီတက်နေကြသည်။

အလယ်ရှိ စစ်သဘ်ော ပေါ်တွင် မူလဝိညာဉ် အဆင့်သို့ အသစ် တက်လှမ်းလာသော ပါရမီရှင် တစ်ဦးက တိုးတိုးလေး ပြောလိုက်၏။

“တာအိုသားတော်... ကျွန်တော်တို့ ဘာလို့ ရုတ်တရက်ကြီး မြေကမ္ဘာအင်မော်တယ် နယ်မြေကို ဆန့်ကျင်ပြီး တိုက်ခိုက်ရတာလဲ... မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ဒုတိယမြောက် အင်မော်တယ် မြို့တော်က တာအိုသားတော် ကျဆုံးသွားခဲ့ပြီး အင်မော်တယ် တပ်မတော်ကလည်း ပျက်စီးသွားပေမဲ့ သူတို့ရဲ့ ကျန်တဲ့ အင်မော်တယ် မြို့တော်တွေကို ကိုင်တွယ်ရတာ လွယ်ကူမယ်လို့ မထင်ပါဘူး...”

ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော တာအိုသားတော် ကူရှောက်ခွန်းသည် စစ်သဘ်ော၏ ရှေ့ဆုံး၌ တည်ငြိမ်စွာ ရပ်တည်နေပြီး ပြန်လည် ဖြေကြားလိုက်သည်။ “မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက အစပျိုးရုံလောက်ပဲ ရှိသေးတယ်...”

“ဆယ်နှစ်ကျော် ကာလအတွင်း အင်မော်တယ် ဂိတ်တံခါးက မြေကမ္ဘာအင်မော်တယ် နယ်မြေဆီကို အကြိမ်ကြိမ် ချဉ်းကပ် ဆွေးနွေးခဲ့ပေမဲ့ သူတို့က လုံးဝ ဂရုမစိုက်ခဲ့ဘူး...”

“ငါတို့ရဲ့ အင်မော်တယ် နန်းတော်က နှစ်ပေါင်းများစွာ လှုပ်ရှားမှု မရှိခဲ့တာကြောင့် တခြား အင်မော်တယ် ဂိတ်တံခါးတွေက ကျွန်တော်တို့ကို ကြောက်ရွံ့မှု မရှိတော့ဘဲ အထင်သေးလာကြတယ်...”

“ဒီတစ်ခါတော့ အင်မော်တယ် ဂိတ်တံခါး၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော် နဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့ အားလုံး အတူတူ လှုပ်ရှားကြတော့မယ်... မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ပထမမြောက် အင်မော်တယ် မြို့တော်မှာ ဘိုးဘေးကြီးတွေ ကိုယ်တိုင် ထွက်ပေါ်လာပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေက လူတွေကို ပူးပေါင်း တားဆီးကြလိမ့်မယ်...”

“ဒုတိယမြောက် အင်မော်တယ် မြို့တော်၊ တတိယမြောက် အင်မော်တယ် မြို့တော်နဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော် တို့မှာတော့ ထပ်ပြီး တည်ရှိနေတော့မှာ မဟုတ်ဘူး...”

“မြေကမ္ဘာအင်မော်တယ် နယ်မြေက အင်မော်တယ် ဂိတ်တံခါးကြီး လေးခုရဲ့ အင်အားကို ဘယ်လိုများ ခုခံနိုင်ပါ့မလဲ...”

ထိုအခါ မူလဝိညာဉ် အဆင့် ပါရမီရှင်မှာ လေးနက်သော အမူအရာဖြင့် တုန်လှုပ်စွာ တိုးတိုး ပြောလိုက်၏။

“မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ မြို့တော် သုံးခုကို အမြစ်ပါ မကျန် ဖျက်ဆီးပစ်တော့မလို့လား... ဒါဆို သူတို့ရဲ့ တာအိုသားတော်တွေကရော...”

ကူရှောက်ခွန်းက အနည်းငယ် နှာခေါင်းရှုံ့လိုက်၏။

“တာအိုသားတော်တဲ့လား... မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ နည်းပါးလှတဲ့ အရင်းအမြစ်တွေနဲ့ သူတို့က တာအိုသားတော် ဆိုတဲ့ နာမည်ကို ခံယူဖို့တောင် မထိုက်တန်ပါဘူး...ငါတို့ရဲ့ အင်မော်တယ် နန်းတော်ရဲ့ စီမံကိန်းကို ဖျက်ဆီးဖို့ ဘယ်လိုများ ရဲဝံ့ကြတာလဲ...ငါတို့က မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ မြို့တော် သုံးခုကို ဖျက်ဆီးပြီး သူတို့ရဲ့ အဲ့ဒီတာအိုသားတော် နှစ်ဦးကို သတ်ပစ်မှာ... ဒါက အတိုး အနည်းငယ်လေးပါပဲ... အနာဂတ်မှာ မြေကမ္ဘာအင်မော်တယ် နယ်မြေက ကိုယ့်ရဲ့ မာနအတွက် ဘယ်လိုမျိုး ပေးဆပ်ရမလဲ ဆိုတာ သိလာလိမ့်မယ်...”

မူလဝိညာဉ် အဆင့် ပါရမီရှင်က တိုးတိုးလေး ကပ်ပြောလာ၏။

“မြေကမ္ဘာအင်မော်တယ် နယ်မြေ ရူးသွပ်သွားမှာ စိုးရိမ်တယ်...”

ကူရှောက်ခွန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ရူးသွပ်သွားတာလား... ဖြစ်နိုင်တယ်၊ အဲဒါကပဲ ငါတို့ရဲ့ ဘိုးဘေးကြီးတွေ မြင်ချင်တဲ့ အရာပဲ...”

အကယ်၍ မြေကမ္ဘာအင်မော်တယ် နယ်မြေကသာ ရူးသွပ်မသွားဘဲ သတိမလွတ်သွားဘူး ဆိုလျှင် အင်မော်တယ် နန်းတော်က သူတို့ကို ဘယ်လိုများ ဆက်လက် ပစ်မှတ်ထားနိုင်မည်လဲ။

အဆုံးမဲ့ အရိုင်းနယ်မြေကို လပေါင်းများစွာ ဖြတ်ကျော်ပြီးနောက် စစ်သဘ်ော သုံးစင်းမှာ နောက်ဆုံးတွင် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ တတိယမြောက် အင်မော်တယ် မြို့တော် နယ်မြေထဲသို့ ဝင်ရောက်

လာခဲ့တော့၏။

...

စတုတ္ထမြောက် အင်မော်တယ် မြို့တော်။

စုယွီ၊ ဖန်ရှောင်၊ ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့ အားလုံးသည် အင်မော်တယ် မြို့တော် ခန်းမဆောင် အတွင်းမှ ထွက်လာကြပြီး အင်မော်တယ် မြို့တော် အပြင်ဘက်ရှိ ကျယ်ဝန်းလှသော ကောင်းကင်ယံကို ငေးမော ကြည့်ရှုလိုက်ကြ၏။

ဝေးကွာသော ကောင်းကင်နှင့် မြေကြီးမှာ မြူနှင်းများဖြင့် တစ်လွှာချင်း ဖုံးလွှမ်းနေပြီး လေနီကြမ်းများ တိုက်ခတ်နေသည်။ တိမ်တိုက်များမှာလည်း တရိပ်ရိပ် လှုပ်ရှားနေကာ ထူးဆန်းလှသော တိတ်ဆိတ်မှု တစ်ခုကို ဖြစ်ပေါ်စေနေ၏။

ယွီလုံ နန်းတော်မှ အသွင်ပြောင်း နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်နှင့် လီဟော့ နန်းတော်မှ လီဟော့ စစ်သည်တော် သုံးထောင်၊ စုစုပေါင်း စစ်သည် ရှစ်ထောင်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ဝိုင်းရံထားကြ၏။

သူတို့အကြားတွင် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးနှင့် လီဟော့ နန်းတော်မှ တာအိုသားတော် တစ်ဦး၊ စုစုပေါင်း တာအိုသားတော် သုံးဦး ပါဝင်သည်။

ထိုတာအိုသားတော် သုံးဦး၏ နောက်ကွယ်တွင် မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသည့် ထိပ်သီး သိုင်းပညာရှင် အနည်းဆုံး သုံးဦး သို့မဟုတ် ထိုထက်မက ရှိနေလိမ့်မည်။

ထို့အပြင် မူလဝိညာဉ် အဆင့် နှောင်းပိုင်းမှ အရှင်သခင် အမြောက်အမြားလည်း ပါဝင်ပေလိမ့်မည်။ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အရိုင်းနယ်မြေ အတွင်းရှိ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ကိုင်တွယ်ရန် သူတို့သည် နှစ်ဆ၊ သုံးဆ ကြီးမားလှသော အင်အားစု တစ်ခုကို စုစည်းထားခဲ့၏။

၎င်းမှာ တစ်ခုလုံး ဖြစ်ချင်မှ ဖြစ်လိမ့်ဦးမည်။

တခြား အင်အားစုများ၏ တပ်ဖွဲ့များမှာ နောက်ပိုင်းတွင် ထပ်မံ ထွက်ပေါ်လာနိုင်သည်။

အပြင်ဘက်ရှိ ကောင်းကင်ယံကို ကြည့်ရင်း စုယွီက တည်ငြိမ်စွာ ပြောလိုက်၏။

“အခု ကျွန်တော်တို့… သိထားတာက ယွီလုံ နန်းတော်နဲ့ လီဟော့ နန်းတော်က တပ်ဖွဲ့တွေ ရောက်လာပြီ ဆိုတာပါပဲ... တခြား အင်အားစုတွေ အကြောင်းကိုတော့ သေချာ မပြောနိုင်သေးဘူး...”

စုယွီ၏ စကားအား နားထောင်ပြီးနောက် ဟွမ်ရှီထောင်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

“တပ်ဖွဲ့ အင်အားတွေ များပြားနေပေမဲ့ မြို့တော်ကို ခဏတာ အတွင်းမှာ ဝင်စီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး...”

“ကျုပ်တို့ အနေနဲ့ တစ်နှစ်လောက် တောင့်ခံထားနိုင်မယ် ဆိုရင် အင်မော်တယ် ဂိတ်တံခါးက အကူအညီတွေ ရောက်လာလိမ့်မယ်...”

ရုတ်တရက် စုယွီက မေးလိုက်၏။

“ဒါပေမဲ့ အကူအညီတွေ မရောက်လာဘူး ဆိုရင်ကော... ဒီနေရာက လွဲရင် တခြား အင်မော်တယ် မြို့တော်တွေလည်း ကျူးကျော် မခံရဘူး ဆိုတာ ဘယ်သူက အာမခံနိုင်မှာလဲ...”

ဟွမ်ရှီထောင်၏ မျက်လုံးများမှာ တုန်ခါသွားပြီး မေးလိုက်သည်။

“အင်မော်တယ် ဂိတ်တံခါးရဲ့ ဘိုးဘေးကြီးတွေ ရောက်မလာအောင် သူတို့က တားဆီးထားတာများလား...”

သို့သော် စုယွီက ခေါင်းညိတ်လိုက်၏။

“ဖြစ်နိုင်တယ်...”

“ပထမမြောက် အင်မော်တယ် မြို့တော်သာ ပိတ်မိသွားရင် ဒုတိယ၊ တတိယနဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွေက သီးခြား ကျွန်းလေးတွေ ဖြစ်သွားလိမ့်မယ်... ဒီအချိန်မှာ သူတို့ လုပ်ရမှာက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အမြစ်ပါ မကျန် ဖျက်ဆီးပစ်လိုက်ဖို့ပဲ၊ အဲ့ဒီလိုနဲ့ အရိုင်းနယ်မြေထဲက အင်မော်တယ် ဂိတ်တံခါးရဲ့ အင်အား အများစုကို ဖျက်ဆီးပစ်လိုက်တာပဲ...”

“ဒီအချိန်မှာ ပထမမြောက် အင်မော်တယ် မြို့တော်ပဲ ကျန်ရှိနေတော့မှာ ဖြစ်ပြီး အရိုင်းနယ်မြေထဲမှာ အရေးမပါတဲ့ အရာတစ်ခု ဖြစ်သွားလိမ့်မယ်...”

“အနည်းဆုံးတော့ ဒီနည်းလမ်းက အင်မော်တယ် ဂိတ်တံခါးဟာ အရိုင်းနယ်မြေထဲက အရင်းအမြစ်တွေနဲ့ အခွင့်အရေးတွေကို ရာပေါင်း၊ ထောင်ပေါင်း များစွာအထိ ဝင်မစွက်ဖက်နိုင်အောင် လုပ်ဆောင်သွားလိမ့်မယ်...”

“သူတို့က ကျွန်တော်တို့ မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ တာအိုသားတော် သုံးဦးကိုပါ ဖျက်ဆီးပစ်နိုင်ပြီး အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ထိပ်သီး သိုင်းပညာရှင်တွေ ပေါ်ထွက်လာမှုကို ကန့်သတ်သွားလိမ့်မယ်... ကျွန်တော်တို့ အကြပ်အတည်း ဖြစ်နေချိန်မှာ သူတို့က တစ်ခုပြီးတစ်ခု လာရောက် တိုက်ခိုက်လိမ့်မယ်၊ အဲဒီလိုနဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ပျက်စီးသွားလိမ့်မယ်...”

ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့ နှစ်ဦးစလုံး အံ့အားသင့်သွားပြီး စုယွီကို ကြည့်လိုက်ကြသည်။ ဆွေးနွေးနေသည့် အကြံအစည်များက သူတို့အား

ကြက်သီးထသွားစေ၏။

အခန်း (၆၇၂) - လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တပ်မတော်ကြီး (၅,၀၀၀) ပျက်စီးသွားခြင်း (၂)

ဖန်ရှောင်၏ မျက်နှာမှာလည်း စုယွီကို ကြည့်ရင်း သိသိသာသာ ပြောင်းလဲသွားတော့၏။

အံ့ဩတကြီး ဖြစ်နေသော မျက်နှာဖြင့် ဖန်ရှောင်က မေးလိုက်သည်။

“ဦးလေးငယ်... အရမ်းကြီး တွေးတော ပူပန်နေတာ မဟုတ်ဘူးလား... ယွီလုံ နန်းတော်နဲ့ လီဟော့ နန်းတော်တို့ရဲ့ တပ်ဖွဲ့တွေက အင်မော်တယ် မြို့တော် အနီးမှာ ပေါ်လာတာ မှန်ပေမဲ့ ကျွန်မတို့ရဲ့ အခြေအနေက ဦးလေးငယ် ပြောသလောက်ထိ ဆိုးရွားနေတာ မဟုတ်လောက်ဘူး မဟုတ်လား...”

စုယွီက ရင်ထဲမှ သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ပြီး

“ငါ ပြောပြနေတာက အဆိုးရွားဆုံး အခြေအနေပါ။ ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက အင်မော်တယ် ဂိတ်တံခါးကို ဒီလောက်အထိ ကြီးမားတဲ့ ကပ်ဘေးမျိုး မရောက်စေဖို့ မျှော်လင့်ရတာပေါ့...” ဟု ပြောလိုက်၏။

ထိုအချိန်တွင် ဟွမ်ရှီထောင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မြို့တော် အပြင်ဘက်ဆီသို့ တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်သည်။ သူ၏ အသံမှာ တိုးညင်းနေ၏။

“သူတို့ ရောက်လာကြပြီ...”

ဟွမ်ရှီထောင်၊ ဟွမ်ကျူး၊ စုယွီ၊ ဖန်ရှောင်နှင့် အခြားသူတို့၏ ဝိညာဉ် အာရုံများက အင်မော်တယ် မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသော စစ်သဘ်ောများကို တစ်ခုပြီးတစ်ခု ရှာဖွေ တွေ့ရှိလိုက်ကြသည်။ ယွီလုံ နန်းတော်မှ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်မှာ စစ်သဘ်ော ငါးစင်းဖြင့် ခွဲခြား ထားကြပြီး လီဟော့ တပ်မတော်မှ စစ်သည် သုံးထောင်မှာမူ စစ်သဘ်ော သုံးစင်းဖြင့် မိုင်အကွာအဝေး အသီးသီးမှ ချီတက်လာကြသည်။

ယွီလုံ နန်းတော်မှ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော် အပြင်ဘက်သို့ အရင်ဆုံး ရောက်ရှိလာခဲ့သည်။

စစ်သဘ်ော ငါးစင်းမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် မိုင်တစ်ရာခန့် အကွာသို့ ရောက်ရှိချိန်တွင် ရပ်တန့်သွား၏။ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်လုံးမှာ စစ်သဘ်ောများမှ ဆင်းသက်လာကြပြီး စစ်ကြောင်း ပုံစံဖြင့် မြို့တော်ဆီသို့ ဖြည်းဖြည်းချင်း ချီတက်လာကြသည်။

လီဟော့ နန်းတော်၏ တပ်ဖွဲ့မှာ မိုင်တစ်ထောင်ခန့် အကွာတွင် ရှိနေသေးသော်လည်း မကြာမီမှာပင် စတုတ္ထမြောက် အင်မော်တယ် မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာတော့မည် ဖြစ်၏။

အင်အားစု နှစ်ခု၏ တပ်ဖွဲ့များကို ကြည့်ရင်း ဟွမ်ရှီထောင်က သူ၏ လက်ထဲတွင် ဧရာမ ပုဆိန်ကြီး တစ်လက်ကို ပေါ်ထွက်လာစေကာ တိတ်ဆိတ်စွာ ပြောလိုက်သည်။ “ကျူပ်..အင်မော်တယ် တပ်မတော်ကို ဦးဆောင်ပြီး မြို့တော်ကို ခုခံပါ့မယ်... မိတ်ဆွေ ဟွမ်ကျူး၊ မင်းက မြို့တော်ရဲ့ အဓိက အခင်းအကျင်းကို ထိန်းချုပ်ထားလိုက်...”

ထိုအချိန်တွင် စုယွီက ဟွမ်ရှီထောင်ကို ရုတ်တရက် လှမ်းခေါ်ကာ တားဆီးလိုက်သည်။

စုယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မှော်လက်နက် နန်းတော်ကို ခေါ်ထုတ်လိုက်ကာ ချင်ခယ်ရှင်းနှင့် လီကျန့်ကို အပြင်သို့ ထုတ်ပေးလိုက်၏။

ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့က ချင်ခယ်ရှင်းနှင့် လီကျန့်တို့၏ မူလဝိညာဉ် အဆင့် (၈) နှင့် (၇) တို့၏ အရှိန်အဝါများကို အာရုံခံမိလိုက်ကြသည်။

သူတို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ အံ့အားသင့်မှုများဖြင့် လုံးဝ ပြောင်းလဲသွားတော့၏။

ဒီလူ နှစ်ယောက်က ဘယ်သူတွေလဲ...။

ဖန်ရှောင်နှင့် အခြားသူများကလည်း စုယွီကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

သူတို့ မေးခွန်း မထုတ်နိုင်မီမှာပင် ချင်ခယ်ရှင်းနှင့် လီကျန့်တို့က စုယွီကို အလွန်တရာ ရိုသေစွာဖြင့် ဒူးထောက် အရိုအသေ ပေးလိုက်ကြ၏။

“ဆရာသခင်ကို အရိုအသေ ပေးပါတယ်...”

စုယွီက ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

သူက ဟွမ်ရှီထောင်၊ ဟွမ်ကျူးနှင့် ဖန်ရှောင် တို့ဘက်သို့ လှည့်ကြည့်ကာ မိတ်ဆက်ပေးလိုက်၏။

“သူတို့ နှစ်ယောက်စလုံးက စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင်တွေပဲ... ဒီပုဂ္ဂိုလ်က ချင်ခယ်ရှင်း ဖြစ်ပြီး တစ်ချိန်က လညွှန် နန်းတော်ရဲ့ တတိယ အကြီးအကဲ ဖြစ်ခဲ့ပြီးတော့ မူလဝိညာဉ် အဆင့် (၈) ကို ရောက်ရှိနေသူပါ... ဒီပုဂ္ဂိုလ်က လီကျန့် ဖြစ်ပြီး တစ်ချိန်က ကြယ်ခူး မျှော်စင်ရဲ့ စတုတ္ထ အကြီးအကဲ ဖြစ်ခဲ့ကာ မူလဝိညာဉ် အဆင့် (၇) ကို ရောက်ရှိနေသူပါ...”

“ဒါပေမဲ့ အခုတော့ သူတို့ နှစ်ယောက်စလုံး ကျွန်တော့်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီး ကျွန်တော့်ကို သစ္စာရှိရှိ အစေခံနေကြသူတွေပါ...”

“သူတို့ကို မြို့တော်ရဲ့ အဓိက အခင်းအကျင်းကို ထိန်းချုပ်ခိုင်းပြီး ရန်သူကို ခုခံခိုင်းလို့ ရပါတယ်...”

‘ဘာ’

ဟွမ်ရှီထောင်၊ ဟွမ်ကျူးနှင့် ဖန်ရှောင် တို့၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး သူတို့ မြင်တွေ့နေရသည်ကို မယုံကြည်နိုင် ဖြစ်သွားကြ၏။

စုယွီကို အလွန်တရာ ရိုသေနေကြသော ချင်ခယ်ရှင်းနှင့် လီကျန့် တို့ကြောင့် သူတို့မှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားကြရသည်။

ဟွမ်ရှီထောင်က စုယွီကို ကြည့်ကာ အံ့ဩတကြီး အော်ဟစ်လိုက်၏။

“သူတို့က မူလဝိညာဉ် အဆင့် (၈) နဲ့ (၇) မှာ ရှိနေကြတာ... ဘယ်လို... ဘယ်လို လုပ်ပြီး မင်းက သူတို့ကို ထိန်းချုပ်ထားနိုင်တာလဲ...”

ဖန်ရှောင်မှာလည်း စုယွီကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်နေသည်။ ဤသူတို့မှာ မူလဝိညာဉ် အဆင့် နှောင်းပိုင်းမှ စစ်မှန်သည့် အရှင်သခင်များ ဖြစ်ကြပြီး သာမန် အသားစများ မဟုတ်ကြချေ။

‘ဦးလေးငယ်ရဲ့ ကျင့်ကြံခြင်း စွမ်းအားကို ကြည့်ခြင်းအားဖြင့်... သူက ဘယ်လိုမျိုး ထိန်းချုပ်နိုင်ခဲ့တာလဲ...။

ဦးလေးငယ် ကိုယ်တိုင်က တခြား တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာများ မဟုတ်ပါစေနဲ့’

စုယွီက အားလုံး၏ သံသယအတွက် ဖြေကြားလိုက်၏။

“ဒါက ပြောရရင် ရှုပ်ထွေးပါတယ်... ဒါပေမဲ့ အမှန်တရားက ကျွန်တော် သူတို့ကို အနိုင်ယူခဲ့တာ မဟုတ်ဘဲ အကြီးအကဲက အနိုင်ယူခဲ့တာပါ... ထိန်းချုပ်မှု အနေနဲ့ကတော့ ကျွန်တော် နတ်ဘုရား တားမြစ်ချက် အချို့ကို သင်ယူခဲ့ပြီး သူတို့ရဲ့ မူလဝိညာဉ်တွေကို ကျွန်တော် တားမြစ်ချက် ချထားခဲ့တာပါ... ကျွန်တော့်ရဲ့ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်တာနဲ့ သူတို့ရဲ့ အသက်ကို ကျွန်တော် အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်...”

ပြောပြီးသည်နှင့် စုယွီက ချင်ခယ်ရှင်းနှင့် လီကျန့်ကို လက်ညှိုး ထိုးပြလိုက်သည်။

ချက်ချင်းဆိုသလိုပင်

သူတို့ နှစ်ဦး၏ မူလဝိညာဉ် အတွင်းမှ နတ်ဘုရား တားမြစ်ချက်၏ အရှိန်အဝါများ ထွက်ပေါ်လာသည်။ ဟွမ်ရှီထောင်၊ ဟွမ်ကျူးနှင့် ဖန်ရှောင် တို့က စုယွီ၏ အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် သူတို့မှာ တိတ်တဆိတ် သက်ပြင်းကို ချလိုက်ကြတော့၏။

ကံကောင်းထောက်မစွာဖြင့် စုယွီမှာ တခြား တစ်ယောက်ယောက်၏ ထိန်းချုပ်မှု အောက်တွင် ရှိမနေခဲ့ပေ။

“ကျွန်မ ဦးလေးငယ်ကို ယုံကြည်ပါတယ်...”

ဖန်ရှောင်က ပြောလိုက်သည်။

ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့က အချင်းချင်း ကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်ကြ၏။

“ကောင်းပြီ... ဒါပေမဲ့ အဓိက အခင်းအကျင်းကိုတော့ မိတ်ဆွေ ဟွမ်ကျူးပဲ ထိန်းချုပ်ထားပါမယ်... သူတို့က ကူညီပေးနိုင်ပါတယ်...”

စုယွီက “ရပါတယ်... သူတို့ရဲ့ တပ်ဖွဲ့ကို ရင်ဆိုင်မယ့် ကျွန်တော့်ရဲ့ အကြံအစည်ကို ပြောပြပါရစေ...” ဟု ပြန်ပြောလိုက်သည်။

စုယွီက ထိုနှစ်ဦးနှင့် တိတ်တဆိတ် ပြောဆို ဆွေးနွေးလိုက်ရာ သူတို့၏ အမူအရာမှာ အလျင်အမြန်ပင် ထူးဆန်းသွားပြီး အံ့ဩ တုန်လှုပ်သွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြတော့၏။

ဖန်ရှောင်မှာ တိုးတိုးလေး မေးမြန်းလိုက်သည်။

“ဦးလေးငယ်... ဒါ... တကယ်ပဲ လုပ်နိုင်မှာလား...”

“စမ်းကြည့်ကြတာပေါ့...”

စုယွီ၏ အေးဆေး တည်ငြိမ်သော အကြည့်မှာ မြို့တော် အပြင်ဘက်ဆီသို့ ရောက်ရှိသွားပြီး ဟွမ်ရှီထောင်မှာ ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ကာ အင်မော်တယ် တပ်မတော်ကို ဦးဆောင်ရန်နှင့် ရန်သူကို ရင်ဆိုင်ရန် ထွက်ခွာသွားခဲ့၏။

မြို့တော် အပြင်ဘက်ဝယ်

ယွီလုံ နန်းတော်မှ စစ်သည် ငါးသောင်းမှာ အခင်းအကျင်း ကြီးတစ်ခုကို တည်ဆောက်ထားပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် မိုင်သုံးဆယ် အကွာအဝေး အထိ တည်ငြိမ်စွာ ချီတက်လာကာ စောင့်ဆိုင်းနေကြသည်။ ကောင်းကင်ယံတွင် စစ်သဘ်ော ငါးစင်းမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ငတ်မွတ်သော အကြည့်ဖြင့် ကြည့်ရှုနေကြဆဲ ဖြစ်၏။

ထိုစစ်သဘ်ော ငါးစင်း အတွင်း၌ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတို့၏ အရှိန်အဝါများကို ထုတ်လွှတ်နေသော ပုံရိပ်များက စတုတ္ထမြောက် အင်မော်တယ် မြို့တော် အတွင်းရှိ လူများကို ဟင်းလင်းပြင် တစ်ဖက်မှ စိုက်ကြည့်နေကြသည်။

မြင်မရနိုင်သော ကောင်းကင်ဘုံ၏ ဖိအားက ကောင်းကင်နှင့် မြေကြီးကို လိမ်ခေါက် ပုံပျက်သွားစေပြီး သဘာဝ ဒြပ်စင်များအကြား တိုက်မိမှုများကို ဖြစ်ပေါ်စေ၏။

သူတို့သည် မဝေးလှသော နေရာမှ လီဟော့ နန်းတော်၏ တပ်ဖွဲ့ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ပူးပေါင်း တိုက်ခိုက်မည့် အချိန် ရောက်ရှိလာမှသာလျှင် ပိုမို လုံခြုံစိတ်ချရမည် ဖြစ်၏။

မိုင်ရာနှင့်ချီသော အကွာအဝေး အနောက်ဘက်တွင် လီဟော့ နန်းတော်မှ စစ်သဘ်ော သုံးစင်းမှာ အပြင်းအထန် မောင်းနှင်လာကြသည်။ သူတို့သည် ယွီလုံ နန်းတော်မှ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်၏ အခင်းအကျင်းနှင့် စတုတ္ထမြောက် အင်မော်တယ် မြို့တော် တို့၏ အသက်သေဆုံးနိုင်သည့် ထိပ်တိုက်ရင်ဆိုင်မှု၏ ဖိနှိပ်သော အရှိန်အဝါကို အာရုံခံမိလိုက်ကြပြီ ဖြစ်၏။

လီဟော့ နန်းတော်၏ အလယ်ရှိ စစ်သဘ်ော၏ ရှေ့ဆုံးတွင် ရပ်နေသော ချစ်စရာ မျက်နှာရှိပြီး ကိုယ်ကျပ် အနီရောင် အမျိုးသမီး ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် နတ်မိမယ် တစ်ဦးက ရှေ့ရှိ အင်မော်တယ် မြို့တော်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။

“စတုတ္ထမြောက် အင်မော်တယ် မြို့တော်က တာအိုသားတော် ဆိုတဲ့ တစ်ယောက်က မိန်းကလေးလို့ ကြားတယ်...”

သူမ၏ အနောက်ရှိ အနက်ရောင် ရွှေရောင် ချပ်ဝတ် ဝတ် ထွားကျိုင်းသည့် အမျိုးသားမှာ လေးနက်စွာဖြင့် ပြန်ပြောလိုက်၏။

“ကြားပါတယ်... ဖန်ရှောင် ဆိုတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးပါ... မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ဆရာသခင်ရဲ့ တပည့်လည်း ဖြစ်ပါတယ်...”

အနီရောင် ချပ်ဝတ် ဝတ်ဆင်ထားသော နတ်မိမယ်က မိုက်မဲသော အပြုံးဖြင့် ပြောလိုက်သည်။ “မြေကမ္ဘာအင်မော်တယ် နယ်မြေ ဆရာသခင်ရဲ့ တပည့်တဲ့လား... သူ့ကို အရှင်လတ်လတ် ဖမ်းဆီးပြီး အင်မော်တယ် တစ်သောင်း မြို့တော်ဆီ ပို့လိုက်ရင် ငါတို့အတွက် စိတ်ဝင်စားစရာ မကောင်းပေဘူးလား... မြေကမ္ဘာအင်မော်တယ် နယ်မြေက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်ချင်မိလိုက်တာ...”

ထိုအချိန်တွင် အမျိုးသမီး၊ အနောက်ရှိ ထွားကျိုင်းသော အမျိုးသား အပြင် သူမ၏ အနောက် မလှမ်းမကမ်းရှိ အဘွားအို တစ်ဦးတို့မှာ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်ဝန်းများမှာ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။

ယွီလုံ နန်းတော် တပ်ဖွဲ့၏ အခင်းအကျင်းမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် မိုင်သုံးဆယ် အကွာတွင် ရပ်တန့်သွား၏။ လီဟော့ နန်းတော်မှ တပ်ဖွဲ့ ရောက်ရှိလာရန် စောင့်ဆိုင်းနေကြသည်။

တပ်ဖွဲ့၏ အထက်တွင် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးနှင့် အခြား မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတို့မှာ တပ်ဖွဲ့နှင့်အတူ မရပ်တည်ကြဘဲ ထွက်ပေါ်လာရန် အလျင်အမြန် မပြုလုပ်ကြချေ။ လီဟော့ နန်းတော်မှ လူများ ရောက်ရှိလာမှသာ သူတို့က နဂါး အစောင့်တပ်ဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်ကြလိမ့်မည်။

သို့သော် သူတို့ လှုပ်ရှားမှု မပြုလုပ်မီမှာပင် အဆောင်လက်ဖွဲ့ စာသားများမှာ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်၏ ပတ်ဝန်းကျင်၊ တပ်ဖွဲ့၏ အလယ်နှင့် တပ်ဖွဲ့၏ အထက်တွင် ရုတ်တရက် ပေါ်ထွက်လာတော့၏။

ဤအဆောင်လက်ဖွဲ့ စာသားများ၏ ပေါ်ထွက်လာမှုမှာ ရုတ်တရက် ဆန်လွန်းလှပြီး ဟင်းလင်းပြင်၏ လှိုင်းဂယက် အနည်းငယ် အပြီးတွင် တပ်ဖွဲ့၏ အလယ်နှင့် တပ်ဖွဲ့၏ ပတ်ဝန်းကျင်၌ ပေါ်ထွက်လာခဲ့သည်။

နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်နှင့်အတူ တပ်ဖွဲ့ကို ဦးဆောင်နေကြသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ဆယ်တို့မှာ အံ့ဩသွားကြ၏။ သူတို့ တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီမှာပင် အဆောင်လက်ဖွဲ့များမှာ အသက်ဝင်သွားခဲ့ပြီး ဟင်းလင်းပြင် စွမ်းအင်၏ အသက်ရှူသံမှာ အားလုံး၏ မျက်နှာကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။

“ဝီ...”

စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင်မှာ တစ်ပြိုင်နက်တည်း အသက်ဝင်သွား၏။ အဆောင်လက်ဖွဲ့များမှ ထွက်ပေါ်လာသော ဟင်းလင်းပြင် စွမ်းအားမှာ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်လုံးကို ချက်ချင်း ချုပ်နှောင်ထားလိုက်သည်။

ဤနဂါး အစောင့်တပ်ဖွဲ့မှာ အစွမ်းထက်ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်ကာ အများစုမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်နှင့် ညီမျှသည်။

သို့သော် စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင်မှ ပေါက်ကွဲ ထွက်လာသော ဟင်းလင်းပြင် စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုတည်းကပင် သာမန် မူလဝိညာဉ် အဆင့် တစ်ပါးကို ခဏတာ ချုပ်နှောင်နိုင်စွမ်း ရှိသည်။

ယခုအခါ စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင် ပေါက်ကွဲသွားသဖြင့် ယွီလုံ နန်းတော်မှ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် မျက်နှာဖုံးစွပ် အနက်ရောင် ဝတ်ရုံဝတ် နက်နဲဆန်းကြယ်သည့် ပုံရိပ်တစ်ခုမှာ နဂါး အစောင့်တပ်ဖွဲ့၏ နောက်ဘက်၌ ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင် နယ်ပယ် တစ်ခု ဆင်းသက်လာပြီး ချုပ်နှောင်ခံထားရသော နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို ဖုံးလွှမ်းသွားတော့၏။

နက်နဲဆန်းကြယ်သည့် ပုံရိပ်၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်မှုနှင့်အတူ ဟင်းလင်းပြင် နယ်ပယ် တစ်လျှောက် လှိုင်းဂယက်များ တွန့်ခေါက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်နှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။

ကောင်းကင်ယံတွင် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦးနှင့် စစ်သဘ်ောပေါ်ရှိ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး သုံးဆယ်စလုံးမှာ လုံးဝ ရှုပ်ထွေးသွားကြသည်။ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင် ပေါက်ကွဲသွားသည့် အရှိန်အဝါက လူတိုင်း၏ ဦးရေပြားကို ထုံကျဉ်သွားစေပြီး ဆံပင်များပင် ထောင်သွားစေခဲ့၏။

စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ထောင်မှာ ပုံမှန် အရာများ မဟုတ်ပေ။ အရည်အသွေးမြင့် အဆောင်လက်ဖွဲ့များကို ဒီလောက် များများစားစား ဘယ်သူကများ ပိုင်ဆိုင်ထားတာလဲ။

ပြီးတော့ ထိုအဆောင်လက်ဖွဲ့ စာသားများ ပေါက်ကွဲသွားပြီးနောက် နက်နဲဆန်းကြယ်သည့် ပုံရိပ်က နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို ခေါ်ဆောင်သွားခြင်းက ယွီလုံ နန်းတော် တစ်ခုလုံးကို လုံးဝ ကြောင်အမ်းသွားစေခဲ့သည်။

သူတို့ ရှင်သန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်းမှာပင် ဤသို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ရပေ။

စစ်သဘ်ောပေါ်တွင် ပထမဦးဆုံး တုံ့ပြန်နိုင်သူများမှာ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော အရှင်သခင်ကြီး နှစ်ပါးနှင့် မူလဝိညာဉ် အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး လေးပါးပါပင်။

သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး အံ့ဩ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ဟင်းလင်းပြင် နယ်ပယ်..

ဟင်းလင်းပြင် တာအိုလား”

ထိုနက်နဲဆန်းကြယ်သည့် ပုံရိပ်က ဟင်းလင်းပြင် နယ်ပယ်တစ်ခုကို ထိန်းချုပ်ထားနိုင်တာလား။

သူတို့ အံ့ဩ တုန်လှုပ်နေကြစဉ် နောက်တစ်စက္ကန့်မှာပင် သူတို့၏ နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်ကို မည်သည့် နေရာသို့ ရွှေ့ပြောင်းသွားသည်ကို သူတို့ တွေ့လိုက်ရ၏။

သူတို့က စတုတ္ထမြောက် အင်မော်တယ် မြို့တော်ဆီသို့ အလျင်အမြန် စူးစိုက်ကြည့်လိုက်ကြရာ မြို့တော် အတွင်းရှိ အခင်းအကျင်းများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်ကိုသာ မြင်လိုက်ရသည်။

နေရာရွှေ့ပြောင်းခံလိုက်ရသော နဂါး အစောင့်တပ်ဖွဲ့ ငါးထောင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲမှာပင် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း အခင်းအကျင်းများ၏ စွမ်းအားများဖြင့် နှစ်မြှုပ်ခံလိုက်ရတော့၏။

All Chapters