အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အခန်း (၆၇၆) - သတ်ဖြတ်ခံလိုက်ရသူမှာ တာအိုသားတော် ဖြစ်သည် (၂)
ယခင်က လီဟော့ နန်းတော်၏ ထက်မြက်လှသော တာအိုသမီးတော် နတ်မိမယ်သည် ယခုအခါတွင်မူ မြေပြင်ပေါ်၌ ထိုးကျနေသော တွင်းနက်ကြီး တစ်ခုထဲတွင် လဲလျောင်းနေ၏။ သူမ၏ ခန္ဓာကိုယ်မှာ ရွှံ့ဗွက်များနှင့် သွေးများဖြင့် ရွှဲနစ်နေပြီး အရိုးများမှာလည်း နေရာအနှံ့ အပိုင်းပိုင်း ကျိုးပဲ့နေကာ သတိမှာလည်း ဝေဝါးနေသည်။
အကယ်၍ အဘွားအိုသာ သူမကို ကာကွယ်ပေးရန် အသက်စွန့် ကြိုးပမ်းခဲ့ခြင်း မရှိပါက သူမမှာ သေဆုံးသွားခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
သူမသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို ဝိုင်းရံကာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ တာအိုသမီးတော် ဖန်ရှောင်ကို ဖယ်ရှားရန် စိတ်အားထက်သန်စွာဖြင့် စစ်သည် သုံးထောင်ကို ဦးဆောင်လာခဲ့သော တစ်ချိန်က ပုံရိပ်နှင့် လုံးဝ မတူတော့ချေ။
မူလဝိညာဉ် အဆင့် အရှင်သခင်တို့၏ ပုံရိပ်များ နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ လီဟော့ နန်းတော်၏ တာအိုသမီးတော် ရင်ထဲတွင် ကြောက်ရွံ့မှုများမှလွဲ၍ အခြား ကျန်ရှိမနေတော့ပေ။
“ကျွန်မကို မသတ်ပါနဲ့... ကျွန်မ...”
“ဖြန်း”
ဖန်ရှောင်က သူမကို အားပြင်းစွာ ရိုက်ချက်တစ်ခု ပေးလိုက်ရာ သူမ၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပြန်လည် နစ်ဝင်သွားတော့သည်။ သူမသည် သွေးများ အန်ထုတ်လိုက်ပြီး မျက်နှာမှာလည်း ဝက်တစ်ကောင်အလား ရောင်ရမ်းနေကာ ရွှံ့ဗွက်များ အတွင်း၌ ပိတ်မိနေ၏။
တာအိုသမီးတော်၏ မူလဝိညာဉ်မှာ သတိမေ့မြောသွားမှသာ ဖန်ရှောင်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ထိုအမျိုးသမီးနှင့် အဘွားအို နှစ်ဦးစလုံးကို စုယွီထံသို့ လွှဲပြောင်းပေးလိုက်သည်။
စုယွီသည် သူတို့နှစ်ဦးစလုံးကို တားမြစ်ချက် ချထားလိုက်ပြီး “မြို့တော်ဆီ အရင် ပြန်ကြရအောင်” ဟု ပြောလိုက်၏။
အဖွဲ့သည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ ပြန်လည် ရောက်ရှိသွားသည်။
ဤတိုက်ပွဲတွင် ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော် တို့၏ အဓိက တပ်ဖွဲ့ကြီးများမှာ လုံးဝ ပျက်စီးသွားခဲ့ပြီး ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်မှ အဖွဲ့ဝင်များ အားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ မူလဝိညာဉ် အဆင့် အရှင်သခင် ငါးထောင်ကျော် အနက် တစ်ဆယ်ကျော်သာ ကျန်ရှိတော့သည်။
လီဟော့ နန်းတော်မှ စစ်သည် သုံးထောင်မှာမူ တစ်ဦးမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိချေ။
လီဟော့ နန်းတော်မှ တာအိုသမီးတော်နှင့် သူမ၏ အစောင့်အရှောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
လီဟော့ နန်းတော်မှ မူလဝိညာဉ် အဆင့် အရှင်သခင် အချို့သာ စစ်သဘ်ော သုံးစင်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး လီဟော့ နန်းတော်၏ တာအိုသမီးတော်နှင့်အတူ ထွက်ပြေးခြင်း မပြုခဲ့ပေ။ သူတို့၏ တည်နေရာကို လက်ရှိတွင် မသိရှိရသေးချေ။
ခြုံငုံ၍ ပြောရလျှင် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စတုတ္ထမြောက် အင်မော်တယ် မြို့တော်သည် ဤတိုက်ပွဲတွင် အောင်ပွဲခံခဲ့သည်။
ရရှိလာသော အကျိုးအမြတ်မှာ လက်ခံနိုင်ဖွယ် ရှိသည်။
သို့သော် ဤစစ်ပွဲ အပြီးတွင် စုယွီမှာ ဝိညာဉ် စွမ်းအားများနှင့် မှော်စွမ်းအားများ ကုန်ခမ်းသွားသဖြင့် အတော်လေး အားအင်ကုန်ခမ်းနေပါ၏။ သူ အနည်းငယ် ပင်ပန်းနေသလို ဟွမ်ကျူး၊ ဟွမ်ရှီထောင်၊ ဖန်ရှောင်နှင့် အခြားသူများလည်း ဒဏ်ရာ ရရှိသွားခဲ့ကြသည်။ သူတို့မှာ ပြင်းထန်သော ဒဏ်ရာများ မဟုတ်သော်လည်း အားအင်များ ကုန်ခမ်းနေသဖြင့် အနားယူရန် လိုအပ်နေကြ၏။
ထို့ကြောင့် စုယွီသည် ထွက်ပြေးသွားသော လီဟော့ နန်းတော်မှ အရှင်သခင်များကို နောက်ထပ် လိုက်လံ မဖမ်းဆီးတော့ဘဲ အားလုံးကို ခေါ်ဆောင်ကာ အင်မော်တယ် မြို့တော်သို့ ချက်ချင်း ပြန်လာခဲ့သည်။
စုယွီ အင်မော်တယ် မြို့တော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ အသံက သူ၏ စိတ်အာရုံထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်၏။
“သခင်ကြီး... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကနေ နောက်ထပ် စစ်တပ်ကြီး တစ်ခုကို တွေ့ရှိရပါတယ်... လူဦးရေ သုံးထောင် ရှိပါတယ်...”
“ဒါပေမဲ့ သူတို့.. မြို့တော် နယ်နိမိတ်ထဲကို ဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက် လှည့်ပြီး ထွက်ပြေးသွားကြတယ်...”
စုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက လူတွေကလည်း ပျော်ပွဲစား လာကြတာလား...။
ကံကောင်းထောက်မစွာဖြင့် သူက ဆုံးဖြတ်ချက် ခိုင်မာခဲ့သည်။
ယွီလုံ နန်းတော်မှ လူများ ပထမဆုံး ရောက်ရှိလာချိန်တွင် သူက ချက်ချင်း တုံ့ပြန်ခဲ့ပြီး ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်မှ လူများကို တစ်ဦးပြီး တစ်ဦး ဖမ်းဆီးနိုင်ခဲ့ကာ သူတို့ ပူးပေါင်းရန် အခွင့်အရေး မပေးခဲ့ခြင်းမှာ အမှန်ပင်။
အကယ်၍သာ တပ်ဖွဲ့ကြီး သုံးခုက ပူးပေါင်းပြီး သူတို့၏ မူလဝိညာဉ် အဆင့် အရှင်သခင်များကို ချထားခဲ့မည် ဆိုပါက စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှာ တောင့်ခံနိုင်မည် မဟုတ်ဘဲ သူတို့မှာ ထွက်ပြေးရမည့် အခြေအနေမျိုး ဖြစ်သွားနိုင်ပေသည်။
“သခင်ကြီး... လိုက်ဖမ်းရမလား...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က မေးမြန်းလိုက်သည်။
“မလိုပါဘူး... သူတို့ သွားချင်တဲ့ နေရာကို သွားပါစေတော့... မြို့တော်ရဲ့ ကာကွယ်ရေးကို သေချာ ဂရုစိုက်ထား...”
သူတို့၏ အဖွဲ့မှာ ဒဏ်ရာ ရရှိနေသူများ ၊ အပြင်းအထန် အားအင်ကုန်ခမ်းနေသူများ ဖြစ်ကြ၏။ ဤအချိန်တွင် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ လူများကို လိုက်ဖမ်းနေသည်ထက် စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် ပုန်းအောင်းနေခြင်းက ပို၍ ဘေးကင်းသည်လေ။
ထိုသူတို့ ဤမျှ မြန်မြန်ဆန်ဆန် ထွက်ပြေး လွတ်မြောက်သွားသည်မှာ ကံကောင်းခြင်း တစ်ခုပင်။
အနားယူပြီး ရက်အနည်းငယ် အကြာတွင် စုယွီနှင့် သူ၏ အဖွဲ့မှာ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။
အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်း၌။
စုယွီ၊ ဖန်ရှောင်၊ ဟွမ်ကျူး၊ ဟွမ်ရှီထောင်၊ ကျန်ဟောင်၊ ချန်ချွမ်းနှင့် အခြားသူများမှာ ခန်းမဆောင်ထဲတွင် စုဝေးနေကြသည်။
ခန်းမဆောင် အလယ်တွင် ယွီလုံ နန်းတော်မှ တာအိုသားတော် နှစ်ဦး၊ ယွီလုံ နန်းတော်မှ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသည့် အစောင့်အရှောက် နှစ်ဦး၊ လီဟော့ နန်းတော်မှ တာအိုသမီးတော် တစ်ဦးနှင့် လီဟော့ နန်းတော်မှ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသည့် အစောင့်အရှောက် တစ်ဦး၊ စုစုပေါင်း ခြောက်ဦးမှာ ဒူးထောက်လျက် ရှိနေကြ၏။
ဖန်ရှောင်၏ အသံမှာ ရေခဲအလား အေးစက်နေသည်။
“ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် ငါတို့ရဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို တိုက်ခိုက်ဖို့ ကြိုးစားတာလား...”
“ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း... သုံးဖွဲ့စလုံး ပူးပေါင်းပြီးတော့ပေါ့... ဘယ်လောက်တောင် အင်အားကြီးတဲ့ စွမ်းအားတွေလဲ...”
လီဟော့ နန်းတော်မှ တာအိုသမီးတော် နတ်မိမယ်က သူမ၏ ခေါင်းကို မော့ကြည့်လိုက်ပြီး သူမ၏ အနီရောင် နှုတ်ခမ်းကို ကိုက်လိုက်ကာ ရင်ထဲမှ မုန်းတီးမှုနှင့် မလိုလားမှုများကို အနိုင်နိုင် ထိန်းချုပ်ရင်း ပြောလိုက်သည်။
“စွမ်းအားတွေတဲ့လား... ဒါက အဲဒီထက် ပိုပါတယ်။ ဒီတစ်ခါ ငါတို့က မြေကမ္ဘာအင်မော်တယ် နယ်မြေကို တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး... ဒါက အင်မော်တယ် တစ်သောင်း နန်းတော် က စတင် လှုံ့ဆော်ခဲ့တာပါ...”
“ငါ့အထင် မမှားဘူး ဆိုရင် မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ပထမ၊ ဒုတိယနဲ့ တတိယမြောက် အင်မော်တယ် မြို့တော်တွေ အားလုံး အပျက်အစီးတွေ ဖြစ်သွားလောက်ပြီ မဟုတ်လား...”
“ခင်ဗျားတို့.. ကျွန်မတို့ကို လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ... အဲဒီလို ဆိုရင်တော့ ခင်ဗျားတို့ လွတ်မြောက်နိုင်မယ့် အခွင့်အရေး ရှိနိုင်ပါသေးတယ်... အဲဒီလို မဟုတ်ရင်တော့ ခင်ဗျားတို့ နောင်တ ရသွားလိမ့်မယ်...”
စုယွီ၊ ဖန်ရှောင်၊ ဟွမ်ကျူးနှင့် ဟွမ်ရှီထောင်တို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။
ဟွမ်ရှီထောင်က “ဘာပြောလိုက်တာလဲ... ရှင်းရှင်းပြောစမ်း” ဟု တောင်းဆိုလိုက်၏။
ဟွမ်ရှီထောင်၏ စစ်ဆေး မေးမြန်းမှု အောက်တွင် လီဟော့ နန်းတော်မှ တာအိုသမီးတော်သည် မည်သည့် အရာကိုမျှ ဖုံးကွယ်မထားဘဲ စုယွီနှင့် အခြားသူများကို သူမတို့၏ အခြေအနေကို သိရှိသွားစေရန်နှင့် သူမတို့၏ အပေးအယူ လုပ်နိုင်စွမ်းကို မြှင့်တင်ရန် ခြိမ်းခြောက်ချက် အဖြစ် အသုံးပြုခဲ့သည်။ ရလဒ်များကို ချင့်ချိန်ပြီးနောက် စုယွီနှင့် အခြားသူတို့သည် သူမတို့ကို ပေါ့ဆစွာ သတ်ဖြတ်မည့်အစား လွှတ်ပေးလိမ့်မည်ဟု သူမ မျှော်လင့်လိုက်သည်။
သူမသည် အရာအားလုံးကို ဖြည်းဖြည်းချင်း ဖွင့်ဟ ပြောဆိုလိုက်သောအခါ စုယွီ၊ ဖန်ရှောင်နှင့် အခြားသူတို့၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့သည်။
အမှန်တကယ်တော့ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့က စုယွီတို့ကို တစ်ဦးပြီး တစ်ဦး တိုက်ခိုက်လာခြင်းမှာ သူတို့၏ နောက်ကွယ်တွင် အင်မော်တယ် တစ်သောင်း နန်းတော် က လှုံ့ဆော်နေခြင်း ဖြစ်ပြီး အင်မော်တယ် တစ်သောင်း နန်းတော် က ဦးဆောင်ကာ အင်အားစု အချို့မှာလည်း ပူးပေါင်းလိုက်ခြင်းပင်။
ထို့ကြောင့် ထိုသူတို့သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော်၏ ဖြစ်စဉ်ကို အကြောင်းပြကာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စွမ်းအားကို ဆိုးရွားစွာ ထိခိုက်စေရန် သို့မဟုတ် အရိုင်းနယ်မြေမှ လုံးဝ ဖယ်ရှားပစ်ရန် သဘောတူညီခဲ့ကြ၏။
မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ပထမမြောက် အင်မော်တယ် မြို့တော်မှာ ယခုအခါ အင်မော်တယ် တစ်သောင်း နန်းတော် ၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ပိတ်ဆို့ခံထားရသည်။ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အကူအညီများမှာ သူတို့၏ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် မဖြစ်နိုင်ချေ။
စုယွီ ယခင်က ခန့်မှန်းခဲ့သည့် အတိုင်းပင် ပထမမြောက် အင်မော်တယ် မြို့တော်မှာ ပိတ်ဆို့ခံထားရပြီး ဝိုင်းရံထားခံလိုက်ရသည်။ အသစ် လွတ်လပ်လာသော ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် အင်မော်တယ် မြို့တော်များမှာ သီးခြား ကျွန်းလေးများ ဖြစ်သွားခဲ့၏။
အင်မော်တယ် တစ်သောင်း နန်းတော် ၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှ အင်အားကြီး စစ်တပ်ကြီးများမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အင်မော်တယ် မြို့တော် သုံးခုကို အမြစ်ပါ မကျန် ဖျက်ဆီးပစ်ရန် ချီတက်လာခဲ့ကြသည်။
အခန်း (၆၇၇) - တတိယမြောက် အင်မော်တယ် မြို့တော်ဆီသို့ အကူအညီပေးရန် အလျင်အမြန် ချီတက်ခြင်း၊ အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအိုသားတော် (၂)
အင်မော်တယ် တစ်သောင်း နန်းတော် က ဘာကြောင့် ဤသို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ရသနည်း ဆိုသည်ကိုတော့ ထိုနေရာ၌ ရှိနေသူ အားလုံးမှာ မသိရှိကြချေ။
သို့သော် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အကြပ်အတည်းကို အင်မော်တယ် တစ်သောင်း နန်းတော် က ဦးဆောင်နေကြောင်း ကြားသိလိုက်ရသောအခါ စုယွီ၏ စိတ်ထဲတွင် ခန့်မှန်းချက် အချို့ ပေါ်ပေါက်လာတော့၏။
“ကြယ်ခူး မျှော်စင်ရဲ့ ကိစ္စကြောင့် များလား...”
ကြယ်ခူး မျှော်စင်၏ ဘိုးဘေးကြီးနှင့် သူတို့၏ အမွေအနှစ်များမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေလက်သို့ ရောက်ရှိသွားခဲ့ရာ အင်မော်တယ် တစ်သောင်း နန်းတော် က တစ်စုံတစ်ရာသော သဲလွန်စများကို ရှာဖွေ တွေ့ရှိသွားခြင်း ဖြစ်နိုင်ပေသည်။
ထို့အပြင် ကြယ်ခူး မျှော်စင်၏ အခင်းအကျင်း တာအို အမွေအနှစ်နှင့် လညွှန် နန်းတော်၏ အခင်းအကျင်း တာအို အမွေအနှစ်တို့ကို ပေါင်းစပ်လိုက်လျှင် ရှေးဟောင်း ဆဋ္ဌမအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦး၏ အမွေအနှစ် ဖြစ်လာမည် မဟုတ်ပါလား။
ပဉ္စမအဆင့်မှာ ဝိညာဉ်ခွဲထွက်အဆင့်နှင့် ညီမျှပြီး ဆဋ္ဌမအဆင့်မှာ ဝိညာဉ်ခွဲထွက်အဆင့်ထက် မြင့်မားသော အမွေအနှစ် ဖြစ်၏။
ထိုကဲ့သို့သော အမွေအနှစ်မျိုးမှာ မည်သည့် အင်မော်တယ် ဂိုဏ်းအတွက်မဆို အဖိုးတန် ရတနာ တစ်ပါး ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ် နယ်မြေက သူတို့၏ စီမံကိန်းများကို ဖျက်ဆီးလိုက်ခြင်းကြောင့် အင်မော်တယ် တစ်သောင်း နန်းတော် က မြေကမ္ဘာအင်မော်တယ် နယ်မြေအပေါ် တုံ့ပြန်လုပ်ဆောင်ရန်မှာ ကျိုးကြောင်း ဆီလျော်လှပေ၏။
သို့သော်လည်း...
မြေကမ္ဘာအင်မော်တယ် နယ်မြေသည်ဖြစ်စေ၊ စုယွီ သူကိုယ်တိုင်ဖြစ်စေ အင်မော်တယ် တစ်သောင်း နန်းတော် မှ တစ်စုံတစ်ဦးကိုမျှ သတ်ဖြတ်ခဲ့ခြင်း မရှိခဲ့ချေ။
အကြောင်းမဲ့ သက်သက်နှင့်ပင် အင်မော်တယ် တစ်သောင်း နန်းတော် က သူ့အသက်ကို လိုချင်နေသည်ပေါ့လေ။
စုယွီသည် တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ် တစ်သောင်း နန်းတော် ၏ အမည်ကို သူ၏ မှတ်စုစာအုပ်ထဲတွင် မှတ်သားထားလိုက်တော့သည်။ ယခုအချိန်တွင် ကြုံတွေ့နေရသော အန္တရာယ်များအတွက် အင်မော်တယ် တစ်သောင်း နန်းတော် မှာ နောင်တစ်ချိန်တွင် အကျိုးဆက်များကို ပြန်လည် ခံစားစေရမည်။
ဖန်ရှောင်က စုယွီကို ကြည့်လိုက်ပြီးနောက် အကြီးအကဲ ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ကျွန်မ ထင်တာကတော့ တခြား အင်မော်တယ် မြို့တော်တွေကို စစ်ဆေးဖို့ ကျွန်မတို့ လှုပ်ရှားသင့်တယ်...”
“မဟုတ်ရင် ဒုတိယမြောက် အင်မော်တယ် မြို့တော်၊ တတိယမြောက် အင်မော်တယ် မြို့တော်နဲ့ ပထမမြောက် အင်မော်တယ် မြို့တော် တို့ပါ ပျက်စီးသွားမယ် ဆိုရင် ကျွန်မတို့က အရိုင်းနယ်မြေမှာ ပိတ်မိနေတဲ့ မိဘမဲ့တွေ ဖြစ်သွားလိမ့်မယ်”
ဟွမ်ရှီထောင်နှင့် ဟွမ်ကျူး နှစ်ဦးစလုံးမှာ မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ ရေရွတ်လိုက်၏။
“ဒါပေမဲ့ အချိန်က နောက်ကျသွားပြီလား မသိပါဘူး”
သို့သော် ထိုသို့ ပြောလိုက်ပြီးနောက်တွင် ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးမှာ အနည်းငယ် အံ့ဩသွားကြပြီး စုယွီဘက်သို့ ကပျာကယာ လှည့်ကြည့်လိုက်ကြ၏။
စဉ်းစားပြီးနောက် စုယွီက ပြောလိုက်သည်။
“အခု အင်မော်တယ် တစ်သောင်း နန်းတော် ၊ ယွီလုံ နန်းတော်နဲ့ လီဟော့ နန်းတော် တို့ရဲ့ အာရုံစိုက်မှုက ပထမမြောက် အင်မော်တယ် မြို့တော်ဆီမှာပဲ ရှိနေပြီး အင်မော်တယ် ဂိတ်တံခါးရဲ့ စွမ်းအားကို ပိတ်ဆို့ထားလိမ့်မယ်...”
“တခြား နေရာတွေမှာတော့ ကျွန်တော်တို့ရဲ့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်လိုမျိုး ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်တွေ မပေါ်သေးဘူး...”
“တတိယမြောက် အင်မော်တယ် မြို့တော်နဲ့ ဒုတိယမြောက် အင်မော်တယ် မြို့တော် အတွက်လည်း ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်...”
ထိုသို့ ပြောပြီးနောက် စုယွီသည် ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး ဖန်ရှောင်၊ ဟွမ်ရှီထောင်နှင့် ဟွမ်ကျူးတို့ကို ကြည့်ကာ ပြောလိုက်၏။ “ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်တွေ မရှိသေးဘူး ဆိုရင် ကျွန်တော်တို့ သွားကူညီပေးလိုက်လို့ ဘာမှ မဖြစ်နိုင်ပါဘူး...”
“မြေကမ္ဘာအင်မော်တယ် တပ်မတော်ကို ဆင့်ခေါ်လိုက်ပါ၊ အင်မော်တယ် မြို့တော်ကို ခေတ္တ စွန့်ခွာပြီး တခြား အင်မော်တယ် မြို့တော်တွေကို စစ်ဆေးကြည့်ဖို့ ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ...”
ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်မှ တာအိုသမီးတော်နှင့် အစောင့်အရှောက်တို့ကို မှော်လက်နက် နန်းတော်ထဲတွင် ချုပ်နှောင်လိုက်ပြီးနောက် စုယွီ၊ ဖန်ရှောင်နှင့် အခြားသူတို့မှာ ပစ္စည်းများကို စတင် သိမ်းဆည်းလိုက်ကြသည်။
ဟွမ်ရှီထောင်က မြေကမ္ဘာအင်မော်တယ် တပ်မတော်ကို ဆင့်ခေါ်ရန် ထွက်သွားတော့၏။
တစ်နာရီ မပြည့်မီမှာပင် တစ်မြို့တော်လုံးမှာ လုံးဝ ဗလာကျင်းသွားပြီး မည်သူမျှ မကျန်ရစ် တော့ချေ။
ကောင်းကင်မိုးကြိုး ကြွက်အုပ်စုနှင့် ပတ်သက်၍မူ စုယွီက သူတို့ကို ခေတ္တ ပုန်းအောင်းနေရန် အမိန့်ပေးထားလိုက်သည်။ စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် မည်သို့ပင် ဖြစ်ပျက်ပါစေ သူတို့မှာ ပေါ်ထွက်လာရန် မလိုအပ်ပေ။
တတိယမြောက် အင်မော်တယ် မြို့တော်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် သိပ်မဝေးလှသဖြင့် စတုတ္ထအဆင့် စစ်သဘ်ော တစ်စင်းကို အသုံးပြုမည် ဆိုပါက သုံးလမှ လေးလအတွင်း ရောက်ရှိနိုင်သည်။
သို့သော် စုယွီ၏ ဟင်းလင်းပြင် တာအို စွမ်းအား အောက်တွင် သူသည် ရက်ပေါင်း ဆယ်ရက် မပြည့်မီမှာပင် တတိယမြောက် အင်မော်တယ် မြို့တော်၏ နယ်နိမိတ် အနီးသို့ ရောက်ရှိသွားခဲ့၏။ ၎င်းမှာ စွမ်းအားများ ကုန်ခမ်းသွားသဖြင့် အနားယူကာ ပြန်လည် ဖြည့်တင်းရသည့် အချိန်ကိုပါ ထည့်တွက်ထားခြင်းပင်။
စုယွီမှာ တတိယမြောက် အင်မော်တယ် မြို့တော်ဆီသို့ တိုက်ရိုက် မသွားရောက်ဘဲ အနက်ရောင် ဒေါသ စစ်သည်တော်ကို ခေါ်ဆောင်ကာ တတိယမြောက် အင်မော်တယ် မြို့တော်၏ ပတ်ဝန်းကျင်ကို စုံစမ်းရန်နှင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ ရှိမနေကြောင်း စစ်ဆေးရန် စေလွှတ်လိုက်သည်။
တတိယမြောက် အင်မော်တယ် မြို့တော်မှာ ဖောက်ထွင်း ခံလိုက်ရပြီလား...။
နာရီဝက် မပြည့်မီမှာပင် အနက်ရောင် ဒေါသ စစ်သည်တော်မှာ စုယွီ၏ ဘေးသို့ ပြန်လည် ရောက်ရှိလာ၏။
“သခင်ကြီး... အဲဒီနေရာမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်တွေရဲ့ အရိပ်အယောင် မရှိပါဘူး... တတိယမြောက် အင်မော်တယ် မြို့တော်လည်း တည်ရှိနေဆဲပါ... ဒါပေမဲ့ မြို့တော်ဟာ ကိုယ်ခန္ဓာ သန့်စင်ခြင်း တပ်မတော် လေးခုက လူပေါင်း တစ်သောင်းသုံးထောင်ရဲ့ ဝိုင်းရံ တိုက်ခိုက်ခံနေရပါတယ်.. မြို့တော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းမှာလည်း အချို့နေရာတွေမှာ ပျက်စီးသွားပြီးတော့ အသက်လုနေရတဲ့ အခြေအနေပါ...”
အနက်ရောင် ဒေါသ စစ်သည်တော်၏ အစီရင်ခံစာကို ကြားလိုက်ရပြီးနောက် စုယွီသည် တတိယမြောက် အင်မော်တယ် မြို့တော်၏ အခြေအနေကို ဖော်ပြရန် သူ၏ နတ်ဘုရား စွမ်းရည်များကို သေချာစွာ အသုံးပြုလိုက်၏။
စုယွီ၏ နတ်ဘုရား စွမ်းရည် အောက်တွင် အင်မော်တယ် တစ်သောင်း နန်းတော် ၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှ ကြီးမားလှသော စစ်တပ်ကြီး လေးခုကို သူ၏ အမြင်အာရုံထဲတွင် မြင်တွေ့လိုက်ရသည်။
“အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ စစ်သည် သုံးထောင်တဲ့လား…
တိုက်ခိုက်ရေး တပ်ဖွဲ့ကို ဦးဆောင်နေတာ ဘယ်သူလဲ...”
စုယွီသည် အင်မော်တယ် တစ်သောင်း နန်းတော် ၏ စစ်သည်များ အကြားတွင် 'ရင်းနှီးသော မျက်နှာ' တစ်ခုကို မြင်လိုက်ရသဖြင့် အံ့ဩသွားရ၏။
အင်မော်တယ် တစ်သောင်း နန်းတော် ၏ တာအိုသားတော်၊ ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသော တာအိုသားတော် ကူရှောက်ခွန်းပင်။
ဤလူမှာ အလွန်တရာ ပါရမီထူးချွန်ပြီး ရှားပါးသော ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ စုယွီထက်ပင် သာလွန်နေပြီး မူလဝိညာဉ် အဆင့် (၃) သို့ ရောက်ရှိနေလေပြီ။
ကူရှောက်ခွန်းသည် အင်မော်တယ် တစ်သောင်း နန်းတော် ၏ စစ်သည် သုံးထောင်ကို ဦးဆောင်နေပြီး မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော ထိပ်သီး သိုင်းပညာရှင် နှစ်ဦးက သူ့ကို စောင့်ကြပ်နေ၏။ စစ်တပ်ကြီး လေးခု အနက် အင်မော်တယ် တစ်သောင်း နန်းတော် ၏ တိုက်ခိုက်မှုမှာ အပြင်းထန်ဆုံး ဖြစ်နေသည်။
အခြား တပ်ဖွဲ့ သုံးခု ဖြစ်ကြသော ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှာမူ အရန်အင်အားများ ရှိနေသေးပြီး တစ်ဦးကို တစ်ဦး စောင့်ကြည့်နေကြ၏။
အခြေအနေကို ကြည့်ပြီးနောက် စုယွီမှာ ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ဟင်းလင်းပြင် တာအို စွမ်းအားများအား ရုတ်တရက် သိပ်သည်းစေလိုက်သည်။ ဟင်းလင်းပြင်၏ အခြား တစ်ဖက်မှာ တတိယမြောက် အင်မော်တယ် မြို့တော်၏ အတွင်းပိုင်းနှင့် တိုက်ရိုက် ဆက်သွယ်သွား၏။
စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့်အတူ သူတို့၏ အရှေ့ရှိ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တတိယမြောက် အင်မော်တယ် မြို့တော် အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားသည်။
တတိယမြောက် အင်မော်တယ် မြို့တော်၏ အရွယ်အစားမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် လုံးဝ တူညီနေသည်။ သို့သော် တတိယမြောက် အင်မော်တယ် မြို့တော်၏ စွမ်းအားမှာ အနည်းငယ် ပို၍ သာလွန်နေပြီး မြေကမ္ဘာအင်မော်တယ် တပ်မတော် စစ်သည် လေးထောင် ရှိနေ၏။
မူလဝိညာဉ် အဆင့် အရှင်သခင် အယောက် နှစ်ဆယ်ကျော် ရှိပြီး မူလဝိညာဉ် အဆင့် အထွတ်အထိပ် နှစ်ပါး ရှိနေကာ စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် အဆင့်အတန်း ချင်း တူညီနေသည်။
စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့မှာ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းဖြင့် တတိယမြောက် အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်းသို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် အပြင်ဘက်၌ အခင်းအကျင်းကို ထိန်းချုပ်ကာ အင်မော်တယ် ဂိတ်တံခါးကြီး လေးခု၏ တိုက်ခိုက်မှုကို ခုခံနေသည့် မူလဝိညာဉ် အဆင့် အထွတ်အထိပ် အရှင်သခင် တစ်ပါးမှာ ဤ 'ဝင်ရောက်လာသူ' ကို အာရုံခံမိလိုက်သဖြင့် သူ၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။
“ဘယ်သူလဲ” ဟု ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လွှမ်းမိုးနိုင်သော အင်မော်တယ် စွမ်းအားများမှာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေ၏။ သူ၏ မှော်စွမ်းအားများမှာ သူ၏ စိတ်ခံစားချက်နှင့် အညီ လှုပ်ရှားနေပြီး စုယွီကို မန္တန် တစ်ခုဖြင့် ဖိနှိပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် စုယွီ၏ အသံကို ကြားလိုက်ရသည်။
“တာ့ယွဲ့ တောင်ထွတ်မှ တာအိုဆရာ ထျန်းယွီရဲ့ တပည့် စုယွီပါ... တတိယမြောက် အင်မော်တယ် မြို့တော်ကို အကူအညီပေးဖို့ စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှ တပ်ဖွဲ့ကို ဦးဆောင်ပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်…”
အခန်း (၆၇၈) - တတိယမြောက် အင်မော်တယ် မြို့တော်ဆီသို့ အကူအညီပေးရန် အလျင်အမြန် ချီတက်ခြင်း၊ အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအိုသားတော် (၃)
ဤ ထိပ်သီး မူလဝိညာဉ် အဆင့် အရှင်သခင် ထံမှ ထွက်ပေါ်လာသော အရှိန်အဝါ ပြင်းပြင်းမှာ ရုတ်တရက် တန့်သွားတော့သည်။ သူသည် မန္တန် ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး အံ့ဩ တုန်လှုပ်နေသော အမူအရာဖြင့် “ဘာ...” ဟု ရေရွတ်လိုက်၏။
သူသည် တာ့ယွဲ့ တောင်ထွတ်အကြောင်းကို သိရှိသည်။
သူသည် တာအိုဆရာ ထျန်းယွီ အကြောင်းကိုလည်း ရင်းနှီးသည်။ ထို့အပြင် သူကိုယ်တိုင်က ထျန်းယွီ၏ ညီတော်အဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်၏။
သို့သော် ထျန်းယွီ၏ တပည့် စုယွီ ဆိုသူကိုမူ သူ လုံးဝ မသိရှိချေ။ သူသည် အရိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အင်မော်တယ် ဂိတ်တံခါးဆီသို့ ပြန်လည် မသွားရောက်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ထို့အပြင် ဤလူက စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ တပ်ဖွဲ့ကို ဦးဆောင်ကာ တတိယမြောက် အင်မော်တယ် မြို့တော်ကို အကူအညီပေးရန် ရောက်ရှိလာသည်ဟု ဆိုပြန်၏။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။
အပြင်ဘက်တွင် တပ်ဖွဲ့ဝင် တစ်သောင်းကျော် ရှိနေသည်။ စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ အပြည့်အဝ ပံ့ပိုးမှု ရှိနေလျှင်တောင်မှ သူတို့မှာ အင်မော်တယ် တစ်သောင်း နန်းတော်၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော် နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့၏ စုပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အခွင့်အလမ်း လုံးဝ ရှိမည် မဟုတ်ချေ။
သူတို့အနေဖြင့် အကူအညီပေးရန် ဤသို့ ရုတ်တရက် လာရောက်ခြင်းမှာ မိုက်ရူးရဲ ဆန်လွန်းလှ၏။
အကြီးအကဲက စုယွီကို သူ၏ အထောက်အထားကို အတည်ပြုရန် တောင်းဆိုတော့မည့် အချိန်တွင် စုယွီ၏ အဆင့်အတန်း အမှတ်အသား တံဆိပ်ပြားက သူ့ဆီသို့ ပျံသန်းလာသည်။
သူက တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး အင်မော်တယ် ဂိတ်တံခါး၏ အတွင်းဆောင် အကြီးအကဲ တစ်ဦး၏ အမှတ်အသား ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
တံဆိပ်ပြားပေါ်ရှိ ဝိညာဉ် စွမ်းအား အရှိန်အဝါမှာလည်း စုယွီနှင့် ကိုက်ညီနေ၏။
အထောက်အထား အတည်ပြုပြီးပြီ။ သူတို့ထဲမှ တစ်ဦး ဖြစ်သည်မှာ သေချာသွားခဲ့ပြီ ဖြစ်သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် စုယွီကို ကြည့်နေစဉ်မှာပင် စုယွီမှာ အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်းမှ ထွက်ပေါ်လာခဲ့၏။
သို့သော် သူက တိုက်ရိုက် ပေါ်မလာဘဲ အကြီးအကဲနှင့် စိတ်အာရုံ စကားပြောခြင်းဖြင့် ဆက်သွယ်လိုက်သည်။
အကြီးအကဲက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“မင်းရဲ့ လူတွေက ဘယ်မှာလဲ... ဒီကို တိုက်ရိုက် မလာခဲ့ပါနဲ့... အပြင်မှာ လူတွေ အများကြီး ရှိနေတဲ့ အခါကျရင် မြို့ထဲကို ဝင်နိုင်မှာ မဟုတ်ဘူး... ပိတ်မိပြီး အသတ်ခံရလိမ့်မယ်”
စုယွီ၏ စိတ်အာရုံ ဆက်သွယ်ချက် :
“ဦးလေး... စိတ်မပူပါနဲ့... ကျွန်တော်တို့ လူတွေက ဒီကို ရောက်နေနှင့်ပြီ... အခု ကျွန်တော် ဆွေးနွေးချင်တာက အပြင်မှာ ရှိနေတဲ့ သူတွေကို ဘယ်လို ချေမှုန်းမလဲ ဆိုတာပါ...”
စုယွီ၏ အသေးစိတ် အစီအစဉ်ကို နားထောင်ပြီးနောက် အကြီးအကဲမှာ အံ့ဩ တုန်လှုပ်သွားကာ စိတ်အာရုံဖြင့်ပင် မယုံကြည်နိုင်စွာ ပြန်ဖြေလိုက်၏။ “မင်း တကယ်ပဲ သေချာရဲ့လား”
စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ တိုက်ပွဲ အောင်မြင်မှုများကို မပြောပြခဲ့ဘဲ ဟွမ်ရှီထောင်၊ ဖန်ရှောင်နှင့် အခြားသူများကိုလည်း လျှို့ဝှက်ထားရန် ကြိုတင် မှာကြားထားခဲ့သည်။
စုယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“ကျွန်တော်.. ဒီကို ဘယ်လို ရောက်လာခဲ့လဲ ဆိုတာကို ဦးလေး သိမှာပါ... စိတ်မပူပါနဲ့... ကျွန်တော့်မှာ ယုံကြည်မှု ရှိပါတယ်... ဒါပေမဲ့ ဦးလေးတို့ရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်... အခွင့်အရေး ရတဲ့ အချိန်မှာ အစွမ်းကုန် တိုက်ခိုက်ပြီး သူတို့ကို အကုန် သတ်ပစ်လိုက်ပါ...”
အစီအစဉ်များကို ဆွေးနွေးပြီးနောက် အကြီးအကဲ၊ တာအိုသားတော်နှင့် တတိယမြောက် အင်မော်တယ် မြို့တော်မှ နောက်ထပ် မူလဝိညာဉ် အဆင့် အထွတ်အထိပ် အကြီးအကဲ တစ်ဦးကို အစီအစဉ်အကြောင်း ပြောပြလိုက်ကြသည်။ စုယွီ အနေဖြင့်မူ ချင်ခယ်ရှင်းနှင့် လီကျန့်တို့ကို ခေါ်ဆောင်ကာ မြို့တော် တစ်ခုလုံးတွင် အဆင့်မြင့် စတုတ္ထအဆင့် အခင်းအကျင်းကြီးများကို အပြင်းအထန် တည်ဆောက်လိုက်တော့၏။
ရက်အနည်းငယ်မှာပင် အချိန်များ ကုန်လွန်သွားခဲ့သည်။
တတိယမြောက် အင်မော်တယ် မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်း အချို့မှာ ပျက်စီးသွားခဲ့ပြီး မြို့တော်မှာ ကျဆုံးရန် နီးကပ်နေပြီ ဖြစ်၏။
မြို့တော် အပြင်ဘက်တွင် အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် ကူရှောက်ခွန်း၏ မျက်နှာပေါ်ရှိ လှောင်ပြုံးမှာ ပိုမို ထင်ရှားလာပြီး သူက စစ်သည်များကို အခင်းအကျင်းများကို ဖျက်ဆီးရန် ဆက်လက် ဦးဆောင်နေခဲ့သည်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ “မြေကမ္ဘာအင်မော်တယ် နယ်မြေ... မင်းတို့က ငါ့ရဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ကို အတင့်ရဲစွာနဲ့ စော်ကားရဲသေးတယ်ပေါ့လေ... ဒီတစ်ခါတော့ မင်းတို့ရဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေက ဘယ်လိုမျိုး ရုန်းကန်ရမလဲ ဆိုတာ ကြည့်လိုက်ဦးမယ်...”
အင်မော်တယ် ဂိတ်တံခါး လေးခုမှ တပ်ဖွဲ့များမှာ သတ်မှတ်ထားသော အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားကြပြီး တစ်နေရာတည်းတွင် စုဝေးနေခြင်း မရှိကြပေ။
တတိယမြောက် အင်မော်တယ် မြို့တော်ကို တိုက်ခိုက်မှုကြောင့် သူတို့၏ စွမ်းအားများ သုံးစွဲမှု များပြားလာပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေမှ လူများ၏ အလူးအလဲ ထွက်ပြေးရန် ကြိုးစားမှုကို ကာကွယ်ရန် အတွက် သူတို့သည် အမြဲတမ်း ပြုလုပ်လေ့ ရှိသည့်အတိုင်းပင် ခေတ္တ နားနေကာ စွမ်းအားများကို ပြန်လည် ဖြည့်တင်းပြီး တိုက်ပွဲဝင် အခြေအနေကို ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ဤတစ်ကြိမ်တွင် အင်မော်တယ် တစ်သောင်း နန်းတော်၊ ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှ လူများက ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ မိုင်ငါးဆယ် အကွာအဝေးသို့ ရွှေ့ပြောင်း အနားယူနေ၏။
စွမ်းအားများ ပြန်လည် ဖြည့်တင်းရန် ပြင်ဆင်နေချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော်၏ စစ်သည် သုံးထောင် ပါဝင်သော တပ်ဖွဲ့အလယ်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ပုံရိပ်တစ်ခုက ရုတ်တရက် ဆင်းသက်လာပြီး ၎င်းနှင့်အတူ စတုတ္ထအဆင့် အဆောင်လက်ဖွဲ့ အများအပြားလည်း ပါဝင်လာ၏။
၎င်းတို့ အနက် စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင်ကျော်နှင့် စတုတ္ထအဆင့် အဆင့်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ရာကျော် တို့ ပါဝင်သည်။