← Chapters

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉) - ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ ပုံရိပ် ဆင်းသက်လာခြင်း (၁)

၎င်းတို့မှာ စုယွီ၏ လက်ကျန် စတုတ္ထအဆင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့များ အားလုံး နီးပါး ဖြစ်သည်။ သူသည် ယခင်က စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင် တစ်ဝက်နီးပါးခန့် အသုံးပြုခဲ့ပြီး ဖြစ်၏။

ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားပြီး မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များမှာ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာရာ ကူရှောက်ခွန်း၊ သူ၏ ဘေးရှိ မူလဝိညာဉ် အဆင့် အစောင့်အရှောက် နှစ်ဦးနှင့် အင်မော်တယ် တစ်သောင်း နန်းတော် မှ အခြားသော မူလဝိညာဉ် အဆင့် အရှင်သခင်တို့၏ မျက်နှာထားများမှာ ချက်ချင်း ပြောင်းလဲသွားပြီး အားလုံး မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်ကြသည်။

သို့သော် သူတို့၏ မှော်စွမ်းအားများ စတင် ပေါက်ကွဲထွက်လာသည့် အချိန်မှာပင် သူတို့ကို ဝိုင်းရံထားသော ကြေးမုံလမင်း အဆောင်လက်ဖွဲ့များမှာ အသက်ဝင်နေပြီ ဖြစ်ပြီး အဆုံးမဲ့ ဟင်းလင်းပြင် စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

“ဝှစ်”

စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင်နှင့် စတုတ္ထအဆင့် အဆင့်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ရာကျော် တို့ ဖြစ်သည်။

၎င်းတို့ အားလုံးမှာ အင်မော်တယ် တစ်သောင်း နန်းတော် ၏ အင်မော်တယ် တပ်မတော် စစ်သည် သုံးထောင်နှင့် မူလဝိညာဉ် အဆင့် အရှင်သခင် ဒါဇင်ပေါင်းများစွာကို ပစ်မှတ်ထားနေခြင်းပင်။ ပေါက်ကွဲ ထွက်လာသော ဟင်းလင်းပြင် စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း သူတို့ အားလုံးကို ချုပ်နှောင်ထားလိုက်၏။

ကူရှောက်ခွန်းသည် သူ့ကို မလှုပ်မယှက် ဖြစ်သွားစေသော ကြီးမားလှသည့် ဟင်းလင်းပြင် စွမ်းအားကို ခံစားလိုက်ရပြီး သူ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားသည်။ သူ၏ ရင်ထဲတွင် အဆုံးမဲ့ ကြောက်ရွံ့မှုလှိုင်း တစ်ခု ထကြွလာ၏။

“ဒါတွေက ဘာအဆောင်လက်ဖွဲ့တွေလဲ... ဘယ်သူက ဒီလောက်များပြားတဲ့ စတုတ္ထအဆင့် အဆောင်လက်ဖွဲ့တွေကို ဘယ်ကနေ ရလာတာလဲ...”

ထိုအခိုက်အတန့်၌ မျက်နှာဖုံးနှင့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာသည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ လူများ အားလုံး ကြေးမုံလမင်း အဆောင်လက်ဖွဲ့များ၏ ချုပ်နှောင်ခံလိုက်ရသည့် အခိုက်အတန့်မှာပင် ဟင်းလင်းပြင် နယ်ပယ် တစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။

သူ၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ အင်မော်တယ် တစ်သောင်း နန်းတော် မှ လူ သုံးထောင်ကျော်မှာ အခြားသူများ၏ အမြင်အာရုံမှ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။

မိုင်အနည်းငယ် အကွာရှိ ယွီလုံ နန်းတော်၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းနှင့် လီဟော့ နန်းတော် တို့မှ လူများ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူတို့၏ ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြ၏။

စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ထောင်နှင့် စတုတ္ထအဆင့် အဆင့်အလတ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ရာကျော်တို့၏ ဟင်းလင်းပြင် စွမ်းအား အရှိန်အဝါက သူတို့ အားလုံးကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။

ထို့အပြင် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းကြောင့် အင်မော်တယ် တစ်သောင်း နန်းတော် မှ လူ သုံးထောင်ကျော် လုံးဝ ပျောက်ကွယ်သွားခြင်းက သူတို့၏ ထိတ်လန့်မှုကို ပိုမို တိုးပွားစေခဲ့၏။

ဒါ.. တကယ်တော့ ဘာတွေ ဖြစ်ပျက်နေတာလဲ..

“ဟင်းလင်းပြင် နယ်ပယ်... ဟင်းလင်းပြင် တာအို”

ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှ မူလဝိညာဉ် အဆင့် အရှင်သခင်များမှာ တစ်ဦးပြီး တစ်ဦး သဘောပေါက်သွားကြပြီး သူတို့၏ မျက်ဝန်းများမှာ ချက်ချင်း ကျဉ်းမြောင်းသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“ဒါက တကယ်ပဲ ဟင်းလင်းပြင် နယ်ပယ်လား...”

‘ဟင်းလင်းပြင် တာအိုကို အသုံးပြုပြီး မူလဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်တဲ့သူ တကယ် ရှိနေတာလား..’

ကျင့်ကြံသူ တစ်ဦး အနေဖြင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းရန် အလှည့်ကိုးကြိမ် ရွှေအမြုတေ အခြေခံ မရှိပါက အခြားသော ကျင့်ကြံသူများမှာ နယ်ပယ် တစ်ခုတည်းကိုသာ ကျင့်ကြံနိုင်ကြသည်။ ဥပမာ အင်မော်တယ် တစ်သောင်း နန်းတော် မှ ကူရှောက်ခွန်းကို ကြည့်ပါ၊ သူသည် ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး အလွန် ခိုင်မာသော အခြေခံကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အလှည့်ကိုးကြိမ် ရွှေအမြုတေ မဟုတ်သောကြောင့် ရေခဲ တာအို နယ်ပယ်ကိုသာ ကျင့်ကြံနိုင်ခြင်း ဖြစ်၏။

အလားတူပင် အခြားသော မူလဝိညာဉ် အဆင့် အရှင်သခင်များ သည်လည်း နယ်ပယ် တစ်ခုတည်းကိုသာ ကျင့်ကြံနိုင်ကြသည်။

ထို့အပြင် မူလဝိညာဉ် အဆင့် အရှင်သခင်များ၏ နယ်ပယ် အားလုံးနီးပါးမှာ ဓာတ်ကြီးငါးပါးနှင့် ဆက်စပ်နေပြီး ၎င်းတို့ မပါဘဲ အဆင့်တက်လှမ်းရန် မဖြစ်နိုင်ပေ။

အခြားသော အဓိက တာအိုများကို အခြေခံ၍ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ပြီး နယ်ပယ် တစ်ခုကို ဖွဲ့စည်းနိုင်သူများ၏ ရှားပါးမှု အတိုင်းအတာမှာ ဝိညာဉ်ခန္ဓာ တစ်ခု မွေးဖွားလာမှုနှင့် နှိုင်းယှဉ်နိုင်သည်။ ကျင့်ကြံသူ သန်းပေါင်းများစွာ အနက် တစ်ဦးသာ ရှိနိုင်၏။

ဟင်းလင်းပြင် တာအိုမှာ ဒဏ္ဍာရီများထဲတွင် ပို၍ပင် ကြီးမားသော တည်ရှိမှု တစ်ခု ဖြစ်သည်။ ဟင်းလင်းပြင် တာအို နယ်ပယ်တစ်ခုကို ကျင့်ကြံခြင်းဖြင့် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်းမှာ ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ခြင်းထက်ပင် ပို၍ ရှားပါးလှသည်။ အင်မော်တယ် တစ်သောင်း နန်းတော် ၊ လီဟော့ နန်းတော်၊ ယွီလုံ နန်းတော် စသည့် အင်အားကြီး အဖွဲ့အစည်းများ၏ သမိုင်းမှတ်တမ်းများ အရ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး တစ်ခါမျှ ပေါ်ထွက်လာခဲ့ဖူးခြင်း မရှိပေ။

အခြားသူများ အားလုံး ကြောင်အမ်းကာ အံ့ဩ တုန်လှုပ်နေကြစဉ်မှာပင် တတိယမြောက် အင်မော်တယ် မြို့တော်နှင့် မိုင်ငါးဆယ် အကွာရှိ ကြီးမားလှသော အခင်းအကျင်း အတွင်း၌ အင်မော်တယ် တစ်သောင်း နန်းတော် မှ အဖွဲ့ ရောက်ရှိသွားခဲ့၏။ သူတို့ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း အခင်းအကျင်းများမှာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပေါက်ကွဲ ထွက်လာပြီး အင်မော်တယ် တစ်သောင်း နန်းတော် မှ လူများ အားလုံးကို ချက်ချင်း ဇီဝိန်ခြွေလိုက်တော့၏။

အင်မော်တယ် တစ်သောင်း နန်းတော် ၏ အင်မော်တယ် တပ်မတော် စစ်သည် သုံးထောင်မှာ အလွန်တရာ အစွမ်းထက်ပြီး သူတို့ အားလုံးမှာ ကိုယ်ခန္ဓာ သန့်စင်ခြင်းနှင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် တတိယအဆင့် ကျင့်ကြံသူများနှင့် ညီမျှကာ အလွန် အစွမ်းထက်သော ခွန်အားနှင့် ကာကွယ်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

သူတို့သည် ထိုနေရာ၌ ရှိနေသော ကျင့်ကြံသူများ အားလုံး အနက် အင်အားအကြီးဆုံး ကိုယ်ခန္ဓာ သန့်စင်ခြင်း တပ်မတော် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ထိပ်တန်း ဂိုဏ်းကြီး တစ်ခု၏ ဂုဏ်သိက္ခာနှင့် အမှန်ပင် ထိုက်တန်လှ၏။

သို့သော် စုယွီ၏ ဟင်းလင်းပြင် နယ်ပယ် အောက်တွင် ထိုလူများ အားလုံးမှာ တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြပြီး သတ်ဖြတ်ခြင်း အခင်းအကျင်း အတွင်း၌ ပေါ်ထွက်လာခဲ့ကြသည်။ ဖရိုဖရဲ ဖြစ်နေသော တပ်မတော်မှာ သတ်ဖြတ်ခံရန် အသင့်ဖြစ်နေသော တတိယအဆင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ပုရွက်ဆိတ် တစ်အုပ်နှင့်သာ တူညီ၏။ သားသတ်သမား၏ သစ်တုံးပေါ်ရှိ အသားတစ်တုံးသာ ဖြစ်၏။

စတုတ္ထအဆင့် အဆင့်မြင့် သတ်ဖြတ်ခြင်း အခင်းအကျင်း၏ ချေမှုန်းမှု အောက်တွင် မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ အားလုံးမှာ သွေးမြူများ အဖြစ်သို့ ပေါက်ကွဲသွားကြပြီး ချင်ခယ်ရှင်းနှင့် လီကျန့်တို့က အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်တော့သည်။

စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း အများအပြား၏ အလယ်တွင် ကူရှောက်ခွန်းနှင့် မူလဝိညာဉ် အဆင့် အစောင့်အရှောက် နှစ်ဦးမှာ ဤနေရာသို့ နေရာရွှေ့ပြောင်း ခံလိုက်ရသည်။

သို့သော် အခင်းအကျင်း၏ စွမ်းအားများ ကျဆင်းလာသည့် အချိန်မှာပင် သူတို့ကို ချုပ်နှောင်ထားသော ဟင်းလင်းပြင် စွမ်းအားများ ပျက်ပြယ်သွားပြီး အရှင်သခင် အစောင့်အရှောက် နှစ်ဦးမှာ ချက်ချင်းပင် သူတို့၏ မှော်ပညာများကို ထုတ်ဖော်ကာ အခင်းအကျင်း၏ စွမ်းအားကို ခုခံလိုက်ကြ၏။

သို့သော် သူတို့သည် စတုတ္ထအဆင့် အဆင့်မြင့် သတ်ဖြတ်ခြင်း အခင်းအကျင်း အများအပြား၏ စွမ်းအားကိုသာမက ဟွမ်ကျူး၊ စတုတ္ထမြောက် အင်မော်တယ် မြို့တော်မှ ဟွမ်ရှီထောင်၊ တတိယမြောက် အင်မော်တယ် မြို့တော်မှ မူလဝိညာဉ် အဆင့် ဦးလေး နှစ်ဦးနှင့် မူလဝိညာဉ် အဆင့် အရှင်သခင် အားလုံး၊ အင်မော်တယ် တပ်မတော် တို့၏ တိုက်ခိုက်မှုများကိုပါ ခုခံရမည် ဖြစ်သည်။

သူတို့ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် ဟွမ်ရှီထောင်နှင့် အခြားသူများက “သတ်” ဟု ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

မန္တန် တစ်ခုပြီး တစ်ခု၊ မှော်လက်နက် တစ်ခုပြီး တစ်ခုမှာ ကူရှောက်ခွန်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော် မှ အခြားသော မူလဝိညာဉ် အဆင့် အစောင့်အရှောက် နှစ်ဦး၏ ခန္ဓာကိုယ်များ အပေါ်သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျရောက်လာတော့၏။

အစောင့်အရှောက် နှစ်ဦးမှာ ခုခံရန် ရုန်းကန်နေရသော်လည်း သွေးများ အန်ထုတ်နေရဆဲ ဖြစ်ပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ချေ။

ဤအချိန်မှာပင် မူလဝိညာဉ် အဆင့် အရှင်သခင်များ၏ စွမ်းအားထက် သာလွန်သော မှော်စွမ်းအား တစ်ခုက ကူရှောက်ခွန်းထံမှ ရုတ်တရက် ပေါက်ကွဲ ထွက်လာ၏။ ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ ကမ္ဘာမြေ တစ်ခုလုံးကို မှေးမှိန်သော အင်မော်တယ် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ကူရှောက်ခွန်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော် မှ အခြားသော အစောင့်အရှောက် နှစ်ဦးကို ဦးတည်ထားသည့် မန္တန်များနှင့် မှော်လက်နက်များ အားလုံးမှာ ဤမှော်ပုံရိပ်၏ တားဆီးခံလိုက်ရ၏။

စုယွီ၊ ဟွမ်ရှီထောင်၊ ဟွမ်ကျူးနှင့် အခြားသူများက ဤမှော်ပုံရိပ်ကို မြင်တွေ့လိုက်ရပြီး ၎င်းထံမှ ထွက်ပေါ်လာသော သာလွန်သည့် မှော်စွမ်းအားကို ခံစားလိုက်ရသောအခါ အားလုံးမှာ သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားပြီး မျက်နှာထားများ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

စုယွီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ရင်ထဲတွင် ထိတ်လန့်တကြား တွေးလိုက်မိ၏။

‘ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ရဲ့ မှော်ပုံရိပ်က သူ့ကိုယ်သူ ကာကွယ်နေတာပဲ... တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ ဝိညာဉ်ခန္ဓာပဲ... အင်မော်တယ် တစ်သောင်း နန်းတော် က သူ့ကို တကယ်ပဲ မြတ်နိုးတာပဲ’

အခန်း (၆၈၀) - ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ ပုံရိပ် ဆင်းသက်လာခြင်း (၂)

ဝေဝါးသော ပုံရိပ်တစ်ခုမှာ ကူရှောက်ခွန်း၏ ဒန်တျန် အတွင်းမှ ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်စိရှေ့တွင် ရပ်တည်လိုက်သည်။

၎င်းသည် ကူရှောက်ခွန်းနှင့် အခြားသူများကို ချုပ်နှောင်ထားသော စတုတ္ထအဆင့် အဆင့်မြင့် သတ်ဖြတ်ခြင်း အခင်းအကျင်းများကို အရင်ဆုံး ကြည့်လိုက်ပြီးနောက် ကူရှောက်ခွန်းနှင့် သူ၏ အပေါင်းအပါများကို ဝိုင်းရံထားသော မြေကမ္ဘာအင်မော်တယ် နယ်မြေမှ လူများကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

“မြေကမ္ဘာအင်မော်တယ် နယ်မြေက အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ တာအိုသားတော် ဖြစ်တဲ့ ငါ့ကို ဒီလို အကျပ်အတည်း မျိုးအထိ တွန်းပို့နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

“ခမ်းနားတဲ့ အခင်းအကျင်း ကြီးပဲ...”

“ဒါပေမဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေက လူတွေ... မင်းတို့ သေလမ်း ရှာနေကြတာပဲ...”

“တကယ်လား... အင်မော်တယ် တစ်သောင်း နန်းတော်ကပဲ သတ်နိုင်မယ်ပေါ့လေ...”

စုယွီက အလယ်အလတ်အဆင့် မှော်လက်နက် ဖြစ်သည့် ချီသန့်စင်အိုးကို ထုတ်ယူကာ အနက်ရောင် ဒေါသ စစ်သည်တော်၊ ဟွမ်ကျူး၊ ဟွမ်ရှီထောင်နှင့် အခြားသူများကို အိုး၏ စွမ်းအားကို အသုံးပြု၍ အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအိုသားတော်ကို ခုခံရန် ပြင်ဆင်နေချိန်မှာပင်…..။

မည်သူက ထင်မှတ်ထားမည်နည်း။

နောက်တစ်စက္ကန့်တွင် ဖန်ရှောင်က ရှေ့သို့ တက်လာခဲ့သည်။

မူလဝိညာဉ် အဆင့် အရှင်သခင်တို့၏ စွမ်းအားထက် သာလွန်သော စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဝေဝါးသော ပုံရိပ်တစ်ခုက သူမ၏ ဒန်တျန် အတွင်းမှ ထွက်ပေါ်လာကာ လူတိုင်း၏ ရှေ့မှောက်တွင် ရပ်တည်လိုက်သည်။

ထိုပုံရိပ်မှာ အနည်းငယ် ဝေဝါးနေသော်လည်း စုယွီက ချက်ချင်း မှတ်မိလိုက်၏။

စုယွီမှာ အံ့အားသင့်သွားပြီး “အစ်ကိုကြီး...” ဟု ရေရွတ်လိုက်သည်။

ဤတာအို ပုံရိပ်မှာ သူ၏ အစ်ကိုကြီး ဖြစ်သော စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ ချန်ရစ်ထားခဲ့သော ပုံရိပ်ပင်။

စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ တာအို ပုံရိပ် ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ကာ အရာအားလုံးကို ချုပ်နှောင်ထားနိုင်သော တာအို စွမ်းအားများကို ကိုင်ဆောင်ထား၏။ သူက စကား တစ်ခွန်းမျှ မပြောဘဲ သူ၏ လက်ထဲတွင် မှော်စွမ်းအား ပုဆိန် တစ်လက်ကို ဖန်တီးကာ အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအို ပုံရိပ်ဆီသို့ ခုတ်ချလိုက်သည်။ ဤပုဆိန်ချက်၏ စွမ်းအားမှာ ကမ္ဘာကြီးကို ဖန်တီးလိုက်သကဲ့သို့ ကြီးမားလှပေသည်။

“ဟုန်ယွဲ့ပဲ... ပြေးကြ...”

အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအို ပုံရိပ်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အံ့ဩ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မှော်စွမ်းအားများ လှုပ်ရှားသွားပြီး ကြီးမားလှသော အခင်းအကျင်း ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ တောက်ပသော အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲပြီး ကူရှောက်ခွန်းကို မြို့တော် အပြင်ဘက်သို့ ခေါ်ဆောင်သွားတော့၏။

သူကိုယ်တိုင်မှာမူ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ကို ခုခံရန် မှော်စွမ်းအားဖြင့် ဓားတစ်လက်ကို ဖန်တီးကာ ကျန်ရစ်ခဲ့သည်။

ပုံရိပ် နှစ်ခု၏ တိုက်ပွဲကြောင့် စုယွီနှင့် အခြားသူများမှာ အဝေးသို့ ဆုတ်ခွာသွားခဲ့ရသည်။

အသက် ဆယ်ကြိမ် ရှူစာခန့် အကြာတွင်။

“ဘုန်း”

ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်သွားပြီး နာကျင်စွာ ညည်းတွားသံ တစ်ခုနှင့်အတူ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ တာအို ပုံရိပ်က တစ်ဖက်လူ၏ တာအို ပုံရိပ်ကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်လိုက်သည်။

၎င်းမှာ တွန့်ဆုတ်မနေဘဲ လျင်မြန် ပြတ်သားသော သတ်ဖြတ်မှု တစ်ခု ဖြစ်၏။

တစ်ဖက်လူ၏ တာအို ပုံရိပ်ကို ဖျက်ဆီးပစ်ပြီးနောက် ဟုန်ယွဲ့၏ တာအို ပုံရိပ်က အင်မော်တယ် တစ်သောင်း နန်းတော်၏ ဝိညာဉ်ခန္ဓာ ထွက်ပြေးသွားရာ ဘက်သို့ ကြည့်လိုက်သည်။ သူက အခြား မည်သူကိုမျှ ဆက်လက် မတိုက်ခိုက်တော့ချေ။ သူ၏ မှော်စွမ်းအား တာအို ပုံရိပ်မှာ အတော်လေး မှေးမှိန်နေပြီ ဖြစ်ပြီး ပျောက်ကွယ်သွားတော့မည် ဖြစ်၏။

သူက စုယွီကို လှည့်ကြည့်လိုက်ပြီးနောက် ဖန်ရှောင်နှင့် အခြားသူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “အင်မော်တယ် တစ်သောင်း နန်းတော်က လူတွေကို သတ်ပစ်လို့ ရတယ်... တခြား အင်မော်တယ် ဂိတ်တံခါးတွေက တာအိုသားတော် တွေကိုတော့ ငါ့အတွက် ချန်ထားခဲ့ပါ...”

ထိုသို့ ပြောပြီးနောက် ဟုန်ယွဲ့၏ တာအို ပုံရိပ်မှာ ပြိုကွဲ ပျောက်ကွယ်သွားတော့၏။

စုယွီနှင့် အခြားသူများမှာ ခဏတာမျှ ကြောင်အမ်းသွားကြသည်။

ဟုန်ယွဲ့၏ တာအို ပုံရိပ် ပျောက်ကွယ်သွားပြီး မကြာမီမှာပင် စုယွီနှင့် အခြားသူများက အင်မော်တယ် တစ်သောင်း နန်းတော်၏ ကျန်ရှိနေသော မူလဝိညာဉ် အဆင့် အရှင်သခင်များကို နောက်တစ်ကြိမ် စတင် တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် ပဉ္စမအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ အချို့ကို အသုံးပြုခဲ့ကြသော်လည်း အားလုံး၏ စုပေါင်း ခုခံမှုကို မခံနိုင်ခဲ့ကြပေ။

ဆယ့်ငါးမိနစ် မပြည့်မီ အချိန်အတွင်းမှာပင် အင်မော်တယ် တစ်သောင်း နန်းတော်၏ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော အရှင်သခင် နှစ်ပါး အပါအဝင် အားလုံးမှာ အသားစများ အဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့၏ မူလဝိညာဉ်များမှာလည်း ပေါက်ကွဲ ပျက်စီးသွားကာ ဝိညာဉ် အပိုင်းအစလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။

စုယွီနှင့် အခြားသူများသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ နေရာတိုင်းမှ အသက်ရှူသံများကို ရှင်းလင်းပစ်လိုက်ပြီး ခန္ဓာကိုယ်ကို ဝင်ရောက် စီးနင်းရန် မည်သည့် အခွင့်အရေးကိုမျှ မချန်ထားခဲ့ချေ။

“ကူရှောက်ခွန်း လွတ်သွားတာ နှမြောစရာပဲ... လျှို့ဝှက် မှတ်သားထားတဲ့ ဟင်းလင်းပြင် အမှတ်အသားကိုတောင် တစ်ဖက်လူရဲ့ ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးကြီးက ဖျက်ဆီးသွားတယ်...”

စုယွီက ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး ခပ်ပြင်းပြင်း သက်ပြင်း တစ်ချက်ကို ရှူထုတ်လိုက်သော်လည်း သိပ်ပြီး အံ့အားမသင့်မိပါချေ။

မည်သို့ပင်ဆိုစေ ကူရှောက်ခွန်းက ဝိညာဉ်ခန္ဓာ တစ်ခု ဖြစ်သည်။ အင်မော်တယ် တစ်သောင်း နန်းတော်ကသာ သူ့ကို ကာကွယ်ရန် နည်းလမ်း မရှိခဲ့ပါက သူတို့ ဘယ်လိုလုပ် အန္တရာယ်ခံ ရဲပါ့မလဲ။

ကံမကောင်းစွာဖြင့် ကူရှောက်ခွန်းကို သတ်ပစ်ဖို့ နည်းနည်းလေးပဲ လိုတော့၏။

ကူရှောက်ခွန်းနှင့် ပတ်သက်၍ စုယွီက အစောပိုင်း ကတည်းက သတ်ဖြတ်လိုစိတ် ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကူရှောက်ခွန်း၏ ခန္ဓာကိုယ်တွင် အလွန်တရာ ပါရမီထူးချွန်သော ဝိညာဉ်ခန္ဓာ တစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ဤကဲ့သို့သော ပါရမီရှင် တစ်ဦးကို အင်မော်တယ် တစ်သောင်း နန်းတော်အတွက် ချန်ထားခဲ့ခြင်းက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်သည်။

ဤသည်မှာ ယခင်က အင်မော်တယ် ဂိတ်တံခါးမှ တာအိုသားတော်များနှင့် လုံးဝ မတူညီပေ။

စုယွီသည် ယခင်က အင်မော်တယ် ဂိတ်တံခါး သုံးခုမှ တာအိုသားတော်များကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူနိုင်စွမ်း ရှိပြီး သူတို့ကို သတ်ဖြတ်ခြင်း သို့မဟုတ် မသတ်ဖြတ်ခြင်းမှာ ကြီးမားသော ခြားနားမှု မရှိချေ

တတိယမြောက် အင်မော်တယ် မြို့တော် အပြင်ဘက်။

ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှ အင်မော်တယ် ဂိတ်တံခါး သုံးခု၏ တပ်ဖွဲ့များမှာ မိုင်သုံးဆယ် အကွာအဝေး အထိ နောက်တစ်ကြိမ် ချီတက်လာခဲ့ကြသော်လည်း ယခင်က ဟုန်ယွဲ့၏ တာအို ပုံရိပ်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအို ပုံရိပ်တို့ကြောင့် ကြောက်လန့်ကာ ရပ်တန့်သွားကြသည်။

ယခုအခါ ကူရှောက်ခွန်းကို အင်မော်တယ် တစ်သောင်း နန်းတော်၏ ဝိညာဉ်ခွဲထွက်အဆင့် တာအို ပုံရိပ်က ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရပြီး ဝိညာဉ်ခွဲထွက်အဆင့် တာအို ပုံရိပ်နှင့်အတူ အခြားသော မူလဝိညာဉ် အဆင့် အရှင်သခင်တို့၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ သူတို့ အားလုံး၏ မျက်နှာထားများမှာ ပြောင်းလဲသွားတော့၏။

“ပြေးကြ”

“ကောင်းကင်ကြီး ပြောင်းလဲနေပြီ... မြေကမ္ဘာအင်မော်တယ် နယ်မြေက ရူးသွပ်နေပြီ... သူတို့က အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ ဝိညာဉ်ခန္ဓာကိုတောင် သတ်ပစ်ချင်နေတာပဲ”

“သွား.... သွားကြ... ဒီကိစ္စမှာ ငါတို့ ထပ်ပြီး ပါဝင်ပတ်သက်လို့ မရတော့ဘူး”

ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့၏ တပ်ဖွဲ့များမှာ ချက်ချင်း နောက်လှည့်ကာ သီးခြားစီ ဆုတ်ခွာသွားကြပြီး တတိယမြောက် အင်မော်တယ် မြို့တော်၏ နယ်နိမိတ်မှ ထွက်ပြေး လွတ်မြောက်ရန် အပြေးအလွှား ကြိုးစားကြတော့သည်။

*

ထိုအချိန်တွင် တတိယမြောက် အင်မော်တယ် မြို့တော် အတွင်း၌။

မြေကမ္ဘာအင်မော်တယ် နယ်မြေမှ တပ်ဖွဲ့ နှစ်ဖွဲ့၊ စုစုပေါင်း လူခုနစ်ထောင်မှာ အတူတကွ စုဝေးနေကြ၏။ သူတို့၏ ်် ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားများမှာ တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားကာ အေးစက်သော သွေးညှီနံ့များက တတိယမြောက် အင်မော်တယ် မြို့တော် တစ်ခုလုံးကို ဖိနှိပ်ထားပြီး လေထုမှာပင် ခဲသွားတော့သည်။

စုယွီ၊ ဟွမ်ကျူး၊ ဟွမ်ရှီထောင်၊ ဖန်ရှောင်၊ တတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော် ဖန်လုံနှင့် မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရောက်နေသော ဦးလေး နှစ်ဦး ဖြစ်သည့် တာအိုဆရာ ထျန်းလုံ နှင့် တာအိုဆရာ ပိုင်ဟိုင် တို့မှာ အတူတကွ စုဝေး၍ ဆွေးနွေးတိုင်ပင် နေကြ၏။

“စံအိမ်တော် သခင်ကြီးက အင်မော်တယ် တစ်သောင်း နန်းတော်က လူတွေကို သတ်ပစ်လို့ ရတယ်၊ တခြား အင်မော်တယ် ဂိတ်တံခါးတွေက လူတွေကိုတော့ ချန်ထားခဲ့ပါ လို့ ပြောသွားတာပဲ... ဒါက အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ စစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်နေတာ ဖြစ်ရမယ်နော်”

“တကယ်လို့ အဲဒီအဆင့်ထိ ရောက်သွားမယ် ဆိုရင်တော့ ကျွန်တော်တို့က ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းနဲ့ တခြား အင်မော်တယ် ဂိတ်တံခါး တွေကို စော်ကားလို့ မရဘူး... တကယ်လို့ သူတို့ကို ဒေါသထွက်အောင် လုပ်ပြီး အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ တကယ် ပူးပေါင်းသွားအောင် လုပ်မိရင် ကျွန်တော်တို့ ဂိုဏ်းအတွက် ဒုက္ခရောက်လိမ့်မယ်...”

“မဟုတ်ဘူး... သူတို့ကို မစော်ကားတာနဲ့ မဆိုင်ဘူးလို့ ထင်တယ်... သူတို့သာ ဒီကိစ္စမှာ ဝင်ပါရဲရင် ဘယ်လို အကျိုးဆက်တွေနဲ့ ကြုံတွေ့ရမလဲ ဆိုတာကို ဒီလူတွေ.. သိအောင် လုပ်ဖို့ လိုတယ်...”

စုယွီက ထိုသို့ ဖြတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာ၌ ရှိနေသူ အားလုံးက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။

တည်ငြိမ်သော အမူအရာဖြင့် စုယွီက တီးတိုး ပြောပြလိုက်၏။

“တခြား အင်အားစုတွေ ဝင်မပါအောင် လုပ်ဖို့ ဆိုတာ မကျေနပ်ချက်တွေကို သည်းခံနေရုံနဲ့ မရဘူး... အားနည်းဟန် ဆောင်တာက အစစ်အမှန် လေးစားမှုကို မရနိုင်ဘူး... သူတို့ကို နာကျင်မှုကို ခံစားရအောင် လုပ်ဖို့ လိုတယ်၊ အဲဒီလို လုပ်မှသာ ဒီလူတွေ.. အတင့်ရဲပြီး မလှုပ်ရှားရဲမှာပါ…”

အခန်း (၆၈၁) - ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ ပုံရိပ် ဆင်းသက်လာခြင်း (၃)

"မြေကမ္ဘာအင်မော်တယ် နယ်မြေက အင်မော်တယ် တစ်သောင်း နန်းတော်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ သူတို့ ထင်သွားရင် အင်မော်တယ် ဂိတ်တံခါးကို အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ အလုအယက် ခွဲဝေယူကြလိမ့်မယ်..."

ဟွမ်ရှီထောင်၊ တာအိုဆရာ ထျန်းလုံ၊ တာအိုဆရာ ပိုင်ဟိုင် နှင့် အခြားသူများ၏ မျက်နှာထားများမှာ အနည်းငယ် ပြောင်းလဲသွား၏။

တတိယမြောက် အင်မော်တယ် မြို့တော်မှ တာအိုသားတော် ဖန်လုံက စုယွီကို ကြည့်လိုက်သော အကြည့်များတွင် အံ့ဩမှုများ၊ လေးစားမှုများနှင့် လေးနက်မှုများ ပြည့်နှက်နေသည်။

သူသည် စုယွီကို မသိသလို ယခင်က စုယွီ၏ ဂုဏ်သတင်းကိုလည်း တစ်ခါမျှ မကြားဖူးခဲ့ပေ။

စုယွီသည် အင်မော်တယ် ဂိတ်တံခါးမှ တာအိုသားတော် တစ်ဦး လုံးဝ မဟုတ်ကြောင်းကို သူ ရှင်းလင်းစွာ သိထား၏။

သို့သော် ယခုအခါ သူ့အပါအဝင် လူတိုင်းသည် စုယွီကို ဗဟိုပြု၍ စုဝေးနေကြသည်။ စုယွီ၏ ကျင့်ကြံခြင်းက သူ၏ အဆင့်လောက် မမြင့်မားဟု ထင်ရသော်လည်း သူက စုယွီကို အလွန်တရာ လေးစားနေမိသည်။

မည်သို့ပင်ဆိုစေ တာအိုသားတော် ဖန်လုံသည် စုယွီ၏ စွမ်းအားနှင့် ပါရမီကို လုံးဝ အထင်မသေးရဲချေ။

သူ့ထက် များစွာ ငယ်ရွယ်ပုံရသော ဤလူငယ်လေးသည် ဒဏ္ဍာရီလာ ဟင်းလင်းပြင် တာအိုကို ထိန်းချုပ်ထားနိုင်သည် မဟုတ်ပါလား။

ဟင်းလင်းပြင် နယ်ပယ်ကြီးပင်။ တာအိုသားတော် ဖန်လုံ၏ ရင်ထဲတွင် စိတ်ကူးနှင့်ပင် မယုံနိုင်လောက်အောင် ဖြစ်နေရ၏။

ဟွမ်ရှီထောင်က တိုးတိုးလေး မေးလိုက်သည်။

"မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ..."

စုယွီက ပြန်ဖြေလိုက်၏။

"ယွီလုံ နန်းတော်နဲ့ လီဟော့ နန်းတော်က တာအိုသားတော် တွေက ကျွန်တော်တို့ လက်ထဲ ရောက်နေပြီ... အခု ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းက တာအိုသားတော် တစ်ယောက်ပဲ လိုတော့တယ်..."

"အပြင်ဘက်မှာ အခု တစ်ယောက် ရှိနေတယ်... သူ့ကို ဖမ်းပြီးရင် ကျွန်တော်တို့က တတိယမြောက် အင်မော်တယ် မြို့တော်ကို စွန့်လွှတ်ပြီး ဒုတိယမြောက် အင်မော်တယ် မြို့တော်ကို အရင်သွားမယ်... ပြီးမှ ပထမမြောက် အင်မော်တယ် မြို့တော်ဆီ ဆက်သွားကြမယ်..."

"ကျွန်တော်တို့ အသက်ရှင်နေသရွေ့၊ ပထမမြောက် အင်မော်တယ် မြို့တော်ဆီကို ဘေးကင်းကင်းနဲ့ ပြန်ရောက်နိုင်သရွေ့ မြေကမ္ဘာအင်မော်တယ် နယ်မြေက အရိုင်းနယ်မြေကို အချိန်မရွေး ပြန်ဝင်လာနိုင်တယ်..."

"အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးတဲ့ အချိန်ကျမှပေါ့..."

ဆုံးဖြတ်ချက် ချပြီးနောက် စုယွီသည် အင်မော်တယ် မြို့တော် အတွင်းရှိ လူတိုင်းကို မှော်လက်နက် နန်းတော်ထဲသို့ စုစည်း ခေါ်ဆောင်လိုက်သည်။

ထို့နောက် သူ၏ ပတ်လည်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များ တွန့်ခေါက်လာ၏။

စုယွီက ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိုင်တစ်ထောင်ခန့် ဝေးကွာသော နေရာသို့ ထွက်ပြေးသွားပြီ ဖြစ်သည့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း၏ တပ်ဖွဲ့ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်တော့သည်။

ယွီလုံ နန်းတော်၊ လီဟော့ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့မှာ အတော်လေး ပါးနပ်ကြ၏။ သူတို့သည် သီးခြားစီ ဆုတ်ခွာခြင်း မပြုကြဘဲ အတူတကွ ပူးပေါင်း၍သာ ဆုတ်ခွာခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် တာအိုကို ထိန်းချုပ်ထားနိုင်သော မူလဝိညာဉ် အဆင့် အရှင်သခင် တစ်ပါးကို ရင်ဆိုင်ရာတွင် သီးခြားစီ ထွက်ပြေးပါက တစ်ဖွဲ့ချင်းစီ ချေမှုန်းခံရမည် ဖြစ်ကြောင်း သူတို့ အားလုံး နားလည်ထားသောကြောင့်ပါ။

ပူးပေါင်းထားခြင်းဖြင့် သူတို့တွင် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ တပ်ဖွဲ့ဝင် တစ်သောင်းနှင့် မူလဝိညာဉ် အဆင့် အရှင်သခင် အများအပြား ရှိနေသေးရာ အနည်းဆုံးတော့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။

သို့သော် ကံမကောင်းစွာဖြင့် သူတို့၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ တပ်ဖွဲ့ဝင် တစ်သောင်းမှာ မတူညီသော အင်မော်တယ် ဂိတ်တံခါး အသီးသီးမှ လာခြင်း ဖြစ်သဖြင့် အမှန်တကယ် ပူးပေါင်းနိုင်စွမ်း မရှိကြချေ။ အလွန်ဆုံး သူတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြမည် ဖြစ်သော်လည်း ကိုယ်ပိုင် အခင်းအကျင်း အသီးသီးဖြင့်သာ ရှိနေကြ၏။

“ဝရော…”

ဆုတ်ခွာနေစဉ် အတွင်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း၏ အခင်းအကျင်းမှာ ရုတ်တရက် တုန်ခါသွားသည်။

ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ လူတိုင်း၏ မျက်နှာထားများမှာ သိသိသာသာ အုံ့မှိုင်းသွားတော့၏။

သူတို့ တားဆီးရန် .. တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် စုယွီသည် ဟွမ်ကျူး၊ ဟွမ်ရှီထောင်၊ တာအိုဆရာ ထျန်းလုံ၊ တာအိုဆရာ ပိုင်ဟိုင် နှင့် အခြားသူများအား ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အုန်း…”

မူလဝိညာဉ် အဆင့် အရှင်သခင် အများအပြားက ပူးပေါင်း၍ တိုက်ခိုက်လိုက်ရာ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူများ၏ အခင်းအကျင်းမှာ အတွင်းဘက်မှနေ၍ ချက်ချင်း ပြိုကျသွားတော့၏။ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ ရာပေါင်းများစွာမှာ မန္တန်များနှင့် မှော်လက်နက်များ၏ ရိုက်ခတ်မှုကြောင့် ချက်ချင်း သေဆုံးသွားခဲ့ရပြီး ကိုးဝိညာဉ် တပ်မတော်၏ အခင်းအကျင်း ကြီးမှာလည်း ချက်ချင်း ပြိုကွဲသွားတော့သည်။

"သတ်ကြ..."

ကိုးဝိညာဉ် တပ်မတော်၏ အခင်းအကျင်းကြီး ပြိုကွဲသွားသည့် အခိုက်အတန့်မှာပင် စုယွီက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ မြေကမ္ဘာအင်မော်တယ် စစ်သည် ခုနစ်ထောင်ကို စေလွှတ်လိုက်တော့သည်။

အေးစက်သော လူသတ် အမိန့်ပေးသံနှင့်အတူ မြေကမ္ဘာအင်မော်တယ် တပ်မတော်သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ တာအိုသားတော်နှင့် မူလဝိညာဉ် အဆင့် အရှင်သခင်များထံသို့ တည့်တည့်မတ်မတ် ဝင်ရောက် တိုက်ခိုက်တော့၏။

ဘေးဘက်ရှိ ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်မှ လူများ၏ မျက်နှာထားများမှာ အကြီးအကျယ် ပြောင်းလဲသွားကြ၏။ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တိုက်ခိုက်ခံရပြီး ပြိုကွဲသွားသည့် အချိန်မှာပင် သူတို့သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း၏ သေခြင်း ရှင်ခြင်းကို လုံးဝ ဂရုမစိုက်တော့ဘဲ အသက်လု ထွက်ပြေးကြတော့သည်။

ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်မှ တာအိုသားတော် တို့သည် မိမိတို့၏ ဝှက်ဖဲများကို တိုက်ရိုက် အသုံးပြုကာ အစောင့်အရှောက်များနှင့် အတူ ထွက်ပြေးသွားကြပြီး တပ်မတော်ကို နောက်တွင် ချန်ထားခဲ့ကြ၏။

သူတို့ ချန်ထားခဲ့သော ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ စစ်သည် တစ်သောင်း ဆိုသူများမှာ မြေကမ္ဘာအင်မော်တယ် တပ်မတော်မှ စစ်သည် ခုနစ်ထောင်၏ သတ်ဖြတ်ခြင်း အောက်တွင် လုံးဝ လက်မှိုင်ချသွားကြပြီး အားလုံး အရှုံးပေး လက်နက်ချလိုက်ကြတော့သည်။

တိုက်ပွဲ အပြီးတွင် မြေကမ္ဘာအင်မော်တယ် နယ်မြေဘက်မှလည်း ထိခိုက် ကျဆုံးမှု အချို့ ရှိခဲ့သော်လည်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ မူလဝိညာဉ် အဆင့် အရှင်သခင်များ အားလုံး အသတ်ခံလိုက်ရသည်။ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းမှ တာအိုသားတော် တစ်ဦးတည်းသာ အကျဉ်းသား အဖြစ် အသက်ရှင် ကျန်ရစ်ခဲ့၏။

ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော်တို့ ချန်ရစ်ခဲ့သော ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ တပ်ဖွဲ့မှာ လူနှစ်ထောင်ကျော် အသတ်ခံခဲ့ရသည်။ အင်မော်တယ် ဂိတ်တံခါး သုံးခုမှ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူ တစ်သောင်း ပါဝင်သော တပ်ဖွဲ့အနက် လူငါးထောင်ကျော်မှာ အရှုံးပေး လက်နက်ချခဲ့ကြသည်။

ဤလူများကို စုယွီက ရူးသွပ်စွာဖြင့် အကုန်လုံးကို သတ်ပစ်ခြင်း မပြုခဲ့ပေ။ သူတို့အား အကျဉ်းသားများ အဖြစ် ဖမ်းဆီးထားခြင်းက လုံလောက်နေပြီ ဖြစ်သည်။

ဝိညာဉ်မဲ့ မြေရိုင်းပြင် အတွင်း၌ သတ္တု အရင်းအမြစ်များ အများအပြား ရှိနေသေးရာ ဤအကျဉ်းသားများမှာ သတ္တုတူးဖော်သူများ အဖြစ် အသုံးပြုရန် အကောင်းဆုံး ရွေးချယ်မှုပင်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော်နှင့် တတိယမြောက် အင်မော်တယ် မြို့တော်ရှိ တိုက်ပွဲ နှစ်ခု အပြီးတွင် ယွီလုံ နန်းတော်နှင့် လီဟော့ နန်းတော် တို့မှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့မှာလည်း အခြေအနေ ပိုကောင်းမနေခဲ့ချေ။ မြေကမ္ဘာအင်မော်တယ် နယ်မြေ တစ်ခုတည်းသာ ဆုံးရှုံးမှု များများစားစား မရှိခဲ့သည့် အပြင် အကျိုးအမြတ် များစွာကိုပါ ရရှိခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာကို ရှင်းလင်းပြီး အကျဉ်းသားများကို ချိတ်ပိတ်ပြီးနောက် သူတို့သည် တတိယမြောက် အင်မော်တယ် မြို့တော်တွင် ရက်အနည်းငယ်ခန့် အနားယူခဲ့ကြသည်။

စုယွီသည် ဖန်ရှောင်၊ ဖန်လုံနှင့် အခြားသူများကို ခေါ်ဆောင်လိုက်၏။ တတိယမြောက် အင်မော်တယ် မြို့တော်ကို အလျင်အမြန် စွန့်လွှတ်လိုက်သည်။

မြေကမ္ဘာအင်မော်တယ် စစ်သည် ခုနစ်ထောင်ကို ခေါ်ဆောင်လျက် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းဖြင့် ဒုတိယမြောက် အင်မော်တယ် မြို့တော်ဆီသို့ တိုက်ရိုက် ထွက်ခွာသွားတော့သည်။

ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ တတိယမြောက် အင်မော်တယ် မြို့တော်နှင့် သိပ်မဝေးလှသဖြင့် မူလဝိညာဉ် အဆင့် အရှင်သခင်များ အနေဖြင့် လအနည်းငယ် အတွင်း ရောက်ရှိနိုင်သည်။

သို့သော် စုယွီက (၁၅) ရက် အတွင်းမှာပင် ဒုတိယမြောက် အင်မော်တယ် မြို့တော် အနီးသို့ ရောက်ရှိသွားခဲ့၏။

သို့သော် သူတို့ ဒုတိယမြောက် အင်မော်တယ် မြို့တော်သို့ ရောက်ရှိသွားချိန်တွင် ဒုတိယမြောက် အင်မော်တယ် မြို့တော်မှာ အလောင်းများဖြင့် ပြည့်နှက်နေသော အပျက်အစီး မြေပြင် တစ်ခု အဖြစ်သို့ ရောက်ရှိနေ၏။ လူသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ချေ။

မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော် ဖျက်ဆီးခံလိုက်ရပြီတည်း။

All Chapters