အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အခန်း (၆၈၂) - အကြပ်အတည်းကို ဖြေရှင်းခြင်း၊ ဝိညာဉ်ကင်းမဲ့ရာနယ်မြေသို့ ဝင်ရောက်ခြင်း အပိုင်း (၁)
အင်မော်တယ်တပ်မတော်သည် ဒုတိယမြောက် အင်မော်တယ်မြို့တော်၏ အပျက်အစီးများကြားတွင် အနှံ့အပြား ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဤနေရာကို ရိုင်းစိုင်းသော သားရဲအုပ်ကြီး တစ်အုပ်က ဝင်ရောက် မွှေနှောက်သွားခဲ့ပုံ ရ၏။ အလောင်းများ အများစုမှာ ကိုက်ဖြတ်
စားသောက်ခံထားရပြီး ပကတိအတိုင်း ကျန်ရစ်သော ခန္ဓာကိုယ်များမှာ မရှိသလောက် နည်းပါးလှသည်။
အင်မော်တယ်တပ်မတော်က နန်းတော်မှ လူများ၏ အကြွင်းအကျန်များကို စုစည်းကာ မီးသင်္ဂြိုဟ်လိုက်ကြပြီးနောက် ဒုတိယမြောက် အင်မော်တယ်မြို့တော်၏ အပျက်အစီးများအောက်တွင် သူတို့၏ ပြာများကို မြှုပ်နှံပေးလိုက်ကြ၏။
ပျက်စီးယိုယွင်းနေသော ဤအပျက်အစီးများကို ကြည့်ရင်း တာအိုသားတော် ဖန်လုံ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
"ဒုတိယမြောက် အင်မော်တယ်
မြို့တော်က လူတွေများ လွတ်မြောက်သွားနိုင်ခဲ့သေးရဲ့လား မသိဘူး..."
ဖန်လုံက တိုးညှင်းစွာ ရေရွတ်လိုက်၏။
"ခရီးဆက်ဖို့ အချိန်တန်ပြီ... ဒီမှာ ငါတို့ အကြာကြီး နေလို့မရဘူး... ပထမ အင်မော်တယ်မြို့တော်နဲ့ သိပ်မဝေးတော့ဘူး"
စုယွီသည် ဒုတိယမြောက် အင်မော်တယ်မြို့တော်တွင် အချိန်အကြာကြီး မနေခဲ့သလို ဝမ်းနည်းပူဆွေးနေရန်လည်း အချိန်မရခဲ့ပေ။
ပထမ အင်မော်တယ်မြို့တော်၏ အခြေအနေမှာ မသေချာသေးသလို ၎င်းတို့ ဂိုဏ်းဆီသို့ ဘေးကင်းစွာ ပြန်နိုင်မလား၊ ၎င်းတို့ ရှင်သန်နိုင်မလား ဆိုသည့်အချက်အပေါ် သက်ရောက်မှုများ ရှိနေသည်။
ပထမ အင်မော်တယ်မြို့တော်မှာ တစ်ခုခုဖြစ်ခဲ့လျှင် ၎င်းတို့သည် အရိုင်းနယ်မြေထဲတွင် ပိတ်မိသွားပေလိမ့်မည်။
ကိုယ်တိုင် ပြန်မည်ဆိုပါက မည်မျှဝေးဝေး သွားရမည်၊ မည်မျှများပြားသော အန္တရာယ်များကို ရင်ဆိုင်ရမည်ကို ၎င်းတို့ မသိနိုင်ပေ။
ဒုတိယမြောက် အင်မော်တယ်မြို့တော် ပျက်စီးသွားခြင်းမှာ ငြင်းမရသော အမှန်တရားတစ်ခု ဖြစ်၏။
၎င်းတို့ ဘေးကင်းစွာ ပြန်ရောက်မှသာ ဒုတိယမြောက် အင်မော်တယ်မြို့တော်မှ ၎င်းတို့၏ တပည့်များနှင့် ဦးလေးများအတွက် လက်စားချေရန် အခွင့်အရေး ရနိုင်မည်ဖြစ်ပြီး ၎င်းတို့ အချည်းနှီး မသေဆုံးခဲ့ရပေ။
ဖန်ရှောင်၊ ဖန်လုံ၊ ဟွမ်ရှီထောင်နှင့် အခြားသူများကို မှော်ရတနာနန်းတော်ထဲသို့ ဝင်ခွင့်ပေးပြီးနောက် စုယွီက ဒုတိယမြောက် အင်မော်တယ်မြို့တော်၏ အပျက်အစီးများကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ ထိုအခိုက်အတန့်ဝယ် သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်သော ပုံပျက်ခြင်းလှိုင်း တစ်ခု ပေါ်လာသည်။ စုယွီ၏ ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။
ဒုတိယမြောက် အင်မော်တယ်
မြို့တော်သည် ပထမ အင်မော်တယ်မြို့တော်နှင့် ပိုမိုနီးကပ်ပြီး စတုတ္ထအဆင့် စစ်သင်္ဘောတစ်စင်းဖြင့် နှစ်လခန့်အတွင်း ရောက်နိုင်ပေသည်။
စုယွီက ပထမ အင်မော်တယ်မြို့တော်၏ အနီးတစ်ဝိုက်သို့ရောက်ရန် ငါးရက်ပင် အချိန်မယူခဲ့ရပေ။
အဝေးမှပင် စုယွီက ပထမ အင်မော်တယ်မြို့တော်ရှိ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ၏ ရှိနေမှုကို ခံစားနိုင်သည်။ သူတို့၏ ကောင်းကင်စွမ်းအားများက ကောင်းကင်ယံကို လွှမ်းခြုံထားပြီး မရေမတွက်နိုင်သော သားရဲများနှင့် မိစ္ဆာမျိုးနွယ်စုဝင်များကို ထိတ်လန့်တကြား ထွက်ပြေးစေခဲ့သည်။
ထိုဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များကို အာရုံခံမိသောအခါ စုယွီပင်လျှင် ကြက်သီးထသွားသည်။
"တစ်... နှစ်... သုံး... စုစုပေါင်း ဝိညာဉ်ခွဲထွက်အဆင့် ငါးယောက်တောင် ပထမ အင်မော်တယ်မြို့တော်ကို ဝိုင်းရံထားတာလား..."
စုယွီက အလျင်စလို မလှုပ်ရှားရဲပေ။
ထိုအစား သူက ယင်အက္ခရာကို လျင်မြန်စွာ ရွတ်ဆိုကာ သူ၏ တည်ရှိမှုကို ဖုံးကွယ်ပြီး ခိုင်မာစေလိုက်သည်။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များသည် ဟင်းလင်းပြင်ကို တုန်လှုပ်စေနိုင်သည့် စွမ်းအားရှိကြသည်။ သူ၏ ဟင်းလင်းပြင်ကူးပြောင်းမှုကို ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များက သတိထားမိမည်ကို သူကြောက်ရွံ့ပြီး ဟင်းလင်းပြင်ထဲမှ ရန်သူ့လက်ထဲသို့ တိုက်ရိုက် တုန်လှုပ်ခံရမည်ကို စိုးရိမ်မိသည်။ ထိုသို့ဖြစ်လျှင် သူ အမှန်တကယ် ဒုက္ခရောက်ပေလိမ့်မည်။
သူ ဘာလုပ်သင့်သလဲ။
ထိုအချိန်တွင် ရင်းနှီးသော အရှိန်အဝါ တစ်ခုကို အာရုံခံမိသောအခါ စုယွီ၏ မျက်လုံးများ တောက်ပသွားတော့သည်။
...
အရိုင်းနယ်မြေ။
ပထမ အင်မော်တယ်မြို့တော်၏ နန်းတော်။
အရှင်သခင် ဟုန်ယွဲ့သည် ဝိညာဉ်ခွဲထွက်အဆင့် တာအိုကိုယ်ခန္ဓာဖြင့် ရောက်ရှိလာသည်။ သူက နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း၏ မြင့်မားသောစင်မြင့်ပေါ်မှ ဆင်းကာ နန်းတော်ရှိ လူများရှေ့သို့ ရောက်လာသည်။
မြို့အပြင်ဘက်ရှိ အရိပ်များကို ကြည့်လိုက်စဉ် ဟုန်ယွဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။ ခမ်းနားသော ကောင်းကင်စွမ်းအားများက ကြယ်တာရာမြစ် တစ်စင်းကဲ့သို့ ကောင်းကင်ယံကို လွှမ်းခြုံထား၏။ ပထမ အင်မော်တယ်မြို့တော်ကို ဖိအားပေးကာ အတွင်းရှိ မရေမတွက်နိုင်သော တပည့်များကို အသက်ရှူရခက်စေပြီး လေထုကို အလွန်အမင်း ဖိနှိပ်ထားသည်။
ဟုန်ယွဲ့က မျက်ခုံးအနည်းငယ်ပင့်ကာ လူအုပ်အလယ်ရှိ ဆံပင်ဖြူနတ်မိမယ် တစ်ပါးကို ကြည့်ကာ ပြောလိုက်သည်။
"ယွမ်ရှို့ အရှင်သခင်... ဒီတစ်ခါတော့ အင်မော်တယ်တစ်သောင်း နန်းတော်က နည်းနည်းလွန်သွားပြီနော်"
ဆံပင်ဖြူနတ်မိမယ်၏ မျက်နှာမှာ အိုမင်းခြင်းမရှိဘဲ နှင်းကဲ့သို့ ဖြူဖွေးချောမွေ့ကာ အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် တူသည်။ သူမ၏ ကောင်းကင်စွမ်းအားမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသည်။ မူလဝိညာဉ်အဆင့် အရှင်သခင်တစ်ပါးကို မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ဤသူ၏ ကောင်းကင်စွမ်းအားမှာ အဆုံးအစမရှိသော သမုဒ္ဒရာကြီးတစ်ခုနှင့် တူပေသည်။
သူမ၏ ပန်းရောင်ဖျော့ဖျော့ ဝတ်စုံလေးက လေထဲတွင် လွင့်ခါနေပြီး ဆံပင်ဖြူများ လွင့်ဝဲနေသည်။ ထိုသေမျိုး ကမ္ဘာ ပြင်ပ၊ သန့်ရှင်းစင်ကြယ်သော အရှိန်အဝါသည် နတ်မိမယ်တစ်ပါးကဲ့သို့ပင် မည်သည့် သာမန် အမျိုးသမီး ကျင့်ကြံသူနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
ဟုန်ယွဲ့ ပေါ်လာသည်ကို မြင်သောအခါ ဆံပင်ဖြူနတ်မိမယ်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
"ငါတို့ လွန်သလား မလွန်ဘူးလားဆိုတာ မင်းဆုံးဖြတ်ဖို့ မဟုတ်ဘူး... ဆန့်ကျင်ဘက်အားဖြင့် မင်းတို့ နန်းတော်က မကြာသေးခင်က အတော်လေး တက်ကြွနေတာ လွန်လွန်းတယ်"
ဟုန်ယွဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူမ၏ လေသံမှာ မတုန်မလှုပ်။
"ဟုတ်လို့လား..."
"ယွမ်ရှို့ အရှင်သခင်... မင်းက နန်းတော်ကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ပေးချင်နေတာလား"
ထိုသို့ပြောပြီးနောက် ဟုန်ယွဲ့က ဆံပင်ဖြူနတ်မိမယ်ကို လျစ်လျူရှုလိုက်သည်။
သူက အခြားဂိုဏ်းများမှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များဘက်သို့ လှည့်လိုက်သည်။
ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင် အားလုံးတွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ ရှိနေကြသည်။ ယခုအခါ တာ့ချန်ရှိ အင်မော်တယ် ဂိုဏ်းကြီးဆယ်ခုအနက် လေးခု ရှိနေသည်။
ဟုန်ယွဲ့၏ နန်းတော် အပါအဝင် ၎င်းမှာ အင်မော်တယ် ဂိုဏ်းအင်အားစုများ၏ တစ်ဝက်ခန့်ကြား ပဋိပက္ခတစ်ခု ဖြစ်သည်။
ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့၏ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များကို ကြည့်လိုက်စဉ် ဟုန်ယွဲ့၏ မျက်လုံးများက နက်ရှိုင်းသွားသည်။ သူက တိုးတိတ်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒါက ဘာလဲ... မင်းတို့အားလုံး အင်မော်တယ်တစ်သောင်း နန်းတော်နဲ့အတူ ငါ့ကို နှိမ်နင်းချင်နေတာလား... ဝင်စွက်ဖက်ဖို့ ပျက်ကွက်ရုံသာမက ကိုယ့်လက်ကိုယ်ပါ ချိုးမိမှာကို မကြောက်ဘူးလား"
"ဒါမှမဟုတ် ငါ့နန်းတော်က အနိုင်ကျင့်ရလွယ်တယ်လို့ မင်းတို့ ထင်နေတာလား"
ထိုအခါ ခန္ဓာကိုယ်တွင် သွေးနီရောင် အကြေးခွံများ ဖုံးလွှမ်းနေသော လက်သည်းနှစ်ချောင်း၊ ဦးချိုပါ သားရဲတစ်ကောင်ကို စီးနင်းထားသည့် အကြီးအကဲတစ်ဦးက ဟားတိုက် ရယ်မောလိုက်သည်။
"သခင်... မင်း နားလည်မှုလွဲနေပြီ... ငါတို့က အုတ်အော်သောင်းနင်း
ဖြစ်နေတာကို ကြည့်ဖို့ သက်သက်လာတာပါ"
"နန်းတော်က အနိုင်ကျင့်ရ မလွယ်ပါဘူး... ဒါပေမယ့် ဒီတစ်ခါတော့ နန်းတော်ကို အနိုင်ကျင့်ချင်တာ ငါတို့မဟုတ်ဘူး... အင်မော်တယ်တစ်သောင်း နန်းတော်ပါ"
"အကြွေးတွေမှာ မြီရှင်ရှိတယ်... သခင် ..မင်း အင်မော်တယ်တစ်သောင်း နန်းတော်ကို ရှာသင့်တယ်... ငါတို့ကို ရှာနေတာ အဓိပ္ပါယ်မရှိဘူး"
ဆိုလိုရင်းမှာ ထင်ရှားသည်။ ဟုန်ယွဲ့၏ ခြိမ်းခြောက်မှုများက ၎င်းတို့အတွက် ဘာမှ အဓိပ္ပါယ်မရှိပေ။
နန်းတော်က အနိုင်ကျင့်ရမလွယ်သော်လည်း ယခု အင်မော်တယ်တစ်သောင်း နန်းတော်က ဦးဆောင်နေသဖြင့် အင်မော်တယ်တစ်သောင်း နန်းတော်နှင့်အတူ နန်းတော်ကို အခက်အခဲကြုံနေချိန်တွင် ထပ်မံနှိပ်စက်ရဲသည်။ အရှင်သခင် ဟုန်ယွဲ့၏ ခြိမ်းခြောက်မှုကောပင်။
မိမိတို့အားလုံးက တူညီသော ကောင်းကင်ဂိုဏ်းများ ဖြစ်ကြသည်။ ဘာကို ကြောက်စရာရှိသနည်း။
ထိုစကားကို ကြားသောအခါ ဟုန်ယွဲ့က ဤဂိုဏ်းများ၏ သဘောထားများကို နားလည်သွားသည်။ ၎င်းမှာ ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့က အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ပူးပေါင်းကာ နန်းတော်ကို ဆန့်ကျင်နေခြင်းတော့ မဟုတ်ပေ။
သို့သော် အရိုင်းနယ်မြေရှိ ဒုတိယမြောက် အင်မော်တယ်မြို့တော်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ၎င်းတို့သည် အင်မော်တယ်တစ်သောင်း နန်းတော်နှင့်အတူ နန်းတော်ကို တိုက်ခိုက်ရန် ဆန္ဒရှိနေကြသည်။
ခဏတာ စဉ်းစားပြီးနောက် ဟုန်ယွဲ့က ဆံပင်ဖြူနတ်မိမယ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း.. ငါ့ကို ပြောကြည့်လေ... မင်းရဲ့ အင်မော်တယ်တစ်သောင်း နန်းတော်က ဘာလိုချင်တာလဲ”
အခန်း (၆၈၃) - အကြပ်အတည်းကို ဖြေရှင်းခြင်း၊ ဝိညာဉ်ကင်းမဲ့ရာနယ်မြေသို့ ဝင်ရောက်ခြင်း အပိုင်း (၂)
ဆံပင်ဖြူ နတ်မိမယ်၏ မျက်လုံးများက စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူမ၏ အသံက ပထမ အင်မော်တယ်မြို့တော်အတွင်း ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားတော့သည်။
“ဒါက ရှင်းရှင်းလေးပါ... တာအိုသားတော်နဲ့အတူ ကြယ်ခူးအကြီးအကဲရဲ့ အမွေအနှစ်ဖြစ်တဲ့ ကြယ်ခူးမျှော်စင်ကို လွှဲပေးလိုက်”
“ဒါ့အပြင် မြေကမ္ဘာ အင်မော်တယ်နန်းတော်က ဒီအရိုင်းနယ်မြေထဲကနေ ဆုတ်ခွာသွားရမယ်”
အရှင်သခင် ဟုန်ယွဲ့က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ သူက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
“မင်းတို့က ငါ့မြေကမ္ဘာ အင်မော်တယ်နန်းတော်ရဲ့ ပထမမြို့တော်ကို ဝိုင်းရံထားတယ်ဆိုတော့... ကျန်တဲ့ သုံးမြို့ကိုပါ တိုက်ခိုက်ချင်နေတယ်လို့ ငါယူဆရမှာပဲ”
“ဒါပေမဲ့... မင်းတို့ရဲ့ အင်အားလောက်နဲ့ ငါ့ရဲ့ မြေကမ္ဘာ အင်မော်တယ်မြို့တော် သုံးခုစလုံးကို တကယ်ပဲ သိမ်းပိုက်နိုင်မယ်လို့ ထင်နေတာလား”
ထို့နောက် သူ၏ အကြည့်တို့က ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များထံသို့ ရောက်ရှိသွား၏။
“အခြေအနေတွေ ဘယ်လို ရှိနေပြီလဲ ဆိုတာ မင်းတို့ရဲ့ တာအိုသားတော်တွေကို ပြန်ပြီး မေးကြည့်သင့်တယ်နော်”
“ဒီလိုမှ မဟုတ်ရင်... ငါ့ရဲ့ မြေကမ္ဘာ အင်မော်တယ်နန်းတော်က ဒီပဋိပက္ခကြောင့် ထိခိုက်ရုံသာမကဘူး... မင်းတို့ရဲ့ အင်အားစုတွေလည်း ဘာမှ ကောင်းလာမှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ အပြင်ဘက်ရှိ ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားချေပြီ။
သူတို့၏ မျက်လုံးများက စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ထံသို့ စူးရဲစွာ ကျရောက်လာတော့သည်။
“အရှင်သခင် ဟုန်ယွဲ့... ဒါက ဘာသဘောလဲ”
ထိုအခါ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က အသံလှိုင်းဖြင့် သတင်းစကား ပါးလိုက်၏။
“မင်းတို့ရဲ့ တာအိုသားတော်တွေ ရှုံးနိမ့်သွားပြီ... အခု မင်းတို့ရှေ့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်... ပထမတစ်ခုက အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ မြေကမ္ဘာ အင်မော်တယ်နန်းတော်ကို ဆက်ဆန့်ကျင်ဖို့ပဲ... ဒါပေမဲ့ မင်းတို့ရဲ့ တာအိုသားတော်တွေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ဒုတိယတစ်ခုကတော့ ဘာမှမဖြစ်ခဲ့သလို သဘောထားပြီး အခုချက်ချင်း ဆုတ်ခွာဖို့ပဲ”
ယွီလုံနန်းတော်မှ အကြီးအကဲက လှောင်ပြောင်လိုက်သည်။
“မဖြစ်နိုင်တာ... မင်းရဲ့ မြေကမ္ဘာ အင်မော်တယ်တပ်မတော်က ငါတို့ နန်းတော်လေးခု ပေါင်းထားတဲ့ အင်အားကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား... အရှင်သခင် ဟုန်ယွဲ့... မင်း အိပ်မက်မက်နေတာပဲ”
အကယ်၍ သူတို့ထဲမှ အင်အားစုတစ်ခုတည်းကိုသာ ပြင်းပြင်းထန်ထန် ရင်ဆိုင်ရမည်ဆိုလျှင် ထိုစကားကို ယွီလုံနန်းတော်မှ အကြီးအကဲ အနည်းငယ် ယုံကြည်ကောင်း ယုံကြည်နိုင်ပေမည်။
သို့သော် ယခုအကြိမ်တွင် ယွီလုံနန်းတော် တစ်ခုတည်းကသာ လှုပ်ရှားခြင်း မဟုတ်ပေ။ အင်မော်တယ်တစ်သောင်း နန်းတော်က ဦးဆောင်နေပြီး သူတို့ ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့က နောက်လိုက်အဖြစ် ပါဝင်နေကြခြင်းပင်။
အားလုံးက မြေကမ္ဘာ အင်မော်တယ်နန်းတော်ကို ဖြေရှင်းရန် သီးသန့် ရည်ရွယ်ထားကြခြင်း ဖြစ်၏။
အကယ်၍ သူတို့ ရှုံးနိမ့်သွားပြီး မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ ပြန်လည်သတ်ဖြတ်ခံရမည် ..သို့မဟုတ် အရှင်လတ်လတ် ဖမ်းဆီးခံရမည်ဆိုပါက သူသည်လည်း အရှင်သခင် ဟုန်ယွဲ့၏ ဟုန်ယွဲ့ဟူသော မျိုးရိုးအမည်ကိုပင် ပြောင်းလဲခံယူလိုက်ရန်သာ ရှိတော့သည်။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူတို့ကို လှောင်ပြောင်လိုသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ အသံလှိုင်း ပို့လွှတ်လိုက်ပြန်သည်။
“ယွီလုံနန်းတော်က သနားစရာ အကောင်းဆုံးပဲ... သူတို့ရဲ့ တာအိုသားတော် နှစ်ယောက်က ငါ့ရဲ့ မြေကမ္ဘာ အင်မော်တယ်နန်းတော် လက်ထဲကို ကျရောက်သွားပြီ... ဒီကိစ္စ အမှန်လား မမှန်ဘူးလားဆိုတာ မင်းတို့ စမ်းသပ်ကြည့်ချင်သေးလား”
ယွီလုံနန်းတော်မှ အကြီးအကဲ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။ သူ့ရင်ထဲတွင် ထူးဆန်းသော အအေးဓာတ်တစ်ခု စိမ့်တက်လာသည်။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ လေသံကို နားထောင်ပြီး သူမ၏ မျက်နှာထားကို အကဲခတ်ကြည့်ရသလောက် သူ၏ စိတ်ထဲတွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်လာတော့သည်။
'သူ ပြောနေတာတွေက တကယ်များ အမှန်ဖြစ်နေမလား...'
အကယ်၍ အရှင်သခင် ဟုန်ယွဲ့ ပြောသည့်အတိုင်း ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့ အားလုံး ရှုံးနိမ့်သွားပြီး သူတို့၏ တာအိုသားတော်များပင် ရန်သူ့လက်တွင်းသို့ ကျရောက်သွားမည်ဆိုလျှင် ယင်းမှာ ကြီးမားလှသော ကပ်ဘေးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
သူ၏ မျက်နှာမှာ အနည်းငယ် ကြည့်ရဆိုးသွားပြီး အသံကို နှိမ့်ကာ မေးလိုက်၏။
“မင်းက အဲဒီ အင်မော်တယ်မြို့တော်တွေထဲမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ယောက်ယောက်ကိုများ ထားရှိခဲ့တာလား”
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ မျက်လုံးများက အေးစက်သွားပြီး အသံလှိုင်း ပို့လွှတ်လိုက်သည်။
“ငါက မင်းတို့ အားလုံးကို သဘောကောင်းကောင်းနဲ့ အကြံပေးနေတာ... ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေကြတာလား... မင်းတို့လောက် အဆင့်လေးနဲ့ ငါ့ကိုများ လာပြီး မေးခွန်းထုတ်ရဲသေးတယ်ပေါ့”
ယွီလုံနန်းတော်မှ အကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ စကားကို ကြားလိုက်ရုံဖြင့် သူ့တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်ထသွားပြီး ကျောရိုးထဲမှ စိမ့်ခနဲ ဖြစ်သွားချေပြီ။
သူ့ထံတွင် မူလက စုစည်းနေသော အရှိန်အဝါများမှာ အလိုအလျောက်ပင် အနည်းငယ် လျော့ကျသွားသည်။ တောခွေးရိုင်းတစ်ကောင်မှ သိုးငယ်လေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသလိုပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ ရှေ့မှောက်တွင် သူက ရောင့်တက်၍ မရနိုင်ပေ။
သူက လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့မှ အကြီးအကဲများနှင့် အလျင်အမြန် တိုင်ပင်ဆွေးနွေးလိုက်၏။ သူတို့ အားလုံး၏ ရင်ထဲတွင် ဆုတ်ခွာလိုစိတ်များ ဖြစ်ပေါ်နေကြလေပြီ။ ဆွေးနွေးပြီးနောက် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့နှင့် ညှိနှိုင်းရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
အချိန် တစ်နာရီပင် မကြာလိုက်ပေ။
သူတို့၏ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သုံးပါးက ဦးဆောင်ကာ ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့၏ အင်အားစုများသည် အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဖြည်းညင်းစွာ ဆုတ်ခွာသွားကြတော့သည်။
ယွမ်ရှို့ အရှင်သခင်နှင့် အင်မော်တယ်တစ်သောင်း နန်းတော် ကျီယွဲ့စံအိမ်မှ အကြီးအကဲတို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြ၏။
သူတို့က မျက်မှောင်ကျုံ့လိုက်ကြသည်။
'အခြားမြို့တွေမှာ တကယ်ပဲ တစ်ခုခုများ ဖြစ်ခဲ့လို့လား... နန်းတော်လေးခု ပေါင်းထားတဲ့ အင်အားက မြေကမ္ဘာ အင်မော်တယ်နန်းတော်ရဲ့ မြို့တွေကို မသိမ်းပိုက်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...'
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူတို့ကို တစ်ချက်ကြည့်ကာ တုံ့ပြန်လိုက်သည်။
“မင်းတို့ရဲ့ နန်းတော်သခင်ဆီ ပြန်ပြီး ပြောလိုက်... နောက်တစ်ကြိမ် ဒီအရိုင်းနယ်မြေထဲကနေ ထွက်သွားရမှာက ငါတို့ မြေကမ္ဘာ အင်မော်တယ်နန်းတော် မဟုတ်ဘဲ မင်းတို့ရဲ့ အင်မော်တယ်တစ်သောင်း နန်းတော် ဖြစ်နေလိမ့်မယ်လို့”
ယွမ်ရှို့ အရှင်သခင်နှင့် ကျီယွဲ့စံအိမ်မှ အကြီးအကဲတို့ နှစ်ဦးသည်လည်း အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများနှင့်အတူ ထွက်ခွာသွားကြတော့၏။ သူတို့က ဆက်လက် မနေထိုင်ရဲကြတော့သလို စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ထံသို့လည်း အပို စကား မဆိုရဲကြတော့ပေ။
အခြားနေရာများတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူတို့ ဦးစွာ စုံစမ်းရန် လိုအပ်နေသည်။
သို့မဟုတ်ပါက သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော် အင်အား တစ်ခုတည်းကိုသာ အားကိုး၍ မြေကမ္ဘာ အင်မော်တယ်နန်းတော်ကို ခြိမ်းခြောက်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
ယွီလုံနန်းတော်၊ လီဟော့ခန်းမနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်တို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည့် အချိန်မှစ၍ ဤတစ်ကြိမ် မြေကမ္ဘာ အင်မော်တယ်နန်းတော်အား ဖြေရှင်းရန် အခွင့်အရေးမှာ လုံးဝ ဆုံးရှုံးသွားခဲ့ရလေပြီ။ သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်၏ ကြိုးပမ်းမှုများ အားလုံးမှာလည်း အချည်းနှီး ဖြစ်သွားခဲ့ရ၏။
ထို့ကြောင့် သူတို့သည် မလိုလားကြသော်ငြားလည်း ယခုလောလောဆယ်တွင် ဆုတ်ခွာရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့အတွက်မူ အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများကို မတားခဲ့၊ မတိုက်ခိုက်ခဲ့ပေ။
ပထမအချက်မှာ ယွမ်ရှို့ အရှင်သခင်၏ အင်အားမှာ အားမနည်းသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ အင်မော်တယ်တစ်သောင်း နန်းတော်တွင် အင်အား အချို့ ကျန်ရှိနေသေး
သောကြောင့် ဖြစ်သည်။ တတိယအချက်မှာ သူ၏ ဝိညာဉ်ခွဲထွက် ကိုယ်ပွားက အရိုင်းနယ်မြေသို့ လာရောက်လည်ပတ်စဉ်အတွင်း ပြီးမြောက်ရန် အခြား လုပ်ဆောင်စရာ တာဝန်တစ်ခု ရှိနေသောကြောင့်ပင်။
ထိုရည်ရွယ်ချက်မှာ ကျဆုံးဝိညာဉ်နယ်မြေသို့ ဦးတည်သွားရောက်ကာ ဒုတိယမြောက် အင်မော်တယ်မြို့တော်မှ တာအိုသားတော်နှင့် အခြားသူများ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ဖြစ်၏။
အင်မော်တယ်တစ်သောင်း နန်းတော်၊ ယွီလုံနန်းတော်နှင့် အခြားသော အင်မော်တယ် ဂိုဏ်းများ၏ အင်အားစုများ အားလုံး ဆုတ်ခွာသွားပြီးနောက် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူ၏ အရှိန်အဝါများကို အရပ်မျက်နှာ အနှံ့အပြားသို့ ဖြန့်ကိက်လိုက်သည်။ ထို့နောက် ဦးတည်ရာ တစ်ခုကို ခေတ္တမျှ လေ့လာကြည့်ရှုပြီးနောက် တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
“ပြန်လာခဲ့ကြတော့”
လေထုအတွင်း၌ လှိုင်းဂယက်များ တဝီဝီ မြည်ဟည်းသွားတော့သည်။
သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကြားရှိ သူ၏ ပတ်ဝန်းကျင်တွင် လှိုင်းဂယက်များ ရိုက်ခတ်လာသည်။
အနက်ရောင် ဝတ်ရုံရှည်ကို ခြုံလွှမ်းထားပြီး မျက်နှာဖုံး ဝတ် ပုဂ္ဂိုလ် တစ်ဦးသည် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ ဘေးတွင် ပေါ်လာတော့၏။
စုယွီက စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့ကို ကြည့်လိုက်စဉ် သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။
“စီနီယာ အစ်ကိုကြီး... ကျွန်တော် ဂါရဝပြုပါတယ်”
စုယွီ၏ အမူအရာကို မြင်လိုက်ရသောအခါ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က တဟားဟား ရယ်ကာ ခေါင်းခါယမ်းလိုက်မိသည်။
သို့သော် သူက ဘာမျှ မပြောဘဲ မေးလိုက်၏။
“တခြားသူတွေကော ဘယ်မှာလဲ”
စုယွီက မိမိ၏ မှော်ရတနာနန်းတော်ကို လက်ဟန်ပြလိုက်ပြီး ရှင်းပြလိုက်သည်။
“သူတို့ အားလုံး အထဲမှာ ရှိပါတယ်... ဒါပေမဲ့ စတုတ္ထနဲ့ တတိယ အင်မော်တယ်မြို့တော်က လူတွေပဲ ပါပါတယ်... ဒုတိယမြောက် အင်မော်တယ်မြို့တော်က လူတွေကတော့...”
“ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အချိန်မှာ... ဒုတိယမြောက် အင်မော်တယ်မြို့တော်က အပျက်အစီးတစ်ခု အဖြစ်ကို ရောက်နေခဲ့ပါပြီ”
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့သည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်၏။
“ယွီလုံနန်းတော်၊ လီဟော့ခန်းမနဲ့ ကိုးဝိညာဉ် အင်မော်တယ်တောင်တို့ကရော... အသက်ရှင်ကျန်ရစ်သူ ရှိသေးရဲ့လား”
စုယွီက ပြန်လည် ဖြေကြားလိုက်သည်။
“တစ်ယောက်နှစ်ယောက်တော့ အသက်ရှင်သွားတယ်... နှမြောစရာတော့ ကောင်းပါတယ်... အင်မော်တယ်တစ်သောင်း နန်းတော်က တာအိုသားတော်ရဲ့ ဝိညာဉ်ကိုယ်ခန္ဓာကတော့ လွတ်မသွားပါဘူး”
“ဝိညာဉ် ကိုယ်ခန္ဓာ...”
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က စုယွီကို ကြည့်ကာ ပြောလိုက်သည်။
“သူ လွတ်သွားရင်လည်း ထားလိုက်ပါတော့... အနာဂတ်မှာ သူ့ကို မင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ... ဟုတ်တယ်မလား”
စုယွီသည် ဆွံ့အသွားပြီး အသံတိတ်သွားသည်။
ထိုအရာက ပြဿနာသေးသေးလေးတစ်ခု ဖြစ်နိုင်ပေသည်။
ထိုကောင်အတွက် အချိန်ကုန်ခံ၊ ခွန်အားစိုက်ထုတ်ရန် သူ လုံးဝ ဆန္ဒမရှိပေ။ ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည်က ဘာကို ပြောနေခြင်းနည်း။
ထိုကဲ့သို့ အချိန်ရမည် ဆိုပါက... ဓာတ်ကြီး ငါးပါး ကျင့်စဉ်၏ စွမ်းအားကို မြှင့်တင်ရန် နှင့်
သူ၏ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေရန် အသုံးချခြင်းက ပို၍ ကောင်းမွန်မည် မဟုတ်ပါလော။
အနာဂတ်အတွက် ဆိုရလျှင်မူ...
ထိုကောင်က သူ၏ရှေ့တွင် နောက်တစ်ကြိမ် ထပ်မံ ရောင့်တက်ရဲသေးသည် ဆိုပါက... လက်ဝါး တစ်ချက်တည်းဖြင့် ရိုက်ချေပစ်လိုက်ရန်သာ ရှိတော့သည်။
အခြားနည်းလမ်းများ အားလုံး အလုပ်မဖြစ်ခဲ့လျှင်ပင်... သူက မာထျန်းလင်ကို လေ့ကျင့် သင်ကြားပေးနိုင်သည်။
ဝိညာဉ်ကိုယ်ခန္ဓာကို အခြား ဝိညာဉ်ကိုယ်ခန္ဓာ တစ်ခုနှင့် ရင်ဆိုင်ရန် အသုံးပြုခြင်းသည်... အဆုံးတွင်တော့ ဝိညာဉ်ကိုယ်ခန္ဓာ တစ်ခုသာ ဖြစ်သဖြင့်... ထိုအရာက ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က ထိုကိစ္စကို သိပ်ပြီး အာရုံမစိုက်တော့ဘဲ အမိန့်ပေးလိုက်၏။
“တခြားသူတွေကို လွှတ်ပေးလိုက်တော့... ပြီးရင် ဖန်ရှောင်နဲ့ ဖန်လုံတို့ကိုပါ ခေါ်ခဲ့... ငါနဲ့အတူ ကျဆုံးဝိညာဉ်နယ်မြေကို လိုက်ခဲ့ကြ”
ဤတစ်ကြိမ်တွင် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူ၏ ကိုယ်ပိုင် စွမ်းအားများကို ပိုင်ဆိုင်ကာ အလိုအလျောက် ကျင့်ကြံနိုင်စွမ်းရှိသော ကိုယ်ပွားဖြစ်သည့် ဝိညာဉ်ခွဲထွက် ကိုယ်ခန္ဓာကို စေလွှတ်ခဲ့ခြင်းပင်။
ထိုအရာသည် ဖန်ရှောင်၏ ဒန်တျန်အတွင်းရှိ အမှတ်အသားမှ ချီ စွမ်းအားများ ထည့်သွင်း ဖန်တီးထားသော တာအိုကိုယ်ခန္ဓာနှင့် မတူညီပေ။
သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ မတူညီသော အဆင့်အတန်းများတွင် ရှိနေသည်။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ အမိန့်အောက်တွင်... စုယွီက စတုတ္ထနှင့် တတိယ အင်မော်တယ်မြို့တော်မှ လူများကို လျင်မြန်စွာ လွှတ်ပေးလိုက်တော့သည်။
ထို့နောက်တွင် သူက ဟင်းလင်းပြင် စွမ်းအားများကို အသုံးပြုကာ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၊ ဖန်ရှောင်နှင့် ဖန်လုံတို့ကို ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် ကျဆုံးဝိညာဉ်နယ်မြေဆီသို့ ခေါ်ဆောင်သွားသည်။
စုယွီ၊ ဖန်ရှောင်နှင့် ဖန်လုံတို့ကို ခေါ်ဆောင်သွားခြင်းမှာ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူတို့၏ အမြင်အာရုံများကို ကျယ်ပြန့်စေလိုသည့် အပြင်... ကျဆုံးဝိညာဉ်နယ်မြေတွင် အတွေ့အကြုံ အချို့ ရရှိစေရန် ရည်ရွယ်ခြင်းသက်သက်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ... ဒုတိယမြောက် အင်မော်တယ်မြို့တော်မှ တာအိုသားတော်၊ အစောင့်အရှောက်များနှင့် အင်အား (၁၅၀၀) ရှိသော အင်မော်တယ် စစ်သည်တော်များ တစ်ခုလုံး ကျဆုံးခဲ့ရသည့် နေရာသည်... ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ထူးခြားနေမည်မှာ သေချာလှပေသည်။
အသေးစိတ် အချက်အလက်များကို နားလည် သဘောပေါက်နိုင်ရန်အတွက် သူမကိုယ်တိုင် စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။
ထို့အပြင် စုယွီ၏ ဘေးတွင် ဟင်းလင်းပြင် စွမ်းအားရှိနေခြင်းက အရာရာကို ပိုမို လွယ်ကူစေပြီး ကျဆုံးဝိညာဉ်နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိနိုင်ကာ ထိုမျှ မြန်ဆန်စွာပင် ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က စုယွီနှင့် အခြား နှစ်ဦးကို ကျဆုံးဝိညာဉ်နယ်မြေသို့ ခေါ်ဆောင်သွားသည့် အချိန်မှာပင်... ယွီလုံနန်းတော်၊ လီဟော့ခန်းမ၊ ကိုးဝိညာဉ် အင်မော်တယ်တောင်နှင့် အင်မော်တယ်တစ်သောင်း နန်းတော်တို့မှ သိုင်းပညာရှင်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီး ၎င်းတို့၏ သက်ဆိုင်ရာ မြို့တော်များကို ကာကွယ်ရန် ချန်ရစ်ခဲ့သော အစေခံများမှာမူ မှင်သက်နေကြတော့သည်။
သူတို့ မြို့တော်များရှိ အင်အားစု အားလုံးနီးပါးကို သူတို့၏ တာအိုသားတော်များက ခေါ်ဆောင်သွားခဲ့ကြပြီး ယခုအခါတွင် အနည်းငယ်မှလွဲ၍ ကျန်လူများ အားလုံး၏ ဝိညာဉ်ကျောက်တိုင်များမှာ ကြေမွ ပျက်စီးသွားခဲ့ချေပြီ။
ဝိညာဉ်ခန်းမ၏ အစောင့်အရှောက် ဖြစ်သော မူလဝိညာဉ်အဆင့် အရှင်သခင် အကြီးအကဲမှာ မျှော်လင့်ချက်မဲ့ကာ ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ”
အင်မော်တယ် ဂိုဏ်းအင်အားစုကြီး အများအပြား၏ တပ်မတော်များ ဆက်တိုက် ရှုံးနိမ့်သွားခြင်းက မြေကမ္ဘာ တုန်လှုပ်လောက်သော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့၏။ ဒုတိယမြောက် မြေကမ္ဘာ အင်မော်တယ်မြို့တော်၏ တာအိုသားတော်နှင့် ပတ်သက်သည့် အဖြစ်အပျက်ထက် အဆပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီ၍ပင် ပိုမို အံ့အားသင့်ဖွယ် ကောင်းလှပေတော့၏။
အခန်း (၆၈၄) - ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း သစ်ပင်မိစ္ဆာ၊ စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ စွမ်းအား (အပိုင်း-၁)
အရိုင်းနယ်မြေအတွင်း၌ မြေကမ္ဘာ အင်မော်တယ်နန်းတော်ကဲ့သို့ပင် တာ့ချန် ကျင့်ကြံခြင်းလောကမှ အခြားသော အင်အားစုများသည်လည်း အဆုံးအစမရှိသော နယ်မြေများကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့ကြသည်။
သူတို့သည် အရင်းအမြစ်နယ်မြေ အချို့ကို သိမ်းပိုက်ပြီးနောက် ပဉ္စမအဆင့် အခင်းအကျင်းသခင် တစ်ဦးကို ဖိတ်ခေါ်ကာ နန်းတော်နှင့် အရိုင်းနယ်မြေကို ဆက်သွယ်ပေးသည့် အလွန်ရှည်လျားသော ခရီးကွာဝေးသည့် နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းကို တည်ဆောက်ခဲ့ကြ၏။
ဒါက အင်မော်တယ်နန်းတော်၏ ရှေ့ဆောင်လမ်းပြများ အရိုင်းနယ်မြေသို့ သူတို့၏ ပထမဆုံး တံခါးပေါက်ကို မလုံခြုံမီက အတွေ့အကြုံပင် ဖြစ်သည်။
ထိုအချိန်မှစ၍ သူတို့သည် ပထမ အင်မော်တယ်မြို့တော်၏ ခြေကုပ်စခန်းမှ စတင်ကာ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အင်မော်တယ်မြို့တော်များကို တည်ဆောက်ပြီး အရိုင်းနယ်မြေအတွင်း ၎င်းတို့၏ အခြေခံအုတ်မြစ်များကို တဖြည်းဖြည်း ပြုစုပျိုးထောင်
လာခဲ့ကြသည်။
အင်မော်တယ်မြို့တော်တိုင်းနှင့် ခန္ဓာကိုယ် သန့်စင်ခြင်း တပ်မတော်၏ လေ့ကျင့်ရေးများမှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
မည်သည့် အင်မော်တယ်နန်းတော်ကမှ အရိုင်းနယ်မြေ အရင်းအမြစ်များကို လက်လွှတ်ရန် မတတ်နိုင်ကြချေ။ အထူးသဖြင့် ဝိညာဉ်ခွဲထွက်အဆင့်နှင့် သက်ဆိုင်သော ကောင်းကင်ဘုံ ရတနာများ၏ အရင်းအမြစ်များကို လက်လွှတ်ရန် ပို၍ပင် မဖြစ်နိုင်ပေ။
သူတို့၏ အင်မော်တယ်မြို့တော်များမှ ပြဿနာကို စတင်တွေ့ရှိချိန်မှစ၍ ပထမ အင်မော်တယ်နန်းတော်သို့ သတင်း ပြန်လည်ပေးပို့ချိန်အထိ လအနည်းငယ် သို့မဟုတ် တစ်နှစ်ပင် ကြာမြင့်ခဲ့လေပြီ။
မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ ပထမ အင်မော်တယ်မြို့တော်မှ ဆုတ်ခွာပြီးနောက် လအနည်းငယ်ကြာသည့်တိုင်အောင် အင်မော်တယ်တစ်သောင်း နန်းတော်၊ ယွီလုံနန်းတော်၊ လီဟော့ခန်းမ၊ ကိုးဝိညာဉ် အင်မော်တယ်တောင် စသည်တို့မှ လူများသည် သူတို့၏ အင်မော်တယ်မြို့တော်များသို့သာ ပြန်လည်ရောက်ရှိခဲ့ကြ၏။
ဤကာလအတွင်း အင်မော်တယ်မြို့တော် အသီးသီး၏ အခြေအနေများကိုလည်း အကျဉ်းချုပ်ကာ နန်းတော်သို့ တင်ပြခဲ့ကြသည်။
သူတို့၏ ဆုံးရှုံးမှုများကို သိရှိပြီးနောက် အင်မော်တယ်နန်းတော် အများအပြား၏ ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးများနှင့် နန်းတော်ကိုယ်တိုင်ကပင် ယုံကြည်လက်ခံနိုင်ရန် ခက်ခဲလှ၏။
သူတို့ကဲ့သို့ အင်မော်တယ်နန်းတော် အများအပြား ပူးပေါင်းကာ မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ အရိုင်းနယ်မြေရှိ အင်အားစုကို ရင်ဆိုင်ရန် မြေကမ္ဘာ အင်မော်တယ်နန်းတော်ထက် အဆများစွာ ပိုမိုကြီးမားသော အင်အားကို အသုံးပြုခဲ့ကြသည်။ သို့သော် နောက်ဆုံးရလဒ်မှာ သူတို့ ရှုံးနိမ့်ခဲ့ပြီး သူတို့၏ ဆုံးရှုံးမှုများမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ရသည်လော။
မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ ဒုတိယမြောက် အင်မော်တယ်မြို့တော်မှလွဲ၍ အခြား အင်မော်တယ်မြို့တော် နှစ်ခုမှာ ပျက်စီးဆုံးရှုံးမှုပင် သိပ်မရှိခဲ့ချေ။
အင်မော်တယ်နန်းတော်များထဲတွင် ယွီလုံနန်းတော်မှာ စိတ်အနှောင့်အယှက် အဖြစ်ရဆုံး ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ဆိုရလျှင် ၎င်းမှာ အင်မော်တယ်တစ်သောင်း နန်းတော် ဦးဆောင်သော မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ အရိုင်းနယ်မြေ အင်အားစုများကို ဝိုင်းရံပိတ်ဆို့ နှိမ်နင်းခဲ့၏။ သို့သော် အဆုံးတွင် သူတို့သည် အပြင်းထန်ဆုံး ဆုံးရှုံးမှုများကို ခံစားခဲ့ရသူများ ဖြစ်နေသည် မဟုတ်ပါလော။
အကယ်၍ အင်မော်တယ်နန်းတော် လေးခုအကြား တိုက်ပွဲနှစ်ခု၏ ရလဒ်များကို ပေါင်းထည့်မည်ဆိုလျှင်...
ယွီလုံနန်းတော်သည် နဂါးအစောင့်အရှောက် (၅၀၀၀)၊ မူလဝိညာဉ်အဆင့် အရှင်သခင် (၄၀) ကျော်နှင့် တာအိုသားတော် နှစ်ယောက်တို့ကို ဆုံးရှုံးခဲ့ရပြီး အချို့မှာ မြေကမ္ဘာ အင်မော်တယ်နန်းတော်မှ ဖမ်းဆီးခံခဲ့ရသည်။
လီဟော့ခန်းမသည် လီဟော့တပ်မတော် (၃၀၀၀)၊ မူလဝိညာဉ်အဆင့် အရှင်သခင် (၂၀) ကျော်ကို ဆုံးရှုံးခဲ့ရပြီး တာအိုသားတော် တစ်ယောက်မှာ မြေကမ္ဘာ အင်မော်တယ်နန်းတော်မှ ဖမ်းဆီးခံခဲ့ရသည်။
ကိုးဝိညာဉ် အင်မော်တယ်တောင်သည် ကိုးဝိညာဉ် အင်မော်တယ်တပ်မတော် (၃၀၀၀)၊ မူလဝိညာဉ်အဆင့် အရှင်သခင် (၃၀) ကျော်ကို ဆုံးရှုံးခဲ့ရပြီး တာအိုသားတော် တစ်ယောက်မှာ မြေကမ္ဘာ အင်မော်တယ်နန်းတော်မှ ဖမ်းဆီးခံခဲ့ရသည်။
အင်မော်တယ်တစ်သောင်း နန်းတော်သည် တိုက်ခိုက်ရေးသမား (၃၀၀၀)၊ မူလဝိညာဉ် အထွတ်အထိပ် တည်ရှိမှု နှစ်ခု အပါအဝင် မူလဝိညာဉ်အဆင့် အရှင်သခင် (၄၀) ကျော်ကို ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့၏ တာအိုသားတော်မှာ လွတ်မြောက်သွားခဲ့၏။ စုစုပေါင်း သူတို့သည် နန်းတော် လေးခုအနက် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်ခဲ့သည်။
“ကျစ်... မြေကမ္ဘာ အင်မော်တယ်နန်းတော်ရယ်... အင်မော်တယ်တစ်သောင်း နန်းတော်ရယ်က လွန်လွန်းနေပြီ”
ယွီလုံနန်းတော်၏ ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးမှာ ပြန်ရောက်လာပြီး ဒေါသတကြီး ကျိန်ဆဲတော့သည်။
သူ၏ နှလုံးသားပင် နာကျင်စွာ ခုန်ပေါက်နေ၏။
သူတို့ တွင်းထဲကျသွားတာလား။
ဒါက အင်မော်တယ်တစ်သောင်း နန်းတော်နှင့် မြေကမ္ဘာ အင်မော်တယ်
နန်းတော်တို့အကြား အသက်နှင့်သေဆုံးမှု တိုက်ပွဲတစ်ခု ဖြစ်သင့်ပြီး နှစ်ဖက်စလုံး ဆုံးရှုံးမှုများ ခံစားရမည် မဟုတ်ပါလော။
အဓိက သွေးထိုးလှုံ့ဆော်သူများက အနည်းငယ်သာ ဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း ယွီလုံနန်းတော်က အနည်းငယ်သာ ကူညီပေးခဲ့ပြီး သူတို့သည် အဆိုးရွားဆုံး သေဆုံးခဲ့ရသည်လော။
သောက်ကျိုးနည်း။
နဂါးအစောင့်အရှောက် (၅၀၀၀) နှင့် မူလဝိညာဉ်အဆင့် အရှင်သခင် အများအပြားကို ပြုစုပျိုးထောင်ရန် အရင်းအမြစ်များနှင့် အချိန် မည်မျှ ကြာမည်နည်း။
ဤတိုက်ပွဲသည် ယွီလုံနန်းတော်ကို မရှုမလှ ဒဏ်ရာရစေရန် လုံလောက်ပေ၏။
ကိုးဝိညာဉ် အင်မော်တယ်တောင်နှင့် လီဟော့ခန်းမတို့တွင်လည်း လွတ်မြောက်လာသူများ ရှိသည်။ အင်မော်တယ်နန်းတော် အားလုံး၏ ဆုံးရှုံးမှုများကို တွက်ချက်ပြီးနောက် ကိုးဝိညာဉ် အင်မော်တယ်တောင်နှင့် လီဟော့ခန်းမတို့မှာ နှလုံးကွဲကြေမတတ် ခံစားရသော်လည်း ယွီလုံနန်းတော်၏ ဆုံးရှုံးမှုများကို တွေးတောမိသောအခါ သူတို့၏ နှလုံးသားများက သိပ်ပြီး မနာကျင်တော့ပေ။ သူတို့သည် အခြားသူများ၏ ကံကြမ္မာဆိုးအတွက် အနည်းငယ် ဝမ်းသာမိသလိုပင် ခံစားလိုက်ရသေးသည်။
“အနည်းဆုံးတော့... ငါတို့က အကြီးဆုံး ဆုံးရှုံးထားတဲ့သူတွေ မဟုတ်ပါဘူး”
သူတို့ထက် ပိုဆိုးရွားသူများ ရှိနေသဖြင့် သူတို့သည် အနည်းငယ် ဖြေသိမ့်မှုကို ရှာတွေ့ခဲ့ကြ၏။
သို့သော် အခြားသူများ၏ ကံကြမ္မာဆိုးများကို ပျော်ရွှင်စွာ ခံစားပြီးနောက် ဤတိုက်ပွဲတွင် မြေကမ္ဘာ အင်မော်တယ်နန်းတော်၏ လူမဆန်သော စစ်ရေးစွမ်းအား ရုတ်တရက် ပြသလာသည့် ကိစ္စရပ်များကို တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတွင် အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ဤတိုက်ပွဲတွင် မပါဝင်ခဲ့သော အခြား အင်မော်တယ်နန်းတော် ငါးခုလည်း ပါဝင်သည်။
ဟင်းလင်းပြင် မဟာလမ်းစဉ် နယ်ပယ်ကို အမိန့်ပေးနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ဦး၏ သတင်းသည် ဂိုဏ်းအသီးသီးမှ လွတ်မြောက်လာသူများ အိမ်ပြန်ရောက်သည်နှင့်အမျှ တိတ်တဆိတ် ကျော်ကြားသွားခဲ့သည်။
အင်မော်တယ်တစ်သောင်း နန်းတော်၊ ယွီလုံနန်းတော်၊ လီဟော့ခန်းမ စသည့် အင်မော်တယ်နန်းတော်ကြီး ကိုးခုမှ လူတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး မြောက်များစွာသော မူလဝိညာဉ်အဆင့် အရှင်သခင်များကြားတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ဟင်းလင်းပြင် မဟာလမ်းစဉ် နယ်ပယ်။
သမိုင်းတစ်လျှောက်လုံးတွင် ဟင်းလင်းပြင် မဟာလမ်းစဉ် စွမ်းအားကို မည်မျှသော ကျင့်ကြံသူများက ခံစား သိရှိနိုင်ခဲ့ကြသနည်း။ ရှေးဟောင်း ကျမ်းများတွင် မှတ်တမ်းအနည်းငယ်သာ ရှိသည်။
ပြီးလျှင် ဟင်းလင်းပြင် မဟာလမ်းစဉ် နယ်ပယ်ကို စုစည်းကာ မူလဝိညာဉ်အဆင့် အရှင်သခင် အဖြစ်သို့ ထိုးဖောက် ဝင်ရောက်နိုင်သူများမှာ ပို၍ပင် ရှားပါးလှပေသည်။
မြေကမ္ဘာ အင်မော်တယ်နန်းတော်တွင် ထိုကဲ့သို့သော ထူးဆန်းသည့် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ဦးသည် မည်သည့်အချိန်က ပေါ်လာခဲ့သနည်း။
ပြီးလျှင် မြေကမ္ဘာ အင်မော်တယ်နန်းတော်တွင် ထိုကဲ့သို့သော ထူးဆန်းသည့် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ဦး ပေါ်လာသောအခါ သူတို့ ဘာလုပ်သင့်သနည်း။
အင်မော်တယ်တစ်သောင်း နန်းတော်ဝယ်..
ယွမ်ရှို့သည် အရိုင်းနယ်မြေမှ ရောက်ရှိလာသည်နှင့် အင်မော်တယ်တစ်သောင်း နန်းတော်၏ နန်းတော်သခင်မှ ဆင့်ခေါ်ခံရပြီး ဝိညာဉ်ခွဲထွက် ဘိုးဘေးများ အစည်းအဝေးသို့ စုဝေးခဲ့ကြသည်။
အင်မော်တယ်တစ်သောင်း နန်းတော်၏ နန်းတော်သခင်သည် ခန်းမ၏ ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏ ပုံရိပ်မှာ မှိန်ဖျော့ဖျော့ အင်မော်တယ် အလင်းရောင်ဖြင့် လွှမ်းခြုံထားကာ သူ၏ အရှိန်အဝါမှာ အလွန် ပြင်းထန်လှသဖြင့် အခြား ဝိညာဉ်ခွဲထွက် ပညာရှင်များ ရှိနေသော်လည်း သူ့ကို မျက်လုံးချင်းဆုံ၍ ကြည့်ရဲသူ တစ်ဦးမျှ မရှိချေ။
“ဟင်းလင်းပြင် မဟာလမ်းစဉ် နယ်ပယ်ကို အမိန့်ပေးနိုင်တဲ့ မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ယောက် မြေကမ္ဘာ အင်မော်တယ်နန်းတော်မှာ တကယ်ပဲ ပေါ်လာတာလား”
နန်းတော်သခင်က မေးလိုက်ပြီး သူ၏ အသံက ပဲ့တင်ထပ်သွားသည်။
ယွမ်ရှို့က အနည်းငယ် ဦးညွှတ်ကာ ဖြေကြားလိုက်သည်။
“ဟုတ်ပါတယ် နန်းတော်သခင်... ရှောက်ခွန်းက သူ့ကို မျက်နှာချင်းဆိုင် တွေ့ခဲ့ရပြီး ညီလေး လင်းကွမ်းကလည်း တစ်ကြိမ် မြင်ဖူးပါတယ်... မူလက ညီလေး လင်းကွမ်းက သူ့ကို ဖမ်းချင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဟုန်ယွဲ့က သူ့ရဲ့ ဒန်တျန်ထဲမှာ ကိုယ်ပွား တစ်ခုကိုလည်း တည်ဆောက်ထားခဲ့တယ်”
“ရလဒ်အနေနဲ့ ညီလေး လင်းကွမ်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အခုတော့ သူ့ဒဏ်ရာတွေကနေ သက်သာလာဖို့ နားနေရပါတယ်”
နန်းတော်သခင်က မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး
“အဲဒီလူက ဘယ်သူလဲ”
ယွမ်ရှို့က ခေါင်းခါယမ်းလိုက်သည်။
“ကျွန်တော် မသိပါဘူး... သူက သူ့ရဲ့ မျက်နှာနဲ့ အမည်ကို တမင်သက်သက် ဖုံးကွယ်ထားခဲ့တယ်... လောလောဆယ်တော့ အဲဒီလူက ဘယ်သူလဲဆိုတာ အတိအကျ ဆုံးဖြတ်ဖို့ မဖြစ်နိုင်သေးပါဘူး”
ခဏအကြာတွင် ယွမ်ရှို့၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာသည်။
“ဒါပေမဲ့ အဲဒါကို ရှာဖွေဖို့က မခက်ခဲပါဘူး... သူက မြေကမ္ဘာ အင်မော်တယ်နန်းတော်ရဲ့ အရိုင်းနယ်မြေထဲက စတုတ္ထမြောက် အင်မော်တယ်မြို့တော်က လာတာပါ... အရင်က အဲဒီမြို့မှာ ရှိနေခဲ့တဲ့ လူအားလုံးကို သေချာ စစ်ဆေးကြည့်လိုက်မယ်ဆိုရင် သူ ဘယ်သူလဲဆိုတာ ရှာဖွေရတာ အတော်လေး လွယ်ကူပါလိမ့်မယ်”