အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၃) - နှလုံးသား၏ ဆန္ဒ
သူ သတိမထားမိလိုက်ခင်မှာပင် သူ၏ခန္ဓာကိုယ်က သစ္စာဖောက်ကာ ထိုလူနှစ်ဦးရှိရာဆီသို့ ပြေးသွားမိလေပြီ။ မကြာမီမှာပင် သူသည် ထိုသူတို့၏ အရှေ့သို့ ရောက်ရှိသွားတော့၏။
ကျိုးရီသည် မျှော်လင့်ချက်နှင့် အကြောက်တရားတို့ ရောယှက်နေသော စိတ်ဖြင့် လက်ကို ချီတုံချတုံ ဆန့်ထုတ်လိုက်သည်။
ထိုအချိန်၌ သူသည် စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းမိုးနေသော်ငြား သူ၏မိဘများမှာ လွန်ခဲ့သော သုံးနှစ်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း စိတ်ထဲ၌ သိရှိနေဆဲပင်။
သူ၏လက်များက သူတို့အား ဖောက်ထွက်သွားမည်ကို စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်လာပါက သူ လက်မခံလိုသော ဆိုးရွားလှသည့် အမှန်တရားကြီး ပေါက်ကွဲထွက်ပေါ်လာပြီး ဤအချိန်လေးအား ဖျက်ဆီးပစ်လိုက်မည်ကို ကြောက်ရွံ့နေမိလေသည်။
သို့သော် လွန်ခဲ့သော သုံးနှစ်တာကာလက အစစ်အမှန်မဟုတ်ခဲ့သည်လည်း ဖြစ်နိုင်မလား။
သို့မဟုတ် ထူးဆန်းသော ကံကြမ္မာတစ်ခုခုကြောင့် ရုံးတော်က သူ၏မိဘများကို ပြန်လည်ရှင်သန်လာစေပြီး သူ့အတွက် အံ့အားသင့်ဖွယ် စီစဉ်ပေးထားခြင်း ဖြစ်နေခဲ့မည်လား။
လူသေများ ပြန်လည်ရှင်သန်လာသည်ကို သူ တစ်ခါမျှ မမြင်ဖူးသော်လည်း ဖြစ်နိုင်ခြေကိုမူ လုံးဝ ပယ်ချ၍ မရပေ။
ကျင့်ကြံသူများသည် ခန္ဓာကိုယ်မရှိဘဲ အသက်ရှင်နိုင်လျှင် သို့မဟုတ် သွေးတစ်စက်မှ ပြန်လည်မွေးဖွားလာနိုင်လျှင် သူ၏မိဘများတွင်လည်း အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သည်မဟုတ်ပါလော။
ခရမ်းရောင်မြို့တော်၌ သူ၏ ကိုယ်ပိုင် သတင်းအချက်အလက်အေဂျင်စီကို ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ်အတွင်း ပျံ့နှံ့နေသော သတင်းအချက်အလက် မြောက်မြားစွာကို သူ ကြုံတွေ့ခဲ့ရဖူး၏။
ထိုအထဲတွင် ကျင့်ကြံသူများနှင့် သာမန်လူများပင် ပြန်လည်အသက်ရှင်လာသည့် သတင်းများ ပါဝင်လေသည်။
ထိုဇာတ်လမ်းများထဲမှ အချို့မှာ အမှန်တကယ်ဖြစ်နိုင်ပေသည်။ သူနှင့် ညီမဖြစ်သူတို့ ရုံးတော်သို့ ဝင်ရောက်ရန် သဘောတူခဲ့ရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ သူတို့၏မိဘများကို ပြန်လည်ခေါ်ဆောင်လာနိုင်မည့် အသေးငယ်ဆုံးသော အခွင့်အရေးလေး ရှိနေခြင်းကြောင့်ပင်။
ရုံးတော်ကဲ့သို့ ဩဇာတိက္ကမကြီးမားသော အဖွဲ့အစည်းတစ်ခုအနေဖြင့် သေချာပေါက် နည်းလမ်းရှိရမည်။
အနည်းဆုံးအနေဖြင့် ထိုသို့ စွမ်းဆောင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကို ကျိုးရီ ဆုပ်ကိုင်ထားခဲ့သည်။
ထိုအတွေး အမြစ်တွယ်သွားသည်နှင့်တစ်ပြိုင်နက် ကျန်ရှိနေသေးသော သူ၏ဆင်ခြင်တုံတရားများအား တဖြည်းဖြည်း တိုက်စားသွားကာ အတည်ပြုရန်အတွက် လက်ကို ဆန့်ထုတ်လိုက်တော့၏။
"သားလေးရီ၊ မင်းအတွက် အရမ်းခက်ခဲနေခဲ့မှာပဲ"
သူတို့မှာ တကယ့်အစစ်အမှန်များ ဖြစ်ကြသည်။ သူ၏လက်များက ဝိညာဉ်များနှင့် မြူခိုးများ၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖောက်ထွက်သွားခြင်း မရှိပေ။
သူတို့၏ ဝတ်ရုံများကို ကျိုးရီ ထိတွေ့လိုက်ချိန်တွင် သူ၏လက်များက အစစ်အမှန် ခံစားလိုက်ရပြီး စိတ်ကူးယဉ်ဖန်တီးမှုတစ်ခု မဟုတ်ကြောင်း သိလိုက်ရလေသည်။
"အမေ၊ အဖေ"
ကျိုးရီသည် ချက်ချင်းပင် အော်ဟစ်ငိုကြွေးလိုက်ပြီး သူတို့၏ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့၏။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း သူခံစားခဲ့ရသော နာကျင်မှုနှင့် ပူဆွေးသောကများအားလုံး ထိုစက္ကန့်အတွင်း ပေါက်ကွဲထွက်ပေါ်လာလေသည်။
သူ၏မိဘများသည် တိတ်ဆိတ်စွာ ရပ်နေရင်း သူ၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးနေကြပြီး ပတ်ဝန်းကျင်၌ ကျိုးရီ၏ ငိုရှိုက်သံများသာ ပဲ့တင်ထပ်နေ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ ရင့်ကျက်လာခဲ့သော်လည်း သူသည် မိဘများကို လိုအပ်နေဆဲဖြစ်သော ကိုးနှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်။
သူတို့ကို မြင်လိုက်ရချိန်တွင် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော ခုခံကာကွယ်မှုများအားလုံး ပြိုလဲသွားခဲ့ရလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်မှသာ ကျိုးရီမှာ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
"အမေတို့ အဖေတို့၊ ဒီမှာ ဘာလုပ်နေကြတာလဲ။ အမေတို့က..."
ကျိုးရီမှာ ဆက်မေးရန် တုံ့ဆိုင်းနေခဲ့၏။
"အဲဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ သားအကြောင်း အရင်ပြောပြပါဦး။ သားနဲ့ သမီးလေး ဘယ်လိုနေကြလဲ"
မိခင်ဖြစ်သူက နူးညံ့စွာ ပြုံးရင်း မေးလိုက်ကာ သူမ၏အင်္ကျီလက်စဖြင့် သူ၏မျက်ရည်များနှင့် နှာရည်များကို သုတ်ပေးလိုက်သည်။
ကျိုးရီမှာလည်း သူမထိုသို့လုပ်ပေးသည်ကို အလွန်ပင် ကျေနပ်နေခဲ့လေသည်။
"လီချင်းနဲ့ မတွေ့ရသေးဘူးလား"
ကျိုးရီက ပတ်ဝန်းကျင်ကို ကြည့်ရင်း ရှုပ်ထွေးစွာ မေးလိုက်သည်။
"သားက အမေတို့ ပထမဆုံးတွေ့ရတဲ့လူပဲလေ။ ပြီးတော့ အမေတို့ရဲ့ အခြေအနေအရဆိုရင် သားလေးကို တွေ့ရတာလေးနဲ့တင် ပျော်နေပါပြီ။ ဒါနဲ့ သားနဲ့ သမီးလေး ဘယ်လိုနေကြလဲ၊ ပြောပါဦး"
မိခင်ဖြစ်သူက မေးလိုက်၏။
မိခင်ဖြစ်သူက စကားလွှဲနေကြောင်းကို ကျိုးရီ သတိထားမိလိုက်သည်။ သို့သော် သူ အတင်းအကျပ် ဆက်မမေးတော့ဘဲ သူမမေးသည့်အတိုင်းသာ ပြောပြလိုက်လေသည်။
သူတို့မိဘများ သေဆုံးပြီးနောက် လအနည်းငယ်ကြာ ဆိုးရွားလှသည့် အချိန်ကာလများကို ရှောင်ကွင်း၍ ခရမ်းရောင်မြို့တော်တွင် ဖြတ်သန်းခဲ့ရသည့် သူတို့၏ဘဝအကြောင်းကို စတင်ပြောပြလိုက်၏။
သူတို့ ကွယ်လွန်ပြီးချိန်သည် အလွန်တရာ ဆိုးရွားလှသော ကာလဖြစ်ပြီး ထိုအချိန်များကို မေ့ဖျောက်နိုင်ရန် ကျိုးရီ အစွမ်းကုန် ကြိုးစားခဲ့ရပေသည်။
ထို့ကြောင့် သူ၏ဇာတ်လမ်းတွင် ခရမ်းရောင်မြို့တော်ရှိ သူတို့၏ဘဝများ၊ သူတို့ မည်သို့ ရှင်သန်ခဲ့ရပုံ၊ ဝမ်ဇနီးမောင်နှံနှင့် မည်သို့တွေ့ဆုံခဲ့ပုံ၊ ထိုသူများနှင့် ပုံမှန်ဖောက်သည်များအကြား မည်သို့ မိတ်ဆွေဖွဲ့နိုင်ခဲ့ပုံတို့ကိုသာ အဓိကထား၍ ပြောပြလိုက်သည်။
မြို့တဝိုက် ဧည့်လမ်းညွှန်လုပ်ခဲ့ပုံများ၊ သူတို့ရရှိခဲ့သော ကျွမ်းကျင်မှုများနှင့် အခြားသော စိတ်လှုပ်ရှားဖွယ် အသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းပြောပြခဲ့၏။
မြွေဟောက်နက်ဂိုဏ်း၏ တပည့်များအဖြစ် နေထိုင်ခဲ့ရခြင်းနှင့် အတင်းအကျပ် ဝင်ရောက်ခိုင်းစဉ်က မည်မျှဒုက္ခရောက်ခဲ့ရပုံ စသည့် မြို့တော်အတွင်းရှိ သူတို့ဘဝ၏ အမှောင်မိုက်ဆုံးအပိုင်းများကိုမူ ရှောင်ရှားခဲ့လေသည်။
ခရမ်းရောင်မြို့တော်၌ ဖြတ်သန်းခဲ့ရသော နှစ်နှစ်ခွဲတာကာလကို တက်ကြွစွာ ရှင်းပြနေစဉ် မကြာမီမှာပင် ကျိုးရီသည် မိမိကိုယ်ကို မေ့လျော့သွားတော့သည်။
သူ၏မိဘများက ဇာတ်လမ်းကို မည်မျှ အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်နေကြောင်း မြင်တွေ့ရသောအခါ သူသည် ပို၍ စိတ်အားထက်သန်လာခဲ့၏။
တစ်နာရီခန့်အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ယန်ချင်းနှင့် တွေ့ဆုံခဲ့ပုံ၊ ရုံးတော်သို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့ပုံများဖြင့် သူ၏ဇာတ်လမ်းကို အဆုံးသတ်လိုက်တော့သည်။
"သားက အရမ်းတော်တာပဲ"
ကျိုးရီ၏ဖခင်က ဂုဏ်ယူသော အမူအရာဖြင့် ပြောလိုက်လေသည်။
ကျိုးရီသည် နှာရှုံ့လိုက်ပြီး မျက်ရည်များ စီးကျလာလုနီးပါး ဖြစ်သွားကာ နွေးထွေးသော်လည်း ရှက်ရွံ့သော အပြုံးတစ်ခုကို ပြုံးလိုက်၏။
ဖခင်ဖြစ်သူ၏ အားပေးစကားကို ကြားလိုက်ရခြင်းက သူနှင့် ကျိုးလီချင်းတို့၏ လုံခြုံရေးအတွက် သူသည်းခံခဲ့ရသမျှ အရာအားလုံးကို တန်ဖိုးရှိသွားစေလေသည်။
"သားရော လီချင်းရော စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ အမေ သိပါတယ်။ ဘာပဲဖြစ်ဖြစ် သားတို့က အမေတို့ရဲ့ ကလေးတွေပဲလေ"
မိခင်ဖြစ်သူက သူ၏ဆံပင်များကို ဖွပေးရင်း ဖြည့်စွက်ပြောလိုက်သည်။
"သားလေးရီ... သားတို့ လိုအပ်နေချိန်မှာ အဖေတို့ အနားမှာ မရှိပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
ဖခင်ဖြစ်သူက ဝမ်းနည်းကြေကွသောလေသံဖြင့် ပြောလိုက်လေသည်။
"ဒါပေမဲ့ အခု အဖေတို့ ဒီမှာ ရှိနေပြီလေ။ ပြီးတော့ အဘိုးလည်း သားတို့နဲ့ လာပူးပေါင်းလိမ့်မယ်"
ကျိုးရီက မိဘများကို မော့ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။ သို့သော် သူတို့၏ ဝမ်းနည်းနေသော အပြုံးများကို မြင်လိုက်ရချိန်တွင် သူ၏အကြည့်များ အေးခဲသွားတော့သည်။
ထိုဝမ်းနည်းနေသော အပြုံးများအပြင် သူ့ကို တုန်လှုပ်စေသောအရာ နောက်တစ်ခုလည်း ရှိနေသေးသည်။ သူတို့၏ ဝတ်ရုံများမှာ မှေးမှိန်လာနေပြီး ခန္ဓာကိုယ်များဆီသို့ပါ ပျံ့နှံ့နေပုံရလေသည်။
"အမေ၊ အဖေ... ဘာတွေ..."
ကျိုးရီသည် မြူခိုးများဖြစ်နေသော သူတို့၏ အင်္ကျီလက်စများကို စိုးရိမ်တကြီး လက်ညှိုးထိုးပြလိုက်ပြီး ဝတ်ရုံများနှင့် ပြန်လည်ထိတွေ့ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ၏လက်များက ဖောက်ထွက်သွားခဲ့သည်။
"သားလေးရီ... သားက လိမ္မာပါးနပ်တဲ့သူမို့လို့ အစကတည်းက ရိပ်မိနေမယ်ဆိုတာ အဖေ သိပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီလိုအချိန်လေးကို သားနဲ့အတူ ဖြတ်သန်းခွင့်ရတဲ့အတွက် အဖေတို့ ဝမ်းသာပါတယ်”
“သားနဲ့ လီချင်းတို့ ကြီးပြင်းလာတာကို မမြင်တွေ့ရတော့တာကတော့ နှမြောစရာပါပဲ။ ဒါပေမဲ့ ဒီအချိန်လေးကို သားနဲ့အတူ ရှိနေခွင့်ရတဲ့အတွက် အဖေ ဝမ်းသာပါတယ်။ အဖေတို့နှစ်ယောက်လုံး သားကို အရမ်းချစ်ပါတယ်။ ပြီးတော့ သားက အဖေ့ရဲ့ ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီ"
ကျိုးရီ၏ဖခင်က ပြောလိုက်၏။
"အဖေတို့ အသက်မရှင်တော့ဘူး မဟုတ်လား"
ကျိုးရီက ဝမ်းနည်းဖွယ် အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
"ဟုတ်တယ် သားလေးရီ"
မိခင်ဖြစ်သူက ဖြေလိုက်၏။
"သား သိနေသင့်တာ"
ကျိုးရီသည် မိဘများ၏ အစိတ်အပိုင်းတိုင်းကို မှတ်ဉာဏ်ထဲ၌ သိမ်းဆည်းထားရန် ကြိုးစားရင်း တမ်းတမ်းတတ စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ဒီအချိန်လေးမှာ အဖေတို့နဲ့ အတူရှိခွင့်ရတဲ့အတွက် သားလည်း အရမ်းဝမ်းသာပါတယ်"
ကျိုးရီက နီရဲနေသော မျက်လုံးများနှင့်အတူ ရိုးသားပွင့်လင်းစွာ ပြုံးရင်း ပြောလိုက်၏။
"အမေတို့ သားကို ချစ်ပါတယ်။ သားနဲ့ သမီးက တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးရမယ်နော်။ အဘိုးကိုလည်း ဂရုစိုက်ပေးရမယ်”
“သားလေးရီ၊ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီး ဖန်တီးနိုင်ပါစေလို့ အမေ မျှော်လင့်ပါတယ်။ အမေတို့ သားကို ချစ်ပါတယ်။ ပြီးတော့ သားနဲ့ လီချင်း နှစ်ယောက်လုံးအတွက် အမြဲတမ်း အားပေးနေမှာပါ"
ကျိုးရီ၏ မိခင်က ပြောလိုက်လေသည်။
"ရှေ့ကို ဆက်ပြီး လျှောက်လှမ်းပါ မျိုးနွယ်စုခေါင်းဆောင်လေးရီ"
ဖခင်ဖြစ်သူက နောက်ပြောင်သော အပြုံးဖြင့် ထပ်လောင်းပြောလိုက်၏။
"သား လျှောက်လှမ်းမှာပါ"
မိဘနှစ်ပါး၏ ခန္ဓာကိုယ်များက လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို စောင့်ကြည့်ရင်း ကျိုးရီက ပြန်ဖြေလိုက်လေသည်။
"အော်... သူမ ဆိုလိုတာက ဒါကို ပြောတာကိုး..."
ကျိုးရီက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
"ဒီလိုအခွင့်အရေးလေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျိုးရီက မြူခိုးများထဲတွင် ကိုးဆယ်ဒီဂရီ ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်လေသည်။
သူသည် ထိုအတိုင်း မိနစ်အနည်းငယ်ကြာအောင် နေပြီးနောက် မတ်တတ်ထရပ်လိုက်ကာ မျက်နှာပေါ်မှ ကျန်ရစ်နေသော မျက်ရည်များကို သုတ်လိုက်၏။
ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ပြီး လေဆင်နှာမောင်းလမ်းကြောင်းထဲသို့ လျှောက်ဝင်သွားတော့သည်။
သူ၏ အမြင်အာရုံများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး သတိပြန်ဝင်လာချိန်တွင်မူ မြက်ခင်းပြင်ပေါ်၌ သန္ဓေသားပုံစံဖြင့် ကွေးကွေးလေး လှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
"အစ်ကို"