← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄) - အချိန်ကွာဟချက်

ကျိုးရီ၏ အမြင်အာရုံက အနည်းငယ် ဝေဝါးနေပြီး သူ၏ အာရုံခံစားမှုများကလည်း အနည်းငယ် ထိုင်းမှိုင်းနေသည်။ သူ ကမန်းကတန်းထရန် ကြိုးစားလိုက်သော်လည်း ချော်လဲလုနီးပါး ဖြစ်သွား၏။

ကံကောင်းထောက်မစွာဖြင့် သူ မလဲကျမီ တစ်စုံတစ်ယောက်က ဖမ်းထိန်းပေးထားခဲ့သည်။

သူ၏ အမြင်အာရုံများအား ပတ်ဝန်းကျင်နှင့် အသားကျသွားရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။

"ကျိုးရီ၊ ဒါလေးသောက်လိုက်။ သတိပြန်လည်လာဖို့ ကူညီပေးလိမ့်မယ်"

ကျိုးရီ ပတ်ဝန်းကျင်ကို အသားကျရန် ကြိုးစားနေစဉ်မှာပင် သူ၏ပါးစပ်ထဲသို့ ပျော့စိစိအရာတစ်ခု အတင်းအကျပ် ထိုးထည့်ခံလိုက်ရကြောင်း ခံစားလိုက်ရ၏။

"လီချင်း၊ မင်း ငါ့ကို သတ်မလို့လား"

ကျိုးရီက အဆက်မပြတ် ချောင်းဆိုးရင်း အော်ဟစ်လိုက်လေသည်။ သူ၏ပါးစပ်ထဲသို့ ထိုးထည့်ခံလိုက်ရသော အရာက ချိုမြိန်ခြင်းနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ထိုအရာက လျှာကို စူးရှသွားစေပြီး မီလီစက္ကန့်ပိုင်းအတွင်း လျှာတစ်ခုလုံးအား မီးလောင်သကဲ့သို့ ပူလောင်သွားစေကာ တစ်စက္ကန့်အကြာတွင်မူ အေးခဲနေသော ရေခဲပြင်ကြီးအလား ပြောင်းလဲသွားစေပြန်၏။

အကြိမ်အနည်းငယ် အသက်ရှူနေစဉ်အတွင်း၌ လျှာသာမက တစ်ကိုယ်လုံးပါ ထိုအရာ၏ သက်ရောက်မှုကို ခံစားလိုက်ရလေသည်။

ဤသည်မှာ စာမေးပွဲတစ်ခု ဖြစ်သောကြောင့် ညီမဖြစ်သူက သူ့အား အဆိပ်ခတ်ရန် စေလွှတ်ထားသော သူလျှိုတစ်ယောက် ဖြစ်နေနိုင်ကြောင်း သူ ထင်မှတ်သွားမိသည်။

သို့သော်လည်း ခန္ဓာကိုယ်က ပြန်လည်လန်းဆန်းလာသည်ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်နှင့် အာရုံခံစားမှုများကို ကောင်းကောင်းမွန်မွန် ပြန်လည်ထိန်းချုပ်နိုင်သွားပေသည်။

နောက်ဆုံးတွင် သူ ရောက်ရှိနေသည့် နေရာကို သဲသဲကွဲကွဲ မြင်တွေ့နိုင်သွား၏။ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အသက်အောင့်ထားမိလျက်သား ဖြစ်သွားရလေသည်။

ပတ်ဝန်းကျင်တစ်ဝိုက်တွင် မေပယ်ပင်များနှင့် ထင်းရှူးပင်များ ရှိနေပြီး မြေပြင်ပေါ်တွင် လိမ္မော်နီရောင်သစ်ရွက်များ ပြန့်ကျဲနေသည်။ မြက်ခင်းများက စိမ်းလန်းနေပြီး လေထုထဲတွင် အနည်းငယ် အေးစိမ့်သော အငွေ့အသက်များ ရှိနေ၏။

ဝိညာဉ်ချီများက သိပ်သည်းနေသော်လည်း ၎င်းတို့ကို လွှမ်းမိုးသွားလောက်သည့် အနေအထားမျိုး မဟုတ်ပေ။ လေအေးများနှင့်အတူ ညီညာစွာ ပျံ့နှံ့နေပုံရပြီး ညင်သာလှသည်။

ဂျင်ဆင်းလက်ဖက်ရည်တစ်ခွက်သာ ရှိလျှင် ဤပတ်ဝန်းကျင်နှင့် အလွန်လိုက်ဖက်မည်ဖြစ်ကြောင်း ကျိုးရီ ခံစားလိုက်ရ၏။ သူက ညီမဖြစ်သူ၏ တွဲကူမှုကို ယူထားရင်း မြင်ကွင်းကို ငေးမောကာ အသံတိတ် ရပ်နေလေသည်။

"လီချင်း၊ မင်း ငါ့ကို ဘာကျွေးလိုက်တာလဲ"

မြင်ကွင်းကို အားရပါးရ ငေးမောကြည့်ရှုပြီးနောက် သူ မေးလိုက်သည်။

"ဟယ်ရှန်းဆီက ရတာ။ ရေခဲမီးတောက်သံပရာလို့ ခေါ်တယ်တဲ့။ အသိစိတ်လွတ်နေတဲ့သူတွေ၊ အထူးသဖြင့် ဦးနှောက်ချို့ယွင်းသွားတဲ့ သူတွေကို ပြန်ကောင်းလာအောင် ကူညီပေးတယ်လို့ ပြောတယ်"

ကျိုးလီချင်းက အဖြေပေးလိုက်ရင်း ကျိုးရီကိုယ်တိုင် ရပ်နိုင်စေရန် လက်လွှတ်ပေးလိုက်လေသည်။

"ဘယ်တုန်းကများ သံပရာသီးက ပျော့စိစိနဲ့ စူးရှရှဖြစ်နေလို့လဲ"

ကျိုးရီက ညီမဖြစ်သူ၏ ရှင်းပြချက်ကို လုံးဝ မယုံကြည်ဘဲ မေးလိုက်သည်။ ထိုအရာကို မျိုချလိုက်ချိန်တွင် ၎င်းက ရွေ့လျားသွားသည်ကို သူ ခံစားလိုက်ရ၏။ အသီးတစ်လုံးထက် သက်ရှိတစ်ကောင်နှင့် ပိုတူနေပေသည်။

"တခြားသူတွေ ရောက်မလာခင် ငါတို့ သွားဖို့ လိုတယ်"

ကျိုးလီချင်းက အနေရခက်စွာ ပြောလိုက်ပြီးနောက် ကျိုးရီကို ဆွဲကာ ဟယ်ရှန်းနှင့် ယုမေတို့ရှိရာသို့ ခေါ်သွားလေ၏။

ကျိုးလီချင်း ထိုစကားများကို ပြောလိုက်ချိန်မှသာ ကျိုးရီက သူ လျစ်လျူရှုထားမိသည့် အရာတစ်ခုကို သတိပြုမိသွားသည်။

လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က သူ လမ်းလျှောက်နေခဲ့သော်လည်း အဘယ်ကြောင့် ကြမ်းပြင်ပေါ်တွင် နိုးထလာရသနည်းဟူသော အချက်ပင် ဖြစ်သည်။

သို့သော် ထိုအရာအားလုံးထက် သူ အတည်ပြုရမည့် အရာတစ်ခု ရှိနေပြီး ယခုမှသာ အခွင့်အရေး ရလေတော့သည်။

"လီချင်း၊ စာမေးပွဲက..."

ကျိုးရီ စကားမဆုံးခင်မှာပင် ညီမဖြစ်သူ၏ မျက်လုံးထဲရှိ ဝမ်းနည်းနေသော အမူအရာကို မြင်လိုက်ရသဖြင့် ရပ်တန့်သွား၏။

"အဖေနဲ့ အမေကို မြင်ခဲ့လား"

ကျိုးရီက မိမိကိုယ်ကို စိတ်တင်းထားပြီးနောက် မေးလိုက်သည်။

ကျိုးလီချင်းက သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျိုးရီကို စိုက်ကြည့်လာ၏။ သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားလေသည်။

"မမြင်ခဲ့ဘူး"

ကျိုးလီချင်းက အဖြေပေးလိုက်သည်။

ကျိုးရီ သေချာမသိသော်လည်း ညီမဖြစ်သူနှင့် အတူဖြတ်သန်းလာသည့် အချိန်ကာလများအရ သူမထံတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

သူမထံတွင် အကြောက်တရားတစ်ခု ရှိနေပေသည်။ အဖြေပေးလိုက်ချိန်၌ သူမ၏ ကိုယ်ဟန်အမူအရာထဲတွင် ထိုအရာက ပေါ်လွင်နေခဲ့သည်။

"လီချင်း၊ အဲဒီထဲမှာ မင်း ဘာတွေမြင်ခဲ့ရလဲ"

ကျိုးရီက သတိထားကာ မေးလိုက်လေသည်။

"ဘယ်တော့မှ ဖြစ်မလာဖို့ မျှော်လင့်ထားတဲ့ အရာတစ်ခုပေါ့"

သူမက သနားဖွယ်ကောင်းသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ ဤအချက်ကပင် ထိုမြူခိုးနယ်မြေထဲ၌ သူမ တစ်ခုခုဖြစ်ပွားခဲ့ကြောင်း ကျိုးရီကို အတည်ပြုပေးလိုက်သည်။

"ယုမေကြောင့်သာ ငါ အပြင်ကို ထွက်လာနိုင်ခဲ့တာ"

သူမက ဆက်ပြောလိုက်သည်။

ကျိုးလီချင်း၏ တုံ့ပြန်မှုက ကျိုးရီထံမှ မေးခွန်းများ ပိုထွက်လာစေရန်သာ ဖြစ်စေခဲ့သည်။ သို့သော် သူမ၏ စိုးရိမ်တကြီးဖြစ်နေမှုနှင့် ထိတ်လန့်နေပုံတို့ကို ကြည့်ကာ သူမထံမှ တစ်စုံတစ်ရာ ရနိုင်မည်ဟု မထင်တော့ပေ။ ထပ်မံ၍ အတင်းအကျပ်မေးမြန်းခြင်းက ပို၍ပင် ဆိုးရွားသွားနိုင်ချေ ရှိသည်။

ယုမေ မည်သို့ လုပ်ဆောင်ခဲ့သည်ကို သူ မသိသော်လည်း ညီမဖြစ်သူကို ကယ်တင်ပေးခဲ့သည့်အတွက် ယုမေ၏ ကျေးဇူးကို ပြန်ဆပ်မည်ဟု စိတ်ထဲတွင် မှတ်သားထားရင်း ကျိုးရီ သက်ပြင်းချလိုက်မိ၏။

မြူခိုးနယ်မြေက လူများအား တစ်ဦးချင်းစီ ခွဲထုတ်ထားသည်ဟု သူ ယူဆထားပြီး သူ သတိရလာချိန်တွင် အသိစိတ်လွတ်ကာ မြေပြင်ပေါ်၌ ရှိနေခြင်းကို ထောက်ရှု၍ ၎င်းက အစစ်အမှန် နေရာတစ်ခုမဟုတ်ကြောင်း သူ၏မသိစိတ်မှ ခံစားမိလေသည်။

ယုမေနှင့် ဟယ်ရှန်းတို့က သူနှင့် သိပ်မဝေးလှသော နေရာတွင် ရှိနေကြသည်။ ဟယ်ရှန်းက ယခင်အတိုင်းပင်ဖြစ်ကာ လက်ထဲတွင် လေးတစ်လက်ကို ကိုင်ဆောင်ထားပြီး ဖြစ်လာနိုင်ချေရှိသော အန္တရာယ်များကို သတိထား၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။ သူက ယုမေနှင့် သတိကြီးစွာ ခွာ၍ နေလေသည်။

ယုမေမှာမူ အသိစိတ်လွတ်နေခြင်း မရှိတော့ပေ။ ကျိုးရီ သေချာမသိသော်လည်း သူမက ယခင်ကနှင့် ကွာခြားသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများက ယခင်ကထက် ပိုမိုကြည်လင်နေပုံရပြီး ပို၍ လွတ်လပ်သွားပုံပေါ်သည်။

"ဟယ်ရှန်း၊ ယုမေ... မင်းတို့အားလုံး ဘေးကင်းကင်းနဲ့ ထွက်လာနိုင်တာ ဝမ်းသာပါတယ်"

ကျိုးရီက အပြုံးတစ်ခုဖြင့် သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။ သို့သော် ထိုအပြုံးက သတိကြီးလှသော ဟယ်ရှန်းထံမှ ချိန်ရွယ်ထားသည့် မြားတစ်စင်းကိုသာ ရရှိစေခဲ့၏။ ဤအတွက် သူ ခါးသက်သက် ပြုံးလိုက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။

"ရှင်လည်း ဘေးကင်းကင်းနဲ့ ထွက်လာနိုင်လို့ ဝမ်းသာပါတယ်"

ယုမေက အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"နေပါဦး၊ ငါ ပြန်ပေါ်လာတာ အချိန်ဘယ်လောက်ကြာပြီလဲ"

ကျိုးရီက ရုတ်တရက် မေးလိုက်၏။

နာရီပေါင်းများစွာကြာအောင် အထီးကျန်ဆန်သော မြူခိုးများထဲတွင် လမ်းလျှောက်ခဲ့ရခြင်း၊ မိဘများနှင့် တွေ့ဆုံကာ ခွဲခွာခဲ့ရခြင်းနှင့် နောက်ဆုံးတွင် အသိစိတ်လွတ်နေသော အခြေအနေဖြင့် ပြန်လည်ပေါ်ထွက်လာခြင်း စသည့် စိတ်ခံစားမှုပေါင်းစုံကို သူ ဖြတ်သန်းခဲ့ရလေသည်။

ထို့ကြောင့် ထိုမြူခိုးနယ်မြေက မည်သည့်နေရာဖြစ်စေကာမူ ၎င်းထဲတွင် သူ အနည်းဆုံး အချိန်လေးနာရီခန့် ကုန်ဆုံးခဲ့သည်ကိုပင် မေ့လျော့နေခဲ့၏။

သူတို့ရောက်ရှိနေသည့် တောင်တန်းက မည်မျှကြီးမားသည်ကို သူ မသိသော်လည်း လေးနာရီဟူသော အချိန်ကာလမှာ အခြားပါဝင်ယှဉ်ပြိုင်သူများအတွက် သိသာထင်ရှားသည့် တိုးတက်မှုများ ပြုလုပ်ရန် လုံလောက်သော အချိန်တစ်ခု ဖြစ်ပေသည်။

"ယုမေနဲ့ ငါ ထွက်လာပြီး မိနစ်အနည်းငယ်အကြာမှာ နင် ပေါ်လာတာပဲ။ ငါတို့ရောက်တဲ့အချိန်မှာ ဟယ်ရှန်းက ဒီကိုကြိုရောက်နှင့်နေပြီ"

ကျိုးလီချင်းက အဖြေပေးလိုက်သည်။

"ဟယ်ရှန်း၊ မင်း ဒီကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာလိုက်လဲ"

ကျိုးရီက မေးလိုက်သည်။

"နာရီအနည်းငယ်လောက်ပေါ့"

ဟယ်ရှန်းက ပတ်ဝန်းကျင်ကို အနီးကပ် စောင့်ကြည့်နေရင်း ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်၏။

"အတိအကျပြောလို့ မရဘူးလား"

ကျိုးရီက စိတ်ပျက်လက်ပျက် အမူအရာဖြင့် မေးလိုက်လေသည်။

"ငါ မသိဘူးလေ။ အဲဒီအချိန်တစ်လျှောက်လုံး သားကောင်ရှာနေခဲ့တာ။ အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ ငါ မသိလိုက်ဘူး။ သတိထားမိတဲ့အချိန်မှာ ဒီကိုရောက်နေပြီ။ ငါ အချိန်အကြာကြီး ခြေရာခံပြီး သတ်ထားတဲ့ သားကောင်ကိုတောင် မစားလိုက်ရဘူး"

ဟယ်ရှန်းက ညည်းညူလိုက်သည်။

"မင်းတို့နှစ်ယောက်ကရော ဘယ်လိုလဲ"

ဟယ်ရှန်းထံမှ မည်သည့်အချက်အလက်မျှ ရနိုင်မည် မဟုတ်ကြောင်း သိလိုက်ရချိန်တွင် ကျိုးရီက ကျန်နှစ်ဦးကို မေးလိုက်၏။

ကျိုးလီချင်းက အစပိုင်းတွင် အဖြေပေးရန် အနည်းငယ် တုံ့ဆိုင်းနေပုံရပြီး နောက်ဆုံးတွင် ပြောလိုက်လေတော့သည်။

"လေးနှစ်"

All Chapters