အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) - ပထမဆုံး အောင်မြင်သော ယှဉ်ပြိုင်သူ
သူမ၏ အဖြေကြောင့် ကျိုးရီ၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်မတတ်ပင် ဖြစ်သွားလေသည်။
"လေးနှစ် ဟုတ်လား"
သူ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ သို့သော် မိဘများကို တွေ့ခဲ့သလားဟု မေးစဉ်က မြင်ခဲ့ရသည့် အပြစ်ရှိသဖွယ် အနေခက်နေသော အမူအရာမျိုး သူမထံတွင် ထပ်တွေ့လိုက်ရချိန်၌ သူ၏ လေသံကို လျှော့ချလိုက်လေသည်။
"ငါတို့ ရေတံခွန်ကိုဖြတ်ပြီး ဒီကိုရောက်လာတာ ငါးမိနစ်ထက်တောင် မပိုသေးဘူးလေ"
တိတ်ဆိတ်နေခဲ့သော ယုမေက ဝင်ပြောလိုက်သည်။
ကျိုးရီမှာ ယုံကြည်ရန် ခက်ခဲနေဆဲပင်။ ယုမေက ဤသည်ကို သိနေသည့်အလား ထပ်မံဖြည့်စွက်လိုက်လေသည်။
"အဲဒီနေရာရဲ့ အလုပ်လုပ်ပုံက ဒီနဲ့မတူဘူး။ ဟိုမှာ နှစ်တွေအကြာကြီး ကုန်သွားရင်တောင် ဒီမှာက မိနစ်အနည်းငယ်ပဲ ရှိဦးမှာ။ နင့်ရဲ့ ခန္ဓာကိုယ်အစစ်က အဲဒီမှာ ရှိမနေခဲ့ဘူးလေ"
"ဒါဆို အဲဒီနေရာက ဘာကြီးလဲ"
ကျိုးရီက ဇဝေဇဝါဖြင့် မေးလိုက်၏။
"နင့်ရဲ့ စိတ်နှလုံးသားလို့ ထင်တာပဲ"
ယုမေက ဖြေလိုက်သည်။ သူမ၏ တုံ့ပြန်မှုကြောင့် ကျိုးလီချင်းထံမှ အမူအရာတစ်ခု ထွက်ပေါ်လာပြီး မျက်နှာသွင်ပြင်မှာ ပို၍ မှုန်ကုပ်သွားလေသည်။
'ဟိုအထဲမှာ သူ ဘာတွေများ ဖြစ်ခဲ့တာလဲ။ အဲဒီလေးနှစ်တာကာလအတွင်း ဘာတွေကြုံတွေ့ခဲ့ရလို့လဲ'
ကျိုးရီက စိတ်ထဲမှ တွေးလိုက်သည်။
သူမအပေါ် မည်သည့်အရာများ ကျရောက်ခဲ့သည်ဖြစ်စေ၊ ထိုအရာက အမာရွတ်တစ်ခုအနေနှင့် ချန်ရစ်ထားခဲ့လေပြီ။
နှစ်ကာလများတစ်လျှောက် ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့ပြီးနောက် သူမအပေါ် ဤမျှအထိ သက်ရောက်မှုရှိစေသည့် အရာတစ်ခုဖြစ်နေသဖြင့် မည်မျှဆိုးရွားမည်နည်းဟု ကျိုးရီမှာ မနေနိုင်ဘဲ စိုးရိမ်ပူပန်လာမိတော့သည်။
"ငါတို့အားလုံး ဖြတ်ကျော်လာနိုင်ခဲ့ပြီဆိုတော့ ဒီကနေ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဆွေးနွေးသင့်တယ်။ ယုမေ ပြောစကားအရဆိုရင် တခြားယှဉ်ပြိုင်သူတွေက ငါတို့ထက် အများကြီး ရှေ့ရောက်မနေလောက်ဘူး၊ ငါတို့ထက် စောထွက်သွားတဲ့သူတွေတောင် ပါသေးတယ်"
ကျိုးရီက ပြောလိုက်၏။
"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဟယ်ရှန်းက ဟိုဘက်တစ်ကီလိုမီတာလောက်မှာ သတိလစ်နေတဲ့ ခန္ဓာကိုယ်တချို့ကို တွေ့ခဲ့တယ်လို့ ပြောတယ်"
ကျိုးလီချင်းက သူတို့၏ အနောက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဘယ်လိုမျိုး သတိလစ်နေတာလဲ။ အတိုက်ခိုက်ခံရလို့လား"
"မဟုတ်ဘူး၊ ကျွန်တော်တို့ ခင်ဗျားကို တွေ့ခဲ့တဲ့ပုံစံအတိုင်းပဲ"
ဟယ်ရှန်းက သူတို့ရှိရာသို့ လျှောက်လာရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ထိုင်ချလိုက်သည်။
"တစ်ခုခုရဲ့ တိုက်ခိုက်ခံရတာ မဟုတ်ဘူးဆိုတာ သေချာလို့လား"
ကျိုးရီက မေးလိုက်၏။
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်နိုင်ပေမဲ့ သေမင်းနဲ့ စုန်ချည်ဆန်ချည် လွန်ဆွဲပြီး ဘဝရဲ့တစ်ဝက်ကို ကုန်ဆုံးခဲ့ရတဲ့ မုဆိုးတစ်ယောက်အနေနဲ့ လူတစ်ယောက် အတိုက်ခိုက်ခံရသလား၊ မခံရဘူးလားဆိုတာကို ခွဲခြားသိနိုင်လောက်တဲ့ အတွေ့အကြုံတော့ ရှိပါတယ်ဗျ”
“သူတို့ရဲ့ အသက်ရှူနှုန်းက ပုံမှန်ပဲ၊ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းကလည်း တည်ငြိမ်တယ်။ ကျုပ် သူတို့ခန္ဓာကိုယ်တွေကို စစ်ဆေးကြည့်တော့လည်း ထင်ရှားတဲ့ ဒဏ်ရာအမှတ်အသားတွေ မရှိဘူး”
“ပြီးတော့ ကျုပ်သိထားတဲ့ အဆိပ်စစ်ဆေးနည်းတချို့ကို သုံးကြည့်ပေမဲ့ ဘာမှမတွေ့ရဘူး"
ယုံမှားသံသယအဝင်ခံရသည့်အတွက် မကျေမနပ်ဖြစ်သွားသော ဟယ်ရှန်းက ဖြေလိုက်လေသည်။
'သူက ပေါ့တီးပေါ့ပျက်နိုင်တဲ့ပုံပေါ်ပေမဲ့ တော်တော်လေး စေ့စပ်သေချာတဲ့ လူတစ်ယောက်လိုပါလား'
ကျိုးရီက ဟယ်ရှန်းအား အမြင်သစ်တစ်ရပ်ဖြင့် အကဲဖြတ်ရင်း စိတ်ထဲမှ တွေးလိုက်ပေသည်။
"လူတစ်ယောက်က အဲဒီအထဲမှာ ထာဝရ ပိတ်မိသွားနိုင်လား"
ကျိုးရီက ၎င်းတို့ရောက်ရှိနေသော နေရာအကြောင်းကို ပိုသိပုံရသည့် တစ်ဦးတည်းသောသူဖြစ်သော ယုမေထံသို့ ထိုမေးခွန်းကို ဦးတည်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"ဖြစ်နိုင်တယ်"
ယုမေက ဖြေလိုက်၏။
ကျိုးရီမေးခွန်း၏ ရည်ရွယ်ချက်ကို သူမအား ရှင်းပြစရာ မလိုပေ။ ဟယ်ရှန်းတွေ့ခဲ့သည့် သတိလစ်နေသော ယှဉ်ပြိုင်သူများသည် မြူခိုးနယ်မြေထဲတွင် ၎င်းတို့မြင်တွေ့ခဲ့ရသမျှကို မကျော်လွှားနိုင်ခဲ့သူများ ဖြစ်နိုင်ပေသည်။
"သတိလစ်နေတဲ့ ယှဉ်ပြိုင်သူတွေ များလေလေ၊ ငါတို့အတွက် အကျိုးရှိလေလေပဲ။ အခု ငါတို့ရဲ့ အဓိက အာရုံစိုက်ရမှာက နောက်ထပ် ဘာလုပ်မလဲ ဆိုတာပဲ”
“ငါတို့ရဲ့ အစွမ်းအစအားလုံးကို ဘေးကင်းဇုန်တွေ ရှာဖွေဖို့ သုံးရမယ်လို့ ငါထင်တယ်။ ပြီးတော့ လမ်းတစ်လျှောက်မှာ ဘေးကင်းဇုန်တွေဆီရောက်ရင် သုံးလို့ရမယ့် စာအုပ်ငယ်ထဲက ဆေးပင်တချို့ကိုလည်း ရှာလို့ရတယ်။ ငါတို့ရဲ့ လက်ရှိခွန်အားက တော်တော်လေး ရှင်းတယ်..."
ကျိုးရီက ကျန်သုံးဦးကို အကဲခတ်ကြည့်ရင်း စကားကို ခေတ္တရပ်လိုက်သည်။
"လက်ရှိခွန်အားနဲ့ဆို ငါတို့ သိပ်ခရီးရောက်နိုင်မယ် မထင်ဘူး။ တစ်နည်းနည်းနဲ့တော့ ခွန်အားကို မြှင့်တင်ရမယ်။ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင်လုပ်ရမယ်၊ ဒါမှမဟုတ် နည်းစနစ်တွေကို မြှင့်တင်ရမယ်၊ ဒါမှမဟုတ်ရင်လည်း နှစ်ခုလုံး လုပ်ရမယ်”
“ဒါပေမဲ့ ဘယ်ရွေးချယ်မှုကိုပဲဖြစ်ဖြစ် ကာကွယ်မှုပေးနိုင်တဲ့ ဘေးကင်းဇုန်တွေ မရှိဘဲနဲ့တော့ ငါတို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ရော ဘယ်လိုထင်လဲ"
ကျိုးရီက မေးလိုက်၏။
"ဒါပေမဲ့ အဲဒီဇုန်တွေကို ငါတို့ ဘယ်လိုရှာရမလဲ။ ငါတို့ကို အဲဒီဇုန်တွေရဲ့ တည်နေရာကိုပြထားတဲ့ မြေပုံတစ်ခု ပေးထားတာမှ မဟုတ်တာ။ နွားဖားအမှတ်တံဆိပ်ကလွဲလို့ ငါတို့ဆီမှာ အသုံးချစရာ ဘာမှမရှိဘူး"
ဟယ်ရှန်းက ပြောလိုက်သည်။
"ဟယ်ရှန်းပြောတာကို ငါသဘောတူတယ်။ အဲဒါကို ရှာဖို့အတွက် ငါတို့ အချိန်တွေ အများကြီး ကုန်ဆုံးသွားနိုင်တယ်။ ငါတို့ မနှောင့်နှေးရအောင် အဲဒီနေရာကို ရှာရင်းနဲ့ တောင်ပေါ်ကို တက်သွားရင်ကောင်းမလား"
ကျိုးလီချင်းက ပြောလိုက်သည်။
"ယုမေ၊ နင့်မှာရော အကြံတစ်ခုခုရှိလား"
ကျိုးရီက မေးလိုက်၏။
"အင်း... ဒါက အထောက်အကူ ဖြစ်မလားတော့ ငါမသိဘူး။ ဒါပေမဲ့ ငါက ကလေးဘဝတည်းက တချို့အရာတွေ၊ နေရာတွေနဲ့ ပတ်သက်ရင် အာရုံခံနိုင်စွမ်း ရှိတယ်”
“တချို့က များသောအားဖြင့် ကောင်းပေမဲ့ တချို့ကတော့ ဆိုးတယ်။ ဒါပေမဲ့ အဲဒီနေရာတွေထဲ မဝင်ခင် ဒါမှမဟုတ် တိုက်ရိုက်မထိတွေ့ခင်မှာတော့ ကောင်းလား၊ ဆိုးလားဆိုတာကို ငါ ဘယ်တော့မှ မသိနိုင်ဘူး။ အများစုကတော့ ဆိုးတဲ့အရာတွေ ဖြစ်လေ့ရှိတာပေါ့လေ"
ယုမေက ခါးသီးစွာ ရယ်မောရင်း ပြောလိုက်လေသည်။
သူမ၏ အမူအရာကို မြင်သောအခါ သူတို့သုံးဦးမှာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။ သူတို့အားလုံးသည် အဖြစ်ဆိုးများမှ ပေါက်ဖွားလာသော ထိုကဲ့သို့ အမူအရာမျိုးနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေကြပေသည်။
"ငါတို့ဆီမှာ အဲဒီဘေးကင်းဇုန်တွေရဲ့ တည်နေရာကို ပြထားတဲ့ မြေပုံမရှိပေမဲ့ သူတို့တည်ရှိနေတယ်ဆိုတဲ့ အချက်လေးတစ်ခုကတင် ငါတို့လိုအပ်တဲ့ တစ်ခုတည်းသောအရာပဲ”
“ဟယ်ရှန်း၊ မင်း ရက်ပေါင်းများစွာကြာတဲ့ အမဲလိုက်ခရီးတွေ ထွက်တဲ့အခါ ညဘက်ဆို ဘယ်လိုနေရာမျိုးမှာ အိပ်ဖို့ ရွေးချယ်လေ့ရှိလဲ"
ကျိုးရီက ပြုံး၍ မေးလိုက်၏။
"အချက်ပေါင်းများစွာပေါ် မူတည်တာပေါ့ဗျာ။ ကျုပ် အမဲလိုက်တဲ့ နေရာ၊ အဲဒီနေရာမှာရှိတဲ့ သားရဲတွေနဲ့ အပင်တွေ၊ ရာသီဥတု..."
ဟယ်ရှန်းသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် အဆုံးအစမရှိ တရစပ် ပြောဆိုနေသောကြောင့် ကျိုးရီမှာ ထိုမေးခွန်းကို မေးမိသည်ကိုပင် နောင်တရသွားလေသည်။
အရာရာကို ပိုမိုသေချာစွာ ရှင်းပြနိုင်ရန်အတွက် လက်နှစ်ဖက်ကို လွတ်လပ်စွာ အသုံးပြုနိုင်စေရန် ဟယ်ရှန်းသည် သူ၏လေးကိုပင် ကျောပေါ်သို့ ပြန်လွယ်လိုက်သေးသည်။
ဆယ်မိနစ်ခန့် ကြာသည့်တိုင်အောင် ဟယ်ရှန်းမှာ ရပ်တန့်မည့် အရိပ်အယောင် မပြသောကြောင့် အမဲလိုက်စဉ် မည်သို့အိပ်ရမည်ကို နာရီပေါင်းများစွာ လမ်းညွှန်ခံနေရမည် စိုးသဖြင့် ကျိုးရီမှာ သူ၏ စကားကို အတင်းအကျပ် ဖြတ်ပစ်လိုက်ရတော့သည်။
"ငါ ဆိုလိုချင်တာက ဒါပဲ။ ဘေးကင်းဇုန်တွေက ဒီနေရာမှာ ထူးခြားတဲ့ သဘာဝလွန်နေရာတွေ ဖြစ်နေလိမ့်မယ်”
“အထူးသဖြင့် ဒီတောင်ကြီးပေါ်မှာ ဝိညာဉ်သားရဲတွေနဲ့ အပင်တွေလို အန္တရာယ်ရှိတဲ့ အရာတွေ ပြည့်နှက်နေတယ်ဆိုရင်ပေါ့။ အဲဒီနေရာတွေ ဘေးကင်းဖို့အတွက်ဆိုရင် အဲဒီအရာတွေ အနားမလာနိုင်အောင် တားဆီးပေးနိုင်တဲ့ လက္ခဏာရပ်တွေ ရှိရမယ်”
“နေရာတစ်ခုက အန္တရာယ်များလေလေ၊ အဲဒီဇုန်တွေကို ရှာတွေ့ဖို့ လွယ်ကူလေလေပဲ။ ငါတို့က ဒီလိုအတွေးမျိုးနဲ့ပဲ အဲဒီနေရာတွေကို ရှာဖွေဖို့ လိုအပ်တယ်”
“ကံကောင်းတာက ငါတို့ဆီမှာ ဝိညာဉ်သားရဲတွေရဲ့ အလေ့အထတွေကို ခြေရာခံပြီး လေ့လာတတ်တဲ့ ဝါရင့်မုဆိုးတစ်ယောက် ရှိနေသလို ကောင်းကျိုး၊ ဆိုးကျိုး နှစ်ခုလုံးကို အာရုံခံနိုင်စွမ်းရှိတဲ့ လူတစ်ယောက်လည်း ရှိနေတယ်”
“ငါတို့အတွက် အကျိုးပြုမယ့် ဒီလိုအရာတွေ ရှိနေမှတော့ ဘေးကင်းဇုန်ကို ရှာတွေ့ဖို့ဆိုတာ အချိန်ပြဿနာပဲ ရှိတော့တယ်"
ကျိုးရီက အောင်ပွဲခံသည့် အပြုံးဖြင့် ပြောလိုက်လေသည်။
.....
"အမြွှာတွေ အောင်မြင်သွားတဲ့ပုံပဲ"
ခန်းဟွေ့လန်က ပြောလိုက်၏။
"သူတို့နှစ်ယောက်လုံး အောင်မြင်မယ်လို့ ကျုပ် ထင်ခဲ့တာ။ ကျိုးလီချင်း ကျရှုံးလုနီးပါး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“အရင်တုန်းက အဖြစ်ဆိုးက သူမအပေါ် လွှမ်းမိုးထားတုန်းပဲ။ အဲဒါကိုသာ မဖြေရှင်းနိုင်ရင် သူမရဲ့ အနာဂတ် တိုးတက်မှုကိုပါ ထိခိုက်သွားနိုင်တယ်"
ယန်ချင်းက သက်ပြင်းချရင်း ပြောလိုက်လေသည်။
"တကယ်အံ့ဩစရာပဲ။ တကယ်လို့ သူမသာ အထဲရောက်သွားရင် နည်းပြတွေက သူမကို ဒါတွေကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်။ ကံကောင်းတာက ရေတံခွန်ကြောင့် သူမလည်း အခု အဲဒီအကြောင်းကို သတိပြုမိသွားပြီလေ"
တိုင်ချန်က ပြောလိုက်၏။
"ယှဉ်ပြိုင်သူတွေကြားထဲမှာ ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး။ အထူးစစ်ဆေးရေးမှူးတွေသာ သူမအကြောင်း ကြားသွားရင် ချက်ချင်း လုယူသွားကြမှာ သေချာတယ်"
ရှားပေါ်ချင်းက တောင်အောက်ခြေသို့ အကြည့်ရောက်သွားရင်း ပြောလိုက်သည်။
"သူမ ဒီလောက်ကြာကြာ ဘယ်လို ရှင်သန်နိုင်ခဲ့တာလဲ ဆိုတာက အံ့ဩစရာပဲ"
"သူမနေတဲ့နေရာမှာရှိတဲ့ သူမနားကလူတွေက ဒါကို မသိတာဖြစ်နိုင်တယ်။ ဒီလိုမှမဟုတ်ရင် သူမရဲ့ကံကြမ္မာက အဆိုးဘက်ကို ဦးတည်သွားလောက်ပြီ။ ကံကောင်းလို့ သူမ ဒီကို ရောက်လာတာပဲ”
“မင်းက သူမကို စာမေးပွဲကနေ ကင်းလွတ်ခွင့် ပေးမှာလား။ သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်က အန္တရာယ်တွေကြောင့် ကျရှုံးသွားရင်တောင်မှ နောက်ကြောင်းပြန်လှည့်ခိုင်းလို့ မရဘူး”
“အဲဒီလိုလုပ်လိုက်ရင် သူမကို နာကျင်ခံစားပြီး သေဆုံးဖို့ ပြစ်ဒဏ်ချမှတ်တာနဲ့ ဘာမှမကွာဘူးလေ"
"ငါ ကင်းလွတ်ခွင့် ပေးထားပြီးသားပါ။ ဒါပေမဲ့ သူမကို စာမေးပွဲ ဆက်ဖြေခွင့်ပေးထားရင် ကောင်းမယ် ထင်လို့ပါ။ ဒါက သူမအတွက် ကောင်းနိုင်သလို ဒီအဖွဲ့က ဘယ်လိုစွမ်းဆောင်နိုင်မလဲ ဆိုတာကိုလည်း ငါ သိချင်နေတယ်"
ယန်ချင်းက ပြောလိုက်လေသည်။