← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း (၃၁၇) - အံ့အားသင့်ဖွယ် ပါဝင်ယှဉ်ပြိုင်သူများ

ချူမျိုးနွယ်စုဝင်တစ်ဦး သေဆုံးကြောင်း သတင်းပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ကျိုးလီချင်း၏ မီးမွှေးမှုက အပြည့်အဝ အလုပ်ဖြစ်သွားခဲ့ပြီး ချူမျိုးနွယ်စုမှာ ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံလိုက်ရလေသည်။

နောက်နှစ်နှစ်ကြာသည့်တိုင်အောင် အကြီးစားသတ်ပွဲကြီးတစ်ခု ဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချ၍ ကျိုးလီချင်းက ကျိုးမျိုးနွယ်စုမှ လူတိုင်းအား သတ်ဖြတ်ခဲ့သည်။ သူမက သူတို့အားလုံးကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ထားခြင်းပင်။

အရှက်အကြောက်ကြီးသော မိန်းကလေးမှာ သူမ၏ ရည်မှန်းချက်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဝန်မလေးသည့် ရက်စက်ကောက်ကျစ်သော လူသတ်သမားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

အဆိပ်ခတ်ခြင်း၊ ကျိန်စာတိုက်ခြင်း၊ လုပ်ကြံဖန်တီးခြင်းစသည့် မည်သည့်လုပ်ရပ်ကိုမဆို သူမ လုပ်ဆောင်ရဲပေသည်။

သို့ရာတွင် ကျိုးမျိုးနွယ်စု၌ ကျန်ရှိနေသေးသော သူမ၏ အဘိုးဖြစ်သူမှာ ချူမိသားစုမှ လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် သူမ၏ အစီအစဉ်တစ်ခုအတွင်း မတော်တဆ သေဆုံးသွားခဲ့ချိန်၌ သူမ၏ လူသတ်ပွဲကြီးမှာ ရုတ်တရက် အဆုံးသတ်သွားခဲ့ရ၏။

ပူဆွေးသောကရောက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ မသေဆုံးမီ ယုမေက ထိုအိပ်မက်ဆိုးထဲမှ ဆွဲထုတ်ကယ်တင်ပေးခဲ့လေသည်။

အိပ်မက်ကမ္ဘာရေတံခွန်၏ မူလရင်းမြစ်မှ ဖန်တီးထားသော အထူးရတနာပစ္စည်းတစ်ခုကြောင့် ထိုဖြစ်ရပ်တစ်ခုလုံးကို ယန်ချင်းနှင့် အခြားသူများက မြင်တွေ့ခဲ့ရ၏။

အခြေအနေများ ဤသို့ပြောင်းလဲသွားလိမ့်မည်ဟု ယန်ချင်း မမျှော်လင့်ထားခဲ့မိကြောင်း ပြောလျှင်ပင် လျှော့ပြောရာကျပေလိမ့်မည်။ ကျိုးလီချင်းထံတွင် ဤကဲ့သို့သော အမှောင်ဘက်ခြမ်း ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

အကယ်၍ ယုမေသာ ဝင်မပါခဲ့လျှင် ကျိုးလီချင်းမှာ ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။ သူတို့မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်များအရ သူမကို စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူတစ်ဦးအဖြစ် သတ်မှတ်ကာ အရည်အချင်းမပြည့်မီဟု ဆုံးဖြတ်ရန် လုံလောက်နေပြီ ဖြစ်သော်လည်း ရုံးတော်တွင် သူမ၏ရင်ထဲ၌ မြှုပ်နှံထားသော စိတ်ဒဏ်ရာများနှင့် ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများစွာ ရှိပေသည်။

ထို့ကြောင့် ယန်ချင်းက သူမကို စာမေးပွဲ ဆက်လက်ဖြေဆိုခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ နောက်ကွယ်တွင် 'ကံကြမ္မာ' ဟူသော အခြားအကြောင်းရင်းတစ်ခုလည်း ပါဝင်နေလေသည်။

သာမန်လူများအတွက် ကံကြမ္မာဆိုသည်မှာ ကိုင်တွယ်ပြသ၍မရနိုင်သော အရာတစ်ခုဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ ၎င်းသည် အလွန်ပင် လက်တွေ့ကျသော အရာတစ်ခု ဖြစ်ပေသည်။

ကျိုးလီချင်းသည် သူမအတွက် အသက်ကယ်ကြိုးတစ်ချောင်း ဖြစ်လာမည့် ယုမေအား ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့ချိန်တွင် သူမ၌ ထိုကံကြမ္မာ ပါလာခဲ့ခြင်းပင်။

ကျင့်ကြံခြင်းလောကတွင် ကံကြမ္မာသည် မမြင်ရသော သဘောတရားတစ်ခု ဖြစ်သော်လည်း အမှန်တကယ် တည်ရှိနေသော အရာတစ်ခုအဖြစ် သတ်မှတ်ထားကြ၏။

ကမ္ဘာကြီး၏ လည်ပတ်မှုကို လမ်းညွှန်ပေးနေသော နေရာဒေသ၊ အချိန်ကာလ၊ ကံတရားနှင့် အခြားသော အဓိကတာအိုများကဲ့သို့ ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကံကြမ္မာကိုလည်း ထည့်သွင်းရေတွက်နိုင်ပေသည်။

အကယ်၍ ကံကြမ္မာကိုသာ အရေအတွက်ဖြင့် တိုင်းတာနိုင်မည်ဆိုပါက နာမည်ကျော်ကြားသည့် ကျင့်ကြံသူတိုင်းတွင် အမြင့်မားဆုံးသော ကံကြမ္မာပမာဏ ပါရှိတတ်ကြသည်။ ထိုနှစ်ခုကို တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရနိုင်ပေ။

သွေးမျိုးဆက်ကို နိုးထစေရန် အထောက်အကူပြုသည့် သဘာဝဆေးဖက်ဝင်အပင်တစ်ပင်ကို ရုတ်တရက် တွေ့ရှိသွားခြင်း၊ ဉာဏ်အလင်းပွင့်စေရန် ကူညီပေးနိုင်သည့် တာအိုဂုဏ်သတ္တိများပါရှိသော ဝိညာဉ်သွေးကြောရှိသည့် ဂူတစ်ခုတွင် အနားယူမိခြင်း၊ အကုန်အစင် လုယက်ခံထားရသော အပျက်အစီးနေရာအတွင်းသို့ ဝင်ရောက်သွားသော်လည်း ရှေးယခင်ကတည်းက ပျောက်ဆုံးနေသော အမွေအနှစ်တစ်ခု ပါဝင်နေသည့် တန်ဖိုးမရှိဟု ထင်ရသော ပစ္စည်းအကျိုးပဲ့တစ်ခုကို ကောက်ရသွားခြင်း စသည်တို့ပင် ဖြစ်သည်။

ဤဖြစ်ရပ်တိုင်းတွင် ကံကြမ္မာ၏ ကြိုးမျှင်များ ပါဝင်နေပြီး ယန်ချင်းအပါအဝင် ကျင့်ကြံသူတိုင်း ထိုအရာနှင့် ထိတွေ့ဖူးကြကာ ယခုအခါ ကျိုးလီချင်းလည်း အလားတူပင် ဖြစ်ပေသည်။

အနာဂတ်တွင် သူမအနေဖြင့် ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို လုပ်ဆောင်နိုင်လာမည်လားဆိုသည်ကို မည်သူသိနိုင်မည်နည်း။

ဤအချိန်လေးက သူမအတွက် ထိုအရာကို အစပျိုးပေးလိုက်ခြင်းပင် ဖြစ်သည်။ ယန်ချင်းအနေဖြင့် စိုးရိမ်ဖွယ်အတွေးများ ရှိနေသော်လည်း သူမကို ထိုအခွင့်အရေး ရယူစေကာ ရှာဖွေခွင့်ပေးလိုက်ရန် ဆန္ဒရှိနေလေသည်။

...

"ဒီစာမေးပွဲကတော့ တကယ်ကို အံ့ဩစရာတွေ အပြည့်ပဲ"

ယန်ချင်းက ပြောလိုက်ရာ ကျန်သူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။

ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ယုမေလည်း ရှိနေ၏။ ထိုခန္ဓာကိုယ်ကို ရရှိခြင်းက ကောင်းချီးတစ်ခုဖြစ်သကဲ့သို့ ကျိန်စာတစ်ခုလည်း ဖြစ်ပေသည်။

သင်သည် ဩဇာကြီးမားသော နောက်ခံရှိသူ၊ သာမန်မိသားစုမှ ဆင်းသက်လာသူ သို့မဟုတ် ဆင်းရဲကျပ်တည်းသော အခြေအနေမျိုးတွင် မွေးဖွားလာသူ ဖြစ်စေကာမူ ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတိုင်းသည် ယင်းခန္ဓာကိုယ်က သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်လာမည်လော သို့မဟုတ် ကျိန်စာတစ်ခု ဖြစ်လာမည်လောဆိုသည်ကို အန်စာတုံးလိမ့်သကဲ့သို့ ကံစမ်းရပေမည်။

ထိုခန္ဓာကိုယ်မှာ အသုံးပြုသူအား ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို မပေးစွမ်းနိုင်သော်လည်း ၎င်းကို ထိပ်တန်းအဆင့် ခန္ဓာကိုယ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

၎င်းက ပိုင်ရှင်ဖြစ်သူကို ကြည်လင်ပြတ်သားမှုအား ပေးစွမ်းနိုင်ပြီး ထိုကြည်လင်ပြတ်သားမှုက မိမိကိုယ်ကို သိရှိခြင်းဟူသည့် အဓိပ္ပာယ်သက်သက်သာမက တာအိုကိုပင် ထိတွေ့နိုင်စွမ်းရှိလေသည်။

ထိုခန္ဓာကိုယ်ပိုင်ရှင်တိုင်းသည် စိတ်အာရုံကို လှည့်စားခြင်းများနှင့် စိတ်နှလုံးကို ဦးတည်တိုက်ခိုက်သော သက်ရောက်မှုများအား ခုခံနိုင်စွမ်း ရှိကြသည်။ သူတို့ကို အလွယ်တကူ လှည့်စား၍ မရနိုင်ပေ။

အထူးသဖြင့် စိတ်နှလုံးဆေးကြောခြင်းရေတံခွန်ကဲ့သို့ သူတို့၏ နက်ရှိုင်းသော လိုအင်ဆန္ဒများကို အသုံးပြုသည့် နည်းလမ်းများ ပါဝင်နေလျှင်ပင် သက်ရောက်နိုင်စွမ်းမရှိချေ။

ထို့ကြောင့်ပင် ယုမေသည် ရေတံခွန်အတွင်း၌ မည်သည့်သက်ရောက်မှုကိုမျှ မခံရဘဲ ထိုနေရာ၌ မိမိကိုယ်ကို ဆုံးရှုံးလုနီးပါးဖြစ်နေသော ကျိုးလီချင်းကိုပင် အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် အသုံးပြုသူအနေဖြင့် သူတို့၏ ခန္ဓာကိုယ်စွမ်းရည်ကို ပိုမိုဖော်ထုတ်နိုင်လေလေ ခုခံနိုင်စွမ်းသည် အဆိပ်နှင့် ကျိန်စာများအထိပါ ပျံ့နှံ့သွားလေလေ ဖြစ်သည်။

သို့သော် ၎င်းကို ထိပ်တန်းအဆင့် ခန္ဓာဖွဲ့စည်းပုံတစ်ခု ဖြစ်လာစေသည့် အချက်မှာ အသုံးပြုသူအား ငယ်ရွယ်စဉ်ကတည်းကပင် တာအိုကို ခံစားသိရှိနိုင်စွမ်း ရှိစေခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ မွေးကင်းစအရွယ်တွင်ပင် ထိုစွမ်းရည်မျိုး ရှိနေတတ်သည်။

ဖန်သားကျောက်စိမ်းနှလုံးသား ခန္ဓာကိုယ်ပိုင်ရှင်တိုင်းသည် အနည်းဆုံး နန်းတော်အဆင့်သို့ ရောက်ရှိရန် အာမခံချက်ရှိလေသည်။ ယင်းမှာ မည်သည့်ကျင့်စဉ်နှင့် အရင်းအမြစ်မျှ မရှိဘဲနှင့်ပင် ရောက်ရှိနိုင်ခြင်း ဖြစ်၏။

ကျင့်စဉ်အားလုံး၏ အဓိကရည်ရွယ်ချက်မှာ ကျင့်ကြံသူများအား တာအိုနှင့် တစ်သားတည်းကျစေရန် ကူညီပေးခြင်းဖြစ်ပြီး ယင်းမှာ ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်၏ အားသာချက်များထဲမှ တစ်ခုဖြစ်နှင့်နေပြီးသားပင်။

သို့ရာတွင် ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော အခွင့်အရေးမျိုး ရှိနေသော်လည်း ဤခန္ဓာကိုယ်ကို အသုံးပြုသူ အများစုမှာ သူတို့၏စွမ်းရည်ကို ထိပ်ဆုံးအဆင့်ထိ မရောက်ရှိခဲ့ကြပေ။

ထူးဆန်းစွာပင် ယင်းအကြောင်းရင်းမှာ ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ် အသုံးပြုသူတိုင်း ရရှိထားသော တာအိုအားသာချက်ကြောင့်ပင် ဖြစ်တော့သည်။

အသုံးပြုသူတိုင်း၏ ကိုယ်တွင်း၌ ဖန်သားနှလုံးသားတစ်ခု ရှိနေပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ၎င်းက ပိုမိုအစွမ်းထက်လာလေသည်။

ထိုဖန်သားနှလုံးသားသည်ပင် သူတို့ သေဆုံးရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

နန်းတော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသူ တစ်ဦးဦးကသာ ၎င်းကို စားသုံးလိုက်မည်ဆိုပါက ဖန်သားနှလုံးသား၏ အာနိသင်ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်တာအိုအပေါ် နားလည်သဘောပေါက်မှုကို ပိုမိုနက်ရှိုင်းခိုင်မာစေပြီး နယ်ပယ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ကာ ကပ်ဘေးဒဏ်ကို ကျော်လွှားအသက်ရှင်နိုင်မည့် အခွင့်အရေးမှာ အလွန်အမင်း မြင့်တက်သွားမည် ဖြစ်၏။

ဖန်သားနှလုံးသားသည် ကျင့်ကြံသူတစ်ဦးအား နယ်ပယ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အရေးကို မြင့်တက်စေကြောင်း သတင်းထွက်ပေါ်လာချိန်တွင် တိုက်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လူသိရှင်ကြားဖြစ်နေသော ဖန်သားကျောက်စိမ်းနှလုံးသား ခန္ဓာကိုယ်ပိုင်ရှင်တိုင်းမှာ အမဲလိုက်ခံခဲ့ရလေသည်။

ဂိုဏ်းအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ အင်ပါယာအချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး မကြာမီတွင် အတွင်းပိုင်းအထိ ကူးစက်သွားခဲ့သည်။

မျိုးနွယ်စုဝင်အချင်းချင်း ပြန်လည်သတ်ဖြတ်ကြကာ မိဘက သားသမီးကို၊ သားသမီးက မိဘကို ရန်သူအဖြစ် သတ်မှတ်သည့် အခြေအနေအထိ ရောက်ရှိသွားခဲ့၏။

သင်သည် ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသရွေ့ ထိုလျှို့ဝှက်ချက်နှင့်ပတ်သက်၍ သင့်မိခင်၊ ဖခင်၊ ညီမ၊ အစ်ကို၊ ဆရာ၊ ဂိုဏ်းချုပ်၊ ဂိုဏ်းတူမောင်နှမများ သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကိုမျှ ယုံကြည်၍ မရနိုင်တော့ပေ။

နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိခြင်းက ဤကဲ့သို့သော ဆက်ဆံရေးကန့်သတ်ချက်များကို ဝေဝါးသွားစေရန် လုံလောက်သော သွေးဆောင်ဖြားယောင်းမှုတစ်ခု ဖြစ်နေခဲ့သည်။

ဤကဲ့သို့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းက မကြာမီတွင် သေဒဏ်ပေးခံရခြင်းနှင့် အတူတူပင် ဖြစ်လာခဲ့သည်။

သင်သည် အဆင့် ၂ အဖွဲ့အစည်းတစ်ခုတွင် မွေးဖွားလာသည်ဖြစ်စေ၊ အမည်မသိတဲအိုလေးတစ်ခုတွင် မွေးဖွားလာသည်ဖြစ်စေ ဘာမျှမကွာခြားပေ။

သင့်ခန္ဓာကိုယ်အကြောင်းကို မည်သူက သိသွားသနည်းဟူသည့် အချက်ပေါ် မူတည်၍ သင့်ကံကြမ္မာမှာ တစ်လမ်းတည်းသာ သွားရနိုင်ချေရှိပေသည်။

အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရန်ပင် ခက်ခဲလာခဲ့သည်။ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်ကို လိုက်စားရာတွင် ကျင့်ကြံသူများ၏ ဖန်တီးနိုင်စွမ်းနှင့် စိတ်ပိုင်းဖြတ်မှုအပေါ် လျှော့တွက်၍မရပေ။

ဖန်သားကျောက်စိမ်းနှလုံးသား ခန္ဓာကိုယ်ပိုင်ရှင်များကို ခွဲခြားသိမြင်နိုင်ရန် ရည်ရွယ်ထားသော ကျင့်စဉ်များမှာ ထောင်နှင့်ချီ၍ရှိနေပြီး တစ်နေ့တခြား အဆက်မပြတ် တိုးတက်လာခဲ့လေသည်။

ထို့အပြင် အမြင့်မားဆုံးအာနိသင် ရရှိစေရန်အတွက် ဖန်သားနှလုံးသားကို မှန်ကန်စွာ အသုံးပြုနိုင်မည့် နည်းလမ်းအမျိုးမျိုးကိုလည်း တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။

ကျင့်ကြံခြင်းလောကရှိ ဆေးပညာမှာ တိုးတက်မှု ရပ်တန့်နေခဲ့သော်လည်း လူတစ်ဦးအား ပြီးပြည့်စုံစွာ သတ်ဖြတ်ခွဲစိတ်ခြင်းနှင့် ပတ်သက်လာလျှင်မူ ၎င်း၏ တိုးတက်မှုအရှိန်မှာ သာမန်ဆေးပညာထက် အလင်းနှစ်ပေါင်းများစွာ ရှေ့ပြေးနေခဲ့လေသည်။

တစ်စုံတစ်ခုက အသုံးဝင်နေသရွေ့ ထိုအရာကို မည်သို့ထုတ်ယူရမည်ဟူသည့် နက်ရှိုင်းသော အမွေအနှစ်တစ်ခုလုံးကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦး တစ်နေရာရာတွင် ရှိနေမည်မှာ သေချာပေသည်။

တစ်ခါတစ်ရံတွင် ယန်ချင်းသည် ဖန်သားနှလုံးသား၏ စွမ်းရည်ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သော ကျင့်ကြံသူအကြောင်းနှင့် ထိုအချိန်က ထိုသူ မည်သို့လုပ်ဆောင်ခဲ့သနည်းဟူသည်ကို တွေးတောမိတတ်သည်။ ၎င်းမှာ မတော်တဆလား သို့မဟုတ် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းလော။

လတ်တလောတွင်မူ ယုမေ၏ ကံကြမ္မာအတွက် သူ သက်ပြင်းချရုံသာ တတ်နိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ရုံးတော်အတွင်း၌ သူမ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ပြီး အဆင့်သတ်မှတ်ချက်ကို အောင်မြင်စွာ ကျော်ဖြတ်လာသူများသည် သူတို့၏ ပါရမီအပေါ် အတိုင်းအတာတစ်ခုအထိ ဂုဏ်ယူဝင့်ကြွားမှု ရှိကြလေသည်။

နယ်ပယ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် ဖန်သားနှလုံးသားကို ရိတ်သိမ်းရလောက်သည်အထိ အောက်တန်းကျမည် မဟုတ်ပေ။ ဤကိစ္စတွင် ရုံးတော်တစ်ခုတည်းသာ ဤသို့ ရပ်တည်နေခြင်း မဟုတ်ချေ။

မြင့်မြတ်နယ်မြေနှစ်ခုနှင့် တိုက်ပွဲခန်းမတစ်ထောင်နန်းတော်ကဲ့သို့သော ရှေးကျပြီး ဩဇာကြီးမားသည့် အဆင့် ၁ အဖွဲ့အစည်းအချို့သည်လည်း ဤကိစ္စတွင် အလားတူပင် ဖြစ်သည်။

ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်ရှိသည့် ကျင့်ကြံသူအများစုမှာ နောက်ဆုံးတွင် ဤအဖွဲ့အစည်းများ၌ ခိုလှုံခွင့် တောင်းခံလေ့ရှိကြသည်။

ယန်ချင်း သိထားသလောက်ဆိုလျှင် တိုက်ပွဲခန်းမတစ်ထောင်နန်းတော်ရှိ ခန်းမသခင်သုံးဦးမှာ ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပြီး ရုံးတော်၌ဆိုလျှင် လှည့်လည်စစ်ဆေးရေးမှူးများနှင့် အထူးစစ်ဆေးရေးမှူးများ အပါအဝင် စစ်ဆေးရေးမှူးအားလုံးကို တာဝန်ယူရသည့် စစ်ဆေးရေးမှူးချုပ်သည်လည်း ဖန်သားကျောက်စိမ်းနှလုံးသား ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး ဖြစ်ပေသည်။ သို့ရာတွင် ယန်ချင်းအနေဖြင့် သူတို့နှင့် တစ်ခါမျှ မဆုံဖူးချေ။

ယုမေအပြင် ပါဝင်ယှဉ်ပြိုင်သူများကြားတွင် အခြားသော အံ့အားသင့်ဖွယ် လူပုဂ္ဂိုလ်များလည်း ရှိနေသေးရာ သူတို့ထဲမှ တစ်ဦးမှာ တောင်ပေါ်သို့တက်ရောက်သည့် အမြန်နှုန်းနှင့် ပတ်သက်လာလျှင် အမွေဆက်ခံသူများနှင့်အပြိုင် တက်နိုင်စွမ်းရှိသည့် အသက်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ဦးပင် ဖြစ်သည်။

သူတို့သည် ခရီးတစ်ဝက်၏ သုံးပုံတစ်ပုံခန့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ထိုအသက်ခုနစ်နှစ်အရွယ် ကောင်လေးတွင်လည်း အထူးခန္ဓာဖွဲ့စည်းပုံတစ်ခု ရှိနေပေသည်။ ယန်ချင်းအနေဖြင့် မည်သည့်ခန္ဓာကိုယ်ဖြစ်ကြောင်း အတိအကျ မသိသော်လည်း တစ်မျိုးတစ်မည် ရင်းနှီးနေသကဲ့သို့ ခံစားနေရ၏။

သူ ပြောနိုင်သလောက်ဆိုလျှင် ကောင်လေး တိုက်ခိုက်သည့်အခါတိုင်း ခန္ဓာကိုယ်မှ ရံဖန်ရံခါ စိမ့်ထွက်လာလေ့ရှိသော ခရမ်းရောင်အငွေ့အသက်များအရ ထိုခန္ဓာကိုယ်မှာ ရှေးဟောင်းမူလအမြစ်တစ်ခု ရှိနေကြောင်း သိနိုင်ပေသည်။

ဤသည်မှာ ဖျက်ဆီးခြင်းသက်သက်ကို ဆောင်ကြဉ်းလာသည့် လမ်းလျှောက်နေသော ခန္ဓာကိုယ်တစ်ခုပင်။

ကောင်လေးတွင် ကျင့်ကြံခြင်းအဆင့် မရှိသော်လည်း သူ တိုက်ခိုက်ကာ တောင်ပေါ်သို့ တက်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ ချီသန့်စင်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။

ဤသည်မှာ သဘာဝခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများ၏ အားသာချက်ပင် ဖြစ်သည်။ အခြေအနေများသာ မှန်ကန်ပါက သူတို့သည် ခန္ဓာသန့်စင်ခြင်းအဆင့်ကို တိုက်ရိုက်ကျော်ဖြတ်သွားနိုင်ပေသည်။ လက်ရှိ ပါဝင်ယှဉ်ပြိုင်သူများထဲတွင် ထိုအသက်ခုနစ်နှစ်အရွယ် ကောင်လေးမှာ အထင်ရှားဆုံးသူတစ်ဦး ဖြစ်နေတော့သည်။

All Chapters