အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉) - အနောက်ဘက်မှ စတင်ခြင်း
"အကယ်ဒမီကို စဝင်ခါစတုန်းက ယီကျဲကို ဘာလို့ သွားသွားသတိရမိနေလဲဆိုတာ ရှင်းသွားပြီပဲ"
လိုင်ရိုကို လေ့လာစောင့်ကြည့်ရင်း ယန်ချင်း၏ မျက်လုံးများက စိတ်ဝင်တစား အရောင်လက်သွားကာ ပြောလိုက်၏။
"မင်းရဲ့ မောင်နှမနှစ်ယောက်လည်း နောက်ဆုံးတော့ လှုပ်ရှားတော့မယ့်ပုံပဲ"
ရှားပေါ်ချင်းက ပြောလိုက်လေသည်။
ရှားပေါ်ချင်း၏ စကားကြောင့် ယန်ချင်းက သူတို့ထံသို့ အာရုံစိုက်လိုက်သည်။
စာမေးပွဲကို ပြင်ဆင်ရာတွင်ဖြစ်စေ၊ ကြီးကြပ်ရာတွင်ဖြစ်စေ၊ သူက အပြည့်အဝ ဘက်လိုက်မှုကင်းခဲ့သော်လည်း ရင်ထဲတွင်မူ ထိုမောင်နှမနှစ်ယောက်ကို အောင်မြင်စေချင်ပြီး အချို့သူများကိုမူ မအောင်မြင်စေချင်ခဲ့ပေ။
သို့ရာတွင် သူ၏ ခံစားချက်များ မည်သို့ပင်ရှိစေကာမူ သူ၏ စားပွဲဆီသို့ ရောက်လာသူတိုင်းသည် သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ဝင်ခွင့်ရရှိမည်ဖြစ်ပြီး သတ်မှတ်ချက်မပြည့်မီသူများမှာမူ သူ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထုတ်ပယ်ခံရမည်သာ ဖြစ်လေသည်။
ရုံးတော်သို့ ဝင်ခွင့်ရရန်မှာ ကျိုးရီနှင့် ကျိုးလီချင်းတို့အပေါ်တွင်သာ မူတည်နေသည်။ ယန်ချင်းအနေဖြင့် သူတို့အတွက် လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ တိတ်တဆိတ်အားပေးရင်း ကံကောင်းပါစေဟု ဆုတောင်းပေးခြင်းသာ ဖြစ်တော့သည်။
...
"အခုအချိန်ကစပြီး ဟယ်ရှန်း မင်းက ဦးဆောင်သင့်တယ်လို့ ထင်တယ်"
ကျိုးရီက ဟယ်ရှန်းကို လေးနက်စွာ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ဘာကိုဆိုလိုတာလဲ"
ဟယ်ရှန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဒီတောင်ပေါ်မှာ ငါတို့ရဲ့ စာမေးပွဲအတွက် ဘာတွေချထားလဲဆိုတာ မသိနိုင်ပေမယ့် အခြေခံအနေနဲ့ကတော့ တောင်တစ်လုံးမှာရှိတတ်တဲ့ အရာတွေပဲ ဖြစ်နေဦးမှာပဲလေ”
“ယုမေအကြောင်းကိုတော့ ငါမသိဘူး၊ ဒါပေမယ့် လီချင်းနဲ့ ငါကတော့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ အတွေ့အကြုံ လုံးဝမရှိသလောက်ပဲ"
"ငါလည်း မရှိပါဘူး"
ယုမေက ကြားဖြတ်ပြောလိုက်လေသည်။
"ယုမေကိုပါ ထည့်လိုက်ရင် မင်းကလွဲလို့ ငါတို့အားလုံး အတူတူပဲ။ မင်းတစ်ယောက်တည်းကပဲ တောင်ပေါ်မှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ သိတာ။ ငါတို့မှာရှိတဲ့ အတွေ့အကြုံတွေက အဲဒီမှာ အများကြီး အသုံးဝင်မှာမဟုတ်ဘူး”
“ဒါကြောင့် ဟယ်ရှန်း... မင်းကပဲ ဦးဆောင်ပြီး ငါတို့ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင်၊ ဒါမှမဟုတ် အမှားတွေ မလုပ်မိအောင် ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာကို လမ်းညွှန်ပေးဖို့ အကြံပြုချင်တယ်”
“ငါတို့က အခုလောလောဆယ် မသန်မာသေးပေမယ့် မင်းဆီမှာရှိတဲ့ အသိပညာတွေက တောင်ပေါ်မှာ ခြေကုပ်ရဖို့ အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
ကျိုးရီက ပြောလိုက်၏။
"မင်းတို့က ငါ့ကို ခေါင်းဆောင်လုပ်စေချင်တာလား"
ဟယ်ရှန်းက မယုံနိုင်စွာဖြင့် မေးလိုက်သည်။
"တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟုတ်တယ်၊ ငါတို့ အောင်မြင်ချင်တယ်ဆိုရင်ပေါ့"
အံ့အားသင့်နေသော ဟယ်ရှန်းကိုကြည့်ကာ ကျိုးရီက ပြုံးယောင်သန်းလျက် ပြောလိုက်လေသည်။
"ကောင်းပြီလေ၊ မင်းတို့ တကယ် သေချာရဲ့လား"
ဟယ်ရှန်းက ကျိုးရီနှင့် အခြားသူများကို သံသယဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
"ငါကတော့ သေချာတယ်။ လီချင်းနဲ့ ယုမေ... နင်တို့ရော ဘယ်လိုလဲ။ ငါ့အကြံပြုချက်ကို ကန့်ကွက်စရာ ရှိလား"
"မရှိပါဘူး"
ကျိုးလီချင်းနှင့် ယုမေတို့က ပြိုင်တူဖြေလိုက်ကြသည်။
ဟယ်ရှန်းက သူတို့ကို ယုံကြည်ပုံမပေါ်သေးဘဲ ထောင်ချောက်တစ်ခုခု ဖြစ်မည်ဟု တွေးတောနေဆဲပင်။ သူက ထိုသုံးယောက်ကို သံသယဖြင့် စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်ကာ သဘောတူရန် ဆုံးဖြတ်လိုက်လေသည်။
"ကောင်းပြီ၊ ဒါပေမယ့် မင်းတို့အားလုံး ငါပြောတဲ့အတိုင်း တိတိကျကျ လိုက်လုပ်ရမယ်"
ဟယ်ရှန်းက ကျိုးလီချင်းနှင့် ယုမေတို့ကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါတို့ ဘာတွေသိထားဖို့လိုပြီး ဘာတွေလုပ်ရမလဲ"
အခြေအနေကို ရှေ့ဆက်နိုင်ရန် ကျိုးရီက ပြောလိုက်၏။ သူတို့တွင် အချိန်သိပ်မရှိတော့သဖြင့် ဟယ်ရှန်း၏ စိုးရိမ်ပူပန်မှု လွန်ကဲတတ်သည့် သဘာဝကို ကိုင်တွယ်ဖြေရှင်းနေရန် အချိန်မရတော့ပေ။
"ပထမဆုံးအနေနဲ့ မင်းတို့ဆီမှာ အမဲလိုက်တာနဲ့ပတ်သက်တဲ့ ဘယ်လိုအယူအဆတွေပဲရှိရှိ၊ အဲဒါတွေကို အကုန်လွှင့်ပစ်လိုက်တော့။ ဝိညာဉ်သားရဲတွေနဲ့ဆိုရင် အဲဒါတွေက အလုပ်မဖြစ်ဘူး”
“တချို့သားရဲတွေက သာမန်ဆိုတဲ့ မင်းတို့ရဲ့ နားလည်မှုကို အသုံးချပြီး လှည့်စားတတ်ကြတယ်။ မင်းတို့ သတိမထားမိခင်မှာပဲ မင်းတို့ရဲ့ ခြေထောက်တွေက ဝိညာဉ်သားရဲ တစ်ကောင်ကောင်ရဲ့ ပါးစပ်ထဲ ရောက်သွားလိမ့်မယ်”
“အဓိကနည်းဗျူဟာကတော့ အမြန်နှုန်းကို အခြေပြုထားတဲ့ ကိုယ်ပျောက်ချဉ်းကပ်ခြင်းပဲ"
ဟယ်ရှန်းက သုံးယောက်သားကို ဝါရင့်စီနီယာတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်လေသည်။ သူတို့မှာ သူ၏ စကားလုံးတိုင်းကို မျိုချနေသည့် တပည့်များနှယ် ဖြစ်နေ၏။
"ဒီအချက်နှစ်ချက်က ငါတို့ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ ငါတို့ ဝေးဝေးသွားချင်တယ်ဆိုရင် အဲဒီထဲက တစ်ခုမပါဘဲ အလုပ်မဖြစ်ဘူး”
“လျှို့ဝှက်တိတ်ဆိတ်မှုမပါတဲ့ အမြန်နှုန်းက ငါတို့ကို အလွယ်တကူ ပေါ်လွင်စေလိမ့်မယ်။ အမြန်နှုန်းမပါတဲ့ လျှို့ဝှက်တိတ်ဆိတ်မှုကလည်း အတူတူပဲ"
သုံးယောက်သားထံမှ နားမလည်နိုင်သည့် အမူအရာများကို မြင်လိုက်ရသောအခါ ဟယ်ရှန်းက ခေတ္တရပ်တန့်လိုက်သည်။
"ငါပြောခဲ့သလိုပဲ ဝိညာဉ်သားရဲတွေက ပုံမှန်စံနှုန်းတွေကို ချိုးဖောက်တတ်ကြတယ်။ မင်းတို့က အမြန်နှုန်းမပါဘဲ တိတ်တိတ်လေးနေမယ်ဆိုရင် မလှုပ်မရှားဘဲ ငြိမ်နေပြီး ဖြည်းဖြည်းချင်း တွားသွားနေရလိမ့်မယ်”
“အဲဒါဆိုရင် မင်းတို့ထက် တုံ့ပြန်မှုပိုကောင်းပြီး အာရုံခံစားနိုင်စွမ်းပိုရှိတဲ့ ဝိညာဉ်သားရဲတွေအတွက် မင်းတို့က လွယ်ကူတဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မယ်”
“အဲဒီလို တိတ်တဆိတ်သွားလာတတ်တဲ့ သတ္တဝါတွေကိုပဲ အမဲလိုက်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ ဝိညာဉ်သားရဲတွေ ရှိတယ်”
“မင်းတို့က တခြားသတ္တဝါတွေကို ချောင်းမြောင်းနေချိန်မှာ သူတို့ကလည်း မင်းတို့ကို ချောင်းမြောင်းနေလိမ့်မယ်။ မင်းတို့ရဲ့ အမြန်နှုန်းက အနိမ့်ဆုံးအခြေအနေမှာ ရှိနေတဲ့အတွက် မင်းတို့ထက်ပိုပြီး လွယ်ကူတဲ့ ပစ်မှတ်ဆိုတာ မရှိတော့ဘူး”
“ဒီနည်းလမ်းကိုပဲ သုံးခဲ့တဲ့ မဟော်ဂနီရောင် တိမ်တိုက်မြွေပွေးရဲ့ တိုက်ခိုက်မှုကြောင့် ငါ သေမလို ဖြစ်ခဲ့ဖူးတယ်။ ငါက ခရမ်းရောင်လျှပ်စီးယုန်ကို အမဲလိုက်နေတာဆိုတော့ အသံမထွက်ဘဲ နေခဲ့ရတယ်”
“ငါ အဲဒီယုန်ကို သီတင်းပတ်ပေါင်းများစွာ ချောင်းမြောင်းခဲ့တာ၊ ငါကိုယ်တိုင်လည်း အမဲလိုက်ခံနေရတယ်ဆိုတာ လုံးဝ သတိမထားမိခဲ့ဘူး”
“အဲဒီကျိန်စာသင့်မြွေပွေးက ကောက်ကျစ်ပြီး လောဘကြီးတယ်။ ငါက ယုန်ကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်တဲ့အထိ စောင့်နေပြီးမှ ငါ့ကို တိုက်ခိုက်ခဲ့တာ”
“ဒီနည်းနဲ့ သူက တချက်ခုတ် နှစ်ချက်ပြတ် အကျိုးအမြတ်နှစ်ခုကို ရနိုင်တယ်လေ။ ငါသာ ညရေစီးချောင်းဆင်ရဲ့ မစင်ကို ကိုယ်ပေါ်မှာ မသုတ်လိမ်းထားခဲ့ဘူးဆိုရင် သူ အောင်မြင်သွားမှာပဲ”
“အဲဒီမစင်က သူ့ရဲ့ အဆိပ်စွယ်တွေရန်ကနေ ငါ လိုအပ်နေတဲ့ အကာအကွယ်ကို ပေးခဲ့တာ"
ဟယ်ရှန်းက သိသိသာသာ ကြောက်ရွံ့နေသည့်ပုံစံဖြင့် ပြောလိုက်လေသည်။
"အခု ငါ့ရဲ့ နောက်ထပ်အချက်လာပြီ၊ အဲဒီမှာ ရှင်သန်နိုင်ဖို့ကသာ အရေးအကြီးဆုံးပဲ”
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်ရလုပ်ရ၊ မင်းတို့ လုပ်ကိုလုပ်ရမယ်။ အသက်ရှင်ဖို့အတွက် မစင်ကျင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်ထားရမယ်ဆိုရင်လည်း လုပ်ရမှာပဲ”
“သားရဲတစ်ကောင်ကောင်ရဲ့ ပုပ်ပွနေတဲ့ အသေကောင်ထဲမှာ ပုန်းအောင်းနေရမယ်ဆိုရင်လည်း လုပ်ရမှာပဲ”
“ဒါမှမဟုတ် အဆိပ်ပျော့ပျော့ပါတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ပုပ်ဟောင်နေတဲ့ အနံ့ထွက်တဲ့ အဆီအနှစ်တွေကို ကိုယ်ပေါ်သုတ်လိမ်းရမယ်ဆိုရင်တောင် လုပ်ရမှာပဲ”
“ပြီးတော့ နောက်ဆုံးအနေနဲ့..."
ဟယ်ရှန်းက ဇာတ်ဟန်ပါပါဖြင့် အနည်းငယ် ရပ်တန့်လိုက်၏။ သုံးယောက်သား၏ အာရုံစိုက်မှုအားလုံး သူ့အပေါ် ကျရောက်နေခြင်းကို သိသိသာသာ သဘောကျနေပုံရသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် သူ၏လက်များသည် ပုဆိန်ဆီသို့ အလိုအလျောက် လှမ်းသွားတတ်ပြီးမှ ပြန်လည်ဖြေလျော့သွားလေသည်။
"ငါတို့ ကံမကောင်းလို့ ဝိညာဉ်သားရဲတစ်ကောင်ရဲ့ သတိထားမိတာကို ခံရပြီဆိုရင်၊ အဲဒီအကောင်ကို အနိုင်ယူဖို့ အခွင့်အရေး လုံးဝမရှိဘူးဆိုရင်၊ တိတ်တဆိတ်နဲ့ မြန်မြန်ဆန်ဆန် သွားရမယ်ဆိုတဲ့ ပထမစည်းမျဉ်းကို လျစ်လျူရှုလိုက်တော့”
“အဲဒီအချိန်ရောက်ရင် မင်းတို့ လုပ်နိုင်သလောက် ကမောက်ကမဖြစ်အောင်လုပ်ပြီး ဆူညံသံတွေ ထွက်အောင်လုပ်။ ပိုဆူညံလေ ပိုကောင်းလေပဲ”
“ငါတို့ရှိတဲ့ နေရာဆီကို အာရုံစိုက်လာအောင် တတ်နိုင်သလောက် ဆွဲဆောင်ဖို့ လိုတယ်။ ကံကောင်းရင် ပိုသန်မာတဲ့ ဝိညာဉ်သားရဲတစ်ကောင် ပေါ်လာလိမ့်မယ်။ ဒါမှမဟုတ် ငါတို့ကို တိုက်ခိုက်နေတဲ့ ဝိညာဉ်သားရဲက သတိဝင်လာပြီး ထွက်ပြေးဖို့ ရွေးချယ်သွားလိမ့်မယ်”
“ဒါပေမယ့် သူသာ ဆက်တိုက်ခိုက်ဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ငါတို့က အရပ်မျက်နှာအသီးသီးကို ထွက်ပြေးရမယ်။ ဒါက ဝိညာဉ်သားရဲတစ်ကောင်တည်းဆိုမှသာ လုပ်ရမှာ။ နှစ်ကောင် ဒါမှမဟုတ် သုံးကောင်ဖြစ်နေရင်တော့ အတူတူတွဲနေတာက ပိုလုံခြုံတယ်”
“မင်းတို့ကို အားလုံးပြောပြဖို့ အချိန်မရှိဘူး။ အဲဒီသုံးချက်ကိုပဲ မှတ်ထားပါ။ ကျန်တာတွေကိုတော့ ငါတို့ တောင်ပေါ်တက်ရင်းနဲ့ ပြောပြသွားမယ်။ ဘာပဲဖြစ်ဖြစ် နေရာတိုင်းမှာ မတူညီတဲ့ စည်းမျဉ်းတွေ ရှိတတ်တယ်လေ"
ဟယ်ရှန်းက ပြောလိုက်၏။
သုံးယောက်သားသည် နေရာမှ ထလိုက်ရင်း သူ၏စကားကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။
"ယုမေ...မင်းအနေနဲ့ တောင်ပေါ်ကို ဘယ်ဘက်ကနေ တက်ဖို့ ရွေးချယ်မလဲ"
ကျိုးရီက မေးလိုက်၏။
ရုတ်တရက် အမေးခံရမှုကြောင့် ယုမေတစ်ယောက် အံ့အားသင့်သွားသော်လည်း သေချာစွာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"အဲဒီဘက်"
ယုမေက သူတို့ရှိရာမှ မြောက်နှင့် အရှေ့မြောက်ကြား အရပ်ဆီသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ကောင်းပြီ၊ အနောက်ဘက်စွန်းပဲ"
သုံးယောက်သားက ချက်ချင်းပင် ပြိုင်တူပြောလိုက်ကြသည်။ ယုမေသည် အန္တရာယ်ရှိသော အခြေအနေများအပေါ် သူမ၏ သဘာဝအလျောက် တိမ်းညွတ်မှုကို ဝန်ခံထားပြီးဖြစ်ရာ သူမသည် အဖွဲ့သားများထဲတွင် အကောင်းဆုံးသော အန္တရာယ်အာရုံခံနိုင်သူပင် ဖြစ်သည်။
မြောက်နှင့် အရှေ့မြောက်ကြားအရပ်တွင် သူတို့ကို စောင့်ကြိုနေမည့် အရာများထက် အနောက်ဘက်က ပို၍ ဘေးကင်းနိုင်ခြေ ရှိပေသည်။
'အဲဒီကောင်မလေးက အဲဒီဘက်ကို ရွေးလိုက်ဖို့ မျှော်လင့်ပါတယ်'
ဟယ်ရှန်းက ဆံပင်၀ါနှင့် ကောင်မလေးကို သတိရသွားကာ တွေးလိုက်လေသည်။