မဟာဧကရာဇ် ယွိချီလင်ပင် တည်ငြိမ်မနေနိုင်တော့ခြင်း
Vol. 44 Ch. 433
"နောက်ထပ် သုံးလုံးပဲ ကျန်တော့တယ်... နောက်ဆုံး သုံးလုံးပဲ"
"ဘယ်သူမှ မဝယ်ဘူးဆိုရင်တော့ ငါ ပြန်သိမ်းသွားရတော့မှာပဲ"
ကျန်ရှိနေသော ချီလင်ဧကရာဇ်တစ်ပိုင်းများသည် စိုးရိမ်တကြီးဖြင့် ခြေဆောင့်နေကြတော့၏။ သူတို့ မဝယ်ချင်ကြ၍ မဟုတ်ပါ။ ဤမျှကြီးမားပြီး ရှားပါးလှသော မဟာဧကရာဇ်အဆင့်ပုလဲကြီးများ၏ ဆွဲဆောင်မှုကို သူတို့ လုံးဝမတွန်းလှန်နိုင်ကြ။ သွားရည်များပင် ကျလုမတတ် ဖြစ်နေရ၏။ သို့သော်လည်း သူတို့ထံတွင် မိစ္ဆာမူလအနှစ်သာရ မလုံလောက်တော့ပေ။
အမှန်အတိုင်း ပြောရလျှင် အစ်ကိုကြီးချန်သည် ချီလင်မျိုးနွယ်စုထံသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ဤမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်းဘီလီယံပေါင်းများစွာကတည်းက မိစ္ဆာမျိုးနွယ်စု၏ အုပ်ချုပ်သူဖြစ်ခဲ့သဖြင့် သူတို့ မည်မျှလောက်အထိ လုယက်သိမ်းပိုက်ပြီး ရှာဖွေစုဆောင်းထားခဲ့ကြသည်ကို မည်သူမျှမသိနိုင်ချေ။ အကယ်၍ အခြားမျိုးနွယ်စုသာဆိုလျှင် ကောင်းကင်အရှင်သခင်အဆင့် ပုလဲများကိုပင် မည်သူမျှ ဝယ်ယူနိုင်စွမ်း ရှိကြမည်မဟုတ်။
သို့သော်လည်း ချီလင်မျိုးနွယ်စုအတွက်ပင် မိစ္ဆာမူလအနှစ်သာရ တစ်ဘီလီယံဟူသော ဈေးနှုန်းမှာ အနည်းငယ် မြင့်မားနေသေး၏။ အခြားသော ဧကရာဇ်တစ်ပိုင်းများမှာမူ ထပ်မံ၍ ထုတ်ပေးနိုင်စွမ်း မရှိကြတော့ချေ။
"မဟာဧကရာဇ် ချောမောလှပသူ... ဒီဈေးနှုန်းက တကယ်ပဲ မကြီးပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ တကယ်ပဲ မတတ်နိုင်တော့လို့ပါ"
"မှန်ပါတယ်... ဒါက... ဒါက တကယ်ကို နှမြောဖို့ကောင်းလိုက်တာ... ရင်ထဲမှာ နာကျင်ရပါတယ်..."
၎င်းသည် သူတို့၏ မဟာမိတ်ဖြစ်သော မဟာဧကရာဇ်ရွှမ်းကွေ့ ဖြစ်နေသောကြောင့်သာ ဖြစ်၏။ အကယ်၍ မဟာဧကရာဇ်မိုးပြာနဂါး သို့မဟုတ် မဟာဧကရာဇ်ရေခဲဖီးနစ်သာဆိုလျှင် သူတို့အနေဖြင့် အတင်းအကျပ် လုယူမိကြပေလိမ့်မည်။
အစ်ကိုကြီးချန်သည် သူက ချီလင်မျိုးနွယ်စု၏ ဓနဥစ္စာများကို ကုန်စင်လုနီးပါး ခြစ်ထုတ်ပြီးပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက စာနာထောက်ထားစွာဖြင့် သူတို့အတွက် အကြံတစ်ခု ထုတ်ပေးလိုက်၏။
"ငါက ငါ့ရဲ့ မိသားစုဝင်တွေအပေါ်မှာ အလွန်အမင်း ရက်စက်လို့မရဘူးလေ"
"ဒီလိုလုပ်ရအောင်... အင်မော်တယ်ကျောက်တုံးတွေ၊ အင်မော်တယ်လက်နက်တွေ၊ အင်မော်တယ်ရတနာတွေ၊ မိစ္ဆာလက်နက်တွေနဲ့ အခြားအရာတွေကိုလည်း သူတို့ရဲ့ တန်ဖိုးအတိုင်း တွက်ချက်ပေးမယ်"
ဤအဆိုပြုချက်ကို ကြားလိုက်ရသည့်အခါ ဧကရာဇ်တစ်ပိုင်းများသည် အလွန်အမင်း ဝမ်းသာသွားကြသည်။
"တကယ်လား"
"အင်မော်တယ်လက်နက်တွေနဲ့ အင်မော်တယ်ရတနာတွေကိုလည်း လက်ခံတယ်ပေါ့"
အစ်ကိုကြီးချန်က ခေါင်းငြိတ်လိုက်ရင်း
"ငါ နည်းနည်းအရှုံးခံပြီး အဲဒါတွေကို မူလတန်ဖိုးအတိုင်းပဲ တွက်ချက်ပေးပါ့မယ်... ပြီးမှပဲ ထျန်းရှုဂိုဏ်းနဲ့ သွားလဲဖို့ နည်းလမ်းရှာရမှာပေါ့..."
သူက ထျန်းရှုဂိုဏ်းနှင့် အမှန်တကယ် သွားရောက်လဲလှယ်မည်ဆိုပါက သေချာပေါက် အရှုံးပေါ်မည် ဖြစ်သည်။ ထျန်းရှုဂိုဏ်းဆိုသည်မှာ ပရဟိတအဖွဲ့အစည်း မဟုတ်ပေ။ မိစ္ဆာလောကတွင် အင်မော်တယ်လက်နက်များကို လဲလှယ်ခြင်းက ဈေးနှိမ်ခံရမည်ဖြစ်ပြီး အင်မော်တယ်လောကရှိ ၎င်းတို့၏ အစစ်အမှန်တန်ဖိုးထက် အနည်းဆုံး သုံးပုံတစ်ပုံခန့် ပိုမိုသက်သာသွားမည်။
သို့သော်လည်း အစ်ကိုကြီးချန်သည် ၎င်းတို့ကို ထျန်းရှုဂိုဏ်းနှင့် လုံးဝ လဲလှယ်မည်မဟုတ်ဘဲ စနစ်ကံကြမ္မာအမှတ်များအဖြစ်သာ ပြောင်းလဲပစ်မည်ဖြစ်ရာ သူက ထိုအရာကို ဂရုမစိုက်ပါ။ ချီလင်မျိုးနွယ်စုမှာမူ ဤအတွင်းရေးများကို မသိကြသဖြင့် သူအရှုံးခံနေသည်ကို မြင်တွေ့ရသည့်အခါ မျက်ရည်ပင်ကျလုမတတ် လှုပ်ရှားသွားကြတော့သည်။
"မဟာဧကရာဇ် ချောမောလှပသူ... ရှင်က တကယ်ကို ကြင်နာတတ်တာပဲ"
"ကျွန်တော်တို့ တကယ်ပဲ အားနာမိပါတယ်"
"ရှင့်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"
သူတို့က ယခုအချိန်တွင် သူ့ကို ကျေးဇူးပင် တင်နေကြသေး၏။
သူတို့က အားနာသည်ဟု ပြောနေကြသော်လည်း အင်မော်တယ်လက်နက်များ၊ အင်မော်တယ်ရတနာများနှင့် အင်မော်တယ်ကျောက်တုံးများကို ထုတ်ယူလိုက်သည့် အရှိန်အဟုန်မှာမူ အလွန်အမင်း မြန်ဆန်လှပေသည်။ မကြာမီအချိန်အတွင်းမှာတင် အစ်ကိုကြီးချန်၏ရှေ့မှောက်ရှိ နေရာတစ်ခုလုံးတွင် တောက်ပဆန်းပြားလှသော အင်မော်တယ်လက်နက်များ၊ အင်မော်တယ်ရတနာများနှင့် အင်မော်တယ်ကျောက်တုံးများ တောင်လိုပုံသွားတော့သည်။ အကြမ်းဖျင်း ရေတွက်ကြည့်ရုံဖြင့်ပင် မိုးပြာနဂါးမျိုးနွယ်စုထံမှ သူ ရရှိခဲ့သောအရာများထက် ပိုမိုများပြားနေလေပြီ။
ထို့နောက်တွင်မူ သူသည် အရာအားလုံးကို တစ်ပြိုင်နက်တည်း အလျင်အမြန် စာရင်းတွက်ချက်ကာ ဈေးနှုန်းသတ်မှတ်ပေးလိုက်ပြီး နောက်ဆုံး ပုလဲသုံးလုံးကိုလည်း အောင်မြင်စွာ ရောင်းချလိုက်နိုင်တော့သည်။
ဤသို့ဖြင့် ပုလဲအရောင်းအဝယ်ပွဲတော်ကြီးမှာ အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။
"ကဲ... နောက်ထပ် မရှိတော့ဘူး"
အစ်ကိုကြီးချန်သည် သူ ထပ်မံရောင်းချမည်ဆိုပါက သူတို့ တကယ်ပဲ ဝယ်ယူနိုင်စွမ်း ရှိကြတော့မည်မဟုတ်ကြောင်း သိထားပေသည်။ ထိုနေရာရှိ ချီလင်များသည် ပုလဲများကို ကိုင်ဆောင်ထားရင်း စိတ်လှုပ်ရှားစွာဖြင့် ဆော့ကစားနေကြပြီး အချို့မှာမူ ၎င်းတို့ကို ဗိုက်ထဲသို့ တိုက်ရိုက်မျိုချလိုက်ကြတော့၏။ အစ်ကိုကြီးချန်သည် ယခုတစ်ကြိမ် ရရှိခဲ့သောရလဒ်ကိုကြည့်ရင်း အလွန်အမင်း ဝမ်းသာနေသည်။ အတိုချုပ်ပြောရလျှင် ၎င်းသည် လူတိုင်းအတွက် ပျော်ရွှင်စရာကောင်းသော အဆုံးသတ်တစ်ခုဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော်လည်း ဤအရောင်းအဝယ်ပြီးနောက်တွင်မူ မည်သူမျှ ရွှေပင်လယ်မှ ပုလဲများကို ကြည့်ရှုချင်ကြတော့မည် မဟုတ်ချေ။ သူသည် ယခုတစ်ကြိမ်တွင် ဈေးကွက်ပေါက်ဈေးကို ဆယ်ဆထက်မက နှိမ်ပစ်ခဲ့ရုံသာမက ချီလင်မျိုးနွယ်စု၏အကြိုက်ကိုပါ အဆင့်များစွာ အတင်းအကျပ် မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်မဟုတ်ပါလား။
မသိမသာပင် အစ်ကိုကြီးချန်သည် ကောင်းမှုကုသိုလ်တစ်ခုကို ပြုလုပ်ပေးခဲ့လေပြီ။ ယခုအချိန်မှစ၍ ကမာမျိုးနွယ်စုသည် ပုလဲများ ထုတ်လုပ်နိုင်ခြင်းကြောင့် သူတစ်ပါး၏ လောဘဇောတိုက်ခြင်း သို့မဟုတ် ကျွန်ပြုခြင်းကို ခံရတော့မည် မဟုတ်ချေ။ သူတို့ ထုတ်လုပ်သော ပုလဲအသေးလေးများက တန်ဖိုးမရှိတော့သည်မဟုတ်ပါလား။
အနာဂတ်တွင် ဤချီလင်များသည် ခိုဥအရွယ်အစား သို့မဟုတ် လက်သီးဆုပ်အရွယ်အစားရှိသော ပုလဲများကို မြင်တွေ့ရသည့်အခါ ၎င်းတို့ကို မည်သို့လုပ်ပြီး မျက်စိကျနိုင်ကြတော့မည်နည်း။ ပဲစေ့အရွယ်အစားရှိသော အရာများအတွက်မူ... ၎င်းတို့က မည်ကဲ့သို့သော အမှိုက်များ ဖြစ်နေမည်နည်း။
"ကဲ... ငါ သွားသင့်ပြီ"
"အာ... မဟာဧကရာဇ် ချောမောလှပသူ... သွားတော့မလို့လား"
"ကျွန်တော်တို့နဲ့အတူ ရက်အနည်းငယ်လောက် မနေချင်ဘူးလား"
အစ်ကိုကြီးချန်က စိတ်ထဲမှနေ၍ ငါသာ ရက်အနည်းငယ်လောက် ထပ်နေရင် ငါ့ရဲ့ အသွင်ပြောင်းလဲခြင်းက သက်တမ်းကုန်သွားပြီး ငါ့ကိုမိသွားလိမ့်မယ်ဟု တွေးလိုက်မိ၏။
"မနေတော့ပါဘူး... ငါ့မှာ တခြား အရေးကြီးတဲ့ကိစ္စတွေ ရှိသေးလို့ပါ"
"ခဏနေရင် ကျင်းပမယ့် မိစ္ဆာတစ်သောင်းညီလာခံကျမှ ပြန်တွေ့ကြတာပေါ့"
"ကောင်းပါပြီ... ကောင်းပါပြီ..."
ချီလင်များသည် ပုလဲများ၏ ကမ္ဘာထဲတွင် နစ်မြောနေကြသဖြင့် ဝတ်ကျေတန်းကျေသာ ပြန်လည်ဖြေကြားခဲ့ကြပြီး မည်သူမျှ သူ့ကိုလိုက်မပို့ခဲ့ကြချေ။ သူ ထွက်ခွာတော့မည့် အချိန်မှာတင် အထက်ကောင်းကင်ယံမှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
"မဟာဧကရာဇ် ရွှမ်းကွေ့... ခဏလောက် စောင့်ပါဦး"
အစ်ကိုကြီးချန်က ခေါင်းမော့ကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံး အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြစ်နေသော ဧရာမ ချီလင်ကြီးတစ်ကောင်က ကောင်းကင်ယံကို နင်းလျှောက်ပြီး ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။
သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ပတ်လည်တွင် မင်္ဂလာရှိသော တိမ်တိုက်များနှင့် စွမ်းအင်များ ရစ်ဆိုင်းနေပြီး သူ့အနီးနားတွင် ရှိနေရုံမျှဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်ကာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့်အလား ထူးခြားဆန်းပြားလှပေသည်။
သူနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ယခင်က ချီလင်ဧကရာဇ်တစ်ပိုင်းများသည် အဆင့်တစ်ခု နိမ့်ကျနေ၏။
အစ်ကိုကြီးချန်အနေဖြင့် ခန့်မှန်းနေစရာပင်မလိုဘဲ ၎င်းသည် ကံကြမ္မာ စည်းမျဉ်းစွမ်းအားကို ပိုင်ဆိုင်ထားသော မဟာဧကရာဇ် ယွိချီလင်ဖြစ်ကြောင်း သိလိုက်သည်။ သူသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် သတိကြီးစွာ ထားလိုက်မိ၏။ အကယ်၍ ထိုသူက စောစောက အရောင်းအဝယ်အပေါ် မကျေမနပ်ဖြစ်ပြီး မသင့်တော်ဟုခံစားရသဖြင့် ၎င်းကိုပယ်ဖျက်ရန် တောင်းဆိုလာခဲ့လျှင် မည်သို့လုပ်မည်နည်း။ သူက ထိုမိစ္ဆာမူလအနှစ်သာရများ၊ အင်မော်တယ်လက်နက်များနှင့် အင်မော်တယ်ရတနာများအားလုံးကို ပြန်အန်ထုတ်ပေးရမည်လော။ ထိုအရာက လုံးဝ မဖြစ်နိုင်ကြောင်း အစ်ကိုကြီးချန်က ကြေညာလိုက်ပေသည်။
အကယ်၍ ထိုအခြေအနေသို့ ရောက်ရှိလာခဲ့မည်ဆိုပါက မျက်နှာဖုံးကိုခွာချပြီး တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရမည်ဆိုလျှင်ပင် သူက အရာအားလုံးကို သေချာပေါက် ယူဆောင်သွားမည်ဖြစ်၏။
"ဟားဟားဟား..."
မဟာဧကရာဇ် ယွိချီလင်က ယခုမှရောက်ရှိလာခြင်းဖြစ်သဖြင့် ဘာဖြစ်သွားခဲ့သည်ကို မသိသေးချေ။ သူ့အနေဖြင့် မဟာမိတ်နှင့်တွေ့သည့်အခါ သူ့သဘောထားမှာ အလွန်အမင်း ယဉ်ကျေးပျူငှာနေဆဲ ဖြစ်သည်။
"မဟာဧကရာဇ် ရွှမ်းကွေ့... မင်း ဒီကိုလာတာကို ဘာဖြစ်လို့ ငါ့ကိုကြိုပြီး အကြောင်းမကြားခဲ့ရတာလဲ..."
သူက စကားကိုတစ်ဝက်မျှသာ ပြောရသေးသော်လည်း ရုတ်တရက် ရပ်တန့်သွား၏။
သူက အခြားသော ချီလင်များ၏ လည်ပင်းတွင် ချိတ်ဆွဲထားကြသည့် ဧရာမပုလဲကြီးများကို မြင်တွေ့လိုက်လေသည်။ သူ့မျက်လုံးများက ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်သွားခဲ့ရပြီး အလွန်အမင်းမယုံနိုင်ဖြစ်သွား၏။
"မင်းတို့... ဒီပုလဲတွေက ဘယ်ကနေ ရောက်လာတာလဲ"
"ဒါတွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိကြီးနေရတာလဲ"
ထိုဘတ်စကက်ဘောအရွယ်အစားရှိသော အရာများက ပြဿနာမရှိ။ မဟာဧကရာဇ် ယွိချီလင်ကိုယ်တိုင်လည်း အချို့ကိုစုဆောင်းထားခဲ့ပြီး အမြဲတမ်း တန်ဖိုးထားခဲ့သည်မဟုတ်ပါလား။ သူသည် တံခါးပိတ်ကျင့်ကြံနေသည့် အချိန်များတွင် ၎င်းတို့ကို ရံဖန်ရံခါ ထုတ်ယူကာ ဆော့ကစားလေ့ရှိပေသည်။ စားပွဲဝိုင်းအရွယ်အစားရှိသော အရာများအတွက်မူ သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အိမ်အရွယ်အစားရှိသော အရာများမှာမူ သူ၏ အသိဥာဏ်နယ်ပယ်ကို အလုံးစုံ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဤမျှလောက်အထိ ကြီးမားပြီး အရောင်ခုနစ်မျိုးဖြင့် တောက်ပဖြာထွက်နေသော ပုလဲများ မည်သို့လုပ်ပြီး တည်ရှိနေနိုင်မည်နည်း။
မဖြစ်နိုင်ချေ။
သို့သော်လည်း သူက သူ၏ အင်မော်တယ်ဝိညာဉ်၊ မိစ္ဆာစွမ်းအား သို့မဟုတ် စည်းမျဉ်းစွမ်းအားများကို အသုံးပြု၍ မည်သို့ပင် စမ်းသပ်စစ်ဆေးကြည့်ပါစေ ရလဒ်ကတော့ အတူတူပင်။
ဤပုလဲများသည် အစစ်အမှန်များဖြစ်ကြပေသည်။
အပြစ်အနာအဆာကင်းမဲ့ပြီး အတုအယောင်များ မဟုတ်သလို မျက်လှည့်ပြကွက်များလည်း လုံးဝ မဟုတ်ချေ။
ချီယွမ်က ပုလဲကို ပွတ်သပ်လိုက်ရင်း
"ဟီးဟီး... မဟာဧကရာဇ်ကို တင်ပြပါတယ်... ဒါက မဟာဧကရာဇ် ချောမောလှပသူက ကျွန်တော်တို့ကို အခုလေးတင် ရောင်းချပေးခဲ့တာပါ"
ရယ်မောကာ ပြောလိုက်သည်။
"မဟာဧကရာဇ် ချောမောလှပသူက ဘယ်သူလဲ"
မဟာဧကရာဇ် ယွိချီလင်က ခဏမျှ အသိမဝင်နိုင်ဘဲ ဖြစ်သွား၏။
ချီမုန်နှင့် အခြားသော ဧကရာဇ်တစ်ပိုင်းများသည် အရှေ့သို့ အလျင်အမြန် တိုးထွက်လာခဲ့ကြပြီး ဖြစ်ပွားခဲ့သည်များကို ရှင်းပြလိုက်ကြသည်။ ဤပုလဲများအားလုံးကို မဟာဧကရာဇ် ရွှမ်းကွေ့က ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ မဟာဧကရာဇ် ယွိချီလင်၏ အကြည့်များက ပြောင်းလဲသွား၏။ သူက ရုတ်တရက် လှည့်လိုက်ပြီး တောက်ပလှသော မျက်လုံးများဖြင့် အစ်ကိုကြီးချန်ကို တိုက်ရိုက်စိုက်ကြည့်လိုက်တော့သည်။
"ရွှမ်းကွေ့... မဟာဧကရာဇ် ချောမောလှပသူ... မင်းဆီမှာ ဒီလိုမျိုး မဟာဧကရာဇ်အဆင့် ပုလဲတွေ ရှိသေးလား"
သူက ကနဦးတွင် ဤချီလင်မဟာဧကရာဇ်က အမျက်ဒေါသထွက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သူက အသုံးမဝင်သော အရာများစွာနှင့် ကျင့်ကြံခြင်းအတွက် မရှိမဖြစ်လိုအပ်သော အရာများကို လဲလှယ်ယူဆောင်သွားခဲ့သည်မဟုတ်ပါလား။
သူကလည်း နည်းနည်းဝယ်ချင်နေတယ်ပေါ့လေ…
ချီလင်မဟာဧကရာဇ်သည် ဤပုလဲကြီးများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏ ခြေလှမ်းများကိုပင် ရှေ့ဆက်မလှမ်းနိုင်တော့ကြောင်း မည်သူကသိနိုင်မည်နည်း။ ၎င်းအပြင် သူ၏ စိတ်ထဲတွင် ပြင်းထန်သော မမျှတမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများလည်း ပြည့်နှက်နေ၏။ ချီလင်တစ်ကောင်၏ ပုလဲအရည်အသွေးနှင့် အရွယ်အစားက သူတို့၏ အဆင့်အတန်းနှင့် မျက်နှာပန်းလှမှုကို ကိုယ်စားပြုလေ့ရှိသည်။ သူကဲ့သို့ သိက္ခာကြီးမားလှသော မဟာဧကရာဇ်တစ်ပါးတွင် အကောင်းဆုံးအနေဖြင့် ထိုအထွတ်အထိပ်အဆင့် အရွယ်အစားရှိသော ပုလဲများသာ ရှိပေသည်။ သို့သော်လည်း ယခုအခါ သူ၏ လက်အောက်ခံ ဧကရာဇ်တစ်ပိုင်းများထံတွင် ကောင်းကင်အရှင်သခင်အဆင့် သို့မဟုတ် အိမ်အရွယ်အစားရှိသော မဟာဧကရာဇ်အဆင့် ပုလဲများပင် ရှိနေကြလေပြီ။
အကယ်၍ သူတို့သည် အနာဂတ်တွင် အတူတကွ အပြင်ထွက်ကြမည်ဆိုပါက မဟာဧကရာဇ်တစ်ပါးအနေဖြင့် သူ၏မျက်နှာကို ဘယ်နားသွားထားရမည်နည်း။
သူက လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံရမည်မဟုတ်ပါလား။
သူက ချီလင်လောကတွင် မည်သို့ ဆက်လက်ကျင်လည်နိုင်တော့မည်နည်း။
သူ့ထံတွင်လည်း ထိုပုလဲများ သေချာပေါက်ရှိနေရမည်။
အကြီးမားဆုံးသော မဟာဧကရာဇ်အဆင့်များလည်း ဖြစ်ရမည်။
ကောင်းကင်အရှင်သခင်အဆင့်များက သူ၏အဆင့်အတန်းကို မဖော်ပြနိုင်ချေ။
သို့သော်လည်း မဟာဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ လက်အောက်ငယ်သားများထံမှ ပေါ်ပေါ်ထင်ထင် လုယူ၍မရ... အလွန်အမင်း ရုပ်ဆိုးလွန်းသည်။ ထို့ကြောင့် သူသည် အစ်ကိုကြီးချန်ထံမှ ဝယ်ယူရန်အတွက်သာ တောင်းဆိုနိုင်တော့၏။