ပေါ့ပေါ့ပါးပါးလိမ်လည်မှု
Vol. 44 Ch. 435
ပတ်ဝန်းကျင်ရှိ ချီလင်အားလုံးမှာမူ သူတို့၏ မျက်နှာများကို မသိမသာဖုံးအုပ်လိုက်ကြရတော့၏။
ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နိမ့်ကျတဲ့ဈေးနှုန်းမျိုးကို ပေးရဲရတာလဲ…
မဟာဧကရာဇ်အဆင့် ပုလဲတစ်လုံးကို မိစ္ဆာမူလအနှစ်သာရ တစ်ဘီလီယံဆိုတာကတင် အနိမ့်ဆုံး ဈေးနှုန်းဖြစ်နေပြီလေ... ပြီးတော့ ဒီ နတ်ဘုရားအရှင်သခင်အဆင့် ပုလဲရဲ့တန်ဖိုးက မဟာဧကရာဇ်အဆင့်ထက် အနည်းဆုံး အဆပေါင်းတစ်ထောင်မက ပိုပြီးမြင့်မားတယ်…
တကယ်ပဲ အဆပေါင်း ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက် ပိုပြီးမြင့်မားတဲ့ဈေးနှုန်းကို ပေးချင်တယ်ဆိုရင်တောင် ဘယ်သူမှဝယ်နိုင်မှာမဟုတ်ဘူး…
အဲဒါကလည်း လက်တွေ့မကျဘူးလေ…
ဒါပေမဲ့ ဈေးနှုန်းကို ငါးဆပဲတိုးပေးတယ်ဆိုတော့... ဒါက နည်းနည်းတော့ လွန်လွန်းရာ မကျဘူးလား…
မဟာဧကရာဇ် ချောမောလှပသူကို လူရိုးတစ်ယောက်မို့လို့ အနိုင်ကျင့်နေတာလား…
ကျန်းချန်မှာမူ စိတ်ထဲတွင် အပျော်ကြီး ပျော်သွားခဲ့ရ၏။ သူသည် မူလက မည်သည့် အမြတ်အစွန်းမျှ ထပ်မံ၍ မရနိုင်တော့သဖြင့် ထွက်ခွာရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သော်လည်း မျှော်လင့်မထားဘဲ ငါးဘီလီယံကို ထပ်မံရရှိပေသည်။ ကံကြမ္မာအမှတ် ၁၀ မှတ်အသုံးပြုပြီး ကံကြမ္မာအမှတ် ငါးဘီလီယံနှင့် လဲလှယ်ခြင်းကို ငတုံးငအပင် ငြင်းပယ်မည်မဟုတ်။ သို့သော်လည်း အပြင်ပန်းတွင်မူ သူသည် တမင်တကာပင် စိတ်ရှုပ်ထွေးပြီး နာကျင်ခံခက်နေသည့် အမူအရာကို လုပ်ပြလိုက်၏။
"ဒါက... မဟာဧကရာဇ် ယွိချီလင်... မင်းက ငါ့ကို ဓားပြတိုက်နေတာပဲ... ဒီဈေးနှုန်းက..."
"တို့တွေရဲ့ ခင်မင်ရင်းနှီးမှုက ကောင်းတယ်ဆိုရင်တောင်... ဒါက တကယ်ကို လွန်လွန်းပါတယ်"
"မင်း နည်းနည်းလောက် ထပ်ပြီးတိုးပေးရင် မကောင်းဘူးလား..."
သူက ဤကဲ့သို့ ပြုမူလေလေ မဟာဧကရာဇ် ယွိချီလင်မှာ သူသည် အကြီးအကျယ် အမြတ်ထွက်နေသည်ဟု ပိုမို၍ခံစားရလေလေ ဖြစ်သည်။
"အစ်ကိုကြီး ရွှန်းကွေ့... ဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါက မင်းတို့ရဲ့ ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာ... အဲဒါတွေကို သာမန် မိစ္ဆာမူလအနှစ်သာရတွေနဲ့ တိုင်းတာလို့ မရဘူး မဟုတ်လား"
"ဒါပေမဲ့ အခု ငါက မင်းဆီကနေ ပုလဲတစ်လုံးဝယ်ချင်လို့ အတင်းအကျပ် တောင်းဆိုနေတာတောင် မင်းက တွန့်တိုနေသေးတယ်ပေါ့လေ"
သူ၏ အမူအရာက အေးစက်သွား၏။
"မင်းက ဒီလောက်အထိ ကတ်သီးကတ်သတ်နိုင်နေမယ်ဆိုရင်တော့... မင်း ပုလဲမျိုးနွယ်စုကို မျိုးတုံးအောင်သတ်ပစ်ခဲ့တဲ့ကိစ္စကို ငါတို့တွေ အလေးအနက်ထားပြီး ဆွေးနွေးကြရလိမ့်မယ်"
"မင်းက ဒါကို ရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင်... ဒီနေ့ မင်း ဒီနေရာကနေ ထွက်ခွာသွားလို့ရမှာမဟုတ်ဘူး"
ကျန်းချန်က စိတ်ထဲမှကျိတ်၍ ကျိန်ဆဲနေမိသည်။
ငါကသာ အစစ်အမှန် မဟာဧကရာဇ် ရွှန်းကွေ့ မဟုတ်လို့ပေါ့...
မဟုတ်ရင်တော့ မင်းကြောင့်မို့လို့ သွေးအန်ပြီးသေသွားလောက်ပြီ...
မင်းရဲ့ ချီလင်မျိုးနွယ်စုကရော တခြားမျိုးနွယ်စုတွေကို မျိုးတုံးအောင်မသတ်ဖူးဘူးတဲ့လား...
အပြင်ပန်းမှာတော့ ကြီးကျယ်ခမ်းနားတဲ့ အကြောင်းပြချက်တွေကို ရှာဖွေနေပြီး တကယ်တမ်းကျတော့ အတင်းအကျပ် အရောင်းအဝယ်လုပ်ဖို့ အနိုင်ကျင့်နေတဲ့ ဒီစောက်ကျင့်က မင်းက တကယ်ပဲ မိစ္ဆာလောကရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာနဲ့ ထိုက်တန်ပါတယ်…
"ဟူး... မဟာဧကရာဇ် ယွိချီလင်... မင်းပြောတာက တကယ်ကိုမှန်ကန်ပါတယ်"
"ဒါဆိုရင်လည်း ငါးဘီလီယံပဲ ထားလိုက်ကြတာပေါ့"
"ကောင်းပြီ"
မဟာဧကရာဇ် ယွိချီလင်မှာ အလွန်အမင်းဝမ်းသာသွားပြီး သူက ကတိစကားကို ပြန်လည်ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေသည့်အလား မိစ္ဆာမူလအနှစ်သာရ ငါးဘီလီယံ ကို စိတ်မရှည်စွာဖြင့် အလျင်အမြန် လွှဲပြောင်းပေးလိုက်တော့၏။ ထို့နောက်တွင်မူ သူ၏ ကြီးမားကျယ်ပြန့်လှသော မိစ္ဆာခန္ဓာကိုယ်ကြီးကို ချက်ချင်းဖြန့်ကျက်လိုက်ပြီး နတ်ဘုရားအရှင်သခင်အဆင့် ပုလဲကြီးကို ပျော်ရွှင်စွာသိမ်းဆည်းကာ လည်ပင်းတွင် ဆွဲလိုက်သည်။ ထို့နောက်တွင် သူသည် အောက်ခြေရှိ ဧကရာဇ်တစ်ပိုင်းများနှင့် မိစ္ဆာဘုရင်များ မြင်တွေ့နိုင်စေရန်အတွက် ပတ်ပတ်လည်သို့ လှည့်လည်ပြသနေလေ၏။
အောက်ခြေမှ ထွက်ပေါ်လာသော မနာလိုမှုများနှင့် အားကျချီးမွမ်းသံများကို ကြားလိုက်ရသည့်အခါ မဟာဧကရာဇ် ယွိချီလင်မှာ သူ၏ တစ်ဘဝလုံးစာ ကျင့်ကြံခြင်းက ဤအရာနှင့် ထိုက်တန်သွားပြီဟု ခံစားလိုက်ရတော့သည်။
“ဒီလောက်ကြီးတဲ့ ပုလဲကြီးကမှ ငါလို ဧကရာဇ်တစ်ပါးရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတာ”
“အခုကစပြီး ငါ ဘယ်နေရာကိုပဲသွားသွား... ဒီပုလဲကြီးကို အမြဲတမ်းဆွဲထားမယ်”
မိစ္ဆာမူလအနှစ်သာရ ငါးဘီလီယံကို လက်ခံရရှိပြီးနောက် ကျန်းချန်သည် ထိုသူ၏ ကြွားဝါနေမှုကို ကျေနပ်အားရစွာဖြင့် ကြည့်ရှုနေခဲ့ပြီး အမူအရာမှာ မြေးဆိုးလေးတစ်ယောက်ကို ကြည့်နေသော အဖိုးအိုတစ်ယောက်အလား ဖြစ်နေ၏။
"အဟမ်း... မဟာဧကရာဇ် ယွိချီလင်... ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးလို့... အရင်ဆုံး နှုတ်ဆက်လိုက်ပါရစေ"
ကောင်းမွန်သော အခြေအနေတွင် ရှိနေစဉ်မှာပင် လက်စသတ်သင့်ပေသည်။ ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့ပြီးဖြစ်သဖြင့် ဆုတ်ခွာရန်အချိန်တန်လေပြီ။
"ခဏလောက် နေပါဦး"
မဟာဧကရာဇ် ယွိချီလင်က သူ့ကို ထပ်မံ၍ တားဆီးလိုက်သည်။
“စောက်ကျိုးနည်း... တစ်ခုပြီးတစ်ခု မပြီးနိုင်မစီးနိုင်နဲ့”
ကျန်းချန်က အနည်းငယ် စိတ်မရှည် ဖြစ်လာ၏။
“မင်းက ငါ့ကို တကယ်ပဲ ဒေါသထွက်အောင် လုပ်မယ်ဆိုရင်တော့... ငါက မိစ္ဆာလောကရဲ့ ပရမ်းပတာ ဖြစ်ရပ်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘဲ... ငါ့ရဲ့ အစွမ်းတွေကိုသုံးပြီး မင်းကို မျိုးတုံးအောင် သတ်ပစ်လိုက်မယ်”
"အခု ဘာကိစ္စ ရှိသေးလို့လဲ"
မဟာဧကရာဇ် ယွိချီလင်က သူ့ရှေ့သို့ပျံသန်းလာခဲ့ပြီး သူ၏မျက်လုံးများအတွင်း၌ လောဘရိပ်အချို့ ဖြတ်ပြေးသွား၏။
"မင်း စောစောကပြောခဲ့တုန်းက မင်းဆီမှာ နတ်ဘုရားအရှင်သခင်အဆင့် ပုလဲနှစ်လုံးရှိတယ်လို့ ပြောခဲ့တယ်မလား... အခု နောက်ထပ်တစ်လုံး ကျန်သေးတယ်လေ..."
"ဘာလဲ... မင်းက အဲဒီတစ်ခုကိုလည်း ဝယ်ချင်လို့လား"
"အဲ့လိုမဟုတ်ပါဘူး"
မဟာဧကရာဇ် ယွိချီလင် အလွယ်တကူထုတ်ပေးနိုင်သော ပမာဏမှာ မိစ္ဆာမူလအနှစ်သာရ ဆယ်ဘီလီယံခန့်သာရှိသည်။ ၎င်းတို့အားလုံးကို ပုလဲနှစ်လုံးတည်းအတွက် သုံးစွဲပစ်ရန်မဖြစ်နိုင်ချေ။
"ငါက မင်းဆီမှာ ကျန်ရှိနေတဲ့ နောက်ဆုံးတစ်ခုကို ငါ့ရဲ့ ညီအစ်ကိုဖြစ်တဲ့ မဟာဧကရာဇ် မော့ချီလင်ကို ရောင်းချပေးဖို့ ရည်ရွယ်ချက် ရှိ၊ မရှိ သိချင်ရုံတင်ပါ"
ချီလင်မျိုးနွယ်စု၏ အခြားသော မိစ္ဆာဧကရာဇ်တစ်ပါးဖြစ်သည့် မဟာဧကရာဇ် မော့ချီလင်မှာ လက်ရှိ ကောင်းကင်ဌာနခွဲ၏ အရှင်သခင်ဖြစ်ပြီး မိစ္ဆာလောက၏ မိစ္ဆာအရှင်သခင်တစ်ပါးအဖြစ် သတ်မှတ်နိုင်ပေသည်။ သူသည် လက်ရှိတွင် မိစ္ဆာနန်းတော်၌ တာဝန်ယူစောင့်ကြပ်နေသဖြင့် ရွှန်းလင်းတောင်တွင်ရှိမနေခဲ့ချေ။
"မှန်တာပေါ့... ငါက အဲဒါကို သူ့ဆီရောင်းချပေးဖို့ ရည်ရွယ်ထားပါတယ်"
"ဒါဆိုရင် အဲဒီတစ်ခုကို ငါ့ဆီမှာပဲ သိမ်းထားပေးရင် မကောင်းဘူးလား... နောက်ကျလို့ ငါ့ရဲ့ ညီအစ်ကိုနဲ့ တွေ့တဲ့အခါကျရင် ငါကိုယ်တိုင်ပဲ သူ့ဆီကိုလွှဲပေးလိုက်ပါ့မယ်"
ကျန်းချန်မှာ ထိုသူ၏ အကြံပြုချက်ကြောင့် အော်ဟစ်ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့ရ၏။
မင်းက ငါ့အတွက်လွှဲပေးမယ် ဟုတ်လား…
မင်းက ဒါကို ဘယ်လိုမျိုးလုပ်မှာလဲ... မင်းက ပိုက်ဆံမပေးရသေးဘဲနဲ့... ဘယ်လိုလုပ်ပြီး လုံခြုံအောင် သိမ်းထားနိုင်မှာလဲ…
မင်းက အဲဒီနောက်ထပ်တစ်လုံးကိုပါ အလကားဖြတ်စားချင်နေတာ မဟုတ်လား…
ထိုပုလဲမှာ သူ၏ မျက်လုံးထဲတွင် ကံကြမ္မာအမှတ် ၁၀ မှတ်သာ တန်ဖိုးရှိသော်လည်း သူသည် ဤကဲ့သို့ အလိမ်ခံရခြင်းကိုတော့ သဘောမကျချေ။
"မဟာဧကရာဇ် ယွိချီလင်... အကယ်၍ မင်းမှာ မိစ္ဆာမူလအနှစ်သာရ မရှိဘူးဆိုရင်တော့... တခြားသူတွေရဲ့ကိစ္စကို ဝင်မစွက်ဖက်စမ်းပါနဲ့"
"ဒီကျန်ရှိနေတဲ့ နောက်ဆုံးတစ်ခုအတွက်ကတော့... ငါကိုယ်တိုင်ပဲ သူ့ဆီ သွားရောင်းပေးတာက ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်... မင်းကို ဒုက္ခပေးဖို့ မလိုတော့ပါဘူး"
ထိုစကားကို ပြောကြားပြီးနောက် သူသည် ချက်ချင်းလှည့်ပြန်လိုက်ပြီး မဟာဧကရာဇ် ယွိချီလင်ကို ကျော်ဖြတ်ကာ ထွက်ခွာသွား၏။ ထိုနေရာတွင် ကျန်ရစ်ခဲ့သော မဟာဧကရာဇ် ယွိချီလင်၏ အမူအရာမှာမူ အလွန်အမင်း အရုပ်ဆိုး အကျည်းတန်နေလေပြီ။ ၎င်းသည် သူ့ကို လုံးဝ မျက်နှာသာမပေးခြင်းဖြစ်၏။
သူ၏သတ်ဖြတ်လိုသော စိတ်ဆန္ဒများ လှိုင်းထလာပြီး ရတနာကိုလုယူရန်အတွက် သူ့ကိုသတ်ပစ်ရန် စိတ်ကူးပင်ပေါ်လာသည်။ သို့သော်လည်း မဟာဧကရာဇ် ရွှန်းကွေ့မှာ အလွယ်တကူ စော်ကား၍ရသော လူတစ်ယောက်မဟုတ်ဘဲ ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စုကို ဆက်လက်၍ စည်းရုံးသိမ်းသွင်းရန် လိုအပ်နေသေးသည့်အတွက် နောက်ဆုံးတွင်မူ သူသည် ဤသတ်ဖြတ်လိုသော စိတ်ဆန္ဒကို ဖိနှိပ်ထားလိုက်ရ၏။ အခြားတစ်ဖက်တွင်မူ ရွှန်းလင်းတောင်မှ ထွက်ခွာလာပြီးနောက် ကျန်းချန်မှာ အော်ဟစ်ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ငါ ဒီတစ်ခေါက်တော့ အကြီးအကျယ် အမြတ်ထွက်တာပဲ"
"ပြီးတော့ ငါက မဟာဧကရာဇ် ရွှန်းကွေ့အတွက်လည်း ကျင်းတစ်ကျင်း တူးပေးခဲ့သေးတယ်"
မိမိထံတွင် နှစ်လုံးရှိပြီး ကျန်တစ်လုံးကို မဟာဧကရာဇ် မော့ချီလင်ထံ ရောင်းချမည်ဟု တမင်တကာ ပြောခဲ့ရသနည်း။
၎င်းသည် နောက်တစ်ကြိမ်တွင် မဟာဧကရာဇ် မော့ချီလင်က အစစ်အမှန် မဟာဧကရာဇ် ရွှန်းကွေ့ထံသို့ သွားရောက်ဝယ်ယူစေရန်အတွက် ထောင်ချောက်ဆင်လိုက်ခြင်း မဟုတ်ပါလား။
ထိုအချိန်ကျရောက်လာသည့်အခါ မဟာဧကရာဇ် ရွှန်းကွေ့ထံတွင် ပုလဲရှိနေမည် မဟုတ်သလို ဘာကိုမျှလည်းသိမည်မဟုတ်။ ချီလင်မျိုးနွယ်စု၏ အနိုင်ကျင့်တတ်သောပုံစံအရဆိုလျှင် ကြည့်ကောင်းသော ပြဇာတ်တစ်ခုကို မြင်တွေ့ရတော့မည်။
အရိပ်ထဲတွင်ရှိနေသော မိုးပြာနဂါးဧကရီမှာမူ ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် ယခုအခါတွင် ဘာပြောရမှန်းပင်မသိတော့ချေ။ ဂုဏ်သိက္ခာကြီးမားလှသော ချီလင်မျိုးနွယ်စုကြီးမှာ ထိုသူ၏ လိမ်လည်လှည့်ဖြားမှုကြောင့် ကြီးမားလှသော အရင်းအမြစ်များကို ဤကဲ့သို့ ဆုံးရှုံးလိုက်ရလေပြီ။ ထို့အပြင် သူသည် ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စုနှင့် ချီလင်မျိုးနွယ်စုဟူသော သံမဏိမဟာမိတ်များကိုလည်း ဆန့်ကျင်ဘက် အနေအထားသို့ ရောက်ရှိသွားအောင် ပေါ့ပေါ့ပါးပါးပင် တွန်းပို့လိုက်သေးသည်။
ဤလူသည် ဆန်းကြယ်လှသော စွမ်းရည်များကို ပိုင်ဆိုင်ထားရုံတင်မကဘဲ သူ၏ အကြံအစည်များကလည်း အလွန်အမင်း အန္တရာယ်များလှပေသည်။ သူသည် လိုအပ်သည့်အချိန်တွင် လိမ်မာပါးနပ်တတ်ပြီး ရက်စက်သင့်သည့်အချိန်တွင်လည်း ရက်စက်တတ်ကာ လူကိုရောင်းစားလိုက်လျှင်ပင် သူ့အတွက် ပိုက်ဆံကို ကူပြီးရေတွက်ပေးနေရဦးမည်။
သူမက မချိပြုံးပြုံးလိုက်ရင်း ရေရွတ်လိုက်မိ၏။
"နင်က ငါတို့မိုးပြာနဂါးမျိုးနွယ်စုရဲ့ မဟာဧကရာဇ်အသစ်ဖြစ်လာတာ တကယ်ကိုကံကောင်းတာပဲ"
တစ်လောကလုံးတွင် ကျန်းချန်၏ လူသားမျိုးနွယ်စု အမှတ်အသားကို သိရှိထားသူမှာ ဆန်းလင်တစ်ယောက်တည်းသာရှိသည်။ ထို့ကြောင့် ကျန်းချန်သည် မူလက မိစ္ဆာလောကကို မရွေးချယ်ဘဲ အင်မော်တယ်လောက သို့မဟုတ် မိစ္ဆာလောကထဲတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့၍ရကြောင်း သူမက အလွန်အမင်း ရှင်းလင်းစွာ သိရှိထားပေသည်။
"အကယ်၍ နင်သာ အင်မော်တယ်လောကက လူတစ်ယောက်ဆိုရင်တော့ မိစ္ဆာလောကက နင့်ကြောင့်မို့လို့ ပရမ်းပတာ မဖြစ်သွားခင်အထိ နှစ်အနည်းငယ်ထက် ပိုပြီးတောင့်ခံနိုင်လိမ့်မယ်မထင်ဘူး..."
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ အင်မော်တယ်လောကနှင့် မိစ္ဆာလောကတို့က မူလက ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသဖြင့် သူ့ကို နဂါးမျိုးနွယ်စု၏ ဘက်တော်သားအဖြစ်သို့ အတင်းအကျပ် တွန်းပို့ပေးခဲ့ခြင်းဖြစ်၏။ ၎င်းသည်မှာ ကံကြမ္မာ၏အလိုဆန္ဒ ဖြစ်နေနိုင်သည်။
ဂိုဏ်းချုပ်ကျန်းမှာမူ စိတ်ကူးယဉ်ဆန်နေရန် စိတ်မဝင်စားတော့ဘဲ ကြီးမားလှသော ကံကြမ္မာအမှတ်များ၏ ပျော်ရွှင်မှုထဲတွင် နစ်မြုပ်နေလေပြီ။
"ဟီးဟီး... ဒီတစ်ခေါက်တော့ ငါ သေချာပေါက် ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာ မဟုတ်လား"
"မိစ္ဆာနန်းတော်တစ်သောင်းရဲ့ မဟာညီလာခံကြီး... ငါလာပြီဟေ့"
ဤတစ်ကြိမ်တွင် သူသည် မိစ္ဆာမူလအနှစ်သာရ ၁၇ ဘီလီယံ ရရှိခဲ့ခြင်းဖြစ်ပြီး မိစ္ဆာမူလအနှစ်သာရ နှစ်ဘီလီယံကျော် တန်ဖိုးရှိသော အင်မော်တယ်ရတနာများ၊ အင်မော်တယ်လက်နက်များ၊ မိစ္ဆာရတနာများနှင့် ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများကိုလည်း ရရှိခဲ့သည်။ မိစ္ဆာမူလအနှစ်သာရတစ်မျိုးတည်းနှင့်ပင် ကံကြမ္မာအမှတ် ၁၇ ဘီလီယံနှင့် ညီမျှပေသည်။
သူသည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ၎င်းတို့အားလုံးကို အလျင်အမြန် လဲလှယ်လိုက်၏။
ပြီးခဲ့သည့်အကြိမ်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ကံကြမ္မာအမှတ် သုံးဘီလီယံလုံးကို သုံးစွဲခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ချေ။ သူသည် အစကတည်းက ကံကြမ္မာအမှတ်များကို အရေးပေါ်လိုအပ်နေခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင်မူ သူ့တွင် ၁၇ ဘီလီယံ ရှိနေပြီဖြစ်သဖြင့်…
"ငါ့ကို အဆင့်မတက်အောင် တားချင်တယ်ဆိုရင်တော့... ငါ ကံကြမ္မာအမှတ်တွေကို ဘယ်လောက်အထိ မြန်မြန်ရှာဖွေနိုင်လဲဆိုတာကို အရင်ကြည့်ရလိမ့်မယ်"
"အဓိက စည်းမျဉ်းတွေ အများကြီးရှိနေရင်ရော ဘာဖြစ်လဲ"
ကျန်းချန်သည် ချီလင်မျိုးနွယ်စု၏ သြဇာလွှမ်းမိုးမှုနယ်ပယ်နှင့် ဝေးကွာသောနေရာသို့ ရောက်ရှိသွားသည့်အခါ ဆိတ်ငြိမ်လှသော တောင်တစ်တောင်ကို ရွေးချယ်လိုက်ပြီးနောက် အဆင့်တက်လှမ်းရန်အတွက် ဆေးလုံးများကို အလျင်အမြန် လဲလှယ်လိုက်၏။
ကံကြမ္မာအမှတ် သုံးဘီလီယံ တန်ဖိုးရှိသော ဆေးလုံးများကို သုံးစွဲပြီးနောက် သူသည် အဆင့်တက်လှမ်းခြင်း အခြေအနေထဲသို့ ထပ်မံ၍ဝင်ရောက်သွားပြန်သည်။
ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်က လင်းလက်တောက်ပနေပြီး အဓိကစည်းမျဉ်း အရည်အသွေးရှိသော အလင်းလုံး ၉၉၂ လုံးမှာ ဂြိုဟ်များအလား သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေကြ၏။ ၎င်းတို့အထဲတွင် မြန်နှုန်းစည်းမျဉ်း၏ အလင်းလုံးမှာ သိသာထင်ရှားစွာဖြင့် ဆယ်ဆမျှ ပိုမိုတောက်ပနေသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အခြားတစ်ခုကို ထပ်မံ၍ရွေးချယ်နိုင်လေပြီ။
ကျန်းချန်သည် ခွန်အားစည်းမျဉ်းကို မတုံဆိုင်းဘဲ ရွေးချယ်လိုက်တော့သည်။ ကျင့်ကြံခြင်းလောကရှိ အတွေ့အကြုံမရှိသေးသော လူသစ်တစ်ယောက်ပင် ဤစည်းမျဉ်းက မည်မျှအစွမ်းထက်ကြောင်း သိရှိကြသဖြင့် သူလည်း မတတ်နိုင်တော့ချေ။