← Chapters

အစွမ်းထက်လှသော စည်းမျဉ်း

Vol. 44 Ch. 436

အစွမ်းထက်လှသော စည်းမျဉ်း

Vol. 44 Ch. 436

အဆင့်ကိုး အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း တိုက်ခိုက်ရေးတွင်မူ သန့်စင်သော ခွန်အားတစ်ခုတည်းအပေါ်၌သာ အခြေခံခြင်းမဟုတ်တော့ချေ။ သို့သော်လည်း အင်မော်တယ်နိုင်ငံတော်တစ်ခု၏ စွမ်းအားမှာလည်း ခွန်အားတစ်မျိုးပင်။ ခွန်အားစည်းမျဉ်း၏ နှလုံးသားအမှတ်အသားကိုရရှိခြင်းက တစ်ဦးတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပို၍တိုးတက်ကောင်းမွန်စေမည်။ အထူးသဖြင့် အင်မော်တယ်နိုင်ငံတော်၏ အခြေခံအုတ်မြစ်က အလွန်အမင်း ခိုင်မာတောင့်တင်းလှသော ကျန်းချန်ကဲ့သို့လူမျိုးအတွက်မူ အလုံးစုံတိုးတက်မှုနှုန်းမှာ အတိုင်းအဆမရှိ ကြီးမားလှသည်။

သို့သော်လည်း ဤစည်းမျဉ်းက အစွမ်းထက်သလောက် သိမြင်နားလည်ရန် အလွန်အမင်းခက်ခဲ၏။

ထို့အပြင် ဧကရာဇ်တစ်ပိုင်း အများစုမှာ ခွန်အားစည်းမျဉ်းကို ကျင့်ကြံကြလျှင်ပင် ပေါင်းစပ်ရန်အတွက် ရွေးချယ်ကြမည်မဟုတ်။

အကြောင်းပြချက်မှာ ရိုးရှင်းပါသည်... ခွန်အားစည်းမျဉ်း၏ အရှင်သခင်မှာ ရိုင်းစိုင်းကန္တာရလောက၏ အရှင်သခင်ဖြစ်နေသောကြောင့်ပင်။

ထိုသူသည် အင်မော်တယ်လောက စတင်ကတည်းက တည်ရှိနေခဲ့သော ရှေးဟောင်းဘီလူးကြီးတစ်ကောင်ဖြစ်ပြီး သူ၏နောက်ကြောင်းမှာလည်း မိုးပြာနဂါးဧကရီထက်မနည်းချေ။ ၎င်းကို လှုပ်ခါနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။

ဤအဓိကစည်းမျဉ်း၏ နှလုံးသားကိုရွေးချယ်ခြင်းက အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာရန်အတွက် အခြေခံအားဖြင့် မဖြစ်နိုင်တော့ကြောင်း ဖော်ပြနေခြင်းပင်။

သို့သော်လည်း ကျန်းချန်က ဤကဲ့သို့သော မပြောပလောက်သည့် အသေးစိတ်အချက်အလက်ကို ဂရုစိုက်ပါမည်လား…

စည်းမျဉ်းကအစွမ်းထက်နေသရွေ့ ကျန်အရာအားလုံးက ပမွှားပင်…

ခွန်အားစည်းမျဉ်း၏ အလင်းလုံးကို ရွေးချယ်ပြီးနောက် သူသည် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ပင် ခွန်အားစည်းမျဉ်း၏ နှလုံးသားနှင့် အကွာအဝေးကို ကျဉ်းမြောင်းလိုက်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ သူ၏အင်မော်တယ်ဝိညာဉ်ကို အသုံးပြု၍ စည်းမျဉ်း၏နှလုံးသားပေါ်တွင် ကိုယ်ပိုင်အမှတ်အသားကို ရေးထွင်းရမည့် အချိန်ကျရောက်လာလေပြီ။ အရာအားလုံးမှာ မည်သည့် အနှောင့်အယှက်မျှမရှိဘဲ ချောချောမွေ့မွေ့ပြီးဆုံးသွား၏။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင် အမှတ်အသားရေးထွင်းခြင်း အောင်မြင်သွားခဲ့ပြီး သူသည် အဆင့်တက်လှမ်းခြင်း၏ ဆန်းကြယ်လှသော အခြေအနေထဲမှ ထွက်လတော့သည်။

ထိုအလင်းလုံး ၉၉၂ လုံးကို ထပ်မံ၍ ကြည့်လိုက်သည့်အခါ ခွန်အားစည်းမျဉ်း၏ တောက်ပမှုမှာ ယခင်က မြန်နှုန်းစည်းမျဉ်းနှင့် အတူတူဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ၎င်းက အခြားသော အဓိကစည်းမျဉ်းများထက် သိသိသာသာပင် တစ်ဆခန့် ပိုမိုကြီးမားနေသည်။

တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ရိုင်းစိုင်းကန္တာရလောက၌ အိပ်ပျော်နေသော ခွန်အားအရှင်သခင်ကြီးသည်လည်း စည်းမျဉ်း၏နှလုံးသားနှင့် ချိတ်ဆက်ထားသော ဧကရာဇ်တစ်ပိုင်းအသစ်တစ်ပါး ပေါ်ထွက်လာကြောင်း အာရုံခံမိလိုက်၏။ သို့သော်လည်း သူသည် ဟင်းလင်းပြင်ခွဲဖြတ်ခြင်း မိစ္ဆာဧကရာဇ်ကဲ့သို့ ပြင်းထန်သောတုံ့ပြန်မှုမျိုး မရှိခဲ့ချေ။

သူက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့။

၎င်းက ခွန်အားစည်းမျဉ်းနှင့် ဆက်နွှယ်မှုတစ်ခု ထူထောင်လိုက်သည့် ဧကရာဇ်တစ်ပိုင်းအသစ်တစ်ပါးမျှသာ။

၎င်းမှာ အိပ်ပျော်နေသော ခြင်္သေ့တစ်ကောင်၏ ဘေးနားတွင် မှဲ့အသေးလေးတစ်လုံး ပေါ်လာသကဲ့သို့ပင်ဖြစ်နိုင်ပြီး သူ့ကို မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မခံစားရစေနိုင်ချေ။

သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီးနောက် ကျန်းချန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ ထိုအချိန်ကျမှသာ သူသည် မိမိကိုယ်မိမိ အဆင့်ကိုး အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေသေးကြောင်း အံ့အားသင့်စွာဖြင့် သတိပြုမိလိုက်တော့သည်။ သူအဆင့်တက်လှမ်းနေစဉ်အတောအတွင်း မည်သည့်အသံမျှမထွက်ဘဲ မနှောင့်ယှက်ခဲ့သော မိုးပြာနဂါးဧကရီမှာ ယခုအချိန်ကျမှသာ စကားပြောလာ၏။

"နင် အဆင့်တက်တာ ပြီးသွားပြီလား"

"အင်း..."

ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး ဧကရာဇ်တစ်ပိုင်းဖြစ်လာမည့် ထိုစည်းချက်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးကြောင်း အတည်ပြုလိုက်သည်။

"ထပ်ပြီး ရှုံးနိမ့်သွားပြန်ပြီပေါ့"

"အင်း... ဒါပေမဲ့ ကံကောင်းတာက ငါက စည်းမျဉ်းအသစ်တစ်ခုကို အောင်မြင်စွာ အမှတ်အသားလုပ်နိုင်ခဲ့လို့ မရှုံးပါဘူး"

"အို... ဒါက တကယ်ပဲ ဖြစ်နိုင်တာလား..."

ဧကရီမှာ စိတ်ဝင်စားသွား၏။ အဆုံးစွန်သတ်မှတ်ချက်အရ ဤကဲ့သို့သော အခြေအနေမျိုးက တစ်လောကလုံးတွင် တစ်ခါမျှမဖြစ်ပွားဖူးခြင်းကြောင့် ဖြစ်သည်။

"ဒီတစ်ခေါက် နင် ဘယ်စည်းမျဉ်းကို အမှတ်အသား လုပ်လိုက်တာလဲ"

"ခွန်အားစည်းမျဉ်း..."

ဆန်းလင်မှာ လုံးဝကို ဆွံ့အသွားတော့၏။ သူမက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။

"နင်က အင်မော်တယ်ဧကရာဇ် မဖြစ်ချင်တော့ဘူးလား... ခွန်အားစည်းမျဉ်းကို အဲဒီအရူးကြီးက ပိုင်စိုးထားတာလေ... ဘယ်သူမှ လုယူလို့မရဘူး"

"နင်က နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခွင့်ရခဲ့တာကို... နှစ်ခေါက်စလုံး ပိတ်နေတဲ့လမ်းတွေကိုပဲ ရွေးချယ်ခဲ့တယ်ပေါ့လေ"

မြန်နှုန်းအတွက် သူမရှိနေသကဲ့သို့ ခွန်အားအတွက်လည်း ရိုင်းစိုင်းကန္တာရလောကမှ ထိုသူရှိနေခြင်းကြောင့် အခြားသော လူများအတွက်မူ ဤအရာများက လျှောက်လှမ်း၍မရနိုင်သောလမ်းစဉ်များ ဖြစ်ပေသည်။

"ဘယ်အရူးကြီးလဲ..."

ကျန်းချန်က ခွန်အားအရှင်သခင်က မည်သူဖြစ်ကြောင်း မသိသေးချေ။

"ရိုင်းစိုင်းကန္တာရလောကရဲ့ အရှင်သခင် ဟွမ်ဝူ... ငါတို့နဲ့ တစ်ခေတ်တည်း ပေါ်ထွက်လာခဲ့တဲ့ အရူးတစ်ယောက်ပေါ့"

"သူက သန်မာလား..."

"အရမ်းသန်မာတယ်... အင်မော်တယ်တွေနဲ့ မိစ္ဆာတွေ မထွန်းကားခင်တုန်းက ငါတို့ နဂါးမျိုးနွယ်စုရဲ့ အကြီးမားဆုံးရန်သူက သူပဲ"

"အဲဒီတုန်းက သူ့ရဲ့ ရိုင်းစိုင်းကန္တာရလောကက လူရိုင်းတွေရဲ့ အကြီးမားဆုံးဝါသနာက... နဂါး၊ ဖီးနစ်နဲ့ ချီလင် အပါအဝင် တခြားသော သားရဲမျိုးနွယ်စုကြီးတွေကို အမဲလိုက်ပြီး အသားနဲ့ သွေးတွေကိုသုံးပြီး သူတို့ရဲ့ ကိုယ်ပိုင်ချီနဲ့ သွေးစွမ်းအင်တွေကို ဖြည့်တင်းကြတာ... ပြီးတော့ နဂါးအကြေးခွံတွေနဲ့ ဖီးနစ်အမွှေးအတောင်တွေကိုလည်း ချပ်ဝတ်တန်ဆာအဖြစ်သုံးကြတယ်..."

ကျန်းချန်က သူ၏ နှုတ်ခမ်းကို တွန့်လိုက်မိ၏။

"သူက ဒီလောက်တောင် ကြမ်းတာလား..."

ဆန်းလင်က ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်သည်။

"ငါတို့ရဲ့ ကြီးမြတ်တဲ့ နဂါးဧကရာဇ်သုံးပါးက တစ်ခါက သူ့ကိုတိုက်ခိုက်ဖို့အတွက် အကြိမ်ပေါင်းများစွာ ပူးပေါင်းခဲ့ကြဖူးတယ်... ဒါပေမဲ့ ငါတို့ သူ့ကို မသတ်နိုင်ခဲ့ဘူး"

"ဒါဆိုရင် အခုကော..."

"အင်မော်တယ်တွေနဲ့ မိစ္ဆာတွေ ထွန်းကားလာတဲ့အချိန်မှာ အင်မော်တယ်ဧကရာဇ်တွေနဲ့ မိစ္ဆာဧကရာဇ် အများအပြားက သူ့ကိုဝိုင်းတိုက်ခဲ့ကြတယ်။ သူ သေချာပေါက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး... အဲဒီနောက်ပိုင်းမှာ သူက တဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်ခြင်းထဲကို ဝင်ရောက်သွားခဲ့တာ။ ဒါပေမဲ့ အင်မော်တယ်လောကနဲ့ မိစ္ဆာလောကတို့ကလည်း အဲဒီအချိန်ကစပြီး ရိုင်းစိုင်းကန္တာရလောကကို ထပ်ပြီးမကျူးကျော်ဖို့အတွက် သဘောတူညီချက်တစ်ခု ထားခဲ့ကြတယ်"

စကားအနည်းငယ်မျှဖြင့်ပင် ကျန်းချန်သည် ဤသူက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း နားလည်သွား၏။ အင်မော်တယ်လောက၊ မိစ္ဆာလောကနှင့် နတ်ဆိုးလောကတို့ပင်လျှင် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ကြချေ။

"ခွန်အားစည်းမျဉ်းရဲ့ နှလုံးသားကို ရွေးချယ်ခြင်းအားဖြင့်... နင်က အရှင်သခင်နေရာအတွက် သူ့ကို စိန်ခေါ်ယှဉ်ပြိုင်ရတော့မှာ"

ဆန်းလင်က နောက်ဆုံး သုံးသပ်ချက်ကို ပေးလိုက်သည်။

"ဒါက တကယ်ကို ကိုယ့်အရည်အချင်းကိုယ် အထင်ကြီးလွန်းရာကျနေပြီ"

ကျန်းချန်ကလည်း သက်ပြင်းချလိုက်၏။

"အင်း... သူ ငါ့ရဲ့ ရွေးချယ်ခြင်းကို ခံလိုက်ရတာက တကယ်ကိုကံဆိုးလွန်းတာပဲ"

"ဖူး..."

"နင်က တကယ်ကို ကျားကိုမကြောက်တဲ့ နွားပေါက်လေးပဲ... အစ်မကြီးက နင့်ကိုအားပေးပါတယ်"

ဤလှောင်ပြောင်သရော်သော လေသံက ကျန်းချန်၏ မာနကို ပြင်းထန်စွာ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ သူသည် အနားမယူတော့ဘဲ နောက်ထပ် အဆင့်တက်လှမ်းခြင်းကို ချက်ချင်းစတင်လိုက်၏။ ကံကြမ္မာအမှတ် သန်း ၃၀၀ တန်ဖိုးရှိသော အခြားဆေးလုံးများကို ထပ်မံ၍ သုံးစွဲလိုက်ပြီးနောက် သူသည် အဓိက စည်းမျဉ်း၏ နှလုံးသားကို ထပ်မံရွေးချယ်ရမည့် အချိန်သို့ ရောက်ရှိသွားပြန်သည်။

ကျန်ရှိနေသော အဓိက စည်းမျဉ်း ၉၉၀ ကို ရင်ဆိုင်ရင်း သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး စစ်ပွဲစည်းမျဉ်းကို ရွေးချယ်လိုက်၏။ အကြောင်းမှာ ဤစည်းမျဉ်းက တိုက်ခိုက်ရေးအတွက် မွေးဖွားလာခြင်းဖြစ်သည်ဟု ပြောစမှတ်ပြုကြသောကြောင့်ဖြစ်သည်။ ပို၍တိုက်ခိုက်လေလေ ပို၍ရဲရင့်လာလေလေဖြစ်ပြီး... ပို၍တိုက်ခိုက်လေလေ ပို၍သန်မာလာလေလေ ဖြစ်၏။ လောလောဆယ်တွင် ဤစည်းမျဉ်း၏ အရှင်သခင်က မည်သူဖြစ်နေသည်ဆိုသည်ကိုမူ... မည်သူက ဂရုစိုက်မည်နည်း။

၎င်းကို ရွေးချယ်လိုက်ပြီးနောက် သူသည် စည်းမျဉ်း၏ နှလုံးသားပေါ်တွင် ကိုယ်ပိုင်အမှတ်အသားကို နောက်တစ်ကြိမ်ထပ်မံ၍ အောင်မြင်စွာရေးထွင်းနိုင်ခဲ့ပြီး ဤအဆင့်တက်လှမ်းခြင်းဖြစ်စဉ်ကို အဆုံးသတ်လိုက်သည်။

ထို့နောက်တွင် သူသည် အပြင်ထွက်ခွာလာသည့်အခါ အဆင့်ကိုး အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေသေးကြောင်း ထပ်မံ၍တွေ့ရှိလိုက်ရပြန်၏။

"ထပ်ပြီး ရှုံးနိမ့်သွားပြန်ပြီပေါ့"

ဆန်းလင် အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့စဉ်က သူမ၏ စိတ်ခံစားချက်မှာ အတော်လေး ရှုပ်ထွေးနေခဲ့သည်။ နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်ခြင်းက နောက်ထပ် အမှတ်အသားတစ်ခုကို ထပ်မံ၍ရွေးချယ်နိုင်ခြင်းကို ဆိုလိုသဖြင့် ၎င်းက ကောင်းမွန်သောအရာဖြစ်၏။ သို့သော်လည်း ကျန်းချန် မည်မျှပင် အဆင့်တက်လှမ်းပါစေ ဧကရာဇ်တစ်ပိုင်းဖြစ်မလာနိုင်မည်ကို သူမက စိုးရိမ်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူသည် အလွန်အမင်း သန်မာလှသော နဂါးဘုရင်တစ်ကောင်မျှသာ ဖြစ်လာနိုင်ပေလိမ့်မည်။

အကယ်၍ ပုံစံကိုးမျိုး မိုးပြာနဂါးတစ်ကောင်က ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ဘူးဆိုလျှင်တော့ ၎င်းက မိုးပြာနဂါးမျိုးနွယ်စုအတွက် သေချာပေါက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။

"အင်း... ငါ နောက်ထပ်တစ်ကြိမ် ထပ်ပြီးကြိုးစားရဦးမယ်"

ကျန်းချန်သည် ဤမျှလောက်များပြားလှသော အဓိကစည်းမျဉ်းများဖြင့်ဆိုလျှင် ၎င်းတို့ကို သယ်ဆောင်ရန်အတွက် အနည်းဆုံး စည်းမျဉ်း၏နှလုံးသား ကိုးခု သို့မဟုတ် ထိုထက်မက လိုအပ်နိုင်သည်ဟု ခန့်မှန်းလိုက်၏။ မဟုတ်လျှင်တော့ သူသည် နောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ အောင်မြင်စွာတက်လှမ်းနိုင်မည်မဟုတ်။

သူသည် ယခုတစ်ကြိမ်တွင် ချီလင်မျိုးနွယ်စုထံမှနေ၍ များပြားလှသော ကံကြမ္မာအမှတ်များကို လိမ်လည်... အာ... ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ အကြိမ်ပေါင်းမည်မျှကြိုးစားရပါစေ သူတတ်နိုင်လေသည်။ ဆန်းလင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။

"ဒီတစ်ခေါက် နင်ဘယ်စည်းမျဉ်းရဲ့ နှလုံးသားကို ရွေးချယ်လိုက်တာလဲ"

"စစ်ပွဲစည်းမျဉ်း..."

"နင် ရူးနေတာလား... ဧကရာဇ်ဖြစ်ဖို့ ဒီလောက်အထိခက်ခဲတဲ့ စည်းမျဉ်းမျိုးကို ဘာလို့ ထပ်ပြီးရွေးချယ်ရတာလဲ"

"ဘာဖြစ်လို့လဲ... စစ်ပွဲစည်းမျဉ်းရဲ့ အရှင်သခင်ကလည်း ကြီးမားတဲ့နောက်ခံရှိနေလို့လား"

"မှန်တာပေါ့... မိစ္ဆာလောကရဲ့ နက္ခတ်ကိုးပါး မိစ္ဆာနန်းတော်ရဲ့ တည်ထောင်သူ ဘိုးဘေးကြီးဖြစ်တဲ့ သွေးစွန်းစစ်ပွဲ မိစ္ဆာဧကရာဇ်က စစ်ပွဲစည်းမျဉ်းရဲ့ အရှင်သခင်ပဲ... သူက မိစ္ဆာလောကရဲ့ ထိပ်သီးပုဂ္ဂိုလ် သုံးယောက်ထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာ"

ဆန်းလင်က သူပေါ့ဆသွားမည်ကို စိုးရိမ်နေသည့်အလား နောက်ထပ်စကားတစ်ခွန်းကို ထပ်မံ၍ဖြည့်စွက်လိုက်သေး၏။

"နင် နက္ခတ်ကိုးပါး မိစ္ဆာနန်းတော်အကြောင်း ကြားဖူးရမယ်... အဲဒါက မိစ္ဆာလောကရဲ့ နံပါတ်တစ် မိစ္ဆာဂိုဏ်းကြီးပဲ"

"အကယ်၍ နင်က အနာဂတ်မှာ စစ်ပွဲစည်းမျဉ်းရဲ့ ဧကရာဇ်နေရာကို ရယူချင်တယ်ဆိုရင်တော့... ကောင်းကင်ဘုံကို တက်လှမ်းရတာထက်တောင် ပိုပြီးခက်ခဲလိမ့်မယ်"

ကျန်းချန်မှာမူ မည်သည့်ဖိအားမျိုးမျှ ခံစားရခြင်းမရှိဘဲ ဟန်ထုတ်လေသည်။

"ဒါဆိုရင် သူ တကယ်ပဲ ကံဆိုးတာပေါ့... ဘာလို့လဲဆိုတော့ သူ ဒီတစ်ခေါက် ငါ့ရဲ့ ရွေးချယ်ခြင်းကို ခံလိုက်ရကတည်းက... နက္ခတ်ကိုးပါး မိစ္ဆာနန်းတော်က အနာဂတ်မှာ ပြိုလဲသွားနိုင်လို့ပဲ"

ဆန်းလင်က တဟားဟား ရယ်မောလိုက်၏။

"နင် ကြွားလုံးထုတ်ဖို့အတွက် အတင်းအကျပ် ဟန်ဆောင်နေတဲ့ပုံစံက တကယ်ကို ချစ်စရာကောင်းတယ်"

“မင်းကသာ ချစ်စရာကောင်းနေတာ”

ကျန်းချန်က စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဆေးလုံးများကို ထပ်မံ၍ လဲလှယ်လိုက်ပြီးနောက် အခြားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် သူသည် ဓားစည်းမျဉ်းကို ရွေးချယ်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် ဤအဆင့်တက်လှမ်းခြင်းမှာလည်း ထပ်မံ၍ ရှုံးနိမ့်သွားသည်။ ယခုအချိန်တွင် သူ့ထံ၌ စည်းမျဉ်း၏နှလုံးသား အမှတ်အသားလေးခု ရှိနေလေပြီ။

၎င်းသည် သူ့ထံတွင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်သော စွမ်းအားရှိသည့် စည်းမျဉ်းလေးခု ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ ၎င်းက အခြားဧကရာဇ်တစ်ပိုင်းများ အိပ်မက်ပင်မမက်ရဲသောအရာမျိုး ဖြစ်ပေသည်။ အဆုံးစွန်အားဖြင့် မည်သည့် ဧကရာဇ်တစ်ပိုင်းမဆို ဤအဆင့်သို့ ရောက်ရှိနိုင်သော စည်းမျဉ်းတစ်ခုသာ ပိုင်ဆိုင်ထားကြ၏။

သို့သော်လည်း ဆန်းလင်မှာမူ ပိုမို၍ စိုးရိမ်ပူပန်လာသည်။ ဆက်တိုက်ဆိုသလို ရှုံးနိမ့်နေခဲ့သော ဤဖြစ်စဉ်များက တကယ်ကို မယုံနိုင်လောက်အောင်ပင်။

"နင် ဒီတစ်ခေါက်ကျမှ ဘာဖြစ်လို့ ဓားစည်းမျဉ်းကို ရွေးချယ်ရတာလဲ"

ကျန်းချန်က သဘာဝကျကျပင် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဓားကိုသုံးတာက ပိုပြီးတော့ဟန်ထုတ်လို့ရတယ်လေ... မဟုတ်ရင် လူတွေက ဓားအင်မော်တယ်လို့ပဲ အမြဲတမ်း ဘာလို့ပြောကြမလဲ... ဓားမကြီးအင်မော်တယ် ဒါမှမဟုတ် လက်သီးအင်မော်တယ်လို့ မပြောကြဘူးလေ..."

“ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့်ပေါ့ ဟုတ်လား”

ဆန်းလင်မှာ သူ၏စကားကြောင့် လည်ပင်းဆို့ပြီး သေလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။ သူမက မူလက ထိုသူ့ထံတွင် ဓားပညာနှင့် ဓား၏ လမ်းစဉ်အပေါ်၌ တစ်စုံတရား စွဲမြဲစွာ လိုက်စားမှုမျိုး ရှိနေခဲ့သည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းကျတော့ ဟန်ထုတ်ရုံသက်သက်ကြောင့်ပဲလား...

All Chapters