ကြွားလုံးထုတ်ရာမှ မျက်နှာအိုးမည်း သုတ်ခံရခြင်း
Vol. 44 Ch. 439
ဤကဲ့သို့သော စကားပြောဆိုပုံကို ကြားလိုက်ရသည့်အခါတွင်မူ ဧကရာဇ်တစ်ပိုင်း ရှမ်းကန်းမှာ ပိုမို၍ ဝေခွဲမရဖြစ်သွားသည်။ ယခင်က မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို ဤကဲ့သို့ စကားပြောဆိုဝံ့ခြင်း မရှိခဲ့ဖူးချေ။
"မင်းက... ဘယ်သူလဲ"
အစ်ကိုကြီးချန်ကမူ သူသည် လက်ရှိတွင် ဧကရာဇ်တစ်ပိုင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေးတောလိုက်မိသည်။ ထို့အပြင် သူသည် မိစ္ဆာတစ်သောင်း ညီလာခံတွင် လူတိုင်းကို သတ်ဖြတ်ချေမှုန်းပစ်ရန် ရည်ရွယ်ထားသဖြင့် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေခြင်းနှင့် မျက်နှာပျက်ရမည်ကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။ ထို့ကြောင့်ပင် သူ၏ လူသားပုံသဏ္ဌာန်သို့ ပြန်ပြောင်းလိုက်တော့သည်။
ဧကရာဇ်တစ်ပိုင်း ရှမ်းကန်းမှာ မူလက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သော်လည်း ဤလူသားပုံသဏ္ဌာန်ကို မြင်လိုက်ရသည့်အခါတွင်မူ သူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် ကောင်းကင်ယံထက်မှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
"ဂိုဏ်းချုပ် ကျန်း"
သူ၏ မှုန်ဝါးနေသော မျက်လုံးများက အလွန်အမင်းတောက်ပလာပြီး ဖျားနာကာ အိုမင်းရင့်ရော်နေသော ပုံပန်းသဏ္ဌာန်မှာလည်း လုံးဝကွယ်ပျောက်သွားခဲ့ကာ သူ၏ အသည်းစွဲ အိုင်ဒေါကို တွေ့မြင်လိုက်ရသည့် ချစ်ခြင်းမေတ္တာမီးတောက်များ တောက်လောင်နေသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။
"တကယ်ကြီး မင်းဖြစ်နေတာပဲလား..."
"အိုဘုရားသခင်... မင်းက မိုးပြာနဂါးမဟာဧကရာဇ် ဖြစ်နေမှန်းသာ ငါကြိုတင်သိခဲ့ရင်... ဘာပဲဖြစ်ဖြစ် မင်းဆီကို ချက်ချင်းလာပြီး လာရောက်ဂါရဝပြုမှာပါ"
သူ၏ နောက်ကွယ်ရှိ သိုးမျိုးနွယ်စုဝင်များ သတိမပြုမိလိုက်ခင်မှာပင် သိုးမျိုးနွယ်စု၏ ဤပါရမီရှင်ကြီးသည် ကောင်းကင်ယံထက်တွင် ဒူးထောက်လျက် အရှိန်ဖြင့်လျှောတိုက်ကာ အစ်ကိုကြီးချန်၏ ရှေ့မှောက်ဆီသို့ ရောက်ရှိလာခဲ့တော့သည်။ (ဘောလုံးသမားတွေ ဂိုးသွင်းပြီး ဒူးနဲ့လျှောတိုက်အောင်ပွဲခံသလိုမျိုး…)
"မင်းက... ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
သူ၏ အမှတ်ရမှုထဲတွင်မူ အစ်ကိုကြီးချန်က စစ်မှန်သော လူသားမျိုးနွယ်စုဝင်တစ်ဦး ဖြစ်ပြီး မိစ္ဆာမျိုးနွယ်စု၏ မည်သည့်သွင်ပြင်လက္ခဏာကိုမျှ ပြသခဲ့ဖူးခြင်း မရှိချေ။
"ပြီးတော့ မင်းက ဘာဖြစ်လို့..."
သူက ချက်ချင်းပင် ပါးစပ်ပိတ်လိုက်၏။
အကယ်၍ ဂိုဏ်းချုပ်ကျန်းက ကြီးမားလှသော အစီအစဉ်တစ်ခုအတွက် မိုးပြာနဂါးမျိုးနွယ်စုထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နေခြင်းဖြစ်ပါက မည်သို့လုပ်မည်နည်း။
သူ၏ ဒေါသတကြီး အော်ဟစ်လိုက်မှုက သူ့ကို ဖော်ကောင်လုပ်လိုက်သလို ဖြစ်မသွားပေဘူးလား။
သူက ဆန်းကျိကို သတိကြီးစွာဖြင့် စူးစမ်းကြည့်လိုက်ရာ ဆန်းကျိမှာလည်း ဝေခွဲမရခြင်းများနှင့် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ဧကရာဇ်တစ်ပိုင်း ကျောက်ချုန်းမှာမူ သူ၏ မေးစေ့က မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
"ရှမ်းကန်း... မင်း ဘာလုပ်နေတာလဲ"
"မင်းက ဘာဖြစ်လို့ သူ့ကို ဒီလောက်အထိ ကြီးမားတဲ့ အရိုအသေပေးမှုကို ပြသနေရတာလဲ"
သူက ချက်ချင်းပင် ခုန်တက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဆန်းကျိ... ဘာတွေ ဖြစ်နေတာလဲ... ဒါက မင်းတို့မျိုးနွယ်စုရဲ့ မဟာဧကရာဇ် မဟုတ်ဘူးလား... သူက ဘာဖြစ်လို့ လူသားတစ်ယောက် ဖြစ်နေရတာလဲ"
ဆန်းကျိက သတိပြန်လည်လာခဲ့ပြီး ထိန်းချုပ်မရနိုင်သော ပျော်ရွှင်မှုများဖြင့် ချက်ချင်းပင် တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ငါတို့မျိုးနွယ်စုရဲ့ မဟာဧကရာဇ်က အရင်တုန်းက လူသားလောကမှာ နေထိုင်ခဲ့တာလေ... သူက လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲရတာကို မနှစ်သက်နိုင်ဘူးလား"
"မင်းတို့မျိုးနွယ်စုရဲ့ ပါရမီရှင်က သူ့အပေါ်မှာ ကြည်ညိုလေးစားမှုတွေ ရှိနေတာကတော့ ငါထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ"
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်ကပင် ဧကရာဇ်တစ်ပိုင်း ကျောက်ချုန်းက သူ့ထံသို့လာ၍ သူ၏သိုးမျိုးနွယ်စုမှ ပါရမီရှင် မျိုးဆက်သစ်နှင့် လျှို့ဝှက်လက်နက်အကြောင်းကို ကြွားဝါပြောဆိုခဲ့ပြီး မဟာဧကရာဇ်ဆန်းချန်ကို အထင်သေးအမြင်သေး ပြုလုပ်ခဲ့သေးသည်။
ထိုအရာက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။
ယခု ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ၎င်းက ပူပြင်းလှသော နွေရာသီတွင် ရေခဲမုန့်အကြီးကြီး စားလိုက်ရသကဲ့သို့ဖြစ်နေရာ အလွန်ကျေနပ်နေတော့သည်။
မင်းတို့ သိုးမျိုးနွယ်စုရဲ့ ပါရမီရှင်... မင်းတို့ရဲ့ လျှို့ဝှက်လက်နက်က ဒါပဲလား...
မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး မတ်တပ်ရပ်သွားစေရမယ် ဟုတ်လား...
သူက ငါတို့မျိုးနွယ်စုရဲ့ မဟာဧကရာဇ်ရှေ့မှာ ဒူးထောက်နေပြီလေ...
မဟာဧကရာဇ်က ထိုအရာကို မည်သို့လုပ်နိုင်ခဲ့သည်ကို သူမသိသော်လည်း အလွန်အမင်း ခံစားချက်ကောင်းမွန်လှသည်။
အစ်ကိုကြီးချန်က စူးစမ်းလိုစိတ်ဖြင့်မေးလိုက်၏။
"မင်းက ဘာဖြစ်လို့ အခြားမိစ္ဆာမျိုးနွယ်စုဝင်တွေနဲ့ ဒီလောက်အထိ ကွာခြားနေရတာလဲ... ပြီးတော့ မင်းက ဒါကို ဘာဖြစ်လို့ဝတ်ထားရတာလဲ"
ဂိုဏ်းချုပ်ကျန်းက စကားပြောဆိုလာသည်နှင့်တစ်ပြိုင်နက် ရှမ်းကန်းက ချက်ချင်းပင် အမှန်အတိုင်း ဝန်ခံလိုက်တော့သည်။
"ဟဟ... မင်းကို ရယ်စရာဖြစ်အောင် လုပ်မိပြီ... ငါ အင်မော်တယ်လောကကို ရောက်လာပြီးတဲ့နောက်မှာ... လူသားပုံသဏ္ဌာန်အဖြစ် အထူးတလည် ပြောင်းလဲပြီး လက်နက်သွန်းလုပ်ခြင်းပညာကို သင်ယူဖို့အတွက် လူသားမျိုးနွယ်စုရဲ့ ဂိုဏ်းတစ်ခုထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့တယ်"
"ဒါက မိစ္ဆာစွမ်းအားကို လမ်းညွှန်ပေးနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ အထူးမိစ္ဆာသံချပ်ကာဝတ်စုံပဲ"
"ငါတို့ သိုးမျိုးနွယ်စုရဲ့ မိစ္ဆာခန္ဓာကိုယ်က တခြားမျိုးနွယ်စုတွေထက် အများကြီး နိမ့်ကျနေတယ်ဆိုတာ မင်းလည်း သိတာပဲ... ဒီမိစ္ဆာသံချပ်ကာ ရှိနေရင်တော့... ငါ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး"
"ဒါ့အပြင် ဒီမိစ္ဆာသံချပ်ကာက ငါ့ရဲ့ကိုယ်ပိုင်ပင်မစည်းမျဉ်းစွမ်းအားအပေါ်မှာလည်း မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်..."
သူက ဤမိစ္ဆာသံချပ်ကာ၏ အသေးစိတ်အချက်အလက်အားလုံးကို တရစပ်ပြောဆိုရင်းနှင့်ပင် အရာအားလုံးကို ထုတ်ဖော်ပြောကြားတော့သည်။
သူသည် လျှို့ဝှက်လက်နက်ဟူသောအရာကို လုံးဝမေ့လျော့သွားလေပြီ။
ထိုကိစ္စက ကျောက်ချုန်းကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေ၏။
"ရှမ်းကန်း... မင်း ရူးသွားပြီလား"
သူက ဧကရာဇ်တစ်ပိုင်း ရှမ်းကန်းထံသို့ ပြေးသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"သူက မင်းရဲ့ အလားအလာရှိတဲ့ ပြိုင်ဘက်တစ်ယောက်လည်း ဖြစ်တယ်... မင်း ဒီအရာတွေကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်ပြောဆိုနိုင်ရတာလဲ"
"ပြီးတော့ သူက ဧကရာဇ်တစ်ပိုင်းရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာ... နဂါးမျိုးနွယ်စုဝင်လည်း ဖြစ်နေသေးတယ်... မင်းက ဘာဖြစ်လို့ သူ့ကို ဒီလောက်အထိ ရိုသေလေးစားနေရတာလဲ"
"သူက မင်းအပေါ်မှာ ဘယ်လို မိစ္ဆာမှော်အတတ်မျိုးကို သုံးလိုက်တာလဲ"
သူသည် ဤအရာကို လက်မခံနိုင်ချေ။
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်ကပင် သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြွားဝါပြောဆိုနေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ အဖိုးတန်ဆုံးသော မျိုးဆက်သစ်က အခြားတစ်စုံတစ်ယောက်၏ရှေ့တွင် ဒူးထောက်နေခဲ့သည်။
သူ၏ အဂုဏ်ယူဆုံးသောကြွားဝါမှုမှာ တစ်ဖက်လူ၏ ကြွားဝါမှုဖြစ်သွားခဲ့ပြီး သူ့မျက်နှာကို အိုးမည်းသုတ်ခံလိုက်ရခြင်း မဟုတ်ပါလော။
သူ့မျက်နှာကို ဘယ်နေရာမှာ သွားထားရမည်နည်း။
ဧကရာဇ်တစ်ပိုင်း ရှမ်းကန်းကမူ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ယခုအခါတွင်မူ သူ၏ မျက်လုံးထဲ၌ ဂိုဏ်းချုပ် ကျန်းတစ်ဦးတည်းကိုသာ မြင်နေရ၏။
ထိုအချိန်က ကရုဏာတရားက အလွန်အမင်းကြီးမားလှသည်။ သူ့အသက်ကို အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ပြီး ကံကြမ္မာကိုပြောင်းလဲပေးခဲ့ခြင်းမှာ တစ်သက်လုံး ပြန်လည်ပေးဆပ်နိုင်မည့်အရာမဟုတ်။
ထို့အပြင် ဂိုဏ်းချုပ် ကျန်းက အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းမှာလည်း လတ်ဆတ်နေဆဲ။
"မင်းလို လူကြီးမင်းလည်း စာရင်းပေးသွင်းထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး... ဒါဆိုရင် ဒီတစ်ကြိမ်မှာ ဘယ်သူက ပထမနေရာရမလဲဆိုတာ စိုးရိမ်စရာမလိုတော့ဘူး"
ဤသိုးအိုကြီးက အလွန်အမင်း ပါးနပ်လှသဖြင့် အရာများစွာကို လျင်မြန်စွာပင် တွေးတောမိသွားသည်။
"ချီလင်မျိုးနွယ်စုက မင်းဦးဆောင်တဲ့ မိုးပြာနဂါးမျိုးနွယ်စုကို ရန်စခဲ့တယ်... ကြည့်ရတာ မိစ္ဆာလောကကတော့ ပြောင်းလဲတော့မှာပဲ"
"အချိန်တန်ရင် မင်း ငါ့ကိုလည်း ခေါ်သွားပေးရမယ်နော်"
သူ၏ အမြင်တွင်မူ ဂိုဏ်းချုပ်ကျန်းကို ရန်စမိခဲ့သည့် ချီလင်မျိုးနွယ်စုမှာ ပြီးဆုံးသွားလေပြီ။
မိစ္ဆာလောကသည် အနာဂတ်တွင် စည်းစနစ်များကို ပြန်လည်သတ်မှတ်ရန် မလွှဲမရှောင်သာ ဖြစ်လာလိမ့်မည်ဖြစ်ရာ အစ်ကိုကြီးချန်၏ ခြေထောက်ကို ကြိုတင်၍ဖက်ထားခြင်းအားဖြင့် သိုးမျိုးနွယ်စု၏ အဆင့်အတန်းက အနာဂတ်တွင် ပိုမိုမြင့်မားလာနိုင်သည်။
"ငါတို့က အချင်းချင်းတွေပဲလေ... လုပ်ပေးရမှာပေါ့"
အစ်ကိုကြီးချန်မှာမူ ခံစားချက် အတော်လေး ကောင်းမွန်နေ၏။
"မင်းတို့ လေကြီးနေတာ လျှာကိုက်မိမှာမကြောက်ဘူးလား"
ဧကရာဇ်တစ်ပိုင်း ကျောက်ချုန်းမှာ အလွန်အမင်းဒေါသထွက်နေသဖြင့် ခုန်ပေါက်နေပြီး ၎င်းတို့နှစ်ဦးကို လုံးဝနားမလည်နိုင်တော့ချေ။
"မင်းတို့နှစ်ယောက်က ဘာတွေ လျှောက်ပြောနေကြတာလဲ"
"ဘာမှမဟုတ်ပါဘူး... ဟားဟားဟား"
ခရီးစဉ်၏ ကျန်ရှိသော အပိုင်းတွင်မူ ဧကရာဇ်တစ်ပိုင်း ရှမ်းကန်းက အစ်ကိုကြီးချန်၏ ဘေးမှနေ၍ လုံးဝမခွာတော့ချေ။
သူက အသက်ရှူလိုက်တိုင်းတွင် ဂိုဏ်းချုပ်ကျန်းဟုခေါ်နေခဲ့ပြီး အစ်ကိုကြီးချန်ကို သူ့ကျောပေါ်တွင် စီးနင်းခွင့်ပြုရန်ပင် ဆန္ဒရှိနေသည့်အလား အလွန်အမင်း ဂရုစိုက်နေခဲ့သည်။ အခြားသော သိုးမျိုးနွယ်စုဝင်များမှာမူ မှင်တက်သွားကြရ၏။
ဤရှမ်းကန်းသည် မိစ္ဆာလောကသို့ ရောက်ရှိလာပြီးနောက်တွင်မူ သိုးမျိုးနွယ်စုဝင် အများအပြားနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သော်လည်း သူ အမှန်တကယ် လေးစားရသောသူမရှိခဲ့ဟု ဆိုနိုင်သည်။ ချီလင်မျိုးနွယ်စုက တံခါးလာခေါက်သည့်တိုင်အောင်ပင် သူတို့သည် သူ့ကို ဦးညွှတ်အောင် မလုပ်နိုင်ခဲ့ကြချေ။ သူသည် အောက်လောကမှ လာခဲ့ခြင်း ဖြစ်သော်လည်း သူ၏ အရိုးထဲအထိ မာနကြီးလှသူဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ သူသည် အစေခံတစ်ဦးကဲ့သို့ဖြစ်နေခဲ့ရာ ၎င်းက အလွန်ဆန်းကြယ်လွန်းသည်မဟုတ်လော။
ဆန်းကျိကမူ ဒဏ်ရာပေါ် ဆားဖြူးသည့်အနေဖြင့် ထပ်လောင်းပြောဆိုလိုက်၏။
"ဟိုးဟိုး... မင်းတို့ သိုးမျိုးနွယ်စုရဲ့ ပါရမီရှင်က အမြင်အာရုံ ကောင်းမွန်တာပဲ"
"သူက ငါတို့မျိုးနွယ်စုရဲ့ မဟာဧကရာဇ်ရဲ့ ထူးခြားဆန်းကြယ်တဲ့ သဘာဝကို မြင်တွေ့လိုက်ရပြီး... ငါတို့ မိုးပြာနဂါးမျိုးနွယ်စုထဲကို ကြိုတင်ပြီး ဝင်ရောက်ပူးပေါင်းလိုက်ပြီလေ"
ကျောက်ချုန်းက ဒေါသတကြီးဖြင့် ဆဲဆိုလိုက်၏။
"ပူးပေါင်းတာကို စောက်ဂရုစိုက်ရမှာလား... မင်းတို့ မိုးပြာနဂါးမျိုးနွယ်စုက အခုလို သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေတာ... လူမိုက်တစ်ယောက်ပဲ မင်းတို့နဲ့ ပူးပေါင်းလိမ့်မယ်"
ဆန်းကျိက မျက်စိမှိတ်ပြကာ မုတ်ဆိတ်မွေးများ တုန်ခါသွားသည်အထိ တဟားဟား ရယ်မောလိုက်တော့သည်။
"မင်း ပြောတဲ့အရာက အရေးမပါပါဘူး... အနာဂတ်မှာ မင်းတို့ သိုးမျိုးနွယ်စုကို ဦးဆောင်မယ့်သူက ဧကရာဇ်တစ်ပိုင်း ရှမ်းကန်း ဖြစ်လာနိုင်တာပဲ"
"အိပ်မက် ဆက်မက်နေလိုက်... ငါ သူ့ကို အလိမ်မခံရအောင်လုပ်မှာ"
"အချိန်ကျလာရင်... ငါတို့ မိုးပြာနဂါးမျိုးနွယ်စုက မင်းတို့ သိုးမျိုးနွယ်စုကို ပံ့ပိုးပေးမှာမို့လို့... နောင်တမရစေနဲ့ဦးနော်... ဟားဟားဟား..."
ဆန်းကျိက ဤအရာကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း သူ့ရင်ထဲ၌မူ အမှန်တကယ် အလွန်အမင်း အံ့ဩတုန်လှုပ်နေခဲ့သည်။ မဟာဧကရာဇ်က မည်သို့လုပ်ဆောင်ခဲ့သနည်း။ ဤသိုးမျိုးနွယ်စုပါရမီရှင် ရှမ်းကန်းကလည်း သူလူသားလောကတွင် ဆုံတွေ့ခဲ့ဖူးသော တစ်စုံတစ်ယောက် ဖြစ်နေနိုင်မလား...
သူတို့က မိတ်ဆွေဟောင်းကြီးများ ဖြစ်နေကြလျှင်တောင်မှ ဤမျှအထိ ကြီးမားသော အရိုအသေပေးမှုကို ပြသရန် မလိုအပ်ချေ။
ဤကဲ့သို့ဖြင့် သူတို့သည် နောက်ဆုံးတွင် မိစ္ဆာနန်းတော်တစ်သောင်း၏ ပြင်ပနယ်နိမိတ်ဆီသို့ ရောက်ရှိလာခဲ့ကြတော့သည်။
"အဟမ်း... ချောမောလှပတဲ့ အစ်ကိုကြီးချန်... မင်းရဲ့ မိုးပြာနဂါး စစ်မှန်တဲ့ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းပေးနိုင်မလား"
ဆန်းကျိက ညှိနှိုင်းရတော့သည်။
"မိစ္ဆာလောကထဲမှာ လူသားမျိုးနွယ်စုအပေါ် အလွန်အမင်းနက်ရှိုင်းတဲ့ အမုန်းတရားတွေရှိကြတဲ့ မျိုးနွယ်စုတွေ အများကြီးရှိတယ်"
"အကယ်၍ ငါတို့က လူသားပုံသဏ္ဌာန်ကိုသုံးပြီး ဝင်သွားမယ်ဆိုရင်... အဲဒါက ကြီးမားတဲ့ လှုပ်ခတ်မှုတွေနဲ့ ပြဿနာတွေကို ဖြစ်စေလိမ့်မယ်"
သူ့ကို ချောမောလှပသော အစ်ကိုကြီးချန်ဟု ခေါ်ဆိုခဲ့သည့်အတွက်ကြောင့်ပင် အစ်ကိုကြီးချန်က သူ့ကို မျက်နှာသာပေးကာ သူ၏ မိုးပြာနဂါးစစ်မှန်သော ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းလိုက်တော့သည်။
ပြင်ပမှနေ၍ ကြည့်ရှုလျှင်မူ မိစ္ဆာနန်းတော်ကြီးက စိတ်ကူးပုံဖော်၍ရနိုင်သည်ထက်ပို၍ ခမ်းနားထည်ဝါလှသည်။ မိုင်ပေါင်းသောင်းချီ၍ ကျယ်ပြောလှသော ဧရာမနန်းတော်များက တောင်တန်းများအကြားတွင်တည်ရှိနေပြီး မြင့်မားလှသော စုလစ်မွန်းချွန်များက တိမ်တိုက်များထဲအထိ ထိုးထွက်နေကာ အဆုံးမဲ့ဘုန်းတန်ခိုးများကို ထုတ်လွှတ်နေ၏။
အတွင်းဝင်လိုက်သည့်အခါ အတွင်းပိုင်းဧရိယာက ပြင်ပထက် အဆပေါင်းထောင်ချီ၍ ပိုမိုကြီးမားနေကြောင်း တွေ့ရှိလိုက်ရသည်။ ကြည့်ရသည်မှာ ဟင်းလင်းပြင်စည်းမျဉ်းများကို အသုံးပြုထားပုံရ၏။ ထိုကဲ့သို့ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် မိစ္ဆာမျိုးနွယ်စုဝင်များ၏ ပုံသဏ္ဌာန်များကို နေရာတိုင်း၌မြင်တွေ့နိုင်သည်။
ယခုအကြိမ်တွင် ဧကရာဇ်တစ်ပိုင်း အများအပြား ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များကို အပြည့်အဝပြောင်းလဲသည့်အခါ အလွန်အမင်းကြီးမားလွန်းလှသည်။ ထို့အပြင် သူတို့ဝင်ရောက်လာခြင်းကလည်း မိစ္ဆာမျိုးနွယ်စုဝင် အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တော့သည်။