အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) - ပျံသန်းခြင်း
အသိပေးကြေညာသံကို ကြားလိုက်ရသောအခါ လင်းဖန်သည် မျှော်လင့်တကြီးဖြင့် မတ်တတ်ရပ်လိုက်သည်။
သူသည် နောက်ထပ်စမ်းသပ်မှုအတွက် အဆင်သင့်ဖြစ်နေချေပြီ။
အခြားဝင်ခွင့်ဖြေဆိုသူများက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်ကြလေသည်။
သူတို့အနေဖြင့် ငေးကြည့်နေခြင်းမှလွဲ၍ တခြားဘာမျှ မလုပ်နိုင်ကြပေ။
ပထမစမ်းသပ်မှုကိုပင် သူတို့မှာ သီသီလေး ကပ်အောင်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ ရင်ထဲ၌ လင်းဖန်အား ထွက်သွားအောင် လုပ်နိုင်စွမ်းမရှိကြောင်းကို ကောင်းကောင်းသိနေကြပေသည်။
အခြားသူအများစုမှာ နောက်ဆုံးမီတာအနည်းငယ်အလိုတွင် ဒူးထောက်ကျနေခဲ့ကြရသော်လည်း လင်းဖန်ကမူ အမြန်ဆုံး မတ်တတ်ရပ်နိုင်ခဲ့ပြီး မည်သည့်ရုန်းကန်မှုမျှ မရှိခဲ့ပေ။
“အားလုံးပဲ ဒီဘက်ကို လာကြပါဦး”
ရင်းနှီးနေသော အသံတစ်သံက သူတို့ထံ လှမ်းအော်လိုက်သည်ကို ကြားလိုက်ရလေသည်။ လင်းဖန် လှည့်ကြည့်လိုက်ရာ ကျန်းရှီကို မြင်လိုက်ရသည်။
သူမက မဏ္ဍပ်ဆီမှနေ၍ သူတို့ဆီသို့ လျှောက်လာကာ ဗဟိုရင်ပြင်၏ ဘယ်ဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
ဤစမ်းသပ်မှုကို ကျန်းရှီက ကိုင်တွယ်မည့်ပုံပေါ်ပေသည်။
‘သူမရဲ့ သရုပ်မှန်နဲ့ပတ်သက်ပြီး လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ’
လင်းဖန် တွေးလိုက်မိသည်။
သူ ဘယ်ဘက်သို့ ကြည့်လိုက်ရာ အညိုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ထွားကြိုင်းသော လူကြီးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရလေသည်။
“ဒါကတော့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်က အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ ဂိုဏ်းတူအစ်ကိုကြီး စွန်းဟိုင်ပဲ။ နောက်စမ်းသပ်မှုအတွက် မင်းတို့လုပ်ရမှာက ကိုယ့်ရဲ့ရှိသမျှခွန်အားကို သုံးပြီးတော့ သူ့ကို နည်းနည်းလေးရွေ့သွားအောင် လုပ်ရုံပဲ။ ဂိုဏ်းတူအစ်ကိုကြီး စွန်းဟိုင်က သူ့ရဲ့စွမ်းအားတွေကို ချီစုစည်းမှုအဆင့်ထိပဲ ကန့်သတ်ထားပေးမှာပါ။”
ကျန်းရှီက စွန်းဟိုင်နှင့် မိတ်ဆက်ပေးရင်း နောက်ထပ်စမ်းသပ်မှုအတွက် သူတို့ လုပ်ရမည့်အရာကို ရှင်းပြလိုက်သည်။
စွန်းဟိုင်မှာ ခေါင်းပြောင်ပြောင်၊ မျက်ခုံးမွေးပြောင်ပြောင်နှင့် အရပ်ရှည်ရှည်၊ တောင့်တင်းကျစ်လျစ်ကာ နွားလားတစ်ကောင်ကဲ့သို့ ကြွက်သားများအပြည့်နှင့် ဖြစ်လေသည်။
“သူ့ကို ကြည့်လိုက်စမ်း၊ အရမ်းခွန်အားကြီးတာပဲ။ စမ်းသပ်မှုအောင်မြင်ရင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို ဝင်ခဲ့ကြနော်။ မင်းတို့ လုံးဝ နောင်တရမှာ မဟုတ်ဘူး”
ဝင်ခွင့်ဖြေဆိုသူများမှာ သူတို့၏ ရယ်မောချင်စိတ်ကို အတော်လေး ထိန်းချုပ်ထားရပေသည်။
သာမန်စိတ်ရှိသူ မည်သူက ထိုကဲ့သို့ ဖြစ်ချင်ပါမည်နည်း။
ကျက်သရေရှိသော ဓားသမားတစ်ဦးနှင့် နှိုင်းယှဉ်လျှင် အရိုင်းအစိုင်းဆန်လွန်းနေပေသည်။
တပည့်သစ်များ ဝင်လာစေရန် ကြိုးပမ်းနေသော ကျန်းရှီ၏ လုပ်ရပ်ကိုကြည့်ကာ လင်းဖန် ခေါင်းခါလိုက်မိသည်။
သူမသည် အတော်လေး အသည်းအသန် ဖြစ်နေပုံရလေသည်။
“ဘယ်သူ အရင်ဆုံး စချင်လဲ”
ကျန်းရှီက စမ်းသပ်မှုကို ပထမဆုံး စတင်ချင်သူအား မေးလိုက်သည်။
အစပိုင်းတွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် လူတစ်ယောက်က စမ်းသပ်မှုပြုလုပ်ရန် လျှောက်လာခဲ့သည်။
ထိုလူက သူ၏ရှိသမျှခွန်အားဖြင့် စွန်းဟိုင်ကို တွန်းလိုက်သော်လည်း အုတ်နံရံကြီးတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်နေလေသည်။
အလုပ်မဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူက နောက်သို့ ပြန်ပြေးကာ စွန်းဟိုင်ထံသို့ သူ၏တစ်ကိုယ်လုံးဖြင့် ဝင်တိုက်ချလိုက်လေသည်။
ဖုန်း…
ထိုလူ၏ပခုံးက စွန်းဟိုင်၏ရင်အုပ်ကို ဝင်တိုက်မိသွားပြီး သူသာ မြေပြင်ပေါ်သို့ လဲကျသွားချေသည်။
ထိုလူက သူ၏ပခုံးကို ပွတ်သပ်ရင်း စွန်းဟိုင်၏ ခြေထောက်များကို ကြည့်လိုက်သည်။
စိတ်ပျက်စရာကောင်းစွာဖြင့် စွန်းဟိုင်မှာ လက်မတစ်ဝက်ပင် ရွေ့လျားသွားခြင်း မရှိချေ။
“ကျွန်တော် အရှုံးပေးပါတယ်”
ထိုလူက ကျန်းရှီဘက်သို့ လှည့်ကာ အရိုအသေပေးရင်း ထွက်သွားလေသည်။
ထွက်သွားစဉ်တွင် သူက စွန်းဟိုင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ယခု သူ ကျရှုံးသွားပြီဖြစ်သဖြင့် ထပ်မံကြိုးစားရန် နောက်နှစ်အထိ စောင့်ရတော့မည် ဖြစ်ပေသည်။
ပထမလူ ကျရှုံးသွားသည်ကို မြင်သောအခါ အခြားဝင်ခွင့်ဖြေဆိုသူများမှာ အလေးအနက်ထားလာကြလေသည်။
နောက်ထပ်ကြိုးစားရန် ထွက်လာသော လူအနည်းငယ်မှာလည်း ကျရှုံးသွားကြပြန်လေသည်။
အချို့က ဒေါသထွက်လွန်းသဖြင့် စွန်းဟိုင်ကို လက်သီးဖြင့်ပင် ထိုးကြသေးသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ စွန်းဟိုင်၏ ခန္ဓာကိုယ်မှာ သူတို့အတွက် အလွန်မာကျောနေသဖြင့် နောက်ဆုံးတွင် သူတို့ရရှိလိုက်သည်မှာ ကျိုးကြေသွားသော လက်ဆစ်များသာ ဖြစ်ပေသည်။
နောက်ဆုံး၌ ထန်ရွေ့က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“သူတို့အားလုံး ကျရှုံးသွားကြပြီဆိုတော့ လူတိုင်းကို စိတ်ဓာတ်ခွန်အားပေးဖို့ ကျွန်တော့်အလှည့် ရောက်လာပြီလို့ ထင်ပါတယ်”
အခြားဝင်ခွင့်ဖြေဆိုသူများက သူ့အတွက် အားပေးကြွေးကြော်လိုက်ကြစဉ် သူက လက်ပြနှုတ်ဆက်လိုက်လေသည်။
အစောပိုင်းက လင်းဖန်အား လူလိမ်အဖြစ် တိုင်တန်းရန် ကြိုးပမ်းခဲ့ဖူးသဖြင့် ထန်ရွေ့၏ ပုံရိပ်မှာ သူတို့၏ စိတ်ထဲတွင် တရားမျှတသော သခင်လေးတစ်ပါးပမာ ဖြစ်နေပေပြီ။
သူက စွန်းဟိုင်အနီးသို့ လျှောက်သွားပြီးနောက် စွန်းဟိုင်၏ ရင်အုပ်ရှေ့တွင် သူ၏ လက်ဝါးကို ရွယ်ထားကာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်လေသည်။
“ဟက်”
ထန်ရွေ့သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ခြေတစ်ဖက်ကို ရှေ့သို့ချကာ လက်ဝါးဖြင့် တွန်းထုတ်လိုက်လေသည်။
အစပိုင်းတွင် ဘာမှမဖြစ်ခဲ့သော်လည်း ထို့နောက်တွင်မူ စွန်းဟိုင်မှာ ဖြည်းညင်းစွာဖြင့် အနည်းငယ် ရွေ့လျားသွားသည်။
“ဝိုး... သူ လုပ်နိုင်သွားပြီဟေ့”
“နောက်ဆုံးတော့ သူ့ကို ရွေ့နိုင်တဲ့ ခွန်အားကြီးတဲ့သူ ပေါ်လာပြီပဲ”
“ငါတို့တွေထဲမှာ သခင်လေးထန်ရွေ့မှ မအောင်မြင်ရင် ဘယ်သူမှ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ငါသိနေတယ်”
“ဘယ်သူမှ သူ့ကို ထန်ရွေ့ထက် ပိုပြီး ရွေ့လျားသွားအောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်”
ထန်ရွေ့၏ အောင်မြင်မှုအတွက် လူအုပ်ကြီးက ပို၍ကျယ်လောင်စွာ အားပေးကြွေးကြော်လိုက်စဉ် သူက စွန်းဟိုင်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
နောက်ထပ် ကံဆိုးမည့်သူမှာ မည်သူဖြစ်မည်နည်းဟု သူတို့ တွေးတောနေကြစဉ် လင်းဖန် မတ်တတ်ရပ်လာချေသည်။
သူတို့သည် လင်းဖန်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်ကြသည်။
‘သူက တမင်သက်သက် လုပ်နေတာလား’
‘သခင်လေးထန်ရွေ့နဲ့ သူ့ကိုယ်သူ ယှဉ်ချင်နေတာလား’
‘တကယ့်ကို တုံးအတဲ့ လူမိုက်ပဲ’
လင်းဖန်သာ ကျရှုံးသွားပါက သူတို့၏ လှောင်ပြောင်ရယ်မောသံများကို လျှော့ချပေးမည် မဟုတ်ပေ။
လင်းဖန်သည် စွန်းဟိုင်နှင့် ဆယ်မီတာအကွာတွင် ရပ်နေလေသည်။
သခင်ကြီးထန်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအရ သူ၏စွမ်းအင်များကို ချီစုစည်းမှုအဆင့်တွင်သာ ထိန်းထားပါက ဤအကွာအဝေးမှနေ၍ စွန်းဟိုင်ကို အလွယ်တကူ ရွေ့လျားသွားစေနိုင်ကြောင်း သူ သိထားသည်။
သခင်ကြီးထန်သည် ထိုအဆင့်ထက် သေချာပေါက် ပို၍မြင့်မားပေသည်။
ဂိုဏ်းတူအစ်ကိုကြီး စွန်းဟိုင်တစ်ယောက် ထိခိုက်ဒဏ်ရာ မရစေရန်အတွက် အရမ်းနီးနီးကပ်ကပ် မသွားခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
“သူက အဲဒီနေရာကနေ စဖို့ စီစဉ်နေတာလား”
“အရင်လူတွေ ကြိုးစားသွားတာကို မြင်ပြီးတော့တောင် ဒါက လွယ်ကူတယ်လို့ သူ ထင်နေတုန်းပဲလား”
“တုံးလိုက်တာကွာ”
ဂိုဏ်းဝင်ခွင့် လာရောက်ဖြေဆိုသူများက လင်းဖန်ကို လှောင်ပြောင်လိုက်ကြလေသည်။
လင်းဖန်သည် လက်နှစ်ဖက်ကို ယှက်ကာ စွန်းဟိုင်အား ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ပြင်ဆင်ထားပါဦး”
အခြားသော ဂိုဏ်းဝင်ခွင့် ဖြေဆိုသူများမှာ ဆက်၍ သည်းမခံနိုင်ကြတော့ချေ။
သူတို့မှာ လင်းဖန်အား အရူးတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ထိုထက်ပင် ပို၍ရူးမိုက်နေကြောင်း တွေ့လိုက်ရသည်။
‘သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ’
သူတို့သည် လင်းဖန်၏ မောက်မာမှုအတွက် ကျိန်ဆဲလိုက်ကြသည်။
ကျန်းရှီကမူ ပြင်းထန်သော စိတ်ဝင်စားမှုဖြင့် ကြည့်ရှုနေသော်လည်း စွန်းဟိုင်က ထိုကိစ္စကို သိပ်အရေးမလုပ်ပေ။
မွန်းလွဲပိုင်းတွင် နေမင်းကြီးက အထက်စီးမှ ပြင်းထန်စွာ တောက်ပနေလေသည်။
လင်းယုန်တစ်ကောင် ပျံဝဲလာပြီး ၎င်း၏ စူးရှသော အော်မြည်သံက အလယ်ဗဟို ရင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဝှစ်...
လင်းဖန်သည် သူ၏ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ဖြင့် စွန်းဟိုင်ဆီသို့ ခုန်ဝင်လိုက်လေသည်။
သူက စွန်းဟိုင်၏ ရှေ့တွင် ချက်ချင်းဆိုသလိုပင် ပေါ်လာချေသည်။
ဖုန်း...
စွန်းဟိုင်သည် ထိုရိုက်ခတ်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ပင်ကိုတုံ့ပြန်မှုအရ သူသည် သူ၏ ချီအဆင့်ကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုးမြှင့်လိုက်လေသည်။
သို့သော်ငြားလည်း လင်းဖန်ထံမှ တွန်းအားသည် သူ၏ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သွားသည်ကို ခံစားသိရှိနေရဆဲ ဖြစ်ပေသည်။
စွန်းဟိုင် ရွေ့လျားသွားသည်ကို မြင်လိုက်ရသောအခါ ဂိုဏ်းဝင်ခွင့်ဖြေဆိုသူများအားလုံးမှာ
ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကြလေတော့သည်။
ခြေတစ်လှမ်း၊ ခြေနှစ်လှမ်း...
ခြေဆယ်လှမ်းခန့် နောက်ဆုတ်သွားပြီးနောက်မှသာ သူက နောက်ဆုံးတွင် ရပ်တန့်သွားသည်။
“ဘာဖြစ်သွားတာလဲ”
“ငါပဲ အမြင်မှားသွားတာလား”
“မဖြစ်နိုင်ဘူး၊ စွန်းဟိုင်က သေချာပေါက်...”
ထိုဂိုဏ်းဝင်ခွင့်ဖြေဆိုသူ စကားမဆုံးမီမှာပင် လင်းဖန်က သူ့ကို လှမ်းကြည့်လိုက်သည်။
ထိုအကြည့်က ဆက်ပြောရဲပါက လင်းဖန်၏ စိန်ခေါ်မှုကို ခံရမည်ဟူသော သတိပေးချက် ပါဝင်နေလေသည်။
သူသည် မစွန့်စားရဲတော့ဘဲ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။
ဘေးမှနေ၍ စောင့်ကြည့်နေသော ထန်ရွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လင်းဖန်အပေါ်ထားရှိသည့် သူ၏အမြင်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်လေတော့သည်။