← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) - ထောက်ခံစာ

စွန်းဟိုင်ကို အရိုအသေပေးပြီးနောက် လင်းဖန်သည် ဟိုမင်ရှိရာသို့ ပြန်လျှောက်လာခဲ့သည်။

“ဂုဏ်ယူပါတယ် လင်းဖန်ရာ။ မင်း လုပ်နိုင်ခဲ့ပြီ”

လင်းဖန် စမ်းသပ်မှုအောင်မြင်သွားသည့်အတွက် ဟိုမင်မှာ အလွန်ဝမ်းသာပျော်ရွှင်နေလေသည်။

“ဟိုမင်၊ မင်းလည်း စမ်းသပ်မှုကို သေချာပေါက် အောင်မြင်မှာပါ”

“တကယ်လား၊ ငါတော့ သိပ်မသေချာဘူး...”

ဟိုမင်က အောက်သို့ငုံ့ကြည့်လိုက်ပြီး သူ့အခွင့်အရေးနှင့် ပတ်သက်၍ မသေမချာဖြစ်ကာ စိုးရိမ်ပူပန်နေသည်။

“စိတ်မပူပါနဲ့။ ရွာမှာ ငါတို့ လေ့ကျင့်ခဲ့တဲ့အချိန်တုန်းက မင်းမှာ ဘယ်လောက်စွမ်းအားတွေ ရှိနေလဲဆိုတာ ငါ သိပါတယ်”

ထိုအချိန်တွင် ကျန်းရှီက စွန်းဟိုင်ထံသို့ သွားကာ သူ၏အခြေအနေကို စစ်ဆေးကြည့်လေသည်။

စွန်းဟိုင် ဤမျှအထိ နောက်ဆုတ်သွားရလိမ့်မည်ကို သူမ ထင်မှတ်မထားခဲ့ချေ။

“ဂိုဏ်းတူအစ်ကိုကြီးစွန်း၊ အဆင်ပြေရဲ့လားဟင်”

“ငါ အဆင်ပြေပါတယ်။ ရင်ဘတ်ထဲက နည်းနည်း အောင့်သွားရုံပါ”

စွန်းဟိုင်က သက်သာသွားစေရန် သူ၏ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။

ကျန်းရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။

“ဝါး... သူက ချီစုစည်းမှုအဆင့်နဲ့ အစ်ကိုကြီးကို နာကျင်အောင် လုပ်နိုင်ခဲ့တာလား”

“မဟုတ်ဘူး... မဟုတ်ပါဘူး”

စွန်းဟိုင်က သူမကို လက်ခါပြလိုက်သည်။

“ကျွန်မ သိသားပဲ။ အစ်ကိုကြီးက နာကျင်ဟန်ဆောင်ပြီး ကျွန်မကို စနေတာမလား။ သူက အစ်ကိုကြီးကို ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်မှာလဲလို့”

စွန်းဟိုင်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး ပြောလိုက်လေသည်။

“ငါပြောတဲ့ မဟုတ်ဘူးဆိုတာက အဲဒီလို မဟုတ်ဘူး။ ငါ့ကိုယ်ငါ ဘေးကင်းအောင် ကာကွယ်ဖို့ အခြေခံတည်ဆောက်ခြင်းအဆင့်အထိ တိုးမြှင့်လိုက်ရတယ်လို့ ပြောတာ”

“ရှင်၊ အစ်ကိုကြီး တကယ်ပြောနေတာလား”

စွန်းဟိုင်က ခေါင်းညိတ်ပြလိုက်သည်။

သူ၏ အတည်ပြုမှုကြောင့် ကျန်းရှီသည် လင်းဖန်ကို လှမ်းကြည့်လိုက်လေသည်။

‘သူ့ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ထဲ မဖြစ်မနေ ခေါ်သွင်းရမယ်’

နှစ်ပေါင်းများစွာ တပည့်သစ်များ မရှိခဲ့သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ အခြားတောင်ထွတ်များ၏ ဝါးမျိုသိမ်းပိုက်ခြင်းကို ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပေသည်။

တောင်ထွတ်သခင်၏ သမီးတစ်ယောက်အနေဖြင့် ထိုကဲ့သို့ ဖြစ်လာရန် သူမ ဘယ်သောအခါမျှ ခွင့်ပြုမည် မဟုတ်ချေ။

လင်းဖန်သည် ရုပ်ခန္ဓာတောင်ထွတ်၏ ကြီးပွားတိုးတက်မှုကို ပြန်လည်ယူဆောင်လာပေးမည့် သူမ၏ လက်ရှိ မျှော်လင့်ချက်ပင်။

ထိုအတွေးဖြင့် နောက်ထပ်စမ်းသပ်မှု ဝင်ရောက်မည့်သူကို သူမ အော်ခေါ်လိုက်လေသည်။

“နောက်တစ်ယောက်”

ဟိုမင်က မတ်တတ်ရပ်ကာ စွန်းဟိုင်ထံသို့ လျှောက်သွားလေသည်။

လင်းဖန်၏ အားပေးစကားကြောင့် သူသည် မိမိကိုယ်ကို ယုံကြည်မှုများစွာ ပိုရလာခဲ့သည်။

သူသည် စွန်းဟိုင်ကို အရိုအသေပေးလိုက်ပြီးနောက် သူ၏ပခုံးကိုဖိကပ်ကာ အစွမ်းကုန် တွန်းထုတ်လိုက်လေတော့သည်။

တဖြည်းဖြည်းနှင့် စွန်းဟိုင် ရွေ့လျားသွားသည်ကို မြင်လိုက်ရပြီး မြေပြင်ပေါ်တွင် ခြေရာလမ်းကြောင်းနှစ်ခု ကျန်ရစ်နေခဲ့သည်။

ဟိုမင်က ရပ်တန့်လိုက်ပြီး လက်သီးကို မြှောက်ကာ အော်ဟစ်လိုက်သည်။

“အောင်မြင်ပြီကွ”

လူတစ်ယောက်ကို လက်မအနည်းငယ်ခန့် ရွေ့လျားသွားစေရန် ဤနှစ်များတစ်လျှောက်လုံး ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်။

ထိုအချက်က သူ၏အမြင်တွင် ရယ်မောစရာကောင်းနေသော်လည်း အနည်းဆုံးတော့ နောက်ဆုံးစမ်းသပ်မှုအထိ သူ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

သူသည် လင်းဖန်ရှိရာသို့ ပြေးသွားပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးပါပဲ လင်းဖန်ရာ။ အခုတော့ နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်။ ငါတို့သာ ဒါကို ဖြတ်ကျော်နိုင်ခဲ့ရင် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းခွန် ပေးစရာမလိုတော့ဘူး”

ဟိုမင်က လင်းဖန်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ညှစ်ထားရင်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သူသည် ဟိုမိသားစုအတွက် အလှည့်အပြောင်းတစ်ခုဖြစ်လာမည့် အမှတ်အသားနှင့် အလွန်နီးကပ်နေပြီ ဖြစ်လေသည်။

စမ်းသပ်မှုမှာ နောက်ထပ် ဆယ်မိနစ်ခန့် ဆက်လက်ကျင်းပခဲ့ပြီး နောက်ဆုံးတွင် မူလလာရောက်စာရင်းသွင်းသူ အရေအတွက်၏ သုံးပုံတစ်ပုံသာ ကျန်ရှိလေတော့သည်။

အဆုံးသတ်အနေဖြင့် ကျန်းရှီက ပြင်ဆင်ထားသော စားပွဲအချို့ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ ကျင့်ကြံခြင်းအမြုတေအတွက် နောက်ဆုံးစမ်းသပ်မှုကို မလုပ်ခင် စွမ်းရည်စမ်းသပ်မှုအတွက် ငွေတစ်တေးလ် ပေးသွင်းကြပါ”

လူတိုင်းက ထိုနေရာသို့ သွားရောက်ကာ ငွေပေးသွင်းရန် တန်းစီလိုက်ကြသည်။

လင်းဖန်၏ အလှည့်သို့ရောက်သောအခါ တိုက်ဆိုင်စွာပင် သူ၏ဘေး၌ ထန်ရွေ့၏ အလှည့်လည်း ရောက်နေလေသည်။

လင်းဖန်က ကျောက်ရွေ့ထံမှ ရထားသော ထောက်ခံစာအတွက် သူ၏အိတ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။

ထိုစာမှာ ပစ္စည်းအားလုံး၏ အောက်ခြေဆုံးသို့ ရောက်နေသည်မှာ သေချာပေသည်။

“ဖူး... ပိုက်ဆံမပေးရက်တာလား၊ ဒါမှမဟုတ် မတတ်နိုင်တာလား”

စောစောက လင်းဖန်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသော ထန်ရွေ့မှာ သူ့အား မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။

တန်းစီနေသူများက သူတို့နှစ်ဦးကို ကြည့်လိုက်ကြပြီး ထန်ရွေ့ပြောသည်မှာ မှန်ကန်လောက်မည်ဖြစ်ကြောင်း တွေးထင်နေကြလေသည်။

ကြမ်းတမ်းသော ဖျင်အဝတ်ကို ဝတ်ဆင်ထားသည့် လင်းဖန်အတွက် ငွေတစ်တေးလ် ရှာဖွေနိုင်ရန် အတော်လေး ခက်ခဲခဲ့မည်မှာ သေချာပေသည်။

လင်းဖန်က သူ့အိတ်ထဲတွင် မွှေနှောက်ရှာဖွေနေဆဲဖြစ်ရာ ထန်ရွေ့က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ ထောက်ခံစာကို ထုတ်ယူလိုက်သည်။

“မင်းနဲ့မတူတာက ငါ့မှာ ပိုက်ဆံပေးဖို့ မလိုဘူးကွ”

တန်းစီနေသည့် အခြားသူများက မနာလိုစွာ ကြည့်လိုက်ကြလေသည်။ ထောက်ခံစာတစ်စောင်ရရှိရန် အရည်အချင်းရှိသူမှာ လူတစ်ရာတွင် တစ်ယောက်သာ ရှိနိုင်သောကြောင့် ဖြစ်ပေသည်။

ထောက်ခံစာရှိသူများမှာ အခွင့်ထူးခံ တောင်ထွတ်များထဲမှ တစ်ခုသို့ ရောက်ရှိသွားရန် အခွင့်အလမ်း များပြားသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခြင်းကြောင့်ပင်။

ထန်ရွေ့က သူ၏ထောက်ခံစာကို တပည့်ဖြစ်သူထံသို့ လှမ်းပေးချင်ခဲ့သော်လည်း၊ သူပြောလိုက်သည့်စကားများအပေါ် လင်းဖန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်လိုက်ရသဖြင့် လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့သည်။

“ဒါက ဘာလဲဆိုတာ မင်းသိလား။ ဒီထောက်ခံစာက ငါ့ကို...”

သူ့စကားမဆုံးမီမှာပင် လင်းဖန်က သူ့ထောက်ခံစာကို ရှာတွေ့သွားပြီး ထုတ်ယူလိုက်လေသည်။ ထို့နောက် ထန်ရွေ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒီလို ထောက်ခံစာမျိုးကို ပြောချင်တာလား”

“မင်းမှာ ဘာရှိတယ်...”

ထန်ရွေ့က မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ထောက်ခံစာလေ”

လင်းဖန်က တပည့်ဖြစ်သူထံသို့ မပေးအပ်မီ ထန်ရွေ့၏ မျက်နှာရှေ့တွင် ခါယမ်းပြလိုက်လေသည်။

တပည့်ဖြစ်သူက ထုတ်ယူဖတ်ရှုလိုက်ပြီး အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။

ထန်ရွေ့နှင့် တန်းစီနေသူများမှာ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။

မည်သည့်နေရာမှ လာမှန်းမသိသော ဤရွာသားလေး၌ အဘယ့်ကြောင့် ထောက်ခံစာတစ်စောင် ရှိနေသနည်း။

သူတို့က အသက်အောင့်ထားလိုက်ကြပြီး ထိုထောက်ခံစာမှာ အတုဖြစ်ပါစေကြောင်း မျှော်လင့်နေကြလေသည်။

အကယ်၍ လင်းဖန်သာ ထောက်ခံစာအတုအား တင်ပြလောက်သည်အထိ မိုက်မဲနေမည်ဆိုပါက ချင်ဖုန်းဂိုဏ်း၏ အမျက်ဒေါသကို ခံစားရပေတော့မည်။

“ဟမ်း...”

တပည့်ဖြစ်သူက လင်းဖန်၏ ထောက်ခံစာကို ဖတ်ရှုချိန်တွင် မျက်မှောင်ကြုတ်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

‘ဟုတ်ပြီ’

သူတို့ထင်သည်မှာ မှန်ကန်သွားခဲ့လေပြီ။

ဤရွာသားလေးမှာ ထောက်ခံစာအတုကို သုံးထားခြင်း ဖြစ်ရမည်။

ဆေးလုံးအတုများ ရောင်းချသူများ ရှိနေသည်ဖြစ်ရာ၊ ထောက်ခံစာအတုများ ရောင်းချသူ မရှိနိုင်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။

ထိုအရာမှာ အသေအချာပင်…

သို့သော်ငြား သူတို့ စိတ်ပျက်သွားစေမည့်အရာမှာ တပည့်ဖြစ်သူက ပြုံးလိုက်ပြီး မော့ကြည့်လာခြင်းပင် ဖြစ်လေသည်။

“ဂိုဏ်းတူအစ်မကြီးကျောက်က ထောက်ခံစာရေးပေးတာ အင်မတန် ရှားတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဒါက ပထမဆုံးအကြိမ် ငါမြင်ဖူးတာပဲ။ ဒါကြောင့်လည်း အချိန်နည်းနည်း ကြာသွားတာပါ”

ယခုအခါတွင်မူ ထန်ရွေ့မှာ ပါးစပ်ပိတ်သွားခဲ့ပြီး သူ၏ထောက်ခံစာကို တပည့်ဖြစ်သူထံသို့ တိတ်တဆိတ် ကမ်းပေးလိုက်လေတော့သည်။

ထိုအခိုက်တွင် လင်းဖန်မှာ ထန်ရွေ့၏ လုပ်ရပ်များကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထန်ရွေ့အတွက် သေခြင်းတရားမှလွဲ၍ အခြား အဆုံးသတ် မရှိနိုင်တော့ချေ။

အကယ်၍ ယခုချက်ချင်း မလုပ်နိုင်လျှင်တောင် နောက်ပိုင်း အခွင့်အရေးရလာသည့်အခါ သူ သတ်ဖြတ်ပစ်မည်သာ ဖြစ်ပေသည်။

ကလဲ့စားချေခြင်းဆိုသည်မှာ အေးအေးဆေးဆေး စောင့်ဆိုင်းပြီးမှ လုပ်ဆောင်ခြင်းက အကောင်းဆုံးပင် မဟုတ်ပါလော။

လူတိုင်း ပေးသွင်းရန်ရှိသည်များကို ပေးသွင်းပြီးသည့်နောက်တွင် သူတို့ကို ခန်းမကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားကြလေသည်။

ခန်းမကြီး၏ တိုင်လုံးများပေါ်တွင် ကြိုးကြာ၊ ကျားနှင့် နဂါးပုံသဏ္ဌာန် သစ်သားပန်းပုများကို ရှုပ်ထွေးလှပစွာ ထွင်းထုထားသည်။

အလယ်ဗဟိုတွင် စားပွဲနှင့် ကုလားထိုင်များကို အတန်းလိုက် ချထားလေသည်။

ရှေ့ဆုံးတွင်မူ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွေးရှည်များနှင့် သက်ကြီးရွယ်အိုတစ်ဦးက သူတို့ကို ပြုံးပြနေချေသည်။

“ကျင့်ကြံခြင်းအမြုတေ စမ်းသပ်ပွဲကနေ ကြိုဆိုပါတယ်။”

All Chapters