← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - အစေခံတပည့် (အောက်ခြေသိမ်းတပည့်)

“သူက အပြင်စည်းတပည့်အဖြစ် မဝင်နိုင်ဘူးဆိုရင် အစေခံတပည့်အဖြစ် ဝင်နိုင်လောက်တယ်”

ချင်းယန်ဇီက လင်းဖန်ကို ကြည့်လိုက်သည်။

ထို့နောက် သူ့အသံသည် လင်းဖန်၏ စိတ်ထဲသို့ ဝင်ရောက်လာလေပြီး လင်းဖန်မှလွဲ၍ မည်သူမျှ မကြားနိုင်ပေ။

“ဒါက ကျုပ်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးပဲ။ မပူပါနဲ့၊ ပြဿနာတွေနဲ့ ဝေးပြီး တောင်နောက်ဘက်က ချင်ဖုန်းသစ်တောအနီးမှာရှိတဲ့ အစေခံတပည့်နေရာကို ကျုပ် ရွေးပေးပါ့မယ်”

သစ်တောအကြောင်း ကြားလိုက်ရသောအခါ လင်းဖန်မှာ ခေတ္တမျှ တွေးတောလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် လုံလောက်သည်နှင့် သားရဲများကို အမဲလိုက်ကာ စွမ်းရည်သစ်များ ရယူရန်အတွက် ထိုနေရာသည် အကောင်းဆုံးပင် ဖြစ်ပေသည်။

သူ၏ အစီအစဉ်ကို လင်းဖန် သဘောတူကြောင်း ရရှိပြီးနောက် ချင်းယန်ဇီက ဆက်ပြောလိုက်သည်။

“အစေခံတပည့်အဖြစ် ဝင်ရင်ကော ဘယ်လိုလဲ။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ ထင်းကောက်ရတဲ့ နေရာတစ်ခုရှိတယ်။ အဲဒီက အဘိုးအိုဟိုကျဲ့နေရာကို အစားထိုးဖို့ လူလိုနေတာ”

အစေခံတပည့်များမှာ မည်သည့် ဆေးလုံးနှင့် အားဆေးများကိုမျှ မရရှိသည့်အပြင် ဂိုဏ်းလည်ပတ်ရန်အတွက် နေ့စဉ် အလုပ်ကြမ်းများကိုသာ လုပ်ဆောင်ရသဖြင့် ထန်ဖေးက နှုတ်ဆိတ်နေလိုက်သည်။

သူသာ ဆက်လက်၍ ကန့်ကွက်နေပါက အကြောင်းပြချက် မခိုင်လုံသူအဖြစ် အမြင်ခံရနိုင်ချေသည်။

အခြားသော စောင့်ကြည့်နေသူများမှာ လင်းဖန် အစေခံတပည့် ဖြစ်တော့မည်ကို ကြားလိုက်ရသဖြင့် တိတ်တဆိတ် ပြုံးစိစိ ဖြစ်သွားကြလေသည်။

‘နောက်ဆုံးတော့ ကောင်းကင်ဘုံက မျက်စိရှိသားပဲ’

သူတို့က တွေးလိုက်ကြသည်။

သခင်လေး ထန်ရွေ့က ဓားတောင်ထွတ်၏ အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်ရပြီး လင်းဖန်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ အစေခံတပည့်အဖြစ် ဝင်ရောက်ရခြင်း ဖြစ်သည်။

ဤသည်ထက် ပို၍ကောင်းမွန်သော ဇာတ်သိမ်းမျိုးကို တောင်းဆိုစရာ အကြောင်းမရှိတော့ပေ။

“ကောင်းပြီ၊ ဒါဆိုရင် ပြီးသွားပြီပေါ့။ ကြည့်စမ်း၊ တာအိုမှာ ညီညွတ်မျှတမှုက အရေးအကြီးဆုံးပဲ။ ကျန်းရှီ... ကျုပ်မှာ ဖြေရှင်းစရာလေးတွေ ရှိသေးလို့ မင်းပဲ ဆက်လုပ်ပေးလိုက်ပါဦး”

ချင်းယန်ဇီက အားရပါးရ ရယ်မောကာ ထွက်ခွာသွားလေရာ အခြားသူများက သူ့ကို အရိုအသေပေးလိုက်ကြသည်။

“နင့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို ရောက်အောင် လုပ်ပေးမယ်လို့ ငါပြောသားပဲ”

ကျန်းရှီက လင်းဖန်၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။

“လိုတာရှိရင် လုပ်ထားလိုက်ဦး။ တစ်နာရီကြာရင် နင့်ရဲ့နေရာသစ်ကို ခေါ်သွားဖို့ ငါ ပြန်လာခဲ့မယ်”

သူမ ထွက်ခွာသွားပြီးနောက် လင်းဖန်မှာ အချိန်မဖြုန်းတော့ဘဲ ဟိုမင်ကို သွားရှာလိုက်သည်။

“ဟိုမင်... မင်း ဓားတောင်ထွတ်ကိုရောက်ရင် ထန်ရွေ့ကို သတိထား။ ငါ သူ့ကို မကြာခင်ရှင်းပစ်မှာမို့ လောလောဆယ် ငြိမ်ငြိမ်လေးနေ”

“ငါ သတိထားပါ့မယ်။ ဒါပေမဲ့ မင်းကရော... ခုနက သူတို့ပြောတာ ငါကြားလိုက်တယ်။ ဆေးလုံးတွေနဲ့ အားဆေးတွေ မရှိရင် ကျင့်ကြံဖို့ ခက်ခဲလိမ့်မယ်”

ဟိုမင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“ငါ့အတွက် စိတ်မပူပါနဲ့၊ တစ်ခုခုတော့ အဆင်ပြေသွားမှာပါ”

ဂိုဏ်းထံမှ ဆေးလုံးများနှင့် အားဆေးများကို မရရှိနိုင်ပါက ကြိုးစားပမ်းစား လုပ်ဆောင်၍ ကိုယ်တိုင် ရှာဖွေရယူနိုင်သည့် နည်းလမ်းများ အမြဲတမ်းရှိနေကြောင်းကို လင်းဖန် သိထားလေသည်။

ဤမျှ သေးငယ်သော အတားအဆီးလေးမှာ သူ့အတွက် အရေးမပါချေ။

တပည့်သစ် ဆယ်ဦးအား သက်ဆိုင်ရာ တောင်ထွတ်များဆီသို့ ခေါ်ဆောင်သွားရန် ဂိုဏ်းသားများ ရောက်လာသောအခါ သူတို့အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

“အခက်အခဲ တစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်”

“ငါ လာခဲ့မယ်”

ဟိုမင်က လက်ပြနှုတ်ဆက်လိုက်ပြီး ဓားတောင်ထွတ်သို့ ထွက်ခွာသွားလေသည်။

သူ ထွက်သွားပြီးနောက် ကျန်းရှီ ရောက်လာကာ လင်းဖန်ကို နေထိုင်ရမည့် အဆောင်ဆီသို့ ခေါ်ဆောင်သွားလေသည်။

လမ်းတစ်လျှောက်တွင် သူမက ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အကြောင်းကို လင်းဖန်အား မိတ်ဆက်ရှင်းပြလာသည်။

“ငါ့အဖေ ကျန်းရိနျန်က ဒီတောင်ထွတ်ရဲ့ အရှင်သခင်ပဲ၊ အခုတော့ တံခါးပိတ် ကျင့်ကြံနေတယ်”

“သူမရှိတဲ့အချိန်ဆို ငါက တာဝန်ခံပဲ”

“ငါ့ကို ကူညီပေးနေတဲ့ ဂိုဏ်းတူအစ်ကို စွန်းဟိုင်လည်း ရှိသေးတယ်။ သူက နင့်ကို အထင်ကြီးနေပုံရတယ်”

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်က နောက်ထပ် တပည့်နှစ်ယောက်ကတော့ တာဝန်နဲ့ အပြင်ထွက်နေတာဆိုတော့ ဒီအတောအတွင်း သူတို့ကို မြင်ရမှာမဟုတ်ဘူး”

“ဒါပေမဲ့ အခုတော့ ငါ နင့်ကို ထင်းရုံဆီ ခေါ်သွားရမယ်။ အဲဒီမှာ အဘိုးကြီးဟိုကျဲ့က နင့်ကို စောင့်ရှောက်ပေးလိမ့်မယ်”

“ငါ တတ်နိုင်သလောက်တော့ နင့်ကို ကူညီပေးပါ့မယ်။ ဒါပေမဲ့ နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိနေတော့ ငါ လုပ်ပေးနိုင်တာလည်း အတိုင်းအတာတစ်ခုအထိပဲ ရမယ်”

လင်းဖန်က နားထောင်ရင်း ကျန်းရှီ၏ ပြောစကားများကို မှတ်သားထားလိုက်သည်။

ထို့နောက် သူမက လင်းဖန်၏ နာမည်ကို ထွင်းထုထားသည့် သစ်သားပြားတစ်ပြားကို ထုတ်ယူကာ လင်းဖန်ထံသို့ ကမ်းပေးလိုက်လေသည်။

“ရော့... ဒါကို ယူထားလိုက်”

“ဒါက နင် အောက်ခြေသိမ်းတပည့်တစ်ယောက်ဖြစ်ကြောင်း တခြားသူတွေကို သိစေပြီးတော့ နင့်ရဲ့ စွမ်းဆောင်ရည်အမှတ်တွေကို မှတ်တမ်းတင်ပေးလိမ့်မယ်”

“နေ့တိုင်း နင့်ရဲ့ အလုပ်တာဝန်တွေ ပြီးဆုံးသွားပြီဆိုရင် စွမ်းဆောင်ရည်အမှတ်တွေကို မှတ်တမ်းတင်ဖို့ အထွေထွေတာဝန်ခံဆီ သွားရမယ်”

“အဲဒီ စွမ်းဆောင်ရည်အမှတ်တွေကို အသုံးပြုပြီး ဆေးလုံးတွေ၊ သိုင်းကျမ်းတွေနဲ့ လက်နက်တွေလို သယံဇာတတွေနဲ့ လဲလှယ်နိုင်တယ်”

လင်းဖန်သည် သစ်သားပြားကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ စတုဂံပုံစံဖြစ်ပြီး အပေါက်တစ်ပေါက်ဖောက်ကာ အဝတ်နီစတစ်စကို ချည်နှောင်ထားပေသည်။

“ဒီမှာ... ဘယ်လိုလုပ်ရသလဲဆိုတာ ငါ ပြမယ်။ နင့်ဆီကို စွမ်းဆောင်ရည်အမှတ် ဆယ်မှတ် လွှဲပေးလိုက်မယ်”

ကျန်းရှီက ပြောလိုက်ပြီး နောက်ထပ် သစ်သားပြားတစ်ပြားကို ထုတ်ယူကာ လင်းဖန်၏ သစ်သားပြားဘေးတွင် ကပ်ထားလိုက်သည်။

သူမ၏ သစ်သားပြားပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး လင်းဖန်၏ သစ်သားပြားဆီသို့ ကူးပြောင်းသွားကာ ပျောက်ကွယ်သွားလေသည်။

“သစ်သားပြားကို ကိုင်ထားပြီး အာရုံစိုက်ကြည့်လိုက်ရင် အထဲက လက်ကျန်အမှတ်တွေကို မြင်ရလိမ့်မယ်”

ကျန်းရှီက ထပ်မံရှင်းပြလိုက်သည်။

လင်းဖန်သည် လက်ထဲရှိ သစ်သားပြားပေါ်သို့ စိတ်ကို စုစည်း၍ အာရုံစိုက်ကြည့်လိုက်ရာ အဖြူရောင်အလင်းတန်းမှာ ထပ်မံပေါ်ထွက်လာပြီး အမှတ်ဆယ်မှတ်အဖြစ် ပုံဖော်သွားချေသည်။

“ဒီအရောင်းအဝယ်လွှဲပြောင်းမှုတွေကို ခြေရာခံနိုင်ပြီး လူတစ်ဦးချင်းစီနဲ့ ချိတ်ဆက်ထားတာလား”

လင်းဖန်က မေးလိုက်သည်။

“မချိတ်ဆက်ထားပါဘူး။ ဒါကြောင့်လည်း နင့်ကို စွမ်းဆောင်ရည်အမှတ် ဆယ်မှတ်ပါတဲ့ တစ်ခုကို ပေးလိုက်တာပေါ့။ ဟိုဘိုးတော် ထန်ဖေးက ငါ့နောက်ကနေ အမြဲတကောက်ကောက် လိုက်စောင့်ကြည့်နေတာမျိုး မလိုချင်လို့လေ”

ထန်ဖေး၏ နာမည်ကို ကြားလိုက်ရုံဖြင့် ရွံရှာသွားဟန်ဖြင့် ခေါင်းခါမ်းကာ ကျန်းရှီက ပြန်ဖြေလိုက်သည်။

စွမ်းဆောင်ရည်အမှတ်များကို လူတစ်ဦးချင်းစီနှင့် ချိတ်ဆက်ထားခြင်းမရှိကြောင်း ကြားလိုက်ရချိန်တွင် လင်းဖန်၏ ခေါင်းထဲ၌ အကြံအစည်အချို့ စတင်ပေါ်ပေါက်လာလေသည်။

‘တစ်ယောက်ယောက် မတော်တဆ သေသွားခဲ့ရင် စွမ်းဆောင်ရည်အမှတ်တွေကို အလဟဿ အဖြစ်ခံလို့မရဘူးလေ’

ပြန်လည်အသုံးပြုခြင်းနှင့် အကျိုးရှိရှိအသုံးချခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် ဤစွမ်းဆောင်ရည်အမှတ်များကို အလဟဿမဖြစ်စေရန် သူက တာဝန်တစ်ခုအဖြစ် သတ်မှတ်လိုက်ပေတော့သည်။

ခရီးမှာ အတော်လေးရှည်လျားလှပြီး ဟိုကျဲ့၏ နေထိုင်ရာအဆောင်သို့ ရောက်ရန် နာရီဝက်ခန့် အချိန်ယူလိုက်ရသည်။

ထိုနေရာမှာ ဗဟိုရင်ပြင်၏ မြောက်ဘက်၊ ချင်ဖုန်းတောအုပ်၏ အစွန်အဖျား၌ တည်ရှိလေသည်။

လင်းဖန်သည် နေထိုင်ရာအဆောင်ကို ကြည့်လိုက်ပြီးနောက် သူ့အိမ်သူ့ယာသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သစ်သားပျဉ်ပြားများနှင့် ရွှံ့အုတ်များဖြင့် ပြုလုပ်ထားသော အလွန်သေးငယ်သည့် သစ်သားတဲလေးတစ်လုံးမှာ ထင်းရုံဘေး၌ တည်ရှိနေသည်။

၎င်းမှာ သနားစရာကောင်းလောက်အောင် သေးငယ်လှပြီး ထင်းရုံကပင် ထိုသစ်သားတဲလေးထက် ပို၍ ကြီးမားနေသေးသည်။

သူတို့ သစ်သားတဲအတွင်းသို့ ဝင်ရောက်သွားချိန်တွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်အနည်းငယ်သာ ရှိပေသည်။

အိပ်ခန်းနေရာ၌မူ ကုတင်နှစ်လုံး ချထားလေသည်။

သစ်သားတဲလေးမှာ ဟာလာဟင်းလင်းဖြစ်နေပြီး ပစ္စည်းပစ္စယ သိပ်မရှိသော်ငြားလည်း သန့်ရှင်းသပ်ရပ်နေကာ ဖုန်မှုန့်ကင်းစင်နေသည်။

လင်းဖန်နှင့် ကျန်းရှီတို့ အိပ်ခန်းနေရာကို စစ်ဆေးကြည့်နေချိန်တွင် အမျိုးသားတစ်ဦးသည် သစ်သားတဲအတွင်းသို့ ဝင်ရောက်လာလေသည်။

All Chapters