← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) - ထင်း

“တောင်းပန်ပါတယ်၊ ဧည့်သည်လာမယ်လို့ မမျှော်လင့်ထားမိဘူး”

သူသည် ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီး ပုဆိန်အား စားပွဲပေါ်သို့ ချထားလိုက်လေသည်။

နဖူးမှချွေးများကို သုတ်လိုက်ပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်အနည်းငယ်ကို ငှဲ့လိုက်သည်။

လင်းဖန် လှည့်ကြည့်လိုက်သောအခါ ဟော်ကျဲ့ကို မြင်လိုက်ရသည်။

ဟိုကျဲ့မှာ အသက်ခြောက်ဆယ်ခန့်ရှိပြီး ဆံပင်များ ဖြူဖွေးနေကာ မျက်ခုံးမှ ပါးပြင်အထိ အမာရွတ်ဟောင်းတစ်ခု ရှိနေပေသည်။

“ကြိုဆိုပါတယ်။ ကျုပ်က အန်းရှန်းရွာက ဟိုကျဲ့ပါ”

“အန်းရှန်းရွာ ဟုတ်လား။ ဒါပေမဲ့ ဦးလေးကို တစ်ခါမှ မမြင်ဖူးပါဘူး”

ဟိုကျဲ့က တစ်ရွာတည်းသားဟု ပြောလိုက်သောအခါ လင်းဖန်မှာ ဇဝေဇဝါ ဖြစ်သွားလေသည်။ သူ၏မှတ်ဉာဏ်ထဲတွင် ဤလူကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဟိုကျဲ့က ရယ်မောလိုက်သည်။

“မင်းတောင် မမွေးသေးခင်ကတည်းက ကျုပ်က ရွာကထွက်လာခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီလေ”

သူတို့နှစ်ဦး အဆင်ပြေနေသည်ကို ကျန်းရှီ မြင်သောအခါ စကားဆိုလိုက်သည်။

“ရှင်တို့နှစ်ယောက်က တစ်ရွာတည်းသားတွေဆိုတော့ ကျွန်မ ရှင်တို့နှစ်ယောက်ကို ထားခဲ့လိုက်တော့မယ်”

ညနေစောင်းနေပြီဖြစ်ရာ ကျန်းရှီမှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ပြန်ရမည်ဖြစ်၍ နှုတ်ဆက်ကာ အမြန်ပြန်သွားလေသည်။

“ကျုပ်က ဟိုဖူရဲ့ အစ်ကိုပါ။ မင်းနဲ့ ငါ့တူကို စောင့်ရှောက်ပေးဖို့ သူက မှာထားလို့ပါ”

“ဒါဆို... အကြောင်းကို သူက ပြောပြထား...”

“ထန်မိသားစုအကြောင်းလား။ အေးပါ၊ ထန်ဖေးနဲ့ ထန်ရွေ့ကိုတော့ သတိထားပေါ့။ ငါတို့က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ နယ်မြေထဲမှာဆိုတော့ တခြားတောင်ထွတ်က တပည့်တွေ လာပြီး ပြဿနာရှာချင်ရင်တောင် သူတို့ဘက်က ရှင်းပြစရာတွေ ရှိလာလိမ့်မယ်”

ထို့နောက် ဟိုကျဲ့က လင်းဖန်ကို ပတ်ဝန်းကျင်အား လိုက်လံပြသလေသည်။

ရေခပ်ရမည့်‌နေရာ၊ နေ့စဉ်သုံးပစ္စည်းများအား ယူရမည့်‌နေရာ၊ သူ၏ စွမ်းဆောင်ရည်အမှတ်များကို မည်သည့်နေရာ၌ စာရင်းသွင်းရမည်နှင့် အရေးအကြီးဆုံးအချက်ဖြစ်သော ထင်းများကို မည်သည့်နေရာတွင်ခုတ်ပြီး စုဆောင်းရမည်တို့ကို ရှင်းပြပေးလေသည်။

ထို့နောက်တွင်တော့ ညစာစားချိန် ရောက်လာလေသည်။

အစားအသောက်မှာ များများစားစား မရှိဘဲ ထမင်းနှင့် အသားအနည်းငယ်သာ ပါဝင်သည်။

လင်းဖန်သည် ထမင်းတစ်လုတ်ကို စားလိုက်သည်နှင့် ချက်ချင်းပင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ အစာအိမ်ထဲတွင် နွေးထွေးသွားပြီး စွမ်းအင်များ ရုတ်တရက် ပြန်လည်ပြည့်ဖြိုးလာလေသည်။

လင်းဖန်မှာ မျက်လုံးများ ပြူးကျယ်သွားကာ ဟိုကျဲ့ကို ကြည့်လိုက်မိသည်။

“အဲဒါက ဝိညာဉ်ဆန်နဲ့ သာမန်ဆန်ကို ရောချက်ထားတာလေ”

“ဝိညာဉ်ဆန်က မင်းရဲ့စွမ်းအင်တွေကို ပြန်လည်ပြည့်ဝစေပြီး ခန္ဓာကိုယ်ကနေ ချီစွမ်းအင် စုပ်ယူနိုင်စွမ်းကိုလည်း တိုးတက်စေတယ်”

“အောက်ခြေသိမ်းတပည့်တွေဖြစ်တဲ့ ငါတို့က တစ်ပတ်ကို ဝိညာဉ်ဆန် နည်းနည်းပဲ ရတယ်။ အပြင်အစည်းနဲ့ အတွင်းအစည်း တပည့်တွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့”

“အပြင်အစည်းနဲ့ အတွင်းအစည်း တပည့်တွေက ခွဲတမ်းပိုရတယ်”

“ရော့၊ ဒီအသားကိုလည်း စားကြည့်ဦး။ ဒါက မိစ္ဆာသားရဲဆီက ရတဲ့အသားပဲ၊ မင်းရဲ့ ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်”

လင်းဖန်က တူဖြင့် အသားတစ်တုံးကို ယူကာ စားကြည့်လိုက်သည်။

ထိုနည်းတူစွာပင် ထူးခြားမှုကို ထပ်မံခံစားလိုက်ရပြီး ယခုတစ်ကြိမ်တွင်မူ နွေးထွေးသော ခံစားချက်နှင့် စွမ်းအင်ပေါက်ကွဲထွက်လာမှုက အချိန်ကြာကြာ တည်ရှိနေပေသည်။

လင်းဖန်၏ တုံ့ပြန်မှုကို ကြည့်ကာ ဟိုကျဲ့က ရယ်မောရင်း ပြောလိုက်သည်။

“နေ့တိုင်း ဒီလောက် ကောင်းကောင်းစားရမယ်လို့တော့ မမျှော်လင့်နဲ့ဦး။ ဒီနေ့က အထူးအနေနဲ့ မင်းကို ကြိုဆိုတဲ့ ညစာမို့လို့ပါ”

လင်းဖန်က တူကိုချလိုက်ပြီးနောက် ဟိုကျဲ့အား လက်ယှက်ကာ ဦးညွှတ်လိုက်ပြီး သူ၏ ရက်ရောမှုအတွက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဟိုကျဲက ထပ်မံရယ်မောလိုက်ပြီး လင်းဖန်၏ ဦးညွှတ်မှုကို လက်ဖြင့် တားဆီးလိုက်လေသည်။

“အရေးတယူတွေ လုပ်မနေပါနဲ့ကွာ။ ငါတို့က တစ်ဖွဲ့တည်းသားတွေပဲဟာ”

“မင်း ပိုပြီး အင်အားကြီးလာအောင် ကြိုးစားတာက အကောင်းဆုံးပဲ”

“နှစ်စဉ်ကျင်းပတဲ့ အောက်ခြေသိမ်းတပည့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ပြိုင်ဘက်အားလုံးကို တိုက်ခိုက်အနိုင်ယူပြီး ထိပ်ဆုံးကို ရောက်နိုင်မယ်ဆိုရင် မင်းလည်း အပြင်အစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရနိုင်တယ်”

အောက်ခြေသိမ်းတပည့်များ၏ အဆင့်သတ်မှတ်ချက်က လင်းဖန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။

သို့သော် ပထမဦးစွာ သူသည် ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ကျင့်ကြံခြင်းကို စတင်ကာ သူ့အတွက် လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို စုဆောင်းရပေမည်။

ထို့အပြင် ထန်ရွေ့နှင့်လည်း ရှင်းလင်းစရာများ ရှိနေသေးသည်ပင်။

ညစာစားပြီးသွားသောအခါ လင်းဖန်သည် ရေချိုးသန့်စင်ပြီးနောက် အိပ်ရာဝင်လိုက်လေသည်။

ညအချိန်၌ တောအုပ်အတွင်းမှ သားရဲများ၏ အူသံများကို ကြားနေရသည်။

သို့သော် ထူးဆန်းစွာပင် မည်သည့်သားရဲမျှ သူတို့၏ သစ်သားတဲလေးအနီးသို့ ချဉ်းကပ်မလာခဲ့ကြချေ။

သန်းခေါင်ကျော်အချိန်သို့ ရောက်သောအခါ ဟိုကျဲ့တစ်ယောက် သစ်သားတဲအတွင်းမှ ထွက်ခွာသွားသည့် အသံကိုလည်း သူ ကြားလိုက်ရလေသည်။

ဟိုကျဲ့မှာ တစ်ခုခုကို ကြံစည်နေပုံရသည်။

သို့သော်ငြား လင်းဖန်ကမူ နောက်မှမလိုက်သွားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ စနစ်ထံမှ ယုတ်မာသော ရည်ရွယ်ချက်နှင့်ပတ်သက်၍ မည်သည့်သတိပေးချက်မျှ ထွက်ပေါ်လာခြင်း မရှိသောကြောင့် ဖြစ်လေသည်။

…

နောက်တစ်နေ့၌…

လင်းဖန် နိုးလာချိန်တွင် နေမင်းကြီးမှာ ထွက်ပြူလာဆဲသာ ရှိသေးသည်။

ဟိုကျဲ့မှာ ရေတွင်းမှ ရေခပ်လာခဲ့ပြီး ပေါက်စီအချို့ကို ပေါင်းခံနေပြီ ဖြစ်လေသည်။

ဟိုကျဲ့က လင်းဖန် နိုးလာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံတစ်ထည်ကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ရော့၊ ဒါကို လဲဝတ်လိုက်။ အဆင့်နိမ့် အောက်ခြေသိမ်းတပည့်တွေအားလုံး ဒါကိုပဲ ဝတ်ရတယ်”

ဟိုကျဲ့မှာမူ အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြောင်း လင်းဖန် သတိပြုမိလိုက်သည်။

ထိုဝတ်ရုံမှာ အဆင့်မြင့် အောက်ခြေသိမ်းတပည့်များအတွက် ဖြစ်ရပေမည်။

သူသည် အနက်ရောင်ဝတ်ရုံကို လဲဝတ်လိုက်ပြီး နံနက်စာစားပြီးနောက် သူတို့၏ တစ်နေ့တာအလုပ်များကို စတင်လိုက်ကြတော့သည်။

ခွပ်…

လင်းဖန်က သူ၏ခါးလုံးခန့်ရှိသော သစ်ပင်ကို ခုတ်ထစ်လိုက်ချိန်တွင် သစ်ခုတ်သံများက တောအုပ်အတွင်း ပဲ့တင်ထပ်သွားလေသည်။

ဟိုကျဲ့မှာ ခုတ်ထားသော ထင်းများကို အောက်ခြေသိမ်းတပည့်များ၏ အဆောင်များဆီသို့ သယ်ယူပို့ဆောင်ပေးရန် လိုအပ်သောကြောင့် သူတစ်ယောက်တည်းသာ တောအုပ်ထဲတွင် ကျန်ရစ်ခဲ့ခြင်းပင်။

သူ့အရှေ့ရှိ သစ်ပင်ကို ခုတ်လှဲရန် အာရုံစိုက်နေစဉ် သူ၏စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာချေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၅ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်]

[ကလဲ့စားချေအမှတ် ၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ရှဉ့် ၅ ကောင်ကို သုတ်သင်ပါ]

‘ရှဉ့်တွေလား’

လင်းဖန်က သူအမြင်မှားခြင်း မဟုတ်ကြောင်း သေချာစေရန် နှစ်ခါပြန်ကြည့်လိုက်မိသည်။

ဤတောအုပ်ထဲရှိ သတ္တဝါများမှာ သေချာပေါက် ကွဲပြားခြားနားနေပေသည်။

ရုတ်တရက် ရှဉ့်တစ်ကောင်က သစ်ပင်ပင်စည်ထံမှ လင်းဖန်ဆီသို့ ပြေးထွက်လာချေသည်။

သို့သော် လင်းဖန်၏ သံမဏိလက်သည်းကိုမူ ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

ဗြတ်…

သွေးများနှင့် အမွေးအမျှင်များက နေရာအနှံ့ ပြန့်နှံ့သွားလေသည်။

နောက်ထပ် ရှဉ့်နှစ်ကောင်က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် သူ၏အနီးသို့ ရောက်လာကြပြန်သည်။

ကျန်လက်တစ်ဖက်ရှိ ပုဆိန်ဖြင့် တစ်ချက် လွှဲခုတ်လိုက်ရာ ထိုရှဉ့်နှစ်ကောင်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။

ထို့နောက်တွင်တော့ တိတ်ဆိတ်သွားချေသည်။

ကျန်နေသော ရှဉ့်နှစ်ကောင်အား မည်သည့်အရိပ်အယောင်မျှ မတွေ့ရတော့ချေ။

ထိုအကောင်များ ထွက်ပြေးသွားပြီဟု လင်းဖန် ထင်မှတ်လိုက်ချိန်တွင်ပင် အပေါ်ဘက်မှ သစ်ရွက်အချို့ လွင့်ကျလာလေသည်။

သူက မော့ကြည့်လိုက်ရာ သစ်ကိုင်းများပေါ်မှနေ၍ သူ့ဆီသို့ ဒိုင်ဗင်ထိုးဆင်းလာသော ရှဉ့်နှစ်ကောင်ကို မြင်လိုက်ရ၏။

‘တော်တော်ပါးနပ်တဲ့ ရှဉ့်တွေပဲ’

လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

သူက ဘေးဘက်သို့ တစ်လှမ်းဆုတ်လိုက်ရာ ထိုရှဉ့်နှစ်ကောင်မှာ လွဲချော်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူက ညာဘက်ခြေထောက်ဖြင့် ရှဉ့်တစ်ကောင်ကို နင်းထားလိုက်ပြီး အခြားတစ်ကောင်ဆီသို့ သူ၏ပုဆိန်ကို ပစ်လွှတ်လိုက်လေသည်။

ရင်းနှီးနေသော အသံတစ်သံက သူ၏စိတ်ထဲ၌ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၅၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၃၀၀]

ထိုအချက်အလက်များကို ကြည့်ပြီးနောက် လင်းဖန်က ပြုံးလိုက်ကာ ဤတောအုပ်ကို သဘောကျစပြုလာသလို ခံစားလိုက်ရလေသည်။

ဤနှုန်းအတိုင်းဆိုလျှင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အဆင့် ၄ သို့ မကြာမီ အဆင့်မြှင့်တင်နိုင်တော့မည် ဖြစ်သည်။

နောက်ထပ် ကလဲ့စားချေအမှတ် ၁၀၀ သာ လိုအပ်တော့သည်။

သူက သစ်ပင်ကို ဆက်လက်ခုတ်လှဲလိုက်ပြီး သစ်ပင်ပြိုကျသွားချိန်တွင် သစ်သားတဲဆီသို့ ဆွဲယူသွားကာ အတုံးလေးများဖြစ်အောင် ခုတ်ထစ်လိုက်လေတော့သည်။

All Chapters