← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) - မှောင်ခိုဈေး

“သိပ်မဝေးတဲ့နေရာက မှောင်ခိုဈေးတစ်ခုမှာ ဖလှယ်ခဲ့တာ”

“တစ်ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ လမ်းကျဉ်းလေးတစ်ခုဆီကို ဦးတည်သွားတဲ့ ကျောက်တိုင်အမှတ်အသားတစ်ခု ရှိတယ်”

“အဲဒီလမ်းအတိုင်း သွားလိုက်ရင် မှောင်ခိုဈေးကို တွေ့ရလိမ့်မယ်”

“လပြည့်ညတွေမှာပဲ အဲဒီဈေးကို ဖွင့်တာ”

ဟိုကျဲက ပြောပြီးနောက် ကုတင်အောက်မှ တစ်စုံတစ်ရာကို ထုတ်ယူရန် မတ်တပ်ရပ်လိုက်လေသည်။

သူ့လက်ထဲမှ ဝံပုလွေမျက်နှာဖုံးတစ်ခုအား လင်းဖန်ထံ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။

“မင်းသွားတဲ့အခါ ဒီမျက်နှာဖုံးကို တပ်သွား။ ကိုယ့်ကိုယ်ကို မဖော်ထုတ်မိစေဖို့ အဲဒီမှာ လူတိုင်း မျက်နှာဖုံး တပ်ကြတယ်”

“အဲဒီမှာ မင်း ပစ္စည်းချင်း ဖလှယ်လို့ရသလို၊ ဂိုဏ်းအတွက် စွမ်းဆောင်ရည်အမှတ်တွေနဲ့ ငွေတွေကိုလည်း သုံးလို့ရတယ်”

“တပည့်တချို့က သူတို့ရဲ့... အမ်း... မကောင်းတဲ့ အလေ့အထတွေအတွက် ငွေလိုကြတယ်လေ”

ထိုစကား၏ နောက်ဆုံးအပိုင်းကို ကြားသောအခါ လင်းဖန်က ခေါင်းခါယမ်းလိုက်မိသည်။

ကျင့်ကြံသူများဆိုသည်မှာ ဤလူသားဆန်လှသော တပ်မက်မှုများ ကင်းစင်သွားသူများအဖြစ် သူက ထင်မှတ်ထားခဲ့မိလေသည်။

“ကျေးဇူးပါ”

လင်းဖန်က မျက်နှာဖုံးကို စစ်ဆေးကြည့်လိုက်ပြီး ဟိုကျဲ့ ထွက်သွားခဲ့သောညကို တွေးမိလိုက်သည်။

‘ဒါဆို သူ အဲဒီကို သွားခဲ့တာပေါ့’

မည်သည့်အရာများ ရရှိနိုင်မည်ကို သွားရောက်ကြည့်ရှုရန် လင်းဖန်မှာ စိတ်လှုပ်ရှားနေမိသော်လည်း နောက်လာမည့် လပြည့်ညမှာ ရက်အနည်းငယ် လိုနေသေးပေသည်။

သူ စောင့်ဆိုင်းရပေဦးမည်။

…

ထိုအချိန်တွင် ကြာနက်ဂိုဏ်း၌…

ချွန်ထက်သော ကျောက်ဆောင်နက်ကြီးများနှင့် အစဉ်အမြဲ ဖုံးလွှမ်းနေသော မြူခိုးနီများရှိသည့် တစ္ဆေတောင်ထွတ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။

တောင်ထွတ်၏အပေါ်၌ ဂူတစ်ခုရှိပြီး အတွင်း၌ ထွန်းညှိထားသော မီးခွက်များမှ လိမ္မော်ရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ဂူ၏အလယ်တွင် အရေခွံရုပ်သေးတျောင်မှာ ကျောက်တုံးစင်မြင့်ပေါ်တွင် လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခုကို ကြည့်နေလေသည်။

အနီးသို့ ကပ်သွားကာ သူ၏ ရှေ့မှောက်ရှိ အပြောင်မြောက်ဆုံး လက်ရာကြီးကို အံ့သြချီးကျူးနေမိသည်။

ယခုအခါ သခင်ကြီးထန်၏ ဦးခေါင်းမှာ မရှိတော့ဘဲ ၎င်း၏နေရာတွင် ဓားတစ်လက်ကဲ့သို့ မျက်ခုံးများပါရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ဦးခေါင်းက နေရာယူထားလေသည်။

ထိုအမျိုးသား၏ မျက်လုံးများက မှိတ်ထားပြီး အိပ်ပျော်နေသည့်ပုံပင်။

လည်ပင်းတစ်ဝိုက်တွင် ကြမ်းတမ်းသော အနက်ရောင် ချုပ်ရိုးချုပ်ကြောင်းများဖြင့် ပတ်ပတ်လည်ချုပ်ထားလေသည်။

ခန္ဓာကိုယ်၏ အောက်ပိုင်း၊ သခင်ကြီးထန်၏ ပြတ်ထွက်သွားသော လက်နေရာတွင်လည်း လက်အသစ်တစ်ဖက်ကို အစားထိုး ချုပ်လုပ်ထားသည်။

သို့သော် ထိုလက်မှာ သခင်ကြီးထန်၏ အခြားလက်တစ်ဖက်ထက် ပို၍ကြီးမားကာ ကြွက်သားများဖြင့် ပြည့်နှက်နေပေသည်။

ထိုအရာမှာ ကြောက်မက်ဖွယ်ကောင်းပြီး တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းသော ရုပ်သွင်ကို ဖန်တီးပေးနေလေသည်။

“ဟီးဟီးဟီး... အချိန်အတော်ကြာသွားခဲ့ပြီပဲ၊ နောက်ဆုံးတော့ ချင်ဖုန်းဂိုဏ်းနဲ့ နည်းနည်းလောက် ပျော်ရမယ့်အချိန် ရောက်လာပြီပေါ့”

အရေခွံရုပ်သေးတျောင်က သူ၏ဝတ်ရုံထဲမှ ခေါင်းလောင်းတစ်ခုကို ထုတ်ယူကာ လှုပ်ယမ်းလိုက်သည်။

ကလင်…

ခေါင်းလောင်းသံက ဂူအတွင်း ပဲ့တင်ထပ်သွားပြီး အနားယူနေကြသော လင်းနို့များကို လန့်နိုးသွားစေကာ တစ်ကောင်ပြီးတစ်ကောင် ဂူအပြင်သို့ တောင်ပံခတ်၍ ထွက်သွားကြလေသည်။

ဖြည်းညင်းစွာပင် သခင်ကြီးထန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အမျိုးသား၏ မျက်လုံးများက ဘယ်ညာသို့ လှုပ်ရှားသွားသည်။

သခင်ကြီးထန်၏ ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည် စတင်ဖြစ်ပေါ်လာသည်။

ရုတ်တရက် ထိုမျက်လုံးများက ပြူးကျယ်စွာ ပွင့်လာလေသည်။

ထို့နောက် ခန္ဓာကိုယ်ကြီးသည် မတ်တပ်ထရပ်လာသည်။

ယခုအခါ သခင်ကြီးထန်မှာ အသက်ပြန်ရှင်လာခဲ့ပြီ ဖြစ်လေသည်။

အရေခွံရုပ်သေးတျောင်သည် မိမိ၏လက်ရာကို အားရကျေနပ်စွာ ငေးကြည့်ရင်း ပတ်ပတ်လည်ကို တစ်ပတ်ပတ်ကာ နှုတ်ခမ်းသပ်လိုက်လေတော့သည်။

ခေါင်းလောင်းသံမှာ နောက်တစ်ကြိမ် ထပ်မံမြည်ဟည်းလာလေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လင်းနို့များ ပျံသန်းလာခြင်းမရှိဘဲ မီးအိမ်များ ဝေ့ဝဲလှုပ်ခတ်သွားချိန်၌ ကျောက်နံရံပေါ်တွင် ကခုန်နေသကဲ့သို့ လှုပ်ရှားနေသော သခင်ကြီးထန်၏ အရိပ်မည်းကြီးသာ ဂူဝမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

…

ရက်အနည်းငယ်အတွင်း လင်းဖန်သည် တောအုပ်ထဲ၌ သစ်ပင်များကိုသာ ဆက်တိုက် ခုတ်ထွင်နေခဲ့သည်။

၎င်းမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နေ့စဉ်လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်လေသည်။

ရက်အနည်းငယ်မျှ ပင်ပန်းခံ လုပ်ကိုင်ပြီးနောက် သူသည် ဂိုဏ်း၏ စွမ်းဆောင်ရည်အမှတ် သုံးမှတ်ကို စုဆောင်းရရှိခဲ့သည်။

ချီစုစည်းမှုဆေးရေချိုးခြင်းကို ခံယူပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ပိုမို ကြာရှည်ခံလာသည်ဟု ခံစားမိလာသည်။

သူသည် မိမိ၏ စွမ်းရည်များကို စမ်းသပ်ကြည့်ရာ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးသွားခြင်းမရှိတော့ဘဲ စွမ်းရည်များကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာကိုယ်တွင်း စွမ်းအင်စီးဆင်းမှုကို တည်ငြိမ်စေပြီး သားရဲစွမ်းရည်များကို အထောက်အကူပြုပေးလာနိုင်ပြီ ဖြစ်သည်။

သူသည် ကလဲ့စားချေအမှတ်အချို့ကို ထပ်မံရယူလိုသော်လည်း မတတ်နိုင်ခဲ့ချေ။

ကံဆိုးစွာပင် ရှဉ့်များမှာ သင်ခန်းစာရသွားပုံရပြီး မည်သည့်ရှဉ့်မျှ သူ့ကို ထပ်မံတိုက်ခိုက်ခြင်း မရှိတော့ပေ။

မကြာမီ လပြည့်ညသို့ ရောက်ရှိလာခဲ့ရာ မှောင်ခိုဈေးသို့ သွားရမည့်အချိန် ကျရောက်လာခဲ့လေသည်။

လင်းဖန်သည် သူ၏ သာမန် အောက်ခြေသိမ်းတပည့်ဝတ်စုံကို ဝတ်ဆင်ကာ ဟိုကျဲ့ပေးခဲ့သော မျက်နှာဖုံးကိုစွပ်ပြီး မှောင်ခိုဈေးကို ရှာဖွေရန် ထွက်လာခဲ့လေသည်။

ဟိုကျဲ့၏ ညွှန်ကြားချက်များအတိုင်း လျှောက်သွားလိုက်ရာ မကြာမီအချိန်အတွင်း ကျောက်တုံးပေါ်ရှိ အမှတ်အသားကို ရှာဖွေတွေ့ရှိသွားသည်။

သူသည် လမ်းအတိုင်း လျှောက်လှမ်းလာရင်း ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာနေခဲ့သည်။

အကယ်၍ ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့လာပါက ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းများကိုလည်း စိတ်ထဲမှ ကြိုတင်တွက်ချက်နေလေသည်။

မှောင်ခိုဈေးတွင် အရောင်းအဝယ် ပြုလုပ်ပြီးနောက် လုယက်သတ်ဖြတ်ခံရခြင်းမျိုးကိုမူ သူ လုံးဝ အဖြစ်မခံနိုင်ချေ။

ဘေးကင်းအောင် ကြိုတင်ပြင်ဆင်ထားခြင်းက နောက်မှနောင်တရခြင်းထက် ပိုမိုကောင်းမွန်ပေသည်။

အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ လမ်းခုလတ်၌ အခြားသူများကို စတင်တွေ့မြင်လာရသည်။

ထိုသူများသည်လည်း မျက်နှာဖုံးများ စွပ်ထားကြလေသည်။

၎င်းတို့သည် လင်းဖန်အား အပေါ်အောက် အကဲခတ်ကြည့်ကာ သူ၏ သရုပ်မှန်ကို ခန့်မှန်းရန် ကြိုးစားနေကြသည်။

ဤဝံပုလွေမျက်နှာဖုံး စွပ်ထားသူမှာ အမြဲတမ်းလာနေကျ အဘိုးအို မဟုတ်သည်ကို သူတို့ ရိပ်မိကြပေသည်။

သို့သော် လင်းဖန် ဝတ်ဆင်ထားသည်မှာ အောက်ခြေသိမ်းတပည့်များ၏ အနက်ရောင်ဝတ်စုံ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင်မူ ၎င်းတို့သည် သူ့အား စိတ်ဝင်စားခြင်းမရှိတော့ဘဲ လျစ်လျူရှုလိုက်ကြတော့သည်။

မကြာမီပင် အရောင်းဆိုင်များကို စတင်တွေ့မြင်လာရလေသည်။

အချို့ဆိုင်များမှာ ယာယီခင်းကျင်းထားခြင်းသာ ဖြစ်ပြီး ရောင်းချသူများသည် မြေပြင်ပေါ်တွင် ပိတ်စတစ်ထည် ခင်းကာ ၎င်းတို့၏ ကုန်ပစ္စည်းများကို တင်ထားကြသည်။

အချို့မှာမူ သစ်သားစင်များ ပြုလုပ်၍ ကုန်ပစ္စည်းများကို ထင်ထင်ရှားရှား ပြသထားကြသည်။

ဆိုင်တိုင်းတွင် ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။

ဆေးလုံးများ၊ ကျင့်ကြံခြင်းနည်းစနစ်များ၊ လက်နက်များနှင့် မိစ္ဆာသားရဲအသားများပင် ရှိလေသည်။

လင်းဖန်မှာမူ ဆေးလုံးများနှင့် ကျမ်းစာများမှလွဲ၍ အခြားအရာများကို စိတ်ဝင်စားမှု မရှိချေ။

“လာပါဦး။ ကျုပ်ဆီက ဆေးလုံးလေးတွေ ကြည့်သွားပါဦး။ ဒါက အောက်ခြေသိမ်းတပည့်လေးတွေအတွက် အသင့်တော်ဆုံး ပစ္စည်းတွေပဲ”

လင်းဖန်က ဆိုင်တစ်ဆိုင်ဘေးမှ ဖြတ်လျှောက်သွားစဉ် ဆိုင်ရှင်က သူ၏လက်ကို ဆွဲကာ တားဆီးလိုက်သည်။

ထိုအသံကို ကြားရုံမျှဖြင့် သူသည် မည်သူဖြစ်ကြောင်းကို သိရှိလိုက်သည်။

ကျန်းရှီပင်…

သူမသည် ယုန်မျက်နှာဖုံးကို စွပ်ထားသော်လည်း အမြဲတမ်း စည်းနှောင်၍ စုစည်းထားသော ဆံပင်ပုံစံလေးကြောင့် ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သူမက ဆက်လက်၍ သူမရောင်းချနေသော ဆေးလုံးများကို မိတ်ဆက်ပေးနေတော့သည်။

“ဒီချီစုစည်းမှုဆေးလုံးကို ဝယ်လိုက်ပါ။ ဒါက ချီစုစည်းတဲ့နေရာမှာ အများကြီး ထောက်ကူပေးနိုင်တယ်။ ပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့ ဒီဆေးရည်ကလည်း မင်းရဲ့ အရေပြား၊ ကြွက်သားနဲ့ အရိုးတွေကို ပိုပြီး သန်မာစေမှာ”

သူမသည် တစ်ဖက်စီတွင် ဆေးပုလင်းတစ်လုံးစီကို ကိုင်မြှောက်လျက် လင်းဖန်ကို ပြသလိုက်သည်။

“ဒါတွေက ဘယ်လောက်လဲ”

လင်းဖန်က မေးလိုက်သည်။

ဤဆေးလုံးများမှာ သူ၏ အစောပိုင်း ကျင့်ကြံခြင်းအဆင့်အတွက် အမှန်တကယ် လိုအပ်သော အရာများပင် ဖြစ်သည်။

“တစ်ပုလင်းကို စွမ်းဆောင်ရည်အမှတ် ဆယ်မှတ် ဒါမှမဟုတ် ငွေနှစ်တေးလ် ပေးရမယ်”

ကျန်းရှီက ပြန်လည်ဖြေကြားလိုက်သည်။

ဘေးနားရှိ ဆိုင်ရှင်ဖြစ်သူသည် သူမ တောင်းဆိုလိုက်သော ဈေးနှုန်းကို ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။

“မင်း ရောင်းတဲ့ဈေးက တော်တော်လေးကို နှိမ်ထားတာပဲ။ ဈေးကွက်ကို လာပြီး ဖျက်မနေနဲ့”

All Chapters