အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) - ယင်ယန်တူသိုင်း
“ဈေးကွက်ကို ဖျက်ဆီးနေတယ်လို့ ဘာကို ဆိုလိုတာလဲ”
ကျန်းရှီက ပြန်လည်ပက်ကြမ်းလိုက်သည်။
ဆိုင်ရှင်က မကျေမနပ်ဖြစ်ကာ ကန့်ကွက်လိုက်လေသည်။
“ငါတို့အားလုံးက အနည်းဆုံး စွမ်းဆောင်ရည်အမှတ် နှစ်ဆယ်နဲ့ ရောင်းနေကြတာကွ”
ထို့နောက် သူတို့နှစ်ဦးမှာ စကားများရန်ဖြစ်ကြတော့သည်။
လင်းဖန်က ဟိုကျဲ့သည် သူ့အား ဤဆေးလုံးများကို ဈေးနှုန်းချိုချိုသာသာဖြင့် ရောင်းချပေးရန် ကျန်းရှီနှင့် ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်မည်ဟု တွေးတောမိလိုက်သည်။
ဤသည်မှာ လင်းဖန်အား ခွန်အားများ လျင်မြန်စွာ တိုးတက်စေရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ စောစောစီးစီးဝင်ရောက်နိုင်ရန် ကူညီပေးသည့် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
ထို့အပြင် မှောင်ခိုဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ခြင်းက ထန်ဖေး၏ သူလျှိုများ နောက်ယောင်ခံလိုက်ခြင်းမှ ရှောင်ရှားရန် ပိုမိုလွယ်ကူပေသည်။
ကျန်းရှီက အခြားဆိုင်ရှင်နှင့် အငြင်းပွား၍ ပြီးဆုံးသွားသောအခါ လင်းဖန်က မေးလိုက်သည်။
“ဈေးလေးနည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား။ ကျုပ်က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို တကယ်ဝင်ချင်နေတာဗျ။ ဒီဆေးလုံးတွေမရှိရင် ကျုပ် အောက်ခြေသိမ်းတပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ နိုင်မှာ မဟုတ်ဘူး”
လင်းဖန်သည် ကျန်းရှီက သူ့အား ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ခေါ်ယူလိုနေခြင်းကို အခွင့်ကောင်းယူကာ ပိုမိုသက်သာသော ဈေးနှုန်းကို ရယူရန် ကြိုးပမ်းလိုက်ခြင်းပင်။
သို့သော်ငြား သူ၏ အကြံအစည်မှာ အောင်မြင်ခြင်း မရှိခဲ့ချေ။
“ဒါက အနိမ့်ဆုံးဈေးပဲ။ အရင်းတော့ ပြန်ရမှ ဖြစ်မယ်လေ”
ကျန်းရှီက ခေါင်းကို အပြင်းအထန် ခါယမ်းရင်း ပြောလိုက်သည်။
‘ကောင်းပြီလေ၊ သူကလည်း ငါ့ကို အများကြီးတော့ မကူညီချင်ဘူးထင်ပါရဲ့’
လင်းဖန်က စိတ်ထဲတွင် ရယ်မောကာ တွေးတောလိုက်သည်။
သို့သော်လည်း သူက သူမ၏ အခက်အခဲကို နားလည်ပေးနိုင်ပေသည်။
သူမသည် အရှိန်အဝါနှင့် လူအင်အားမရှိဘဲ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို လည်ပတ်နိုင်ရန် ကျင့်ကြံရေးအရင်းအမြစ်များကို ရှာဖွေနေရရှာပေသည်။
“သဘောတူတယ်ဗျာ။ ဆေးလုံးတွေအတွက် ငွေနှစ်တေးလ်”
လင်းဖန်က ပြောရင်းဖြင့် ငွေနှစ်တေးလ်ကို ထုတ်ပေးလိုက်သည်။
သူက ဆေးလုံးနှစ်ပုလင်းကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းရှီကို မေးလိုက်လေသည်။
“ကျင့်ကြံခြင်းနည်းစနစ်တွေကို ဘယ်မှာ ဝယ်လို့ရမလဲဗျ”
“ဒီလမ်းရဲ့ အဆုံးက နောက်ဆုံးဆိုင်ပဲ”
ကျန်းရှီက ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
လင်းဖန်က သူမကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ထွက်ခွာလာခဲ့တော့သည်။
လင်းဖန်တစ်ယောက် မည်သည့် ကျင့်ကြံခြင်းနည်းစနစ်ကို ဝယ်ယူလိုသည်ကို သူမ စဉ်းစားနေစဉ်အတွင်း ရုတ်တရက် အရာတစ်ခုကို သတိပြုမိလိုက်လေသည်။
ဤလင်းဖန်တွင် အခြားပစ္စည်းများဝယ်ယူရန် ငွေအပိုများ ကျန်ရှိနေသေးသည် မဟုတ်လော။
သူမက ခြေဆောင့်လိုက်ပြီး ခါးထောက်ကာ တီးတိုးရေရွတ်လိုက်သည်။
“တောက် သူ့ဆီကနေ ဈေးပိုတောင်းခဲ့ရမှာ”
ကျန်းရှီ ညွှန်ပြခဲ့သည့် ဆိုင်မှာ ဆိုင်ခန်းမဟုတ်ဘဲ မြေကွက်လပ်တစ်ခုသာဖြစ်ပြီး ဆိုင်ရှင်၏ရှေ့တွင် ပိတ်စတစ်ထည်ကို ခင်းကျင်းထားလေသည်။
ထိုပိတ်စပေါ်တွင် ကျင့်ကြံခြင်းနည်းစနစ်များ တင်ထားသည်ကို တွေ့လိုက်ရသည်။
“စိတ်ကြိုက် ကြည့်နိုင်ပါတယ်ဗျာ”
မျောက်မျက်နှာဖုံး စွပ်ထားသော ဆိုင်ရှင်က အသံကို စူးရှရှအသံဖြင့် ပုံဖျက်ကာ ပြောလိုက်လေသည်။
လင်းဖန်က ကျမ်းစာများကို ကောက်ကိုင်ကာ အမည်များကို စတင်ဖတ်ရှုလိုက်သည်။
လေမုန်တိုင်း ကန်ချက်…
သံမဏိလက်ဝါး ရှစ်ချက်…
ကီရင်ဓားသိုင်း…
၎င်းတို့အနက် အများစုမှာ လင်းဖန်အား စိတ်ဝင်စားမှု မရှိစေခဲ့ချေ။
ဤကျမ်းစာများသည် သူ၏ သားရဲစွမ်းရည်များနှင့် ပေါင်းစပ်၍ မရနိုင်ရုံမျှမက အချို့သော ကျင့်စဉ်များမှာ သားရဲစွမ်းရည်များနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေပေသည်။
အကယ်၍ သူသည် လက်ဝါးသိုင်းကို လေ့ကျင့်မည်ဆိုပါက သူ၏ သံမဏိလက်သည်းစွမ်းရည်မှာ အသုံးမဝင်တော့ပေ။
နောက်ဆုံးတွင် သူသည် နောက်ဆုံးကျမ်းစာလိပ်ကို ကောက်ကိုင်လိုက်ရာ ၎င်း၏ အမည်က သူ့ကို ချက်ချင်း စိတ်ဝင်စားသွားစေခဲ့သည်။
ယင်ယန်တူသိုင်း…
သူ့အတွက် အသင့်တော်ဆုံး နည်းစနစ်ပင် ဖြစ်သည်။
“ဒါက ဘယ်လောက်လဲဗျ”
လင်းဖန်က မေးလိုက်သည်။
ဆိုင်ရှင်က ကျမ်းစာအမည်ကို ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
“ဒါက ပုံမှန်ဆိုရင် ငွေနှစ်တေးလ် ကျသင့်မှာဆိုပေမဲ့ မင်းကိုတော့ ငွေတစ်တေးလ်ပဲ ယူလိုက်မယ်။ ဒီကျမ်းစာက မရောင်းရတာ အတော်ကြာနေပြီမို့ပါ”
“ဒီမှာ… ငွေတစ်တေးလ်”
လင်းဖန်က ကျမ်းစာအတွက် ငွေပေးချေလိုက်ပြီးနောက် ထိုဆိုင်မှ ထွက်ခွာခဲ့တော့သည်။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက် သူ၏ ငွေသုံးတေးလ်မှာ ကုန်စင်သွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် ငွေကြေးအမြောက်အမြား ကုန်ကျတတ်ကြောင်း လင်းဖန် သိရှိထားသော်လည်း ယခင်ကမူ ထိုအရာမှာ သူ၏စိတ်ထဲတွင် မရေရာသော အတွေးမျှသာ ရှိသေးသည်။
ယခုမူ ထိုစကား၏ အနက်အဓိပ္ပာယ်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
ငွေသုံးတေးလ်သည် သာမန်မိသားစု သုံးဦးအား သုံးနှစ်တိုင်တိုင် ကောင်းမွန်စွာ ကျွေးမွေးထားနိုင်သည့် ပမာဏပင်။
ဆေးလုံးများနှင့် လက်ရေးစောင်ကို လက်ဝယ်ရရှိပြီးဖြစ်ရာ ပြန်ရန် အချိန်တန်ပေပြီ။
အပြန်လမ်းတွင် စနစ်မှ ယုတ်မာသော ရည်ရွယ်ချက်ရှိသူတစ်ဦး ချဉ်းကပ်လာနေကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သေးလေသည်။
သို့သော် ထိုသတိပေးချက်မှာ မကြာမီ ပျောက်ကွယ်သွားရာ တစ်စုံတစ်ယောက်မှ ထိုရန်ညှိုးအား ရှင်းလင်းပေးလိုက်ပြီဖြစ်ကြောင်း သိသာလှပေသည်။
‘ကျန်းရှီက ငါ့ကို ဘေးကင်းအောင် ကာကွယ်ပေးလိုက်တာ ဖြစ်ရမယ်’
လင်းဖန်က စိတ်ထဲက တွေးတောလိုက်မိသည်။
သူသည် သစ်သားတဲအိမ်လေးသို့ ပြန်ရောက်သောအခါ ဟိုကျဲ့က သူ့ကို စောင့်ဆိုင်းနေလေသည်။
ဟိုကျဲ့က မေးလိုက်သည်။
“မင်း မှောင်ခိုဈေးကနေ ဘာတွေ ရခဲ့လဲ”
လင်းဖန်က ဆေးပုလင်းနှစ်လုံးကို ထုတ်ယူကာ ဟိုကျဲ့ကို ပြသရင်း ဖြေကြားလိုက်သည်။
“ကျင့်ကြံခြင်းနည်းစနစ်တစ်ခုရယ်၊ ချီစုစည်းမှုဆေးလုံးတွေနဲ့ ခန္ဓာကိုယ်သန်မာစေတဲ့ ဆေးလုံးတွေပါ”
ဆေးလုံးများကို မြင်သောအခါ ဟိုကျဲ့မှာ အလွန်ပင် ဝမ်းသာသွားပြီး ဆက်လက်ပြောကြားလိုက်သည်။
“ဆေးလုံး တစ်မျိုးစီကနေ တစ်လုံးစီ သောက်လိုက်၊ ပြီးရင် မင်းရဲ့ ကျင့်ကြံခြင်းကို စတင်ကြတာပေါ့”
လင်းဖန် ဆေးလုံးများကို သောက်သုံးပြီးနောက် ဟိုကျဲ့က သူ့ကို တင်ပျဉ်ခွေထိုင်စေကာ အသက်ရှူစနစ်ကို ထိန်းညှိရန် ညွှန်ကြားလိုက်လေသည်။
လင်းဖန်လည်း ထိုအတိုင်း လိုက်နာကာ အသက်ရှူနှုန်းကို နှေးကွေးစေပြီး တစ်ချက်ချင်းစီကို ပိုမိုနက်ရှိုင်းစွာ ရှူသွင်း ရှူထုတ် ပြုလုပ်လိုက်သည်။
သူ၏ အသက်ရှူနှုန်း တည်ငြိမ်သွားသောအခါ ဟိုကျဲ့က လက်ဝါးကို လင်းဖန်၏ ကျောပြင်ပေါ်သို့ ဖိကပ်လိုက်သည်။
ထိုလက်ဝါးဆီမှ ရင်းနှီးသော ခံစားချက်တစ်ခု ထွက်ပေါ်လာကာ လင်းဖန်၏ အရေပြားကို ကျင်တက်သွားစေပြီးနောက် အသားစများအတွင်းသို့ တဖြည်းဖြည်း တိုးဝင်ကာ တန်းထျန်အတွင်းသို့ ရောက်ရှိသွားတော့သည်။
လင်းဖန်၏ တန်းထျန်အတွင်းရှိ ချီစွမ်းအင်များသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များနှင့် စတင်ဆက်သွယ်နိုင်စေရန် ကူညီပေးလေသည်။
အရေပြားမှတစ်ဆင့် ချီစွမ်းအင်များသည် သူ၏ တန်းထျန်ဆီသို့ တဖြည်းဖြည်း စုစည်းလာခဲ့သည်။
လင်းဖန်၏ တန်းထျန်အတွင်း ချီစွမ်းအင်များ သိသိသာသာ တိုးပွားလာသည်ကို လက်ဝါးမှတစ်ဆင့် ခံစားမိသောအခါ ဟိုကျဲ့၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
အောင်မြင်သွားချေပြီ။ အလွန်အံ့ဩဖွယ်ကောင်းသော တိုးတက်မှုပင်။
ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း လင်းဖန်မှာ ချီစုစည်းမှုအဆင့်တစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဟိုကျဲ့က လင်းဖန်၏ ကျောပြင်ပေါ်မှ လက်ဝါးကို ခွာလိုက်ပြီး ပြောလိုက်သည်။
“တော်တယ်။ အခုအတိုင်းပဲ တန်းထျန်ထဲကို ချီစွမ်းအင်တွေ ဆက်ပြီး စုစည်းနိုင်အောင် ကြိုးစားကြည့်ဦး”
လင်းဖန်လည်း ထိုအတိုင်း ကြိုးစားကြည့်ရာ ချီစွမ်းအင်များ၏ စီးဆင်းမှုမှာ အမှန်တကယ်ပင် ရပ်တန့်မသွားခဲ့ချေ။
အရေပြား၊ အသားစများနှင့် သွေးကြောများမှတစ်ဆင့် ချီစွမ်းအင်များသည် သူ၏ တန်းထျန်ဆီသို့ အစဉ်မပြတ် စီးဝင်နေလေသည်။
ထိုသို့ဖြင့် တန်းထျန်အတွင်းရှိ နည်းပါးလှသော ချီစွမ်းအင်ပမာဏမှာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
သူသည် တစ်နာရီခန့် ဆက်လက်ကျင့်ကြံပြီးနောက် မိမိ၏ သံတူကို စမ်းသပ်ကြည့်ချင်သဖြင့် ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။
သူ၏လက်ထဲတွင် သံတူကို ကိုင်ဆောင်လျက် ချီစွမ်းအင်အချို့ကို ပို့လွှတ်လိုက်ရာ သံတူ၏ အရွယ်အစားမှာ သိသိသာသာ ကြီးမားလာလေသည်။
‘ကောင်းလိုက်တာ။ အခုဆို ငါ ယင်ယန်တူသိုင်းကို စလေ့လာလို့ ရပြီ’
လင်းဖန်တစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်သည်။
ညဉ့်အတော်နက်နေပြီ ဖြစ်ကြောင်း သတိပြုမိသဖြင့် သူသည် ထိုနေ့အတွက် အိပ်စက်အနားယူရန် ပြင်ဆင်လိုက်တော့သည်။
…
နောက်တစ်နေ့…
လင်းဖန်သည် ပုံမှန်အတိုင်းပင် ထင်းခုတ်ရန် တောအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူသည် အစေခံတပည့်များ နေထိုင်ရာဆောင်သို့ ရောက်ရှိသွားချိန်တွင် အစေခံတပည့်တစ်ယောက်ဖြစ်သည့် ဂိုဏ်းတူအစ်ကိုတစ်ဦး၏ ဘေးပတ်လည်တွင် လူအုပ်ကြီး ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။
လူစုလူဝေးထဲမှ တပည့်တစ်ဦးက မေးလိုက်သည်။
“စီနီယာလျန်၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ဒီတစ်ခေါက် ဘာစိတ်ဝင်စားစရာတွေ ယူလာခဲ့လဲ”
ဂိုဏ်းတူအစ်ကိုလျန်က ပြန်ပြောလိုက်သည်။
“မပါပါဘူး။ လိုအပ်တဲ့ စားနပ်ရိက္ခာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ ဆားနဲ့ သကြားတွေကိုပဲ ယူလာခဲ့တာ”