အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) - ပြီးပြည့်စုံသော ထိန်းချုပ်မှု (၁)
ဤကမ္ဘာမှလွဲ၍ အခြားကမ္ဘာများနှင့် အခြားသော ထိပ်တန်းပညာရှင်များ ရှိနေသေးကြောင်း သူသိထားသော်လည်း အဘိုးဖြစ်သူမှာ လောကဧကရာဇ် မဟုတ်လော။ လူတိုင်းက လောကဧကရာဇ်ဖြစ်နေလျှင်ပင် ဂရုစိုက်စရာ လိုမည်မထင်ခဲ့ပေ။
အဘိုးဖြစ်သူအနေဖြင့် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိပြီး ကြီးကြီးမားမား ပြဿနာမရှိနိုင်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအခါတွင်မူ အဘိုးဖြစ်သူ၏ မျက်လုံးများထဲမှ သတင်းအချက်အလက် တစ်ခုကို ဖတ်ရှုလိုက်ရလေပြီ။ အဘိုးဖြစ်သူက တစ်ဖက်လူ၏ ပြိုင်ဘက် လုံးဝမဟုတ်သည့်အပြင် တစ်ဖက်လူ၏ ခွင့်လွှတ်မှုကို အသနားခံနေသည့် အနေအထားသို့ ရောက်ရှိနေသည်။
သို့မဟုတ်ပါက သူ့ကို တိုက်ခိုက်မည်မဟုတ်ပေ။ သူ့ကို အပြစ်ပေးခြင်းမှာ တစ်ဖက်လူအား ကျေနပ်စေရန်နှင့် ဤကိစ္စကို ခွင့်လွှတ်ပေးရန် သက်သက်သာ ဖြစ်သည်။
ဤအချိန်တွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်တစ်ခုက ရင်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာတော့သည်။
ကျိုးရီက ထိုအဘိုးနှင့်မြေးကို တည်ငြိမ်စွာသာ စိုက်ကြည့်နေသည်။ တစ်ဖက်လူတွင် မည်သည့် အတွေးအမြင်နှင့် ရည်ရွယ်ချက်များ ရှိနေသည်ကို သဘာဝကျကျပင် သိမြင်နေသည်။
သို့သော်လည်း ကိစ္စမရှိပေ။
သူ လုံးဝ ဂရုမစိုက်ချေ။ သူသည် ယခုအခါ ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုနေသူတစ်ဦးကဲ့သို့ တစ်ဖက်လူများ ကပြနေသည့် ကြီးကျယ်ခမ်းနားလှသော ပြဇာတ်ကြီးကိုသာ ကြည့်ရှုနေခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်ရာ ၎င်းကို သဘာဝကျကျပင် ပြောင်းလဲတော့မည်မဟုတ်ပေ။ တစ်ဖက်လူက သူ့အတွက် ကြီးမားသောအန္တရာယ် မဖြစ်နိုင်တော့သော်လည်း သူ့ကို ပြစ်မှားဖူးသူများ သို့မဟုတ် သူနှင့် လာရှုပ်သူတိုင်းက နောက်ပိုင်းတွင် သူ့ကို ဒုက္ခပေးရန် ကြိုးစားလာကြမည်သာ။
ကျိုးရီ၏ ပုံမှန်အကျင့်မှာ ဤကဲ့သို့သော အန္တရာယ်များကို အမြစ်ကပါ ဆွဲနှုတ်ဖျက်ဆီးပစ်ခြင်ူပင်။
ဤအဘိုးနှင့်မြေးတွင် နောက်ထပ် မည်သည့်လှည့်ကွက်များ ကျန်ရှိနေသေးသည်ကို သူ စောင့်ကြည့်နေလေသည်။
“တိတ်စမ်း တိရစ္ဆာန်ကောင်၊ မင်းက စွမ်းအားကြီးတာကို အားကိုးပြီး လူတွေအပေါ် ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့၊ မင်းက အကြိမ်တစ်ထောင်လောက် သွားသေလိုက်ဖို့ကောင်းတယ်”
“အဘိုး၊ မြေးလေ…”
လုံအောင်းထျန်းမှာ ဇဝေဇဝါဖြစ်နေဆဲပင်။ ဤအခိုက်အတန့်တွင် အဘိုးဖြစ်သူထံသို့ မည်သည့်အရာ ဝင်ပူးသွားမှန်း လုံးဝနားမလည်နိုင်ဘဲ ထူးဆန်းသော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။
“ခွေးမသား၊ စီနီယာကျိုးဆီ လာပြီးတောင်းပန်လေ၊ ဘာစောင့်နေတာလဲ”
လုံပါထျန်းက လက်မြှောက်ကာ မြေးဖြစ်သူကို နောက်ထပ် ပြင်းထန်လှသောရိုက်ချက်တစ်ခုနှင့် ထပ်မံမိတ်ဆက်ပေးလိုက်ပြန်သည်။
ဘုန်း...။
လုံအောင်းထျန်း နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်ရာ သူ့နတ်ဘုရားဝိညာဉ်ပင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဤလောကမှ လုံးဝပျောက်ကွယ်သွားမတတ် ဖြစ်သွားရသည်။
ယခုအကြိမ် အဘိုးဖြစ်သူ၏ တိုက်ခိုက်မှုက သာမန်မဟုတ်ဘဲ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ထိုရက်စက်မှုများက လုံအောင်းထျန်းကိုပင် မှင်တက်တွေဝေသွားစေသည်။
အရမ်းကို ရက်စက်လွန်းနေပြီ မဟုတ်လော။
သို့သော်လည်း နောက်ဆုံးတွင်တော့ ဤအခြေအနေအားလုံးကို သူ သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ အစောပိုင်းကလို အဘိုး၏ ရည်ရွယ်ချက်များကို နားမလည်နိုင်လောက်အောင်အထိ သူ မမိုက်မဲတော့ချေ။
တစ်ဖက်လူ၏ စွမ်းအားက အဘိုးဖြစ်သူထက် လုံးဝသာလွန်နေပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သည့်အခြေအနေသို့ ရောက်နေသောကြောင့်သာ အဘိုးဖြစ်သူက ဤကဲ့သို့ ပြုမူနေရခြင်းဖြစ်ပေမည်။
ထို့ကြောင့် ပြန်လည်ခုခံရန် မဖြစ်နိုင်တော့သဖြင့် ဤနည်းလမ်းကိုအသုံးပြုကာ တစ်ဖက်လူ၏ ဒေါသကို ပြေလျော့စေရန် ကြိုးပမ်းရင်း မိမိကိုယ်ကို ကယ်တင်နိုင်ရန် မျှော်လင့်နေခြင်းသာ ဖြစ်ပေမည်။
မဟုတ်ပါက အဘိုးဖြစ်သူအနေဖြင့် ဤသို့ပြုမူနေရန် မလိုအပ်ဘဲ တစ်ဖက်လူကို တိုက်ရိုက်တိုက်ခိုက်မည်သာဖြစ်သည်။
တစ်ဖက်လူကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ နောက်ဆုတ်သွားအောင် လုပ်နိုင်စွမ်းရှိသည်မဟုတ်လော။
ဤအချက်ကို တွေးမိသည်နှင့် သူ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပေ။ စောစောက အကြိမ်ကြိမ် တောင်းပန်ထားခဲ့သော်လည်း ယခုတစ်ဖန် ထပ်မံ၍ တောင်းပန်စကားများ ဆိုလိုက်ရပြန်သည်။
ဤတစ်ကြိမ် သူ၏တောင်းပန်မှုက ယခင်ကထက် ပို၍ ရိုးသားလှိုက်လှဲနေပြီး မြေကြီးပေါ်သို့ ဝပ်တွားခယမတတ်ပင်။ ဤသည်မှာ သူတို့မိသားစုတစ်ခုလုံး၏ ဂုဏ်သိက္ခာကို တစ်ဖက်လူ၏ ခြေအောက်သို့ ပုံချလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လုံပါထျန်းက လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။
“တာအိုမိတ်ဆွေကျိုး၊ ကျုပ်တကယ်ကို တောင်းပန်ပါတယ်၊ ကျုပ်ရဲ့ ဆုံးမကွပ်ကဲမှု ညံ့ဖျင်းတာကြောင့် ဒီတိရစ္ဆာန်ကောင်က ပြစ်မှားမိတာပါ၊ ဒါပေမဲ့ သူ့ကို ကျုပ်အပြစ်ပေးပြီးပါပြီ၊ ကျုပ်မျက်နှာကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်”
ကျိုးရီက ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်နေသော ထိုအဘိုးနှင့်မြေးကို တည်ငြိမ်စွာ စိုက်ကြည့်နေရင်း ရယ်စရာကောင်းနေသည်ဟုပင် ခံစားလိုက်ရသည်။ ဤလူနှစ်ယောက်က သူ့ကို အရူးတစ်ယောက်ပမာ သဘောထားနေပုံရသည်။
သူတို့က သူ့ကို မျက်နှာသာပေးနေသယောင် ပြုမူနေသော်လည်း အမှန်တကယ်တော့ မြေးဖြစ်သူ၏ အသက်ကို ချမ်းသာပေးရန်အတွက်သာ ဖြစ်နေသည်။
“ငါက လှည့်စားဖို့လွယ်တယ်၊ လိမ်ညာဖို့လွယ်တယ်လို့ မင်းတို့ထင်နေတာလား၊ ငါ့ကို တကယ့်အရူးတစ်ယောက်လို့ ထင်နေကြတာလား”
ထိုစကားကြောင့် အဘိုးနှင့်မြေး နှစ်ယောက်လုံး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရပြီး လုံပါထျန်းက အလျင်အမြန်ပင် ပြန်လည်ဖြေရှင်းလိုက်သည်။
“မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး၊ ဒီလိုအတွေးမျိုး ကျုပ်ဘယ်လိုလုပ် တွေးရဲမှာလဲ၊ တာအိုမိတ်ဆွေကျိုး ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ ကျုပ်ပြောခဲ့သမျှ အားလုံးက ရိုးသားလှိုက်လှဲပါတယ်၊ ဒီခွေးကောင်က တာအိုမိတ်ဆွေကို ပြစ်မှားမိတာဆိုတော့ မဖြစ်မနေ အပြစ်ပေးခံရမှာပဲ”
“ကောင်းပြီလေ၊ ဟန်ဆောင်နေတာတွေကို ရပ်လိုက်တော့၊ မင်းတကယ်ပဲ သူ့ကို အပြစ်ပေးချင်တယ်ဆိုရင် အခုချက်ချင်း သတ်လိုက်”
ကျိုးရီက ထိုစကားများကို အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။
“ဘာ…”
ထိုစကားကို ကြားလိုက်ရချိန်တွင် အဘိုးနှင့်မြေး နှစ်ယောက်လုံး၏ နှလုံးသားများ အလွန်အမင်း တုန်လှုပ်သွားရသည်။
လုံအောင်းထျန်းမှာ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ အသနားခံတော့သည်။
“အဘိုး၊ သားကို မသတ်ပါနဲ့နော်၊ သားက အဘိုးအချစ်ရဆုံး မြေးလေ၊ သားက မိသားစုတစ်ခုလုံးရဲ့ အနာဂတ်မျှော်လင့်ချက်ပါ၊ သားက လုံမိသားစု သမိုင်းတစ်လျှောက်မှာ အစွမ်းအထက်ဆုံးပါရမီရှင်လေနော်”
လုံပါထျန်းက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ဤအကြောင်းအရာ အားလုံးကို သူ ကောင်းကောင်းသိထားပြီးဖြစ်သည်။ သူ့အနေဖြင့် မလုပ်ရက်နိုင်ကြောင်းကိုလည်း သိသလို ယခုကိစ္စက သူ တကယ်လုပ်ရဲ မလုပ်ရဲဆိုသည်ကို တစ်ဖက်လူက စမ်းသပ်နေခြင်းဖြစ်ကြောင်းကိုပါ ထပ်မံသိရှိထားသည်။
သူ၏မိသားစုကို ကမ္ဘာကြီး၏အထွတ်အထိပ်သို့ ပို့ဆောင်ပေးမည့် မျှော်လင့်ချက်လေးကို ရိုက်ချိုးရမည်ဆိုပါက….
လုံပါထျန်း၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားကာ ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည်။ အကယ်၍ သူသာ လက်ရှောင်ခဲ့ပါက အသက်ရှင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သေးသည်။
ယခုတော့ ကျိုးရီပြောသည့်အတိုင်းသာ မလုပ်ခဲ့လျှင် အားလုံးက တကယ်ကို ပြီးဆုံးသွားပြီဖြစ်သည်။
ကျိုးရီကမူ သူ့ကို တိုက်ရိုက်ပင် အဖြေပေးလိုက်သည်။
“ထားလိုက်ပါတော့၊ မင်း အရမ်းကြီး တွေးနေစရာ မလိုတော့ဘူး၊ မင်းက ဒီလောက်တောင် တွန့်ဆုတ်နေမှတော့ သူ့အပေါ်ထားတဲ့ မင်းရဲ့ သံယောဇဉ်က ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို ပြသနေတာပဲ"
“ဒီနေ့ သူ့ကိုသတ်ဖို့ ငါက အတင်းအကျပ်ခိုင်းစေခဲ့မယ်ဆိုရင်တောင် ငါ့အပေါ်ထားတဲ့ မင်းရဲ့ အငြိုးအတေးက အဆုံးမရှိ ဆက်လက်တည်ရှိနေဦးမှာပဲ"
“ငါက ပြဿနာတွေချန်ထားရတာကို မနှစ်သက်ဘူး၊ ဒီလိုဆိုမှတော့ မင်းတို့ အဘိုးနဲ့မြေး နှစ်ယောက်လုံး တမလွန်ခရီးကို အတူတူသာ သွားလိုက်ကြတော့”
လုံပါထျန်းက အလျင်အမြန် လက်ကာပြလိုက်သည်။
“တာအိုမိတ်ဆွေကျိုး၊ ဒီလောက်ထိရက်စက်ဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား၊ ကျုပ်ကို သတ်လိုက်ရင် ဒီကမ္ဘာတစ်ခုလုံးရဲ့ ကမ္ဘာဆန္ဒကလည်း ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်ဆိုတာ သိတယ်မလား”
“ဒီကမ္ဘာပေါ်က နေရာအများအပြားမှာ ငလျင်တွေ၊ မီးဘေးတွေနဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာပြီး လူရေတွက်မရအောင် သေဆုံးကြရလိမ့်မယ်"
“အဲဒီလူတွေထဲမှာ အရှင်သခင်ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေလည်း အများကြီး ပါနိုင်တယ်လေ၊ သူတို့ သေဆုံးသွားတာကို အရှင်သခင်က ရပ်ကြည့်နေနိုင်လို့လား”
ကျိုးရီက ပခုံးတွန့်ပြလိုက်သည်။
“မင်း တွေးတာတွေ များလွန်းနေပြီ၊ ဒီကမ္ဘာမှာ ငါ့အတွက် စစ်မှန်တဲ့ဆွေမျိုးဆိုတာ မရှိဘူး၊ မိတ်ဆွေတချို့ ရှိပေမဲ့လည်း အဲဒီလောက်ကြီး အရေးမပါပါဘူး၊ အနည်းဆုံးတော့ မင်းတို့နှစ်ယောက်ရဲ့အသက်နဲ့ လဲလှယ်ဖို့အထိ မတန်ဘူးပေါ့"
“ဒါ့အပြင် မင်းသေသွားရင်တောင် ဒီကမ္ဘာကြီးမှာ ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ငါ ရှင်းရှင်းလင်းလင်း ပြောရဲတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာက ငါ့ရဲ့ လက်ဝါးထဲမှာပဲ ရှိနေတာ”
သူ ဆက်လက်၍ အချိန်ဖြုန်းမနေချင်တော့ပေ။ စကားအဆုံးတွင် လက်မြှောက်ကာ သူ၏ ကြီးမားလွန်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဟာသဆန်သော ဤကစားပွဲကို အဆုံးသတ်လိုက်လေသည်။
လုံအောင်းထျန်းမှာ နေရာမှာတင် ပြာအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားရသည်။
ဤအခိုက်အတန့်ရောက်မှသာ သူ့အဘိုးဖြစ်သူက အဘယ်ကြောင့် တစ်ဖက်လူထံ အကြိမ်ကြိမ် အသနားခံနေခဲ့ပြီး အလွန်အမင်း မဝံ့မရဲဖြစ်နေခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ့အဘိုးဖြစ်သူပင်လျှင် ဤကဲ့သို့ တစ်ကွက်တည်းဖြင့် ချက်ချင်းသေဆုံးသွားအောင် မလုပ်နိုင်သောကြောင့်ဖြစ်သည်။
ဤသည်က ကျိုးရီ၏ စွမ်းအားမှာ အဘိုးဖြစ်သူထက် သာလွန်နေရုံမျှမကကြောင်း ပြသနေသည်။
သူက နတ်ဘုရားဧကရာဇ်ဖြစ်သည်။
သူက နယ်မြေနတ်ဘုရားအဆင့်တစ်ခုလုံး၏ အထက်တွင် ရှိနေသည်။
ကံမကောင်းစွာဖြင့် သူ သိလိုက်ချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ အရာအားလုံးက ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့်အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။
သူ၏ ဝိညာဉ်အစအနလေးပင်လျှင် ကျန်ရစ်ရန် မဖြစ်နိုင်တော့ချေ။ ဤအခိုက်အတန့်တွင် မျှော်လင့်ချက် လုံး၀ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
ဤဘဝတွင် ဤမျှကောင်းမွန်သော မိသားစု၌ မွေးဖွားလာရန် အခွင့်အရေး ရခဲ့ပါလျက် ကိုယ့်သေတွင်းကို တူးမိခဲ့သည်။
ယခုအခါတွင်မူ အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
“ဟင့်အင်း”
လုံပါထျန်းက အသည်းကွဲမတတ် အော်ဟစ်လိုက်ပြီး သူ့နှလုံးသားထဲတွင် ပြင်းထန်လှသော နာကျင်မှုများ ပြည့်နှက်သွားရသည်။
သူက မြေးဖြစ်သူကို အသေအလဲ ကာကွယ်ပေးချင်ခဲ့သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် သူ့တွင် ထိုသို့လုပ်နိုင်မည့်စွမ်းအား မရှိခဲ့ပေ။
မြေးဖြစ်သူ သူ့ရှေ့မှောက်တွင် အသတ်ခံလိုက်ရသည်ကို လက်မှိုင်ချကာ ကြည့်နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ချေ။ ပို၍ ဆိုးရွားသည်မှာ မိမိကိုယ်ကိုပင် ကာကွယ်နိုင်စွမ်း မရှိတော့ခြင်းဖြစ်သည်။
ကျိုးရီ၏ တိုက်ခိုက်မှုက သူ့ထံသို့ ရောက်ရှိလာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် သူတို့ကြားရှိ ကြီးမားလှသော ကွာဟချက်ကို သူ ကြိုတင် အာရုံခံမိနေခဲ့ပြီဖြစ်သည်။