အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) - ပြီးပြည့်စုံသော ထိန်းချုပ်မှု (၂)
ထိုကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီး ကွာခြားသကဲ့သို့ ဖြစ်နေပြီး တစ်ဖက်လူ၏ ရှေ့မှောက်တွင် သူက သေးငယ်သော ပုရွက်ဆိတ်လေး တစ်ကောင်မျှသာ ဖြစ်သည်။
မဟုတ်သေးပေ၊ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူက သေးငယ်သော ပုရွက်ဆိတ်လေး တစ်ကောင်မျှ မကတော့ဘဲ ဖုန်မှုန့်တစ်စက်လောက်ပင် အဖိုးမတန်တော့ချေ။
သူ သေရတော့မည်ကို သိသည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှ သူ မလွတ်မြောက်နိုင်တော့ပေ။ သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
အလွန်အားကောင်းသော စွမ်းအင်တစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး အခြားသော လေဟာနယ်အတွင်းသို့ တိုက်ရိုက် ဆွဲသွင်းသွားရာ ကျိုးရီ၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်သွားခဲ့သည်။
ကျိုးရီ၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားသည်။
“နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သိပ်မထူးပါဘူးလေ”
တစ်ဖက်လူကို ကယ်တင်ရန် မည်သူဝင်ရောက်စွက်ဖက်ခဲ့သည်ကို သူ သိထားသော်လည်း ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အမြင်တွင် တစ်ဖက်လူ၏စွမ်းအားက အရေးပါမှုမရှိသေးသောကြောင့်ဖြစ်သည်။
မကြာမီမှာပင် ထူးဆန်းသော ပုံရိပ်ယောင်တစ်ခု သူ့ရှေ့မှောက်တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်လာသည်။
“ငါတည်ရှိနေတဲ့ ကမ္ဘာကနေ မွေးဖွားလာတဲ့ သက်ရှိတစ်ခုက ငါတောင်မသိလိုက်ဘဲ ငါ့ရဲ့ စွမ်းအားကို ကျော်လွန်ပြီး ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး”
ကျိုးရီက တစ်ဖက်လူကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူ့ရှေ့မှောက်ရှိ ပုံရိပ်ယောင်မှာ သံသယဖြစ်ဖွယ်မရှိ ဤကမ္ဘာ၏ ကမ္ဘာ့ဆန္ဒပင် ဖြစ်သည်။
“ဝမ်းနည်းပူဆွေးနေစရာ ဘာမှမရှိပါဘူး၊ ဒီကမ္ဘာကြီးက အမြဲတမ်း မယုံနိုင်စရာကောင်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတာပဲလေ၊ ဒါပေမဲ့ သူ့ကို ငါ့လက်ထဲကနေ ကယ်ထုတ်သွားတာကတော့ နည်းနည်း မလေးမစားလုပ်ရာကျတယ်”
ကမ္ဘာ့ဆန္ဒက သက်ပြင်းရှည်ကြီးချကာ ပြောဆိုလာသည်။
“မင်း သူ့ကို သတ်လို့မရဘူး၊ အကယ်လို့ မင်းသာ သူ့ကို တကယ်သတ်လိုက်မယ်ဆိုရင် လောလောဆယ် ငါ့အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်"
“ငါက ဂြိုဟ်ပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိတစ်ခုပါ၊ ငါ့လို သက်ရှိမျိုးတွေက ကျင့်ကြံခြင်းမှာ အောင်မြင်မှုမရနိုင်ဖို့ ဖန်တီးခံထားရပြီးသားပဲ”
“ငါတို့က အသက်သွေးကြောတစ်ခုပြီး တစ်ခု ပြုစုပျိုးထောင်ပေးရုံကလွဲလို့ ဒီသက်ရှိတွေ ဆက်တိုက်အားကောင်းလာတာကိုပဲ ရပ်ကြည့်နေနိုင်တယ်၊ ငါ့ဘဝက အပြစ်ပေးခံရတဲ့ အကျဉ်းသားတစ်ယောက်လို အထီးကျန်ဆန်လွန်းတယ်"
“ဒီနာကျင်မှုကို ထာဝရ ခံစားနေရတာလေ၊ ငါ့မှာ ပိုအားကောင်းလာအောင် လုပ်နိုင်တဲ့စွမ်းရည်လည်း မရှိသလို၊ အချိန်မရွေးသေဆုံးသွားနိုင်တဲ့ လူတွေရဲ့ နာကျင်မှုနဲ့ အကြောက်တရားတွေကိုလည်း ခံစားနေစရာမလိုဘူး၊ ဒါက ငါ့လို သက်ရှိအမျိုးအစားတွေရဲ့ အဖြစ်ဆိုးပဲ"
“ဒါပေမဲ့လည်း ဒါက ငါ့ဘဝ၊ ငါ့တာဝန်ဖြစ်နေလို့ သက်ရှိတွေကို တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ပြုစုပျိုးထောင်ပေးနေရတာပဲ”
“မင်းလည်း ငါ့ကမ္ဘာကနေ လာခဲ့တာပဲလေ၊ မင်းသာ အရာအားလုံးကို မျက်ကွယ်ပြုပြီး သူ့ကို အတင်းအကျပ်သတ်ပစ်မယ်၊ အဲဒီရဲ့ရလဒ်အနေနဲ့ ဒီကမ္ဘာကြီးကို ပျက်စီးခွင့်ပြုလိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ သက်ရှိတွေက မင်းကို အငြိုးထားကြလိမ့်မယ်”
“ဒီအငြိုးအာဃာတစွမ်းအင်တွေက အဆိုးမြင်စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားပြီး အခုချိန်ကစလို့ မင်းနောက်ကို တကောက်ကောက်လိုက်နေတော့မှာ၊ အနာဂတ်မှာ မင်းဘယ်လောက်ပဲ ဝေးဝေးသွားပါစေ သူတို့က အမြဲတမ်း မင်းနောက်ကနေ လိုက်နေလိမ့်မယ်"
“မင်းသာ အနာဂတ်မှာ အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ပြီး မဟာကန္တာရကမ္ဘာရဲ့ မဟာအရှင်သခင် ဖြစ်မလာခဲ့ရင်ပေါ့၊ ဒါပေမဲ့ မင်းစဉ်းစားကြည့်ရမှာက မင်းနောက်မှာ အဆိုးမြင်စွမ်းအင်တွေ အများကြီး လိုက်နေရင် မင်းအတွက် ဘယ်အရာကများ ကောင်းလာနိုင်မှာလဲ”
“မင်းရဲ့ကံကြမ္မာက အခုကစပြီး အဆိုးရွားဆုံး ဖြစ်လာလိမ့်မယ်၊ ကိစ္စတော်တော်များများကို မင်း ပြီးမြောက်အောင် လုပ်နိုင်တော့မှာ မဟုတ်သလို၊ အခုလက်ရှိလိုမျိုး ထည်ဝါခမ်းနားနေတော့မှာလည်း မဟုတ်ဘူး”
“သေချာတာပေါ့၊ ငါက မင်းကို ခြိမ်းခြောက်နေတယ်လို့လည်း မင်းထင်နိုင်တယ်၊ ဒါပေမဲ့ လွတ်လွတ်လပ်လပ် စမ်းကြည့်လို့ရတယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ မင်းတစ်ယောက်တည်း ခံစားရမှာပဲ၊ ဘယ်သူကမှ မင်းကိုယ်စား ဝင်ခံပေးနိုင်မှာမဟုတ်ဘူး”
တစ်ဖက်လူ၏ စကားများက အလွန်ပင် ရိုးသားလှိုက်လှဲလွန်းလှရာ ကျိုးရီအနေဖြင့် ပြောဆိုလာသည်များကို သံသယဖြစ်ရန် အကြောင်းမရှိပေ။
သို့သော် အကြီးမားဆုံး ပြဿနာမှာ သူကိုယ်တိုင်က ဤကမ္ဘာကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိခြင်းပင်ဖြစ်သည်။
သူ့ကို တွယ်ကပ်လာမည့် အဆိုးမြင်စွမ်းအင်များကို သူ မကြောက်ရွံ့ချေ။ သို့သော် ဤကမ္ဘာကို မထိခိုက်စေဘဲ တစ်ဖက်လူကို သတ်ဖြတ်နိုင်မည့်နည်းလမ်းများ သူ့လက်ထဲ၌ လုံလုံလောက်လောက် ရှိနေသည်။
ကျိုးရီက တည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။
“မင်း အတွေးလွန်နေပြီထင်တယ်၊ ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေဖို့ တကယ်မလိုအပ်ပါဘူး၊ ငါ သူ့ကို သေချာပေါက်သတ်မှာပဲ၊ မင်း တားသည်ဖြစ်စေ၊ မတားသည်ဖြစ်စေ ဒီနေ့ သူ့အသက်ကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”
“ငါပြောတဲ့ စကားတွေကို မင်း နားမလည်ဘူးလား၊ မင်းရဲ့ စွမ်းအားက အရမ်းကြီးမားပေမဲ့ လောကဧကရာဇ် သေဆုံးချိန်မှာ သူ့နေရာကို မင်း အစားထိုးလို့ မရဘူးလေ"
“လောကဧကရာဇ်ရဲ့ ရုန်းကန်မှုကို သက်ဝင်လှုပ်ရှားစေဖို့ နယ်မြေနတ်ဘုရားအဆင့် ထိပ်သီးသိုင်းပညာရှင်ဆယ်ယောက် လိုအပ်တယ်၊ ဒါက မဟာကန္တာရကမ္ဘာရဲ့ စည်းမျဉ်းတစ်ခုပဲ၊ ငါက သေးငယ်တဲ့ကမ္ဘာလေးတစ်ခု ဖြစ်တဲ့အတွက် ဒီလိုစည်းမျဉ်းမျိုးကို မခုခံနိုင်ဘူး”
“အခု မင်းက နတ်ဘုရားဧကရာဇ်အဆင့်ကို ချိုးဖောက်ပြီးသွားပြီ ဆိုပေမဲ့ မင်းရဲ့အဆင့်နဲ့ဆို ငါ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ရုံလောက်ပဲ ရှိတာ၊ လောကဧကရာဇ် မရှိဘဲနဲ့ ဒီကမ္ဘာကြီး ပုံမှန်လည်ပတ်နိုင်အောင် မင်း မထိန်းထားနိုင်ဘူး"
“လောကဧကရာဇ်ဆိုတာ စည်းမျဉ်းတွေထဲမှာပဲ ရှိသေးတယ်၊ သူသေသွားလို့ လောကဧကရာဇ်အသစ် မရှိတော့ဘူးဆိုတာနဲ့ ပြင်ပစွမ်းအင်တွေကို စုပ်ယူပြီး အဲဒီစွမ်းအင်တွေကို ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူး"
“ပြီးတော့ ဒီစွမ်းအားတွေ မရှိရင် ဒီကမ္ဘာကလူတွေလည်း ဆက်ပြီး တိုးတက်နိုင်တော့မှာ မဟုတ်ဘူးလေ”
“မင်း ပြောင်းလဲပေးတာက လေဟာနယ်ထဲက အချိန်နဲ့ နေရာစွမ်းအားတွေ သက်သက်ပါပဲ၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးကျယ်သယောင် ပြောနေစရာ မလိုသလို ကိစ္စတွေကိုလည်း အရမ်းခက်ခဲသယောင် ပြောနေစရာမလိုဘူး”
ကျိုးရီက လက်ကာပြလိုက်ရင်း သူ၏ ကြီးမားလှသော စွမ်းအားကို အလွယ်တကူပင် ထုတ်ဖော်ပြသလိုက်သည်။
သူက ဤကမ္ဘာပြင်ပရှိ ဟင်းလင်းပြင်နယ်ပယ်မှ အာကာသနှင့် အချိန်ဆိုင်ရာ စွမ်းအားများကို ဤကမ္ဘာ၏ စွမ်းအားအဖြစ်သို့ အမှန်တကယ်ပင် ပြောင်းလဲပစ်လိုက်သည်။
ဤမြင်ကွင်းကြောင့် ကမ္ဘာဆန္ဒမှာ အံ့သြမင်သက်လွန်းသဖြင့် လျှာသပ်လိုက်မိကာ မှင်တက်သွားရသည်။
“ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းမှာ ဘယ်လိုလုပ် ဒီလိုစွမ်းအားမျိုး ရှိနေရတာလဲ၊ နတ်ဘုရားဧကရာဇ်အဆင့်ကို မင်း ကျော်ဖြတ်ပြီးပြီဆိုပေမဲ့ နတ်ဘုရားဧကရာဇ်တစ်ယောက်မှာ ဒီလောက်အဆင့်ရှိတဲ့ စွမ်းအားမျိုး မရှိသင့်ဘူးလေ”
ကျိုးရီက ဖြည်းညင်းစွာ ပြောလိုက်သည်။
“မင်းပြောတာ မှန်တယ်၊ ငါ့မှာ ဒီစွမ်းအားမျိုး မရှိသင့်ဘူး၊ ဒါပေမဲ့ ငါ့မှာ ရှိနေတယ်၊ အဲဒါတွေ အားလုံးက ငါ သဏ္ဍာန်မဲ့ကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး တာအိုလမ်းစဉ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ပဲ”
“သဏ္ဍာန်မဲ့ကျင့်စဉ်ရဲ့ စွမ်းအားက အချို့သော စွမ်းအားတွေထဲက စွမ်းအင်ဒြပ်စင်တွေကို အခြားစွမ်းအင်ဒြပ်စင်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ်၊ ဒါကြောင့် ငါ ဒီအဆင့်ကို အလွယ်တကူလုပ်နိုင်တာပေါ့"
“ဒါက သူ့ကို မဖြစ်မနေ သတ်ရမယ့် အကြောင်းအရင်းဆိုလည်း မမှားဘူး၊ သူ့ကို သတ်ပြီးတာနဲ့ ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ ဒီကမ္ဘာကြီးကို ဆက်လက်ကာကွယ်ပေးနိုင်တယ်”
“ဒီကမ္ဘာကြီး ပြိုကွဲသွားမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးလေ၊ အခုတော့ မင်းကို ထပ်ပြီးရှင်းပြနေဖို့ရာ ငါပျင်းလာပြီ၊ မင်း ငါ့အချိန်တွေကို အများကြီး ဖြုန်းတီးပြီးသွားပြီ”
“သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်၊ မဟုတ်ရင် မင်းကိုပါ ငါတိုက်ရိုက်သတ်ပစ်ပြီးမှ သူ့ကို ဆက်သတ်ရလိမ့်မယ်”
ကျိုးရီက လုံးဝ သနားညှာတာမှုကင်းမဲ့နေသည်။ အမှန်တကယ်တော့ သူ့အတွက် လက်ရှိကမ္ဘာကို ဖျက်ဆီးပစ်ရန်မှာ လွယ်ကူလွန်းလှပြီး မကောင်းသောအကျိုးဆက်ဟူ၍ မရှိပေ။
သူ့လက်အောက်ငယ်သားများကို ဤကမ္ဘာမှ ခေါ်ဆောင်သွားပြီး အခြားကမ္ဘာတစ်ခုကို အပြည့်အဝ သွားရောက်သိမ်းပိုက်နိုင်သည်။ ဤသည်မှာ သူ့အတွက် ကလေးကစားစရာမျှသာ။
အခက်ခဲဆုံးအပိုင်းမှာ ကူးပြောင်းခြင်းပြုလုပ်နေစဉ်အတွင်း အခြားသူများ၏ အသက်အန္တရာယ်လုံခြုံရေးကို မည်သို့ အာမခံချက်ပေးမည်နည်းဆိုသည်သာ။
သို့သော် ဤပြဿနာကိုလည်း သူ လွယ်လွယ်ကူကူလေး ဖြေရှင်းနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် မဟာတာအို အင်မော်တယ်ဘူးသီး ရှိနေသောကြောင့်ဖြစ်သည်။
ထိုအကာအကွယ်ဖြင့် သူ့လက်အောက်ငယ်သားအားလုံးကို ဘူးသီးအတွင်းသို့ ထည့်သွင်းကာ ခန္ဓာကိုယ်အတွင်း သိမ်းဆည်းပြီးနောက် အခြားကမ္ဘာများသို့ ခေါ်ဆောင်သွားနိုင်သည်။
ကျိုးရီတွင် နည်းလမ်းပေါင်းမြောက်မြားစွာ ရှိနေသဖြင့် တစ်ဖက်လူ၏ ချုပ်ချယ်ကန့်သတ်မှုများကို လုံးဝ ဂရုမစိုက်ခြင်းဖြစ်သည်။
ဤစကားများကို ကြားပြီးနောက်တွင်မူ ကမ္ဘာဆန္ဒက ကျိုးရီကို တားဆီး၍ မရနိုင်တော့ကြောင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေသည်။ နောက်ဆုံးတွင် သူ တတ်နိုင်သည်မှာ သက်ပြင်းချကာ လုံပါထျန်းကို လွှတ်ပေးလိုက်ရန်သာ ဖြစ်တော့သည်။
“မိတ်ဆွေဟောင်းကြီး၊ တောင်းပန်ပါတယ်ကွာ”
ထိုစကားများကို ကြားလိုက်ရချိန်တွင် လုံပါထျန်း၏ ရင်ထဲ၌ ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်လာတော့သည်။
ရလဒ်က ဤသို့ဖြစ်လာမည်ကို သူ ကြိုတင်ခန့်မှန်းမိခဲ့သော်လည်း တကယ်တမ်း ဤအခြေအနေသို့ ရောက်လာချိန်တွင်တော့ သူ၏ နှလုံးသားမှာ ဝမ်းနည်းမှုကို ခံစားနေရဆဲပင်။
သို့သော်လည်း ကမ္ဘာဆန္ဒက နောက်ဆုံးအချိန်ထိ သူ့ကို ကူညီရန် ထွက်လာပေးခဲ့သေးသဖြင့် အလွန်အမင်း ကျေးဇူးတင်နေမိသည်။
အနည်းဆုံးတော့ သူ့ကို ဂရုစိုက်မည့်သူ လုံးဝမရှိတော့ခြင်းမျိုး မဟုတ်ကြောင်း ဤအချက်က သက်သေပြနေသည် မဟုတ်လော။
“အဲဒီလို ပြောနေစရာမလိုပါဘူး၊ နောက်ဆုံးတော့လည်း ကျုပ်က ခင်ဗျားရဲ့ကမ္ဘာကနေ ပေါက်ဖွားလာတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် သက်သက်ပါပဲ၊ နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျုပ်ရဲ့ မိသားစု ကိစ္စတွေကြောင့် နောက်ဆုံးမှာ ခင်ဗျားကိုပါ ဆွဲသွင်းမိသလို ဖြစ်သွားခဲ့တာ၊ တကယ်တော့ ကျုပ်ကတောင် ခင်ဗျားကို ပြန်ပြီးတောင်းပန်ရမှာပါ”
ကမ္ဘာဆန္ဒက သက်ပြင်းချလိုက်ပြီး ဤမြင်ကွင်းကို ဆက်ကြည့်ရန် စိတ်မသက်မသာ ဖြစ်လာသဖြင့် တစ်ဖက်သို့ ခေါင်းလှည့်သွားလေသည်။
သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြရာ သူတို့ကြားတွင် သံယောဇဉ်မရှိဘဲ နေမည်လော။
သို့သော် ကျိုးရီကမူ သူတို့ကို ဂရုစိုက်နေရန် ပျင်းရိနေခဲ့ပြီဖြစ်သည်။ သူက ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို တိုက်ရိုက်ထုတ်ဖော်လိုက်ပြီး လုံပါထျန်းကို ဝါးမျိုသန့်စင်ပစ်လိုက်လေတော့သည်။