အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) - စည်းမျဉ်းများကို ပြန်လည်တည်ဆောက်ခြင်းနှင့် လောကဧကရာဇ်ကို မြှင့်တင်ပေးခြင်း (၁)
လုံပါထျန်းကို ဝါးမျိုလိုက်ပြီးနောက်တွင် ကျိုးရီ၏ စွမ်းအားများက ပြင်းထန်စွာ တဟုန်ထိုး မြင့်တက်လာခဲ့ပြန်သည်။ ဤတစ်ကြိမ် တိုးတက်လာမှုက ယခင်က နယ်မြေနတ်ဘုရားများကို ဝါးမျိုခဲ့စဉ်က ရရှိခဲ့သော စွမ်းအားအားလုံး ပေါင်းထားသည်ထက်ပင် ပိုမိုကြီးမားနေသည်။
ဤသည်မှာ လုံပါထျန်း၏ စွမ်းအားကြီးမားမှုကြောင့် သက်သက်သာမဟုတ်ဘဲ ဤကမ္ဘာ၏ လောကဧကရာဇ်တစ်ဦးဖြစ်နေရာ မွေးရာပါ သစ္စာတရားတစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့်ပင် အခြားသော အဆင့်တူတည်ရှိမှုများနှင့် မတူညီဘဲ ကွဲပြားနေခြင်းဖြစ်သည်။
သို့သော်လည်း ယေဘုယျအားဖြင့် ဆိုရလျှင် ထိုစွမ်းအားများက ကျိုးရီအား စွမ်းအားများ အလွန်အကျွံ ဖြည့်တင်းပေးနိုင်ခဲ့ခြင်းတော့မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးရီက ယခင်အဆင့်တွင် ရှိမနေတော့သောကြောင့် ဖြစ်သည်။ နတ်ဘုရားဧကရာဇ်အဆင့်၏ စွမ်းအားမှာ နယ်မြေနတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသည်။
နယ်မြေနတ်ဘုရားတစ်ပါး၏ စွမ်းအားက မည်မျှပင် ကြီးမားနေပါစေ လက်ရှိ သူ၏အဆင့်တွင်မူ သမုဒ္ဒရာထဲသို့ ကျဆင်းသွားသော မြစ်ရေတစ်ပေါက်မျှသာ ဖြစ်သည်။
သို့သော် ကျိုးရီက နည်းလွန်းသည်ဟု မခံစားရပေ။ စွမ်းအားအနည်းငယ် တိုးတက်လာခြင်းက သူ့အတွက် ကောင်းမွန်သောအရာပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ ပိုမိုအစွမ်းထက်လာနိုင်သေးသည်ဟု ဆိုလိုနေခြင်းကြောင့်ပင်။
ကျိုးရီက လေကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကမ္ဘာဆန္ဒကို လှမ်းကြည့်လိုက်သည်။
“မင်း ပြန်သွားလို့ရပြီ၊ နောက်ထပ် မင်းအတွက် သင့်တော်မယ့် လောကဧကရာဇ်တစ်ပါးကို ငါ ရွေးချယ်ပေးမယ်၊ မင်းက သူနဲ့ ပြန်လည်ပေါင်းစပ်လိုက်တာနဲ့ ပြင်ပက လေဟာနယ်စွမ်းအင်တွေကို စုပ်ယူနိုင်ဖို့ ဒီကမ္ဘာကြီးကို ပြန်အသက်သွင်းနိုင်လိမ့်မယ်”
ကမ္ဘာဆန္ဒက ခေါင်းညိတ်ပြလိုက်သည်။ ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူ ထပ်ပြောစရာမရှိတော့ချေ။
ကျိုးရီက အင်မတန် အစွမ်းထက်နေရာ မည်သူက အပြစ်တင်နိုင်မည်နည်း။ ကမ္ဘာဆန္ဒက ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားပြီး ကျိုးရီကလည်း သူ၏ စားသောက်ဆိုင်လေးဆီသို့ ပြန်လည်ထွက်ခွာသွားလေသည်။
သူ ပြန်ရောက်ရောက်ချင်းမှာပင် လီရွှန်ကျိုးနှင့် ရွှမ်ရဲတို့ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ယခုအချိန်တွင် ထိုနှစ်ဦးလုံးမှာ အလွန်အမင်း အစွမ်းထက်နေပြီဖြစ်၏။
သူတို့နှစ်ဦးလုံး မကြာမီမှာပင် ရောက်ရှိလာကြသည်။
ကျိုးရီကို မြင်သည်နှင့် သူတို့က ရှေ့သို့ အလျင်အမြန် တိုးထွက်လာကြသည်။
“အရှင်သခင်ကျိုး၊ လုံအောင်းထျန်းကို ရှင်းလင်းပြီးသွားပြီလား”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“ငါ သူ့ကို သတ်လိုက်ပြီ၊ သူတင်မကဘူး၊ သူ့အဘိုးကိုပါ သတ်လိုက်တာ”
“ဘာ”
ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ဦးလုံး၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ လုံအောင်းထျန်းကို သတ်ဖြတ်ခြင်းမှာ သူတို့ မျှော်လင့်ချက်များထဲတွင် ပါဝင်ပြီးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ကျိုးရီကို ရန်စခဲ့ပြီး ကျိုးရီတွင်လည်း သူ့ကို ရှင်းလင်းနိုင်လောက်အောင် လုံလောက်သောစွမ်းအားများ ရှိနေသဖြင့် လုံအောင်းထျန်းကို အလွတ်ပေးမည်မဟုတ်ကြောင်း သိထားပြီးဖြစ်သောကြောင့်ပင်။
သို့သော် လုံပါထျန်းကမူ လောကဧကရာဇ်တစ်ပါးအနေဖြင့် ဤကမ္ဘာအတွင်းရှိ အစွမ်းထက်ကျင့်ကြံသူများကို ထင်သလို တိုက်ခိုက်၍မရနိုင်ပေ။
ဤသည်မှာ ကမ္ဘာဆန္ဒ၏ စည်းမျဉ်းတစ်ခုဖြစ်သည်။ လောကဧကရာဇ်ကို ဤကမ္ဘာ၏ ဟန်ချက်ညီမှုပျက်ပြားစေရန် ခွင့်ပြုထားခြင်း မရှိသောကြောင့်ဖြစ်သည်။
သို့သော် လုံပါထျန်းက လောကဧကရာဇ်တစ်ပါး ဖြစ်နေသည်မဟုတ်လော။ သူက ဝင်ရောက်မစွက်ဖက်လျှင်ပင်မှ ကျိုးရီအနေဖြင့် သူ့ကို သတ်ဖြတ်ရန်မှာ အလွန်အမင်း ခက်ခဲသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာဆန္ဒက သူ့ကို ဤကမ္ဘာ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခွင့် မပြုသော်လည်း အခြားသူများကိုလည်း သူ့အား အန္တရာယ်ပြုခွင့် ပေးထားမည်မဟုတ်ပေ။
သတ်ဖြတ်ရန်ဆိုလျှင်တော့ ဝေလာဝေးပင်။ သူက ဤကမ္ဘာ၏ မျက်နှာစာကို ကိုယ်စားပြုရုံသာမက ဤကမ္ဘာကို လည်ပတ်စေရန် မောင်းနှင်နေသော အဓိကစွမ်းအင်အစုအဝေးကြီးလည်း ဖြစ်နေသည်။
သို့သော် ကျိုးရီက သူ့ကိုပါ သတ်လိုက်ပြီဟု ဆိုလာရာ ဤကိစ္စမှာ ယုံကြည်နိုင်စရာမရှိပေ။
“သခင်လေးကျိုး၊ ကျွန်တော်တို့ကို ပြောင်နေတာတော့ မဟုတ်ပါဘူးနော်”
ကျိုးရီက တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ငါ မင်းတို့ကို ဒီလိုမျိုး ဘယ်တုန်းက နောက်ပြောင်ဖူးလို့လဲ၊ ပြီးတော့ မင်းတို့ကို ဒီလိုနောက်ပြောင်လိုက်လို့ ငါ့အတွက် ဘာအကျိုးအမြတ်များ ရလာမှာမို့လို့လဲ”
ထိုအခါမှသာ ထိုနှစ်ဦးမှာ ကျိုးရီ၏ စကားများ မှန်ကန်ကြောင်းကို လက်ခံယုံကြည်သွားကြတော့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးလုံး ထပ်မံ၍ စိုးရိမ်ပူပန်လာကြပြန်သည်။
“ဒါဆိုရင် အခုချက်ချင်း နောက်ထပ်လောကဧကရာဇ်တစ်ပါးကို ရွေးချယ်တင်မြှောက်ဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပာယ်များလား”
သူတို့နှစ်ဦးလုံးမှာ နယ်မြေနတ်ဘုရားအဆင့်သို့ မရောက်ရှိသေးပေ။ အကယ်၍ ယခုအချိန်တွင် နောက်ထပ်လောကဧကရာဇ်တစ်ပါးကို ရွေးချယ်မည်ဆိုပါက သူတို့အတွက် အခွင့်အရေးရှိနိုင်တော့မည် မဟုတ်ချေ။
ကျိုးရီက ရယ်မောလိုက်သည်။
“ဘာလဲ၊ မင်းတို့နှစ်ယောက် ကြောက်နေကြတာလား၊ ဒီရာထူးအတွက် ရွေးချယ်မခံရမှာကို စိုးရိမ်နေကြတာလား”
“ဒါကတော့….”
နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာများ ပေါ်လာသည်။
“တကယ်တော့ ဒီအခွင့်အရေးကို လွဲချော်သွားခဲ့ရင် နောက်ထပ် နှစ်တစ်ထောင်လောက်အထိ ထပ်စောင့်ရတော့မှာမို့လို့ပါ”
နှစ်တစ်ထောင်ဆိုသည်မှာ သူတို့အဆင့်ရှိ ထိပ်တန်းပညာရှင်များအတွက်ပင် အလွန်အမင်း ရှည်လျားလွန်းလှသော အချိန်ကာလတစ်ခုဖြစ်သည်။ အကယ်၍ ဤကမ္ဘာ၏ လောကဧကရာဇ်သာ ဖြစ်လာခဲ့ပါက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ လှမ်းတက်နိုင်ကောင်း လှမ်းတက်နိုင်ပေမည်။
သို့သော် ထိုအဆင့်ကို မဖြတ်သန်းရပါက ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်တော့ချေ။
ဆိုလိုသည်မှာ သူတို့၏ ကျင့်ကြံခြင်းကန့်သတ်ချက်က ဤနေရာတွင်ပင် ရပ်တန့်သွားနိုင်ခြေ အလွန်များပြားနေသည်။
ထို့အပြင် နောက်ထပ် အလွန်ကြီးလေးသော ပြဿနာတစ်ခုလည်း ရှိနေသေးသည်။ ကျိုးရီက ဤမျှလောက်အထိ အစွမ်းထက်နေသော်ငြား လောကဧကရာဇ်ရာထူးကို မရွေးချယ်ခဲ့ပေ။
ဤသည်က အနာဂတ်တွင် သူ၏ ရည်မှန်းချက်များမှာ လောကဧကရာဇ်အဆင့်လေးလောက်ဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်း ပြသနေသည်။
မကြာမီ အချိန်အတွင်းတွင် သူက ဤကမ္ဘာမှ ထွက်ခွာသွားပြီး ပိုမိုကျယ်ပြောလှသော ကမ္ဘာကြီးဆီသို့ သွားရောက်ပေလိမ့်မည်။
သူ၏ ကာကွယ်ပေးမှုသာ မရှိပါက သူတို့မှာ အလွန်ဆုံး နယ်မြေနတ်ဘုရားလင်းနှင့် အခြားသူများကဲ့သို့ ကံအနည်းငယ်ကောင်းသော နယ်မြေနတ်ဘုရားများသာ ဖြစ်လာပေမည်။
လောကဧကရာဇ် ဖြစ်လာရန်ဆိုသည်မှာ ဝေလာဝေး၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လောကဧကရာဇ်ပြိုင်ပွဲကြီးတွင်ပင် အသက်ရှင်လျက် ကျန်ရစ်နိုင်ပါ့မလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
အခွင့်အရေးဆိုသည်မှာ တစ်လှမ်းမှားသည်နှင့် အရာအားလုံး အမှားမှားအယွင်းယွင်း ဖြစ်သွားတတ်သောအရာမဟုတ်လော။
ကျိုးရီက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ငါက သူတို့ကိုသတ်ဖို့ ယုံကြည်ချက်ရှိခဲ့မှတော့ ဒီရွေးချယ်ပွဲမှာ မင်းတို့ကို ပါဝင်ခွင့်ရစေဖို့အတွက်လည်း သေချာပေါက် ယုံကြည်ချက်ရှိပြီးသားပါ"
“ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီအပေါ်မှာ အရမ်းကြီး မျှော်လင့်ချက်မထားနဲ့၊ လောကဧကရာဇ်တစ်ပါး ဖြစ်လာတာက ကောင်းမွန်တဲ့အရာတစ်ခုလို့တော့ သေချာပေါက် မဆိုနိုင်ဘူးလေ”
“လောကဧကရာဇ်ဆိုတာ အခွင့်အရေးတစ်ခု ဖြစ်သလို ကန့်သတ်ချုပ်ချယ်မှု တစ်ခုလည်း ဖြစ်နေတယ်၊ အဲဒါက မင်းတို့ကို နှစ်တစ်ထောင်လောက် လှုပ်ရှားလို့မရအောင် ချိပ်ပိတ်ထားလိမ့်မယ်၊ ပြီးတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းကလည်း သိသိသာသာတိုးတက်လာဖို့ ခက်ခဲသွားလိမ့်မယ်"
တကယ်တော့ နယ်မြေနတ်ဘုရားအဆင့်ကနေ နတ်ဘုရားဧကရာဇ်အဆင့်ကို ကျော်ဖြတ်တာကမှ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ၊ ပြီးတော့ အနာဂတ်မှာလည်း ပိုပြီးခရီးပေါက်နိုင်သေးတယ်”
လီရွှန်ကျိုးနှင့် ရွှမ်ရဲတို့ နှစ်ဦးလုံး အနည်းငယ် တိတ်ဆိတ်သွားကြသည်။
ကျိုးရီ၏ စကားများကို သဘောတူရန် သူတို့အတွက် ခက်ခဲနေသည်။ ကျိုးရီက အရာအားလုံးကို အလွယ်တကူ လုပ်ဆောင်နိုင်သော အနေအထားမှနေ၍ ပြောဆိုနေခြင်းသာ ဖြစ်သည်။ ဤနည်းလမ်းက ပိုကောင်းမည်ဆိုသည်ကို သူတို့ မသိဘဲနေမည်လော။
သေချာပေါက် သိကြပေသည်။
သို့သော် အရေးအကြီးဆုံးမေးခွန်းမှာ လူအများစုက လောကဧကရာဇ်လမ်းစဉ်မှတစ်ဆင့်သာ အဆင့်မြင့်တင်ကြခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဤစည်းမျဉ်းမှ လွတ်ကင်းနိုင်သူ မည်မျှရှိမည်နည်း။
ပါရမီထူးချွန်လှသော ကျိုးရီတစ်ဦးတည်းသာလျှင် ဤစည်းမျဉ်းကို ကျော်လွန်ကာ အသစ်စက်စက်ဖြစ်သော ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သူမှလွဲ၍ ဤကမ္ဘာပေါ်ရှိ ဒုတိယမြောက်လူတစ်ဦးက ဤတာအိုလမ်းစဉ်ပေါ်သို့ ခြေချနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ကျိုးရီက သူ၏စကားများ အချည်းနှီးဖြစ်နေကြောင်း ရိပ်မိလိုက်သဖြင့် ဆက်လက်မပြောဆိုတော့ချေ။
“ထားလိုက်ပါတော့၊ ဒီတစ်ခါ မင်းတို့နှစ်ယောက်ကို ခေါ်လိုက်ရတဲ့ အဓိကအကြောင်းရင်းက မင်းတို့ရဲ့ စွမ်းအားတွေကို မြန်မြန်ဆန်ဆန်တိုးတက်လာအောင် ကူညီပေးဖို့ပဲ၊ နယ်မြေနတ်ဘုရားအဆင့်ကို အမြန်ဆုံးဝင်ရောက်ပြီး ဒီကမ္ဘာ့ဆန္ဒနဲ့ ပေါင်းစပ်နိုင်ဖို့ပေါ့”
“ဘာလို့လဲဆိုတော့ ငါက လောကဧကရာဇ်ကို သတ်လိုက်မိလို့ ထိပ်တန်းပညာရှင်တစ်ယောက်ကို အမြန်ဆုံး ပြုစုပျိုးထောင်ပေးပါ့မယ်ဆိုပြီး ကမ္ဘာဆန္ဒကို ကတိပေးထားခဲ့လို့လေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ဦးလုံး ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။
“အရမ်းကောင်းတာပေါ့”
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးသနားတော်မူပါ အရှင်သခင်ကျိုး”
“မင်းတို့နှစ်ယောက်ကို ကြည့်ပါဦး၊ ဒီလောက်လေးနဲ့တင် သဘောတွေကျနေပြီ”
ကျိုးရီ အတော်လေး ဆွံ့အသွားပြီးနောက် လက်ချောင်းများကို လှုပ်ခါလိုက်ကာ သူတို့၏ မျက်ခုံးနှစ်ခုကြားသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။
ရွှေရောင်အလင်းတန်းနှစ်ခုက သူတို့၏ နဖူးအတွင်းသို့ ချက်ချင်း ပေါင်းစပ်ဝင်ရောက်သွားသည်။ သူ၏ ကျင့်ကြံခြင်းက နတ်ဘုရားဧကရာဇ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ရာ အတွေးတစ်ချက်လေးဖြင့်ပင် တာအိုလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်သည်။
ထိုတာအိုလမ်းစဉ်က သူတို့ကို နယ်မြေနတ်ဘုရားအဆင့်၏ အဆင့်မြင့်စွမ်းအားများအား နားလည်သဘောပေါက်သွားစေရန် လုံလောက်ပေသည်။
“တာအိုလမ်းစဉ်ကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်သခင်ကျိုး”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“သွားတော့၊ သေချာကျင့်ကြံကြ၊ မကြာခင်အချိန်အတွင်းမှာပဲ မင်းတို့နှစ်ယောက် အဲဒီအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်”
“နားလည်ပါပြီ”
ထိုနှစ်ဦး အလျင်အမြန် ထွက်ခွာသွားကြသော်လည်း ကျိုးရီကမူ စိတ်အေးလက်အေးမရှိသေးဘဲ မျက်မှောင်ကြုတ်ထားဆဲပင်။
“သူတို့က အဲဒီအဆင့်ကို မြန်မြန်ဝင်ရောက်နိုင်တယ်ဆိုပေမဲ့ တကယ်တမ်း အခုလိုနေတာက နယ်မြေနတ်ဘုရား နှစ်ပါးမဟုတ်ဘူး၊ သုံးပါးဖြစ်နေတာ”