အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) - စည်းမျဉ်းများကို ပြန်လည်တည်ဆောက်ခြင်းနှင့် လောကဧကရာဇ်ကို မြှင့်တင်ပေးခြင်း (၂)
မဟာအလင်းမြတ်စွာဘုရားကို သူ သတ်ဖြတ်ခဲ့စဉ်က ဤကမ္ဘာပေါ်တွင်လစ်လပ်သွားသော နယ်မြေနတ်ဘုရားနေရာ နှစ်ခုရှိခဲ့သည်။
သို့သော် လုံအောင်းထျန်းကို ထပ်မံသတ်ဖြတ်လိုက်ပြီးနောက်တွင်မူ လစ်လပ်နေရာ သုံးခုဖြစ်သွားခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် လောကဧကရာဇ်ပြိုင်ပွဲကို အသက်သွင်းနိုင်ရန်အတွက် နောက်ထပ် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကို ပြုစုပျိုးထောင်ပေးရန် နည်းလမ်းရှာရဦးမည်ဖြစ်သည်။
“အဆင့်တက်ဖို့အတွက် ဘယ်ကောင့်ကို ရွေးရမလဲ”
ယခင်က ကျိုးရီတွင် အားခွန်း၊ လျူနန်စသည့် လက်အောက်ငယ်သားများစွာ ရှိခဲ့သော်လည်း သူတို့၏ စွမ်းအားများက နိမ့်ကျလွန်းနေသည်။
အချိန်တိုအတွင်း ထိုမျှလောက် အစွမ်းထက်လာရန်ဆိုသည်မှာ သူတို့အတွက် လုံးဝမဖြစ်နိုင်ပေ။
သူက ယခုအချိန်တွင် မယုံနိုင်လောက်အောင် ပါရမီထူးချွန်နေပြီဆိုသော်ငြား အခြေခံအုတ်မြစ်မရှိသူနှစ်ဦးကို နယ်မြေနတ်ဘုရားအဆင့်အထိ မြှင့်တင်ပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။
လီရွှန်ကျိုးနှင့် ရွှမ်ရဲတို့မှာမူ ကွဲပြားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်ရှိစွမ်းအားများက ထိုအဆင့်နှင့် နီးကပ်နေပြီဖြစ်ရာ အားခွန်းတို့နှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
ရေနဂါး မြင့်မြတ်သားရဲအတွက်မူ…. သူ့ကို ပိုမိုအစွမ်းထက်သော ကမ္ဘာတစ်ခုသို့ ခေါ်ဆောင်သွားရန် စီစဉ်ထားဆဲပင်။
မည်သို့ပင်ဆိုစေ သူ၏ ပါရမီက အလွန်အမင်း အစွမ်းထက်လွန်းလှရာ အနာဂတ်တွင် သေချာပေါက် ပိုမိုခရီးရောက်နိုင်မည် မဟုတ်လော။
ပြုစုပျိုးထောင်ရန် သင့်တော်သော လက်အောက်ငယ်သားတစ်ဦး ရှာဖွေဖို့ရာ ဤကမ္ဘာတစ်ခုလုံးကို သူ၏ နတ်ဘုရားအာရုံဖြင့် စတင် စူးစမ်းရှာဖွေလိုက်သည်။
မမျှော်လင့်ဘဲ တစ်ယောက်ကို အမှန်တကယ်ပင် ရှာတွေ့သွားခဲ့သည်။
“အိုး… ဒီကောင်လေးရဲ့ တိုးတက်မှုက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်နေတာပဲ၊ အချိန်တိုလေးအတွင်းမှာ အဲဒီအဆင့်ကို ကျော်ဖြတ်သွားနိုင်ပြီဆိုတော့ တကယ်ကို မယုံနိုင်စရာပဲ၊ ဒါပေမဲ့ ကွက်တိပဲ၊ သူ့ကို ငါ အသုံးချလို့ရသွားပြီ”
ကျိုးရီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားကာ ပြုံးလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ်မှာ မူလနေရာမှ ပျောက်ကွယ်သွားလေပြီ။
လက်ရှိကမ္ဘာ၏ တောင်ပိုင်းနယ်စပ်ရှိ မြေသြဇာကောင်းမွန်သော နယ်မြေတစ်ခုတွင် ကျင့်ကြံသူတစ်စုက ပုံရိပ်တစ်ခု၏ ရှေ့မှောက်၌ ဒူးထောက်နေကြသည်။
ဤနေရာက တာ့ချန်မြို့တော်၏ တောင်ပိုင်းနယ်စပ်မဟုတ်ဘဲ ကမ္ဘာတစ်ခုလုံး၏ တောင်ပိုင်းနယ်စပ်ဖြစ်သည်။
ဤတောင်ပိုင်းနယ်စပ်၏ ပိုင်နက်နယ်မြေမှာ တာ့ချန်၏ တောင်ပိုင်းနယ်စပ်ထက် အဆပေါင်းရာချီ၍ ပိုမိုကျယ်ဝန်းလှသည်။
ထိုပုံရိပ်က အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ပခုံးထက်တွင် ဆံပင်ရှည်များ ဖြာကျနေကာ ရှင်းလင်းပြတ်သားသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။
သေချာပေါက်ပင် အစွမ်းထက်သူများက သူတို့၏ အသွင်အပြင်ကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်စွမ်း ရှိကြရာ သူ့အသက်အရွယ်ကို အပြင်ပန်းသွင်ပြင်မှနေ၍ မှန်းဆနိုင်မည်မဟုတ်ပေ။
သို့သော် သူ၏ စွမ်းအားကတော့ သံသယဖြစ်ဖွယ်မရှိချေ။ ဤမျှများပြားလှသော အစွမ်းထက်သူများကို သူ့ရှေ့မှောက်တွင် ဒူးထောက်လာစေနိုင်သည့် တည်ရှိမှုတစ်ခုက မည်သို့လုပ်၍ သာမန်ဖြစ်နိုင်ပါမည်နည်း။
သူက အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်နေစဉ် လေထဲတွင် လွင့်မျောနေသော အနက်ရောင်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကခုန်နေ၏။
ပြိုင်ဘက်ကင်းမိစ္ဆာအရှင်သခင်တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး မင်းတို့တွေ ငါ့နောက်ကို တကောက်ကောက် လိုက်ဖမ်းနေခဲ့ကြတယ်၊ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒါက ငါ့ကို ပိုပိုပြီး အစွမ်းထက်လာအောင် လုပ်ပေးခဲ့သလို ဖြစ်သွားတယ်”
“အခုတော့ ငါ့ရဲ့ စွမ်းအားက မင်းတို့ကို ကျော်လွန်သွားတာ ကြာလှပေါ့၊ တောင်ပိုင်းနယ်စပ်မှာ ငါ့ပြိုင်ဘက်မရှိတော့ဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီးက သူတို့၏ ခေါင်းများကို ပို၍ပင် ငုံ့ချလိုက်ကြသည်။ လူတိုင်း၏ မျက်လုံးများထဲတွင် အကြောက်တရားနှင့် နောင်တတရားများသာ ပြည့်နှက်နေသည်။
လွန်ခဲ့သော နှစ်များစွာက တောင်ပိုင်းနယ်စပ်သို့ ကျူးကျော်ဝင်ရောက်လာခဲ့သော မိစ္ဆာငယ်လေးက ယခုအခါ ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိသည့် မဟာမိစ္ဆာကြီးတစ်ကောင်အဖြစ် ကြီးထွားလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
သူ၏ ဝိညာဉ်ကျင့်စဉ်များက ဤနေရာရှိ လူတိုင်းကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေလေပြီ။
မူလက ဝိညာဉ်စွမ်းအားဆိုသည်မှာ ဤကမ္ဘာပေါ်တွင် ကျင့်ကြံရန် အခက်ခဲဆုံးသော စွမ်းအားများထဲမှ တစ်ခုဖြစ်သည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူက ဤစွမ်းအားအတွက် မွေးဖွားလာသူတစ်ဦးကဲ့သို့ အလွန်လွယ်ကူစွာ ကျင့်ကြံနိုင်ခဲ့သည်။
သူ့ကို လိုက်လံဖမ်းဆီးသူ များပြားလာလေလေ၊ သူသတ်ဖြတ်ရသူ များပြားလာလေလေဖြစ်ပြီး နောက်ဆုံးတွင် သူက ပို၍ပို၍သာ အစွမ်းထက်လာခဲ့တော့သည်။
ယခုအချိန်တွင် သူ့ကို တားဆီးနိုင်မည့်သူ ဤကမ္ဘာပေါ်တွင် ရှိမည်မဟုတ်တော့ချေ။ သူတို့အားလုံးကလည်း ယခုအခါ သူ့အကျဉ်းသားများ ဖြစ်နေကြပြီဖြစ်ရာ အချိန်မရွေး သတ်ဖြတ်ခံရနိုင်သော အနေအထားတွင် ရှိနေကြသည်။
ထိုစဉ် ကောင်းကင်ယံ၌ ရုတ်တရက် မိုးကြိုးတစ်စင်းပေါ်ထွက်လာပြီး လေဟာနယ်ကို ဆွဲဖြဲပစ်လိုက်သည်။ ထိုနေရာရှိ လူတိုင်းမှာ မှင်တက်အံ့သြသွားကြပြီး ကောင်းကင်ဆီသို့ မော့ကြည့်လိုက်ကြသည်။
ထိုလူငယ်လေးကလည်း ထိုနည်းတူပင်။ သူက ကောင်းကင်သို့ တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူ့နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားပြီး ရှင်းပြ၍မရနိုင်သော မကောင်းသည့် နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသည်။
ဤခံစားချက်မျိုး ရလာတိုင်း ဆိုးရွားသောကိစ္စများ အမြဲတမ်း ဖြစ်ပျက်လေ့ရှိသည်။ သူ၏ နှလုံးသားက ချက်ချင်း တုန်ယင်သွားသည်။
“တစ်ခုခုတော့မှားနေပြီ၊ ပြေးမှ”
သူ သင်ယူတတ်မြောက်ခဲ့သော အစွမ်းအထက်ဆုံး ကျွမ်းကျင်မှုမှာ တကယ်တမ်းတွင် ဝိညာဉ်ကျင့်စဥ်မဟုတ်ဘဲ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းသာ ဖြစ်သည်။
ဤနည်းလမ်းကပင် သူ့ကို အမြဲတမ်း အသာစီးရစေရန်၊ ဘယ်သောအခါမှ မသေဆုံးစေရန်နှင့် အခြေအနေများကို ပြောင်းပြန်လှန်ပစ်နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသည်နှင့် ချက်ချင်းထွက်ပြေးရန် ပြင်လိုက်တော့သည်။
ကံမကောင်းစွာဖြင့် သူ ထွက်မပြေးနိုင်မီမှာပင် ပြင်းထန်သော ချီစွမ်းအင်လှိုင်းတစ်ခုက သူ့ကို တိုက်ရိုက် ဖိနှိပ်ချုပ်ချယ်လိုက်လေသည်။ သူ မည်မျှပင် ရုန်းကန်နေစေကာမူ တစ်ဖက်လူ၏ လက်ဆုပ်တွင်းမှ ရုန်းထွက်၍မရနိုင်တော့ချေ။
“ဒီလောက်အချိန်အကြာကြီး နေပြီးမှ ငါ့ကိုမြင်တာနဲ့ ထွက်ပြေးတယ်ပေါ့၊ အဲဒါက နည်းနည်းတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလား”
ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရချိန်တွင် လူငယ်လေး၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာသည်။
“ဆ… ဆရာ”
အောက်ဘက်ရှိ လူတိုင်းမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြသည်။
‘ဆရာတဲ့လား။ ငါတို့ကို လာနောက်နေကြတာများလား’
သို့မဟုတ် သူတို့၏နားများ အလုပ်မလုပ်တော့ဘံ အကြားအာရုံများ ချို့ယွင်းနေခြင်းလော။ ထိုကောင်က တစ်ဖက်လူကို ‘ဆရာ’ ဟု အမှန်တကယ် ခေါ်လိုက်သည် မဟုတ်လော။
သူ၏ စွမ်းအားကပင် ပုံမှန်မဟုတ်လောက်အောင် ကြီးမားနေပြီး သူ၏ ပါရမီကလည်း အလွန်အမင်း မြင့်မားနေလေပြီ။ ဤကမ္ဘာပေါ်တွင် အလွန်အမင်းပါရမီထူးချွန်လှသော တည်ရှိမှုတစ်ခု ဖြစ်နေသည့်မပြင် သူ့၌ အစွမ်းထက်ဆရာတစ်ဦးပါ ရှိနေသေးသည်။
သူ့ဆရာမှာ ပို၍ပင် ပါရမီထူးချွန်ပြီး ပုံမှန်မဟုတ်သောတည်ရှိမှုကြီး ဖြစ်နေမည်မှာ အသေအချာပင်။ ဤအခိုက်အတန့်တွင် သူတို့မှာ အသက်ရှူရပင် အနည်းငယ်ခက်ခဲလာသလို ခံစားလိုက်ရသည်။
လေဟာနယ် အက်ကွဲကြောင်းအတွင်းမှ ကျိုးရီ၏ပုံရိပ် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး သူ ဖိနှိပ်ချုပ်ချယ်ထားသော လူငယ်လေးကို လေးစားအားကျဖွယ်ကောင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“မင်း ဒီလောက်မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး၊ ဒီလောက် အချိန်တိုလေးအတွင်းမှာ မင်းက မရေမတွက်နိုင်တဲ့ လူတွေကို ကျော်ဖြတ်ပြီး တခြားလူတွေ တစ်သက်လုံးအချိန်ယူတာတောင် မရောက်နိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီပဲ”
လူငယ်လေးက ဖားယားလိုသော အပြုံးတစ်ခုကို ပြသလိုက်သည်။
“အဲဒီတုန်းက အထူးသူတော်စင်ခန္ဓာကိုယ်တစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ဆရာ့ရဲ့ ပြုစုပျိုးထောင်မှုတွေကြောင့်ပါ၊ မဟုတ်ရင် ဒီလောက် အချိန်တိုလေးအတွင်းမှာ လက်ရှိအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”
သူ့ရှေ့မှောက်ရှိ ဤကောင်မှာ ယခင်က သူ၏ခြံဝင်းအတွင်းမှ ထွက်ပြေးသွားခဲ့သော တည်ပင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
ဟုတ်ပေသည်၊ သူ့ကို အရိပ်အာဝါသ ပေးစွမ်းခဲ့သော တည်ပင်ပဲ ဖြစ်သည်။
ကျိုးရီကိုယ်တိုင်လည်း ဤကောင်လေး ဤမျှလျင်မြန်စွာ အဆင့်တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထိုအချိန်က တစ်ဖက်လူ၏ အချက်အလက်များကို စစ်ဆေးရန် ကောင်းကင်လျှို့ဝှက်ချက်ပေတံကိုပင် အသုံးပြုခဲ့သေးသည်။
သို့သော် ထိုအချိန်၌ တစ်ဖက်လူ၏ တိုးတက်မှုမှာ အသင့်အတင့် ရှိသော်လည်း ဤမျှလောက်အထိ ပါရမီထူးချွန်ခြင်းတော့ မရှိသေးချေ။
အရာအားလုံးက ပုံမှန်အတိုင်းသာ လည်ပတ်နေသဖြင့် သူ အရမ်းကြီး အာရုံမစိုက်ခဲ့မိခြင်းဖြစ်သည်။
မထင်မှတ်ဘဲ ဤဖြစ်ရပ်များအားလုံး အပြီးတွင် သူက မဟာအရှင်သခင် အဆင့်သို့ အမှန်တကယ်ပင် ကျော်ဖြတ်နိုင်ခဲ့လေပြီ။
ယခုအခါ နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် တစ်ဆင့်သာ လိုတော့ပြီး လောကဧကရာဇ်ရာထူးကို ယှဉ်ပြိုင်မည့် နယ်မြေနတ်ဘုရားများထဲတွင် ပါဝင်လာနိုင်တော့မည်ဖြစ်သည်။
‘ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ’
သို့သော်လည်း ဤသည်က သူ့အတွက် အတော်လေး အဆင်ပြေသွားစေသည်။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း နောက်ထပ်နယ်မြေနတ်ဘုရားတစ်ပါးကို အလွယ်တကူ ဖန်တီး၍မရနိုင်သောကြောင့်ဖြစ်သည်။
ယခု ဤကောင်လေးရှိနေပြီဖြစ်ရာ ထိုအဆင့်သို့ ရောက်ရှိရန် အနည်းငယ် မြှင့်တင်ပေးလိုက်ရုံဖြင့် လောကဧကရာဇ် ပြိုင်ပွဲကို အသက်သွင်းနိုင်ပြီဖြစ်သည်။
ထိုသို့ဆိုလျှင် ဤကမ္ဘာတွင် သူ ပူပန်စရာ မည်သည့်အရာမျှမရှိတော့ချေ။
……
“စကားများနေတာတော်တော့၊ ငါ့နောက်လိုက်ခဲ့”
ကျိုးရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တည်ပင်မိစ္ဆာမှာ ဝတ်ရုံလက်အတွင်းသို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။ ထို့နောက် ကျောခိုင်းလှည့်ထွက်သွားကာ ဤကမ္ဘာအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ဝတ်ရုံလက်အတွင်း၌ နေရာလွတ်ကို ဖုံးကွယ်ထားနိုင်သော ဤလှုပ်ရှားမှုကြောင့် ထိုနေရာရှိ လူအားလုံးမှာ လုံးဝ ဆွံ့အသွားကြရသည်။
သူတို့၏အမြင်တွင် တည်ပင်မိစ္ဆာက အလွန်အမင်း အစွမ်းထက်လွန်းလှပြီး သူတို့အားလုံးကို ဖိနှိပ်ချုပ်ချယ်ထားကာ ခုခံနိုင်စွမ်း လုံးဝကင်းမဲ့စေခဲ့သည်။
သူ့ခြေရင်းတွင် လက်နက်ချ အရှုံးပေးရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သို့သော် ယနေ့တွင်မူ တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး ပေါ်လာပြီး သူ့ကို အလွယ်တကူ ဖမ်းဆီးသွားခဲ့လေပြီ။ ထိုသူ၏ စွမ်းအားက အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။