← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) - လူဆယ်ယောက် စုစည်းခြင်း (၁)

“စောစောကလူက ဘယ်သူများလဲ”

“မသိဘူးလေ၊ ဒါပေမဲ့ သူက သေချာပေါက် အရမ်းအစွမ်းထက်တဲ့ သူတစ်ယောက်ပဲ၊ သူ့ရဲ့ စွမ်းအားက နယ်မြေနတ်ဘုရားအဆင့်ကိုတောင် ရောက်နေလောက်ပြီ၊ ငါတို့ အလွယ်တကူ ရန်စလို့ရတဲ့လူမျိုး လုံးဝ မဟုတ်ဘူး”

“ဟေး၊ အဲဒါက ဘာအရေးကြီးလို့လဲ၊ အခု သူက သူ့လက်အောက်ငယ်သားကို ခေါ်သွားပြီလေ၊ ဒီနေ့ကစပြီး ငါတို့တွေ အဲဒီကောင်ရဲ့ ဖိနှိပ်မှုအောက်မှာ ဆင်းရဲဒုက္ခခံစရာ မလိုတော့ဘူးပေါ့၊ ဒါ အရမ်းကောင်းတဲ့ကိစ္စကြီး မဟုတ်ဘူးလား”

လူတိုင်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာကြသည်။

“ဟုတ်တာပေါ့၊ အဲဒီကောင်က ယုတ်မာတဲ့အလုပ်တွေ အများကြီး လုပ်ခဲ့တာ၊ ငါတို့တွေကလည်း သူ့ကို ဘယ်တုန်းကမှ မယှဉ်နိုင်ခဲ့ဘူးလေ၊ အခုတော့ သူ တခြားလူရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီဆိုတော့ ငါတို့ အဲဒီလောက်ကြီး စိတ်ပူစရာမလိုတော့ဘူးပေါ့၊ အခုကစပြီး အားလုံးလွတ်လပ်သွားကြပြီ”

“ဟုတ်တယ်၊ အခုကစပြီး ငါတို့အားလုံး လွတ်လပ်သွားပြီ၊ ဒီကိစ္စကို ထပ်ပြီးတွေးနေစရာ မလိုတော့ဘူး၊ သူ့ကို ဘယ်သူဖမ်းသွားတာလဲဆိုတာက ငါတို့နဲ့ ဘာဆိုင်လို့လဲ”

“ဟားဟားဟား၊ သွားလေသူအတွက် ဝမ်းသာလိုက်တာ၊ တကယ်ကို ဝမ်းသာစရာပဲ”

“ဒီခွေးကောင်တွေ၊ တစ်နေ့ကျရင် ငါ ပြန်လာပြီး သူတို့ကို သေချာပေါက်ပညာပေးရမယ်၊ တကယ့် တိရစ္ဆာန်ကောင်တွေ၊ ငါ ထွက်သွားတာနဲ့ ဒီလိုမျိုး အောင်ပွဲခံနေကြတယ်ပေါ့”

တည်ပင်မိစ္ဆာက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူက ကျိုးရီ၏ ဝတ်ရုံလက်အတွင်း၌ ရှိနေသော်လည်း အောက်ဘက်ရှိ ဆူညံပွက်လောရိုက်နေမှုများကို အလွယ်တကူ အာရုံခံနိုင်သည်။ သို့သော် ကျိုးရီကမူ လုံးဝဂရုမစိုက်ခဲ့ချေ။

မကြာမီမှာပင် တည်ပင်မိစ္ဆာကို ခေါ်ဆောင်ကာ သူ၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး လက်တစ်ချက် ဝှေ့ယမ်းကာ အတွင်းမှ လွှတ်ပေးလိုက်လေသည်။

နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးခဲ့သော ခြံဝင်းငယ်လေးကို မြင်လိုက်ရချိန်တွင် တည်ပင်မိစ္ဆာ၏ မျက်လုံးများထဲ၌ လွမ်းဆွတ်တမ်းတမှုများနှင့်အတူ ပျောက်ကွယ်မသွားသေးသော အကြောက်တရားအရိပ်အယောင်များ ရောယှက်လျက်ရှိနေသည်။

ထိုစဉ်က သူသည် မိစ္ဆာငယ်လေးတစ်ကောင်သာ ဖြစ်ခဲ့ပြီး ဤနေရာ၌ ကြောက်မက်ဖွယ်ကောင်းသော အရာများစွာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ထိုအရာများ အားလုံးက ကျိုးရီ ယူဆောင်လာခဲ့သော အိပ်မက်ဆိုးများသာာ။

ဤနေရာတွင် လူပေါင်းများစွာအား သတ်ဖြတ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ သူ၏ သစ်ကိုင်းများထက်တွင် မရေမတွက်နိုင်သော ဝိညာဉ်များက မှီခိုနေထိုင်ခဲ့ကြဖူးသည်။

ထိုအချိန်က နေ့စဉ်ရက်ဆက် အိပ်မက်ဆိုးများ မက်ခဲ့ရသည်။ အိပ်မက်ထဲတွင် ကျိုးရီက လူများအား ဆက်တိုက်သတ်ဖြတ်နေပြီး ကမ္ဘာပေါ်ရှိ လူတိုင်းကို သတ်ဖြတ်နေသည့် အမြင့်ဆုံးသော မိစ္ဆာခေါင်းဆောင်ကြီးတစ်ဦးနှင့်ပင် တူနေသည်။

အလောင်းပုံနှင့် သွေးပင်လယ်များအလယ်တွင် မားမားမတ်မတ်ရပ်နေကာ နေရာတိုင်းတွင် အလောင်းများပြန့်ကျဲနေပြီး မည်သူကမျှ သူ့ကိုမခုခံနိုင်ခဲ့ပေ။

တစ်နေ့နေ့တွင် ကျိုးရီက သူ့ကိုပါ ခုတ်လှဲပစ်မည်ကိုပင် စိုးရိမ်နေခဲ့ရသည်။ နောက်ပိုင်းတွင်တော့ သူ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး ကျိုးရီ အိမ်တွင်မရှိခိုက် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ထိုအချိန်မှစ၍ အပြင်လောကတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး တောင်မြောက် နေရာအနှံ့အပြားသို့ လှည့်လည်ကာ အကြောက်တရားများဖြင့် ပြည့်နှက်နေသော ဤခြံဝင်းငယ်လေးဆီသို့ ဘယ်တော့မှ ပြန်လာရန်မလိုတော့ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော် ယနေ့တွင်မူ ဖမ်းဆီးခံရပြီး ပြန်လည်ခေါ်ဆောင်လာခြင်း ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူ၏ လက်ရှိစွမ်းအားက အတိတ်ကထက်များစွာ သာလွန်နေပြီဖြစ်ကြောင်း ထည့်တွက်ကြည့်လျှင် ဤသည်က ကြီးမားလှသော လှောင်ပြောင်မှုကြီးတစ်ခုပင် ဖြစ်နေသည်။

ဤကမ္ဘာကြီးက အိပ်မက်ဆိုးတစ်ခုသက်သက်သာ ဖြစ်နေသည်။ သူက ကျိုးရီ၏ လက်အတွင်းမှ မလွတ်မြောက်နိုင်ရန် ကံကြမ္မာက ဖန်တီးထားခြင်းများလော။

သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ကျိုးရီ၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်လေသည်။

“ဆရာ၊ ကျွန်တော် မှားသွားပါတယ်၊ ဒီနေရာကနေ ထွက်မသွားခဲ့သင့်ပါဘူး”

သူက အလွန် ဉာဏ်ရည်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း ဝန်ခံရမည်ပင်။ ဤနေရာသို့ ပြန်မလာချင်တော့သော်လည်း ပြန်ရောက်နေပြီဖြစ်ရာ ကြောက်ရွံ့တုန်ယင်နေသော မိန်းကလေးတစ်ဦးကဲ့သို့ ဆက်လက်ဟန်ဆောင်နေမည်မဟုတ်ပေ။

ယင်းအစား အသက်ရှင်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ရရှိဖို့ရာ မျှော်လင့်ချက်ဖြင့် ကျိုးရီ၏ခွင့်လွှတ်မှုကို တောင်းခံလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက ဤကမ္ဘာပေါ်တွင် ကျိုးရီအား နားအလည်ဆုံးသူ ဖြစ်သည်။

ဤသူက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လူသတ်နိုင်သော စစ်မှန်သည့် လူသတ်သမားတစ်ဦးဖြစ်ပြီး အရိုးများကိုပင် အမှုန့်ကြိတ်ပစ်မည့် အမျိုးအစားဖြစ်ကြောင်း ကောင်းကောင်းသိထားသည်။

ယခုအခါ တစ်ဖက်လူ၏ စွမ်းအားများက အလွန်အမင်း ကြီးမားနေပြီဖြစ်ရာ သူ့ကို သတ်ရန်ဆိုသည်မှာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သလောက် လွယ်ကူနေပေလိမ့်မည်။

သူက ဤအဆင့်သို့ ရောက်ရှိရန် အလွန်ပင်ပန်းဆင်းရဲစွာ ကျင့်ကြံခဲ့ရသည်။ အကယ်၍ ဤအတိုင်း သေဆုံးသွားရမည်ဆိုပါက တကယ်ကို နှမြောစရာ ကောင်းလွန်းလှပေမည်။

ကျိုးရီက ဖြည်းညင်းစွာ စကားဆိုလာသည်။

“မင်း မမှားပါဘူး၊ အရမ်းကြီးလည်း ကြောက်မနေပါနဲ့၊ မင်းကို ငါ ပြန်ခေါ်လာတာက သတ်ဖို့မဟုတ်ဘူး၊ အဲဒီလိုသာဆိုရင် မင်း သေနေလောက်ပြီလေ၊ ဘာလို့ မင်းကို ပြန်ခေါ်လာဖို့ အလုပ်ရှုပ်ခံနေတော့မှာလဲ”

တည်ပင်မိစ္ဆာ၏ ဦးနှောက်များ အလျင်အမြန်အလုပ်လုပ်သွားသည်။ ဟုတ်တော့လည်း ဟုတ်ပေသည်။

စောစောက သူ အရမ်းကြောက်နေခဲ့သဖြင့် ဤအချက်ကို မစဉ်းစားမိခဲ့ချေ။ သို့သော် ယခု သေချာတွေးကြည့်ပါက သူ တကယ် သေနိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ယခုအခါတွင် သူက အလွန်အစွမ်းထက်နေပြီဖြစ်ရာ သူ့ကို လက်အောက်ငယ်သားအဖြစ် ထားရှိခြင်းက အတော်လေးကောင်းမွန်သည် မဟုတ်လော။

ဤအချက်ကို တွေးမိပြီးနောက် နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက် ချနိုင်သွားကာ အပြုံးတစ်ခုဖြင့် ဆိုလိုက်လေသည်။

“ဆရာ့အနေနဲ့ ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်ဆိုရင် အဲဒါကလွဲပြီး ဘာမှ ထပ်မတောင်းဆိုတော့ပါဘူး၊ ဆရာ အလိုရှိတယ်ဆိုရင် ဒီခြံဝင်းထဲမှာပဲနေဖို့တောင် ဆန္ဒရှိပါတယ်”

တည်ပင်မိစ္ဆာက ကျိုးရီ မည်မျှအစွမ်းထက်ကြောင်း သိထားလေသည်။ သူ ဤမျှလောက် အစွမ်းထက်နေပြီဖြစ်ရာ ဤနေရာတွင် ထာဝရနေထိုင်သွားမည် မဟုတ်သည်မှာ သေချာလှသည်။

တစ်နေ့နေ့တွင် သူ ထွက်ခွာသွားလိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျမှ ဤနေရာမှ ထပ်မံထွက်ခွာသွား၍ ရနိုင်ပေသည်။ အသက်ရှင်နေသမျှကာလပတ်လုံး လွတ်လပ်ခွင့်ကို ပြန်လည်ရယူနိုင်မည့်အခွင့်အရေးက အမြဲတမ်းရှိနေမည်သာဖြစ်သည်။

သို့သော် ကျိုးရီက သူ့အတွေးအားလုံးကို ဖောက်ထွင်းမြင်နေသည့်အလား လှောင်ပြောင်သည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“မင်းရဲ့ ဦးနှောက်သေးသေးလေးက ဒီလို အသေးအဖွဲကိစ္စလေးတွေကိုပဲ တွေးနိုင်တာကိုး၊ မင်းနဲ့ ငါနဲ့က အဆင့်အတန်းတူတယ်လို့ တကယ်ကြီး ထင်နေတာလား၊ ငါက လက်အောက်ငယ်သားတွေကို ဘေးနားမှာခေါ်ထားဖို့လောက်ပဲ တွေးနေလိမ့်မယ်လို့ ထင်နေတာလား”

တည်ပင်မိစ္ဆာက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“ဒါဆိုရင် ဆရာ၊ ဒီတစ်ခါ ကျွန်တော့်ကို ဘာလို့ပြန်ခေါ်လာရတာလဲ”

ကျိုးရီက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“ဒီတစ်ခါ မင်းကို ပြန်ခေါ်လာဖို့ ရွေးချယ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက မင်းရဲ့ စွမ်းအားတွေကို တိုးတက်လာအောင် ကူညီပေးဖို့ပဲ”

“ဗျာ…”

တည်ပင်မိစ္ဆာ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားပြီး သူ့မျက်နှာပေါ်တွင်လည ဇဝေဇဝါဖြစ်မှုများ ထင်ဟပ်လာသည်။ သူက အင်မတန်ကြီးမားသော အမှားကြီးကို ကျူးလွန်ခဲ့သည်။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် တစ်ဖက်လူက သူ့ကိုသတ်ရန် ကြိုးစားသင့်သည်။

မသတ်လျှင်ပင် အနည်းဆုံးတော့ မှတ်လောက်သားလောက်ဖြစ်အောင် ပညာပေးသင့်သည်။

သို့သော် တစ်ဖက်လူက သူ့ကို မသတ်ရုံသာမက သူ၏ စွမ်းအားများကိုပါ တိုးတက်စေချင်နေသည်။

သူ နားကြားများ မှားသွားခြင်းများလော။ ဤသည်က တကယ်ကို ယုံကြည်နိုင်စရာမရှိပေ။

“ဆရာ... ကျွန်တော်... ကျွန်တော် နားကြားမှားတာ မဟုတ်ဘူးမလား၊ နောက်တစ်ခေါက်လောက် အတည်ပြုပါရစေ၊ ဆရာက အခု ကျွန်တော့်ရဲ့ စွမ်းအားတွေကို တိုးတက်အောင်လုပ်ပေးမလို့လား”

“မင်းရဲ့ အဖြစ်သည်းနေတဲ့ ပုံစံကိုလည်း ကြည့်ပါဦး၊ ဘာတန်ဖိုးမှ မရှိတဲ့အတိုင်းပဲ၊ မင်း နားကြားမမှားဘူး၊ မင်းရဲ့ စွမ်းအားတွေကို ငါ တကယ်ပဲ တိုးတက်အောင်လုပ်ပေးမလို့”

“ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းအားတွေသာ ထပ်ပြီး တိုးတက်လာမယ်ဆိုရင် အဲဒါက နယ်မြေနတ်ဘုရားအဆင့် ဖြစ်သွားမှာပေါ့၊ အဲဒါက ဒီကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးအဆင့်ပဲလေ"

“အဲဒီအဆင့်ကို ရောက်သွားပြီဆိုရင် လောကဧကရာဇ် ဖြစ်ဖို့အတွက်တောင် ယှဉ်ပြိုင်လို့ရသွားပြီပေါ့၊ အမ်...”

ဤအခိုက်အတန့်တွင် တည်ပင်မိစ္ဆာက တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပုံရပြီး ဤကိစ္စ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်သွားလေပြီ။

ကျိုးရီက ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သံသယဝင်စရာပင်မလိုချေ။ ထို့ကြောင့် ထိုရာထူးအတွက် ယှဉ်ပြိုင်ရန် သူ့တွင် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။

သို့သော် သူက တစ်ကိုယ်တော် အထီးကျန်တည်ရှိမှုတစ်ခုသာ ဖြစ်သည်။ သူ မည်မျှပင် အစွမ်းထက်နေစေကာမူ၊ သူ၏ပါရမီက မည်မျှပင် ထူးချွန်နေစေကာမူ နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်သော အခြားအစွမ်းထက်ကျင့်ကြံသူများကလည်း အမှိုက်များမဟုတ်သည်မှာ သေချာလှသည်။

ထိုသို့ဆိုလျှင် သူ၏ အားသာချက်များ အားလုံးက လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ အခြားသူများကို ရှုံးနိမ့်သွားရန် အခွင့်အလမ်း အလွန်များပြားနေသည်။

ထိုအဆင့်ရှိ တိုက်ပွဲမျိုးတွင် ပါဝင်ယှဉ်ပြိုင်ရာ၌ အကယ်၍ ရှုံးနိမ့်သွားခဲ့ပါက အခြေခံအားဖြင့် သေလမ်းကိုရင်ဆိုင်ရခြင်းနှင့် အတူတူပင်။

မသေချင်ဘူးဆိုလျှင် သူ၏ အဆက်အသွယ်များကို တိုးတက်အောင် နည်းလမ်းရှာရမည်ဖြစ်ပြီး သူက ကျိုးရီလက်အောက်ငယ်သားများ အားလုံးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ရှည်လျားလှသော ကျင့်ကြံခြင်းကာလတစ်လျှောက်လုံးတွင် ပါရမီက မည်မျှထူးချွန်ကြောင်း မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ နားလည်ထားသောကြောင့်ဖြစ်သည်။

သူ ကျင့်ကြံနေသော ဝိညာဉ်ကျင့်စဉ်က အခြားသူများ တွေ့ကြုံရခဲသော အထူးစွမ်းအားတစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ယခုအခါတွင် လောကဧကရာဇ်ရာထူးကို ယှဉ်ပြိုင်ရာ၌ အကူအညီပေးနိုင်ရန် ကျိုးရီပြုစုပျိုးထောင်ပေးမည့် အသင့်တော်ဆုံးပုဂ္ဂိုလ်မှာ သူသာလျှင် ဖြစ်နေတော့သည်။

သေချာတွေးတောကြည့်ကာ နောက်ဆုံးတွင် သူ ပြန်လည်ခေါ်ဆောင်ခံရခြင်းမှာ တစ်ဖက်လူအတွက် အမြောက်စာအဖြစ် အသုံးချခံရန်သက်သက်သာ ဖြစ်နေတော့သည်။ သို့သော် အလွန်အမင်း အရေးကြီးလှသည်ဟုတော့ မထင်ရပေ။

အကယ်၍ ကျိုးရီအတွက် အမြောက်စာ ဖြစ်ခဲ့ရမည်ဆိုလျှင်ပင် ကြီးမားသော အကူအညီတစ်ခုအဖြစ် မှတ်ယူ၍ ရနိုင်သေးသည်။

ကျိုးရီ ထိုရာထူးကို ရရှိသွားချိန်တွင် သူ့အား လွတ်လပ်ခွင့်အချို့ ပေးသနားမည်မှာ သေချာသည်မဟုတ်လော။

“ဟီးဟီး၊ ဒါဆိုလည်း ဒီလိုပြောပါလား၊ ဆရာက လောကဧကရာဇ်ရာထူးကို ယှဉ်ပြိုင်ချင်လို့ ကူညီပေးဖို့ ကျွန်တော့်ကို ပြန်ခေါ်လာတာပေါ့၊ အဲဒီလိုသာ စောစောကတည်းကပြောရင် ကျွန်တော် ဒီလောက်ကြောက်နေမှာ မဟုတ်ဘူး”

ကျိုးရီ အတော်လေး ဆွံ့အသွားရသည်။

“မင်း အတွေးလွန်နေပြီ၊ ငါ့မှာ အဲဒီလိုအတွေးမျိုး မရှိဘူး၊ မင်းကို ပြန်ခေါ်လာတဲ့ အကြောင်းရင်းက အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့ကတော့ သေချာတယ်၊ ဒါပေမဲ့ ငါဝင်ပြိုင်မှာမဟုတ်ဘူး”

“ဗျာ”

တည်ပင်မိစ္ဆာမှာ နောက်တစ်ကြိမ် ဇဝေဇဝါ ဖြစ်သွားရပြန်သည်။ သို့သော် ထိုအချိန်မှာပင် အနီးအနားမှ အလွန်အမင်း အစွမ်းထက်လှသော ချီစွမ်းအင်လှိုင်းတစ်ခု လျင်မြန်စွာ မြင့်တက်လာသည်ကို သူ ရုတ်တရက်ခံစားလိုက်ရသည်။

All Chapters