← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) - လူဆယ်ယောက် စုစည်းခြင်း (၂)

“တစ်ယောက်ယောက်က နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်တော့မယ်ဟ”

တည်ပင်မိစ္ဆာမှာ ချက်ချင်း မှင်တက်သွားပြီး သူ့မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။ ဤနေရာက တာ့ချန် ဖြစ်၏။

ယခင်ကဆိုလျှင် ဤနေရာကို အလွန်အစွမ်းထက်သော နေရာတစ်ခုအဖြစ် သူ ထင်မှတ်ထားခဲ့မိပေမည်။

သို့သော် အပြင်သို့ ရောက်သွားပြီးနောက်တွင်မူ ဤနေရာလေးမှာ အလွန် ဝေးလံခေါင်ဖျားပြီး အရေးမပါသောနေရာလေးတစ်ခုသာ ဖြစ်ကြောင်း ယခုအခါတွင် သူ နားလည်နေပြီဖြစ်သည်။

ဤနေရာတွင် ထိပ်တန်းပါရမီရှင်တစ်ယောက် ပေါ်ထွက်လာရန် လုံးဝမဖြစ်နိုင်ပေ။

ဤဒေသရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်က အပြင်ဘက်လောက် သိပ်သည်းမှုမရှိချေ။ ထို့ကြောင့် ဤအခြေအနေများအောက်တွင် ဤမျှအဆင့်မြင့်မားသော အစွမ်းထက်သူများကို ပြုစုပျိုးထောင်ရန် မဖြစ်နိုင်ပေ။

သေချာပေါက် ကျိုးရီကတော့ ခြွင်းချက်တစ်ခု၊ ကောင်းကင်နိယာမကြီး၏ လွဲမှားမှုတစ်ခု သက်သက်သာ။

ထို့အပြင် တစ်ခါတစ်ရံတွင် ကျိုးရီက အခြားနေရာများသို့ ထွက်ခွာသွားလေ့ရှိသည်။

သူကဲ့သို့ပင် ဤကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင် ပိုမိုကြွယ်ဝသော နေရာတစ်ခုခုတွင် ကြိုးကြိုးစားစား ကျင့်ကြံနေလောက်ပေမည်။

ထို့ကြောင့် ဤမျှအစွမ်းထက်သောသူတစ်ဦး ဤနေရာတွင် ရုတ်တရက်ပေါ်လာခြင်းက သူ့အတွက် အလွန်အံ့အားသင့်စရာ ဖြစ်နေသည်။

ကျိုးရီက ပြုံးလိုက်ရင်း မေးလိုက်သည်။

“မင်း အရမ်း အံ့သြသွားတာလား၊ ဒီနေရာကနေ ထွက်သွားတာ ကြာပြီဆိုတော့ အပြင်မှာ လှည့်လည်သွားလာနေရင်းနဲ့ လောကကြီးအကြောင်း သိပ်များများစားစား မမြင်ရသေးဘူးထင်တယ်”

တည်ပင်မိစ္ဆာတစ်ယောက် မျက်နှာ အနည်းငယ်နီမြန်းသွားသည်။

တစ်ဖက်လူ၏ ဆိုလိုရင်းကို သူ နားလည်သွားလေ၏။

အပြင်ဘက်တွင် လှည့်လည်သွားလာနေခဲ့စဉ်အတွင်း ထိပ်သီးသိုင်းပညာရှင်များစွာကို အမှန်တကယ် မြင်တွေ့ခဲ့ရပြီး ပါရမီရှင်များ၏ ဇာတ်လမ်းများစွာကိုလည်း ကြားသိခဲ့ရသည်။

သို့သော် နောက်ဆုံးတွင် ဤနေရာသို့ ပြန်ရောက်လာပြီးနောက် သူ မသိသေးသောအရာများ အများအပြား ရှိနေသေးကြောင်း သဘောပေါက်သွားလေသည်။

ဥပမာအားဖြင့် ကျိုးရီနှင့် ယခု အဆင့်တက်ရန် ကျော်ဖြတ်နေသော ဤနယ်မြေနတ်ဘုရားပင်။

အကျဥ်းချုပ်အားဖြင့်ဆိုရလျှင် အရာအားလုံးက သူ၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေပုံရသည်။

ကျိုးရီက သူ့ကို ရှာတွေ့ရုံသာမက အခြားသော အစွမ်းထက်သူများကိုလည်း ပြုစုပျိုးထောင်ထားခဲ့ပုံရသည်။ ကျိုးရီ ဝင်ပြိုင်မည်မဟုတ်ကြောင်း ကြားရစဉ်က နောက်ပြောင်နေသည်ဟု ထင်ခဲ့သော်လည်း ယခုအခါ အမှန်တကယ် ဖြစ်နေပုံရသည်။

ကျိုးရီသည် သူ လုံးဝမသိသေးသော အဆင့်တစ်ခုအထိ ကျော်ဖြတ်ပြီးသွားခဲ့လောက်ချေပြီ။

လောကဧကရာဇ်ထက်ပင် ကျော်လွန်သော အဆင့်တစ်ခု။

“ဆရာ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”

တည်ပင်မိစ္ဆာက နောက်တစ်ကြိမ် ဒူးထောက်ချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ အလွန်အမင်း ရိုသေလေးစားသော မျက်နှာထားဖြင့် ဖြစ်လေ၏။

ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။

“ငါ့ရဲ့ လက်ရှိစွမ်းအားက ဒီကမ္ဘာကို လုံးဝကျော်လွန်သွားပြီ၊ ပြီးတော့ ဒီကမ္ဘာရဲ့ လောကဧကရာဇ်ကိုလည်း ငါ သတ်ပစ်လိုက်ပြီ၊ လောလောဆယ်မှာ နောက်ထပ်လောကဧကရာဇ်တစ်ပါးကို ရွေးချယ်ပေးပါ့မယ်ဆိုပြီး ကမ္ဘာဆန္ဒကို ငါ ကတိပေးထားခဲ့တယ်"

“ဒါပေမဲ့ လောကဧကရာဇ်ကို ရွေးချယ်ဖို့ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ယောက်လိုအပ်တယ်၊ ငါ့မှာ လက်အောက်ငယ်သား နည်းနည်းပဲရှိပြီး အရေအတွက်လိုနေလို့ မင်းကို ပြန်ခေါ်လိုက်တာ”

“မင်းရဲ့ စွမ်းအားတွေကို နယ်မြေနတ်ဘုရားအဆင့်အထိ မြန်မြန်ဆန်ဆန်တိုးတက်လာအောင် လုပ်ပေးချင်လို့ပဲ”

တည်ပင်မိစ္ဆာ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်ပေါက်နေတော့သည်။ ယနေ့ သူ ကြုံတွေ့ခဲ့ရသော တုန်လှုပ်ချောက်ချားစရာဖြစ်ရပ်များက အမှန်တကယ်ပင် များပြားလွန်းလှသည်။

အချို့ကို သူ ခန့်မှန်းမိခဲ့သော်လည်း သူ၏ ခန့်မှန်းချက်များက များစွာလိုအပ်နေသေးကြောင်း တွေ့ရှိလိုက်ရသည်။

ကျိုးရီ၏တိုးတက်မှုက အလွန်အမင်း မြန်ဆန်လွန်းပြီး သူ့ခန့်မှန်းနိုင်စွမ်းထက် အများကြီး ကျော်လွန်နေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပြီး ချက်ချင်းပင် မေးလိုက်သည်။

“ဆရာ၊ ကျွန်တော့်ကို ပြန်ခေါ်လာပြီး အချိန်တိုအတွင်းမှာ နယ်မြေနတ်ဘုရားအဆင့်အထိ စွမ်းအားတွေ မြှင့်တင်ပေးနိုင်မယ်ဆိုရင်တောင် တခြားလူတွေရဲ့ ရှေ့မှာ ကျွန်တော်က လုံလုံလောက်လောက် အစွမ်းထက်နေဦးမှာ မဟုတ်ဘူး"

“အဲဒီလိုဆိုရင် ကျွန်တော်က တခြားလူတွေ တိုးတက်လာဖို့ ကူညီပေးရမယ့် ခြေနင်းတစ်ခု၊ အမြောက်စာတစ်ခုပဲ ဖြစ်မသွားဘူးလား၊ အဲဒီအခါကျရင် ကျွန်တော်ကော ဘယ်လိုလုပ်မလဲ၊ ကျွန်တော် ထပ်သေရတော့မှာပေါ့”

ထိုအဆင့်သို့ ရောက်ရှိလာခြင်းက အခြားသူများအတွက် အမြောက်စာအဖြစ် သေဆုံးရန် သက်သက်သာဆိုလျှင် တကယ်ကို စိတ်ပျက်ဖို့ ကောင်းလွန်းလှပေမည်။

ကျိုးရီက ခေါင်းယမ်းလိုက်သည်။

“အဲဒီအတွက် မင်း စိုးရိမ်စရာမလိုပါဘူး၊ မင်းကို ငါ ပြန်ခေါ်လာကတည်းက သတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ၊ ဒီလောကဧကရာဇ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ငါကိုယ်တိုင် ကြီးကြပ်ပေးမှာဆိုတော့ နောက်ဆုံးအဆင့်အထိ မင်းကို တိုက်ခိုက်ခိုင်းမှာမဟုတ်ဘူး"

“ကြိုတင်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ရောက်နိုင်သမျှကာလပတ်လုံး အဲဒါက လုံလောက်တယ်"

“ဒီလိုဆိုရင် မင်း ဆက်ပြီး အသက်ရှင်နေနိုင်မှာပဲလေ၊ နောက်တစ်ကြိမ် ရွေးချယ်ပွဲရောက်လာတဲ့အခါ မင်းတို့ဘာသာမင်းတို့ ယှဉ်ပြိုင်နိုင်ပြီပေါ့၊ အဲဒီအချိန်ကျရင် ဒီကမ္ဘာရဲ့ ကိစ္စရပ်တွေကို ငါ ဝင်စွက်ဖက်တော့မှာမဟုတ်ဘူး”

ကျိုးရီက နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ၏ အဆင့်ကျော်ဖြတ်မှုက အလွန် မြန်ဆန်လှသည်။ နှစ်တစ်ရာမပြည့်မီ အချိန်အတွင်း နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူက နှစ်တစ်ထောင်အထိ စောင့်ဆိုင်းနေမည်မဟုတ်ချေ။ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခု ဖြစ်လာမည်ဟု မပြောလျှင်ပင် သေချာသည့် အချက်တစ်ချက်မှာ သူ၏ လက်ရှိအဆင့်ကို လုံးဝ ကျော်လွန်သွားမည်ပင်။

ထိုအချိန်ကျပါက ဤနေရာတွင် ဆက်လက်နေထိုင်နိုင်တော့မည်မဟုတ်ချေ။

ဤကမ္ဘာရှိ အသေးအဖွဲကိစ္စရပ်များကို သေချာပေါက် ဝင်ရောက်စွက်ဖက်နေတော့မည် မဟုတ်ပေ။

ထို့ကြောင့် အခြားသူများအတွက် ဤသည်က အထူးအကျိုးခံစားခွင့် တစ်ခုပင် ဖြစ်နေသည်။ ဤတစ်ကြိမ်တွင် အနိုင်မရလျှင်ပင် အနည်းဆုံးတော့ ရှုံးနိမ့်ပါက အခြားသူများ၏ သတ်ဖြတ်ခြင်းခံရလေ့ရှိသော ယခင်ပြိုင်ပွဲများကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။

နောက်ထပ် နှစ်တစ်ထောင်အထိ ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်သမျှ ကာလပတ်လုံး နောက်တစ်ကြိမ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အခွင့်အရေး ရရှိလာမည်ဖြစ်သည်။

နောက်ထပ် အကျိုးခံစားခွင့်တစ်ခုမှာ သူတို့က ဤအဆင့်သို့ ကျော်ဖြတ်ပြီးဖြစ်ရာ လာမည့်နှစ်တစ်ထောင်အတွက် သူတို့၏ကျင့်ကြံခြင်းကို တိုးတက်စေရန် ကိစ္စရပ်များကို စဉ်းစားနေရန်မလိုအပ်တော့ချေ။

ဤအချက်တစ်ချက်တည်းနှင့်ပင် လူတိုင်းနီးပါး အိပ်မက်သာမက်နိုင်သည့် အကျိုးကျေးဇူးတစ်ခု ဖြစ်နေပေတော့သည်။

……

……

“ဒီလိုဆိုမှတော့ ဆရာ့အမိန့်ကို နာခံဖို့အသင့်ပါပဲ”

ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။

“မင်း လိမ္မာတာ အကောင်းဆုံးပဲ”

အကယ်၍ မနာခံလျှင်ပင် အလကားဖြစ်ပေမည်။ ကျိုးရီအနေဖြင့် သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ကာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးမည်။ ထို့နောက် လောကဧကရာဇ် ပြိုင်ပွဲကို စတင်နိုင်ရန် အခြားသူများအတွက် ခြေနင်းခုံတစ်ခုအဖြစ် အသုံးပြုမည်သာဖြစ်သည်။

ယခုမူ တစ်ဖက်လူက လိမ္မာရန် ရွေးချယ်လိုက်ပြီဖြစ်ရာ အတင်းအကျပ် ထိန်းချုပ်စရာမလိုဘဲ စွမ်းအားများ မြန်မြန်ဆန်ဆန် တိုးတက်လာစေရန် ကူညီပေးနိုင်ပြီဖြစ်သည်။

တိတိကျကျ ဆိုရလျှင် ဤသည်မှာ သူ၏ကိုယ်ပိုင် လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိသွားခြင်းပင်။ ဤတစ်ကြိမ် ထိုရာထူးအတွက် မယှဉ်ပြိုင်နိုင်လျှင်ပင် အနည်းဆုံးတော့ အသက်သေဆုံးမည်မဟုတ်ဘဲ စွမ်းအားများ တဟုန်ထိုး မြင့်တက်လာနိုင်သည်။

နောက်ထပ် နှစ်တစ်ထောင် ကြာပြီးနောက်တွင်မူ ထိုရာထူးကို ပြန်လည် ယှဉ်ပြိုင်နိုင်ပေမည်။

ကျိုးရီက ချက်ချင်းပင် သူ့ကို တာအိုလမ်းစဉ် သင်ကြားပို့ချပေးကာ စွမ်းအားများ မြှင့်တင်ပေးလိုက်သည်။

ထိုအချိန်တွင် လီရွှန်ကျိုး၏ အငွေ့အသက်များက နယ်မြေနတ်ဘုရားအဆင့်သို့ အပြည့်အဝ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ ယခုမှစ၍ ဤကမ္ဘာတွင် နောက်ထပ် နယ်မြေနတ်ဘုရားတစ်ပါး ထပ်မံပေါ်ထွက်လာပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။

“ဟားဟားဟား၊ ငါ လီရွှန်ကျိုး နောက်ဆုံးတော့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ၊ အခုဆိုရင် လောကဧကရာဇ်ရာထူးကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသွားပြီကွ၊ ဟားဟားဟား”

လီရွှန်ကျိုး၏ ရယ်မောသံက ကမ္ဘာတစ်ခုလုံးသို့ ဟိန်းထွက်သွားသည်။ မရေမတွက်နိုင်သော လူများက ဤစကားကို ကြားလိုက်ရချိန်တွင် မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

“ဘုရားရေ၊ သူက အဲဒီအဆင့်ကို တကယ်ကြီး ကျော်ဖြတ်သွားတာလား”

“လီရွှန်ကျိုး၊ လီရွှန်ကျိုးဆိုပါလား”

“ပန်းကန်ကွဲလေးတစ်လုံးတည်းနဲ့ တာ့ချန်တစ်ခုလုံးကို တည်ထောင်ခဲ့တဲ့ ကံကြမ္မာရဲ့သားတော် လီရွှန်ကျိုးများလား”

“သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ၊ ငါတို့ တာ့ချန်မှာ အဲဒီနာမည်နဲ့ တခြားလူမရှိလောက်ဘူး၊ နှစ်တွေအများကြီး ကြာသွားလို့ သူသေပြီလို့တောင် ထင်နေခဲ့တာ၊ မထင်မှတ်ဘဲ သူက နယ်မြေနတ်ဘုရားအဆင့်ကို တကယ် ကျော်ဖြတ်သွားတာကိုး”

“ဘုရားရေ၊ သူ့ရဲ့ ကံကြမ္မာက တကယ်ကို ထူးခြားလွန်းတယ်၊ နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်ပြီးသွားပြီဆိုတော့ ဒီကမ္ဘာပေါ်က ထိပ်တန်း အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်နေပြီလေ”

“အဲဒီရာထူးအတွက်တောင် ယှဉ်ပြိုင်လို့ ရနေပြီ၊ တစ်ကယ်လို့ သူသာ နတ်ဘုရားဧကရာဇ်ရာထူးကို ရသွားရင် ဒီကမ္ဘာမှာ အကြီးကျယ်ဆုံး ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ဖြစ်လာမှာပဲ၊ သူ့ကို ဘယ်သူကမှ ကျော်လွန်နိုင်တော့မှာမဟုတ်ဘူး”

“ဟုတ်တယ်၊ နယ်မြေနတ်ဘုရားအဆင့်ဆိုတာ ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး အထွတ်အထိပ် တည်ရှိမှုကြီးလေ၊ အနာဂတ်ကျရင် ငါတို့တွေကော အဲဒီအဆင့်ကို ကျော်ဖြတ်ခွင့် ရပါ့မလား မသိဘူး”

တောင်ပိုင်းနယ်စပ် တောင်တန်းများဆီတွင်တော့ မိစ္ဆာဧကရာဇ်ရွှမ်ရဲက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ မျက်လုံးထဲ၌ မနာလိုမှု အရိပ်အယောင်များ အလိုအလျောက် ပေါ်ထွက်လာသည်။

သူ၏ နှလုံးသားထဲတွင်လည်း သာလွန်လိုစိတ်များက မီးတောက်အလား လောင်ကျွမ်းလာ၏။

“ဒီလောက်မြန်မြန် အဆင့်တက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ငါက သူ့ထက် တစ်လှမ်းစောပြီး ကျော်ဖြတ်နိုင်မယ်လို့ ထင်ထားခဲ့တာ၊ မထင်မှတ်ဘဲ တစ်လှမ်း နောက်ကျသွားတာပဲ၊ သူက ဆရာ့ဘေးနားမှာ ကျင့်ကြံနေပြီး ငါက ဝေးနေလို့များလား"

“ဆရာ့စွမ်းအားက လူတိုင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဘယ်သူမှ မသိနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီလေ၊ ဆရာ့ဘေးနားမှာနေရရင် ပိုပြီးများပြားတဲ့ စွမ်းအင်တွေကို ရရှိနိုင်မှာပဲ၊ တိုးတက်မှုနှုန်းကလည်း သိသိသာသာ မြန်ဆန်လာမှာ သေချာတယ်”

“ငါ ပေါ့ဆသွားတာပဲ၊ လီရွှန်ကျိုးရဲ့ စွမ်းအားနဲ့ ငါ့စွမ်းအားကြားမှာ အများကြီးကွာသေးတယ်လို့ ထင်ပြီး သတိလက်လွတ် ဖြစ်သွားခဲ့တယ်၊ ဆရာ့ဘေးနားမှာ သွားမကျင့်ကြံခဲ့မိဘူး၊ အဲဒါကြောင့်ပဲ ဒီနေ့ ငါ တစ်လှမ်းနောက်ကျသွားတာ”

“တစ်လှမ်းမှားတာနဲ့ ခြေလှမ်းတိုင်း မှားယွင်းသွားပြီပဲ၊ သူ့ကို အမီလိုက်နိုင်ဖို့ မြန်မြန်ကျင့်ကြံနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှာရမယ်၊ မဟုတ်ရင် အနာဂတ်ကျရင် ဆရာ့ရှေ့မှာ မျက်နှာပြရဲမှာမဟုတ်ဘူး”

ဤအချက်ကို တွေးမိပြီးနောက် သူက ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ရန် ပြင်ဆင်လိုက်တော့သည်။

နှစ်အနည်းငယ် ကြာပြီးနောက် ချီလင်ချောက်နက်တွင် ငရဲမျက်လုံးက တစ်ဖန် ပြန်လည်နိုးထလာခဲ့သည်။

All Chapters