အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) - ရန်သူဟောင်းများ တိုက်ခိုက်လာခြင်း
ငရဲတံခါး ပြန်လည်ပေါ်ထွက်လာသည်။ လေထဲမှ တဝီဝီမြည်သံများနှင့်အတူ လေဟာနယ် လှိုင်းဂယက်များ ဆက်တိုက်ဖြစ်ပေါ်လာ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်အခြေအနေများနှင့် အနည်းငယ် ကွဲပြားနေသည်။ ဤတစ်ကြိမ် ငရဲတံခါးပွင့်လာမှုနှင့်အတူ ထူးခြားသော အငွေ့အသက်အချို့ ပါလာခဲ့သည်။
ထိုအငွေ့အသက် တစ်ခုချင်းစီက အလွန်အမင်း အစွမ်းထက်လွန်းလှပြီး ဤကမ္ဘာလောကကြီးနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ထိုအငွေ့အသက်များ ပေါ်ထွက်လာချိန်တွင် ချီလင်ချောက်နက်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ပုံမှန်မဟုတ်သော အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ကြရသည်။ လူတိုင်း၏ မျက်နှာအမူအရာများ အလွန်အမင်း လေးနက်တည်ကြည်သွားကြသည်။
သို့သော် သူတို့ ခံစားနေရသည့်အရာကိုမူ နှုတ်မှ ထုတ်ဖော်၍ မပြောဆိုနိုင်ကြချေ။
“ဘာတွေဖြစ်နေတာလဲ၊ စောစောက ခံစားချက်က ဘာကြီးလဲ၊ ဘာလို့ ရုတ်တရက်ကြီး စိတ်မသက်မသာ ဖြစ်သွားရတာလဲ”
“ငါ့နှလုံးသားတွေ ရုတ်တရက် တဒိန်းဒိန်းခုန်လာတယ်၊ အရမ်းအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရသလိုမျိုး၊ သူတို့ရှေ့မှာ လုံးဝ ခုခံနိုင်စွမ်းမရှိသလို ခံစားရတယ်"
“အရင်တုန်းက အပြင်ကနေ ရောက်လာပြီး မဟာအရှင်သခင်အဆင့် သိုင်းပညာရှင်တချို့ကို သတ်သွားတဲ့ ကောင်ဆီကပဲ ဒီလိုခံစားချက်မျိုး ရဖူးတာ”
“မဟုတ်ဘူး၊ တိတိကျကျ ပြောရရင် ဒီခံစားချက်က သူ့ထက်ကို ပိုပြီးပြင်းထန်သေးတယ်၊ အဲဒီတုန်းက သူ့ရဲ့ စွမ်းအားက မဟာအရှင်သခင်အဆင့်ပဲ ရှိသေးတာ၊ အခုဟာနဲ့ လုံးဝ နှိုင်းယှဉ်လို့မရဘူး၊ ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်”
“ဒီနေရာက တစ်ယောက်ယောက်များ အစွမ်းထက်တဲ့ အဆင့်တစ်ခုကို ကျော်ဖြတ်သွားတာလား၊ ဒါပေမဲ့ ငါတို့တွေ ဒီမှာနေလာတာ နှစ်ပေါင်းများစွာကြာပြီ၊ နယ်မြေနတ်ဘုရားအဆင့်ရှိတဲ့ ပညာရှင် တစ်ယောက်မှ မတွေ့ဖူးပါဘူး"
“တကယ်လို့ တကယ့် ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ယောက် ဒီမှာ လာကျင့်ကြံနေတယ်ဆိုရင် တစ်ခါလေးတောင် အာရုံမခံမိဘဲ နေပါ့မလား”
“တကယ်ကို နားလည်ရခက်တာပဲ”
ထိုအချိန်တွင် ငရဲတံခါးအတွင်းမှ ပုံရိပ်အချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုပုံရိပ်များက သာမန်လူများနှင့် လုံးဝ ကွဲပြားခြားနားနေ၏။ အလွန်အမင်း အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေရုံသာမက သူတို့၏ အသွင်အပြင်များကလည်း ထူးဆန်းလွန်းလှသည်။
လူတစ်ဦးချင်းစီ၏ ဦးခေါင်းပေါ်တွင် ရှည်လျားသော နဂါးဦးချိုများ ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အရောင်အသွေးစုံလင်သော အကြေးခွံများ ဖုံးလွှမ်းနေသည်။
သူတို့၏ အရပ်အမောင်းက သာမန်လူများထက် ပိုမိုမြင့်မားပြီး အကြမ်းဖျင်းအားဖြင့် သုံးမီတာကျော်ခန့်ရှိကာ အလွန်အမင်း တောင့်တင်းခိုင်မာလှသည်။
သာမန် ခွန်အားမျိုး မဟုတ်ဘဲ ကန့်သတ်ချက်များကို ကျော်လွန်နေသော ခွန်အားမျိုး ဖြစ်သည်။ လက်မောင်းတစ်ဖက်စီကပင် အရွယ်ရောက်ပြီးသူ တစ်ဦး၏ ခါးလောက် ကြီးမားနေသည်။
သူတို့၏ လက်သီးများမှာလည်း ရေဇလုံတစ်လုံးစာမျှ ကြီးမားနေပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ထိုလူများ ပေါ်ထွက်လာပြီးနောက် သူတို့၏ စွမ်းအားများ ကြီးမားလွန်းလှသဖြင့် ပတ်ဝန်းကျင်ရှိလေထုပင်လျှင် အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။
“မိုးပြာနဂါး မြင့်မြတ်သားရဲက ဒီနေရာကိုလာပြီး ကစားလေ့ရှိတယ်၊ သူ့ကို ရှာတွေ့နိုင်မယ့်နေရာက ဒီနေရာပဲ ဖြစ်ဖို့များတယ်"
“ဒီမှာမှ ရှာမတွေ့ရင် စကြဝဠာတစ်ခုလုံး ဘယ်နေရာမှာမှ ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး”
“ဒီခွေးကောင်တွေက ငါတို့ရဲ့ မြင့်မြတ်သခင်ကိုတောင် အကျဉ်းချထားရဲတယ်ပေါ့၊ ဘယ်သူက ဒီလောက်ရဲတင်းတဲ့လုပ်ရပ်မျိုး လုပ်ခဲ့တာလဲဆိုတာ သိချင်မိသား၊ အဲဒီကောင်ကို ငါကိုယ်တိုင် အရှင်လတ်လတ်ဝါးမြိုပြီး တစ်စစီ ဆွဲဖြဲပစ်မယ်"
“ငါတို့ နဂါးမျိုးနွယ်ကို ရန်စရင် ဘာဖြစ်မလဲဆိုတာ သူတို့ကို သိစေရမယ်”
“တော်တော့၊ ဒီနေရာမှာ အချိန်ဖြုန်းပြီး စကားများမနေနဲ့၊ စကားနည်းနည်း ပြောနေရုံနဲ့ မြင့်မြတ်သခင်ကို ရှာတွေ့မယ် ထင်နေလား၊ ငါတို့ ဒီကမ္ဘာမှာ နေရမယ့်အချိန်က ကန့်သတ်ချက်ရှိတယ်၊ ဒီကမ္ဘာက ငါတို့ရဲ့ ပင်မကမ္ဘာ မဟုတ်ဘူးလေ”
“ဒီမှာ အရမ်းကြာနေရင် အနီးအနားက နတ်ဘုရားဧကရာဇ်အဆင့် သိုင်းပညာရှင်တွေကို ဆွဲဆောင်မိသလို ဖြစ်သွားပြီး ပြဿနာအကြီးကြီး တက်လိမ့်မယ်”
“နောက်ဆုံးတော့လည်း ငါတို့က နဂါးမျိုးနွယ်ရဲ့ အစောင့်အကြပ်လေးတွေ သက်သက်ပဲ၊ ငါတို့ထဲက ဘယ်သူမှ မျိုးနွယ်စုတစ်ခုလုံးရဲ့ ဒေါသကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“တကယ်လို့ မြင့်မြတ်သခင်ကို ရှာမတွေ့ရင် ငါတို့ မပြောနဲ့၊ ငါတို့ရဲ့ မိသားစုဝင်တွေတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ထိုစကားများကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။ တစ်ဖက်လူ ပြောသည်မှာ မှန်ပေသည်။
ယင်းက သူတို့အတွက် အလွန်အမင်း အသက်အန္တရာယ်များသော ကိစ္စဖြစ်သည်။ မိသားစုကိုပါ ထိခိုက်စေနိုင်ပြီး သူတို့၏ မိသားစုနှင့် မျိုးနွယ်စုတစ်ခုလုံးပင် သူတို့နှင့်အတူ မြေမြှုပ်ခံရနိုင်ပေသည်။
နဂါးမျိုးနွယ်စု၏ စည်းမျဉ်းများက အမြင့်မြတ်ဆုံးဖြစ်သည်။ ထိုစည်းမျဉ်းများကို မည်သူမျှ မချိုးဖောက်ရဲချေ။ စည်းမျဉ်းများကို ချိုးဖောက်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ လူတိုင်း၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
သူတို့က စည်းမျဉ်းများ၏ ချည်နှောင်မှုကို မခံရလျှင်ပင် မြင့်မြတ်သခင်ကိုတော့ ရှာဖွေချင်ကြဆဲဖြစ်သည်။ အရေးအကြီးဆုံးမှာ တစ်ဖက်လူက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်ကို ကိုယ်စားပြုနေသောကြောင့်ပင်။
မြို့ထဲရှိ လူအားလုံး သေဆုံးသွားလျှင်ပင် ကိစ္စမရှိပေ။ အနည်းဆုံးတော့ မြင့်မြတ်သခင်ကို ရှာတွေ့ပါက နဂါးမျိုးနွယ်စုတစ်ခုလုံး အန္တရာယ်ကျရောက်မည် မဟုတ်တော့ချေ။
သို့မဟုတ်ပါက နဂါးမျိုးနွယ်စုက ဆက်ခံသူမရှိတော့မည့် အခြေအနေနှင့် ရင်ဆိုင်ရပြီး စကြဝဠာအတွင်းရှိ အခြားမျိုးနွယ်စုများ၏ အနိုင်ကျင့်ခြင်းကို ခံရပါက သူတို့မှာ မျိုးနွယ်စုတစ်ခုလုံး၏ အပြစ်သားများ ဖြစ်သွားပေလိမ့်မည်။
ထိုအခါ သူတို့သည် အပြစ်သားနဂါးများ ဖြစ်သွားကြမည်ဖြစ်သည်။
“ဒီမှာ အချိန်ဖြုန်းမနေကြနဲ့၊ အားလုံး… သွားကြမယ်၊ ဒီကမ္ဘာရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို ခွဲသွားကြမယ်၊ ပြီးရင် မြင့်မြတ်အရှင်ကို အမြန်ဆုံး ရှာဖွေကြမယ်”
“ဟုတ်ကဲ့ပါ”
နဂါးမျိုးနွယ်စု အစွမ်းထက်သိုင်းပညာရှင်များ ချက်ချင်းပင် ကောင်းကင်သို့ ပျံသန်းသွားကြသည်။ ဤအချိန်တွင် ချီလင်ချောက်နက်၏ ပုံမှန်မဟုတ်သောအခြေအနေကို သူတို့ အာရုံခံမိနေကြပြီဖြစ်သည်။
‘စိတ်ဝင်စားစရာပဲ၊ ဒီနေရာမှာ သေဆုံးသွားတဲ့လူတွေ အရမ်းများလွန်းတော့ ယင်စွမ်းအင်တွေ အရမ်းသိပ်သည်းနေပြီး ဒီဧရိယာမှာ ထူးခြားတဲ့ သံလိုက်စက်ကွင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့တာပဲ၊ ပိုအစွမ်းထက်တဲ့ လူဖြစ်လေလေ ဒီနေရာမှာ ချိပ်ပိတ်ခံရဖို့ ပိုလွယ်လေလေပဲ'
‘လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ ငါတို့အပေါ်တော့ ဘာသက်ရောက်မှုမှ မရှိဘူး၊ နဂါးခန္ဓာကိုယ်က လေဟာနယ် စွမ်းအားကိုတောင် ဖောက်ထွင်းနိုင်တာပဲ၊ ဒီလောက် ကန့်သတ်ချက်လေးကို ဂရုစိုက်နေစရာလိုလို့လား'
ထိုသို့တွေးမိပြီးနောက် သူတို့က နဂါးအသွင်သို့ ချက်ချင်းပြောင်းလဲကာ အလျင်အမြန် ထိုးဖောက်ထွက်ခွာသွားကြသည်။ ထိုအထဲမှ နဂါးအရိပ်တစ်ခုက တာ့ချန်ဆီသို့ တိုက်ရိုက်ဦးတည်သွားလေသည်။
“ကျိုးရီ၊ ငါက တစ်ချိန်တုန်းက မိစ္ဆာဂိုဏ်းရဲ့ မရဏဘိုးဘေးပဲ၊ မင်း ငါ့ကို တစ်ခါသတ်ခဲ့ဖူးတယ်၊ အဲဒီနောက် နေလနတ်ဘုရားဂိုဏ်း မဟာအကြီးအကဲရဲ့ မြေးအဖြစ် ဝင်စားခဲ့တော့လည်း မင်း ထပ်သတ်ခဲ့ပြန်တယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ကြသေးတာပေါ့”
“ဒီတစ်ကြိမ်မှာတော့ ငါက နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်ပြီးပြီ၊ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီလောက် အချိန်တိုလေးအတွင်းမှာ အဆင့်ကျော်ဖြတ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးမလား”
တာ့ချန်နယ်မြေတွင် လီရွှန်ကျိုးက နယ်မြေနတ်ဘုရားအဆင့်သို့ ပထမဆုံးကျော်ဖြတ်နိုင်ခဲ့သူဖြစ်သည်။ ထို့နောက် လွန်ခဲ့သော သုံးနှစ်က မိစ္ဆာဧကရာဇ်ရွှမ်ရဲကလည်း ထိုအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
နောက်ဆုံးတွင်တော့ တည်ပင်မိစ္ဆာဖြစ်သည်။ တည်ပင်မိစ္ဆာ၏စွမ်းအားက အခြားနှစ်ဦးနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျနေသည်။
သူက နောက်ဆုံးမှ ကြီးထွားလာသူ ဖြစ်သော်လည်း သူ၏ ကြီးထွားမှုနှုန်းကတော့ အလွန်အမင်း မြန်ဆန်လှသည်။ သို့သော် လောကဧကရာဇ်ပြိုင်ပွဲကား နီးကပ်နေပြီဖြစ်၏။
ကျိုးရီ၏ လမ်းညွှန်မှုအောက်တွင် နောက်ထပ်နှစ်နှစ်အတွင်း သူ၏ တိုးတက်မှုက အခြားနှစ်ဦးကို ပြိုင်ဘက်ကင်းအမြန်နှုန်းဖြင့် အမီလိုက်နိုင်ခဲ့သည်။
ယနေ့က သူ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော နေ့ရက်ဖြစ်လာသည်။ ကြီးမားလှသော အငွေ့အသက်လှိုင်းလုံးကြီးတစ်ခုနှင့်အတူ သူ၏စွမ်းအားများက တဟုန်ထိုး မြင့်တက်လာသည်။
တာ့ချန်တစ်ခုလုံးမှာ သူ၏ စွမ်းအား ပြောင်းလဲမှုများကြောင့် လှုပ်ခတ်သွားရပြန်သည်။ အစွမ်းထက်သိုင်းပညာရှင်များစွာက ဤမြင်ကွင်းကို အာရုံခံမိချိန်တွင် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
“ဘုရားရေ၊ ထပ်ဖြစ်ပြန်ပြီလား”
“ဒါက…. ရှေ့နှစ်တွေအတွင်းမှာတင် အကြိမ်တော်တော်များများ ဖြစ်ခဲ့ပြီးပြီနော်၊ အဲဒါက ဒီနယ်မြေထဲမှာ နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်တဲ့သူ အများကြီးရှိနေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား”
“နယ်မြေနတ်ဘုရားအဆင့်က ဘယ်အချိန်ကများ ဒီလောက်တန်ဖိုးမရှိတော့ရတာလဲ၊ ဘာလို့ နှစ်အနည်းငယ်ကြာတိုင်း တစ်ယောက် ပေါ်ပေါ်လာရတာလဲ၊ တကယ်ကို မယုံနိုင်စရာပဲ၊ ငါတို့တွေက မြေကမ္ဘာအင်မော်တယ်အဆင့်ကိုတောင် မရောက်သေးဘူးလေ”
“ခေတ်ကြီးက တကယ်ကို ပြောင်းလဲနေပြီ၊ ဘာတွေဖြစ်နေမှန်းတောင် မသိတော့ဘူး၊ အိုး ဘုရားရေ၊ ငါတို့လို သာမန်လူတွေကရော ဘယ်တော့များမှ ကောင်းချီးရပြီး ကောင်းကောင်းမွန်မွန် အဆင့်ကျော်ဖြတ်ခွင့်ရမှာလဲ”
မကြာမီမှာပင် တည်ပင်မိစ္ဆာက အဆင့်ကျော်ဖြတ်မှု ပြီးမြောက်သွားလေသည်။ မိစ္ဆာဧကရာဇ်ရွှမ်ရဲနှင့် လီရွှန်ကျိုးတို့ နှစ်ဦးလုံးက သူ့ကို လာရောက် ဂုဏ်ပြုကြသည်။
ယခင်က ထိုနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မသိခဲ့ကြသော်လည်း ကျိုးရီ၏ မိတ်ဆက်ပေးမှုအောက်တွင် အချင်းချင်း ရင်းနှီးသွားကြပြီး မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ သူတို့အားလုံးက သခင်တစ်ဦးတည်းကို အလုပ်အကျွေးပြုနေကြသူများ ဖြစ်သည်။ အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရသည်ထက် စည်းစည်းလုံးလုံးနှင့် အချင်းချင်း ကူညီရိုင်းပင်းခြင်းက များစွာ ပိုကောင်းသည်မဟုတ်လော။
“ဂုဏ်ပြုပါတယ်၊ ထျန်းဟွမ် နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”
‘ထျန်းဟွမ်’ဆိုသည်မှာ တည်ပင်မိစ္ဆာက သူ့ကိုယ်သူ ပေးထားသော အမည်ဖြစ်သည်။
တစ်နေကုန် ကျိုးရီက တည်ပင်မိစ္ဆာဟု ခေါ်နေခြင်းကို သူ စိတ်ကုန်နေပြီဖြစ်၏။ ဤအမည်ကို ရွေးချယ်ရသည့် အဓိကအကြောင်းရင်းမှာ ပိုမို ခန့်ညားထည်ဝါစေရန်နှင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ လူသားတစ်ဦးကဲ့သို့ ခံစားရစေရန်ပင်။
ထျန်းဟွမ်က ထိုနှစ်ဦးကို လက်ယှက်ကာ အရိုအသေပြန်ပေးလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“အရာအားလုံးက ဆရာ့ရဲ့ ကျေးဇူးတွေချည်းပါပဲ၊ ကျွန်တော်က ဆရာ့ရဲ့ ကောင်းချီးတွေကို ရရှိခဲ့ရုံပါ”
“တကယ်လို့ ဆရာသာ မကူညီခဲ့ဘူးဆိုရင် ဒီလောက်အချိန်တိုလေးအတွင်းမှာ နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်သလို စီနီယာနှစ်ယောက်နဲ့ အတူတူရပ်တည်နိုင်မယ့် အခွင့်အရေးလည်း ရခဲ့မှာမဟုတ်ပါဘူး”
“အနာဂတ် လောကဧကရာဇ် ပြိုင်ပွဲမှာ ကျွန်တော်တို့သုံးယောက် အချင်းချင်း ပူးပေါင်းပြီး ဒီရာထူးကို ရနိုင်မလားဆိုတာ ကြည့်ကြတာပေါ့"