အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) - နဂါးမျိုးနွယ်စုအတွင်း ရောက်ရှိသွားသော မရဏဘိုးဘေး (၂)
“သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပါဝင်နေတဲ့ ယင်ယန်သားရဲတွေရဲ့ စွမ်းအားတွေ အားလုံးကို ပေါင်းစပ်ပြီး ထိန်းချုပ်ပေးလိမ့်မယ်”
“ဟူး... ကျေးဇူးတင်ပါတယ် ဆရာ”
ရွှမ်ရဲအနေဖြင့် တစ်ဖက်လူက သူ့အတွက် ဤမျှသင့်တော်သော မှော်ရတနာကို ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဤကမ္ဘာပေါ်တွင် သူ၏ စရိုက်လက္ခဏာများဖြင့်ဆိုလျှင် ဤရတနာထက် ပိုမိုသင့်တော်သော အခြားရတနာ ရှိမည်မဟုတ်ချေ။
ဤသည်က သူ့လမ်းစဉ်အတွက် သီးသန့်ဖန်တီးပေးထားခြင်းပင်။ လုံးဝ ပြီးပြည့်စုံလှသည်။
သူတို့သုံးဦးလုံးက သူတို့နှင့် အသင့်တော်ဆုံးသော ရတနာများကို အသီးသီး ရရှိခဲ့ကြပြီး စွမ်းအားများကလည်း သိသိသာသာ တိုးတက်လာခဲ့ကြသည်။
ယခုအခါတွင် သူတို့သာ လောကဧကရာဇ်ရာထူးအတွက် ထပ်မံယှဉ်ပြိုင်မည်ဆိုပါက သူတို့သုံးဦးကို မည်သူကမျှ လုံးဝ ခုခံနိုင်မည်မဟုတ်ကြောင်း ရဲရဲဝံ့ဝံ့ ပြောရဲနေပြီဖြစ်သည်။
အကယ်၍ ရှိခဲ့လျှင်ပင် တစ်ယောက်နှင့်တစ်ယောက် အပေးအယူလုပ်ကာ အစွမ်းထက်နယ်မြေနတ်ဘုရား တစ်ဦး၊ နှစ်ဦးလောက်ကို အေးဆေး အနိုင်ယူနိုင်မည်ဖြစ်ပြီး အရေးမပါသော ကောင်အချို့သာ ကျန်ရစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့သုံးဦးထဲမှ တစ်ဦးက လောကဧရာဇ်ရာထူးကို သေချာပေါက် ရရှိမည်ဖြစ်သည်။
ထို့အပြင် သူတို့သုံးဦးက မဟာမိတ်ဖွဲ့ရန် ကတိပြုထားပြီးဖြစ်သည်။ အနာဂတ်တွင် သူတို့ထဲမှ မည်သူက ထိုရာထူးကို ရရှိသည်ဖြစ်စေ အခြားနှစ်ဦးကို စောင့်ရှောက်ပေးမည်ဖြစ်သည်။
ဤနည်းအားဖြင့် သူတို့သုံးဦးမှာ ဤရွေးချယ်ပွဲတွင် ရှုံးနိမ့်ခြင်းမရှိသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ ယှဉ်ပြိုင်ခွင့်ပြုမည့် နေရာဆယ်နေရာတွင် သူတို့က သုံးပုံတစ်ပုံခန့်ကို တိုက်ရိုက်သိမ်းပိုက်ထားပြီးဖြစ်ရာ လုံးဝ ပြီးပြည့်စုံနေပေသည်။
“အရှင်သခင်ကျိုး၊ အခု အဲဒီရွေးချယ်ပွဲကို ဘယ်တော့လောက် စတင်နိုင်မလဲ”
လီရွှန်ကျိုးမှာ ရွေးချယ်ပွဲကို အမြန်ဆုံး စတင်ချင်နေပြီး အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ အောင်ပွဲက သေချာနေပြီဖြစ်ရာ ရလဒ်များကို အမြန်ဆုံးမြင်တွေ့ချင်နေပြီး မည်သူက လောကဧကရာဇ်အသစ် ဖြစ်လာမည်ကို သိချင်နေသည်မှာ သဘာဝပင်။
ကျိုးရီက မူလက ချက်ချင်းစတင်ချင်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး တောင်ဘက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
မိစ္ဆာဧကရာဇ်ရွှမ်ရဲက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
“ဆရာ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုခုများ ဖြစ်သွားလို့လား၊ အဲဒီဘက်ကနေ ထိပ်တန်းအစွမ်းထက်သိုင်းပညာရှင် တစ်ယောက်ယောက်များ လာနေလို့လား”
ကျိုးရီက ခေါင်းယမ်းလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ထိပ်တန်းအစွမ်းထက်သိုင်းပညာရှင်လို့တော့ ပြောလို့မရပါဘူး၊ ဒါပေမဲ့ ဒီအငွေ့အသက်က အရမ်း ထူးဆန်းနေတယ်”
ဤအငွေ့အသက်မှာ သူ တစ်ခါမှမကြုံတွေ့ဖူးသော အငွေ့အသက်ဖြစ်သည်။
အတိအကျဆိုလျှင် ဤကမ္ဘာပေါ်တွင် တစ်ခါမှ မပေါ်လာဖူးသော အငွေ့အသက်ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဖက်လူက အခြားကမ္ဘာတစ်ခုမှ ရောက်လာခြင်းဖြစ်သည်။
အခြားကမ္ဘာများမှ အစွမ်းထက်သိုင်းပညာရှင်များက ဤကမ္ဘာကို ကျူးကျော်ရန် စတင်နေကြပြီလော။
လောကဧကရာဇ် လုံပါထျန်းကို သူ သတ်ဖြတ်ပြီးနောက် ဤမျှကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုကဲ့သို့သော အစွမ်းထက်သိုင်းပညာရှင်များက လက်ရှိကမ္ဘာကို ကျူးကျော်ရန် ရောက်လာကြပြီ မဟုတ်လော။
သေချာပေါက် တစ်ဖက်လူ၏ လုပ်ရပ်များက သူ့ကို အရမ်းကြီး တုန်လှုပ်ချောက်ချားသွားစေခြင်းတော့ မရှိပေ။ ယခုအခါ တစ်ဖက်လူကို သူ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် အရေးအကြီးဆုံးပြဿနာမှာ တစ်ဖက်လူက အခြားကမ္ဘာတစ်ခုမှ လာခြင်းဖြစ်ရာ သူတို့၏နောက်ကွယ်တွင် ပိုမိုရက်စက်ကြမ်းကြုတ်သော တည်ရှိမှုတစ်ခုခု ရှိနေမည်လားဆိုသည်ကို မသိရခြင်းပင်။
ထိုသို့သာဆိုလျှင် သူ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။ သူက နတ်ဘုရားဧကရာဇ်အဆင့်ရှိ ထိပ်သီးသိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဆိုသော်လည်း စကြဝဠာတစ်ခုလုံးတွင် အစွမ်းအထက်ဆုံး တည်ရှိမှုကြီးတော့ မဟုတ်သေးပေ။
ဤစကြဝဠာအတွင်း၌ ပိုမိုအစွမ်းထက်သော တည်ရှိမှုများစွာ ရှိနေသေးပြီး သူတို့၏ ဟန့်တားနိုင်စွမ်းနှင့် ဖိနှိပ်နိုင်စွမ်းများက အမှန်တကယ်ပင် ကြီးမားလှသည်။
ကျိုးရီက လေကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် တစ်ဖက်လူက သူ့ရှေ့မှောက်သို့ အလျင်အမြန် ရောက်ရှိလာ၏။
ထိုလူက ရောက်ရောက်ချင်းမှာပင် သူ့ကို မှတ်မိသွားသည်။
“ဟားဟား၊ နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြန်ပြီ၊ ကျိုးရီ”
“ဒီလူက...”
လီရွှန်ကျိုးနှင့် အခြားသူများမှာ ထိုလူကို မြင်လိုက်ရချိန်တွင် အလွန်အမင်း အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အသွင်အပြင်က သာမန်လူနှင့် လုံးဝမတူညီသောကြောင့်ဖြစ်သည်။
သူက နဂါးတစ်ကောင်နှင့် ပိုတူပြီး နဂါးမှ လူအဖြစ်သို့ အသွင်ပြောင်းထားသူနှင့် တူနေသည်။
စောစောက ကျိုးရီ အဘယ်ကြောင့် ထိုကဲ့သို့ မျက်နှာအမူအရာမျိုး ဖြစ်သွားရသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားတော့သည်။ ဤလူက ယခုကမ္ဘာနှင့် လုံးဝ မသက်ဆိုင်ပေ။
အခြားကမ္ဘာများမှ အစွမ်းထက်သိုင်းပညာရှင်များက ဤကမ္ဘာကို ကျူးကျော်ရန် စတင်နေကြပြီဖြစ်သည်။ ဤသည်က အလွန်ဒုက္ခများမည့် ကိစ္စဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိကမ္ဘာက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်တော့မည်မဟုတ်ပေ။
လောကဧကရာဇ်ကို အမြန်ဆုံး မရွေးချယ်နိုင်ပါက ဤကမ္ဘာ၏ လစ်ဟာမှုများက ပို၍ များပြားလာမည်ဖြစ်ပြီး အစွမ်းထက်သိုင်းပညာရှင်များစွာ ဤကမ္ဘာထဲသို့ ဝင်ရောက်လာကြမည်ဖြစ်သည်။
တစ်ဖက်လူက သူတို့ကမ္ဘာမှ မဟုတ်သောကြောင့် ဤကမ္ဘာရှိ သက်ရှိများ၏အသက်ကို ဂရုစိုက်မည်မဟုတ်ပေ။
လူတိုင်း သေဆုံးသွားလျှင်ပင် သူတို့ ဂရုစိုက်မည် မဟုတ်ချေ။
တစ်ဖက်လူ၏ စွမ်းအားက သူတို့နှင့် အဆင့်တူရုံသညဖြစ်သဖြင့် ဤကမ္ဘာအတွက် ပြဿနာမရှိဟု မဆိုလိုပေ။
သို့သော် ကျိုးရီ ဂရုစိုက်နေသည်မှာ ဤကိစ္စမဟုတ်ဘဲ တစ်ဖက်လူက သူ့အား အမှန်တကယ် မှတ်မိနေခြင်းကိုဖြစ်သည်။
ဤသည်က သူ့ကို အလွန် အံ့အားသင့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူက အပြင်လောကမှ မည်သူနှင့်မျှ ဆက်သွယ်ဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။
သူက နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျော်ဖြတ်ပြီးဖြစ်ကာ အခြားကမ္ဘာများသို့ လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိသော်လည်း ဤစွမ်းရည်ကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။ ထို့ကြောင့် တစ်ဖက်လူက သူ့ကို သိနေခြင်းမှာ လုံးဝ ယုတ္တိမတန်ပေ။
ထို့အပြင် တစ်ဖက်လူက နဂါးမျိုးနွယ်စုဝင်တစ်ဦးနှင့် တူနေသည်။
သူ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသော အိမ်မွေးသားရဲ မိုးပြာနဂါးလေးနှင့်များ သက်ဆိုင်နေမည်လော။
ထိုသို့သာဆိုလျှင် ပြဿနာတချို့ ရှိလာနိုင်ပေသည်။ မိုးပြာနဂါးသည် မူလကတည်းက နဂါးမျိုးနွယ်စုအတွက် အလွန်အရေးပါသော တည်ရှိမှုတစ်ခု ဖြစ်သည်။
အကယ်၍ သူက မိုးပြာနဂါး၏ သခင်ဖြစ်နေကြောင်း သူတို့ သိသွားပါက လွယ်လွယ်နှင့် အလွတ်ပေးမည်မဟုတ်သည်မှာ သေချာပေသည်။
ဤပြဿနာကို သူ ယခင်က တွေးခဲ့ဖူးသော်လည်း ထိုအချိန်က ဤကမ္ဘာကြီးမှာ ချိပ်ပိတ်ခံထားရသော အခြေအနေတွင် ရှိနေသဖြင့် အရမ်းကြီး စိုးရိမ်မနေခဲ့ပေ။
သူသာ လုံလုံလောက်လောက် အစွမ်းထက်လာပါက တစ်ဖက်လူ ရောက်လာလျှင်ပင် သူ၏ အိမ်မွေးသားရဲလေးကို ခေါ်ဆောင်သွားနိုင်မည် မဟုတ်ဟု တွေးခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတော့ မဟုတ်တော့ပေ။ ယခုအခါ သူ၏ စွမ်းအားများကို ဆက်လက်မြှင့်တင်ရန် လိုအပ်နေသေးသည်။
လက်ရှိအချိန်တွင် သူက စကြဝဠာကို လွှမ်းမိုးနိုင်သော တည်ရှိမှုတစ်ခု မဟုတ်သေးချေ။ မည်သို့ပင်ဆိုစေ နဂါးမျိုးနွယ်စုက လက်ရှိစကြဝဠာအတွင်း၌ အလွန်အမင်းအစွမ်းထက်သော တည်ရှိမှုကြီးတစ်ခု ဖြစ်နေဆဲပင်။
သူတို့ထံတွင် သူ့ဇာတ်မြစ်ကို အလွယ်တကူ ရှာဖွေနိုင်စေမည့် ဟောကိန်းထုတ်နိုင်သော နည်းလမ်းအချို့ ရှိနေနိုင်ပေသည်။
‘ထားလိုက်တော့၊ ဆက်မတွေးတော့ဘူး၊ ဆက်တွေးနေရင်တောင် အလကားပဲ၊ တစ်ဖက်လူက ကိုယ့်အိမ်တံခါးဝအထိ လာခေါက်နေမှတော့ လုပ်စရာတစ်ခုပဲရှိတော့တယ်၊ တိုက်ခိုက်ရမယ်'
မည်သို့ပင်ဖြစ်စေ သူ လုံးဝမလုပ်မည့် အရာတစ်ခု ရှိသည်။ သူ၏ အိမ်မွေးတိရစ္ဆာန်လေးကို အလွယ်တကူ ပြန်ပေးမည်မဟုတ်ချေ။
ထိုအရာက မြင့်မြတ်သားရဲ မိုးပြာနဂါး ဖြစ်သည်။
အနာဂတ်တွင် ပြုစုပျိုးထောင်လိုက်မည်ဆိုပါက မည်မျှအစွမ်းထက်လာမည်ကို မည်သူ သိနိုင်မည်နည်း။
ထိုနဂါးလေး၏ ပါရမီက အလွန်အမင်း ထူးချွန်လွန်းလှပြီး သူ့သွေးမျိုးတက်က တစ်ကမ္ဘာလုံးတွင် ထိပ်တန်းအဆင့်ဟုပင် ဆိုနိုင်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ့ထက်ပင် အများကြီး ပိုမို အစွမ်းထက်လာမည်မှာ သေချာလှသည်။
သေချာ ပြုစုပျိုးထောင်ပေးနိုင်သမျှ ကာလပတ်လုံး အနာဂတ်တွင် ရရှိလာမည့် အကျိုးကျေးဇူးများက သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် အကြွင်းမဲ့ ကျော်လွန်နေမည်ဖြစ်သည်။
ထို့အပြင် နဂါးလေးနှင်ါ ငယ်စဉ်ကတည်းက ပဋိညာဉ်ချုပ်ဆိုထားပြီးဖြစ်ရာ အနာဂတ်တွင် မိုးပြာနဂါးလေး မည်မျှပင် အစွမ်းထက်လာစေကာမူ သူ့လက်ဆုပ်တွင်းမှ ဘယ်တော့မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
တစ်နည်းအားဖြင့်ဆိုရလျှင် တစ်ဖက်လူက ထာဝရ သူ၏ ကျေးကျွန် ဖြစ်နေမည်ဖြစ်သည်။ ဤမျှကောင်းမွန်သောအရာကို သူ ဘယ်သွားရှာရမည်နည်း။
စကြဝဠာတစ်ခုလုံးတွင်ပင် မြင့်မြတ်သားရဲ အကောင်ပေါက်လေးတစ်ကောင်ကို အလွယ်တကူ လိုက်ရှာ၍ မရနိုင်ပေ။
“မင်းက ဘယ်သူလဲ၊ ငါတို့ အရှင်သခင်ကျိုးရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲလောက်အောင် ဘယ်လောက်တောင် ရဲတင်းနေတာလဲ၊ မင်းက အကြိမ်တစ်ထောင် သေဖို့ကောင်းတယ်”
“ဟားဟားဟား... အကြိမ်တစ်ထောင် သေဖို့ကောင်းတယ် ဟုတ်လား၊ ဒီကောင် ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းတို့ကို ပြောပြစေချင်လား၊ ဒီခွေးကောင်က တန်ဖိုးမရှိတဲ့ အကျဉ်းထောင် အလောင်းစစ်ဆေးရေးမှူး ဘဝတုန်းက ဒီအဘိုးကြီးကို ဒုက္ခပေးခဲ့ဖူးတယ်”
“ဒီအဘိုးကြီး သေချင်ယောင်ဆောင်နေတာကို အခွင့်ကောင်းယူပြီး အရှင်လတ်လတ် သတ်ပစ်ခဲ့တာလေ။ အဲဒါတင် ဘယ်ကမလဲ၊ နောက်ပိုင်း ဒီအဘိုးကြီးဝင်စားပြီး သူ့ကို ပြန်ရှာတွေ့တော့လည်း နောက်တစ်ခေါက် ထပ်သတ်ခဲ့ပြန်တယ်”
“ငါတို့ကြားက သွေးကြွေးက အရမ်းကို နက်ရှိုင်းလွန်းတယ်၊ သူ့ကို ခွေးကောင်လို့ မခေါ်တာတင် သူ့မျက်နှာကို အများကြီးထောက်ထားပေးရာ ရောက်နေပြီ”
“ဪ…”
ကျိုးရီက ထိုသူသည် မည်သူဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ထိုလူသည် ကောင်းကင်အကျဥ်းထောင်အတွင်း၌ သူရိုက်သတ်ပစ်ခဲ့ဖူးသော သေချင်ယောင်ဆောင်၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် မိစ္ဆာဂိုဏ်း၏ မရဏဘိုးဘေး ဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင် ထိုသူက လူ့ဘဝသို့ ပြန်လည်ဝင်စားကာ ကျိုးရီကို ပြဿနာရှာရန် ရောက်ရှိလာခဲ့သော်လည်း ကျိုးရီ၏ လက်ချက်ဖြင့်ပင် နောက်တစ်ကြိမ် ထပ်မံအသတ်ခံခဲ့ရပြန်သည်။
ထိုစဉ်က ကျိုးရီသည် သူ့ဝိညာဉ်ကိုပါ အစအနမကျန် ချေမှုန်းပစ်ခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း ဤကောင်က အလွန် ကောက်ကျစ်လွန်းလှသဖြင့် သူ၏ သွေးအနှစ်သာရတစ်စက်နှင့် ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ကြိုတင် ဝှက်ထားနိုင်ခဲ့ကာ အခြားနေရာများသို့ ကူးပြောင်းသွားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ထိုအချိန်က ကျိုးရီသည် သူ့ကို အပြီးတိုင်မသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အခြားတစ်နေရာသို့ ထပ်မံကူးပြောင်းကာ ဤမျှအစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။