← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) - မဟုတ်မမှန် စွပ်စွဲခြင်း

ဤသည်က သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။ ဤကောင်သည် ကျိုးရီ၏လက်ချက်ဖြင့် အကြိမ်ကြိမ်အသတ်ခံခဲ့ရသော်လည်း အပြီးတိုင် သေဆုံးသွားခြင်းမရှိဘဲ ခံနိုင်ရည်ရှိလွန်းလှသည့် ပါရမီရှင်တစ်ဦးဟု ဆိုရပေမည်။

တိတိကျကျ ပြောရလျှင် ဤကမ္ဘာပေါ်တွင် သူကဲ့သို့သော ဒုတိယမြောက်လူ ရှိနိုင်မည် မဟုတ်ချေ။ စိတ်ဝင်စားစရာ ကောင်းလှသည်။ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

“မင်း မှတ်မိသွားပြီလား”

ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။

“နည်းနည်းတော့ မှတ်မိသွားပါပြီ၊ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် မင်းကို ငါ တကယ်လေးစားမိတယ်၊ ငါ့ရဲ့ ရန်သူတွေထဲမှာ မင်းက ကိုယ့်အတွက် လွတ်မြောက်ရာလမ်းကို အများဆုံးချန်ထားနိုင်တဲ့သူပဲ၊ ဒါပေမဲ့ မင်းက အပါးနပ်ဆုံးလူတော့ မဟုတ်ဘူးထင်တယ်”

“မင်း ဘာပြောလိုက်တယ်”

မရဏဘိုးဘေးသည် ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ ကျိုးရီအပေါ် ထားရှိသော သူ၏ နာကျည်းမှုနှင့် အငြိုးအတေးများက ကောင်းကင်ယံအထိ မြင့်မားနေခဲ့ပြီဖြစ်သည်။

တစ်ဖက်လူသည် သူ့ကို မြင်တွေ့ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိရုံမျှမက ဤကဲ့သို့သော မျက်နှာအမူအရာမျိုး ပြသလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ဤလူသည် တကယ့် သွေးအေးလူသတ်သမားတစ်ဦး ဖြစ်သော်လည်း တစ်ဖက်တွင်မူ သူ့ရင်ထဲမှ ဒေါသများကို အတိုင်းအဆမရှိ ကြီးမားလာစေသည်။

သူသည် ဤနေရာသို့ ရောက်လာချိန်တွင် တစ်ဖက်လူ၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း မည်သည့်အရာမျှ မြင်တွေ့ရခြင်းမရှိခဲ့ပေ။ ဤသည်က သူ့ကို အလွန်အမင်း စိတ်ပျက်သွားစေသည်။

“မင်းကြားတဲ့အတိုင်းပဲလေ”

ကျိုးရီက တည်ငြိမ်စွာ ပြုံးလိုက်သည်။

“အရမ်း ရောင့်တက်မနေနဲ့ဦး ခွေးကောင်လေး၊ အခု ငါ ဘယ်သူဖြစ်နေပြီလဲဆိုတာ မင်း သိရဲ့လား၊ ငါ မင်းကို ပြောလိုက်မယ်၊ ငါက မင်း စိတ်ကြိုက်နှိပ်စက်လို့ရတဲ့ အတိတ်က မရဏဘိုးဘေး မဟုတ်တော့ဘူး”

“အခု ငါက ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်တဲ့ နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ"

“စကြဝဠာတစ်ခုလုံးမှာ သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့ အခြားမျိုးနွယ်စုဆိုတာ မရှိဘူး။ ဒီမျိုးနွယ်စုက အရမ်းအစွမ်းထက်ရုံတင်မကဘူး၊ ပြီးတော့ ပိုပြီး ကြောက်စရာကောင်းတာက ငါ့ရဲ့ လက်ရှိစွမ်းအားကလည်း မင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေတာပဲ"

“အခု ငါ့ကို မတူညီတဲ့ ကမ္ဘာတွေကြားမှာ အလွယ်တကူ ကူးပြောင်းသွားလာနိုင်တဲ့ နယ်မြေနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ဦးလို့ ခေါ်လို့ရနေပြီ၊ ဒါကြောင့် တိတိကျကျ ပြောရရင် ငါက မင်းကို ရှာဖို့အတွက် အခြားနေရာကနေ ရောက်လာတာ”

“အခုဆို ငါ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မင်း သိသွားပြီမလား။ ငါ့ရဲ့ စွမ်းအားက ဒီကမ္ဘာမှာဆိုရင် ထိပ်တန်းအဆင့် သိုင်းပညာရှင်တွေထဲမှာ ပါဝင်နေပြီ၊ ဒီလောက် ကမ္ဘာလေးထဲမှာ ငါ့ကို အနိုင်ယူနိုင်တဲ့သူ မရှိသလို ငါ့ကို သတ်နိုင်တဲ့သူလည်း မရှိဘူး”

“ဒီတစ်ခါတော့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး၊ ငါ့ရှေ့မှာ မင်းက ငါအလိုရှိရင် အချိန်မရွေး သတ်ပစ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင် သက်သက်ပဲ၊ အခု မင်း အမြန်ဆုံးသေခွင့်ရဖို့ ငါ့ရှေ့မှာ ချက်ချင်း ဒူးထောက်အသနားခံတာကလွဲလို့ တခြားလမ်းမရှိဘူး”

“မဟုတ်ရင် မင်း စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရတဲ့ အလွန် ဆိုးရွားတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်”

သူသည် နဂါးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်လာခဲ့သည်မှာ အမှန်ပင် ဖြစ်နေသည်။ ထို့ကြောင့် တစ်ဖက်လူသည် မိုးပြာနဂါးလေးကို ရှာဖွေရန် ရောက်လာခြင်းဖြစ်ပေလိမ့်မည်။ သို့သော် ကျိုးရီအနေဖြင့် သူ့ကို အရမ်းကြီး ဂရုစိုက်နေရန် မလိုအပ်ပေ။

နဂါးမျိုးနွယ်စုက မည်မျှပင် အစွမ်းထက်စေကာမူ သူပရှေ့မှောက်တွင်တော့ ဘာမျှတတ်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိုးပြာနဂါးလေးကို လုံးဝ ထိန်းချုပ်ထားပြီးဖြစ်သောကြောင့်ပင်။

ယခုအခါ သူတို့နှစ်ဦးမှာ တစ်သားတည်း ဖြစ်နေပြီဖြစ်ရာ အကယ်၍ ကျိုးရီ တစ်စုံတစ်ရာ ဖြစ်သွားပါက မိုးပြာနဂါးလေးသည်လည်း ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။

ဤခံစားချက်မှာ ဒဏ္ဍာရီလာ ဧကရာဇ်ကို ဓားစာခံလုပ်၍ စစ်သူကြီးများကို အမိန့်ပေးနေရသကဲ့သို့ပင်။ အတော်လေး စိတ်ဝင်စားစရာကောင်းလှသည်။

ဤအချက်ကို တွေးမိပြီးနောက် ကျိုးရီက သူ့ကို လူပြက်တစ်ဦးအား ကြည့်နေသည့်အလား မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

“နယ်မြေနတ်ဘုရားအဆင့် ဟုတ်လား၊ စိတ်မကောင်းပါဘူး၊ ငါ့ဆီမှာလည်း နယ်မြေနတ်ဘုရားအဆင့်ရှိတဲ့သူ နည်းနည်းပါးပါး ရှိနေလို့ပါ”

ကျိုးရီ၏ တည်ငြိမ်လှသော စကားကြောင့် မရဏဘိုးဘေး ခဏမျှ ဆွံ့အသွားပြီးနောက် လှောင်ပြောင်သရော်လိုက်သည်။

“ခွေးကောင်လေး၊ မင်းက ငါ့ကို အရူးလို့ ထင်နေတာလား၊ ငါ့ကို အရင်က အကြိမ်အနည်းငယ် သတ်ဖူးရုံနဲ့ အလွယ်တကူ လှည့်စားလို့ရမယ်လို့ မထင်နဲ့၊ နယ်မြေနတ်ဘုရား ဆိုတာ ဘယ်လိုအဆင့်လဲ မင်းသိရဲ့လား”

“ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက နယ်မြေနတ်ဘုရားအဆင့် ထိပ်သီးသိုင်းပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံဖို့တောင် အရည်အချင်း မပြည့်မီသေးဘူး”

“ငါနဲ့ မင်းကြားမှာ ရှိခဲ့တဲ့ ရန်ငြိုးတွေသာ မရှိရင် မင်း ငါ့မျက်နှာကိုတောင် မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး”

ကံမကောင်းစွာဖြင့် သူ့စကားများ ဆုံးသွားသည်နှင့် ကောင်းကင်ယံထက်တွင် ပုံမှန်မဟုတ်သော ချီစွမ်းအင်အငွေ့အသက်အချို့ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

“ငါပြောသားပဲ၊ ဒီကောင်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အစွမ်းထက်လဲဆိုတာ လုံးဝ မသိဘူး၊ ဘာစွမ်းအားမှမရှိဘဲနဲ့ လာပြီး ဟောင်နေတာ၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအစွမ်းထက်နေသယောင်နဲ့”

“နယ်မြေနတ်ဘုရားအဆင့်လေး ရှိသေးတာကို ငါတို့ဆရာ့နဲ့ တိုက်ခိုက်ချင်နေတယ်ပေါ့၊ ဆရာ့ကိုတောင် မင်းရှေ့မှာ ဒူးထောက်ခိုင်းချင်နေသေးတယ်၊ မင်းကိုယ်မင်း အရမ်းရယ်စရာကောင်းနေတယ်လို့ မထင်ဘူးလား”

“ဒီခေတ်ကြီးထဲမှာ အမှိုက်တွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ၊ မင်းလို အမှိုက်ကောင်က ဒီနေရာမှာ လူပြက်တစ်ဦးလို လာပြီး ဟန်ပန်ထုတ်နေရုံနဲ့ ကိုယ့်ကိုယ်ကိုယ် လောကမှာ အစွမ်းအထက်ဆုံးလို့ ထင်နေတာလား။ အမှိုက်က အမှိုက်ပဲ၊ ဘဝသစ် ပြန်ဝင်စားရင်တောင် အမှိုက်ပဲ ဖြစ်နေဦးမှာပါ”

“ဘာ... ဒါ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်တာ၊ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မရဏဘိုးဘေးသည် ချက်ချင်းပင် မှင်တက်အံ့သြသွားပြီး သူ့ရှေ့မှောက်ရှိ ပုံရိပ်အချို့ကို ကြောင်တောင်တောင် မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။ သူမြင်တွေ့နေရသည့် အရာများကို မယုံကြည်နိုင်သေးဘဲ ဦးနှောက်တစ်ခုလုံး ထုံကျင်သွားရသည်။

သူသည် အခြားနေရာသို့ ကူးပြောင်းသွားပြီးနောက် ကျင့်ကြံခြင်းအဆင့် တဟုန်ထိုး တိုးတက်လာခဲ့ခြင်းကပင် အလွန် ထူးခြားလှသည်ဟု ထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူ၏ လက်အောက်ငယ်သားများကပါ ဤအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ဤသည်က သူ၏ လောကကြီးအပေါ်အမြင်ကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

သူ၏ စွမ်းအားများ ဤမျှလျင်မြန်စွာ တိုးတက်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ သူ၌ နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက် ရှိနေသောကြောင့် ဖြစ်သည်။ နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်မှာ ဤစကြဝဠာတစ်ခုလုံးတွင် အစွမ်းအထက်ဆုံး အဆင့်၌ ရှိနေသည်ဟု ဆိုနိုင်သည်။

ဤမျိုးနွယ်စု၏ သွေးမျိုးဆက်နှင့် နှိုင်းယှဉ်နိုင်သော အခြား သွေးမျိုးဆက်များမှာ အလွန်ပင် ရှားပါးလှသည်။ ထို့ကြောင့်ပင် သူက ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ခြင်း ဖြစ်သည်။

ဤသည်က ကောင်းကင်ဘုံက ပေးသနားသော ပါရမီတစ်ခုပင် ဖြစ်သည်။ သူ၏ လျင်မြန်သော တိုးတက်မှုက အလွန် ယုတ္တိတန်လှသည်။

သို့သော် ကျိုးရီကပါ အဘယ်ကြောင့် ဤမျှမြန်မြန် တိုးတက်လာရသနည်း။ သူက သာမန် လူသားမျိုးနွယ်စုတစ်ဦးမျှသာ ဖြစ်ပြီး ဤကမ္ဘာကြီးမှာလည်း အလွန် နိမ့်ကျသော ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်သည်။

ဤကဲ့သို့သော ကမ္ဘာထဲမှ မည်သည့်ထိပ်သီးသိုင်းပညာရှင်မျှ ပေါ်ထွက်လာရန် မဖြစ်နိုင်ချေ။

ရိုးရိုးသားသား ပြောရလျှင် ဤကမ္ဘာရှိ လူများ အမြင့်ဆုံးရောက်ရှိနိုင်သော အဆင့်မှာ သူ၏ လက်ရှိအဆင့်သာ ဖြစ်သည်။

လက်ရှိအဆင့်က စကြဝဠာတစ်ခုလုံးတွင် အရမ်းကြီး မောက်မာ၍ မရနိုင်သေးသော်လည်း ဤကမ္ဘာငယ်လေးထဲတွင်မူ သေချာပေါက် ထိပ်တန်းအဆင့် ဖြစ်သည်။

‘ကျိုးရီက... သူ... သူက ဘယ်လိုလုပ်…. အဲဒီဟာက ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ'

မရဏဘိုးဘေး ဇဝေဇဝါဖြစ်နေဆဲမှာပင် လီရွှန်ကျိုးနှင့် အခြားနှစ်ဦးက သူ့ကို အလျင်အမြန်ပင် ဝိုင်းရံပိတ်ဆို့လိုက်ကြပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချက်ချင်း ပိတ်ဆို့လိုက်ကြသည်။

မရဏဘိုးဘေးသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ပျာယာခတ်လာတော့သည်။ ဤတစ်ကြိမ်တွင်သာ သူ ဤနေရာ၌ ထပ်မံသေဆုံးသွားရမည်ဆိုပါက သူ့ဘ၀ ပြီးဆုံးသွားမည် ဖြစ်ကြောင်း ကောင်းကောင်း သိသည်။

ထို့ကြောင့် သူက ချက်ချင်းပင် အော်ပြောလိုက်သည်။

“ကျိုးရီ၊ မင်း... မင်း ဘာလုပ်မလို့လဲ၊ မင်း ငါ့ကို သတ်လို့မရဘူး၊ အခု ငါ ဘယ်သူလဲဆိုတာ မင်း မသိဘူးလား။ ငါက အခု နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ၊ အခု မင်း ငါ့ကို သတ်လိုက်ရင် နဂါးမျိုးနွယ်စုက မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

လီရွှန်ကျိုးနှင့် အခြားနှစ်ဦးကမူ ဘာမျှမပြောဆိုခဲ့ကြချေ။ သူတို့အနေဖြင့် နဂါးမျိုးနွယ်စု ဆိုသည်မှာ မည်သို့သော မျိုးနွယ်စုဖြစ်ကြောင်း မသိရှိကြသော်လည်း တစ်ဖက်လူက နယ်မြေနတ်ဘုရားအဆင့်ရှိ ပညာရှင်တစ်ဦးကို ပေါ့ပေါ့ပါးပါး စေလွှတ်နိုင်စွမ်း ရှိနေသဖြင့် ဤမျိုးနွယ်စု၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ကြောင်းတော့ ရိပ်မိကြသည်။

အကယ်၍ သူတို့ တဇွတ်ထိုးလုပ်မိ၍ ကျိုးရီအတွက် ပြဿနာတစ်စုံတစ်ရာ ဖန်တီးမိပါက မကောင်းနိုင်ချေ။

ထို့ကြောင့် သူတို့ သုံးဦးလုံးက အောက်ဘက်ရှိ ကျိုးရီထံသို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရန်သူကို သတ်မည်၊ မသတ်မည်ဆိုသည်မှာ ဆရာဖြစ်သူ၏ အမိန့်အပေါ်တွင်သာ မူတည်နေသည်။

ကျိုးရီက သူတို့၏ ရည်ရွယ်ချက်ကို သဘာဝကျကျပင် နားလည်သဖြင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။

“သူ့ကို သတ်ပစ်လိုက်ပါ၊ ဆက်ချန်ထားဖို့ မလိုတော့ဘူး”

သူ၏ ကျင့်ကြံခြင်းက ‌နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တစ်ဖက်လူကို ဟန်ပန်ထုတ်ပြရန် သို့မဟုတ် နှိပ်စက်ကစားရန် စိတ်ကူးမရှိချေ။

တစ်ဖက်လူက ကိုယ့်ဖာသာကိုယ် သေတွင်းထဲ လာတိုးနေသည်ဖြစ်ရာ သူ့ကို မရဏလမ်းသို့ လမ်းညွှန်ပေးလိုက်ခြင်းက အားလုံးအတွက် အလုပ်ရှုပ် သက်သာပေလိမ့်မည်။

“နားလည်ပါပြီ”

ထိုစကားကို ကြားရသည်နှင့် ထိုသုံးဦးမှာ တွန့်ဆုတ်မနေတော့ဘဲ မှော်ရတနာများကို ချက်ချင်းထုတ်ယူကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး မရဏဘိုးဘေးကို အမှုန့်ကြိတ်ပစ်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

ဝေးကွာလှသော နေရာမှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်နှစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လီရွှန်ကျိုးနှင့် အခြားနှစ်ဦးကို တိုက်ခိုက်လိုက်တော့သည်။

လီရွှန်ကျိုးနှင့် အခြားနှစ်ဦးမှာလည်း ရတနာများကို ချက်ချင်း အသက်သွင်းကာ ပြန်လည်ခုခံလိုက်ကြရသည်။

ဘုန်း...

နှစ်ဖက်လုံး၏ တိုက်ကွက်များ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး နောက်ဆက်တွဲ စွမ်းအင်လှိုင်းများကြောင့် လူတိုင်း နောက်သို့ ဆုတ်ခွာသွားကြရကာ ချီစွမ်းအင်နှင့် သွေးများ ဆူပွက်သွားရသည်။

မကြာမီမှာပင် ထိုလူနှစ်ဦးက မရဏဘိုးဘေး၏ ဘေးနားသို့ ရောက်ရှိလာကြသည်။

“ဟွမ်လုံ၊ ဘာတွေ ဖြစ်နေတာလဲ၊ မင်း ဘာလို့ သူတို့နဲ့ ဒီမှာတိုက်ခိုက်နေရတာလဲ”

“ဪ... မင်းနာမည်က အခု ဟွမ်လုံဖြစ်နေတာကိုး၊ တကယ့်ကို တောဆန်တဲ့ နာမည်ပဲ”

ကျိုးရီက ဝင်ရောက်လှောင်ပြောင်လိုက်လေသည်။

All Chapters