အခန်း (၉၅၈-၉၆၀)
Vol. 64 Ch. 958-960
အခန်း (၉၅၈) - တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်ယောင်
ပင်လယ်ဘိုးဘေးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်၏။ သူမ၏ အေးစက်စက် မျက်ဝန်းအစုံက တဖျတ်ဖျတ် လှုပ်ရှားသွားကာ မေးခွန်းထုတ်လိုက်၏။
"အဲဒီအဘိုးကြီးက သူ့ရဲ့ကိုယ်ပွားကိုတောင် စေလွှတ်လိုက်တာလား... နင်ချီက ငါတို့ရဲ့ ပုံရိပ်ယောင်တွေကိုတောင် ယှဉ်တိုက်နိုင်တဲ့အထိ ကြီးထွားလာခဲ့ပြီလား..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က ခါးခါးသီးသီး ပြုံးလိုက်ရင်း ဆို၏။
"ကိုယ်ပွားတစ်ခုတည်းတင် မဟုတ်ဘူး..."
ထို့နောက်တွင် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် စစ်မြေပြင်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပင်လယ်ဘိုးဘေးအား အသေးစိတ် ရှင်းပြလိုက်လေတော့သည်။ သူ၏ စကားဆုံးသွားသောအခါ ပင်လယ်ဘိုးဘေး၏ စိတ်အာရုံမှာ လှုပ်ခတ်သွားရ၏။
"နင် ဆိုလိုတာက သူတော်စင်ဘိုးဘေး ကိုယ်ပွားက နယ်မြေများ ပင်လယ်ထဲက ရုပ်ပျက်ဆင်းပျက် သတ္တဝါတွေကို ဆင့်ခေါ်ခဲ့တာလား... ပြီးတော့ နင်ချီက အဲဒီအရာတွေကိုတောင် နှိမ်နင်းနိုင်ခဲ့တယ်ပေါ့..."
ပင်လယ်ဘိုးဘေးသည် အလွန်အမင်း လှပသူတစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် သူမ၏ မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု ထင်ဟပ်နေသည်။
နယ်မြေများ ပင်လယ်အကြောင်းကို ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ ယခင်ကထက် သိသိသာသာ ပို၍ အံ့အားသင့်သွားပုံရပြီး သူမ၏ အေးစက်သော မျက်ဝန်းများအတွင်းရှိ ရူးသွပ်မှုများပင် လျော့ပါးသွားသယောင် ရှိနေ၏။
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် သူသည် စည်းမျဉ်းစွမ်းအားများကို အသုံးပြုကာ နင်ချီနှင့် နယ်မြေများ ပင်လယ်မှ ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်တို့၏ တိုက်ပွဲကို ပင်လယ်ဘိုးဘေး မြင်တွေ့နိုင်ရန် ပုံဖော်ပြသလိုက်တော့၏။
ပင်လယ်ဘိုးဘေးသည် ထိုတိုက်ပွဲကို အသေးစိတ် စူးစိုက်ကြည့်နေပြီး အချက်တစ်ချက်ကိုမျှ အလွတ်မခံပါချေ။ ရာနှင့်ချီသော ရုပ်ပျက်ဆင်းပျက် သတ္တဝါများ ပေါ်လာပုံမှသည် နင်ချီနှင့် ကျောက်ယွီကျွင်းတို့က သုတ်သင်လိုက်သဖြင့် ဆယ်ကောင်အဖြစ် ပေါင်းစည်းသွားပုံ၊ ထို့နောက် လုံးဝ ပေါင်းစည်းသွားပုံနှင့် နောက်ဆုံးတွင် နင်ချီက အမြစ်ပြတ် ချေမှုန်းလိုက်ပုံတို့ကို သူမ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
"သူက အဲဒီ ရုပ်ပျက်ဆင်းပျက် သတ္တဝါတွေကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ဤသို့ ပြန်လည်ဖြေကြားလိုက်၏။
"အဲဒီကောင်က ငါ့အတွက်တောင် မယုံနိုင်စရာပဲ... သူက တောင်နှင့်ပင်လယ် ကမ္ဘာရဲ့ သမိုင်းတစ်လျှောက်မှာ အတော်ဆုံး ပါရမီရှင် ဖြစ်နိုင်တယ်... မင်းနဲ့ ဟောင်ရှန်းတောင်မှ သူ့ကို မမီနိုင်ဘူး..."
သူက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ဒါက ပါရမီတစ်ခုတည်းတင် မဟုတ်ဘူး... ကံတရားလည်း ပါသေးတယ်... သူ စစ်မြေပြင်နယ်မြေထဲမှာ ကမ္ဘာ နှစ်ခုရဲ့ ကောင်းကင်ကပ်ဘေးကို ဘယ်လို ကျော်ဖြတ်ခဲ့လဲဆိုတာ ကြည့်ဦးလေ... ပြီးတော့ အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာတွေကို နှိမ်နင်းနိုင်တဲ့ မိစ္ဆာချီကိုလည်း ရရှိထားသေးတယ်..."
ပင်လယ်ဘိုးဘေးမှာ ခဏမျှ တိတ်ဆိတ်သွားသည်။
သူမသည် မိမိကိုယ်ကို အမြဲတစေ ယုံကြည်မှု အပြည့်ရှိသူ ဖြစ်ပြီး တောင်ဘိုးဘေးနှင့် မရေမတွက်နိုင်သော ထောင်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သော်လည်း တစ်ခါမျှ အရှုံးမပေးခဲ့သူ ဖြစ်၏။ သူမသည် ပွင့်လင်းရိုးသားသူ ဖြစ်သလို အမှန်တရားကို အမြဲ ရှာဖွေသူလည်း ဖြစ်သည်။
ထို့ကြောင့် သူမသည် ကမ္ဘာတစ်ခု၏ ဘိုးဘေးဖြစ်နေရုံနှင့် နင်ချီ၏ ပါရမီကို အထင်သေးခြင်း သို့မဟုတ် လက်တွေ့ဘဝကို လျစ်လျူရှုခြင်းမျိုး ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပြောသောစကားများမှာ အမှန်တရားဖြစ်ကြောင်း သူမ၏ ရင်ထဲတွင် သိရှိနားလည်လိုက်၏။
"ဒါဆိုရင်... နင်က လွတ်မြောက်ဖို့အတွက် နင်ချီအပေါ်မှာပဲ မျှော်လင့်ချက်တွေ အကုန်ပုံအောထားတာလား..."
ပင်လယ်ဘိုးဘေးက ရုတ်တရက် အော်ဟစ်မေးမြန်းလိုက်၏။
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် တောင်ဘိုးဘေးကို ရင်ဆိုင်ရစဉ်ကထက်စာလျှင် ပင်လယ်ဘိုးဘေးကို ရင်ဆိုင်ရသည်မှာ ပို၍ လွယ်ကူနေဟန် ရှိသည်။ သူက မိမိကိုယ်ကို လှောင်ပြောင်သည့်အလား ရယ်လိုက်ပြီး...
"ဘာလဲ... မင်းတို့ နှစ်ယောက်လုံးက အဲဒီတုန်းက ငါ့ရဲ့ စွမ်းအားတွေကို ခိုးယူခဲ့ကြတာလေ... အခုတော့ ငါက လွတ်မြောက်ဖို့ ကြိုးစားတာကိုတောင် ခွင့်မပြုချင်တော့ဘူးလား..."
ပင်လယ်ဘိုးဘေးက လေးနက်သော အသံဖြင့် ဆိုသည်။
"တောင်နှင့်ပင်လယ်... နင်..နားလည်ပါတယ်... ငါက နင့်ရဲ့ စွမ်းအားတွေကို တကယ်တမ်း မယူချင်ပါဘူး... ငါ အဲ့ဒီလူကို တိုက်ခိုက်ဖို့အတွက်မှ မဟုတ်ရင် ဒီလို လုပ်မှာ မဟုတ်ဘူး..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှာမူ ဤခေါင်းစဉ်အပေါ် ဆက်လက် မတုံ့ပြန်တော့ပါချေ။
ပင်လယ်ဘိုးဘေးမှာ စကားဆက်မပြောတော့ဘဲ သူတို့နှစ်ဦးစလုံးသည် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ရှောင်လွှဲနေကြဟန် ရှိ၏။
ယခုအခါ ကျယ်ပြန့်သော ကမ္ဘာသည် ဒုတိယမြောက် ကိုယ်ပွားကို စစ်မြေပြင်နယ်မြေထဲသို့ ထပ်မံစေလွှတ်လိုက်ပြီ ဖြစ်ကြောင်း တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ ပင်လယ်ဘိုးဘေးက အေးစက်စက် ရယ်လိုက်၏။
“နင်က ငါ့ကိုပဲ အဓိက လာပြောနေတာ မဟုတ်လား... အဲဒီလူက သူ့လက်အောက်က လူတွေရဲ့ အသက်ကို တကယ် ဂရုစိုက်လိမ့်မယ်လို့ ငါ.. မယုံဘူး... ဟု သူမက ဆိုလိုက်၏။
"သူ့အကြောင်းကို နင် အသိဆုံးပဲလေ..."
"ဟက်... သူကမှ ကိုယ်ပွား စေလွှတ်ဖို့ ဝန်လေးနေတာ... ငါကရော စေလွှတ်လိမ့်မယ်လို့ နင် တကယ် ထင်နေတာလား..."
"မင်းကရော မစေလွှတ်ချင်ဘူးလား..."
"သူ့ကို အနိုင်ယူဖို့အတွက် ငါ့ရဲ့ ခွန်အားတွေကို အရင်ဆုံး အကုန်အကျ မခံနိုင်ဘူး..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
“မင်း..တကယ်ပဲ မင်းရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတာကို ထိုင်ကြည့်နေတော့မှာလား... သူ့ရဲ့ လမ်းစဉ်အတိုင်း လိုက်ပြီးမှ အောင်ပွဲခံမှာလား... ငါတော့ အဲဒါကို မယုံဘူး…”
ထိုစကားများကို ကြားရသောအခါ ပင်လယ်ဘိုးဘေး၏ အကြည့်များသည် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ ရုတ်ချည်း ပြောင်းလဲသွား၏။ သူမသည် ဝေးလံသော ကုန်းမြေကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အကြည့်လွှဲကာ အဆုံးမဲ့ပင်လယ်ဆီသို့ ပြန်လည် ကြည့်လိုက်ပြန်သည်။
တောင်ဘိုးဘေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်အားတစ်ခု တည်ဆောက်ရန် သူမအနေဖြင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ဤအရာအားလုံးကို ဆုံးရှုံးရမည်ဆိုပါက၊ သူမနောက်သို့ လိုက်ပါလာသူများ သေဆုံးသွားသည်ကို မြင်တွေ့ရမည်ဆိုပါက သူမ အမှန်တကယ် လုပ်နိုင်ပါမည်လော။
ပင်လယ်ဘိုးဘေး၏ စိတ်အာရုံထဲတွင် လူတိုင်း သေဆုံးကုန်ကြပြီး သူမ တည်ဆောက်ခဲ့သမျှ အရာအားလုံး လေထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်ယောင်လိုက်မိ၏။
ရုတ်တရက် သူမသည် ဝေးကွာလှသော အတိတ်တစ်ခုကို ပြန်လည် အမှတ်ရသွားဟန် ရှိပြီး သူမ၏ နီရဲသော နှုတ်ခမ်းလွှာကို တင်းတင်းစေ့လိုက်ရာ သွေးစကလေး တစ်စက်က သူမ၏ မေးစေ့လေးပေါ်သို့ စီးကျလာတော့သည်။
“ဟားဟား... သူက ငါ့ကို မကယ်တင်ရင်တောင် ငါကတော့ သူ့ကို ကယ်ဦးမှာပဲ... သူက ကိုယ်ပွား မလွှတ်ရင်တောင် ငါကတော့ လွှတ်မှာပဲ…”
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်သည် စိတ်ထိန်းနိုင်စွမ်း ကင်းမဲ့နေသော ပင်လယ်ဘိုးဘေးကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် ဖော်ပြရခက်သော ခံစားချက်များ ပြည့်နှက်နေတော့သည်။
...
ကျယ်ပြန့်သော ကမ္ဘာဝယ်..
သူတော်စင်ဘိုးဘေးသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်နှင့် ဆက်သွယ်နေ၏။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် နင်ချီက ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များကို မည်သို့ အနိုင်ယူခဲ့ကြောင်း အသေးစိတ် အချက်အလက်များကို တင်ပြလိုက်၏။
သို့သော် သူတော်စင်ဘိုးဘေးက ထိုအရာများကို ဂရုမစိုက်ဘဲ သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။
“ကျိလီ... မင်းက မင်းရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒကို အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်ထဲ ပေါင်းစပ်ထည့်သွင်းခဲ့တယ်လို့ ပြောတာလား... “ သူက တင်းမာစွာ မေးမြန်းလိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ ဘိုးဘေးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိ၏။
“ဆရာ... နင်ချီက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ထပ်ခါတလဲလဲ ဖျက်ဆီးနေတာလေ... ဆရာ ဆင့်ခေါ်ထားတဲ့ မိစ္ဆာကောင်က ဘာမှ မလုပ်ရသေးခင် အသတ်ခံရမှာကို ကျွန်တော် မကြည့်ရက်လို့... အဲဒါကြောင့် မိစ္ဆာကောင်ကို ခွန်အားမြှင့်ပေးဖို့ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ အနည်းငယ်ကို သုံးလိုက်တာပါ…”
ထိုသို့ ပြောပြီးနောက် သူသည် ဝိညာဉ်ကမ္ဘာ၏ ဆန္ဒတော် အနည်းငယ်ကို ဘိုးဘေး၏ ရှေ့မှောက်၌ပင် ထုတ်ဖော်ပြသလိုက်၏။
“ဆရာ... ကျွန်တော် ဒီလောက်လေးပဲ သုံးလိုက်တာပါ... မိစ္ဆာကောင်က အန္တရာယ်ရှိတာ မှန်ပေမဲ့ ဆရာ ရှိနေသရွေ့တော့ ကျွန်တော်တို့ ဒီလောက်အထိ သတိထားစရာ မလိုဘူး မဟုတ်လား…”
သူတော်စင်ဘိုးဘေးသည် ဆံချည်မျှင်မျှသာ ရှိသော ဝိညာဉ်ကမ္ဘာ ဆန္ဒတော်ကို စိုက်ကြည့်နေပြီး မျက်လုံးအိမ်များ ကျုံ့ဝင်သွားရ၏။
“ ဒီအရာတွေကို လုံးဝ မထိတွေ့ဖို့ ငါ မင်းကို အကြိမ်ကြိမ် သတိပေးခဲ့တယ် မဟုတ်လား... ဘာလို့ နားမထောင်ရတာလဲ…”
သူက ကြိမ်းမောင်းလိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ အပြစ်တင်ခံရသဖြင့် အမှားတစ်ခု ပြုလုပ်မိသော ကျောင်းသားလေး တစ်ဦးအလား ခေါင်းငုံ့ကာ ဘာမှမတတ်နိုင်ဘဲ ရပ်နေတော့၏။
သူတော်စင်ဘိုးဘေးမှာမူ သက်ပြင်းတစ်ချက်ကိုသာ ရှည်လျားစွာ ချလိုက်၏။
“မင်းရဲ့ စိတ်ဆန္ဒ အနည်းငယ်လေးကို နယ်မြေများ ပင်လယ်ထဲက ထိတ်လန့်ဖွယ်ရာ ဖြစ်တည်မှုတွေက သတိမထားမိပါစေနဲ့လို့ပဲ ငါ ဆုတောင်းရမှာပဲ..”
ထိုအခါ.. ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က မော့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဆရာ... ကျွန်တော့်ရဲ့ စိတ်ဆန္ဒက အဲဒီ မိစ္ဆာကောင်ထဲ ရောက်သွားရင် ဘာဖြစ်မှာမို့လို့လဲ... တပည့် တကယ် မသိလို့ပါ...
သူတော်စင်ဘိုးဘေး၏ ဇရာရနေသော မျက်နှာထက်တွင် စိုးရိမ်မှုများ ပိုမို ထင်ဟပ်လာ၏။
ဤစိုးရိမ်မှုမှာ တောင်နှင့်ပင်လယ် ကမ္ဘာ၏ တိုက်ခိုက်မှုထက်ပင် ပိုမို နက်ရှိုင်းနေပုံရသည်။
“ငါ မင်းကို ရှင်းအောင် ပြောပြမယ်... ငါပဲ ဒီအရာတွေကို ထိတွေ့နိုင်တာ... မင်း ဘာလို့ မရသလဲဆိုတော့ မင်းက ဝိညာဉ်ကမ္ဘာရဲ့ ဆန္ဒတော် ဖြစ်နေလို့ပဲ…”
သူက ရှင်းပြလိုက်၏။
သူတော်စင်ဘိုးဘေးက ဆက်လက်၍ ပြောပြလိုက်သည်။
“အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်တွေဟာ ဝိညာဉ်ကမ္ဘာတွေကို တိုက်ခိုက်ဖို့ ပင်ကိုဗီဇ ပါပြီးသားပဲ... အထူးသဖြင့် ဝိညာဉ်ကမ္ဘာရဲ့ မူလဇာစ်မြစ်တွေကိုပေါ့... သူတို့က အရာရာကို ဖျက်ဆီးဖို့အတွက်ပဲ မွေးဖွားလာကြတာ... ဒါကြောင့် ဝိညာဉ်ကမ္ဘာရဲ့ ဆန္ဒတော် ဖြစ်တဲ့ မင်းရဲ့ စိတ်ဆန္ဒကို သူတို့ အာရုံခံမိသွားရင် သူတို့တွေဟာ နယ်မြေများ ပင်လယ်ကတစ်ဆင့် ကျယ်ပြန့်သော ကမ္ဘာဆီကို မဖြစ်မနေ လိုက်လာကြလိမ့်မယ်..”
အခန်း (၉၅၉) - တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်ယောင်
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ သူတော်စင်ဘိုးဘေးက အဘယ်ကြောင့် သူ့အား မိစ္ဆာကောင်များနှင့် မထိတွေ့ရန် တားမြစ်ခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။
“ဆရာ... ကျွန်တော် မှားသွားပါပြီ…”
သူက နောင်တကြီးစွာဖြင့် ဝန်ခံလိုက်သည်။
သူတော်စင်ဘိုးဘေးက သူ၏ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်၏။
“အခုတော့ မင်းရဲ့ စိတ်ဆန္ဒက သူတို့ရဲ့ အာရုံစိုက်မှုကို မရလောက်အောင် နည်းပါးပါစေလို့ပဲ မျှော်လင့်ရတော့မယ်... ပြီးတော့ နင်ချီက မိစ္ဆာကောင်ကို သတ်ပြီးနောက်မှာ အဲဒီအချက်အလက်တွေကို မူလဇာစ်မြစ်ဆီ ပြန်မပို့ခဲ့ပါစေနဲ့လို့လည်း မျှော်လင့်ရမှာပဲ…”
ထိုအခါ.. ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က အလျင်အမြန် မော့ကြည့်လာသည်။
“ဟုတ်ပါတယ်... နင်ချီက မိစ္ဆာကောင်ကို ချက်ချင်း သတ်ပစ်လိုက်တာဆိုတော့ သူတို့ သတင်းပို့ဖို့ အချိန်ရမှာ မဟုတ်ပါဘူး…”
ထိုအခိုက်အတန့်တွင် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် နင်ချီ့အပေါ် ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်စိတ်ကလေး ဖြစ်ပေါ်သွားသည်။
ထို့နောက် သူတော်စင်ဘိုးဘေးက အခြားတစ်ချက်ကို ထပ်မံ ပြောကြားလိုက်ပြန်၏။
“ထားလိုက်ပါတော့... အခုလောလောဆယ် ဝိညာဉ်ကမ္ဘာ စစ်ပွဲကိုပဲ အာရုံစိုက်ကြရအောင်... တကယ်လို့ ငါတို့ ရှုံးသွားခဲ့ရင် အဲဒီအရာတွေကို ဆွဲဆောင်ပြီး ငါတို့အတွက် ကလဲ့စားချေခိုင်းလို့ ရတာပေါ့... တကယ်လို့ ငါတို့ နိုင်ခဲ့ရင်တော့ တောင်နှင့်ပင်လယ် ကမ္ဘာရဲ့ အကြွင်းအကျန်တွေကို ဒီမှာပဲ ထားပစ်ခဲ့မယ်... မင်းက ကျယ်ပြန့်သော ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ပြီး ကိုယ့်အရှိန်အဝါကို ဖုံးကွယ်ထားပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးရမယ်…”
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်ကလည်း ခေါင်းညိတ်လိုက်၏။
...
စစ်မြေပြင်နယ်မြေအတွင်း။
သူတော်စင်ဘိုးဘေး၏ ကိုယ်ပွား ပြန်လည်ရောက်ရှိလာသည်။ ဤမြင်ကွင်းကြောင့် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားသွားကြသော်လည်း တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ အများစုမှာမူ မအီမသာ ဖြစ်သွားကြရ၏။
တစ်ဖက်မှ သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားမှာ နှစ်ကြိမ်တိုင်တိုင် ပေါ်ထွက်လာခြင်းက သူတို့၏ ဘိုးဘေးများသည် လက်အောက်ငယ်သားများ၏ အသက်ကို တန်ဖိုးထားကြောင်း ထင်ရှားစွာ ပြသနေသည်။
သူတို့ဘက်ကရော မည်သို့နည်း။ အကယ်၍ နင်ချီသာ ရှိမနေခဲ့ပါက သူတော်စင် ဘိုးဘေး၏ ကိုယ်ပွား ဆင်းသက်လာချိန်နှင့် ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များ ပေါ်လာချိန်တွင် သူတို့အားလုံးမှာ လုံးဝ ပြိုလဲပျက်စီးသွားခဲ့လောက်ချေပြီ။
သေချာသည်ကား ဤရှုံးနိမ့်မှုမှာ တောင်နှင့်ပင်လယ် ကမ္ဘာ ရှုံးနိမ့်ခြင်းကို မဆိုလိုသော်လည်း အနည်းဆုံးတော့ ကျင့်ကြံသူများ အနေဖြင့် ရှုံးနိမ့်သွားခြင်းပင်။
။ သူတို့၏ အသက်တွေ ဆုံးရှုံးရမှာကို ရှုံးနိမ့်သည်ဟု မဆိုနိုင်ဘူးလော။
ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများသည် သူတော်စင်ဘိုးဘေး ကိုယ်ပွားကို စူးစိုက်ကြည့်နေကြပြီး တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကမူ တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံထက်မှ နင်ချီ့ဆီသို့သာ အကြည့်များ ပြန်လည် ပို့လွှတ်လိုက်ကြ၏။
ယခုအချိန်တွင် နင်ချီ တစ်ယောက်တည်းကသာ သူတို့အား စိတ်အေးချမ်းမှု ပေးနိုင်စွမ်း ရှိသည်။
ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကုန်းထျန်းတောက်နှင့် လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်းတို့ပင်လျှင် နင်ချီကဲ့သို့သော လုံခြုံမှုမျိုးကို မပေးနိုင်ကြပါချေ။
သို့သော် ဂိုဏ်းချုပ်နှစ်ဦးကို နှိုင်းယှဉ်မည်ဆိုပါက ကျောက်ယွီကျွင်းမှာ ကုန်းထျန်းတောက်ထက် အနည်းငယ် ပို၍ သာလွန်ပါ၏။
ယခင်က ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်၏ တိုက်ခိုက်မှုကြောင့် ကျင့်ကြံသူ တပ်မတော် သုံးရပ်ကြားတွင် အထိအခိုက်များ ရှိခဲ့၏။ နင်ချီ၏ တပ်မတော်မှာ အထိအခိုက် အနည်းဆုံး ဖြစ်ခဲ့ပြီး ဓားဘိုးဘေး၏ အစွမ်းကြောင့် မိစ္ဆာကောင်၏ ဝါးမြိုခြင်းကို တစ်ဦးတစ်ယောက်မျှ မခံခဲ့ရပေ။ သို့သော် ပင်လယ်ဘိုးဘေး၏ လက်အောက်ခံ ကျင့်ကြံသူ ၃၀၀ ခန့် သေဆုံးခဲ့ပြီး တောင်ဘိုးဘေး၏ လက်အောက်ခံများမှာမူ ၇၀၀ နီးပါးခန့်အထိ အသတ်ခံခဲ့ရသည်။
ထို့ကြောင့် မည်သူ့နောက်သို့ လိုက်ပါရန် ပို၍ တန်ဖိုးရှိကြောင်းကိုလည်း ဤအချက်က ပြသနေသည်။
ကုန်းထျန်းတောက်သည် ကျန်းယင်းချူနှင့် တိုက်ခိုက်နေဆဲဖြစ်ကာ နှစ်ဦးသားမှာ အဆင့်ချင်း တူညီနေကြ၏။ သူသည် တစ်ဖက် ဂိုဏ်းချုပ်ကိုသာ တားဆီးထားနိုင်ပြီး ကျန်ရှိသော အရာများတွင်မူ တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါချေ။
သို့သော် သူတို့အနေဖြင့် ကုန်းထျန်းတောက်ကို အပြစ်တင်နိုင်ပါမည်လော။
သူက ကျောက်ယွီကျွင်းထက်ပင် အားနည်းသူ ဖြစ်လေရာ တစ်ဖက် ဂိုဏ်းချုပ်ကို တားဆီးထားနိုင်ခြင်းမှာပင် သူ၏ အစွမ်းကုန် ကြိုးစားမှု ဖြစ်နေချေပြီ။
သူတို့၏ အဓိက မကျေနပ်မှုမှာ ကုန်းထျန်းတောက်အပေါ် မဟုတ်ဘဲ... ။
ထိုအတွေးမှာ လူတိုင်း၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသော်လည်း အလိုအလျောက်ပင် ဆက်မတွေးမိအောင် တားဆီးလိုက်ကြ၏။
ဘိုးဘေးကြီး နှစ်ပါးမှာ သူတို့၏ ရင်ထဲတွင် တားမြစ်ထားသော ပုဂ္ဂိုလ်များကဲ့သို့ပင်။
ထိုအကြောင်းကို ပြောရန် မဆိုထားနှင့်၊ တွေးတောမိခြင်းမှာပင် လုံးဝ ခွင့်မလွှတ်နိုင်သော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။
သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် ဟင်းလင်းပြင်အတွင်း မားမားမတ်မတ် ရပ်နေပြီး မည်သူ့ကိုမျှ မကြည့်ဘဲ နင်ချီကိုသာ စိုက်ကြည့်နေသည်။
“ ကောင်လေး... အရင်က ငါပြောတဲ့ အကြံပြုချက်ကို မင်း သဘောတူသလား မတူဘူးလား... ဘာလို့ ကျယ်ပြန့်သော ကမ္ဘာ ကျင့်ကြံသူတွေကို အသာစီးရအောင် ထပ်ပြီး တားဆီးနေရတာလဲ…”
သူက မေးမြန်းလိုက်၏။
နင်ချီကမူ ထိုပုဂ္ဂိုလ်ကို အရေးလုပ်ရန်ပင် ပျင်းနေသည်။
ရင်ထဲတွင်မူ သဘောတူချင်သော ဆန္ဒ အမှန်တကယ် ရှိနေ၏။ သို့သော် သူတော်စင်ဘိုးဘေးသည် သူ၏ လက်အောက်ခံများကို ခြိမ်းခြောက်နိုင်သော အရာများစွာကို ဖန်တီးခဲ့သည် မဟုတ်ပါလော။ ထိုအရာကို သူ မည်သို့ လွယ်လွယ်ကူကူ လွှတ်ထားနိုင်ပါမည်နည်း။ ဒါက တောင်နှင့်ပင်လယ် ကမ္ဘာကို သစ္စာဖောက်ရာ မရောက်ပေဘူးလော။
နင်ချီသည် အနည်းဆုံးတော့ ယခုအချိန်တွင် ထိုသို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူတော်စင်ဘိုးဘေး ကိုယ်ပွား ပြန်ရောက်လာသည်ကို မြင်သောအခါ နင်ချီလည်း ဘာမှမတတ်နိုင်သလို ခံစားလိုက်ရ၏။
တောင်နှင့်ပင်လယ် ကမ္ဘာဘက်မှ ဘိုးဘေးနှစ်ဦးမှာ အလွန်တရာပင် ကြောက်တတ်လွန်းလှသည်။
‘ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ကျင့်ကြံသူတွေရဲ့ အသက်ကို သူတို့ တကယ်ပဲ ဂရုမစိုက်ကြဘူးလား... တစ်ဖက်က ကိုယ်ပွား နှစ်ကြိမ်တိုင်တိုင် လွှတ်နေပြီ... သူတို့ကတော့ ကိုယ်ပွား တစ်ခုတောင် မလွှတ်ဘူး…’
ဒါက ဘိုးဘေးနှစ်ဦးအပေါ် နင်ချီ၏ နားလည်မှုထက် ကျော်လွန်နေချေပြီ။
သူတို့သည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့၏ စိတ်ဓာတ်မှာမူ လွန်စွာ အောက်တန်းကျလှသည်။
ဒါက သူတို့၏ အသက်များကို အသုံးချကာ သူတော်စင်ဘိုးဘေး၏ စွမ်းအားကို ကုန်ဆုံးသွားစေရန် တမင်သက်သက် လုပ်ဆောင်နေခြင်း မဟုတ်ပါလော။
အဓိက အချက်မှာ နင်ချီ ကိုယ်တိုင် ဤနေရာတွင် ရှိနေသဖြင့် သူတို့ကို လုံးလုံးလျားလျား လျစ်လျူရှု၍ မရခြင်းပင်။
သူသည် မိမိ၏ လူများ အသေအပျောက် ရှိမှာကိုလည်း ဂရုမစိုက်ဘဲ မနေနိုင်သလို၊ ကျောက်ယွီကျွင်းနှင့် လန်ချင်းအောက်တို့ကဲ့သို့သော သူများ သေဆုံးသွားမှာကိုလည်း အဖြစ်မခံနိုင်ပါချေ။ နင်ချီ ပြောနိုင်သည်မှာ သူသည် ဘိုးဘေးနှစ်ဦးထက် များစွာ ပို၍ စိတ်နှလုံး ကောင်းမွန်ခြင်းပင်။ မူလ အကြံအစည်အရဆိုလျှင် သူသည် နှစ်ဖက်စလုံး တိုက်ခိုက်နေသည်ကို ဘေးမှ ကြည့်ကာ အကျိုးအမြတ်ကိုသာ ယူသင့်သည်။ သို့သော် ယခုမူ ဘိုးဘေးနှစ်ဦးကသာ နောက်ကွယ်မှ အကျိုးအမြတ် ယူသူများ ဖြစ်နေကြချေပြီ။
ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ချေ။ သူသည် ထိုဘိုးဘေးနှစ်ဦးကို တိုက်ပွဲထဲသို့ မဖြစ်မနေ ဆွဲသွင်းရပေမည်။ မဟုတ်ပါက ဤတိုက်ပွဲ ဆက်ဖြစ်နေလျှင် သူ၏ အစစ်အမှန် စွမ်းအားများမှာ တစ်ချိန်ချိန်တွင် ပေါ်ထွက်သွားရပေလိမ့်မည်။
ထိုသို့ တွေးတောကာ နင်ချီက သူ၏ ဘေးနားရှိ မောပန်းနွမ်းနယ်နေဟန် ရှိသော တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို လှမ်းကြည့်လိုက်၏။
"ကမ္ဘာ့အရှင်သခင်... ဘိုးဘေးနှစ်ဦးက ဒီကို ကိုယ်ပွားတွေ မစေလွှတ်တော့ဘူးလား..."
နင်ချီ၏ မောပန်းနေသော ပုံစံကို မြင်သောအခါ ဤကလေးမှာ မထမ်းဆောင်သင့်သော ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ်ပင် ထမ်းထားရရှာသည်ဟု တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ခံစားလိုက်ရသည်။
“စိတ်မပူပါနဲ့... သူတို့ထဲက တစ်ယောက် ပေါ်လာတော့မှာပါ... မင်းရဲ့ နစ်နာမှုတွေအတွက် ငါ ဆုလာဘ်တွေ ပေးပါ့မယ်…”
ထိုစကားကြောင့် နင်ချီ၏ ရင်ထဲ၌ တစ်ချက် လှုပ်ခတ်သွား၏။
မည်သူ လာနေပါသနည်း။
တောင်ဘိုးဘေးလား၊ ပင်လယ်ဘိုးဘေးလား။
တစ်ယောက်တည်းလား၊ နှစ်ယောက်လုံးလား။
အကယ်၍ သူတို့ နှစ်ဦးစလုံးသာ ကိုယ်ပွားများ စေလွှတ်မည်ဆိုလျှင် သူတော်စင်ဘိုးဘေးမှာလည်း သူ၏ စွမ်းအားများကို ထပ်မံ မြှင့်တင်ရပေလိမ့်မည်။ နင်ချီက တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို ပြောလိုက်၏။
"ကျွန်တော်ကတော့ အရှင်သခင်ရဲ့ ဆုလာဘ်ကို လက်ခံဖို့အတွက် အသက်ရှင်ပါဦးမလား မသိတော့ပါဘူး..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် “ ငါ ရှုံးနိမ့်သွားရင်တောင် မင်းကိုတော့ ငါ ကာကွယ်ပေးပါ့မယ်…” ဟု ပြတ်သားစွာ ဆိုလိုက်၏။
သူ၏ စကားများမှာ နင်ချီ့အပေါ် ထားရှိသော တန်ဖိုးထားမှုကို ပေါ်လွင်စေသည်။
"ခင်ဗျား.. ကျွန်တော့်ကိုပဲ ကယ်တင်မယ်ဆိုရင်တော့ ကျွန်တော် လုံးဝ ထွက်သွားမှာ မဟုတ်ဘူး... ကျွန်တော့်ရဲ့ လူတွေကိုလည်း ခင်ဗျား ကယ်တင်ပေးရမယ်..."
ထိုစကားကြောင့် တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်မှာ စိတ်လှုပ်ရှားသွားရ၏။
ပင်လယ်ဘိုးဘေး၏ ပုံရိပ်သည် နင်ချီ၏ ပုံရိပ်နှင့် ထပ်တူကျသွားသယောင် ရှိနေသည်။
သူတို့ နှစ်ဦးစလုံးမှာ နှလုံးသား ရှိကြသေး၏။ မိမိကိုယ်ကို ကောင်းကင်တာအိုနှင့် နှိုင်းယှဉ်ကာ သွေးအေးလှသော တောင်ဘိုးဘေးနှင့်မူ လုံးဝ မတူကြပါချေ။
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် သူ ဖန်တီးထားသော သက်ရှိများ အားလုံး ပျက်စီးသွားသည်ကို တကယ်ပဲ ထိုင်ကြည့်နေနိုင်ပါမည်လော။
ထင်ရှားသည်မှာ သူလည်း မလုပ်နိုင်ပါချေ။
ဟင်းလင်းပြင်အတွင်း၌ ထူးဆန်းသော ဖြစ်ရပ်များ ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာသည်။
တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများ၏ ဘက်ခြမ်းတွင် သူတို့၏ ဦးခေါင်းအထက်ရှိ နယ်နိမိတ်တံတိုင်းကြီးမှာ ပင်လယ်ရေများအလား ရုတ်ချည်း လှုပ်ခတ်လာတော့၏။ ရေစီးကြောင်းတစ်ခုသည် နယ်နိမိတ်တံတိုင်းကို ထိုးဖောက်ဝင်ရောက်လာပြီးနောက် လူရိပ်တစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားသည်။
"ဟေ့ကောင်လေး... ဖိအားတွေကို ပခုံးထမ်းပေးမယ့် စစ်သေနာပတိချုပ် ရောက်လာပြီ မဟုတ်လား…”
တောင်ဘိုးဘေးသည် စစ်မြေပြင်နယ်မြေကို စူးစိုက်ကြည့်ရှုနေလေ၏။ သူ၏ မျက်ဝန်းအစုံထဲတွင် စစ်မြေပြင် တစ်ခုလုံးမှာ အရောင်နှစ်မျိုး ခြယ်သထားသော စစ်တုရင်ခုံကြီး တစ်ခုအလား ထင်မှတ်ရသည်။ မြောက်ဘက်ခြမ်းမှာ ရွှေရောင်လွှမ်းနေပြီး ကျယ်ပြန့်သော ကမ္ဘာ သိမ်းပိုက်ထားသော နယ်မြေကို ကိုယ်စားပြုနေ၏။ တောင်ဘက်ခြမ်းမှာမူ အပြာရောင်နှင့် အစိမ်းရောင်များ ရောယှက်နေကာ တောင်နှင့်ပင်လယ် ကမ္ဘာ၏ နယ်မြေကို ညွှန်းဆိုနေသည်။
နှစ်ဖက်စလုံး၏ နယ်နိမိတ်မှာ ရှင်းလင်းပြတ်သားလှသော်လည်း ဗဟိုချက်ရှိ စက်ဝိုင်းပုံစံ နယ်မြေတစ်ခုတွင်မူ အရောင်နှစ်မျိုးမှာ အဆက်မပြတ် ရောယှက်ကာ တိုက်ခိုက်နေကြ၏။ ထိုအခိုက် ဗဟိုဒေသ၏ အထက် ဟင်းလင်းပြင်ထဲတွင် ပင်လယ်ဘိုးဘေး၏ ကိုယ်ပွား ဝင်ရောက်လာမှုကြောင့် ဖရိုဖရဲ ဖြစ်နေသော အရောင်များကြားတွင် ပင်လယ်ပြာရောင် တစ်ချက် ဟပ်သွားတော့သည်။
“နောက်ဆုံးတော့ မင်းလည်း မအောင့်နိုင်ဘဲ ပါဝင်လာခဲ့ပြီပဲ... ဒါနဲ့တင် မင်းသာ ငါ့ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ...”
တောင်ဘိုးဘေးက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ဗဟိုဒေသတွင် ရှိနေကြသော လူတိုင်းမှာ ကောင်းကင်ယံမှ ဆင်းသက်လာသော အလွန်လှပသည့် ပုံရိပ်တစ်ခုကို မော့ကြည့်နေကြ၏။ သူမသည် အရပ်ရှည်လျားပြီး သွယ်လျသော ကိုယ်လုံးကိုယ်ထည်ရှိကာ ဝတ်စားဆင်ယင်မှုမှာ အလွန်တရာ ကျော့ရှင်းလှသည်။ သူမ၏ ရေခဲပြာရောင် ဆံနွယ်ရှည်များကို ရွှေရောင် သရဖူတစ်ခုဖြင့် သေသပ်စွာ စည်းနှောင်ထားသဖြင့် သပ်ရပ်တည်ငြိမ်သော အသွင်ကို ဆောင်နေ၏။
သူမ၏ မျက်နှာမှာ ရင်သပ်ရှုမောဖွယ် လှပသော်လည်း ရေခဲပြင်ကဲ့သို့ အေးစက်လှသည်။ စာကလေးတောင်ပံကဲ့သို့ သွယ်လျသော မျက်ခုံးတန်းလေးများမှာ ပြာလဲ့သော လှိုင်းကြက်ခွပ်လေးနှစ်ခုအလား ထင်မှတ်ရပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သူမျှ အနားမကပ်ရဲလောက်အောင် မြင့်မြတ်လွန်းလှသည်ဟု ခံစားလိုက်ရသည်။
“ဒီအမျိုးသမီးက ပင်လယ်ဘိုးဘေးလား...”
နင်ချီသည် ပင်လယ်ဘိုးဘေးကို စိုက်ကြည့်နေမိ၏။
သူ၏ တစ်သက်တာတွင် ဤမျှလောက် အစွမ်းထက်သော အမျိုးသမီးကျင့်ကြံသူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမသည် တောင်ဘိုးဘေးနှင့် ရင်ပေါင်တန်းနိုင်သူဖြစ်ပြီး တောင်နှင့်ပင်လယ် ကမ္ဘာရှိ ဘိုးဘေးနှစ်ဦးတွင် တစ်ဦးအပါအဝင် ဖြစ်ကာ ပင်လယ်ပြင် တစ်ခုလုံးကို အုပ်စိုးထားသူလည်း ဖြစ်၏။
အခန်း (၉၆၀) - နင်ချီ... ရွေးချယ်ခံရသူ
နင်ချီ၏ ဘေးနားတွင် ရှိနေသော ကျောက်ယွီကျွင်းနှင့် ပင်လယ်ဘိုးဘေး၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံးမှာ ဟင်းလင်းပြင်ထဲတွင် ပေါ်လာသော ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
“လက်အောက်ခံ ကျင့်ကြံသူများက ပင်လယ်ဘိုးဘေးကို ရိုသေစွာ ကြိုဆိုပါတယ် ခင်ဗျာ...”
သူတို့၏ အရှိန်အဝါမှာ ကမ္ဘာကြီးကိုပင် တုန်ဟီးသွားစေနိုင်ပြီး လူတိုင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။ ၎င်းမှာ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများက သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားကို မြင်တွေ့ရချိန်က ခံစားချက်မျိုးပင် ဖြစ်၏။
သို့သော် ကုန်းထျန်းတောက် ဦးဆောင်သော တောင်ဘိုးဘေး၏ လက်အောက်ခံ ကျင့်ကြံသူများမှာမူ ဦးမညွှတ်ကြပါချေ။ ထိုအစား သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများသာ ဖုံးလွှမ်းနေတော့သည်။
ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားပင် ဆင်းသက်လာခဲ့ပြီ ဖြစ်သော်လည်း တောင်ဘိုးဘေး၏ ကိုယ်ပွားမှာ အဘယ်ကြောင့် ရောက်မလာသေးသနည်း။ တောင်ဘိုးဘေးက သူတို့ကို တကယ်ပဲ အရေးမစိုက်တော့တာလား...။
ထိုအခိုက်တွင် သူတို့၏ စိတ်ဓာတ်များမှာ သိသိသာသာပင် စိုးရိမ်ထိတ်လန့်ကာ မရေမရာ ဖြစ်လာရသည်။ တစ်ဖက်တွင် ပင်လယ်ဘိုးဘေး ရောက်လာပြီဖြစ်၍ သူမနှင့် အမြဲ ဆန့်ကျင်ဘက်ဖြစ်သော တောင်ဘိုးဘေးသည်လည်း မဖြစ်မနေ ဆင်းသက်လာသင့်သည်ဟု သူတို့ တွေးနေမိကြ၏။
အခြားတစ်ဖက်တွင်မူ ကောင်းကင်ယံရှိ လှုပ်ရှားမှုမရှိသော နယ်နိမိတ်တံတိုင်းကြီးကို ကြည့်ရင်း တောင်ဘိုးဘေးမှာ ရောက်ရှိလာတော့မည် မဟုတ်ကြောင်း မိမိကိုယ်ကို ပြန်လည် သတိပေးနေကြရသည်။
လက်ရှိ အခြေအနေတွင် ဘိုးဘေး၏ ကိုယ်ပွားသာ ပေါ်မလာပါက သူတို့၏ စစ်စိတ်စစ်မာန်ကို ပြင်းထန်စွာ ထိခိုက်စေမည်မှာ အမှန်ပင် ဖြစ်၏။ နင်ချီ၏ လက်အောက်ရှိ တပ်မတော်နှစ်ရပ်မှာမူ ရိုသေလေးစားမှု ပြသသည့်အနေဖြင့် ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ အေးစက်စူးရှသော မျက်ဝန်းအစုံဖြင့် တစ်ဖက်ရှိ သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားကို စိုက်ကြည့်လိုက်လေ၏။
“အဘိုးကြီး... ရှင်က ကိုယ်ပွားတစ်ခု စေလွှတ်တာကို ကျွန်မ ဘာမှ မပြောခဲ့ဘူးနော်... အခုတော့ ဒုတိယ ကိုယ်ပွားကိုတောင် ထပ်လွှတ်လိုက်ပြီလား... ကျွန်မရဲ့ တောင်နှင့်ပင်လယ် ကမ္ဘာမှာ လူသူကင်းမဲ့နေတယ်လို့ ရှင် တကယ် ထင်နေတာလား...”
ပင်လယ်ဘိုးဘေးက သူမ၏ နှုတ်ခမ်းလွှာကို အနည်းငယ် ဟလိုက်ရာ ထွက်ပေါ်လာသော အသံမှာ ပင်လယ်ဒီရေလှိုင်းများအလား တစ်ဗဟိုဒေသလုံးတွင် ပဲ့တင်ထပ်သွားပြီး ဟိန်းထွက်သွားလေတော့သည်။
သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားသည် မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။ ကမ္ဘာ နှစ်ခုကြား စစ်ပွဲ စတင်ခဲ့သည့် အချိန်မှစ၍ သူတော်စင်ဘိုးဘေးသည် တောင်နှင့်ပင်လယ် ကမ္ဘာရှိ ဘိုးဘေးနှစ်ဦး၏ သတင်းအချက်အလက်များကို စုဆောင်းခဲ့သည်။
သူ ရရှိထားသော သတင်းများအရ ဘိုးဘေးနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မသင့်မြတ်ဘဲ အချင်းချင်း ထိန်းချုပ်နေကြသူများ ဖြစ်လေရာ ဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ပင်လယ်ဘိုးဘေး၏ စရိုက်ကို ပြန်လည် စဉ်းစားကြည့်လိုက်သောအခါတွင်မူ သူ စိတ်အေးသွားရသည်။
ဤအမျိုးသမီးသည် အဓိကအားဖြင့် ရေနှင့် ရေခဲကျင့်စဉ်များကို ကျင့်ကြံသော်လည်း သူမ၏ စရိုက်မှာမူ သူမ ကျင့်ကြံသော အရာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် မီးတောက်တစ်ခုကဲ့သို့ ပြင်းထန်လှပြီး ငယ်စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် သူမ၏ စိတ်နေစိတ်ထားတွင် ရူးသွပ်မှု အနည်းငယ် ကပ်ငြိနေပုံရ၏။ သူမ၏ ရောက်ရှိလာမှုနှင့် ယခု ပြောဆိုလိုက်သော မာန်ပါသည့် စကားများက သူမ၏ စရိုက်အစစ်အမှန်ကို ထင်ရှားစေသည်။
သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားက အသံကို မြှင့်၍ ပြန်လည် တုံ့ပြန်လိုက်၏။
“ဒီဝိညာဉ်ကမ္ဘာ စစ်ပွဲကြီး စတင်ခဲ့တာက ခင်ဗျားတို့ရဲ့ တောင်နှင့်ပင်လယ် ကမ္ဘာက ကျုပ်ရဲ့ ကျယ်ပြန့်သော ကမ္ဘာကို အရင် လာနှောင့်ယှက်ခဲ့လို့ပဲ... ကျုပ်ရဲ့ နယ်မြေက ကျင့်ကြံသူတွေ အဆက်မပြတ် အထိအခိုက် ရှိနေတာကို သူတော်စင်ဘိုးဘေး တစ်ယောက်အနေနဲ့ ကျုပ်က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ…”
ပင်လယ်ဘိုးဘေးသည် သူတော်စင်ဘိုးဘေး၏ စကားကို ကြားသောအခါ ငြင်းဆန်ခြင်း သို့မဟုတ် ခုခံပြောဆိုခြင်းမျိုး မပြုလုပ်ခဲ့ပေ။ သူမသည် သူမ၏ သွယ်လျလှပသော မေးစေ့လေးကို အသာအယာ ငုံ့ညွတ်လိုက်ပြီး သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားပြောဆိုချက်ကို အသိအမှတ်ပြုလိုက်ဟန် ရသည်။
အနည်းဆုံးတော့ သူမ၏ အမြင်တွင် သူတော်စင်ဘိုးဘေး၏ စကားမှာ အကြောင်းပြချက် ခိုင်လုံပြီး လုပ်ရပ်မှာလည်း သူမထက်စော၍ စစ်မြေပြင်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သဖြင့် တစ်ဖက်လူမှာ လက်အောက်ငယ်သားများ၏ အသက်ကို ပို၍ တန်ဖိုးထားကြောင်း ထင်ရှားနေသည်။
အောက်ဘက်ရှိ ကျင့်ကြံသူအားလုံးမှာ ကောင်းကင်ယံထက်မှ ဘိုးဘေးကိုယ်ပွား နှစ်ဦးကို မော့ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေကြတော့သည်။
ဘိုးဘေးကြီး နှစ်ဦး၏ ကိုယ်ပွားများမှာ အမှန်တကယ် တိုက်ခိုက်ကြတော့မည်လော။
နင်ချီပင်လျှင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။
အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက်တွင် သူသည် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကျင့်ကြံသူများကို တစ်ကိုယ်တည်း ဦးဆောင်နေရသည့် ဝန်ထုပ်ဝန်ပိုးမှ နောက်ဆုံးတွင် လွတ်မြောက်ခဲ့ရုံသာမက ပင်လယ်ဘိုးဘေး၏ အစစ်အမှန် ခွန်အားကိုလည်း မြင်တွေ့ခွင့်ရတော့မည် ဖြစ်သည်။
နင်ချီသည် ယခင်က တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ ရတနာ သုံးခုကို ရရှိခဲ့ဖူးသည်။ တစ်ခုမှာ ကမ္ဘာ့ဆန္ဒတော်၏ ကမ္ဘာ့ဆန္ဒတော် စည်းမျဉ်းစွမ်းအား ဖြစ်ပြီး ၎င်း၏ အရည်အသွေးမှာ သာမန်စွမ်းအားထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်လှ၏။ နောက်တစ်ခုမှာ တောင်ဘိုးဘေးက ပေးအပ်ခဲ့သော တောင်ဖိနှိပ် တံဆိပ်တော် ဖြစ်ပြီး နင်ချီသည် ထိုအရာကို အသုံးပြု၍ ပေါင်းစပ်တာအိုအဆင့် တိုက်ခိုက်မှုများကို ခုခံကာ ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး ရတနာမှာမူ ပင်လယ်ဘိုးဘေးက ပေးအပ်ခဲ့သည့် သမုဒ္ဒရာနှလုံးသားပင် ဖြစ်တော့သည်။
ထိုရတနာ သုံးခုကို သူ ကပ်ဘေးဖြတ်ကျော်နေစဉ်အတွင်း အစစ်အမှန် သိုင်းကမ္ဘာဆီသို့ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့ပြီးလေပြီ။
သူ၏ ပင်မကိုယ်ထည်က ထိုအရာများကို သေချာစွာ ခွဲခြမ်းစိတ်ဖြာ သုတေသနပြုနေပြီး ၎င်းတို့မှတစ်ဆင့် ဘိုးဘေးနှစ်ဦး၏ အစစ်အမှန် စွမ်းအားကို သိရှိရန် ကြိုးပမ်းနေလေ၏။
ယခုအခါ ပင်လယ်ဘိုးဘေး၏ ကိုယ်ပွား ဆင်းသက်လာပြီ ဖြစ်ရာ နင်ချီသည် ဤကိစ္စကို ပြန်လည် အမှတ်ရသွားတော့သည်။ သူ၏ ပင်မကိုယ်ထည်မှာ အဆိုပါ ရတနာများကို အနှံ့အစပ် ခွဲခြမ်းစိတ်ဖြာပြီးလောက်ချေပြီ။
သို့သော်လည်း သူသည် ပင်မကိုယ်ထည်အား ချက်ချင်း လှမ်း၍ မမေးမြန်းခဲ့ပါချေ။ အကြောင်းမူကား ဘိုးဘေးကိုယ်ပွား နှစ်ဦးမှာ ယခုပင် တိုက်ခိုက်ကြတော့မည် ဖြစ်ရာ ထိုသို့ပြုလုပ်ရန် အချိန်မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့်တည်း။
နင်ချီ၏ ရင်ထဲတွင်မူ ယခုထက်ထိ ကိုယ်ပွား တစ်ခုမျှ မစေလွှတ်သေးသော တောင်ဘိုးဘေးအပေါ် အထင်အမြင်သေးမှုများ ပိုမို တိုးပွားလာခဲ့ရသည်။ ထိုလူမှာ အမှန်တကယ်ပင် ကောက်ကျစ်စဉ်းစားတတ်သူ ဖြစ်ပေလိမ့်မည်။
ပင်လယ်ဘိုးဘေးပင်လျှင် ကိုယ်ပွား စေလွှတ်လိုက်ပြီ ဖြစ်သော်လည်း တောင်နှင့်ပင်လယ် ကမ္ဘာ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော ထိုလူမှာမူ နောက်ကွယ်တွင်သာ ပုန်းအောင်းနေဆဲ ဖြစ်၏။ နင်ချီသည် တောင်ဘိုးဘေးအား နောင်တစ်ချိန်တွင် ပိုမို သတိထားရန် ဆုံးဖြတ်လိုက်၏။ သူသည် ယခုအခါ ကမ္ဘာ နှစ်ခု၏ ဆန္ဒတော်များ၊ သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားနှင့် ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားတို့ကို တွေ့ဆုံခဲ့ပြီး ဖြစ်ရာ သူတို့ တစ်ဦးချင်းစီ၏ စရိုက်လက္ခဏာကို သူ၏ စိတ်ထဲ၌ ပုံဖော်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
နင်ချီ ထိုသို့.. တွေးတောနေစဉ်မှာပင် ကောင်းကင်ယံထက်၌... ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားသည် ရုတ်ချည်းပင် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
သူမသည် စစ်မြေပြင်၏ လက်ရှိအခြေအနေကို အကဲခတ်လိုက်ပြီး သူမ တည်ထောင်ခဲ့သော လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်းကို တစ်ချက် ကြည့်လိုက်၏။ နောက်ဆုံးတွင် သူမ၏ အကြည့်များသည် နင်ချီ့ထံတွင် တိကျစွာ ရပ်တန့်သွားတော့၏။ ထိုအကြည့်တစ်ချက်တည်းနှင့်ပင် နင်ချီသည် အေးစက်နက်ရှိုင်းလှသော ပင်လယ်အောက်ခြေတွင် ပိတ်မိနေသည့်အလား ထင်ယောင်ထင်မှား ဖြစ်သွားရသည်။
နင်ချီ၏ အသိစိတ်မှာ လှုပ်ခတ်သွားပြီး ထိုခံစားချက်ကို ချက်ချင်းပင် ဖယ်ရှားလိုက်၏။ သူသည် ပင်လယ်ဘိုးဘေး၏ အကြည့်ကို ရဲရဲဝံ့ဝံ့ပင် ပြန်လည် ရင်ဆိုင်လိုက်၏။ သူတို့၏ မျက်ဝန်းအစုံမှာ ဟင်းလင်းပြင်အလယ်တွင် ဆုံတွေ့သွားကြသည်။ ရေခဲပြင်များ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်လှသော ထိုမျက်ဝန်းများထဲတွင် နင်ချီ့အပေါ် ချီးကျူးအသိအမှတ်ပြုသည့် အရိပ်အယောင် အနည်းငယ်ကို သူ ရှာဖွေတွေ့ရှိလိုက်၏။ ချက်ချင်းဆိုသလိုပင် ပင်လယ်ဘိုးဘေးက သူမ၏ အကြည့်ကို လွှဲဖယ်လိုက်ပြီး သူတော်စင်ဘိုးဘေးအား စကားဆိုလိုက်၏။
“စကားတွေ အရှည်ကြီး ပြောမနေနဲ့တော့... ဒါက စစ်မြေပြင် ဖြစ်နေမှတော့ အနိုင်အရှုံးနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့...”
သူမသည် အရာအားလုံးကို အကဲခတ်ပြီးနောက် သူမ၏ တာဝန်ကို ပြတ်သားစွာ လုပ်ဆောင်တော့သည်။
ပင်လယ်ဘိုးဘေးသည် သူမ၏ ခြေဖျားလေးဖြင့် ဟင်းလင်းပြင်ကို အသာအယာ နင်းလိုက်ရာ သူတော်စင်ဘိုးဘေး၏ နောက်ကျောဘက်သို့ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်း ရောက်ရှိသွားတော့သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းလှပသော လက်ဝါးမှာ သူတော်စင်ဘိုးဘေး၏ လည်ပင်းဆီသို့ ကန့်လန့်ဖြတ် ဝင့်ခုတ်လိုက်၏။
ပါးလွှာသော ရေလှိုင်းအလင်းတန်းလေးမှာ လက်တစ်ပြင်လုံးကို ဖုံးလွှမ်းသွားပြီး ထိုကျောက်စိမ်းလက်ဝါးမှာ ဖျက်ဆီး၍မရနိုင်သော ရေဓားမြတ်အဖြစ်သို့ အသွင်ပြောင်းသွားသည်။ နင်ချီသည် ပင်လယ်ဘိုးဘေး၏ လှုပ်ရှားမှုများကို တိတ်ဆိတ်စွာ အာရုံခံကြည့်နေမိ၏။ သေချာသည်ကား ပင်လယ်ဘိုးဘေး ယခုလေးတင် အသုံးပြုလိုက်သော နေရာရွှေ့ပြောင်းခြင်း အတတ်ပညာတွင် ဟင်းလင်းပြင်ကို ဖြတ်ကျော်သည့် စွမ်းအားများ ကိန်းအောင်းနေသည်။
ပင်လယ်ဘိုးဘေး၏ လက်ဝါးခုတ်ချက်မှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာမူ ထိုသို့ မဟုတ်ပါချေ။ ထိုရေဓားမြတ်အတွင်း၌ မရေမတွက်နိုင်သော မဟာတာအို၏ စည်းမျဉ်းများ စုစည်းနေပြီး သူမ၏ ခိုင်မာသော ယုံကြည်ချက်နှင့် စိတ်ဆန္ဒများကပါ ထပ်ဆင့် ပံ့ပိုးပေးထားခြင်းပင် ဖြစ်၏။
နောက်တစ်စက္ကန့်တွင် သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားကလည်း သူ၏ လက်ကို မြှောက်လိုက်ပြီး သူမ၏ ရေဓားမြတ်ကို သူ၏ လက်ဝါးဖြင့် ခုခံတားဆီးလိုက်၏။
“ဝုန်း”
ဇရာရနေသော လက်ဝါးနှင့် ကျောက်စိမ်းကဲ့သို့ လက်ဝါးတို့ ထိပ်တိုက် တွေ့ဆုံသွားကြလေပြီ။ သူတို့နှစ်ဦးကြားရှိ ဟင်းလင်းပြင်မှာ ထိုအခိုက်အတန့်၌ လှိုင်းတွန့်များအလား တုန်ခါသွားရ၏။
ကျင့်ကြံဆင့် နိမ့်ပါးသော ကျင့်ကြံသူ အများအပြားမှာ ထိုမြင်ကွင်းကို တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ခေါင်းနားပန်းကြီးကာ အန်ချင်စိတ်များ ပေါ်ပေါက်လာသဖြင့် အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်ကြရတော့သည်။ အခြားသော ကျင့်ကြံသူများကမူ ဆက်လက် စောင့်ကြည့်နေကြဆဲပင်။
ကောင်းကင်ယံထက်တွင် ဘိုးဘေးနှစ်ဦးမှာ သူတို့၏ လက်ဝါးချင်း အကြိမ်ကြိမ် ရိုက်ခတ်နေကြသည်။ သူတော်စင်ဘိုးဘေး၏ လက်ဝါးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး ပင်လယ်ဘိုးဘေး၏ ကျောက်စိမ်းလက်ဝါးမှမူ ပါးလွှာသော ရေလှိုင်းအလင်းများ တလက်လက် တောက်ပနေ၏။ ထိုအလင်းနှစ်ခု ရိုက်ခတ်မိတိုင်း လွင့်စင်ထွက်ကျလာသော အလင်းစက်လေးများပင်လျှင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ထိုးဖောက် ပျက်စီးစေနိုင်သည်။
ဤထိုးဖောက်မှုမှာ တစ်ကြိမ်တည်းနှင့် ပြီးဆုံးသွားခြင်းမျိုး မဟုတ်ဘဲ ဟင်းလင်းပြင်ကို အဆက်မပြတ် လှုပ်ခတ်စေကာ အပြင်ဘက်သို့ လှိုင်းများအလား ပြန့်ကားသွားစေခြင်းပင် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဘိုးဘေးနှစ်ဦးစလုံးမှာ သူတို့၏ စွမ်းအားများကို ထိန်းချုပ်ထားကြသည်။ သူတို့၏ တိုက်ပွဲဒဏ်မှာ တစ်မိုင်ခန့် အကွာအဝေးသို့ ရောက်သည်နှင့် လုံးဝ ပျောက်ကွယ်သွားသဖြင့် အောက်ဘက်ရှိ လူများမှာ ထိုတိုက်ပွဲ၏ တန်ပြန်ရိုက်ခတ်မှုဒဏ်မှ ဘေးကင်းနေလေသည်။
သူတို့နှစ်ဦးမှာ လက်ဝါးချက်ပေါင်း များစွာကို အပြန်အလှန် လဲလှယ်ခဲ့ကြ၏။
နင်ချီသည် သူတို့နှစ်ဦးစလုံးမှာ ရှိသမျှ အစွမ်းကုန် မထုတ်သုံးသေးဘဲ တစ်ဖက်လူ၏ ခွန်အားကို သတိကြီးစွာဖြင့် စမ်းသပ်နေကြကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
မိမိနှင့် သူတော်စင်ဘိုးဘေးတို့၏ ယခင်တိုက်ပွဲကို ထည့်သွင်းစဉ်းစားနေရန် မလိုပါချေ။ ရိုးရိုးသားသား ပြောရလျှင် ဒါက သူတော်စင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ ကိုယ်ပွားများ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း မဟုတ်ပါလား။
“သုံးဆယ်...”
နင်ချီက စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေမိ၏။
သူ ရေတွက်လိုက်သော "သုံးဆယ်" ဆိုသည်မှာ ဘိုးဘေးနှစ်ဦး၏ တိုက်ကွက် အရေအတွက်ပင်။ တစ်ချိန်တည်းမှာပင် နင်ချီ၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားရ၏။
တစ်စုံတစ်ရာ ပြောင်းလဲတော့မည်ကို သူ အာရုံခံမိလိုက်သောကြောင့်တည်း။ မျှော်လင့်ထားသည့်အတိုင်းပင် သုံးဆယ့်တစ်ကြိမ်မြောက် အချီတွင် ပင်လယ်ဘိုးဘေး၏ လက်ဝါးချက်မှာ သူတော်စင်ဘိုးဘေး၏ လက်ဝါးနှင့် ထပ်မံ ရိုက်ခတ်မိပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူတို့မှာ နောက်သို့ ပြန်လည် မဆုတ်ခွာတော့ဘဲ သူတို့၏ သိုင်းကွက်များမှာ ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်လယ်ဘိုးဘေး၏ ကျောက်စိမ်းလက်ဝါးမှာ ရေကဲ့သို့ စီးဆင်းသွားပြီး သူတော်စင်ဘိုးဘေး၏ လက်ကို အပြည့်အဝ ရစ်ပတ်တုပ်နှောင်လိုက်၏။ ထို့နောက် သူ၏ လည်ပင်းဆီသို့ ဝင့်ခုတ်လိုက်ပြန်သည်။
သူတော်စင်ဘိုးဘေးမှာမူ လျင်မြန်စွာပင် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ အနောက်သို့ ဆုတ်ခွာသွားသဖြင့် သူမ၏ အချုပ်အနှောင်မှ လွတ်မြောက်သွားသည်။
ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားမှာမူ နေရာမှာပင် ရပ်မြဲရပ်နေပြီး မကျေမနပ် ဖြစ်နေသော အမူအရာ ပေါ်လွင်နေ၏။ သူမ ယခုလေးတင် အသုံးပြုလိုက်သော သိုင်းကွက်မှာ "ပင်လယ်နဂါး အချုပ်အနှောင်" ဟူသော နည်းစနစ်ပင်။ ၎င်းမှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း အမျိုးမျိုးသော တုပ်နှောင်ခြင်းနှင့် ချည်နှောင်ခြင်းဆိုင်ရာ တာအိုနိယာမများ ပါဝင်နေသော်ငြား သူတော်စင်ဘိုးဘေးမှာမူ လွတ်မြောက်သွားနိုင်ခဲ့သည်။
ဤသိုင်းကွက်မှ တောင်ဘိုးဘေး တစ်ဦးတည်းသာလျှင် လွတ်မြောက်နိုင်စွမ်း ရှိသည်ဟု သူမက ရဲရဲကြီး အာမခံရဲသည်။ သူမ၏ လက်အောက်ခံ ကျောက်ယွီကျွင်းနှင့် တောင်ဘိုးဘေး၏ လက်အောက်ခံ ကုန်းထျန်းတောက်တို့ပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။ သေချာသည်ကား သူတော်စင်ဘိုးဘေး၏ ခွန်အားမှာ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ဘိုးဘေးနှစ်ဦးနှင့် ရင်ပေါင်တန်းနိုင်လောက်သည်။
ကမ္ဘာ နှစ်ခုလုံးမှာ ဝိညာဉ်ကမ္ဘာများ ဖြစ်ကြသော်လည်း ဝိညာဉ်ကမ္ဘာများအကြားတွင်လည်းကောင်း၊ ဘိုးဘေးများအကြားတွင်လည်းကောင်း ခွန်အားကွာခြားမှုများ ရှိနေကြဆဲပင် ဖြစ်၏။ ဝိညာဉ်ကမ္ဘာ စစ်ပွဲကို မစတင်မီက ကျယ်ပြန့်သော ကမ္ဘာမှာ သူတို့ထက် နိမ့်ကျလိမ့်မည်ဟု သူတို့ တွက်ချက်ထားခဲ့ကြသော်လည်း ယခုမူ ထိုသို့ မဟုတ်တော့ပါချေ။ သူတော်စင်ဘိုးဘေးနှင့် ကျယ်ပြန့်သော ကမ္ဘာ၏ ဆန္ဒတော်တို့မှာ သူတို့၏ အစစ်အမှန် ခွန်အားကို ဖုံးကွယ်ထားခဲ့ကြကြောင်း ပင်လယ်ဘိုးဘေး ရိပ်စားမိလိုက်၏။
ပင်လယ်ဘိုးဘေး၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ ဒါကလည်း ကောင်းမွန်သော ကိစ္စရပ်တစ်ခုပင်။ သူမ၏ စွမ်းရည်များကို စမ်းသပ်ရန်နှင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှကို သက်သေပြရန်အတွက် နောက်ထပ် ပြိုင်ဘက်ကောင်း တစ်ဦးကို ရရှိလိုက်ခြင်း မဟုတ်ပါလော။
တောင်နှင့်ပင်လယ် ကမ္ဘာတွင် သူမ၏ တစ်ဦးတည်းသော ပြိုင်ဘက်မှာ တောင်ဘိုးဘေးသာ ဖြစ်ပြီး သူတို့ နှစ်ဦးမှာလည်း တရားဝင် တိုက်ခိုက်ခဲ့ကြသည်မှာ ကြာမြင့်လှပြီလေ ။
သူတော်စင်ဘိုးဘေး၏ ကိုယ်ပွားမှာမူ အဝေးတစ်နေရာတွင် ပြန်လည် ပေါ်ပေါက်လာပြီး သူ၏ မျက်နှာထားမှာ ပိုမို တည်ကြည်လေးနက်လာသည်။ ပင်လယ်ဘိုးဘေး ပေါ်လာခြင်းကြောင့်ရော၊ အောက်ဘက်မှ တိုက်ပွဲ အခြေအနေကြောင့်ပါ သူ စိုးရိမ်နေရလေ၏။ သူတို့၏ ကျယ်ပြန့်သော ကမ္ဘာမှာ လူအင်အား အမှန်တကယ်ပင် နည်းပါးလှသည်။ နင်ချီ၏ ပေါ်ထွက်လာမှုမှာ သူတို့အတွက် အကြီးမားဆုံးသော အခက်အခဲကြီးပင် ဖြစ်တော့သည်။
သူတော်စင်ဘိုးဘေး၏ လက်ဝါးထဲတွင် ပန်းချီကားလိပ်တစ်ခု ပေါ်လာပြီး ရုတ်တရက် ဖြန့်ချလိုက်၏။ ပန်းချီကားလိပ် ပွင့်ဟသွားသည်နှင့်အမျှ နတ်ဘုံနတ်နန်း တစ်ခုအလား လှပသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ ၎င်းကား ဗဟိုဒေသအတွင်း၌ နောက်ထပ် ဟင်းလင်းပြင် ထွက်ပေါက်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ထိုဟင်းလင်းပြင် ထွက်ပေါက်မှာ ပန်းရောင်အလင်းတန်းများ တလက်လက် တောက်ပနေပြီး ပန်းချီကားထဲမှ မက်မွန်ပန်းပွင့်များ၏ အရောင်ကို ဆောင်နေ၏။
“ပင်လယ်ဘိုးဘေး ဖြစ်နေမှတော့ ငါနဲ့အတူ ဒီဟင်းလင်းပြင်ထဲကို ဝင်ပြီး အပြတ်အသတ် ရှင်းကြတာပေါ့... ဒီမှာ ဆက်တိုက်နေရင်တော့ ဒီစစ်မြေပြင်နယ်မြေကြီးလည်း ခံနိုင်မှာ မဟုတ်တော့ဘူး...”
ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားမှာ မျက်မှောင်ကြုတ်သွားသည်။ ဤအဘိုးကြီးက သူမအား အခြား ဟင်းလင်းပြင်တစ်ခုအတွင်းသို့ လိုက်ပါရန် စိန်ခေါ်နေလေ၏။ သူမက ထိုမျှအထိ အမည်လော။ ပတ်ဝန်းကျင် ပြောင်းလဲသွားခြင်း၊ ဟင်းလင်းပြင် ပြောင်းလဲသွားခြင်းမှာ တစ်ဖက်လူ၏ နယ်မြေအတွင်းသို့ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်သွားခြင်း မဟုတ်ပါလား။
ပင်လယ်ဘိုးဘေး၏ မျက်နှာအမူအရာကို မြင်သည်နှင့် သူတော်စင်ဘိုးဘေးက သူမ ဘာတွေးနေသည်ကို ချက်ချင်း သိလိုက်၏။
သူတော်စင်ဘိုးဘေးက နင်ချီ့ဆီသို့ လက်ညှိုးညွှန်ပြကာ စကားဆိုလိုက်၏။
“မင်း မပေါ်လာခင်က အဲဒီကောင်လေးဟာ ငါနဲ့အတူ ဒီမက်မွန်ဥယျာဉ်ထဲမှာ တိုက်ခိုက်ခဲ့တာလေ... မင်းရဲ့ လက်အောက်ခံ ကျင့်ကြံသူတောင်မှ ငါ့ကို ဝင်တိုက်ရဲသေးတာကို... မင်းက ဘိုးဘေးတစ်ယောက် ဖြစ်နေပြီးတော့ မဝင်ရဲဘူးလား...”
အောက်ဘက်တွင်မူ နင်ချီမှာ ဆွံ့အသွားရသည်။ သူသည် သူတော်စင်ဘိုးဘေး၏ လက်ထဲရှိ ပန်းချီကားလိပ်မှ ထွက်ပေါ်နေသော လှုပ်ခတ်မှုများကို အာရုံခံမိနေသည်။
သူသည် ယခင်က ထိုမက်မွန်ဥယျာဉ်ထဲတွင် တိုက်ခိုက်ခဲ့သည်မှာ မှန်သော်လည်း ယခု သူတော်စင်ဘိုးဘေး၏ လက်ထဲရှိ ပန်းချီကားမှာ ယခင်ကထက် များစွာ ပိုမို အစွမ်းထက်ပြီး ထူးခြားဆန်းပြားလှသည်။ ယခင် တစ်ခုက လက်တန်း ရေးဆွဲထားသော လက်ရာ တစ်ခုသာ ဖြစ်နိုင်သော်လည်း ယခုမူ ထိုပန်းချီကားမှာ ထိုမျှ မရိုးရှင်းကြောင်း နင်ချီ ခံစားလိုက်ရ၏။
“ကောင်လေး... သူပြောတာ အမှန်ပဲလား...”
ပင်လယ်ဘိုးဘေးက နင်ချီ့ကို လှမ်း၍ မေးမြန်းလိုက်၏။
“ပင်လယ်ဘိုးဘေး... ဒီပန်းချီကားက ကျွန်တော် အရင်တုန်းက တိုက်ခဲ့တဲ့ ပန်းချီကားမျိုး မဟုတ်ဘူးဗျ... ပိုပြီး အစွမ်းထက်တယ်...”
နင်ချီက ပင်လယ်ဘိုးဘေး၏ ကိုယ်ပွားအား ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ပြီးနောက် သတိပေးစကား ဆိုလိုက်၏။
ပင်လယ်ဘိုးဘေးမှာမူ ငြင်းပယ်ရန် ရည်ရွယ်ထားပုံ ရသော်လည်း ထိုအခိုက်..သူတော်စင်ဘိုးဘေး၏ နှုတ်ခမ်းများမှာ အသာအယာ လှုပ်ရှားသွားပြီး သူမထံသို့ တစ်စုံတစ်ရာကို လျှို့ဝှက်စွာ ပြောကြားလိုက်၏။
ပင်လယ်ဘိုးဘေးသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် နင်ချီ့ကို လက်ယပ်ခေါ်လိုက်ပြီး...ပြောလိုက်သည်က..
“ကောင်လေး... ငါနဲ့အတူ လိုက်ခဲ့စမ်း…”