အခန်း (၉၄၆-၉၄၈)
Vol. 64 Ch. 946-948
အခန်း (၉၄၆) - ကောင်းကင်ယံထက်က နေမင်းကိုးစင်း
မက်မွန်ဥယျာဉ် ဟင်းလင်းပြင်အတွင်း၌ သူတော်စင်ဘိုးဘေး ကိုယ်ပွားနှင့် နင်ချီတို့အကြားက တိုက်ပွဲသည် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
“ကျွန်တော်က ခင်ဗျားရဲ့ ရန်သူမဟုတ်ဘဲ မဟာမိတ်ဖြစ်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား...”
နင်ချီက သိချင်စိတ်ဖြင့် ထုတ်မေးလိုက်၏။
သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် နင်ချီကို စေ့စေ့ကြည့်ကာ တည်ငြိမ်စွာဖြင့် တုံ့ပြန်သည်။
“ငါ အသက် (၁၀၀) အရွယ်မှာ ဗေဒင်ပညာကို စတင်လေ့လာခဲ့တယ်... အသက် (၁၀၀) မှာ ငါ့ရဲ့တွက်ချက်မှုတွေက တစ်ဝက်မှန်ပြီး တစ်ဝက်မှားခဲ့တာပေါ့... ငါ့အသက် (၁၀၀၀၀) ပြည့်တဲ့အချိန်မှာတော့ ဆယ်ကြိမ် တွက်ရင် ကိုးကြိမ် မှန်ပြီး တစ်ကြိမ်ပဲ မှားတဲ့ အဆင့်ကို ရောက်ရှိခဲ့တယ်...”
“ငါ အသက် (၃၀၀၀၀) ပြည့်တဲ့အခါမှာတော့ တစ်ကြိမ်ပဲ အမှားလုပ်ခဲ့ဖူးတယ်... ဒါပေမဲ့ နောက်ဆုံးမှာတော့ အဲဒီအမှားကလည်း မှားယွင်းမှု မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်... အခု ငါ အသက် (၃၀၀၀၀) ပြည့်ပြီးကတည်းက မရေမတွက်နိုင်တဲ့ ထောင်စုနှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ... ငါ့ရဲ့ ဗေဒင်တွက်ချက်မှုမှာ အမှားအယွင်း ရှိမယ်လို့ မင်းထင်သလား...”
“တကယ်လို့ ငါအမှားလုပ်ခဲ့တယ် ဆိုရင်တောင် အဲဒါဟာ ငါ့လို အဆင့်မျိုးနဲ့တောင် ဖော်ထုတ်ဖို့ခက်ခဲတဲ့ လျှို့ဝှက်ချက် တစ်ခု မင်းမှာရှိနေလို့ပဲ ဖြစ်ရမယ်...”
နင်ချီ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
ဗေဒင်ဆရာတစ်ယောက်နှင့် တိုးရသည်မှာ အတော်လေး အလုပ်ရှုပ်လှသည်။ သို့သော် ဤအဘိုးကြီးက သူ့အကြောင်း အရာအားလုံးကို ကြိုတင်ဟောကိန်းထုတ်နိုင်သည်ဟု သူ အမှန်တကယ် မယုံကြည်ပေ။ နင်ချီသည် ကံကြမ္မာကို မယုံကြည်သူ ဖြစ်၏။
နင်ချီတစ်ယောက်တည်း ကံကြမ္မာကို မယုံကြည်ခြင်း မဟုတ်ပေ။ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနေသူတစ်ဦးကသာ ကံကြမ္မာကို တကယ်ယုံကြည်နေမည်ဆိုပါက အင်မော်တယ် ဖြစ်အောင် ကျင့်ကြံနေခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
သူတော်စင်ဘိုးဘေး ကိုယ်ပွား၏ အာရုံသည် နင်ချီ၏ မျက်နှာအမူအရာပေါ်၌သာ စွဲမြဲနေပြီး နင်ချီ၏ အကြည့်များက မယိမ်းမယိုင်ဘဲ ခိုင်မာပြတ်သားနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤအချက်ကြောင့်ပင် သူတော်စင်ဘိုးဘေးသည် နင်ချီကို ပို၍ပင် အထင်ကြီးလေးစားသွားရပြန်၏။
သူ၏ အဆင့်အတန်းက မည်သို့နည်း။
ကျယ်ပြန့်သော ကမ္ဘာတွင် တစ်ဦးတည်းသော ဘိုးဘေးကြီးဖြစ်သလို အစွမ်းအထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်ပေရာ သူသည် လက်တွေ့တွင် အင်မော်တယ်ဖြစ်တည်မှုတစ်ခုနှင့် မခြားပေ။ ကျယ်ပြန့်သော ကမ္ဘာအတွင်း သူပြောသမျှ စကားများသည် ဥပဒေပင် ဖြစ်သည်။
'ငါက မင်းကို အသက်ရှင်စေချင်ရင် မင်း ရှင်ရမယ်... ငါက မင်းကို သေစေချင်ရင် မင်း သေရမယ်...'
သူ တစ်ခွန်းပြောလိုက်သည်နှင့် ကျယ်ပြန့်သော ကမ္ဘာတွင် မည်သူမျှ မနာခံဘဲ မနေရဲကြချေ။ မယုံကြည်သူ ဟူ၍ ပို၍ပင် ရှိမည် မဟုတ်ပေ။
ထို့ကြောင့်လည်း နင်ချီက သူ့အား မျက်နှာချင်းဆိုင်၍ မေးခွန်းထုတ်ရဲသည့် သတ္တိကို သူတော်စင်ဘိုးဘေး အလွန်အမင်း အသိအမှတ်ပြုလိုက်ခြင်းပင်။
ဒါက စီနီယာတစ်ဦးကို ကျော်လွန်လိုသည့် လူငယ်တစ်ဦး၏ ရဲစွမ်းသတ္တိပင် ဖြစ်၏။ ဤကဲ့သို့သော စိတ်ဓာတ်မျိုးရှိမှသာလျှင် ရှေးလူကြီးများ၏ အရိပ်အောက်တွင် နေထိုင်နေသူတစ်ဦးဟု အသတ်မှတ်မခံရပေ။
ထင်ရှားသည်မှာ ကျယ်ပြန့်သော ကမ္ဘာတွင် ထိုကဲ့သို့သောသူ တစ်ယောက်မှ မရှိပါချေ။
တောင်နှင့်ပင်လယ် ကမ္ဘာနှင့် ပတ်သက်၍မူ သူတော်စင်ဘိုးဘေး၏ လေ့လာတွေ့ရှိချက်အရ ယခုလေးတင် တွေ့ဆုံခဲ့သော ဂိုဏ်းချုပ်နှစ်ဦးဖြစ်သည့် ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့သည် တောင်နှင့်ပင်လယ် ကမ္ဘာရှိ တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ လက်အောက်မှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးစလုံးသည် သူ့ကို မြင်တွေ့လိုက်ရချိန်တွင် တည်ကြည်လေးနက်သော အမူအရာများကိုသာ ပြသခဲ့ကြသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် နင်ချီ၏ ထူးခြားမှုကို သက်သေပြနေသည်။
နင်ချီသည် အခြားသောသူများထက် သာလွန်သည့် စိတ်ဓာတ်ခွန်အားကို ပိုင်ဆိုင်ထား၏။ သူ၏ ရှေ့ဆောင်လမ်းပြများ၏ ခွန်အားကြီးမားမှုက သူ့အား ခြောက်လှန့်နိုင်စွမ်း မရှိသလို၊ မည်သည့်အခါမျှလည်း ဒူးထောက် အရှုံးပေးမည် မဟုတ်ချေ။
ရှေ့ဆောင်လူကြီးများက မည်သူပင်ဖြစ်စေကာမူ၊ အင်အားအကြီးဆုံးသော အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်စေ၊ ကမ္ဘာတစ်ခု၏ ဆန္ဒတော်ဖြစ်စေ၊ သို့မဟုတ် ကမ္ဘာဦးဘိုးဘေးကြီးပင် ဖြစ်စေကာမူ နင်ချီ၏ မာန်ကို ချိုးနှိမ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်လည်း သူတော်စင်ဘိုးဘေးသည် ယခင်က နင်ချီနှင့် သွယ်ဝိုက်သောနည်းဖြင့် ထိတွေ့ခဲ့ဖူးစဉ်ကပင် ဤလူငယ်မှာ အလားအလာရှိသော ပါရမီရှင်တစ်ဦးဖြစ်သည်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် သူ၏ကိုယ်ပွားကို ပထမဦးစွာ စေလွှတ်ခဲ့ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ကျယ်ပြန့်သော ကမ္ဘာ၏ ကျင့်ကြံသူများအတွက်ဖြစ်သော်လည်း၊ အခြားတစ်ဖက်တွင်မူ နင်ချီနှင့် သူရရှိထားသော ဗေဒင်ဟောကိန်းများကြောင့်လည်း ပါဝင်သည်။
နင်ချီက သူတော်စင်ဘိုးဘေး ကိုယ်ပွားကို တည့်တည့်စိုက်ကြည့်ရင်း မနေနိုင်ဘဲ ထုတ်မေးလိုက်၏။
“ကျွန်တော်က ကံကြမ္မာကို မယုံကြည်ဘူးဆိုပေမဲ့ သိတော့ သိချင်သားဗျ... ခင်ဗျားအမြင်မှာ ကျွန်တော်က ခင်ဗျားအတွက် ဘယ်လိုမျိုး အသုံးဝင်တဲ့ အရင်းအနှီးတစ်ခု ဖြစ်နေလို့လဲ...”
သူက သူတော်စင်ဘိုးဘေးအနေနှင့် သူ့အပေါ် မည်သည့်အရာများကို မြင်တွေ့ထားသလဲဆိုသည်ကို စမ်းသပ်လိုသဖြင့် ဤသို့ပြောလိုက်ခြင်း ဖြစ်သည်။
ဘိုးဘေးကြီးက ရယ်လိုက်ရင်း တုံ့ပြန်သည်။
“ကြည့်ရတာ မင်းက ကံကြမ္မာကို မယုံကြည်ဘူးဆိုပေမဲ့ သိချင်စိတ်ကိုတော့ ထိန်းမရဘူး ထင်တယ်နော်... ဟုတ်တယ်မလား...”
အခြေအနေက ထိုအတိုင်းပင် ဖြစ်၏။
ဘိုးဘေးကြီးသည် မက်မွန်ဥယျာဉ် ဟင်းလင်းပြင်၏ အပြင်ဘက်ကို ဟင်းလင်းပြင်အား ဖောက်ထွင်း၍ မြင်နေရသည့်အလား တစ်ချက်ကြည့်လိုက်၏။ သူ၏ အာရုံခံစားမှုအရ အပြင်ဘက်က တိုက်ပွဲမှာ တောင်နှင့်ပင်လယ် ကမ္ဘာဘက်သို့ လုံးဝယိမ်းယိုင်သွားခဲ့ချေပြီ။
“လူငယ်လေး... မင်းက သူတစ်ပါးလက်အောက်မှာ အကြာကြီး ငြိမ်ခံနေမယ့်လူစားမျိုး မဟုတ်ဘူး... ငါ့အပေါ်မှာ မင်းပြသနေတဲ့ ရိုင်းစိုင်းမှုတွေက မင်းတို့ တောင်နှင့်ပင်လယ် ကမ္ဘာရဲ့ တောင်ဘိုးဘေးအပေါ် ထားရှိတဲ့ မင်းရဲ့သဘောထားကို ဖော်ပြနေတာပဲ... ပင်လယ်ဘိုးဘေးအပေါ်မှာလည်း ဒီအတိုင်းပဲ ဖြစ်မှာပေါ့... အခု ကမ္ဘာနှစ်ခု စစ်ဖြစ်နေတာက တကယ့် ခေတ်ပြောင်းတော်လှန်ရေးသမားတွေအတွက်တော့ အခွင့်အရေးကြီးတစ်ခုပဲ...”
“စစ်ပွဲကို စတင်လိုက်တဲ့ အဲဒီလူအ (၂) ယောက်ရဲ့ လှည့်ဖြားမှုကို မခံလိုက်နဲ့... ဘယ်သူက နောက်ဆုံးမှာ အောင်ပွဲခံရယ်နိုင်မလဲဆိုတာက မသေချာသေးဘူး... ဒါကြောင့် ငါ မင်းကို မဖုံးကွယ်တော့ပါဘူး... ငါတွက်ချက်ခဲ့တဲ့ ဗေဒင်အရဆိုရင် မင်းဟာ ဒီဝိညာဉ်ကမ္ဘာစစ်ပွဲကြီးရဲ့ အကြီးမားဆုံးသော ကိန်းဂဏန်းအပြောင်းအလဲပဲ...”
သူတော်စင်ဘိုးဘေးက စကားကို အဆုံးသတ်လိုက်ပြီးနောက် နင်ချီ၏ မျက်နှာအမူအရာကို ဆက်လက်အကဲခတ်နေသည်။ နင်ချီ၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏ရင်ထဲတွင်မူ ပထမဆုံးအကြိမ်အဖြစ် သတိကြီးစွာ ထားလိုက်မိ၏။
“ခင်ဗျားက ဒါတွေကိုပဲ သိထားတာဆိုရင်တောင် ခင်ဗျား ကျွန်တော့်ကို လိမ်ပြောနေတာလည်း ဖြစ်နိုင်တာပဲလေ... ကျွန်တော်က ခင်ဗျားစကားကို တကယ်ယုံလိုက်ရင် ကျွန်တော့်မှာ သွားစရာလမ်း မရှိတော့ဘဲ ဖြစ်နေဦးမယ်...”
နင်ချီက စိတ်ထဲမှ ကြိတ်၍ တွေးနေမိသည်။ 'ဒီအဘိုးကြီးပြောတာက အမှန်ဖြစ်နေရင်တောင် ငါကတော့ အပိုင်ငြင်းရမှာပဲ... မဟုတ်လို့ကတော့ သူ့လက်ထဲကို အသာတကြည် အဖမ်းခံရသလို ဖြစ်သွားမှာပေါ့...'
သူတော်စင်ဘိုးဘေး ကိုယ်ပွား၏ မျက်နှာမှာ ယခုအခါ ပို၍ တည်ကြည်လေးနက်လာသည်။
“ကောင်လေး... ဒီမက်မွန်ဥယျာဉ် ဟင်းလင်းပြင်ထဲမှာ မင်းက အပြင်လောကရဲ့ အာရုံခံစားမှုတွေကို ပိတ်ဆို့ထားလို့ ရတယ်လေ... မင်းရဲ့ အတွေးအမြင်တွေကို ငါ့ကို ပြောပြပါလား...”
'ခင်ဗျားကို ပြောပြရအောင် ကျွန်တော်က သောက်ရူးမှတ်နေလား...'
နင်ချီက စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်၏။
နင်ချီက ဘာမျှပြန်မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူတော်စင်ဘိုးဘေး ကိုယ်ပွားလည်း ဘာလုပ်ရမှန်း မသိတော့ပေ။ ဤလူငယ်က အသက်ငယ်သော်လည်း အတွေ့အကြုံ အလွန်ရင့်ကျက်လှပေရာ သူပြောသမျှ မည်သည့်စကားဖြင့်မျှ မြှူဆွယ်၍ မရနိုင်ပါချေ။
သူသည် ယခင်က ကမ္ဘာဦးကာလက သမိုင်းပုံပြင်များကို ဖတ်ဖူးခဲ့ရာ ထိုစဉ်က စစ်သူကြီးများနှင့် ဘုရင်များသည် အလွန်ပင် ဖျောင်းဖျရလွယ်ကူခဲ့ကြသည်။
ယခု နင်ချီမှာမူ လူပျိုပေါက်အရွယ်၊ ပါရမီအရှိဆုံးအချိန် ဖြစ်ပါလျက်နှင့် စိတ်နေစိတ်ထားက ဘာကြောင့် ဤမျှအထိ တည်ငြိမ်နေရသနည်း။ ၎င်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။
အခန်း (၉၄၇) - ကောင်းကင်ယံထက်က နေမင်းကိုးစင်း
သူတော်စင်ဘိုးဘေး ကိုယ်ပွားလည်း မတတ်သာသည့်အဆုံး ပြောလိုက်ရတော့သည်။
“ကောင်းပြီလေ... မင်း ဘာမှမပြောချင်လည်း ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီမှာ မင်းနဲ့ အကြာကြီး မနေနိုင်တော့ဘူး... တကယ်လို့ မင်းက ဒီဝိညာဉ်ကမ္ဘာစစ်ပွဲကနေ အကျိုးအမြတ် အများဆုံးရချင်တယ်ဆိုရင်တော့ ငါ့ရဲ့ ကျယ်ပြန့်သော ကမ္ဘာကို ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးခိုင်းလို့ မရဘူးနော်... မဟုတ်ရင်တော့...”
နင်ချီက သူ့ကို မျက်စောင်းတစ်ချက် ပစ်သွင်းလိုက်ပြီးမှ မာန်ပါပါဖြင့် တုံ့ပြန်လိုက်၏။
“ကျွန်တော်က တောင်နှင့်ပင်လယ် ကမ္ဘာက ကျင့်ကြံသူတစ်ယောက်ပဲ... ကျန်တဲ့သူတွေကို ကျွန်တော် မထိန်းချုပ်နိုင်ပေမဲ့ ခင်ဗျားသာ ကျွန်တော့်လူတွေကို နာကျင်အောင်လုပ်ရင်တော့ ကျွန်တော် ခင်ဗျားကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး...”
“ဟင်...”
သူတော်စင်ဘိုးဘေး အံ့အားသင့်သွားရသည်။ သူက ရုတ်တရက် ပြုံးလိုက်ရင်း ဆိုသည်။
“အခြေအနေက ဒီလိုဆိုရင်တော့ အားလုံးက ပြီးပြည့်စုံသွားပြီပေါ့...”
နင်ချီက ပြန်လည်ချေပလိုက်၏။
“ဘာက ပြီးပြည့်စုံသွားတာလဲ... ကျွန်တော် ဘာမှမပြောရသေးဘူးလေ... ဒါနဲ့ ခင်ဗျားက ဘာလုပ်ဖို့ ကြံနေတာလဲ...”
သူတော်စင်ဘိုးဘေးက မက်မွန်ဥယျာဉ် ဟင်းလင်းပြင်၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း ပြန်မေးသည်။
“ငါတို့ တခြားဘာလုပ်နိုင်ဦးမှာလဲ...”
နင်ချီက ရုတ်တရက် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
“ကျွန်တော် လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းကို ကတိပေးထားတာ ရှိတယ်...”
'ဂိုဏ်းချုပ် ကျောက်ယွီကျွင်းရေ... ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပေးမယ်လို့ ပြောထားတာလေ... ဒီအဘိုးကြီးကို ဒီအတိုင်း လွယ်လွယ်နဲ့ ထွက်သွားခိုင်းလို့ ဘယ်ဖြစ်မလဲ...'
ထိုအခိုက်အတန့်၌ နင်ချီ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဧရာမ ဓားစက်ဝန်းကြီးများ ပြန်လည်ပေါ်ပေါက်လာသည်။ နိယာမအမျိုးမျိုး ပါဝင်နေသော ဓားစက်ဝန်းများက သူတော်စင်ဘိုးဘေးအပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာရာ ဘိုးဘေးကြီးမှာလည်း ဆဲတောင် ဆဲလိုက်ချင်မိတော့သည်။ သူ ယခင်က ပြောခဲ့သမျှ စကားများမှာ အလဟဿ ဖြစ်သွားခဲ့ချေပြီ။
'ဒီကောင်လေးက ငါပြောတာကို တကယ်ပဲ နားထောင်နေတာလား၊ ဒါမှမဟုတ် ငါ့ကို တမင်သက်သက် အရူးလုပ်နေတာလား...'
ယခုအချိန်တွင် သူတော်စင်ဘိုးဘေးအနေနှင့် နင်ချီ၏ စိတ်ထဲတွင် ဘာရှိနေသည်ကို လုံးဝ ခန့်မှန်း၍ မရတော့ပေ။ သို့သော်လည်း မရေမတွက်နိုင်သော ဧရာမ ဓားစက်ဝန်းများကြောင့် ဘိုးဘေးကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ဤဓားစက်ဝန်းများသည် ယခင်ကနှင့် မတူတော့ချေ။ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် နတ်ဘုရားအင်းကွက်များ တဖျတ်ဖျတ် လင်းလက်နေကြ၏။ နင်ချီသည် ဘိုးဘေးကြီး၏ "စာလုံးတစ်ရာ မှော်စွမ်းရည်" ကို အချိန်တိုအတွင်း ခိုးယူနိုင်ခဲ့ရုံမက၊ အခြားသော အခြေအနေများတွင်ပါ အသုံးချနိုင်ခဲ့ပြီး သူ၏ ကိုယ်ပိုင် ဓားစက်ဝန်းများအတွင်းသို့ အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့လေပြီ။
ဤကလေးမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေ၏။
သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် ရုတ်ချည်းပင် ဟိန်းဟောက်လိုက်၏။
“ကိုးလုံး မိစ္ဆာနှိမ်နင်း မန္တန်...”
ရုတ်တရက် သူ၏ပါးစပ်အတွင်းမှ တောက်ပနေသော ရွှေရောင်စာလုံး (၉) လုံး ပျံထွက်လာသည်။ စာလုံးတစ်လုံးစီသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် နေမင်းကြီးကဲ့သို့သော ဧရာမ အလင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကြ၏။
စာလုံး (၉) လုံး ဆက်တိုက် ပေါ်ထွက်လာခြင်းမှာ ကမ္ဘာဦးကာလက ကောင်းကင်ယံထက်က နေမင်းကိုးစင်းနှင့် အမှန်တကယ်ပင် ဆင်တူလှသည်။ ဓားအလင်းတန်းများက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နင်ချီ၏ ဓားစက်ဝန်းများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရာ ခဏချင်းအတွင်းမှာပင် ဓားစက်ဝန်းအများအပြားမှာ အရည်ပျော်သွားကြလေတော့သည်။
ထို့နောက်တွင် နင်ချီသည် ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းများ ဖြာကျနေသော နေမင်းကြီး (၉) စင်းကို မြင်တွေ့လိုက်ရ၏။ ထိုရွှေရောင်နေမင်းကြီးများအတွင်း၌ တာအို၏ ပုံရိပ်ယောင်များ ဖြစ်တည်လာသည်။ ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် တစ်ခုလုံး၌ တာအို၏ ရွတ်ဖတ်သံများနှင့် ခမ်းနားထည်ဝါသော တာအို တေးသံများ ပြည့်နှက်သွားသည့်အလား ခံစားလိုက်ရသည်။
နေမင်းကြီးများမှ ဖြာကျလာသော အလင်းတန်းတစ်ခုစီသည် ဟင်းလင်းပြင်အတွင်းသို့ ကျရောက်သွားချိန်၌ သေးငယ်သော စာလုံးအရိပ်ကလေးများအဖြစ် ပေါ်လွင်လာကြသည်။ ဤမှော်စွမ်းရည်ကြောင့် နင်ချီ၏ ဓားစက်ဝန်းများသည် ဟင်းလင်းပြင်အတွင်း၌ အေးခဲသွားပြီး ရှေ့သို့ တစ်လှမ်းမျှပင် တိုးမရတော့ချေ။
၎င်းကို မြင်သောအခါ နင်ချီလည်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
“ဓားတစ်သောင်း ကြာပန်းဖူးပွင့်ခြင်း...”
ခဏချင်းအတွင်းမှာပင် သူပိုင်ဆိုင်သော ကျန်ရှိသည့် ဓားစက်ဝန်းများအားလုံးသည် ကြာပန်းပုံသဏ္ဍာန်သို့ ပြောင်းလဲသွားကြ၏။ သူတော်စင်ဘိုးဘေး၏ မန္တန်အလင်းအောက်တွင် ထိုကြာပန်းများအားလုံးသည် တရားတော်များ၏ စွမ်းအားကို လျင်မြန်စွာ စုပ်ယူလိုက်ကြရာ သဘာဝတရားမှ အပင်များ နေရောင်ခြည်ကို အမှီပြု၍ အစာချက်လုပ်သည့်အလားပင် ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟင်းလင်းပြင်အတွင်း၌ ရွှေရောင်ကြာပန်းများ ဝေေဝဆာဆာ ဖူးပွင့်လာပြီး လေထုထဲတွင် ထူးခြားသော မွှေးရနံ့များဖြင့် ပြည့်နှက်သွားလေတော့၏။ ဤအခိုက်အတန့်တွင် မက်မွန်ဥယျာဉ် ဟင်းလင်းပြင်ကြီးမှာ အိပ်မက်ဆန်ပြီး ဆွဲဆောင်မှုရှိသော နတ်ဘုံနတ်နန်းတစ်ခုအလား ဖြစ်သွားသည်။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ သူတော်စင်ဘိုးဘေးပင်လျှင် အံ့ဩစွာဖြင့် လက်ခုပ်တီး၍ ချီးကျူးလိုက်မိ၏။ နင်ချီ၏ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းမှာ ဤမျှအထိ ထူးကဲလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဤသိုင်းကွက်မှာ နင်ချီက ယခင်ကတည်းက တတ်မြောက်ထားခြင်းမဟုတ်ဘဲ ယခုမှသာ လက်တန်း ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း သူ အပိုင်တွက်ချက်မိသည်။ သူ၏ "ကိုးလုံး မိစ္ဆာနှိမ်နင်းရေး မန္တန်" မှာပင်လျှင် သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ်က ဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်အတွင်းမှ ကျဆင်းလာသည့် ရှေးဟောင်း ကြေးညိုစာအုပ်အပိုင်းအစတစ်ခုမှ သင်ယူခဲ့ခြင်း ဖြစ်သည်။
သူကိုယ်တိုင်ပင်လျှင် ဤမှော်စွမ်းရည်ကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စေရန် နှစ်ပေါင်း (၁၀၀) တိုင်တိုင် လေ့လာခဲ့ရလေ၏။ ကမ္ဘာနှစ်ခုလုံးတွင် မည်သူမျှ ဤကျင့်စဉ်ကို မြင်ဖူးလိမ့်မည် မဟုတ်ကြောင်း သူတော်စင်ဘိုးဘေး ယုံကြည်နေခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ..
ဟင်းလင်းပြင်အတွင်း၌ ရာနှင့်ချီသော ရွှေရောင်ကြာပန်းများမှာ ဖူးပွင့်နေကြပြီး သူ၏မှော်စွမ်းရည်နှင့် အပြည့်အဝ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကာ အားနည်းချက်ကို အားသာချက်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေပြီ။
နောက်တစ်စက္ကန့်တွင် ရွှေရောင်ကြာပန်းများအားလုံးမှ အတိုင်းအဆမရှိသော ဓားချီများ ထွက်ပေါ်လာပြီး ကြာပန်းပွင့်ဖတ်များမှ တရားစာလုံးများက သူတော်စင်ဘိုးဘေးထံသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
ဘိုးဘေးကြီးက ချက်ချင်းပင် ဖိနှိပ်လိုက်ရာ ကောင်းကင်ယံမှ ရွှေရောင်နေမင်းတစ်စင်း ကျဆင်းလာပြီး သူ့ရှေ့မှ ကာဆီးပေးလိုက်၏။
နင်ချီ၏ တိုက်ခိုက်မှုက ရွှေရောင်နေမင်းအပေါ်သို့ ကျရောက်သွားသည်။
“ဖလူး... ဖလူး...”
ထိုအလင်းဝန်းကြီးမှာ တည်ငြိမ်နေသော ရေမျက်နှာပြင်ကဲ့သို့ပင် မရေမတွက်နိုင်သော အလင်းစက်များကို ပန်းထွက်သွားစေပြီး ရေလှိုင်းများကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားသွားသည်။ နင်ချီက ကောင်းကင်ယံက ရွှေရောင်နေမင်းကို လုံးဝဂရုမစိုက်ဘဲ တိုးဝင်သွားလေတော့သည်။
သူ၏ ပတ်ပတ်လည်တွင် ရွှေရောင်ကြာပန်းများ ဝန်းရံထားခြင်းမှာ ပန်းဥယျာဉ်အတွင်း၌ ပန်းပွင့်ဖတ်တစ်ဖတ်မျှ ကိုယ်ပေါ် မကပ်ဘဲ လမ်းလျှောက်နေသည့် သခင်လေး တစ်ဦးအလားပင်။ သူက သူတော်စင်ဘိုးဘေးကို ရုတ်တရက် လက်ညှိုးညွှန်လိုက်၏။
ရွှေရောင်ကြာပန်းများအားလုံး ပေါင်းစည်းသွားကြပြီး ဧရာမ ဓားကြီးတစ်လက်အဖြစ် ဖွဲ့တည်ကာ ဘိုးဘေးကြီးအပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားလေတော့သည်။
“ဝုန်း...”
အခန်း (၉၄၈) - ကောင်းကင်ယံထက်က နေမင်းကိုးစင်း
ကောင်းကင်ယံတွင် ကျန်ရှိနေသော ရွှေရောင်နေမင်း (၈) စင်းစလုံးသည်လည်း နင်ချီထံသို့ ကြွေလွင့်နေသော ကြယ်တာရာများအလား ကျဆင်းလာကြ၏။ ဤအခိုက်အတန့်တွင် မက်မွန်ဥယျာဉ် ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး သူတို့နှစ်ဦး၏ တိုက်ပွဲဒဏ်ကို မခံနိုင်တော့ဘဲ စတင်ပြိုကွဲလာသည်။
ရွှေရောင်နေမင်းများအားလုံး ကျဆင်းလာပြီး နင်ချီ၏ ရွှေရောင်ကြာပန်း တိုက်ခိုက်မှု ပြီးဆုံးသွားချိန်တွင် မက်မွန်ဥယျာဉ် ဟင်းလင်းပြင်ကြီးသည် ဆုတ်ဖြဲခံလိုက်ရသော ပန်းချီကားတစ်ချပ်ကဲ့သို့ အက်ကွဲသံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေတော့သည်။
၎င်းသည် ဧရာမမြွေကြီးကြောင့်ပင် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ရာ ယခုကဲ့သို့ ပြင်းထန်သော တိုက်ပွဲကို မည်သို့မျှ ဆက်လက်ထိန်းထားနိုင်စွမ်း မရှိတော့ပါချေ။
“အား...”
ဟင်းလင်းပြင်ကြီး ပျက်စီးသွားသည်နှင့်အတူ အော်ဟစ်သံတစ်သံနှင့်အတူ လူရိပ်တစ်ခု လွင့်ထွက်လာသည်။ ဗဟိုနယ်မြေရှိ တိုက်ပွဲဝင်နေသော ကျင့်ကြံသူအားလုံး လှမ်းကြည့်လိုက်ကြရာ နင်ချီ လွင့်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ဟင်းလင်းပြင်ထက်တွင် အဘိုးကြီးတစ်ဦးမှာ အံ့အားသင့်နေသော မျက်နှာဖြင့် ရပ်နေသည်။ သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် လွင့်ထွက်သွားသော နင်ချီကို အံ့ဩစွာဖြင့် စိုက်ကြည့်နေမိ၏။
'ဒီကောင်လေးကတော့...'
သူ၏ မှော်စွမ်းရည်မှာ နင်ချီအား ဤမျှအထိ နာကျင်အောင် အော်ဟစ်စေနိုင်စွမ်း မရှိသည်မှာ သေချာသည်။
သူတော်စင်ဘိုးဘေး မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးမှ နင်ချီ၏ အတွေးကို နားလည်သွားသည်။ ယခင်က သူတို့၏ စကားဝိုင်းကို ပြန်လည်စဉ်းစားကြည့်လျှင် ဤကလေးမှာ တမင်တကာ ဟန်ဆောင်နေခြင်းဖြစ်ပြီး သူ၏ အကြံပြုချက်ကို သဘောတူလိုက်ပုံရသည်။
နင်ချီသည် ဟင်းလင်းပြင်အတွင်းမှ အမြောက်ဆန်တစ်ခုလို လိမ့်ဆင်းလာပြီး ကျောက်ယွီကျွင်းနှင့် မလှမ်းမကမ်းတွင် ကျရောက်သွားသည်။ ဂိုဏ်းချုပ် (၃) ဦးမှာ ပြင်းထန်စွာ တိုက်ပွဲဝင်နေကြသော်လည်း ကျန်းယင်းချူးမှာလည်း အညတရမဟုတ်ပေ။ ယခုထက်ထိ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့မှာ သူ့ကို မနှိမ်နင်းနိုင်သေးပါချေ။
၎င်းမှာ သူသည် သူတော်စင်ဘိုးဘေး၏ ပုံတူဗားရှင်းငယ်လေးဖြစ်ပြီး သူ၏ အသိပညာအားလုံးတွင် ဘိုးဘေးကြီး၏ အရိပ်အယောင်များ ပါဝင်နေသောကြောင့် ဖြစ်၏။
'နင်ချီ အဆင်ပြေရဲ့လား...'
ကျောက်ယွီကျွင်းက နင်ချီကို စိုးရိမ်တကြီး ကြည့်လိုက်ရင်း လျှို့ဝှက်အသံဖြင့် လှမ်းမေးလိုက်သည်။ နင်ချီက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကိုယ်ပေါ်က မရှိသော ဖုန်မှုန့်များကို ခါလိုက်၏။ ထို့နောက် လက်ခုံဖြင့် သူ၏ နှုတ်ခမ်းထောင့်က သွေးစကလေးကို သုတ်လိုက်၏။
“ကျွန်တော့်ကို လွှတ်ထားလိုက်ပါ... သူတော်စင်ဘိုးဘေး ကိုယ်ပွားကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းမယ်လို့ ပြောပြီးသားပဲ...”
ဤစကားကို ကြားသောအခါ ကျောက်ယွီကျွင်းမှာ ချီးကျူးလေးစားစိတ်များ လှိုက်တက်လာရသည်။ နင်ချီသည် အလွန်အမင်း ငယ်ရွယ်သော်လည်း အနည်းဆုံးတော့ သူသည် ကုန်းထျန်းတောက်ထက် များစွာ ပို၍ ယောက်ျားပီသ၏။
ကျန်းယင်းချူးနှင့် တိုက်ခိုက်နေသော ကုန်းထျန်းတောက်သည်လည်း ဤမြင်ကွင်းကို မြင်တွေ့သွားပြီး ထိတ်လန့်သွားရသည်။ နင်ချီသည် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း အနည်းဆုံးတော့ နင်ချီသည် အားကိုးထိုက်သူတစ်ဦး ဖြစ်၏။
သူတော်စင်ဘိုးဘေး ကိုယ်ပွားသည် နင်ချီ၏ သရုပ်ဆောင်မှုကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေ၏။ သူ၏ မျက်လုံးများက 'ကောင်လေး... မင်းသာ ပြဇာတ်မကရင် တကယ့်ကို နှမြောစရာပဲ' ဟု ပြောနေသည့်အလားပင်။ သို့သော်လည်း ယခုအခါ မက်မွန်ဥယျာဉ် ဟင်းလင်းပြင် ပျက်စီးသွားပြီဖြစ်ရာ သူ့တွင် စွမ်းအားများစွာ မကျန်တော့ပါချေ။
ဘိုးဘေးကြီး၏ အကြည့်မှာ တစ်ကွင်းလုံးကို လွှမ်းခြုံသွားသည်။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ ပုံရိပ်ယောင်ကို ဆင့်ခေါ်မည့်အစား သူ၏ ကျန်ရှိနေသော စွမ်းအားကို အသုံးချ၍ အခြားအရာတစ်ခုကို ဆင့်ခေါ်ရန် ပြင်ဆင်လိုက်၏။
နင်ချီက ဘိုးဘေးကြီးကို ထပ်မံတိုက်ခိုက်ရန် စဉ်းစားနေစဉ်မှာပင် သူတော်စင်ဘိုးဘေး ကိုယ်ပွားမှာ တောက်ပစွာ လင်းလက်လာပြီး ဗဟိုနယ်မြေ၏ ကောင်းကင်နယ်နိမိတ်နံရံဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
သည်လူက ဘာလုပ်ဖို့ ကြံစည်နေသနည်း။
ထို့နောက် လူတိုင်းသည် သူတော်စင်ဘိုးဘေး ကိုယ်ပွား ကောင်းကင်ဘုံသို့ ပျံတက်သွားသည်ကို မြင်တွေ့လိုက်ရ၏။ သူသည် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သူ၏ ကိုယ်ပွားမှာ အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး ဗဟိုနယ်မြေ၏ နယ်နိမိတ်နံရံကို ဖြတ်ကျော်သွားလေတော့သည်။
ဗဟိုနယ်မြေတစ်ခုလုံးမှာ သူ၏လုပ်ဆောင်ချက်ကြောင့် တုန်ခါသွားသည့်အလားပင်။
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်ယောင်မှာ သူ၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်ယောင်မှာလည်း ဗဟိုနယ်မြေတွင် ပေါ်ပေါက်လာ၏။
“အဲဒါက ဘာလဲ...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်မှာ သံသယနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။ ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်သည် ဗဟိုနယ်မြေမှ စွမ်းအင်များကို အဆက်မပြတ် စုစည်းပြီး ဘိုးဘေးကြီး အသွင်ပြောင်းထားသော အလင်းစက်များဆီသို့ ပို့ဆောင်ပေးနေ၏။
နောက်တစ်ခဏတွင် နယ်နိမိတ်နံရံ၌ မှောင်မည်းနေသော ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပွင့်ထွက်သွားကြောင်း အားလုံး တွေ့ရှိလိုက်ရသည်။ ထိုလမ်းကြောင်းမှာ အစက လက်သီးဆုပ်ခန့်သာ ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် (၃) မိုင်ခန့်အထိ ကျယ်ပြန့်သွားသည်။ သို့သော် ၎င်းမှာ ခဏတာမျှသာ။
သို့သော်လည်း ထိုခဏတာအတွင်းမှာပင် မှောင်မည်းနေသော လမ်းကြောင်းအတွင်းမှ ထိတ်လန့်ဖွယ်ရာ သတ္တဝါပေါင်း ရာနှင့်ချီ၍ ဆင်းသက်လာကြသည်။ ၎င်းတို့မှာ လူသားများ မဟုတ်သလို ကျင့်ကြံသူများလည်း မဟုတ်ကြပေ။ သူတို့၏ ရုပ်ရည်များမှာ ကွဲပြားနေသော်လည်း အားလုံးမှာ ရက်စက်ကြမ်းကြုတ်သည့် ပုံစံများ ဖြစ်ကြ၏။
၎င်းတို့မှာ ကြမ်းကြုတ် သားရဲကြီးများ၊ မိစ္ဆာဘုရင်များ နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လူသားများအသွင်ရှိသော မိစ္ဆာကောင်ပေါင်း ရာနှင့်ချီ၍ ဖြစ်ကြပြီး၊ ပါးစပ်များမှ တံတွေးများ တစက်စက်ကျကာ သူတို့၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက ဗဟိုနယ်မြေရှိ တောင်နှင့်ပင်လယ် ကမ္ဘာ ကျင့်ကြံသူများအပေါ်၌ ကျရောက်နေသည်။
“ဒီမိစ္ဆာကောင်တွေက နှင်ထုတ်ခံထားရတဲ့ ဝိညာဉ်တွေလား...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်မှာ ရုတ်တရက် တုန်လှုပ်သွားရသည်။
“ဒုက္ခပဲ... ဒီလူက တကယ်ပဲ ဒီလိုအရာမျိုးကို ဆင့်ခေါ်လိုက်တာလား... ငါ .. ဟောင်ရှန်းကို ချက်ချင်း အသိပေးရမယ်... ဒီအဘိုးကြီးကတော့ တကယ့်လူပဲ...လုံးဝ မထင်ထားခဲ့ဘူး.. ဝိညာဉ်ကမ္ဘာစစ်ပွဲကြီးကို စတင်လိုက်ချိန်မှာ ဒီလိုဟာမျိုးနဲ့ တိုးလိမ့်မယ်လို့...”
သူသည် ထိုနေရာမှ ထွက်မသွားဘဲ သူ၏ ပင်မကိုယ်ထည် ဆန္ဒတော်နှင့် ချက်ချင်း ဆက်သွယ်လိုက်ပြီး တောင်နှင့်ပင်လယ် ကမ္ဘာအတွင်းရှိ သူ၏ကိုယ်ပွားကို စေလွှတ်၍ တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေး (၂) ဦးထံ အသိပေးလိုက်၏။ ထို့နောက် တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်သည် ကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လိုက်ရာ အဓိကအားဖြင့် နင်ချီကို စိုက်ကြည့်လိုက်၏။
“ကောင်လေး... ဒီမိစ္ဆာကောင်တွေက အင်မတန် ကြောက်စရာကောင်းတယ်... မင်းတစ်ယောက်တည်းပဲ ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါထင်တယ်... မင်း ပင်ပန်းရဦးမှာပဲ...”
နင်ချီမှာ ထိုစကားကို ကြားသောအခါ ဆွံ့အသွားရသည်။ ဘာကြောင့် သူ့ကိုမှ ခက်ခဲတဲ့အလုပ်တွေကို အမြဲ ပေးနေရသနည်း။
အစစ်အမှန် သိုင်းကမ္ဘာ၏ သခင်တစ်ဦးအနေနှင့် သူသည် သူတော်စင်ဘိုးဘေး ကိုယ်ပွားက ဟင်းလင်းပြင်လမ်းကြောင်းကို တည်ဆောက်နေစဉ်ကပင် သိုင်းကမ္ဘာအတွင်းက လှုပ်ခတ်မှုများကို အာရုံခံမိနေခဲ့၏။
သူတော်စင်ဘိုးဘေးသည် သူ၏ ကျန်ရှိနေသော စွမ်းအားအားလုံးကို အသုံးချပြီး ဤကြောက်မက်ဖွယ်ရာ မိစ္ဆာကောင်များကို ဆင့်ခေါ်လိုက်ခြင်းတည်း။
နင်ချီကိုယ်တိုင်ပင်လျှင် ဤမိစ္ဆာကောင်များကို မြင်တွေ့ရသောအခါ အနည်းငယ် အကျပ်ရိုက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က နယ်မြေများ ပင်လယ်အတွင်းသို့ ဝင်ရောက်လာခဲ့သော သားရဲကြီးများနှင့် မတူဘဲ၊ ၎င်းတို့ထံမှ ထွက်ပေါ်နေသော စွမ်းအားများမှာ သူ့အတွက်ပင်လျှင် တစ်စုံတစ်ရာ စိတ်မသက်မသာ ဖြစ်စေသောကြောင့်ပင်။