← Chapters

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂) - မိစ္ဆာကောင်များ

ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ နှုတ်ခမ်းအစုံမှာ တလှုပ်လှုပ်နှင့် ဖြစ်နေသည်။ သူတို့သည် တညီတညွတ်တည်း မန္တန်များကို ရွတ်ဆိုနေကြခြင်းပင် ဖြစ်၏။ ထိုအသံများမှာ လွန်စွာ လျင်မြန်လှသဖြင့် အသံတစ်ခုတည်း ထွက်ပေါ်နေသည့်အလား ထင်မှတ်ရပေရာ အပြင်လူများအဖို့မူ မည်သည့်စကားလုံးများ ဖြစ်သည်ကို လုံးဝ နားလည်နိုင်စွမ်း မရှိကြချေ။

အကယ်၍ နင်ချီသည် သူတော်စင် ဘိုးဘေးကြီးကို ကိုးလုံးမန္တန် မိစ္ဆာနှိမ်နင်း နိယာမ အစစ်အမှန်အား အသုံးပြုစေရန် အတင်းအကျပ် မတိုက်ခိုက်ခဲ့ပါက ထိုကျင့်ကြံသူများ ဘာကို ရွတ်ဆိုနေကြသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။

“ဒီအဖိုးကြီးက အစကတည်းက ကြိုတင်ပြင်ဆင်ထားတာပဲ”

ထိုမြင်ကွင်းကို ကြည့်ရှုရင်း နင်ချီသည် ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များကို မည်သို့ ကိုင်တွယ်ရမည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။ သူသည် ရှိသမျှ ခွန်အားများကို စုစည်းလိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်ကာ ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်လေတော့၏။

“ဝူး…”

ဟင်းလင်းပြင် နယ်ပယ်အတွင်း အသံလှိုင်းများ တလိပ်လိပ် တက်လာပြီး ဧရာမ ခြင်္သေ့ခေါင်းကြီးတစ်ခု ဖြစ်တည်လာချေပြီ။ ဒါက မကြောက်မရွံ့ ခြင်္သေ့ဟိန်းသံပင်။ ထိုဟိန်းဟောက်သံမှာ နားစည်များ ကွဲထွက်လုမတတ် ကျယ်လောင်လှပြီး အသံလှိုင်းများသည် ပင်လယ်ရေလှိုင်းများအလား အပေါ်သို့ ရိုက်ခတ်သွားလေတော့သည်။

နင်ချီ၏ တာအိုမှော်စွမ်းရည်သည် သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် အသုံးပြုခဲ့သော ကိုးလုံးမန္တန်လောက် အစွမ်းမထက်သော်ငြားလည်း ၎င်းအတွင်း၌ မိစ္ဆာများကို နှိမ်နင်းနိုင်သော တာအိုအသံများစွာ ပါဝင်နေဆဲပင် ဖြစ်၏။ ၎င်းက မိစ္ဆာကြီး ဆယ်ကောင်၏ ဆိုးယုတ်သော အသံများကို တန်ပြန် တိုက်ခိုက်လိုက်ချေပြီ။

တခဏချင်းမှာပင် မိစ္ဆာကြီး ဆယ်ကောင်စလုံးမှာ ခြင်္သေ့ဟိန်းသံ၏ ရိုက်ခတ်မှုကြောင့် နောက်သို့ ဆုတ်ခွာသွားကြရသည်။ သို့သော်လည်း သူတို့၏ အော်ဟစ်သံများမှာ ပိုမို ဒေါသထွက်ဖွယ်ကောင်းလာပြီး ဖရိုဖရဲ ဖြစ်သွားကြတော့၏။

ကံကောင်းထောက်မစွာဖြင့် နင်ချီသည် ထိုမိစ္ဆာများကို ခြင်္သေ့ဟိန်းသံ တစ်ခုတည်းနှင့် ချေမှုန်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ၏ ခြင်္သေ့ဟိန်းသံသည် မိစ္ဆာအသံများကို ဖောက်ထွက်သွားပြီး လူတိုင်းကို သတိပြန်လည်လာစေရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

သူသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ခြင်္သေ့ဟိန်းသံကြောင့် မင်သက်နေကြသော တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူအားလုံး သတိပြန်လည်လာကြသည်ကို တွေ့လိုက်ရ၏။

ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများသည် ဤအခွင့်အရေးကို အသုံးချကာ တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကို အသေသတ် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြသော်လည်း နင်ချီက ဤမျှ လျင်မြန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြချေ။

“ဒီကောင့်ကြောင့် ငါတို့ အစီအစဉ်တွေ ပျက်ပြန်ပြီ”

ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူးသည် နင်ချီကို လွန်စွာ မကျေမနပ်ဖြစ်ကာ စိမ်းစိမ်းကြည့်လိုက်၏။ သို့သော်ငြားလည်း နောက်တစ်စက္ကန့်တွင်မူ သူသည် ကုန်းထျန်းတောက်နှင့် ဆက်လက် တိုက်ခိုက်နေရသဖြင့် အခြား ရွေးချယ်စရာ မရှိတော့ချေ။

နင်ချီ နောက်သို့ လှည့်ကြည့်လိုက်ရာ ဘေးနားတွင် ရပ်နေသော ကျောက်ယွီကျွင်းသည် မိစ္ဆာများကို သုတ်သင်ရန် ဓားကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။ သို့သော် သူမ မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်ပါစေ၊ ဓားချက်ပေါင်း ရာနှင့်ချီ၍ အသုံးပြုပါစေ၊ ထိုမိစ္ဆာကောင်များသည် ဖုန်မှုန့်အဖြစ် ကြွေမွသွားပြီးနောက် နောက်တစ်စက္ကန့်မှာပင် ချက်ချင်း ပြန်လည် ဖြစ်တည်လာကြပြန်သည်။

“ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်... ကျွန်တော် ခုလေးတင်ပဲ မှော်စွမ်းရည် အသစ် တစ်ခုကို ဖန်တီးထားတယ်... ဒါက သူတို့ကို နှိမ်နင်းနိုင်လိမ့်မယ်လို့ ထင်တယ်”

နင်ချီ၏ စကားကြောင့် ကျောက်ယွီကျွင်းမှာ မင်သက်မိသွားရသည်။

‘မှော်စွမ်းရည် တစ်ခုကို အခုမှ ဖန်တီးလိုက်တာလား... သူက ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား’

နင်ချီသည် စကားအရှည်ကြီး မပြောတော့ဘဲ ကောင်းကင်ယံရှိ ဧရာမ မိစ္ဆာကြီး ဆယ်ကောင်ထံသို့ လက်ညှိုးညွှန်လိုက်၏။ ရာနှင့် ချီသော တာအိုဓားစက်ဝန်းများ နောက်တစ်ကြိမ် ပေါ်ပေါက်လာပြီး ဟင်းလင်းပြင် နယ်ပယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားချေပြီ။

ယခုတစ်ကြိမ်တွင်မူ ထိုဓားစက်ဝန်းများသည် ယခင်ကနှင့် လုံးဝ မတူတော့ချေ။ ၎င်းသည် သူတော်စင် ဘိုးဘေးကြီးနှင့် တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော မှော်စွမ်းရည်အဖြစ် ပြောင်းလဲသွားတော့သည်။

“ဓားတစ်သောင်း ကြာပွင့်ဖြန့်ခြင်း”

ဟင်းလင်းပြင် အတွင်းရှိ ဓားစက်ဝန်းများသည် တခဏချင်းမှာပင် ရွှေရောင်ကြာပွင့်များအဖြစ် ဖူးပွင့်သွားကြပြီး ကြာပွင့်ချပ်များပေါ်တွင် ထူးဆန်းသော စာလုံးများ ဝေ့ဝဲနေသည်။ ထိုစာလုံးများအတွင်း၌ ဘိုးဘေးကြီး၏ ကိုးလုံးမန္တန်၏ စွမ်းအား အရိပ်အယောင်များ ကိန်းဝပ်နေချေပြီ။

နင်ချီသည် ယခင်က ဤတာအိုကြာပွင့်ကို အသုံးပြုကာ ကိုးလုံးမန္တန်မှ ထွက်ပေါ်လာသော အလင်းတန်းများကို စုပ်ယူခဲ့ဖူးသည်။ ထို့ကြောင့် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ ရွတ်ဆိုသံက မိစ္ဆာများကို တားဆီးနိုင်လျှင် ဤကြာပွင့်သည်လည်း အကျိုးသက်ရောက်မှု ရှိရမည်ဟု သူ ယုံကြည်နေသည်။

နင်ချီက လက်ချောင်းကို လှစ်ခနဲ လှုပ်ရှားလိုက်၏။

“ဖလူး…”

ကြာပွင့်များမှာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားကြပြီး ပြိုင်ဘက်ကင်းသော တိုက်စစ်အရှိန်အဟုန်ဖြင့် မိစ္ဆာများကို ချေမှုန်းရန် ကြိုးပမ်းတော့၏။ ကြာပွင့်များထံမှ မိစ္ဆာများကို သုတ်သင်နိုင်သော သန့်ရှင်းသည့် အလင်းတန်းများ ဖြာထွက်လာလေတော့သည်။

ဝှီးခနဲ မြည်သံနှင့်အတူ ဓားကြာပွင့်များသည် ဧရာမမိစ္ဆာကြီး ဆယ်ကောင်ထံသို့ ရောက်ရှိသွားချိန်တွင် ပုံသဏ္ဍာန်များ ထပ်မံ ပြောင်းလဲကာ တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်သွားလေတော့သည်။ ကောင်းကင်ယံထက်တွင် ကြီးမားလွန်းလှသော မိစ္ဆာကြီးဆယ်ကောင်မှာ ဓားကြာပွင့် အုပ်စုများဖြင့် အပြည့်အဝ ဝိုင်းရံပိတ်ဆို့ခံလိုက်ရချေပြီ။

လူအပေါင်းတို့သည် ကောင်းကင်ယံသို့ မော့ကြည့်နေကြရ၏။ ထိုအခိုက်အတန့်၌ ကောင်းကင်ပြင်တစ်ခုလုံးတွင် ဗုဒ္ဓရုပ်ပွားတော်များ ပွင့်ပေါ်လာသကဲ့သို့ ထင်မှတ်ရပြီး ပန်းမန်များစွာ လွင့်ပျံနေသည်မှာ အလွန်တရာ လှပဆန်းကြယ်လွန်းလှသည်။ ပေါက်ကွဲထွက်သွားသော ဓားကြာပွင့်များမှာလည်း သေးငယ်သော ဓားကြာပွင့်ကလေးများအဖြစ် ထပ်မံကွဲထွက်သွားပြီး မိစ္ဆာကြီးဆယ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခုပြီးတစ်ခု ထိုးဖောက်ဝင်ရောက်သွားတော့၏။

ဘုန်းခနဲ မြည်သံနှင့်အတူ မိစ္ဆာကြီးဆယ်ကောင်မှာ နောက်တစ်ကြိမ် အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားရပြန်သည်။ ကြာပွင့်ချပ်ကလေးများသည် ကြွေမွသွားသော မိစ္ဆာကိုယ်ထည်အပိုင်းအစများကို ဖမ်းယူကာ ပွင့်ချပ်များဖြင့် ရစ်ပတ်ပြီး တစ်ခုချင်းစီကို စနစ်တကျ ချေဖျက်ပစ်နေတော့၏။

လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်းမှာ ထိုမြင်ကွင်းကြောင့် မှင်သက်မိနေရချေပြီ။ သူမသည် သူမ၏ဘေးနားရှိ နင်ချီကို စူးစိုက်ကြည့်ကာ သူမ၏ အပြာရောင်မျက်ဝန်းအစုံမှာလည်း အံ့ဩမှုကြောင့် တလှုပ်လှုပ် ဖြစ်နေသည်။

‘ဒါက... အခုလေးတင် ဖန်တီးလိုက်တဲ့ မှော်စွမ်းရည်လား... ဘယ်လိုလူမျိုးကများ မှော်စွမ်းရည်အသစ်တစ်ခုကို ဖန်တီးပြီးတာနဲ့ ချက်ချင်းဆိုသလို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရုံမက ဒဇိလောက်အထိ ဖျက်ဆီးအား ပြင်းထန်ရသလဲ..’

ကျောက်ယွီကျွင်းသည် သူမ၏ ရင်ထဲ၌ မယုံကြည်နိုင်စွာ တွေးတောနေမိသည်။

ထိုမိစ္ဆာကြီးဆယ်ကောင်မှာ ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်ပေါင်း ရာနှင့်ချီ၍ ပေါင်းစည်းထားခြင်း ဖြစ်ကြောင်း သိထားရမည်လေ။ ယခုအခါတွင်မူ နင်ချီ အသစ်ဖန်တီးလိုက်သော မှော်စွမ်းရည်တစ်ခုတည်းဖြင့် တစ်ပြိုင်နက်တည်း ချေမှုန်းခံလိုက်ရခြင်းမှာ သူမအတွက် စကားလုံး မရှိလောက်အောင်ပင် အံ့ဩစရာ ဖြစ်နေရတော့သည်။

နင်ချီမှာမူ ကျောက်ယွီကျွင်းနှင့် စကားပြောရန် အချိန်မရှိချေ။ သူ၏ အာရုံအားလုံးမှာ ဟင်းလင်းပြင်နယ်ပယ်အတွင်း လွင့်ပျံနေသော သေးငယ်သည့် ကြာပွင့်ကလေးများကို ထိန်းချုပ်နေခြင်းအပေါ်၌သာ ရှိနေသည်။

ထိုမိစ္ဆာကောင်များ ရာနှင့်ချီ၍ ရှိနေစဉ်က ကျင့်ကြံသူများကဲ့သို့ ခွန်အားအတိမ်အနက် ခွဲခြားထားခြင်းမျိုး မရှိခဲ့သော်ငြားလည်း တစ်ကောင်ချင်းစီမှာ ကျင့်ကြံသူတစ်ဦးနှင့် တန်းတူညီမျှ ခွန်အားရှိသည်ဟု ယူဆနိုင်သည်။

သို့သော်လည်း သူတို့အားလုံး ပေါင်းစည်းကာ ဆယ်ကောင်အဖြစ် ပြောင်းလဲသွားချိန်တွင်မူ တစ်ကောင်ချင်းစီ၏ ခွန်အားမှာ ကျောက်ယွီကျွင်း၊ ကုန်းထျန်းတောက် နှင့် ကျန်းယင်းချူးတို့ကဲ့သို့သော အစွမ်းထက် ဂိုဏ်းချုပ်ကြီးများ၏ အဆင့်သို့ တဟုန်ထိုး တိုးတက်သွားခဲ့လေ၏။

အကယ်၍ နင်ချီသာ တစ်ခါမျှ မရှိဖူးသေးသော သုံးဆယ့်ခြောက်ကြိမ်မြောက် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီး အရပ်ရှစ်မျက်နှာမှ စွမ်းအားများကို စုပ်ယူမထားနိုင်ပါက သူ၏ ကိုယ်ပိုင်ခွန်အားများကို အသုံးမပြုဘဲ ထိုမိစ္ဆာကြီးဆယ်ကောင်ကို ခုခံနိုင်လိမ့်မည်ဟု အာမ မခံရဲပေ။

အခန်း (၉၅၃) - မိစ္ဆာကောင်များ

ကောင်းကင်ယံထက်၌ ဓားကြာပွင့်များမှ ထွက်ပေါ်လာသော နင်ချီ၏ မှော်စွမ်းရည်မှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ကောင်းကင်ပြင်တစ်ခုလုံးကို အရောင်အသွေးစုံလင်စွာဖြင့် တောက်ပြောင်နေစေသည်။ ကြာပွင့်များမှာ လည်ပတ်ကာ ပွင့်ဖတ်များ ပိတ်သွားကြပြီး မိစ္ဆာကောင်များ၏ အကြွင်းအကျန်များကို ဆက်လက် ချေဖျက်နေဆဲပင် ဖြစ်၏။ ခဏအကြာတွင်မူ ဓားကြာပွင့်များသည် ကောင်းကင်ပေါ်မှ လုံးဝကွယ်ပျောက်သွားခဲ့ပြီး ကောင်းကင်ပြင်မှာ ကြည်လင်ကာ ဘာမျှမရှိတော့သည့်အလား ဖြစ်သွားတော့သည်။

နင်ချီ၏ မျက်နှာပေးမှာမူ တည်ကြည်လေးနက်နေဆဲပင်။ သူ့ကို ကြည့်ရင်း ကျောက်ယွီကျွင်း၏ ရင်ထဲ၌ တစ်ချက် လှုပ်ခတ်သွားရသည်။

"ဒီလောက် အစွမ်းထက်တဲ့ တာအိုဓားကြာပွင့် နည်းလမ်းနဲ့တောင်မှ... ထိုမိစ္ဆာကြီး ဆယ်ကောင်ကို မသတ်နိုင်သေးတာလား..."

အောက်ဘက်တွင် တိုက်ခိုက်နေသော ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူးသည်လည်း နင်ချီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

သူသည် နင်ချီ၏ မှော်စွမ်းရည်ကို မြင်တွေ့လိုက်ရသောအခါ လန့်ဖျတ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအားအတွင်း၌ သူတို့၏ ဘိုးဘေးကြီး၏ အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့်ပင်။

"တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ... ဘာဖြစ်လို့ နင်ချီရဲ့ မှော်ပညာထဲမှာ ဘိုးဘေးကြီးရဲ့ စွမ်းအားတွေ ပါဝင်နေရတာလဲ..."

ကျန်းယင်းချူးမှာ များစွာ ဝေခွဲမရ ဖြစ်နေရတော့သည်။ သို့သော်လည်း သူသည် ထိုမိစ္ဆာများ ကွယ်ပျောက်သွားခြင်းအပေါ်တွင် စိုးရိမ်ပူပန်နေဟန် မရှိချေ။

"နှမြောစရာပါပဲ... မင်းရဲ့ မှော်စွမ်းရည်ထဲမှာ သန့်ရှင်းတဲ့ ဘိုးဘေးကြီးရဲ့ စွမ်းအားတွေ ပါဝင်နေပေမဲ့လည်း... သူတို့ကို ဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... အကြောင်းကတော့ သူတို့ဟာ ကျုပ်တို့ ကျင့်ကြံသူတွေကို တန်ပြန်ဖို့အတွက် အထူး ဖန်တီးထားတဲ့ နယ်ပယ်ကနေ လာကြတာမို့လို့ပဲ..."

သူတော်စင် ဘိုးဘေးကြီး၏ ကိုယ်ပွားက ထိုရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များကို နယ်ခြားပင်လယ်မှ စစ်မြေပြင်နယ်ပယ်သို့ ကူညီရန် ခေါ်ယူထားခြင်း ဖြစ်သောကြောင့် သူတို့မှာ အလွယ်တကူ အနိုင်ယူနိုင်မည့် အရာများ မဟုတ်သည်မှာ သေချာသည်။

ကျန်းယင်းချူး၏ အတွေးများ မဆုံးသေးမီမှာပင် ကောင်းကင်ယံ၌ တစ်စုံတစ်ရာ ထပ်မံပြောင်းလဲသွားပြန်၏။

လေပြင်းများ တဟူးဟူး တိုက်ခတ်လာပြီး မရေမတွက်နိုင်သော ဖုန်မှုန့်အမှုန်အမွှားများမှာ ဟင်းလင်းပြင်နယ်ပယ်မှ ညှစ်ထုတ်ခံလိုက်ရသည့်အလား ပေါ်ပေါက်လာတော့၏။

ကျောက်ယွီကျွင်း၏ အပြာရောင်မျက်ဝန်းများမှာ အလိုလို ပြူးကျယ်သွားရသည်။

နင်ချီသည်လည်း ထိတ်လန့်တုန်လှုပ်သွားရ၏။ ထိုလေပြင်းက ဖုန်မှုန့်များကို ထိန်းချုပ်နေခြင်းလား၊ သို့မဟုတ် ဖုန်မှုန့်များက လေပြင်းကို ဖန်တီးနေခြင်းလား ဆိုသည်မှာ မသဲကွဲလှပေ။

နောက်တစ်စက္ကန့်တွင်မူ ထိုဖုန်မှုန့်အားလုံးမှာ ချက်ချင်း စုစည်းသွားကြပြီး ကောင်းကင်ယံထက်၌ ဧရာမ အရာဝတ္ထုကြီးတစ်ခု ပေါ်ပေါက်လာကာ ကြောက်မက်ဖွယ်ရာ အရိပ်မည်းကြီးတစ်ခု ကျရောက်လာလေတော့သည်။ တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများမှာ ကောင်းကင်ရှိ ထိုဧရာမ အရာဝတ္ထုကြီးကို မော့ကြည့်ရင်း မျက်စိများ ပြာဝေသွားကြရ၏။ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူပင် မှားမိသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံမှ မိစ္ဆာကောင်များသည် ရာနှင့်ချီ၍ မဟုတ်တော့သလို၊ ဆယ်ကောင်လည်း မဟုတ်တော့ဘဲ မိစ္ဆာကောင်ကြီး တစ်ကောင်တည်းအဖြစ် လုံးဝ ပေါင်းစည်းသွားသောကြောင့် ဖြစ်၏။ ထိုမိစ္ဆာကြီးကို အမည်းရောင် လေပွေများက ရစ်ပတ်ထားသောကြောင့် သေသေချာချာ မြင်နိုင်ရန် ခဲယဉ်းလှသည်။ သို့သော်လည်း မြင်တွေ့ရသမျှ အရိပ်အယောင်များအရ ထိုအရာမှာ လွန်စွာ ဆိုးယုတ်လှသည်ဟု ကျင့်ကြံသူများအားလုံး ခံစားလိုက်ရသည်။

တစ်ကောင်ချင်းစီ၏ ရုပ်ရည်များမှာပင် စက်ဆုပ်ဖွယ် ကောင်းနေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အစွမ်းထက်သော မိစ္ဆာကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားချိန်တွင်မူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းကာ ရွံရှာဖွယ် ဖြစ်နေတော့သည်။ ထိုအခိုက်အတန့်၌ လူတိုင်းမှာ ငရဲပြည်တွင် ရှိနေရသည့်အလား အဆိုးရွားဆုံး မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။ ကောင်းကင်ယံထက်၌ ထိုဆိုးယုတ်သော မိစ္ဆာကြီး၏ ခန္ဓာကိုယ် အပိုင်းအစများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြချေပြီ။

၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ကောင်းကင်ပြင်ကြီး တစ်ခုလုံး ဖိနှိပ်ကျဆင်းလာသကဲ့သို့ ပြင်းထန်လှ၏။ လူတိုင်းကို မျှော်လင့်ချက်မဲ့စေကာ ကျင့်ကြံသူအားလုံး၏ စိတ်ထဲရှိ အပျက်သဘောဆောင်သော ခံစားချက်များကို ဆွဲထုတ်နေသကဲ့သို့ ဖြစ်နေသည်။ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း စသည်တို့မှာ ကျင့်ကြံသူများ၏ ရင်ထဲ၌ လှိုက်တက်လာတော့၏။

အောက်ဘက်တွင်မူ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ မန္တန်ရွတ်ဆိုသံများမှာ ပိုမို မြန်ဆန်လာသည်။ ထိုမိစ္ဆာကြီးမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခုခံရန် သူတို့အတွက် ပို၍ ခက်ခဲလာသည့်အလားပင်။ ဘိုးဘေးကြီးထံမှ လက်ဆင့်ကမ်းလာသော သန့်ရှင်းသည့် သင်ကြားပြသမှုများ၏ အကူအညီ ရှိနေပါသော်လည်း ထိုမိစ္ဆာကြီးကို မြင်တွေ့လိုက်ရချိန်တွင် သူတို့မှာ များစွာ ကြောက်ရွံ့နေကြရဆဲပင်။

တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများထဲတွင် စိတ်ဓာတ်ပျော့ညံ့ပြီး မကောင်းသော စိတ်ထားရှိသူအချို့မှာမူ ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့ဘေးရှိ ကျင့်ကြံသူဖော်ချင်းများကို ပြန်လည် တိုက်ခိုက်လာကြသည်။

ထိုမြင်ကွင်းကြောင့် စစ်မြေပြင်တစ်ခုလုံးမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားရတော့၏။ ကံကောင်းထောက်မစွာဖြင့် ထိုသို့ ထိခိုက်ခံရသူများမှာ ကျင့်ကြံဆင့် နိမ့်ပါးသူများသာ ဖြစ်ကြသဖြင့် အနီးအနားရှိ အဆင့်မြင့် ကျင့်ကြံသူများက သူတို့ကို ချက်ချင်း နှိမ်နင်းနိုင်ခဲ့ကြသည်။

ထိုစဉ်..လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။

"တာအိုမိတ်ဆွေ နင်... အခုတစ်ခါမှာတော့ သူက ပိုပြီး အစွမ်းထက်လာပြီ... ကျွန်မတို့ နှစ်ယောက် အင်အားချင်း ပေါင်းစပ်ရင်တောင် သူ့ကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲလိမ့်မယ်... ဒါ့အပြင် သူ့ရဲ့ အရှိန်အဝါက ကျွန်မတို့ ကျင့်ကြံသူတွေအပေါ် သက်ရောက်မှုက ပိုပြီးတော့တောင် ပြင်းထန်လာသေးတယ်..."

သူမသည် စကားကို ခပ်မြန်မြန်ပင် အဆုံးသတ်လိုက်ပြီး အဆောင်အယောင်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ လှပဆန်းကြယ်လှသော သမုဒ္ဒရာပုလဲလုံးလေး ဖြစ်ပြီး ၎င်းပေါ်တွင် ရေစီးကြောင်းပုံစံများ ထွင်းထုထားသည်။

ကျောက်ယွီကျွင်းက သူမ၏ မှော်ခွန်အားများကို ထိုပုလဲအတွင်းသို့ ပို့လွှတ်လိုက်ရာ တခဏချင်းမှာပင် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်မှာ သူတို့နှစ်ဦး၏ ဘေးတွင် ပေါ်ပေါက်လာတော့သည်။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်.. ပေါ်လာချိန်တွင် မည်သည့်မေးခွန်းမျှ မမေးခဲ့ချေ။

အထက်တွင် ရှိနေသော ကြီးမား၍ အရုပ်ဆိုးလှသည့် အရာကြီးကို မြင်တွေ့ရရုံနှင့် သူ့ကို ဘာကြောင့် ဤနေရာသို့ ခေါ်ဆောင်လာရသနည်း ဆိုသည်ကို သူ ချက်ချင်း သဘောပေါက်သွားသောကြောင့် ဖြစ်၏။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်သည်လည်း ထိုအခိုက်အတန့်၌ မျက်နှာပျက်နေချေပြီ။

"မပူပါနဲ့... ငါ.. ဟိုကောင်နှစ်ယောက်ကို ဒီကိစ္စ အကြောင်းကြားထားပြီးပြီ... ဒါပေမဲ့ သူတို့ စစ်မြေပြင်နယ်မြေထဲ ရောက်လာဖို့ အချိန်အတန်ငယ် လိုလိမ့်ဦးမယ်... အဲဒီအချိန်အထိတော့ ငါ.. ခင်ဗျားတို့ကို ကူညီပြီး တိုက်ခိုက်ပေးပါ့မယ်..."

သူက တိုက်ရိုက်ပင် ပြောလိုက်၏။

ထိုအခါ ကျောက်ယွီကျွင်းက မနေနိုင်ဘဲ မေးလိုက်မိ၏။

"ကမ္ဘာ့အရှင်သခင်... ဒါက တကယ့်တမ်း ဘာကြီးလဲဟင်..."

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်က သူတို့နှစ်ဦးထံသို့ စိတ်ချင်းဆက်သွယ်ကာ အမြန်ပင် အသိပေးလိုက်၏။

"ငါလည်း ဒီလို သတ္တဝါမျိုးက ဘယ်ကနေ လာသလဲဆိုတာ အတိအကျ မသိဘူး... ဒါပေမဲ့ ငါတို့ ရှေ့မှာ ရှိနေတာက အားနည်းတဲ့ အခက်အလက်တစ်ခုလို့ပဲ ယူဆလို့ ရတယ်... သူတို့ဟာ တကယ့် ဆိုးယုတ်တဲ့ သတ္တဝါအစစ်အမှန်တွေ မဟုတ်ကြဘူး..."

“ဆိုးယုတ်တဲ့ အရာအစစ်အမှန် မဟုတ်ဘူးတဲ့လား…”

ထိုစကားကို ကြားရသောအခါ နင်ချီက အံ့ဩတကြီးဖြင့် မေးလိုက်၏။

အကယ်၍ သူတို့ရှေ့မှာ ရှိနေသည့် အရာမှာ တကယ့် ဆိုးယုတ်သည့် အရာမဟုတ်ပါက တကယ့် အစစ်အမှန်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်နေပါမည်နည်း။

ယခု သူတို့ရှေ့မှ သတ္တဝါမှာပင် ပေါင်းစည်းထားသော စွမ်းအားရှင်များအားလုံးကို ခြိမ်းခြောက်နေနိုင်ပြီ ဖြစ်ရာ၊ ထိုထက်ပို၍ အစွမ်းထက်သော အရာများသာ ရှိနေမည်ဆိုပါက တောင်နှင့်ပင်လယ် ကမ္ဘာနှင့် ကျယ်ပြန့်သော ကမ္ဘာကဲ့သို့သော အစွမ်းထက်သည့် ဝိညာဉ်ကမ္ဘာများကိုပင် တိုက်ရိုက် ခြိမ်းခြောက်နိုင်မည် မဟုတ်ပါလော။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာမူ အသေးစိတ် ထပ်မံရှင်းမပြနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် အထက်ရှိ ဧရာမ မိစ္ဆာကြီးမှာ အောက်သို့ တဟုန်ထိုး ဆင်းသက်လာပြီ ဖြစ်သောကြောင့်ပင်။

အခန်း (၉၅၄) - မိစ္ဆာကောင်များ

"ဟားဟား... ဟီးဟီး... သတ်စမ်း... ဂါး... ဂါး..."

သူတို့ မြေပြင်ပေါ်သို့ မဆင်းသက်မီမှာပင် ထူးဆန်းသော အော်ဟစ်သံများကြောင့် လူတိုင်း၏ နှလုံးသားမှာ မအေးချမ်းနိုင်တော့ဘဲ တုန်လှုပ်ခြောက်ခြားသွားရသည်။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က သူ၏ လက်ကို ရုတ်တရက် မြှောက်လိုက်ရာ ဗဟိုနယ်မြေရှိ တောင်နှင့်ပင်လယ် ကမ္ဘာ တစ်ခုလုံး၏ စွမ်းအားတစ်စိတ်တစ်ပိုင်းမှာ ချက်ချင်း ဆွဲထုတ်ခံလိုက်ရပြီး အထက်မှ ဆင်းသက်လာသော မိစ္ဆာကြီးကို လွှမ်းခြုံသွားလေတော့သည်။

တခဏချင်းမှာပင် နယ်ပယ်စွမ်းအားများဖြင့် ရက်လုပ်ထားသော ကွန်ယက်တစ်ခုမှာ ကောင်းကင်ယံ၌ ပေါ်ပေါက်လာပြီး ထိုမိစ္ဆာကြီးကို ဖမ်းဆုပ်လိုက်၏။

မိစ္ဆာကြီးမှာ ပင့်ကူအိမ်တွင် အမိဖမ်းခံလိုက်ရသည့်အလား ဖြစ်သွားပြီး လေထဲ၌ ဟိုမှသည် လူးလွန့်ကာ အသည်းအသန် ရုန်းကန်နေတော့၏။

“သူတို့ကို ဆက်ပြီး သုတ်သင်ကြစမ်း... ငါတို့သာ သူတို့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်နိုင်မယ်ဆိုရင်၊ ပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကို သီးသန့် ခွဲထုတ်ထားနိုင်မယ်ဆိုရင်... သူတို့ကို လုံးဝ အမြစ်ပြတ် ချေမှုန်းနိုင်လိမ့်မယ်…”

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်က နောက်တစ်ကြိမ် ဟစ်အော်လိုက်၏။

ထိုစကားကို ကြားရသောအခါ နင်ချီနှင့် ကျောက်ယွီကျွင်းတို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ အမျိုးမျိုးသော မှော်စွမ်းရည်များကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ကြပြီး အချုပ်အနှောင် ခံထားရသော မိစ္ဆာကြီးကို အဆက်မပြတ် သုတ်သင်ကြတော့သည်။

တစ်ကြိမ်... သုံးကြိမ်... ငါးကြိမ်... ဆယ်ကြိမ်...။

ဆယ်ကြိမ်ထက်မက အသေသတ် ခံလိုက်ရပြီးသည့်တိုင်အောင် ထိုဧရာမ မိစ္ဆာကြီးမှာ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းနိုင်ဆဲပင် ဖြစ်၏။ ၎င်းကို လုံးဝ ချေမှုန်းပစ်ရန် မဖြစ်နိုင်သည့်အလား ဖြစ်နေပြီး ၎င်း၏ ဇွဲနပဲမှာ လွန်စွာ ကြီးမားလှသဖြင့် ပြာဖြစ်သွားသည့်တိုင်အောင်ပင် ပြန်လည် အသက်ဝင်လာနိုင်သည်။ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်က နယ်ပယ်စွမ်းအားများဖြင့် ၎င်းကို နောက်တစ်ကြိမ် ချည်နှောင်ရန် ပြင်လိုက်ချိန်မှာပင်၊ ရုတ်တရက် သူ၏ နယ်ပယ်စွမ်းအား ကွန်ယက်ကြီးမှာ ဆုတ်ဖြဲခံလိုက်ရလေတော့သည်။

ဧရာမ မိစ္ဆာကောင်ကြီးသည် ရုတ်တရက်ဆိုသလိုပင် အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားလေတော့သည်။ ထိတ်လန့်ဖွယ်ရာ အနက်ရောင် အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ထူးဆန်းသော သတ္တဝါများ၏ ခြေလက်များနှင့် ပြတ်တောက်နေသော ကိုယ်ထည်အပိုင်းအစများသည် တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများထံသို့ တဟုန်ထိုး ပြေးဝင်သွားကြချေပြီ။

ကျောက်ယွီကျွင်းသည် ကပျာကယာပင် နောက်မှ လိုက်ပါသွားပြီး သူမ၏ အဖြူရောင် အရိုးဓားကို လျင်မြန်စွာ ဝှေ့ယမ်းကာ မိစ္ဆာကိုယ်ထည် အပိုင်းအစများကို အစွမ်းကုန် သုတ်သင်ရန် ကြိုးပမ်းတော့၏။ နင်ချီသည်လည်း သောင်းချီသော ဓားစက်ဝန်းများကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး မိစ္ဆာကောင်၏ အကြွင်းအကျန်များကို တိတိကျကျ ပစ်ခတ်လိုက်သည်။

သို့သော်ငြားလည်း ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် အကူအညီကြောင့် ထိုမိစ္ဆာကြီးမှာ ပိုမို ပါးနပ်လာပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သော စွမ်းရည်ကိုလည်း ရရှိထားသည်။ ပြတ်တောက်နေသော ခြေလက်များနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများစွာသည် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကျင့်ကြံသူများဆီသို့ အဟုန်ပြင်းစွာ တိုးဝင်သွားကြချေပြီ။

ခဏချင်းမှာပင် တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူပေါင်း တစ်ရာကျော်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အသက်ပျောက်သွားကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မိစ္ဆာကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ၎င်း၏ ကိုယ်ထည်အစိတ်အပိုင်းတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားကြရခြင်းပင် ဖြစ်၏။

ဤမြင်ကွင်းကို တွေ့မြင်ရသူတိုင်း ကြက်သီးထသွားရကာ တုန်လှုပ်ချောက်ခြားသွားကြရသည်။ ခုလေးတင် ဘေးနားတွင် အတူတူ တိုက်ပွဲဝင်နေသော ရဲဘော်ရဲဘက်များသည် မိစ္ဆာကောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြပြီး သူတို့ကို ပြန်လည် တိုက်ခိုက်လာကြချေပြီ။ ကျောက်ယွီကျွင်း၏ မျက်ဝန်းအစုံမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။ အကြောင်းမှာ သူမ၏ ကျင့်ကြံသူ အဖွဲ့များပင် ထိခိုက်မှု ရှိလာသောကြောင့်။

ကျန်းယင်းချူးနှင့် တိုက်ခိုက်နေသော ကုန်းထျန်းတောက်မှာမူ ထိုမိစ္ဆာကောင်ကို တားဆီးရန်အတွက် လုံးဝ အခွင့်အရေး မရရှိနိုင်ဘဲ ဖြစ်နေသည်။

ရုတ်တရက် နင်ချီသည် ကင်းခြေများကဲ့သို့သော ကိုယ်ထည်ရှိပြီး သတ္တဝါမျိုးစုံ၏ ခြေထောက်များဖြင့် ပေါင်းစပ်ထားသော ကြောက်မက်ဖွယ် မိစ္ဆာကောင်ကြီးတစ်ကောင် ဓားဘိုးဘေးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်ကို တွေ့လိုက်ရ၏။

သူ၏ အာရုံခံစားမှုအရ သူ၏ ဓားစက်ဝန်းများမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်ပါသော်လည်း တစ်စက္ကန့်မျှ နောက်ကျသွားလိမ့်မည်ကို သိနေသည်။ နင်ချီအနေဖြင့် ဓားဘိုးဘေးသည် ထိုမိစ္ဆာကောင်ကို ခဏမျှ တားဆီးထားနိုင်ရန်သာ မျှော်လင့်နိုင်တော့၏။ ဓားဘိုးဘေးသည် လက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကျင့်ကြံသူများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ လုံးဝ နောက်မဆုတ်သွားပေ။

ဓားဘိုးဘေးသည် ချက်ချင်းပင် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ဓားဆန္ဒသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး ကင်းခြေများမိစ္ဆာ၏ ခြေလက်ထက်ဝက်ခန့်ကို ဖြတ်တောက်လိုက်၏။ သို့သော်လည်း ထိုမိစ္ဆာကောင်၏ ကိုယ်ထည်မှာ ဓားဘိုးဘေးထံသို့ ဆက်လက် အရှိန်ပြင်းစွာ တိုးဝင်လာနေဆဲပင်။

ထိုအခိုက် ဓားဘိုးဘေး၏ မျက်ခုံးအစုံကြားမှ ဓားတစ်လက် ထွက်ပေါ်လာသည်။ ဆန္ဒဓားသည် ကင်းခြေများမိစ္ဆာ၏ ဦးခေါင်းကို ဝင့်ခုတ်လိုက်၏။ ထိုမိစ္ဆာကောင်၌ ဦးခေါင်းရှိမည်ဟုလည်း သူ ယူဆထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဓားဘိုးဘေး၏ ဆန္ဒဓားသည် ပေါင်းစည်းထားသော မိစ္ဆာခေါင်းများအနက် တစ်ခုကို ထိမှန်သွားသည်။

တခဏချင်းမှာပင် ကင်းခြေများမိစ္ဆာ၏ ကိုယ်ထည်မှာ မမြင်နိုင်သော ဆန္ဒဓား၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး နင်ချီအတွက် တိုက်ခိုက်ရန် လုံလောက်သော အချိန်ကို ရရှိသွားစေသည်။ နင်ချီ၏ ဓားစက်ဝန်းမှာ မိစ္ဆာကောင်ကို ထိမှန်တော့မည့် အချိန်တွင်ပင် ထိုကင်းခြေများမိစ္ဆာ၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် ပြိုကွဲပျက်စီးသွားပြီး ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။

“...”

ဤမြင်ကွင်းကြောင့် နင်ချီ၏ မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားရသည်။

သူ၏ ဓားစက်ဝန်းမှာ ထိုမိစ္ဆာကောင်ကို မထိမှန်သေးဘဲ ၎င်းမှာ မထိခင်ကတည်းက ပြာအဖြစ် ကြွေမွသွားခဲ့ခြင်း ဖြစ်ကြောင်း သူ သေချာ သိနေ၏။ ဓားဘိုးဘေးသည် တာအိုနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြားလည်း ဤမျှလောက်အထိ အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် မဟုတ်ချေ ။

ဓားဘိုးဘေးကိုယ်တိုင်လည်း မိမိ၏ တိုက်ခိုက်မှုအပေါ် ပြန်၍ ဝေခွဲမရ ဖြစ်နေသည်။

‘ဒီမိစ္ဆာကောင်က တကယ်ပဲ ဒီလောက်တောင် အားနည်းနေတာလား’

ရုတ်တရက် သူ တစ်စုံတစ်ရာကို သဘောပေါက်သွားပုံ ရသည်။ သူသည် နင်ချီထံသို့ စိတ်ချင်းဆက်သွယ်ကာ အမြန်ပင် ပြောလိုက်၏။

“ကောင်လေး နင် ... ငါဟာ မိစ္ဆာချီရဲ့ အဆိပ်သင့်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတာ... မင်း ငါ့ကို ကူညီခဲ့ပေမဲ့ ငါ့ခန္ဓာကိုယ်က အဲဒီအငွေ့အသက် အချို့ကို စုပ်ယူထားမိတယ်... ဒီတော့ ဒါဟာ မိစ္ဆာချီရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... မိစ္ဆာချီက ဒီမိစ္ဆာကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုတာ သေချာသွားပြီ... အမြန်ဆုံး မိစ္ဆာချီကိုသုံးပြီး သူတို့ကို ကိုင်တွယ်လိုက်တော့...”

နင်ချီသည် တခဏချင်းမှာပင် အားလုံးကို နားလည်သွားတော့သည်။ သူသည် မိမိကိုယ်မိမိ အပြစ်တင်သည့်အနေဖြင့် နဖူးကို လက်ဖြင့် ရိုက်လိုက်မိ၏။

‘ငါ ဘယ်လောက်တောင် အသေးတာလဲ... ဒါကို အခုမှ သိရတယ်လို့...’

ဤမိစ္ဆာကောင်များ ပေါ်လာကတည်းက သူ ရင်းနှီးနေသော အငွေ့အသက် တစ်ခုကို ခံစားနေရခြင်းမှာ မထူးဆန်းတော့ချေ ။ ၎င်းမှာ မိစ္ဆာချီ၏ အငွေ့အသက်ပင် ဖြစ်နေသည် မဟုတ်လော ။

နင်ချီသည် သိုလှောင်ဟင်းလင်းပြင်ကို ချက်ချင်း ဖွင့်လိုက်ပြီး ဓားဘိုးဘေးထံမှ ဖယ်ရှားပေးခဲ့သော မိစ္ဆာချီ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလိုက်တော့သည်။

၎င်းမှာ မိစ္ဆာဝိညာဉ်များကို ချုပ်နှောင်ရန်အတွက် အထူးပြုလုပ်ထားသော မိစ္ဆာချုပ်ပုလင်းကလေး ဖြစ်၏။ နင်ချီသည် မိစ္ဆာချုပ်ပုလင်းကို ကိုင်ထားရင်း မိစ္ဆာချီကို နှိမ်နင်းနိုင်သည့် ရွှေရောင်သော့ကိုလည်း ထုတ်ယူလိုက်သည်။ သူ၏ ခွန်အားတစ်ခုတည်းနှင့် ထိုမိစ္ဆာချီကို ထိန်းချုပ်ရန် မလွယ်ကူသဖြင့် ရွှေရောင်သော့၏ စွမ်းအားကို ပေါင်းစပ်ရမည်။

ယခုအခါတွင် သူသည် ထိုအရာများမှာ မည်သည့်နေရာမှ လာသည်ကို မသိသော်လည်း အသုံးဝင်မည့် နည်းလမ်းတစ်ခုအဖြစ် စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။

နင်ချီက အတွေး တစ်ချက် ပို့လွှတ်လိုက်ရာ သူ၏ လက်ထဲရှိ ရွှေရောင်သော့မှာ မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်လာသည်။

ရုတ်တရက် မိစ္ဆာချုပ်ပုလင်း ပွင့်သွားပြီးနောက် အထဲမှ မီးခိုးရောင် မိစ္ဆာချီများ ဝှစ်ခနဲ ထွက်ပေါ်လာတော့၏။ ထိုမိစ္ဆာချီများသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လွင့်ပျံထွက်ပြေးရန် ကြိုးပမ်းကြသော်လည်း ရွှေရောင်သော့ထံမှ အလင်းတန်းတစ်ခု ကျဆင်းလာကာ ထိုမိစ္ဆာချီကို နောက်တစ်ကြိမ် တောင့်ခဲသွားစေသည်။

All Chapters