အခန်း (၉၅၅-၉၅၇)
Vol. 64 Ch. 955-957
အခန်း (၉၅၅) - စိတ်အပြောင်းအလဲမြန်သော ပင်လယ်ဘိုးဘေး
ထိုအချိန်တွင် နင်ချီ၏ လက်ထဲရှိ ရွှေရောင်သော့မှာ ပူနွေးလာပြီး တစ်စုံတစ်ခုကို သတိပေးနေသည့်အလား ခံစားလိုက်ရ၏။ နင်ချီမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုမိစ္ဆာချီကို သူ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ နင်ချီမှာ စိတ်သက်သာရာ ရသွားချေပြီ။
သူသည် မိစ္ဆာချီကို အသုံးမပြုရသေးမီမှာပင် အောက်ဘက်ရှိ တောင်နှင့်ပင်လယ် ကမ္ဘာကို တိုက်ခိုက်ရန် ပြင်နေသော မိစ္ဆာကောင်အားလုံးမှာ နင်ချီထံသို့ လှည့်ကြည့်လာကြသည်ကို တွေ့လိုက်ရ၏။
မိစ္ဆာချီ ပေါ်လာပြီးနောက် သူတို့အားလုံး၏ အာရုံမှာ နင်ချီထံသို့သာ ရောက်ရှိသွားခြင်း ဖြစ်သည်။
နင်ချီ၏ ရင်ထဲ၌ တစ်ချက် လှုပ်ခတ်သွားရ၏။
‘ဒါဆို ဒီမိစ္ဆာချီက သူတို့ကို တကယ်ပဲ သက်ရောက်မှု ရှိတာပေါ့’
တခဏချင်းမှာပင် မိစ္ဆာကောင်အားလုံးမှာ အသည်းထိတ်ဖွယ် အော်ဟစ်သံများကို ပြိုင်တူ ထုတ်ဖော်လိုက်ကြပြန်သည်။ ဤအသံမှာ ယခင်က အသံများထက် များစွာ ပို၍ ထိတ်လန့်ဖွယ်ကောင်းပြီး ဆန့်ကျင်ဘက် ခံစားချက်များစွာ ရောယှက်နေသည့်အလား ထင်မှတ်ရ၏။
၎င်းမှာ လှုပ်ရှားတက်ကြွခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောယှက်နေသော အသံပင် ဖြစ်သည်။ နင်ချီသည် သူတို့ ဘာကြောင့် ဤသို့ ပြုမူနေကြသည်ကို မသိသော်ငြားလည်း ထိုမိစ္ဆာချီကို မီးခိုးရောင် နဂါးငယ်လေး တစ်ကောင်အသွင် ဖန်တီးလိုက်ပြီး မိစ္ဆာကောင်များထံသို့ တဟုန်ထိုး လွှတ်တင်လိုက်လေတော့၏။
ဓားဘိုးဘေးသည်လည်း ငြိမ်မနေဘဲ ဆန္ဒဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ အနီးနားရှိ မိစ္ဆာကောင်များကို သုတ်သင်နေလေ၏။
လတ်တလောတွင် ပင်လယ်ဘိုးဘေး၏ လက်အောက်ခံ ကျင့်ကြံသူ သုံးဦးကို ဝါးမြိုထားသော မိစ္ဆာကောင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်သူမျှ ၎င်း၏အနားတွင် မနေရဲကြဘဲ ဝေးရာသို့ ဆုတ်ခွာနေကြရ၏။ နင်ချီ၏ မိစ္ဆာချီသာ ပေါ်မလာခဲ့လျှင် ထိုဆန်းပြားသားရဲမှာ ကျင့်ကြံသူများစွာကို ထပ်မံ ဝါးမြိုသွားပေလိမ့်မည်။
ထိုအခိုက် ဓားဘိုးဘေး၏ ဆန္ဒဓားက ခုတ်ပိုင်းချလိုက်ရာ ကျင့်ကြံသူ သုံးဦးကို ဝါးမြိုကာ မိမိကိုယ်ကိုယ် အသွင်ပြောင်းထားသော မိစ္ဆာကောင်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။ ဓားဘိုးဘေး၏ ပြင်းထန်သော တိုက်ခိုက်မှုက တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများကို အားတက်သွားစေ၏။ နင်ချီ၏ လက်အောက်တွင် ဤမျှ အစွမ်းထက်သော စစ်သူကြီးတစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။
နင်ချီ၏ မိစ္ဆာချီမှာ ဟင်းလင်းပြင်အတွင်း နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်။ ဤမိစ္ဆာချီမှာ မူလကတည်းက ကိုင်တွယ်ရ ခက်ခဲလှသော်လည်း ယခုအခါ နင်ချီ၏ စိတ်ဆန္ဒဖြင့် ထိန်းချုပ်ထားသဖြင့် ပိုမို ကြမ်းတမ်းလာခဲ့ချေပြီ။ ၎င်းသည် ပထမဆုံး မိစ္ဆာကောင်ကို ဖြတ်သန်းသွား၏။ လူတိုင်းက နင်ချီ၏ လှုပ်ရှားမှုကို အသည်းအသန် စောင့်ကြည့်နေကြသည်။
ခဏချင်းမှာပင် နင်ချီ၏ တိုက်ခိုက်မှုက မိစ္ဆာကောင်ကို ဖြတ်သန်းသွားသည်ကို အားလုံး မြင်တွေ့လိုက်ရ၏။ သို့သော် ထိုမိစ္ဆာမှာ ဓားဘိုးဘေး သတ်လိုက်သော မိစ္ဆာကဲ့သို့ တိုက်ရိုက် ပြိုကျသွားခြင်းမျိုး မဟုတ်ပေ။ ယင်းအစား ၎င်း၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး လေထဲတွင် ဖုန်မှုန့်အဖြစ် လွင့်စင်သွားတော့သည်။ ၎င်း၏ အသက်စွမ်းအားမှာမူ မိစ္ဆာချီ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မိစ္ဆာချီအတွက် အာဟာရအဖြစ် ပြောင်းလဲကာ ပေါင်းစည်းသွားဟန် ရှိသည်။
“...”
အခန်း (၉၅၆) - စိတ်အပြောင်းအလဲမြန်သော ပင်လယ်ဘိုးဘေး
အခြားသူများမှာမူ ဤအချက်ကို သတိမပြုမိကြဘဲ နင်ချီ၏ နည်းလမ်းမှာ ဓားဘိုးဘေးနှင့် ကွဲပြားနေသည်ဟုသာ ခံစားလိုက်ကြရ၏။ သို့သော် နင်ချီကမူ ဤအရာကို ရှင်းလင်းစွာ အာရုံခံမိနေသည်။
'ဒါဆို ဒီမိစ္ဆာချီနဲ့ ဒီမိစ္ဆာကောင်တွေက ဇာစ်မြစ်တစ်ခုတည်းက လာတာလား...'
နင်ချီ၏ ရင်ထဲတွင် သံသယနှင့် မအီမသာ ဖြစ်မှုများ ပြည့်နှက်သွားသည်။ သူသည် အများကြီး တွေးမနေတော့ဘဲ မိစ္ဆာချီကို ဆက်လက် ထိန်းချုပ်ကာ အောက်ဘက်သို့ စေလွှတ်လိုက်၏။ ၎င်းမှာ အပ်တစ်ချောင်း သို့မဟုတ် ဓားတစ်လက်အလား ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အနီးနားရှိ မိစ္ဆာများကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်နေတော့သည်။
ထိုသို့ ဝါးမြိုလေလေ၊ ထိုမိစ္ဆာချီမှာ ပိုမို အစွမ်းထက်လာပြီး ထူးဆန်းလာလေလေ ဖြစ်၏။ ၎င်းသည် နင်ချီ၏ စိတ်ဆန္ဒအောက်မှ ရုန်းထွက်ရန် ကြိုးပမ်းလာကြောင်း နင်ချီ သိလိုက်၏။ သို့သော်လည်း ရွှေရောင်သော့၏ ဖိနှိပ်မှု ရှိနေသရွေ့ ထိုမိစ္ဆာချီမှာ မည်မျှပင် အသက်စွမ်းအားများကို ဝါးမြိုပါစေ နင်ချီ၏ လက်ခုပ်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။
များမကြာမီမှာပင် နင်ချီသည် ဗဟိုနယ်မြေအတွင်းရှိ မိစ္ဆာကောင်များ အားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်လေပြီ။ သူ၏ စွမ်းအားမှာ ကမ္ဘာ နှစ်ခုလုံးမှ ကျင့်ကြံသူများ၏ ရှေ့မှောက်တွင် နောက်တစ်ကြိမ် တောက်ပစွာ ထွန်းလင်းသွားခဲ့ရပြန်သည်။ ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များ သုတ်သင်ခံလိုက်ရပြီးနောက် ကျင့်ကြံသူများ အားလုံးက ထိုမိစ္ဆာများ ပြန်လည် ပေါင်းစည်းလာဦးမလားဟု စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။
သို့သော် ယခုတစ်ကြိမ်မှာမူ ယခင်နှင့် မတူတော့ပေ။ အချိန်အတန်ကြာသည်အထိ မိစ္ဆာကောင်များ ပြန်လည် ဖြစ်တည်လာခြင်း မရှိတော့ချေ။ ဤမိစ္ဆာချီမှာ ထိုမိစ္ဆာများ၏ ပုံရိပ် အစစ်အမှန်ဖြစ်ကြောင်း နင်ချီ စိတ်ချသွားတော့သည်။ သူသည် မိစ္ဆာချီကို ပြန်လည် ခေါ်ယူလိုက်၏။ မိစ္ဆာချီမှာ ချုပ်နှောင်ပုလင်းထဲသို့ ပြန်လည် ဝင်ရောက်သွားချိန်တွင် နင်ချီက တစ်ချက် ကြည့်လိုက်သည်။
မီးခိုးရောင် မိစ္ဆာချီမှာ ပိုမို မည်းမှောင်လာပြီး လှုပ်ရှားတက်ကြွနေ၏။ ၎င်းသည် ပုလင်းအတွင်း၌ မြွေတစ်ကောင်ကဲ့သို့ တစီစီ မြည်ကာ ရုန်းကန်နေသည်။ နင်ချီက ပုလင်းအဖုံးကို ပိတ်ကာ သိုလှောင်ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်၏။ ဤမိစ္ဆာချီဖြစ်စေ၊ ယခု ပေါ်လာသော မိစ္ဆာကောင်များဖြစ်စေ၊ ရွှေရောင်သော့ဖြစ်စေ... ၎င်းတို့မှာ အတိအကျ မည်သည့်အရာများ ဖြစ်သည်ကို သူ ယခုထက်ထိ သေချာ မသိသေးပါချေ။
နင်ချီက သူ၏ရင်ဘတ်ကို စမ်းကြည့်လိုက်ရာ တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်က သူ့အား ပေးအပ်ထားသော သစ်ရွက်ခြောက်ကလေးကို စမ်းမိသည်။ ဤလျှို့ဝှက်ချက်များကို နောင်တစ်ချိန်တွင်မှ သူ အေးအေးဆေးဆေး စူးစမ်းရပေမည်။ ယခုအချိန်တွင်မူ အရေးကြီးဆုံးမှာ ဤဝိညာဉ်ကမ္ဘာ စစ်ပွဲကို အဆုံးသတ်ရန်သာ။ သို့သော်လည်း နယ်မြေများ ပင်လယ်ကြီးကို စူးစမ်းလိုစိတ်မှာမူ သူ့ထံတွင် အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခဲ့ချေပြီ။
ဟင်းလင်းပြင် အထက်ယံတွင် တိုက်ပွဲဝင်နေကြသော ဝိညာဉ်ကမ္ဘာနှစ်ခု၏ ဆန္ဒတော်များမှာလည်း လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြလေပြီ။ နင်ချီက မိစ္ဆာချီကို အသုံးပြုကာ မိစ္ဆာများကို သုတ်သင်လိုက်သည့် အခိုက်အတန့်တွင် သူတို့ သတိထားမိလိုက်ကြခြင်း ဖြစ်သည်။ တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်မှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း ဘာမျှ မပြောခဲ့ပေ။
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်မှာမူ မျက်နှာပျက်နေချေပြီ။
'ဒီကောင်က ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်တွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး... သောက်ကျိုးနည်း... ငါ ဆရာ့ကို ဒီကိစ္စ ထပ်ပြီး အစီရင်ခံရဦးမယ်...'
နင်ချီက ဓားဘိုးဘေးတို့ကို ဘေးဒဏ်ကူးပြောင်းရန် ကူညီပေးစဉ်က ထိုမိစ္ဆာချီ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။ သူသည် သူတော်စင် ဘိုးဘေးကြီးကို မေးမြန်းခဲ့ဖူးရာ ၎င်းမှာ ဒဏ္ဍာရီလာ အတိုင်းအဆမဲ့ မိစ္ဆာချီ ဖြစ်နိုင်ကြောင်း သိခဲ့ရသော်လည်း ထိုစဉ်က သေချာ မသိခဲ့ပေ။ ယခု နင်ချီက ၎င်းကို အသုံးပြုကာ မိစ္ဆာကောင်များကို သုတ်သင်ပြလိုက်ချိန်တွင်မူ ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်သည် ထိုအရာမှာ အတိုင်းအဆမဲ့ မိစ္ဆာချီ ဖြစ်ကြောင်း အပိုင်တွက်ချက်မိသွားတော့သည်။
ဝိညာဉ်ကမ္ဘာ ဆန္ဒတော် ပုံရိပ်နှစ်ခုမှာ လေထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြ၏။ ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်က အောက်ဘက်ရှိ စစ်မြေပြင်ကို လှမ်းကြည့်လိုက်၏။ သူသည် မိမိ၏ စိတ်ဆန္ဒကို အသုံးပြုကာ မိစ္ဆာကောင်များကို ထိန်းချုပ်ပြီး တောင်နှင့်ပင်လယ် ကမ္ဘာ ကျင့်ကြံသူများကို တိုက်ခိုက်စေခဲ့ခြင်းမှာ အမှန်တကယ်ပင် ထိရောက်ခဲ့သည်ဟု ဆိုရမည်။
ခန့်မှန်းခြေအရဆိုလျှင် တောင်နှင့်ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ ငါးရာခန့် အသက်ပျောက်ခဲ့ရ၏။ ကျယ်ပြန့်သော ကမ္ဘာ ကျင့်ကြံသူများကလည်း ဤအခွင့်အရေးကို အသုံးချကာ နောက်ထပ် ငါးရာခန့်ကို သုတ်သင်နိုင်ခဲ့ကြသဖြင့် တောင်နှင့်ပင်လယ် ကမ္ဘာ ကျင့်ကြံသူ တစ်ထောင်ခန့် ဆုံးရှုံးသွားရခြင်း ဖြစ်သည်။ ဤသည်က ကျယ်ပြန့်သော ကမ္ဘာအတွက် အားသာချက်တစ်ခု ဖြစ်လာစေ၏။
သို့သော်လည်း ထိုအချိန်မှာ အလွန်တိုတောင်းလွန်းလှသည်။ ထို့အပြင် သူတို့ သတ်ဖြတ်လိုက်သော ကျင့်ကြံသူ အများစုမှာ ကျင့်ကြံဆင့် နိမ့်ပါးသူများသာ ဖြစ်ကြပြီး၊ နင်ချီ၏ ဘေးဒဏ်ကူးပြောင်းမှုကြောင့် ဆုံးရှုံးသွားခဲ့ရသော ကျယ်ပြန့်သော ကမ္ဘာမှ ထောင်နှင့်ချီသော တာအိုကျင့်ကြံသူများနှင့် ယှဉ်လျှင်မူ များစွာ ကွာခြားနေဆဲပင် ဖြစ်၏။ နင်ချီက အရာအားလုံးကို ထပ်မံ ဖျက်ဆီးပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်မှာ သွေးအန်ချင်စိတ်ပင် ပေါက်လာတော့သည်။ ရုတ်တရက် သူ၏ပုံရိပ်မှာ အနည်းငယ် တုန်ခါသွားပြီး ပျောက်ကွယ်လုမတတ် ဖြစ်သွား၏။ နောက်တစ်စက္ကန့်တွင် ထိုပုံမှန်မဟုတ်သော အခြေအနေကို သူ ပြန်လည် ထိန်းချုပ်လိုက်သော်လည်း တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ အာရုံစိုက်မှုကိုမူ ရရှိသွားခဲ့လေပြီ။
“ဟင်...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်မှာလည်း အ မဟုတ်ပေ။ အနည်းငယ် တွက်ချက်ကြည့်ရုံနှင့် တစ်ဖက်လူ ဘာကြောင့် ဤသို့ ဖြစ်ရသည်ကို သူ နားလည်လိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်က မျက်မှောင်ကြုတ်လိုက်၏။
'ငါ့ရဲ့ စိတ်ဆန္ဒ အနည်းငယ်လေးနဲ့ပဲ မိစ္ဆာကောင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာတောင်မှ... ဒီလောက်အထိ တန်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရတာလား... ဒီအရာတွေက တကယ်ပဲ ကြောက်စရာကောင်းတာပဲ... ငါ့ဆရာ ပြောခဲ့တာ မမှားဘူး... မလိုအပ်ဘဲနဲ့ ဒီအရာတွေကို ဘယ်တော့မှ မနှောင့်ယှက်သင့်ဘူး...'
သူသည် နင်ချီ၏ မိစ္ဆာချီအကြောင်းကို တွေးတောရင်း ဝေခွဲမရ ဖြစ်နေရတော့သည်။ သူသည် မိစ္ဆာကောင်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့ခြင်းကြောင့်လား၊ သို့မဟုတ် နင်ချီ၏ မိစ္ဆာချီကြောင့် ဒဏ်ရာရသွားခြင်းလား ဆိုသည်မှာ မသဲကွဲလှပေ။
'ဆရာက ငါ့ကို ဒီအရာတွေနဲ့ မပတ်သက်ဖို့ မှာထားခဲ့တယ်... နောင်မှာ ဆိုးကျိုးတွေ ရှိလာနိုင်လို့တဲ့... ဒီကိစ္စကို ဆရာ့ကို ထပ်မေးရဦးမယ်...'
သူက အောက်ဘက်သို့ ထပ်မံ ငုံ့ကြည့်လိုက်ပြန်၏။ ကမ္ဘာ နှစ်ခု၏ တိုက်ပွဲမှာ တောင်နှင့်ပင်လယ် ကမ္ဘာဘက်သို့သာ အသာစီး ရနေဆဲပင်။ ယခုအခါ မိစ္ဆာကောင်များလည်း သုတ်သင်ခံလိုက်ရပြီဖြစ်ကာ သူတော်စင် ဘိုးဘေးကြီး၏ ကိုယ်ပွားလည်း မရှိတော့သဖြင့် နင်ချီနှင့် ကျောက်ယွီကျွင်းတို့မှာ အားလပ်သွားကြလေပြီ။ သူတို့ဘက်တွင်မူ ကျန်းယင်းချူး တစ်ယောက်တည်းသာ ကျန်ရှိတော့ရာ ဤစစ်ပွဲကို သူတို့ မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်မှာ ပူပန်နေစဉ်မှာပင် ရုတ်တရက် ဗဟိုနယ်မြေ၏ ကောင်းကင်ယံထက်တွင် လှိုင်းတွန့်တစ်ခု ပေါ်ပေါက်လာသည်။ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ချက်ချင်း ပွင့်ဟသွား၏။ အလင်းတန်းတစ်ခု ကျဆင်းလာပြီးနောက် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ သူတော်စင် ဘိုးဘေးကြီး၏ ဒုတိယမြောက် ကိုယ်ပွားပင် ဖြစ်ချေတော့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ပူပန်နေသော ကျယ်ပြန့်သော ကမ္ဘာ ဆန္ဒတော်၊ ဖိအားများစွာ ခံနေရသော ကျန်းယင်းချူး နှင့် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ အားလုံးမှာ အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဘိုးဘေးကြီးသည် သူတို့ကို ပစ်ပယ်ထားမည် မဟုတ်ပါချေ။
နင်ချီနှင့် အခြားသူများမှာမူ ဘာမှမတတ်နိုင်သလို ခံစားလိုက်ကြရ၏။
ဒီကိစ္စက ဘယ်တော့မှ မပြီးဆုံးတော့ဘူးလား။ ကိုယ်ပွားတစ်ခုကို မနည်း ဖြေရှင်းလိုက်ရုံရှိသေး၊ တစ်ဖက်က မိစ္ဆာကောင်တွေကို ထပ်ဆင့်ခေါ်လိုက်ပြန်ပြီး အခုတော့ နောက်ထပ် ကိုယ်ပွားတစ်ခု ထပ်ရောက်လာပြန်ပြီလား။
သို့သော်လည်း တစ်ဖက်မှ ဘိုးဘေးမှာမူ သူတို့ တောင်နှင့်ပင်လယ် ကမ္ဘာမှ ဘိုးဘေးနှစ်ဦးထက် များစွာ ပို၍ အားကိုးထိုက်ဟန် ရသည်။ သူတို့၏ ကျင့်ကြံသူများ ရှုံးနိမ့်တော့မည့် အချိန်တွင် သူက ချက်ချင်း တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သော်လည်း တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့မှာမူ ယခုထက်ထိ ပေါ်မလာကြသေးပေ။
အခန်း (၉၅၇) - စိတ်အပြောင်းအလဲမြန်သော ပင်လယ်ဘိုးဘေး
တောင်နှင့်ပင်လယ် ကမ္ဘာ အတွင်း၌...
စောစောပိုင်းက တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်ယောင်သည် တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ ဘေးတွင် ပေါ်ပေါက်လာခဲ့သည်။
“တိုက်ပွဲ အခြေအနေက ဘယ်လိုရှိသလဲ...”
တောင်ဘိုးဘေးက မေးလိုက်၏။ တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်က ပြန်လည် ဖြေကြားလိုက်၏။
“ဟောင်ရှန်း... တစ်ဖက်က ဘိုးဘေးက စစ်မြေပြင်နယ်မြေထဲကို သူ့ရဲ့ကိုယ်ပွားကိုတောင် စေလွှတ်လိုက်ပြီ... ပြီးတော့ နယ်မြေများ ပင်လယ်က မိစ္ဆာကောင်တွေကိုတောင် ဆွဲဆောင်နေပြီလေ... ခင်ဗျားတို့က တိုက်ပွဲထဲကို ဝင်ဖို့ မစဉ်းစားသေးဘူးလား...”
တောင်ဘိုးဘေးက မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
“အဲဒီအဘိုးကြီးက မိစ္ဆာကောင်တွေကိုတောင် ဆွဲဆောင်နိုင်တာလား...”
“ကံကောင်းတာက နင်ချီက အဲဒီမိစ္ဆာကောင်တွေကို ခုလေးတင်ပဲ ဖြေရှင်းလိုက်နိုင်လို့ပေါ့... မဟုတ်ရင် ငါတို့ ကျင့်ကြံသူတွေ အကုန်လုံး သုတ်သင်ခံလိုက်ရမှာ သေချာတယ်...”
တောင်ဘိုးဘေး၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“မင်း ဘာပြောလိုက်တယ်... နင်ချီက အဲဒီမိစ္ဆာကောင်တွေကို ဖြေရှင်းလိုက်တယ် ဟုတ်လား...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး သူ့အား စိုက်ကြည့်လိုက်၏။
“ဒါက နင်ချီ တစ်ယောက်တည်းရဲ့ စွမ်းဆောင်ချက်တော့ မဟုတ်ပါဘူး... သူက မတော်တဆ မိစ္ဆာချီ တစ်ခုကို ရရှိထားလို့ပါ... အဲဒီမိစ္ဆာချီက အဲဒီသတ္တဝါတွေကို နှိမ်နင်းနိုင်တဲ့ အရာ ဖြစ်နေတာလေ...”
“ဘယ်လိုမျိုး မိစ္ဆာမျိုးကများ အဲဒီမိစ္ဆာကောင်တွေကို သတ်နိုင်ရတာလဲ... မယုံနိုင်စရာပဲ...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်၏ ပုံရိပ်က ခေါင်းခါယမ်းလိုက်၏။
“ငါလည်း မသိဘူး... ဒီကိစ္စကို ငါ သိပ်ပြီး နားမလည်ဘူး... ဒါပေမဲ့ ကျယ်ပြန့်သော ကမ္ဘာက အဘိုးကြီးနဲ့ သူ့ရဲ့ ဆန္ဒတော်ကတော့ သိပုံရတယ်...”
တောင်ဘိုးဘေးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်...
“ငါ နားလည်ပြီ... အခု သူတို့ မိစ္ဆာကောင်တွေကို ဖြေရှင်းလိုက်နိုင်ပြီဆိုမှတော့ နောက်ထပ် ခဏလောက် ထပ်ပြီး တောင့်ခံထားခိုင်းလိုက်ဦး... တစ်ဖက်က ဘိုးဘေးရဲ့ စွမ်းအားတွေကို ပိုပြီး ကုန်ခမ်းသွားအောင် လုပ်နိုင်မယ်ဆိုရင်... နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ မစခင်မှာ ငါတို့ အနိုင်ရဖို့ အခွင့်အရေး ပိုများလာမှာပဲ...”
တောင်ဘိုးဘေးက ရုတ်တရက် ရပ်တန့်သွားပြီးမှ ပြန်မေးလိုက်၏။
“ဒါနဲ့... အဲဒီ ရူးသွပ်နေတဲ့ မိန်းမကိုရော ဘာလို့ ကိုယ်ပွား စေလွှတ်ခိုင်းပြီး မကူခိုင်းတာလဲ...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်က လက်တစ်ချက် ဝှေ့ယမ်းပြလိုက်၏။
“ငါကတော့ သူ့ကို ဘာမှ ခိုင်းလို့ မရဘူး...”
ထိုသို့ ပြောပြီးနောက် သူက တောင်ဘိုးဘေးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြန်သည်။
“ဟောင်ရှန်း.. နောက်ဆုံး အောင်ပွဲ ရရှိဖို့အတွက် မင်းက.. စစ်မြေပြင်ထဲက တောင်နှင့်ပင်လယ် ကမ္ဘာ ကျင့်ကြံသူတွေကို တကယ်ပဲ စတေးဖို့ ဆုံးဖြတ်ထားတာလား...”
တောင်ဘိုးဘေးမှာ ကောင်းကင်သို့ ဆက်သွယ်ထားသော တောင်ထိပ်ပေါ်တွင် ရပ်နေသည်။ ခဏအကြာတွင် သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်၏။
“အဲဒီလို အထွတ်အထိပ် နေရာကို ရောက်ဖို့အတွက်... ပုရွက်ဆိတ် တချို့ကို စတေးလိုက်ရတာက ဘာများ အရေးကြီးလို့လဲ...”
“သူတို့ရဲ့ ထက်ဝက်ကျော်က မင်းရဲ့ လက်အောက်ခံတွေလေ... မင်းနောက်ကို နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ကြတဲ့ သူတွေ မဟုတ်လား...”
“အဲဒါ ဘာဖြစ်လဲ... သူတို့က ငါ့ရဲ့ လက်အောက်ခံတွေ ဖြစ်နေမှတော့ ငါ့အတွက် အသေခံပေးဖို့ ပိုပြီးတော့တောင် ဆန္ဒ ရှိသင့်တာပေါ့... ငါ အင်မော်တယ် အဆင့်ကို ရောက်ရှိဖို့အတွက် သူတို့ရဲ့ အသက်တွေကို ပေးဆပ်ရတာ သူတို့အတွက် ဂုဏ်ယူစရာ မဟုတ်ဘူးလား...”
တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်မှာ ခဏမျှ တိတ်ဆိတ်သွားရသည်။
သူသည် နောက်ဆုံး စကား တစ်ခွန်းကိုသာ ချန်ရစ်ခဲ့ပြီး တောင်ဘိုးဘေး၏ ရှေ့မှ ပျောက်ကွယ်သွားတော့၏။
“အဲဒီ ရူးသွပ်နေတဲ့ မိန်းမက ဘာလို့ မင်းကို ဆန့်ကျင်နေရသလဲဆိုတာ ငါ အခုမှပဲ နားလည်တော့တယ်... မင်းက ကိုယ့်အတွက် အင်အားအကြီးဆုံး စွမ်းအားကို ရရှိဖို့အတွက် တခြားသူတွေရဲ့ အသက်ကို ဂရုမစိုက်တော့ဘူး... သူတို့ကို စတေးပြီး မင်းက အစွမ်းအထက်ဆုံး ဖြစ်လာဖို့ပဲ ကြိုးစားနေတာ... မင်းသာ အစွမ်းအထက်ဆုံး ဖြစ်လာခဲ့ရင် သူတို့အတွက် ဘာများ အကျိုးရှိလာမှာ မို့လို့လဲ...”
တောင်ဘိုးဘေးသည် ပျောက်ကွယ်သွားသော တောင်နှင့်ပင်လယ် ကမ္ဘာ ဆန္ဒတော်ကို စိုက်ကြည့်နေမိ၏။
“ဟင်း... မိန်းမဆန်တဲ့ သနားကြင်နာမှုတွေ... မင်းက ဝိညာဉ်ကမ္ဘာရဲ့ ဆန္ဒတော် ဖြစ်နေတာတောင်မှ မရှိသင့်တဲ့ စိတ်ခံစားချက်တွေ ရှိနေတုန်းပဲလား...”
“ဒီလောကကြီးရဲ့ နိယာမက ဒီအတိုင်းပဲ... စစ်သူကြီး တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ သောင်းချီတဲ့ သူတွေရဲ့ အရိုးစုတွေပေါ်မှာ တည်ဆောက်ထားရတာ... တစ်စုံတစ်ယောက်က မြင့်မားတဲ့ နေရာမှာ ရပ်တည်ချင်တယ်ဆိုရင်တော့... ကျန်တဲ့သူတွေရဲ့ အလောင်းတွေကို နင်းဖြတ်သွားရမှာပဲလေ…”
"ရန်သူပဲဖြစ်ဖြစ်၊ မဟာမိတ်ပဲဖြစ်ဖြစ်... အားလုံးဟာ ငါ့အတွက်တော့ အင်အားအကြီးဆုံးစွမ်းအားကို ရရှိဖို့ လှေကားထစ်တွေပဲ..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထွက်ခွာသွားသည်ကို ကြည့်ရင်း တောင်ဘိုးဘေးက နောက်ထပ်စကားတစ်ခွန်းကို ထပ်မံဆိုလိုက်၏။
ထိုကဲ့သို့သော ခိုင်မာသည့် ယုံကြည်ချက်ကြောင့်သာလျှင် သူသည် ယနေ့ခေတ် တောင်ဘိုးဘေးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းပင်။ သူသည် ဤယုံကြည်ချက်ကို လက်ကိုင်ထားကာ ယခုအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့ခြင်းလည်း ဖြစ်၏။ ကျင့်ကြံခြင်းလမ်းစဉ်တွင် သန်မာသူကသာ အရာရာကို စိုးမိုးစမြဲဖြစ်ပြီး မယိမ်းမယိုင်သော ရက်စက်မှုမျိုး ရှိမှသာလျှင် နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိနိုင်မည်။
အဆုံးမဲ့ပင်လယ်ဝယ်..
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်မှာ ပင်လယ်ဘိုးဘေး၏ ဘေးတွင် ပေါ်လာပြန်သည်။ ပင်လယ်ဘိုးဘေးမှာ စစ်မြေပြင်နယ်မြေကို အကဲခတ်နေပြီး သူ၏ တည်ရှိမှုကို ခံစားမိလိုက်သောအခါ တစ်ကိုယ်တည်း ရေရွတ်သကဲ့သို့ စကားဆိုလိုက်၏။
"နင်ချီက စစ်မြေပြင်နယ်မြေထဲမှာ နောက်တစ်ကြိမ် မုန်တိုင်းထန်အောင် လုပ်လိုက်ပြန်ပြီထင်တယ်... အခု ငါ့ကို ပြောစရာ သတင်းကောင်းများ ရှိလို့လား..."
တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်က ဤသို့ ဆိုလိုက်၏။
"သတင်းကောင်းဆိုတာထက် ပိုပါတယ်.. ကောင်းကင်ကပ်ဘေးကြောင့် ဖြစ်ခဲ့တဲ့ ရုတ်ရုတ်သဲသဲတွေအပြင် အခု သူတော်စင်ဘိုးဘေးရဲ့ ပုံရိပ်ယောင်က ဗဟို နယ်မြေကို ဆင်းသက်လာခဲ့ပြီ... ဒါပေမဲ့ နင်ချီက အဲဒီကိုယ်ပွားကို တစ်ကြိမ်တောင် ပြန်တိုက်ထုတ်နိုင်ခဲ့တယ်..."