အခန်း (၁၀၅၉-၁၀၆၀)
Vol. 102 Ch. 1059-1060
အခန်း ၁၀၅၉ ငါ့မှာ ရွေးချယ်စရာမရှိဘူး
"အဲဒီကောင်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မင်းသားက သူ့အကြောင်း လိမ်ပြောဖို့ ကျွန်တော့်ကို ခိုင်းတုန်းက သူက ဘာမှမလုပ်နိုင်တဲ့ သာမန်ကောင်တစ်ယောက်ပဲလို့ ထင်ခဲ့တာ။ ကျွန်တော်တို့ရဲ့ အကြံအစည် အောင်မြင်ပြီး သူ ပြစ်ဒဏ်စီရင်ခံရလိမ့်မယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်ပြီ" စစ်သူကြီးက ဝိုင်ရှိန်ကြောင့် မူးဝေနေသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်ပါရဲ့... ဒါကို ဘယ်သူက ကြိုတင်ခန့်မှန်းနိုင်မှာလဲ။ ဒါနဲ့ ခင်ဗျား အဲဒီကောင်မလေးကို သတ်လိုက်တဲ့ အချိန်တုန်းက သူ့ရဲ့ နောက်ဆုံးစကားက ဘာလဲဆိုတာ ကျွန်တော့်ကို နောက်တစ်ခေါက်လောက် ပြန်ပြောပြပါဦး" လူငယ်က သိလိုစိတ် ပြင်းပြနေသည့်အလား လှမ်း၍ မေးလိုက်၏။
"သူ့ရဲ့ နောက်ဆုံးစကား ဟုတ်လား။ ဟားဟားဟား... ကျွန်တော် အခုထိ မှတ်မိနေသေးတာပေါ့။ သူက လုံချန်းကို အပြစ်ရှာဖို့ ဧကရာဇ်မင်းမြတ်ရဲ့ ရှေ့မှာ လိမ်ပြောရတော့မယ်ဆိုပြီး တုန်လှုပ်ခြောက်ခြားနေခဲ့တာ။ တကယ်တော့ လုံချန်းက ဘာမှမလုပ်ခဲ့ဘဲ သူ့ဘာသာ အပျော်အပါးရှာပြီး လုပ်ကြံဖန်တီးခဲ့တာလေ။ ဒါပေမဲ့ မင်းသားက သူ့ကို လိမ်ပြောဖို့ ကူညီပေးမယ်လို့ ယုံကြည်ပြီး လိမ်ညာဖို့ အဆင်သင့် ဖြစ်နေခဲ့တာ" စစ်သူကြီးက ထိုကောင်မလေးအကြောင်းကို ပြန်လည်အောက်မေ့ရင်း တဟားဟား ရယ်မောလိုက်သည်။
"အဲဒီ အပြစ်မဲ့တဲ့ ကောင်မလေးကတော့ကွာ။ ကျွန်တော်တို့က သူ့ကို ဒီလို ကိစ္စမျိုးမှာ တကယ်ယုံကြည်လိမ့်မယ်လို့ ထင်နေတာလား။ တကယ်လို့ သူက ဧကရာဇ်ရဲ့ ရှေ့မှာ လိမ်ပြောခဲ့ရင် ကျွန်တော်တို့လိုမျိုး စနစ်တကျ လေ့ကျင့်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ အမိဖမ်းခံရမှာ သေချာတယ်။ သူ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသလိုမျိုး ဖြစ်အောင် ပြတင်းပေါက်ကနေ ကျွန်တော် တွန်းချလိုက်တဲ့ အချိန်အထိ သူ ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်သွားခဲ့ပုံ မရဘူး" သူက ဖြည့်စွက်ပြောကြားလိုက်၏။
"ဧကရာဇ်မင်းမြတ် ဒီအကြောင်းကို ဘယ်တော့မှ မသိပါစေနဲ့လို့ ကျွန်တော် ဆုတောင်းတယ်။ တကယ်လို့ သူ သိသွားရင်တော့ သူ့ကို လိမ်ညာမှုနဲ့ ငကျွန်တော့်ကို သေချာပေါက် သတ်ပစ်လိမ့်မယ်" သူက သက်ပြင်းချရင်း ထပ်မံဆိုလိုက်ပြီး ဝိုင်ကို နောက်ထပ်တစ်ငုံ သောက်သုံးလိုက်ပြန်သည်။
"ဟဲဟဲ... ခင်ဗျား အဲဒီအတွက် စိုးရိမ်နေဖို့ မလိုပါဘူး။ သူကတော့ သိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ သူကလွဲလို့ ကျန်တဲ့သူတွေ အားလုံးကတော့ အခု အကုန်သိသွားကြပြီလေ" လူငယ်က ပျင်းရိငြီးငွေ့ဖွယ်ဟန်ဖြင့် ဆိုလိုက်၏။
"ဟင်... မင်းသား၊ ဒါက ဘာကို ဆိုလိုတာလဲ" စစ်သူကြီးသည် ထိုလူငယ်၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားကာ လှမ်း၍ မေးလိုက်သည်။ ဤစကားလုံးများထဲတွင် တစ်စုံတစ်ခု ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသောကြောင့်တည်း။
"ဟူး... မင်း ဘာဖြစ်လို့ မင်းရဲ့ အနောက်ကို လှည့်မကြည့်ရတာလဲ" လူငယ်က လှောင်ပြောင်သရော်လိုသော မျက်ဝန်းများကို ပင့်တင်ရင်း မေးလိုက်၏။
စစ်သူကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ အလျင်စလို လှည့်ကြည့်လိုက်မိသည်။ ၎င်းမှာ မိမိ၏ အနောက်တွင် တစ်စုံတစ်ဦး ရှိနေသည်ဟု ဆိုလိုခြင်းလော။
"ဘာကြီးလဲ"
သူ့အနောက်တွင် ရှိနေသော အရာကို မြင်လိုက်ရသောအခါ သူ့နှုတ်ခမ်းဖျားမှ ထိတ်လန့်တုန်လှုပ်သံတစ်သံ လွတ်ထွက်သွားခဲ့ရတော့သည်။ ထိုနေရာတွင် ဤအခန်းအတွင်း ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် ရွှေရောင်မှန်ချပ်ကြီး တစ်ချပ် ရှိနေသောကြောင့် ဖြစ်၏။
၎င်းမှန်ချပ်သည် အခြားသော မှန်ချပ်များဆီသို့ အရာရာကို ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပေးနေခြင်း ဖြစ်သည်။ လုံချန်းသည် သူပေးပို့ခဲ့သော စာလွှာများမှတစ်ဆင့် ဤအရာအားလုံးကို ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်၏။ ယခုအခါ လုံချန်း စာပေးပို့ခဲ့သော အရေးကြီးပုဂ္ဂိုလ်များ အားလုံးသည် မိမိတို့၏ အခန်းအတွင်းရှိ မှန်ချပ်များမှတစ်ဆင့် ဤအဖြစ်အပျက်ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ဤအရာမှာ တန်ဖိုး အလွန် ကြီးမားသော ရတနာတစ်ပါး ဖြစ်သော်လည်း ၎င်းကို ဝယ်ယူနိုင်စွမ်းရှိသူများစွာ ရှိနေကြသည်။ မှန်ချပ်တစ်ချပ်နှင့် ချိတ်ဆက်ရန်အတွက် လိုအပ်သည်မှာ မှန်ချပ်၏ အနောက်ဘက်ရှိ အစီရင်များ၏ စီစဉ်ပုံစနစ်ကို သိရှိရန်သာ ဖြစ်၏။ ထိုအစီရင် ပုံစံတူကို ဖန်တီးလိုက်ရုံဖြင့် မူလမှန်ချပ်ကြီးနှင့် တိုက်ရိုက် ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။
လုံချန်းသည် သူပေးပို့ခဲ့သော စာလွှာများအတွင်း၌ ထိုအစီရင် ပုံစံကို မျှဝေပေးခဲ့ခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော မှန်ချပ်များကို မဝယ်ယူနိုင်သည့် သာမန်လူများ အတွက်မူ လုံချန်းကိုယ်တိုင် မှန်ချပ်များအား ချန်ထားပေးခဲ့သည်။ သူ ဤပစ္စည်းများကို မည်သို့ရရှိခဲ့သနည်း ဆိုလျှင်မူ ရိုးရှင်းသည်။ သူသည် ဤမှန်ချပ်များကို အခြားနေရာမှ ခိုးယူလာခဲ့ပြီး လိုက်လံဝေငှခဲ့ခြင်း ဖြစ်တည်း။
ရေးသားပုံချင်း လုံးဝ ကွဲပြားခြားနားသော တစ်ခုတည်းသော စာလွှာမှာ... စစ်သူကြီးထံသို့ ပေးအပ်ခဲ့သော စာလွှာ ဖြစ်သည်။ ထိုစာထဲတွင်မူ ဤကဲ့သို့သော မှန်ချပ်များနှင့် အစီရင် များအကြောင်းကို လုံးဝ ထည့်သွင်း ဖော်ပြထားခြင်း မရှိခဲ့ချေ။
ထို့ပြင် လုံချန်းသည် စစ်သူကြီး၏ အနောက်ဘက်တွင် မှန်ချပ်ကို ပါးနပ်စွာ အကွက်ချထားခဲ့သဖြင့် အချိန်အများစုတွင် ကျောခိုင်းထားရမည့် စစ်သူကြီးအနေဖြင့် ၎င်းကို သတိပြုမိရန် အလွန်ပင် ခက်ခဲသွားခဲ့ရခြင်း ဖြစ်သည်။
"မင်းသား... ခင်ဗျား ဘာတွေလုပ်လိုက်တာလဲ။ ကျွန်တော့်ကို လျှို့ဝှက်ချက်တွေ ဖွင့်ချလိုက်တာပဲ။ ဒါပေမဲ့ ခင်ဗျား မေ့သွားပြီလား။ အရာရာကို ခင်ဗျားကိုယ်တိုင် စီစဉ်ခဲ့တာဆိုတော့ ကျွန်တော် ပျက်စီးရင် ခင်ဗျားလည်း ပျက်စီးမှာပဲလေ။ ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော်တို့ကို ဖွင့်ချလိုက်ရတာလဲ" စစ်သူကြီးက ထိုင်ခုံမှ ဝုန်းခနဲ မတ်တတ်ရပ်ရင်း အော်ဟစ်လိုက်တော့သည်။
"ဩော်... ငါက မင်းသားလို့ မင်းကို ပြောခဲ့လို့လား" လူငယ်က မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ပြန်လည်ဖြေကြားလိုက်ရင်း ညာလက်ကို မျက်နှာဆီသို့ ဖြည်းညှင်းစွာ ယူဆောင်သွားခဲ့သည်။
သူသည် မျက်နှာဖုံးကို ဖြည်းညှင်းစွာ ချွတ်ပစ်လိုက်ရာ သူ၏ မူလရုပ်သွင် အစစ်အမှန် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုလူငယ်၏ စစ်မှန်သော မျက်နှာကို မြင်လိုက်ရသောအခါ စစ်သူကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရ၏။
"သ... သမက်တော် လုံချန်းလား"
သူ၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာသော မျက်နှာမှာ လုံချန်း၏ မျက်နှာ ဖြစ်နေခဲ့သည်။ ဤအင်ပါယာတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော သူတော်စင် အဆင့် ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင်ပင် မင်းသားကြီးကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားနိုင်စွမ်းရှိသော လူတစ်ယောက်၏ မျက်နှာ ဖြစ်၏။ သူသည် တော်ဝင်နန်းတော်အတွင်း၌ပင် လုံးဝ အားစိုက်ထုတ်ရန်မလိုဘဲ သတ်ဖြတ်ဝံ့ပြီး ဒဏ်ရာအနာတရမရှိ ဘေးကင်းစွာ လွတ်မြောက်နိုင်စွမ်း ရှိခဲ့သူ မဟုတ်လော။
"မင်းသားက ဒီနေရာမှာ မရှိဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် သူ ပြစ်ဒဏ်ခံယူသွားရပြီ။ မင်းတစ်ယောက်ပဲ ကျန်တော့တာ" လုံချန်းက တည်ငြိမ်စွာ မတ်တတ်ရပ်ရင်း ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ ဘယ်လက်ထဲတွင်မူ ဝိုင်ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး တစ်ခါတရံမှသာ တစ်ငုံချင်း အရသာခံ သောက်သုံးနေခဲ့၏။
"မင်းက ငါ့ကို မတရား အကွက်ဆင်ခဲ့တာဆိုတော့... ဒီကိစ္စမှာ မင်းကလည်း အလိုတူအလိုပါ မှားယွင်းခဲ့တာပဲ။ ငါ ပြန်ရောက်လာကတည်းက မင်းကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိခဲ့တာ မင်းသိပါတယ်။ ဒါပေမဲ့ ငါ မသတ်ခဲ့ဘူး။ အကြောင်းကတော့ ငါ ဘယ်လောက်ပဲ အမှန်တရားကို ထုတ်ပြောပြော... ငါ့ဇနီးရဲ့ အရူးအဖေက သူ့ရဲ့သား ဒီလောက်ထိ ယုတ်မာလိမ့်မယ်လို့ လုံးဝမယုံကြည်ခဲ့လို့ပဲ။ ငါ့ရဲ့ဇနီးကလည်း အပြစ်မဲ့လွန်းတော့ သူ့ရဲ့ အစ်ကိုဖြစ်သူကိုပဲ ကန်းကန်းပိတ် ယုံကြည်နေခဲ့တာ"
"ဒီအင်ပါယာရဲ့ ပြည်သူတွေကလည်း သူတို့ဧကရာဇ် ပြောသမျှကိုပဲ ပုံအောယုံကြည်ကြတာလေ။ ဒါကြောင့် ငါက အပြစ်မရှိတာတောင် တဏှာရူးတဲ့ မိစ္ဆာကောင်အဖြစ် အကွက်ဆင်ခံခဲ့ရတယ်။ မင်းတို့ကြောင့် ငါ့ရဲ့ သိက္ခာတွေ အားလုံး ဆုံးရှုံးခဲ့ရတာ။ ဒါကြောင့် မင်းကို သတ်ပစ်ဖို့က မင်းနဲ့ ထိုက်တန်တဲ့ အရာဆိုပေမဲ့ အရင်ဆုံးအနေနဲ့ ငါ့ရဲ့ အပြစ်မဲ့မှုကို အရင် ပြန်ယူရမယ်"
"ပြီးတော့ ဒီသက်သေကို ဧကရာဇ်လုရဲ့ မျက်နှာတည့်တည့်ဆီကို ပစ်ပေါက်ပြရမယ်။ အခု ငါ အဲဒါကို လုပ်ပြီးသွားပြီဆိုတော့... မင်း ခံယူသင့်တဲ့ ပြစ်ဒဏ်ကို ခံယူရမယ့်အချိန် ရောက်ပြီ" လုံချန်းက ရှင်းပြရင်း စစ်သူကြီးထံသို့ ဖြည်းညှင်းစွာ လှမ်းလျှောက်သွားခဲ့ရာ စစ်သူကြီးမှာလည်း နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေခဲ့ရတော့သည်။
"လ... လုံချန်း၊ နားထောင်ပါဦး။ ငါ့မှာ ရွေးချယ်စရာမရှိလို့ပါ။ မင်းသားဝမ်က ငါ့ကို ခိုင်းခဲ့တာ။ ငါ သူ့ကို ဘယ်လိုမှ ငြင်းလို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ် သူက အနာဂတ်ရဲ့ ဧကရာဇ် ဖြစ်လာမယ့်သူပဲဥစ္စာ။ ငါ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတာပါ။ ငါ့မှာ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုပ် ဖြစ်နေခဲ့ရတာ။ ငါ့ရဲ့ ဒုက္ခကိုလည်း နားလည်ပေးပါဦး။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။ ငါ မင်းရဲ့ ခြေထောက်ကို ဖက်ပြီးတော့လည်း ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ အမှားဝန်ခံဖို့ အဆင်သင့်ပါပဲ... ငါ့ကိုတော့ မသတ်ပါနဲ့"
စစ်သူကြီးသည် နောက်သို့ ဆက်တိုက်ဆုတ်ခွာရင်း နောက်ဆုံးတွင် နံရံဆီသို့ ရောက်ရှိသွားခဲ့သဖြင့် နောက်ဆုတ်ရန် နေရာမရှိတော့ချေ။ သူသည် ဆက်လက်၍ မလှုပ်ရှားနိုင်တော့ပြီ ဖြစ်၏။
"ဩော်... မင်းမှာ ရွေးချယ်စရာမရှိဘူး ဟုတ်လား။ ဒါက နားလည်ပေးလို့ ရပါတယ်" လုံချန်းက ပြန်လည်ဖြေကြားလိုက်သည်။ သူသည် ဝိုင်ကို နောက်ထပ်တစ်ငုံ သောက်သုံးလိုက်ပြီးနောက် လှည့်ထွက်ရင်း သက်ပြင်းချလိုက်၏။
"နားလည်ပေးတဲ့အတွက် ကျေ... ကျေးဇူးတင်ပါတယ်။ မင်းက တကယ့်ကို နတ်ဘုရားတစ်ပါးပါပဲ။ သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" စစ်သူကြီးသည် လုံချန်း မိမိကို ခွင့်လွှတ်လိုက်ပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ ဆိုလိုက်သည်။
လုံချန်းသည် စားပွဲရှိရာဘက်သို့ ပြန်လည်လျှောက်လှမ်းသွားခဲ့သည်။
စစ်သူကြီးသည် သူ၏ တိတ်ဆိတ်မှုကို ထွက်ခွာခွင့်ပြုသည်ဟု သတ်မှတ်ကာ အခန်းပြင်သို့ ထွက်ခွာရန်အတွက် တံခါးရှိရာသို့ စတင်လျှောက်လှမ်းလိုက်တော့သည်။ မိမိ၏ လျှို့ဝှက်ချက်များ ဖွင့်ချခံလိုက်ရပြီဖြစ်၍ ဧကရာဇ်က မိမိကို ပြစ်ဒဏ်စီရင်တော့မည်ကို သူ သိသော်လည်း... မည်သည့်ပြစ်ဒဏ်မဆို သေရခြင်းထက်မူ ပိုမိုကောင်းမွန်သည် မဟုတ်လော။
သူ လှည့်ထွက်သွားစဉ် လုံချန်း လက်ထဲ၌ ဓားတစ်လက် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်ကိုမူ သူ သတိမပြုမိခဲ့ချေ။
"မင်းမှာ ရွေးချယ်စရာမရှိသလို ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး။ မင်း နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လုံချန်းက ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ စစ်သူကြီးသည် နောက်သို့ လှည့်ကြည့်လိုက်မိပြီး သူ့ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ် ခခံစားချက်တစ်ခုက တဖြည်းဖြည်း လွှမ်းမိုးသွားခဲ့ရတော့သည်။
အခန်း ၁၀၆၀ - ပြန်မသွားသေးခြင်း
"ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး" ထိုသည်က စစ်သူကြီး ကြားလိုက်ရသော နောက်ဆုံး စကားလုံး ဖြစ်သွားသည်။ သူ နောက်ဆုံး မြင်လိုက်ရသော အရာက လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝင်းခနဲ လက်သွားသည့် အလင်းတန်း တစ်တန်းပင်။ မည်သို့ ဖြစ်သွားသည်မှန်း သူ သေသေချာချာ မသိလိုက်မီ အရာအားလုံးက မှောင်မိုက်သွားခဲ့သည်။
သူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံး၊ အထူးသဖြင့် ဝမ်းဗိုက်ပိုင်းမှ ပြင်းထန်လွန်းသည့် နာကျင်မှုကြီးက တစ်ဟုန်ထိုး ပြန့်နှံ့သွားပြီး အမြင်အာရုံများလည်းအမှောင်အတိ ကျသွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သလို သူ ခံစားလိုက်ရပြီး... သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကို နှစ်ပိုင်းပြတ်လျက်သား လဲပြိုကျသွားခဲ့သည်။
"မင်း အဲဒီအရူးနဲ့ မပူးပေါင်းခဲ့သင့်ဘူး။ မင်း တကယ်ပဲ အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ငါ့ကို မတရား အကွက်ဆင်ဖို့ လိမ်ညာဖို့ သဘောတူခဲ့ကတည်းက မင်းရဲ့ သေတမ်းစာမှာ မင်းကိုယ်တိုင် လက်မှတ်ထိုးခဲ့တာပဲ" လုံချန်းက စစ်သူကြီး အလောင်းရှေ့တွင် မတ်တတ်ရပ်ရင်း ငုံ့ကြည့်ကာ တီးတိုးရေရွတ်သည်။
သူ့လက်ထဲတွင်မူ အလွန် ခန့်ညားသော ရွှေရောင်ဘုရင်ဓားကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။
ကလဲ့စားချေ၍ ပြီးဆုံးသွားသည့်နောက် လုံချန်းက မှန်ချပ်ကြီး ရှိရာဘက်သို့ မျက်နှာမူပြီး တရွေ့ရွေ့ လျှောက်လှမ်းသွားသည်။
မှန်ချပ်နှင့် တစ်မီတာအကွာတွင် ရပ်တန့်လိုက်ပြီးနောက် သူက ဆိုလိုက်သည်။ "ဒါကြောင့်မို့လို့ ဘယ်သူကပဲ ပြောပြော... တစ်ဖက်သတ် စကားတွေကိုတင် စိတ်ထဲအလွယ်တကူ သွင်းပြီး ကောလာဟလတွေကို မယုံကြည်ကြဖို့ ပြောတာပေါ့။ ငါက အပြစ်မဲ့ပါလျက်နဲ့ အကွက်ဆင်ခံခဲ့ရတာ။ အခု အမှန်တရားက ပေါ်ပေါက်သွားပြီဆိုတော့ ငါ့ရဲ့ ကိစ္စလည်း ပြီးဆုံးသွားပြီ"
သူက ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ရာ မှန်ချပ်ကြီးက အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။
တော်ဝင်မြို့တော် ပတ်ပတ်လည်တွင် ရှိသော လူများ အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြရင်း လုံချန်းက မှန်ချပ်အား ခွဲပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗီဒီယိုပြသမှုက ရုတ်တရက် ရပ်တန့်သွားသည်။
"အခုတော့ အခြေအနေတွေက အဖြေပေါ်သွားပြီပေါ့။ သမီးရဲ့ ခင်ပွန်းက တကယ်ပဲ အပြစ်မဲ့ခဲ့တာပဲ" မိဖုရားကြီးက သမီးဖြစ်သူ ခေါင်းကို ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။
"သူ အပြစ်မဲ့တယ်ဆိုတာ သမီး အစကတည်းက သိပါတယ်။ တစ်စုံတစ်ယောက်က သူ့ကို မတရားအကွက်ဆင်ထားမှန်း သမီး သိခဲ့ပေမဲ့... အဲဒါက သမီးရဲ့ အစ်ကိုအရင်းခေါက်ခေါက် ဖြစ်နေလိမ့်မယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး" မင်ယုက သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်သည်။
"မယ်တော်... သမီး သူ့ကို တကယ် စိတ်နာအောင် လုပ်မိသွားပြီ မဟုတ်လားဟင်" သူမက မိခင်ဖြစ်သူကို မေးလိုက်မိသည်။
"အဲဒီမေးခွန်းကိုတော့ သူ သမီးဆီကို လာခေါ်တဲ့အချိန်ကျမှ သူကိုယ်တိုင်ပဲ ဖြေနိုင်လိမ့်မယ်လို့ အမေ ထင်တယ်" မိဖုရားကြီးက ပြန်လည်ဖြေကြားလိုက်၏။
"သူ တကယ် လာပါ့မလားဟင်" မင်ယုက မရေမရာဖြင့် မေးလိုက်ပြန်သည်။
"သူ လာလိမ့်မယ်လို့ အမေ ယုံကြည်တယ်။ ပြီးတော့ သူ ရောက်လာတဲ့အခါ လုဝမ်ကို ဘယ်မှာ ဖမ်းထားလဲဆိုတာ သူ့ကို မေးလိုက်ဦး။ အဲဒီအရူးက မှားခဲ့တာ မှန်ပေမဲ့ အဲဒီငတုံးကို ငါတို့ကိုယ်တိုင်ပဲ ပြစ်ဒဏ်စီရင်သင့်တာ။ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ သားပဲဥစ္စာ။ အခု အမှန်တရားကလည်း ပေါ်သွားပြီဆိုတော့ အဲဒီကောင်ကို ငါတို့လက်ထဲ ပြန်အပ်ဖို့ သူ့ကို ပြောလိုက်ပါ" မိဖုရားကြီးက မင်ယုကို မှာကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ မယ်တော်" မင်ယုကလည်း သဘောတူလိုက်၏။
ဧကရာဇ်မင်းကြီးသည် ရှည်လျားလှသော ခရီးစဉ်ကြီးမှ တော်ဝင်မြို့တော်သို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းခရီးတစ်လျှောက်တွင် လုံချန်းကို ရှာမတွေ့ခဲ့ချေ။ ၎င်းမှာ သူ ကြိုတင်မျှော်လင့်ထားပြီးသား အချက်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤမျှအထိ ကျယ်ပြောသော မဟာတိုက်ကြီး အတွင်း၌ လုံချန်းကို လိုက်လံရှာဖွေနေခြင်းက ပင်လယ်ထဲတွင် အပ်ရှာနေရသကဲ့သို့ ခက်ခဲလိမ့်မည်ကို သူ ကောင်းစွာ သိရှိထားသောကြောင့်တည်း။
သူသည် တော်ဝင်နန်းတော်ဆီသို့ တည့်တည့်သွားရောက်ကာ ရာဇပလ္လင်ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။
သူ အထဲသို့ ရောက်သွားသည်နှင့် မိန်းမစိုး တစ်ဦးကိုသာ တွေ့လိုက်ရ၏။ အခြားသော အမတ်များမူ တစ်ဦးမျှ ရှိမနေကြချေ။
သူသည် အမတ်များ မရှိကြသဖြင့် စူးစမ်းလိုစိတ် ဖြစ်သွားခဲ့ရသည်။ ဧကရာဇ်မင်းကြီး ဤနေရာတွင် မရှိလျှင်ပင် သူတို့က တတာဝန်ကျေပွန်စွာ ရှိနေကြရမည် မဟုတ်လော။ သူတို့အားလုံး တာဝန် ပျက်ကွက်နေကြခြင်းလော။
အမတ်များနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်မိသော်လည်း သူ့ကို ပိုမို၍ စူးစမ်းလိုစိတ် ဖြစ်စေသည်က ထိုမိန်းမစိုး၏ ပုံစံ ဖြစ်နေခဲ့သည်။
ထိုလူသည် ဧကရာဇ်မင်းကြီး ပြန်ရောက်လာသည်နှင့် လုံချန်းကို ဖမ်းဆီးရမိခြင်း ရှိမရှိ အသည်းအသန် မေးမြန်းရမည့်အစား ထူးဆန်းစွာပင် ခေါင်းကို ငုံ့ထားလျက် တိတ်ဆိတ်စွာ ရပ်နေခဲ့သောကြောင့်တည်း။
"ဘာတွေ ဖြစ်ကုန်တာလဲ" သူက ရာဇပလ္လင်ဆီသို့ လှမ်းလျှောက်သွားရင်း မိန်းမစိုးကို မေးလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး မရှိတဲ့ အချိန်တုန်းက နန်းတော်ထဲမှာ ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတစ်ခုကို အရှင်မင်းကြီး သိထားသင့်တယ်လို့ ထင်ပါတယ်" မိန်းမစိုးက တိုးညှင်းစွာ ဆိုလိုက်၏။
"ဟင်... ငါမရှိတုန်းက ဘာတွေ ဖြစ်ခဲ့လို့လဲ" ဧကရာဇ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သမက်တော် လုံချန်းက တော်ဝင်မြို့တော်ကို ပြန်ရောက်လာခဲ့ပါတယ်" မိန်းမစိုးက ပြန်လည်ဖြေကြားလိုက်၏။
"ဘာကြီး၊ သူ ပြန်လာတယ် ဟုတ်လား" ဧကရာဇ်က အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "မင်းတို့အားလုံး သူ့ကို ဖမ်းလိုက်မိကြလား"
"အာ... အဲလိုမျိုးတော့ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့ရဲ့ ရှေ့မှောက်မှာ တိုက်ရိုက်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီအစား..."
မိန်းမစိုးသည် ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာအားလုံးကို ဧကရာဇ်အား အသေးစိတ် လျှောက်တင်လိုက်ရာ... ယခင်က တတည်ကြည်ခန့်ညားလှသော ဧကရာဇ်လု၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များစွာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့တော့သည်။
အဖြစ်အပျက်အားလုံးကို ကြားသိလိုက်ရသောအခါ သူသည် မောပန်းနွမ်းနယ်စွာဖြင့် ရာဇပလ္လင်ပေါ်သို့ ပုံကျလျက် ထိုင်ချလိုက်မိတော့သည်။ မိမိ၏ သားဖြစ်သူက သမီးဖြစ်သူ၏ ခင်ပွန်းကို မတရားအကွက်ဆင်ရန် မည်မျှအထိ ယုတ်မာခဲ့ကြောင်း ကြားလိုက်ရသည့် ခဏချင်းမှာပင် သူသည် ရုတ်တရက် အိုမင်းရင့်ရော်သွားသည့်အလား ခံစားလိုက်ရ၏။ သို့သော် ၎င်းက အရာအားလုံး မဟုတ်သေးချေ။ ဤအချက်ကြောင့် လုံချန်းက လုံးဝဥဿုံ အပြစ်ကင်းစင်သွားသည်ဟု မဆိုနိုင်သေးပေ။
ဧကရာဇ်မင်းကြီးသည် ပြီးခဲ့သည့် အကြိမ်က လုံချန်း ပြုလုပ်ခဲ့သော ကိစ္စရပ်များမှာလည်း မိုက်မဲလွန်းပြီး တရားဥပဒေအတိုင်း စနစ်တကျ မဖြေရှင်းခဲ့ကြောင်း ကောင်းစွာ သိရှိထားသည်။
သို့သော်လည်း ဧကရာဇ်မင်းကြီးကို အရှိန်အဟုန်ဆုံး တုန်လှုပ်သွားစေသည်က မိမိကိုယ်တိုင် ပြုလုပ်ခဲ့မိသော အမှားတစ်ခု ဖြစ်နေခဲ့သည်။ သူ၏ သမက်ဖြစ်သူသည် ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်စုနှင့် ဆက်နွှယ်နေခဲ့သူ ဖြစ်၏။ ပြီးတော့ သူသည် ပြီးခဲ့သည့် အကြိမ်က ဒေါသအလျောက် ထိုအချက်ကို အင်မော်တယ်လောကထံသို့ တိုင်ကြားအကြောင်းကြားထားခဲ့ပြီးသား ဖြစ်ပေသည်။
လုံချန်းက ဤကိစ္စတွင် အပြစ်မဲ့ပြီး အရာအားလုံးမှာ မိမိသား၏ ယုတ်မာမှုကြောင့် ဖြစ်ခဲ့သည်ဆိုစေဦးတော့... လုံချန်းက မိစ္ဆာတစ်ကောင် ဖြစ်နေသည်ဟူသော အမှန်တရားကိုမူ မည်သို့မျှ ပြောင်းလဲ၍ မရချေ။ ကိစ္စရပ်များမှာ အလွန်ပင် ကျွံလွန်သွားခဲ့ပြီဖြစ်ရာ သူ့အနေဖြင့် ဆုံးဖြတ်ချက်ကို နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပြီ ဖြစ်၏။
နောက်ထပ် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် မသေမျိုးလောကမှ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့သည် လုံချန်းအား ဖမ်းဆီးရန်အတွက် ရောက်ရှိလာကြတော့မည် ဖြစ်ရာ အခြေအနေမှာ တကယ့်ကို ကမောက်ကမ ဖြစ်သွားတော့မည်မှာ သေချာသည်။
ယခင်ကဆိုလျှင်မူ သမီးဖြစ်သူအပါအဝင် လူတိုင်းက လုံချန်းအပေါ် အမြင်ဆိုးများ ရှိနေကြသဖြင့် ဤကိစ္စက လုံးဝ ပြဿနာမရှိနိုင်ချေ။ သို့သော် ယခုအခါတွင်မူ သူတို့အားလုံးက လုံချန်းအပေါ် အမြင်ကောင်းများ ပြန်လည်ရရှိသွားကြပြီ ဖြစ်ရာ... ဧကရာဇ်လုအနေဖြင့် အထက်လောကထံသို့ လုံချန်း၏ လျှို့ဝှက်ချက်ကို တိုင်ကြားခဲ့ရသည့် ဒုက္ခအား သူတို့ လုံးဝ နားလည်ပေးကြမည် မဟုတ်တော့ချေ။
အင်မော်တယ် လောကမှ လူများသည် လုံချန်းကို သေချာပေါက် လိုက်လံရှာဖွေကြမည်ဖြစ်ပြီး ရှာတွေ့သည့်အခါတွင်လည်း သူ့အား သတ်ပစ်ကြလိမ့်မည် ဖြစ်၏။ ပြီးတော့ လုံချန်း အသတ်ခံလိုက်ရသည့် အချိန်ကျလျှင်... ဧကရာဇ်လုသည် မိမိသား၏ မုသားစကားကို ယုံကြည်ပြီး ကိုယ့်သမက်အရင်းအား အထက်လောကလက်ထဲ အပ်နှံကာ အသေသတ်ခိုင်းခဲ့သည့် ယုတ်မာပက်စက်သော ဧကရာဇ်တစ်ပါးအဖြစ် ကမ္ဘာတည်သရွေ့ အမည်းစက် အစွန်းခံရတော့မည် ဖြစ်သည်။
ကောင်းကင်ဘုံမိစ္ဆာများနှင့် ပတ်သက်၍ သူ့နောက်ကွယ်က အကြောင်းပြချက် အစစ်အမှန်ကို မည်သူကမျှ ထည့်တွေးပြီး နားလည်ပေးကြမည် မဟုတ်ပေ။
"ဘာဖြစ်လို့လဲ အရှင်မင်းကြီး... အရှင်မင်းကြီး ဝမ်းမသာဘူးလား။ သမက်တော်က တကယ်ပဲ အပြစ်မဲ့ခဲ့တာလေ။ အခုဆိုရင် အရာအားလုံးက အဆင်ပြေသွားပြီဆိုတော့ သမက်တော်နဲ့ ပြန်သင့်မြတ်အောင် လုပ်လို့ရပြီပဲ။ ပြီးတော့ မင်းသားဝမ်ကို ပြန်လွှတ်ပေးဖို့လည်း ပြောလို့ရပြီပေါ့။ နားလည်မှုလွဲတာတွေအားလုံးလည်း ပြီးဆုံးသွားခဲ့ပြီဥစ္စာ" မိန်းမစိုးက ဧကရာဇ်မင်းကြီး အဘယ်ကြောင့် ဤမျှအထိ လေးနက် တည်ငြိမ်နေသေးသည်ကို နားမလည်နိုင်သဖြင့် လှမ်း၍ လျှောက်တင်လိုက်၏။
"ဟူး... မင်းက ငါ့ရဲ့ ပြဿနာတွေကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး" ဧကရာဇ်က သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်လေသည်။
လုံချန်းသည် လူသူအရောက်အပေါက် မရှိသော ဆိတ်ငြိမ်သည့် နေရာတစ်နေရာရှိ ရေကန်တစ်ကန်၏ အနီးတွင် ထိုင်နေခဲ့သည်။ ထိုပတ်ဝန်းကျင်တွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
မြွေဘုရင်မှာမူ ရေကန်၏ အတွင်း၌ ပျော်ရွှင်စွာ ကူးခတ်နေခဲ့၏။
"မင်းက ဘာဖြစ်လို့ အဲဒီနေရာမှာ လူသေတစ်ယောက်လိုမျိုး ထိုင်နေရတာလဲ။ မင်းရဲ့ ပြဿနာတွေအားလုံးလည်း ပြေလည်သွားပြီပဲဥစ္စာ။ မင်းရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်ရခဲ့ပြီလေ။ ရေထဲကို ဆင်းလာပြီး အပန်းဖြေစမ်းပါ။ ဒီမြွေဘုရင်ကြီးရဲ့ အလန်းစား ရေကူးနည်းစနစ်တွေကို မင်းကို ပြသပေးမယ်" မြွေဘုရင်က တဟားဟား ရယ်မောရင်း လုံချန်းကို လှမ်းပြောလိုက်သည်။
"ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ရခဲ့တာ မှန်ပေမဲ့ ပြဿနာအားလုံးက ပြေလည်သွားတာ မဟုတ်သေးဘူး။ လုဝမ် သေဆုံးသွားတဲ့ ကိစ္စကို ငါ ဘယ်လိုပြန်ရှင်းပြရမလဲဆိုတာ အခုထိ သေသေချာချာ မစဉ်းစားရသေးဘူး။ ငါ သူ့ကို ဘာဖြစ်လို့ သတ်ခဲ့ရလဲဆိုတာ ငါ့ဘာသာ သိပေမဲ့ သူက သူ့ရဲ့ ညီမအရင်းကို သတ်ဖို့ ကြံစည်နေခဲ့တယ် ဆိုတာကိုတော့ ငါ အလွယ်တကူ သက်သေမပြနိုင်ဘူးလေ။ အဲဒီအတွက် ကောင်းမွန်တဲ့ တုံ့ပြန်မှု နည်းလမ်းတစ်ခုကို ငါ စဉ်းစားဖို့ လိုအပ်တယ်" လုံချန်းက ပြန်လည်ဖြေကြားလိုက်၏။
"အဲဒါကြောင့်မို့လို့ပဲ မင်း နန်းတော်ကို ချက်ချင်း ပြန်မသွားသေးတာပေါ့ ဟုတ်လား" မြွေဘုရင်က အကြောင်းပြချက်ကို သဘောပေါက်သွားသည့်အလား မေးလိုက်လေတော့သည်။