← Chapters

အခန်း (၁၀၆၅-၁၀၆၆)

Vol. 102 Ch. 1065-1066

အခန်း (၁၀၆၅-၁၀၆၆)

Vol. 102 Ch. 1065-1066

အခန်း ၁၀၆၅ စော်ကားမိခြင်း

လွန်ခဲ့သည့် အကြိမ်က မင်ယုသည် နှစ်ဖက်စလုံး အဆင်ပြေစေရန် ညှိနှိုင်းပေးခဲ့ပြီး မည်သူမျှ လိမ်ညာမည် မဟုတ်ဟု ယူဆခဲ့သည်။ သို့သော် ယခုအခါ မိမိ၏ အစ်ကိုဖြစ်သူကသာ အမှန်တကယ် အပြစ်ရှိကြောင်း သိလိုက်ရသဖြင့် လုံချန်းက သူမ၏ အစ်ကိုအား စွပ်စွဲပြစ်တင်ခဲ့စဉ်က မိမိအနေဖြင့် မယုံကြည်ပေးခဲ့မိသည့် အတွက် လုံချန်းအပေါ် အထူးပင် အားနာစိတ်မကောင်း ဖြစ်မိနေတော့သည်။

​လုံချန်းတွင် အပြစ်မရှိကြောင်းကို သူမ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့မိသားစုချင်း စိတ်ဝမ်းကွဲပြားစေရန် နောက်ကွယ်မှ အမှောင်ထု အင်အားစု တစ်ခုက ကြိုးကိုင်နေခြင်းဖြစ်မည်ဟု သူမ ယုံကြည်နေမိ၏။ ထို့ကြောင့်ပင် သူမက ကြားလူအဖြစ် စေ့စပ်ညှိနှိုင်းပေးရန် ကြိုးစားခဲ့မိပြီး ရလဒ်အနေဖြင့် လုံချန်း၏ စိတ်နှလုံးကို နာကျင်အောင် လုပ်မိရက်သား ဖြစ်ခဲ့ရသည်။

​ယခုမူ မိမိ၏ မိသားစုက လုံချန်းအပေါ် နာကျင်အောင် ပြုမူခဲ့ခြင်းဖြစ်သဖြင့် မိသားစုကို ဆန့်ကျင်ရမည်ဆိုလျှင်ပင် လုံချန်း အနား၌သာ နေထိုင်ရန် သူမ အပြတ်အသတ် ဆုံးဖြတ်လိုက်တော့သည်။

​မင်ယု၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုအား မြင်တွေ့ရပြီး လုံချန်းက စိတ်ကို ထိန်းချုပ်ကာ မိမိ၏သားအား သတ်မပစ်ခဲ့ကြောင်း သိလိုက်ရသည့်အခါ မိဖုရားကြီးသည်လည်း အတန်ငယ် စိတ်သက်သာရာ ရသွားခဲ့၏။

​မိမိ၏ သားဖြစ်သူကို ဘယ်သောအခါမှ ပြန်လည်တွေ့မြင်နိုင်တော့မည် မဟုတ်သည့်အတွက် ဝမ်းနည်းပူဆွေးစွာဖြင့် သက်ပြင်းချမိသော်လည်း အနည်းဆုံးတော့ သားလေး အသက်ရှင်နေသေးသည့်အတွက် စိတ်သက်သာရာရကာ ဝမ်းမြောက်မိရပြန်သည်။ ထို့အပြင် တစ်နေ့နေ့တွင် သားဖြစ်သူ မိမိအစီအစဉ်ဖြင့် မိမိ ပြန်လည်ရောက်ရှိလာနိုင်မည့် အခွင့်အရေးလည်း ရှိနေသေးသည် မဟုတ်လော။

​ထို့ကြောင့် သူမသည်လည်း လုံချန်း ဘက်မှ ရပ်တည်ပေးလိုက်ပြီး ဤကိစ္စကို လက်စဖျောက်လိုက်ရန် ခင်ပွန်းဖြစ်သူအား ဝိုင်းဝန်းဖျောင်းဖျလေတော့သည်။ ဖြစ်ပျက်သမျှ ကိစ္စအဝဝက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သူတို့၏ သားဖြစ်သူမှာလည်း ဘေးကင်းကင်းဖြင့် အသက်ရှင်လျက် ရှိနေသေးသည်။

​နှစ်ဦးနှစ်ဖက်စလုံး၏ စကားများကို ကြားရပြီးနောက် ဧကရာဇ်လုသည် တစ်စုံတစ်ရာမျှ ပြန်လည်ပြောဆိုခြင်း မရှိခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူ၏ အဓိကရည်ရွယ်ချက်မှာ လုံချန်းကို ဤနေရာတွင် ဆွဲထားရန်သာ ဖြစ်သည်။ ထို့ကြောင့် သူ ဒေါသထွက်နေလျှင်ပင် အပြင်ပန်း၌ ထုတ်မပြနိုင်ချေ။

​သူသည် တည်ငြိမ်စွာ ပြုံးလိုက်ရင်း ခေါင်းကို ညိတ်လိုက်သည်။

​"ကောင်းပါပြီ။ ငါကိုယ်တိုင်လည်း မှားယွင်းခဲ့တာ ရှိတာမို့လို့ ဘာမှ အပြစ်မဆိုလိုတော့ပါဘူး။ ပြီးတော့ ငါတို့ရဲ့ သားကလည်း ဒီလို အပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ လုံချန်းက ဘာမှ မမှားခဲ့ပါဘူး။ သူ့ကို ငါ ခွင့်လွှတ်ပါတယ်"

​...

​ဧကရာဇ်က လုံချန်းကို ခွင့်လွှတ်ပေးလိုက်သဖြင့် အရာအားလုံးက ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

​သို့သော် လုံချန်းကမူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရ၏။ ဤအရာက လွယ်ကူလွန်းလှသည်။ တစ်ခုခုတော့ လုံးဝ အဆင်မပြေနေချေ။

​"ကောင်လေး... ဒီအဖိုးကြီး တစ်ခုခု ကြံစည်နေတာလား မသိဘူး။ ငါတော့ သူ့ကို ကြည့်ရတာ တစ်မျိုးကြီးပဲ။ သတိထားဦးနော်"

​မြွေဘုရင်သည် လုံချန်း၏ လည်ပင်းတွင် ပုဝါစ တစ်စအလား ပတ်လျက်သား ရှိနေဆဲပင် ဖြစ်၏။ သူက လုံချန်း သတိပြုမိစေရန် သူ့အတွေးကို လှမ်း၍ ပြောလိုက်ခြင်း ဖြစ်သည်။

​"အဟွတ်..."

​မြွေဘုရင်က သူ့အသံကို တိုးတိုးတိတ်တိတ် မပြောဘဲ ဗြောင်ဟစ်လိုက်ခြင်းဖြစ်ရာ ထိုအသံကို ကြားလိုက်ရသော ဧကရာဇ်လုမှာ ဆတ်ဆတ်ခါ ဒေါသထွက်ကာ အတင်းအကြပ် ချောင်းဆိုးလိုက်ရလေသည်။

​"စိတ်မရှိပါနဲ့ ယောက္ခမကြီး။ ဒါက ကျွန်တော် မွေးထားတဲ့ သားရဲတိရစ္ဆာန်လေးပါ။ သူက လူတိုင်းကို သံသယဝင်လွန်းလို့ပါ။ လမ်းမှာတွေ့တဲ့ ကလေးအသေးလေးတွေကိုတောင် လုပ်ကြံသတ်ဖြတ်မယ့်သူတွေ ဖြစ်နိုင်တယ်ဆိုပြီး လျှောက်တွေးနေတတ်တာ။ သူ့စကားကို စိတ်ထဲ အတည်မယူပါနဲ့" လုံချန်းက ပျက်စီးသွားနိုင်သော အခြေအနေကို အမြန်ပြန်လည် ထိန်းသိမ်းရန်အတွက် ယောက္ခမဖြစ်သူအား ကပျာကယာ လျှောက်တင်လိုက်ရ၏။

​အမှန်တော့ မြွေဘုရင် ပြောသည်က မှန်ပေသည်။ သူကိုယ်တိုင်လည်း ထိုသို့ပင် ခံစားနေရ၏။ သို့သော် ၎င်းကို အပြင်ထုတ်၍ မပြောအပ်ချေ။ အကယ်၍ ရန်သူက လှည့်ကွက်တစ်ခု သုံးစွဲတော့မည်ဆိုပါက အမှန်တရားကို သိရှိနိုင်ရန်အတွက် သူတို့ဘက်က ပိုမိုကြီးမားသော လှည့်ကွက်တစ်ခုဖြင့် တုံ့ပြန်ရန် လိုအပ်ပေသည်။ ထို့ကြောင့် မိမိတို့ဘက်က သံသယဝင်နေကြောင်းကို ဧကရာဇ်အား လုံးဝ အသိမပေးနိုင်ချေ။

​'ဒီမြွေစုတ်ကတော့ ဘယ်တော့မှ ပါးစပ်ပိတ်မနေဘူး'

​လုံချန်းသည် စိတ်ထဲမှနေ၍ အပြင်းအထန် ကျိန်ဆဲနေမိတော့သည်။ သူ၏ ဆင်ခြေကို ဧကရာဇ်က ယုံကြည်သွားပါစေဟုသာ မျှော်လင့်နေမိ၏။ မြွေဘုရင်ကို ရူးကြောင်ကြောင် သားရဲတစ်ကောင်အဖြစ် ပုံဖော်နိုင်မှသာ သူတို့၏ သံသယအား လျှို့ဝှက်ချက်အဖြစ် ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

​"ဘာပြောတယ်... မင်းက ငါ့ကို ရူးနေတယ်လို့ ပြောတာလား။ မင်း စိတ်လွတ်သွားပြီလား" မြွေဘုရင်က လုံချန်း၏ အကြံအစည်ကို နားမလည်ဘဲ အော်ဟစ်လိုက်ပြန်သည်။

​"ပါးစပ်ပိတ်ပြီး စကားမများစမ်းနဲ့။ ယောက္ခမကြီးက ငါ့ကို ခွင့်လွှတ်ပေးပြီးပြီ။ အမှန်တရားကလည်း လူတိုင်းရဲ့ ရှေ့မှာ ပေါ်ပေါက်သွားပြီပဲ။ အခုအချိန်မှာ နောက်ထပ် အထင်လွဲစရာတွေ လျှောက်မလုပ်စမ်းနဲ့" လုံချန်းက မျက်လုံးကို အပေါ်ပင့်ပြရင်း မြွေဘုရင်ကို ပြန်လည် ပြောဆိုလိုက်၏။

​"ဟွန်း... မင်း သဘောရှိသလောက် လုပ်စမ်းပါ။ နောက်မှ အမှန်တရား ပေါ်လာလို့ ငါ့ဆီ လာငိုမပြနဲ့တော့" မြွေဘုရင်က ပျင်းရိပျင်းတွဲဖြင့် ပြောဆိုလိုက်ပြီးနောက် ဆက်လက်၍ စိတ်မဝင်စားတော့ဟန်ဖြင့် ငြိမ်သက်သွားတော့သည်။

​"ဟားဟား... မင်း ပြောတာ မှန်ပါတယ်။ မင်းရဲ့ ဒီမြွေက စကားပြောနိုင်တာမို့လို့ တကယ်ပဲ ထူးခြားတဲ့ သားရဲတစ်ကောင်ပါပဲ။ ဒါပေမဲ့ လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကတော့ နှမြောစရာပဲ" ဧကရာဇ်က ခေါင်းကို ညိတ်ရင်း ရယ်မောလိုက်တော့သည်။ ဤတစ်ကြိမ်တွင်မူ မြွေဘုရင်မှာ တိုက်တိုက်ဆိုင်ဆိုင် မှန်သွားရုံသာဖြစ်သည့် ရူးကြောင်ကြောင် မြွေတစ်ကောင်မျှသာ ဖြစ်သည်ဟု သူက ယူဆလိုက်သဖြင့် စိတ်ကျေနပ်သွားခြင်း ဖြစ်၏။

​ကံကောင်းထောက်မစွာဖြင့် လုံချန်းသည် မည်သည့်အရာကိုမျှ ရိပ်မိခြင်းမရှိသေးဟု သူ ထင်မှတ်ထားခဲ့သည်။

​"ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ ပြောလို့လဲ။ ဒီမြွေဘုရင်က မင်းရဲ့ အဖေကွ။ မင်းကများ ငါ့ကို လှောင်ပြောင်ရဲတယ် ဟုတ်လား။ မင်းအနေနဲ့ ငါ့လက်ရုံးရဲ့ ယောက္ခမဖြစ်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် မင်း ငါ့လက်ထဲမှာ ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး" မြွေဘုရင်က မောက်မာဝင့်ကြွားစွာဖြင့် ကြွေးကြော်လိုက်လေသည်။

​လုံချန်းက သူ့ကို လှောင်ပြောင်သည်က ကိစ္စမရှိသော်လည်း အခြားသူတစ်ယောက်က လာရောက်စော်ကားသည့်အခါတွင်မူ သူ အမျက်ဒေါသ ထွက်သွားခဲ့ရခြင်း ဖြစ်၏။

​'လက်ထဲမှာ သေရမယ် ဟုတ်လား။ ဒီကောင်မှာ လက်တောင် မရှိတာကို။ သူ စကားတွေ လျှောက်ပြောနေတုန်းက စဉ်းစားဉာဏ်ရော ရှိရဲ့လား မသိဘူး' လုံချန်းသည် မြွေဘုရင်၏ ဆဲဆိုသံများကို ကြားရသောအခါ အံ့ဩဘနန်း တွေးတောနေမိတော့သည်။

​"ဘာ... ဒီသားရဲစုတ်က ငါတို့ကို ဒီလိုမျိုး လာပြီး စကားပြောရဲတယ် ဟုတ်လား။ ငါ သူ့ကို သတ်ပစ်မယ်"

​မိမိ၏ မိသားစုတစ်ခုလုံးနှင့် အမတ် များအားလုံး၏ ရှေ့မှောက်တွင် ယခုကဲ့သို့ စော်ကားခံလိုက်ရသဖြင့် ဧကရာဇ်သည် အလွန်အမင်း ဒေါသချောင်းချောင်း ထွက်သွားခဲ့ရသည်။

​"သတ်ချင်ရင် လာစမ်းပါ... အကောင်သေးတဲ့ လူသားရယ်။ မင်းရဲ့ အဘိုးအစစ် ရှိနေဦးတော့ ငါ့ရှေ့မှာ ငိုယိုနေရမှာ။ မင်းကိုတော့ ပြောနေစရာတောင် မလိုဘူး။ ရဲရင် လာခဲ့စမ်းပါ" မြွေဘုရင်ကလည်း မလျှော့တမ်း ပြန်လည် ကြုံးဝါးလိုက်၏။

​အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ လုံချန်းက ကြားဖြတ်ဝင်ရောက်လိုက်ပြီး မြွေဘုရင်ကို သားရဲကမ္ဘာအတွင်းသို့ အတင်းအကြပ် ပြန်လည် ပို့ဆောင်လိုက်တော့သည်။

​"သူ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် သူ့ကို သားရဲအိတ်ထဲ ပြန်ထည့်လိုက်ပါပြီ။ အဲဒီ ရူးကြောင်ကြောင် မြွေက ခင်ဗျားကို နောက်တစ်ခါ ဘယ်တော့မှ စိတ်အနှောင့်အယှက် ပေးတော့မှာ မဟုတ်ပါဘူး" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။

​ဧကရာဇ်လုသည် လုံချန်းကို ဖိအားပေးကာ ထိုမြွေကို ပြန်ထုတ်ခိုင်းပြီး သတ်ပစ်ချင်နေမိသော်လည်း မိမိကိုယ်မိမိ အတင်းအကြပ် ထိန်းချုပ်လိုက်ရသည်။ လုံချန်းတွင် ထွက်ပြေးနိုင်သော စွမ်းရည်ရှိကြောင်း သူ သိထားခဲ့၏။ ထို့ကြောင့် ယခုအချိန်တွင် သူ စိတ်အေးအေး ထားရပေမည်။ အကယ်၍ လုံချန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိပါက ထိုကောင်သည် ထွက်ပြေးသွားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူသည် လုံချန်းကို ဤနေရာတွင် တစ်လတိတိ ဆွဲထားရမည် မဟုတ်လော။

​ထိုမြွေစုတ်ကိုမူ နောက်ပိုင်းမှသာ သေချာပေါက် စီရင်ရပေမည်။

​"ဟူး... ကောင်းပါပြီ။ အောက်တန်းကျတဲ့ သားရဲတစ်ကောင်မို့လို့ ငါ အရေးတယူ မလုပ်တော့ပါဘူး။ နောက်နောင်ကျရင်တော့ မင်းရဲ့ ရူးကြောင်ကြောင် သားရဲကို သေချာ ထိန်းသိမ်းထားပါ" ဧကရာဇ်က ဆိုလိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပျက်သွားခဲ့ရသည်။

​သူ၏ အမတ်များပင်လျှင် ဧကရာဇ်သည် ယခုကဲ့သို့ မည်မျှအထိ လျင်မြန်စွာ စိတ်တည်ငြိမ်သွားသည်ကို အံ့ဩမှင်သက်သွားကြ၏။ သူတို့က ဧကရာဇ်သည် လုံချန်းကို အလေးအနက် တန်ဖိုးထားသောကြောင့်ဟု ယူဆခဲ့ကြသော်လည်း ဆိုးရွားလှသော နောက်ကွယ်မှ အကြောင်းအရင်းအမှန်ကိုမူ သူတို့ လုံးဝ မသိရှိကြချေ။

​"နားလည်ပါပြီ ယောက္ခမကြီး။ အခု ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့... ကျွန်တော် မင်ယုကို ခေါ်ပြီး ထွက်သွားလို့ ရပြီလား" လုံချန်းက မေးမြန်းလိုက်သည်။

​"ထွက်သွားမယ်... ဟုတ်လား။ ဘယ်ကို ထွက်သွားမှာလဲ။ ထွက်သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်းက ဘာဖြစ်လို့ ငါတို့ အင်ပါယာကနေ ထွက်သွားချင်ရတာလဲ။ အရာအားလုံးက အခုမှ တည်ငြိမ်သွားတာလေ။ ငါတို့နဲ့အတူ ဒီမှာပဲ နေပါ။ မင်း ထွက်သွားလို့ မရဘူး။ ငါ သားတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီ။ မင်းနဲ့ ငါ့သမီးကိုပါ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ မင်းတို့ကို ထွက်သွားခွင့် မပြုနိုင်ဘူး" ဧကရာဇ်လုသည် လုံချန်းက ထွက်သွားမည့်အကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်စွာဖြင့် မတ်တတ်ရပ်လိုက်မိတော့သည်။

​သူ၏ ဤနေရာတွင် ရှိနေရခြင်း ရည်ရွယ်ချက်တစ်ခုလုံးမှာ လုံချန်းကို ဆွဲထားရန် ဖြစ်သည်။ ထိုကောင်ကို ထွက်သွားခွင့် ပြုနိုင်ပါမည်လော။ လုံးဝ မဖြစ်နိုင်ချေ။

​သူ၏ ရုတ်တရက် အမျက်ဒေါသ ထွက်ပေါ်လာမှုကြောင့် လုံချန်းအား ပိုမို သံသယပွားများစေခဲ့သည်။ ဤလူသည် အမှန်တကယ် မည်သည့်အရာကို ကြံစည်နေသနည်း။ သူသည် အဘယ်ကြောင့် ယခုကဲ့သို့ ထူးဆန်းနေရသနည်း။ သူ အမှန်တကယ် မည်သည့် လှည့်ကွက်ကို သုံးစွဲနေသနည်း။

အခန်း ၁၀၆၆ အမှန်တရားကို ဖွင့်ဟခြင်း

"စိတ်မပူပါနဲ့ ယောက္ခမကြီး။ ကျွန်တော်က တော်ဝင်နန်းတော်ကနေ ထွက်သွားမလို့ ပြောတာ မဟုတ်ပါဘူး။ အခု လောလောဆယ် ဒီခန်းမဆောင်ထဲကနေ ထွက်ပြီး ကျွန်တော်တို့ရဲ့ အဆောင်ကို သွားမလို့ပါ။ မင်ယုကို ရှင်းပြစရာတွေ၊ ပြောစရာတွေ အများကြီး ရှိနေလို့ပါ။ စိတ်အေးအေးထားပါ... ကျွန်တော် ဒီလောက်မြန်မြန်ကြီး မထွက်သွားသေးပါဘူး" လုံချန်းက ပျာပျာသလဲ ဖြစ်နေသော ဧကရာဇ်ကို လှမ်း၍ ပြောလိုက်သည်။

​"ဪ... မင်း ဆိုလိုတာက ဒါကိုး။ ရတာပေါ့... သွားပြီး အနားယူလိုက်ပါဦး။ အခြေအနေတွေ အားလုံး ပုံမှန်ပြန်ဖြစ်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ရော မင်းကို အားနာတဲ့အနေနဲ့ပါ ဒီညကျရင် ငါကိုယ်တိုင် တောင်းပန်ပွဲ အခမ်းအနားတစ်ရပ် ပြင်ဆင်ပေးပါ့မယ်။ မျှော်လင့်နေလိုက်ပါဦး" လုံချန်း၏ ရှင်းပြချက်ကို ကြားမှပင် ဧကရာဇ်လုသည် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

​မိမိအနေဖြင့် အလွန်အမင်း တုံ့ပြန်မိသွားကြောင်းကိုလည်း သူ ရိပ်မိလိုက်၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် လုံချန်းကမူ မည်သည့်အရာကိုမျှ ရိပ်မိပုံမပေါ်ချေ။ အနည်းဆုံးတော့ သူက ထိုသို့ ထင်မှတ်ထားခဲ့သည်။

​လုံချန်းက မင်ယု၏ထံသို့ လက်လှမ်းပြလိုက်ရင်း မေးလိုက်သည်။ "ငါတို့ သွားကြမလား"

​မင်ယုက သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်လှပသော လက်ကလေးကို သူ့လက်ဖဝါးထက်သို့ တင်လိုက်ရင်း ခေါင်းညိတ်ပြရှာသည်။

​ထို့နောက် သူတို့နှစ်ဦးသည် လှည့်ပြန်ကာ ခမ်းမဆောင်အတွင်းမှ ထွက်ခွာလာခဲ့ကြတော့၏။

​...

​"သူ ဘာတွေ ကြံစည်နေတယ်လို့ နင် ထင်လဲ"

​လုံချန်းနှင့် မင်ယုတို့ စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာစဉ် ရွှင်းက ရှေ့မှ ရုတ်တရက် ပေါ်လာပြီး လှမ်း၍ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

​'ဒါဆို ဒီကိစ္စကို ဟိုမြွေစုတ်နဲ့ ငါပဲ ရိပ်မိတာ မဟုတ်ဘူးပဲ။ တော်သေးတာပေါ့' လုံချန်းက မင်ယုကို မကြားစေချင်သဖြင့် စိတ်ထဲမှနေ၍သာ ရွှင်းကို ပြန်လည် ဖြေကြားလိုက်၏။

​"လူအပဲ ဒါကို သတိမထားမိဘဲ နေမှာပေါ့။ ဒါမှမဟုတ်လည်း မိသားစု သံယောဇဉ်ကြောင့် မျက်စိကွယ်နေတဲ့သူမျိုးပဲ ဖြစ်လိမ့်မယ်" ရွှင်းက မင်ယုကို သိမ်မွေ့စွာ ဝေ့ဝိုက်ကြည့်ရင်း သူမကို ဆိုလိုခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြသလိုက်သည်။

​မင်ယုသည် လူအတစ်ယောက် မဟုတ်ပါချေ။ သို့သော် တစ်ခါတစ်ရံတွင် မိသားစုအပေါ် ထားရှိသော သံယောဇဉ်က သူမ မျက်စိကို ကွယ်စေခဲ့ခြင်း ဖြစ်၏။

​"ဒါနဲ့... သူ ဘာတွေ ကြံစည်နေတယ်လို့ ထင်လဲ" ရွှင်းက ထပ်မံ မေးမြန်းပြန်သည်။

​'ငါက အနာဂတ်ကို ကြိုမြင်တဲ့ နတ်ဆရာမှ မဟုတ်တာ။ ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ သုံးလမပြည့်မချင်း ငါ့ရဲ့ အနာဂတ်ကြည့် စွမ်းရည်က ထပ်သုံးလို့ မရသေးဘူး။ ဒါကြောင့် ခန့်မှန်းရုံပဲ တတ်နိုင်တာ။ ဒါပေမဲ့ သူ ငါ့ကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတာတော့ သေချာတယ်။ ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးလိုက်တာ... စိတ်ရင်းမဟုတ်တာ သိသာတယ်'

​'သူ ငါ့ကို ဘာပြစ်ဒဏ်မှလည်း မပေးခဲ့သလို ဆဲဆိုကြိမ်းမောင်းတာမျိုးတောင် မလုပ်ခဲ့ဘူး။ ဒါကြောင့် သူ ငါ့ကို လုံးဝ ခွင့်မလွှတ်သေးတာ သေချာတယ်'

​'သူ မိသားစုကို ချစ်တဲ့စိတ်ကြောင့် ဒီလို လုပ်တာလည်း ဖြစ်နိုင်ပေမဲ့ သူ ဒီလောက်အထိ ဒေါသထွက်နေတဲ့အချိန်မှာ ငါက တောင်းပန်လိုက်ရုံနဲ့ မြွေဘုရင်ကိုပါ လွယ်လွယ်ကူကူ ခွင့်လွှတ်ပေးလိုက်တာကို ကြည့်ပြီး ငါ သေချာသွားတာ။ သူ ငါ့အပေါ် တစ်ခုခု ကြံစည်နေပြီ'

​လုံချန်းသည် အစောင့်များ ဝန်းရံနေသော စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာခဲ့သည်။ အစောင့်များမှာ လွန်ခဲ့သည့်အကြိမ်က လုံချန်း၏ အစွမ်းထက်မှုကို မြင်တွေ့ထားကြသဖြင့် သူ့ကို ရိုရိုသေသေနှင့် အတန်ငယ် ကြောက်ရွံ့စွာဖြင့် နှုတ်ဆက်ကြ၏။ သို့သော် လုံချန်းကမူ သူတို့ကို သတိပြုမိဟန် မပြဘဲ ပြန်လည် တုံ့ပြန်ခြင်းလည်း မရှိခဲ့ချေ။ သူသည် စိတ်ထဲတွင် ရွှင်းနှင့် စကားပြောဆိုခြင်း၌သာ အာရုံနစ်ဝင်နေခဲ့သည်။

​"ငါလည်း အဲဒီလိုပဲ တွေးမိတယ်။ ငါတို့ ဒီကနေ ထွက်သွားသင့်တယ်။ ဒီမှာ ဆက်နေနေတာထက်စာရင်တော့ ပိုကောင်းလိမ့်မယ်" ရွှင်းက ဆိုသည်။

​"ဘယ်ကို ထွက်သွားရမှာလဲ" လုံချန်းက သဘောကျစွာဖြင့် ပြန်မေးလိုက်၏။

​"ပွဲက အခုမှ စတာလေ။ သူ့အကြောင်းကို ငါ နည်းနည်းလောက် လေ့လာကြည့်ပါရစေဦး။ အချိန်ကတော့ ရှိပါသေးတယ်" မိမိတွင် ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားဖြစ်သဖြင့် သူမ၏ အကြံပြုချက်ကို လုံချန်းက လုံးဝ ပယ်ချလိုက်တော့သည်။

​ယခုအခါ မိမိ၏ အားနည်းချက်များကို သိမြင်ပြီးနောက် စိတ်အေးအေးထားနိုင်ပြီဖြစ်ရာ ပြဿနာများအား ချက်ချင်း ကမန်းကတန်း တုံ့ပြန်ခြင်းသည် အဖြေမဟုတ်ကြောင်း၊ အထူးသဖြင့် အကြောင်းအရာအများစုကို သေချာမသိရှိရသေးချိန်တွင် ပို၍ပင် သတိထားရမည်ဖြစ်ကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

​ပထမဆုံးအနေဖြင့် သူသည် စိတ်ကို ကြည်လင်စွာ ထားပြီး ရန်သူ၏ လှည့်ကွက်ကို နားလည်အောင် ကြိုးစားရပေမည်။

​မည်သို့ပင်ဖြစ်စေ... အနာဂတ်တွင် မည်သည့်အရာ ရောက်ရှိလာတော့မည်ကို သိရှိထားပြီးဖြစ်ရာ မိမိကိုယ်မိမိ အကာအကွယ်ပေးရန် နည်းလမ်းများ ရှိနှင့်ပြီးသား ဖြစ်၏။

​ပထမဆုံးအနေဖြင့်... လွန်ခဲ့သည့်အကြိမ်က အမှားမျိုး ထပ်မမှားစေရန် သူ ဆုံးဖြတ်ထားသည်။ မည်သူမျှ မိမိအား မလုပ်ကြံထားသော ပြစ်မှုများဖြင့် လာရောက် မစွပ်စွဲနိုင်စေရန် မင်ယုကို သူ့အနား၌ အချိန်အများစု ရှိနေစေရမည်။ ဒုတိယအချက်အနေဖြင့်... အဆိပ်ခတ်ခြင်း ခံရမည့်အရေးကို အထူးသတိထားရပေမည်။

​ဧကရာဇ်သည် ယနေ့ညတွင် တောင်းပန်ပွဲအခမ်းအနား ကျင်းပရန် ဖိတ်ခေါ်ထားခဲ့ရာ ထိုပွဲ၌ မိမိအား အဆိပ်ခတ်ရန် ကြံစည်လာနိုင်ခြေ အလွန် မြင့်မားနေသည်။

​ထိုသို့ လုပ်ဆောင်ရာတွင်လည်း ဧကရာဇ်သည် အဆိပ်ကိစ္စကို မိမိ လုံးဝမသိရှိပါဟု အကွက်ဆင်ကာ ဓားစာခံ အသစ်တစ်ယောက် ရှာဖွေပြီး လွတ်မြောက်အောင် ကြံစည်ပေလိမ့်မည်။ ထိုသို့ဖြင့် လုံချန်းကိုလည်း သတ်ဖြတ်နိုင်မည်ဖြစ်ပြီး မိသားစု၏ ထောက်ခံမှုကိုလည်း ဆက်လက် ရရှိနေမည် ဖြစ်သည်။ ထို့ကြောင့် လုံချန်းသည် အဆိပ်ဘေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

​ဤကဲ့သို့သော အချက်အလက်များစွာကို သူ စဉ်းစားတွေးတောခဲ့ခြင်းမှာ မင်ယုအား ခေါ်ဆောင်သွားချင်သောကြောင့် ဖြစ်သည်။ သူမအနေဖြင့် မိမိနှင့်အတူ ကြည်ဖြူစွာ လိုက်ပါလာစေရန်အတွက် ဤနေရာတွင် မိမိ၏ အသက်အန္တရာယ် မည်မျှအထိ စိုးရိမ်ရသည်ကို သူမအား သက်သေပြရန် လိုအပ်ပေသည်။

​...

​မင်ယုနှင့် လုံချန်းတို့သည် သူတို့၏ အဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့်အလား ယခုတစ်ကြိမ်တွင်မူ အခန်းတံခါးမှာ ယခင်နှင့်မတူဘဲ ကျွိခနဲ မြည်သံ ထွက်ပေါ်သွားခဲ့၏။

​အခန်းတွင်းသို့ ဝင်ရောက်လာပြီးနောက် လုံချန်းက ကုတင်ထက်တွင် ဝင်ထိုင်လိုက်သည်။ မင်ယုကမူ ဝင်မထိုင်ဘဲ သူ့ရှေ့မှောက်တွင် မတ်တတ်ရပ်လျက်သားဖြင့် သူ့ကို ငုံ့ကြည့်နေခဲ့၏။

​"ငါ လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်ပါတယ်။ နင့်ကို နာကျင်အောင် လုပ်မိမှန်း ငါ သိပါတယ်။ ဒါပေမဲ့ နင်တို့နှစ်ယောက်စလုံးမှာ အပြစ်မရှိဘူးလို့ ငါ ယုံကြည်ခဲ့တာမို့လို့ နင်ရော ငါ့အစ်ကိုပါ ဘာအန္တရာယ်မှ မဖြစ်စေချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တာပါ"

​လုံချန်း စကားမပြောရသေးမီမှာပင် မင်ယုက စတင်၍ စကားဆိုလာခဲ့သည်။ သူမက မမေးမြန်းရသေးဘဲ မိမိဘာသာ ရှင်းပြနေခြင်း ဖြစ်၏။

​"အခုတော့ အစ်ကိုကပဲ အမှန်တကယ် မှားခဲ့တယ်ဆိုတာ သိလိုက်ရတော့ ငါ မှားသွားခဲ့မှန်း ငါ သိပါပြီ။ ဒါပေမဲ့လည်း ငါ့အစ်ကို သေဆုံးသွားတာကိုတော့ ငါ မခံစားနိုင်ပါဘူး။ သူ့ကို အသက်ရှင်လျက်နဲ့ လွှတ်ပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်" သူမက လုံချန်းကို ကြည့်ကာ ဆိုလိုက်သည်။

​သူမ၏ စိတ်ရင်းမှန်လှသော မျက်နှာအမူအရာကို စိုက်ကြည့်ရင်း လုံချန်းသည် သက်ပြင်းအား အရှည်ကြီး ချလိုက်မိတော့သည်။ သူမကို အမှောင်ထုထဲတွင် ဆက်လက်ပြီး ဖုံးကွယ်မထားချင်တော့သဖြင့် သူသည် နောက်တစ်ကြိမ် မိုက်မဲသော အပြုအမူကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့၏။

​"နင့်ရဲ့ အစ်ကို သေသွားပြီ။ ငါ သူ့ကို ဘယ်နေရာမှ မပို့ခဲ့ဘူး။ နင့်ရဲ့ မိဘတွေကိုလည်း ငါ လိမ်ပြောခဲ့တာ။ ဒါပေမဲ့ အခုအချိန်မှာတော့ နင့်ကို အမှန်အတိုင်း ပြောပြတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ငါ နင့်ကို ဖုံးကွယ်မထားချင်တော့ဘူး" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

​"ငါ နင့်ရဲ့ ခမည်းတော်ကို ပြောခဲ့တာတွေက တစ်ဝက်ပဲ မှန်တာ။ ငါ့ရဲ့ နိယာမအသစ်ကြောင့် အနာဂတ်ကို တစ်ခါတစ်ရံ ကြိုတင်မြင်နိုင်ခဲ့တာကတော့ အမှန်ပဲ။ ငါ ပြန်လာတဲ့လမ်းမှာ အဲဒီအနာဂတ်ကို မြင်ခဲ့ရလို့ စိတ်ကူးလောသွားခဲ့တာ။ သူ အသက်ရှင်နေသရွေ့ အဲဒီဆိုးရွားတဲ့ အနာဂတ်က ဘယ်အချိန်မဆို ဖြစ်လာနိုင်တယ်လေ"

​"ငါ ဘာကိုမဆို ခံနိုင်ရည်ရှိပေမဲ့ နင် အန္တရာယ်ဖြစ်မှာကိုတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ နင့်ကို နာကျင်စေမယ့် ဘယ်အရာကိုမှ ငါ အကြွင်းအကျန် ထားခဲ့လို့ မဖြစ်ဘူး။ ဒါကြောင့် ငါ သူ့ကို အပြတ်ရှင်းပစ်လိုက်တာ"

​သူသည် မည်သည့်အရာကိုမျှ လျှို့ဝှက်မထားဘဲ အားလုံးကို ရှင်းပြလိုက်ရာ မိမိ၏ အစ်ကိုဖြစ်သူ အသက်ရှင်သေးသည်ဟု ထင်မှတ်ထားခဲ့သော မင်ယုမှာ ဆွံ့အမှင်သက်သွားခဲ့ရတော့သည်။

​ယခုအခါ အစ်ကိုဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူမ မိမိကိုယ်မိမိ မည်သို့ ခံစားရမှန်းပင် မသိတော့ချေ။ သူမအနေဖြင့် ဒေါသထွက်သင့်သည်ကို သိပေသည်။ မိမိအား နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သော၊ မိမိ၏ မိသားစုဖြစ်သော အစ်ကိုဖြစ်သူ သတ်ဖြတ်ခြင်း ခံလိုက်ရသည် မဟုတ်လော။ သို့သော်လည်း အစ်ကိုဖြစ်သူကသာ လုံချန်းအပေါ် လှည့်ကွက်ဆင်ကာ နာကျင်အောင် အရင်ပြုမူခဲ့ခြင်း ဖြစ်သည်မှာလည်း အမှန်တရားပင် ဖြစ်၏။ ထို့ကြောင့် သူမအနေဖြင့် လုံချန်းကိုလည်း အပြစ်မဆိုရက်ချေ။

​သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှု အတန်ငယ် ဖြစ်ပေါ်လာသော်လည်း သူမ ထင်ထားသလောက်တော့ ပြင်းထန်မနေခဲ့ပါချေ။ ထို့အပြင် ဤသို့ ပြုလုပ်ခဲ့သည့်အတွက် လုံချန်းအပေါ်တွင်လည်း သူမ ဒေါသ မထွက်မိခဲ့ပါ။

​"နောက်ထပ် အကြောင်းအရာတစ်ခုကိုကော သိချင်သေးလား" လုံချန်း၏ စကားသံကြောင့် မင်ယုသည် ငေးမှိုင်နေရာမှ သတိပြန်ဝင်လာခဲ့သည်။

​"နောက်ထပ် ဘာအကြောင်းအရာလဲ" မင်ယုက မေးလိုက်၏။

​"နင့်ရဲ့ အစ်ကိုက ငါ သူ့ကို မသတ်ခင်ကတည်းက အမှန်တော့ သေဆုံးနေခဲ့ပြီ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်လေသည်။

​"ဘာ... နင် မသတ်ခင်ကတည်းက သေနေခဲ့ပြီဆိုတာ ဘာကို ဆိုလိုတာလဲ" သူမက အံ့ဩတုန်လှုပ်စွာဖြင့် ပြန်လည်မေးမြန်းလိုက်တော့သည်။

All Chapters