← Chapters

အခန်း ၉၀၆

Vol. 46 Ch. 906

အခန်း ၉၀၆

Vol. 46 Ch. 906

အပိုင်း (၉၀၆) ထိုက်ယန်တောင်၏ စည်ကားဖွံ့ဖြိုးမှု

၎င်းက ပုံမှန် ပင်လယ်ကူး ကုန်တင်သင်္ဘောကြီး တစ်စင်းဖြစ်၏။

သို့သော် အချိန်ကြာမြင့်လွန်းခြင်းနှင့် စိုထိုင်းဆ များလွန်းခြင်းတို့ကြောင့် သင်္ဘောပေါ်တွင် သံချေးများ တက်နေပြီး ဆေးများလည်း ကွာကျနေပြီ ဖြစ်သည်။

ကပ်ဘေးဆိုးကြီး ကျရောက်ပြီးနောက်တွင် သံချေးတက်ခြင်းကို ကာကွယ်ပေးသည့် ဆေးများ မရှိတော့သဖြင့် ဤသင်္ဘောများကိုလည်း ပြုပြင်ထိန်းသိမ်းရန် နည်းလမ်းမရှိတော့ပေ။

ဤသင်္ဘောကြီးကို မြင်လိုက်ရသောအခါ လီချင်းဟွာနှင့် ထူလုံတို့မှာ ရင်ထဲ၌ တဖန် ခံစားချက်များ ဖြစ်ပေါ်လာပြန်သည်။

ဤကဲ့သို့သော သင်္ဘောမျိုးကို သူတို့က လွန်ခဲ့သည့် တစ်နှစ်ကတည်းက အသုံးမပြုတော့ဘဲ ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သည်။

ထိုစဉ်က ခမ်းနားလှသော သမ္မတ ၇ သင်္ဘောကြီးကိုပင် ဖြုတ်ချအရည်ကျိုကာ ထိုက်ယန်တောင်၏ လေယာဉ်တင်သင်္ဘောအဖြစ် တည်ဆောက်ခဲ့ပြီး ဖြစ်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တောင်ပိုင်းမှ ရောက်လာသော ဤအစွမ်းပိုင်ရှင် အဖွဲ့အစည်းက အဆင့်မြင့် သင်္ကေတနည်းပညာများကို အမှန်တကယ် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိသာလှသည်။

ထို့ကြောင့်လည်း သူတို့က အရိပ်တပ်ဖွဲ့ဝင်များ၏ လက်ထဲတွင် အထိနာခဲ့ပြီး ဤနေရာအထိ ဆုတ်ခွာလာခဲ့ရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

"ဒီအရိပ်တပ်ဖွဲ့ဝင်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် တိုးတက်လာတာလဲ မသိဘူး... ပုံမှန်ဆိုရင် သူတို့က ရေကြီးတဲ့ဒဏ်ကို ပိုပြီး မြန်မြန် ခံရမှာလေ"

လီချင်းဟွာ၏ ရင်ထဲတွင် ထိုကဲ့သို့သော သံသယများ ရှိနေပြီး ဤအဖြေကို ထိုအရိပ်တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံချိန်မှသာ သိနိုင်မည် ဖြစ်သည်။

မကြာမီမှာပင် သင်္ဘောကြီးက ထိုက်ယန်တောင် ကျွန်းပတ်လည်သို့ ဆိုက်ရောက်လာခဲ့သည်။

ချွီကျင့်... မုန့်ဟူနှင့် ကောရွေ့တို့က အဝေးရှိ ထိုက်ယန်တောင် ကျွန်းပတ်လည်ကို လှမ်းကြည့်လိုက်ကြရာ ဧရာမကျွန်းကြီးများက စက်ဝိုင်းပုံစံ ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

ဤကျွန်းများသည် သာမန် စိမ်းလန်းသော ကျွန်းများ မဟုတ်ကြဘဲ အချို့က ရေခဲပြင်များ ဖုံးလွှမ်းနေကာ အချို့က အပြာရောင် ရေစီးကြောင်းများဖြင့် လွှမ်းခြုံထားပြီး အချို့မှာမူ တွင်းနက်ကြီးတစ်ခုအလား အမှောင်ထုများဖြင့် ပြည့်နှက်နေသော ဧရာမကျွန်းကြီးများ ဖြစ်ကြ၏။

၎င်းအပြင် မြေဝါများဖြင့် ဖွဲ့စည်းထားသော ကျွန်းကြီးများနှင့် တိမ်မြူများ ဖုံးလွှမ်းနေသော ကျွန်းများလည်း ရှိနေပြီး နတ်ပြည်တစ်ခုအလား လှပလွန်းလှသည်။

မတူညီသော အသွင်အပြင်များဖြင့် ဝန်းရံနေသည့် ဤကျွန်းများသည် လွန်စွာ လှပခမ်းနားလှပြီး မြင်တွေ့ရသူတိုင်းကို အံ့မခန်း ဖြစ်သွားစေသည်။

လီချင်းဟွာက ပြုံးလျက် "မိတ်ဆွေတို့... ဒါကတော့ ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင် ကျွန်းစုပဲ... ဒီမှာ ရေပေါ်ကျွန်း ခြောက်ကျွန်း ရှိပြီး ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အစောဆုံး ရေပေါ်ကျွန်းတွေလို့ ပြောလို့ရတယ်"

"ဒါ့အပြင် တိမ်တိုက်တွေရဲ့ အထက်မှာလည်း ဒီရေပေါ်ကျွန်းတွေကို ကာကွယ်ပေးထားတဲ့ လေပေါ်ကျွန်း ငါးကျွန်း ရှိသေးတယ်"

"အခုချိန်မှာ ကုန်းမြေဆိုတာ မရှိတော့ဘူး... ဒါပေမဲ့ ပင်လယ်ရေပြင်နဲ့ ဝေဟင်မှာတော့ ကျွန်တော်တို့က ဘယ်လိုရန်သူကိုပဲဖြစ်ဖြစ် ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းရည် အပြည့်အဝ ရှိပါတယ်... အားလုံး စိတ်ချလက်ချ နေနိုင်ပါတယ်"

ချွီကျင့်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတွင် သံသယဖြစ်ဟန်ဖြင့် မနေနိုင်ဘဲ "ညီလေးလီ... ရေပေါ်ကျွန်း ခြောက်ကျွန်းလို့ ပြောတာ မဟုတ်ဘူးလား... ဘာလို့ မတူညီတဲ့ ကျွန်းငါးကျွန်းပဲ ရှိနေတာလဲ" ဟု မေးလိုက်သည်။

လီချင်းဟွာက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး "မိတ်ဆွေတို့ ကျွန်တော့်နောက်ကသာ လိုက်ခဲ့ပါ... အခုချက်ချင်း မြင်ရပါလိမ့်မယ်"

လူတိုင်း သံသယဖြစ်နေကြစဉ် လီချင်းဟွာနောက်သို့ လိုက်ပါကာ ကျွန်းများကြားရှိ ရေလမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့ပြီး ကျွန်းအလယ်ရှိ ယာယီ ဆိပ်ကမ်းသို့ မောင်းနှင်သွားကြသည်။

ဤနေရာက ထင်ရှားသော ဧရာမ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ပြီး သင်္ဘောများစွာ ဆိုက်ကပ်ထားကာ ရေလမ်းကြောင်းပေါ်တွင်လည်း သင်္ဘောအများအပြား အဝင်အထွက် ပြုလုပ်နေကြသည်။

"ဟင်... ဒီသင်္ဘောတွေ ဘယ်ရောက်သွားတာလဲ"

ရှေ့ရှိ ရေလမ်းကြောင်းအတွင်း လွတ်ဟာနေသော ရေပြင်တစ်ခုထဲသို့ သင်္ဘောများစွာ ဝင်ရောက်သွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ကောရွေ့က သတိထားမိလိုက်သည်။

ဤအရာက သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

ထိုစကားထွက်ပေါ်လာသည်နှင့် အခြားသူများကလည်း ထိုအချက်ကို ချက်ချင်း သတိထားမိသွားကြသည်။

လူတိုင်းက မနေနိုင်ဘဲ လီချင်းဟွာကို လှမ်းကြည့်လိုက်ကြပြီး မေးမြန်းချင်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။

လီချင်းဟွာက ပြုံးလိုက်ပြီး "မိတ်ဆွေတို့ အခုချက်ချင်း သိရပါလိမ့်မယ်"

ကုန်တင်သင်္ဘောကြီး ဆက်လက် ထွက်ခွာလာသည်နှင့်အတူ အခြားသင်္ဘောများနောက်မှ ရေလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ရှေ့ရှိ လွတ်ဟာနေသော ရေပြင်ထဲသို့ ဝင်ရောက်လိုက်ချိန်တွင် ဟင်းလင်းပြင်က ရုတ်တရက် အနည်းငယ် တွန့်လိမ်သွားပြီး လူတိုင်းက မိမိတို့၏ မြင်ကွင်း ပြောင်းလဲသွားကာ နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့ တိုက်ရိုက် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

မူလက ဘာမှမရှိသော ပင်လယ်ပြင်တွင် ရုတ်တရက် ကြီးမားသော အဆောက်အအုံမြင့်ကြီးများနှင့် သင်္ဘောများစွာရှိသည့် ဧရာမဆိပ်ကမ်းကြီးတစ်ခု ပေါ်ထွက်လာလေသည်။

"ဒီနေရာက... သီးခြား ဟင်းလင်းပြင်လား" ချွီကျင့်က ချက်ချင်း အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။

ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း သူ သိရှိသွားပြီဖြစ်သည်မှာ ထင်ရှားလှသည်။

မုန့်ဟူနှင့် အခြားသူများလည်း ချက်ချင်း သဘောပေါက်သွားကြ၏။

"ဒီနေရာက သီးခြား ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်နေတာလား"

"ဘုရားရေ... သီးခြား ဟင်းလင်းပြင်တဲ့လား"

"ဒါဆို ဆဋ္ဌမမြောက် ရေပေါ်ကျွန်းက ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း ဖြစ်နေတာပေါ့"

"ဘုရားရေ... ဒီလိုရေပေါ်ကျွန်းမျိုးသာ ရှိခဲ့ရင် ကျွန်တော်တို့ အရိပ်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့တာနဲ့ ဒီဟင်းလင်းပြင်ထဲကို တိုက်ရိုက် ပုန်းရှောင်လိုက်လို့ ရတာပဲ... ဓာတ်ရောင်ခြည် လက်နက်တွေကို ကြောက်စရာ မလိုတော့ဘူး မဟုတ်လား"

"ဒါက တကယ်ကို နေရာကောင်းပဲ"

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ထိုက်ယန်တောင်က သူတို့နှင့် လုံးဝ မတူညီကြောင်း ယခုမှပင် အပြည့်အဝ ခံစားလိုက်ရသည်။

ဤထိုက်ယန်တောင်က သူတို့လို ဖရိုဖရဲ အဖွဲ့များထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသည်မှာ သိသာထင်ရှားလှသည်။

သူတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော မင်ပြည်နယ်နှင့် ကွမ်းတုံပြည်နယ်တို့မှ အင်အားကြီး အဖွဲ့အစည်းများထက်ပင် များစွာ ပို၍ အင်အားကြီးမားနေသေးသည်။

လီချင်းဟွာက ပြုံးလျက် "မိတ်ဆွေတို့... ဒါကတော့ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ဆဋ္ဌမမြောက် ရေပေါ်ကျွန်းပဲ... ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဒီနေရာက ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းဖြစ်ပြီး အထဲက ဟင်းလင်းပြင်က သီးခြား ကမ္ဘာငယ်တစ်ခုလို ဖြစ်နေတာပါ"

"ဒီဟင်းလင်းပြင် ရေပေါ်ကျွန်းရဲ့ ထူးခြားမှုကြောင့်ပဲ ဒီနေရာမှာ ရေကြီးမှုနှုန်းက သိပ်မမြင့်မားဘူး... ခင်ဗျားတို့ အခုမြင်နေရတဲ့ အဆောက်အအုံမြင့်ကြီးတွေက ကပ်ဘေးမတိုင်ခင်က အဆောက်အအုံတွေပါပဲ"

"ရေမျက်နှာပြင် မမြင့်တဲ့အတွက် အဆောက်အအုံတွေက ရေပေါ်မှာ အမြဲပေါ်နေပြီး အခုချိန်ထိ လူတွေ နေထိုင်လို့ ရနေသေးတာပါ"

"ဒီဆိပ်ကမ်းကို ထိုက်ယန်တောင်ဆိပ်ကမ်းလို့ ခေါ်တယ်... ရှေ့က တောင်ကို မြင်လား... အဲဒါက အခု ကျွန်တော်တို့ရဲ့ ဌာနချုပ်ပဲ"

လူတိုင်း ဆိပ်ကမ်းပေါ်သို့ တက်လာကြပြီး လီချင်းဟွာ ညွှန်ပြရာ တောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုတောင်ထွတ်ပေါ်တွင် အဆောက်အအုံမြင့်ကြီးများ အစီအရီ တည်ရှိနေပြီး ဗိသုကာလက်ရာများမှာ ကပ်ဘေးမတိုင်မီက အဆောက်အအုံများနှင့် လုံးဝကွဲပြားနေသည်ကို တွေ့လိုက်ရ၏။

ဤအဆောက်အအုံများကို သန္ဓေပြောင်းအစွမ်းများဖြင့် တည်ဆောက်ထားကြောင်း သိသာထင်ရှားလှသည်။ ဧရာမ ကျောက်တုံးကြီးများကို တစ်တုံးချင်း စီထပ်ကာ တည်ဆောက်ထားပြီး ရှေးဟောင်းဆန်သော ပုံစံရှိသော်လည်း အလှအပနှင့် နည်းပညာ ခံစားမှုများ အပြည့်အဝ ပါဝင်နေသည်။

အပေါ်တွင် အလှဆင်ထားသော နွယ်ပင်များ ရှိရုံသာမက သင်္ကေတ အမြောက်အမြားကိုလည်း လျှို့ဝှက် ထည့်သွင်းထားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသင်္ကေတများက သာမန် ရေးဆွဲထားခြင်းမျိုး မဟုတ်ဘဲ သန္ဓေပြောင်းအစွမ်းနှင့် သက်ဆိုင်သော သင်္ကေတများ ဖြစ်နိုင်ကြောင်း အားလုံး သိမြင်နိုင်ကြသည်။

ဤအဆောက်အအုံများအပြင် ကျွန်းပေါ်ရှိ အခြေခံ အဆောက်အအုံများကိုလည်း အလွန် ပြီးပြည့်စုံစွာ တည်ဆောက်ထားသည်။ ကွန်ကရစ်လမ်းများ ရှိရုံသာမက သွားလာရေး ယာဉ်အမျိုးမျိုးလည်း အသွားအလာ ရှိနေပြီး အသေးစား သန္ဓေပြောင်း သတ္တဝါများကိုလည်း သယ်ယူပို့ဆောင်ရေး ယာဉ်များအဖြစ် လမ်းပေါ်တွင် ဆွဲခေါ်သွားကြသည်။

အဝင်အထွက်ရှိသော ဈေးဆိုင်များ ရှိနေပြီး နို့လက်ဖက်ရည်ဆိုင်များနှင့် ဘားများကဲ့သို့သော အပန်းဖြေစရာ နေရာများပင် ရှိနေသေးသည်။

မျက်စိရှေ့ရှိ စည်ကားနေသော မြင်ကွင်းများကြောင့် ကပ်ဘေးမတိုင်မီက အပန်းဖြေစခန်းတစ်ခုသို့ ရောက်နေသလားဟုပင် သံသယဖြစ်သွားစေသည်။

ဤနေရာတွင် ကပ်ဘေးအလွန်၏ ဆင်းရဲဒုက္ခများနှင့် မျှော်လင့်ချက် ကင်းမဲ့နေမှုများကို အနည်းငယ်မျှပင် မတွေ့ရဘဲ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများနှင့် ပျော်ရွှင်မှုများ လွှမ်းခြုံနေပုံရသည်။

ဤအရာကမှ လူတိုင်းကို အမှန်တကယ် အံ့အားသင့် တုန်လှုပ်သွားစေသည့် အချက်ပင် ဖြစ်သည်။

"ဒီ... ဒီနေရာက... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ" ကောရွေ့က သတိလွတ်နေသည့်အလား ရေရွတ်လိုက်သည်။

မုန့်ဟူလည်း အသက်ရှူ မြန်ဆန်လာပြီး "ဒါ တကယ်ပဲ ကပ်ဘေးအလွန် ကမ္ဘာကြီး ဟုတ်ရဲ့လား... ဒီလောက်တောင်... ဒီလောက်တောင် တိုးတက်နေနိုင်တာလား" ဟု ရေရွတ်လိုက်မိသည်။

"ဒါ ခိုလှုံရေးစခန်း ဟုတ်သေးရဲ့လား... ဒါ နတ်ပြည်များလား"

"ဟိုမှာ ကြည့်... ခင်ဗျားတို့ မြန်မြန်ကြည့်စမ်း... ဟိုမှာ ဧရာမ ဈေးဝယ်စင်တာကြီး တစ်ခုတောင် ရှိနေတယ်"

ရုတ်တရက် လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

လူတိုင်းက အလျင်အမြန် လှမ်းကြည့်လိုက်ကြရာ မလှမ်းမကမ်းတွင် ၇ ထပ်၊ ၈ ထပ်ခန့် မြင့်သော ဧရာမ ဈေးဝယ်စင်တာကြီး တစ်ခု ရှိနေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။

ထိုဈေးဝယ်စင်တာ၏ ဝင်ပေါက်တွင် လူအဝင်အထွက် များပြားနေပြီး အလွန် စည်ကားနေ၏။

ချွီကျင့်က အလျင်အမြန် မေးလိုက်သည်။ "ညီလေးလီ... ဒါ တကယ်ပဲ ဈေးဝယ်စင်တာကြီးလား... ဒီအထဲမှာ ဘာတွေ ရောင်းတာလဲ"

လီချင်းဟွာက ပြုံးလျက် "အခြေခံအားဖြင့်တော့ အကုန်ရောင်းတယ်... မိတ်ဆွေတို့ စိတ်ဝင်စားရင် အထဲဝင်ကြည့်လို့ ရတယ်"

ချွီကျင့်တို့အဖွဲ့လည်း အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး မစောင့်ဆိုင်းနိုင်တော့ဘဲ ထိုဈေးဝယ်စင်တာဆီသို့ သွားကြလေသည်။

လူတိုင်း၏ ခြေလှမ်းများက အလိုအလျောက် မြန်ဆန်လာကြပြီး မကြာမီမှာပင် ဈေးဝယ်စင်တာ ဝင်ပေါက်သို့ ရောက်ရှိသွားကြသည်။

ဈေးဝယ်စင်တာ ဝင်ပေါက်တွင် ကလေးအချို့က တစ်စုံတစ်ခုကို လုယက်နေကြပြီး ရင်းနှီးနေသော မွှေးပျံ့သည့် ရနံ့တစ်ခုက လူတိုင်း၏ နှာခေါင်းထဲသို့ ဆက်တိုက် တိုးဝင်လာကာ အားလုံး၏ အရသာခံဖုများကို လှုံ့ဆော်ပေးနေသည်။

မုန့်ဟူ၏ နှာခေါင်းက အနည်းငယ် လှုပ်ရှားသွားပြီး "ငရုတ်သီးချောင်း အနံ့လား" ဟု ချက်ချင်း အော်ဟစ်လိုက်သည်။

ကောရွေ့နှင့် အခြားသူများလည်း ချက်ချင်း လှမ်းကြည့်လိုက်ကြရာ ထိုကလေးများ လက်ထဲတွင် လုနေသော အရာက အမှန်တကယ်ပင် ငရုတ်သီးချောင်းလေးများ ဖြစ်နေသည် မဟုတ်ပါလား။

ထို့အပြင် အပေါ်မှ ထုပ်ပိုးမှုကို ကြည့်ရသည်မှာ ကပ်ဘေးမတိုင်မီက 'ဝေ့လုံ' တံဆိပ်ပင် ဖြစ်နေသေးသည်။

"ခင်... ခင်ဗျားတို့ဆီမှာ ငရုတ်သီးချောင်းတွေတောင် ရှိသေးတာလား"

(ငရုတ်သီးချောင်း ဆိုတာ တရုတ်ကထုတ်တဲ့ အစပ်ချောင်းတွေကိုပြောတာပါ။ မြန်မာလိုဘယ်လိုခေါ်လဲတော့မသိဘူး။ စပ်တာတော့ တော်တော်စပ်တယ်)

"အဲဒါက ဝေ့လုံ တံဆိပ်တောင် ဖြစ်နေသေးတယ်"

မုန့်ဟူ အလွန်အမင်း အံ့အားသင့်သွားသည်။ ကပ်ဘေးဆိုးကြီး ကျရောက်ခဲ့သည်မှာ အခုဆိုလျှင် နှစ်နှစ်ကျော်ပင် ရှိနေပြီဖြစ်ရာ အခုချိန်ထိ ကပ်ဘေးမတိုင်မီက ပစ္စည်းတွေ ရှိနေသေးသည်လား။

ဤငရုတ်သီးချောင်းများက ကပ်ဘေးမတိုင်မီက ထုတ်လုပ်ခဲ့သည်ဆိုလျှင်တောင် သက်တမ်းကုန်နေလောက်ပြီ မဟုတ်လော။

လီချင်းဟွာက ပြုံးလျက် "ဒါတွေက သာမန် သရေစာလေးတွေပါ... တချို့က ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လုပ်ထားတာ... တချို့ကတော့ ကပ်ဘေးမတိုင်ခင်က လက်ကျန် ပစ္စည်းတွေပါ"

"ကျွန်တော်တို့ ထိုက်ယန်တောင်က အခုဆိုရင် ကိုယ့်ဖူလုံရေးအတွက် လိုအပ်တဲ့ လူနေမှုဘဝ သုံးဆောင်ပစ္စည်းတွေကို အစောကြီးကတည်းက ဖြည့်ဆည်းနိုင်ခဲ့ပါပြီ... ငရုတ်သီးချောင်းလို ပဲကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေက ကျွန်တော်တို့ဆီမှာ အများကြီး ရှိသလို ဈေးလည်း ပေါပါတယ်"

"မိတ်ဆွေတို့သာ စိတ်ဝင်စားရင် နောက်မှ ပြန်တဲ့အခါ ခင်ဗျားတို့ကို အနည်းငယ် လက်ဆောင်ပေးလိုက်ပါ့မယ်"

ချွီကျင့်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြုံးလျက် "မလိုပါဘူး... မလိုပါဘူး... ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ဝယ်ပါ့မယ်"

ကောရွေ့က ထိုစကားကို ကြားသောအခါ အလျင်အမြန် မေးလိုက်သည်။ "ဒါနဲ့ ထိုက်ယန်တောင်က ပစ္စည်းတွေ ရောင်းဝယ်တဲ့ နေရာမှာ ဘာကို အသုံးပြုတာလဲ... ရွှေလား... ဒါမှမဟုတ် စွမ်းအင်ကျောက်တုံးလား"

ယခုလို ခေတ်ကာလတွင် တန်ဖိုးကို ထိန်းသိမ်းထားနိုင်သည့် အရာဆို၍ ရွှေနှင့် စွမ်းအင်ကျောက်တုံးသာ ရှိတော့သည်။

ရွှေက စိတ်စွမ်းအင်ကို အားနည်းစေနိုင်သည်။ ထိုအချက်ကြောင့်ပင် ၎င်းသည် ယခု ဈေးကွက်အတွင်း လည်ပတ်နေသော အခိုင်မာဆုံး ငွေကြေးအဖြစ် တည်ရှိနေသည်။

စွမ်းအင်ကျောက်တုံးများအကြောင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ၎င်းက သင်္ကေတကျောက်တုံးများ၏ အဓိက ကုန်ကြမ်းဖြစ်ပြီး သင်္ကေတ အစီအရင် အမျိုးမျိုး၏ အခြေခံကျောက်တုံးအဖြစ်သာမက စွမ်းအင်သုံး စက်ပစ္စည်းအမျိုးမျိုး၏ စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။

စွမ်းအင်ကျောက်တုံးများ၏ အသုံးဝင်မှုသည် ရွှေထက်ပို၍ လည်ပတ်အသုံးပြုရန် လွယ်ကူသည်ဟု ဆိုနိုင်ပြီး ၎င်း၏ အသုံးဝင်မှု နယ်ပယ်က ပိုမို ကျယ်ပြန့်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကောရွေ့က ထိုက်ယန်တောင်သည် ဤပစ္စည်းနှစ်မျိုးကို အသုံးပြု၍ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေသည်ဟု အလိုအလျောက် ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် လီချင်းဟွာက ပြုံးလျက် "နှစ်ခုလုံး မဟုတ်ပါဘူး... ကျွန်တော်တို့ ထိုက်ယန်တောင်မှာ ကိုယ်ပိုင် ငွေကြေးစနစ် ရှိပါတယ်"

"ထိုက်ယန်တောင်မှာ အရာအားလုံးကို အမှတ်တွေနဲ့ တွက်ချက်နိုင်ပါတယ်"

"ဒီလို ငရုတ်သီးချောင်း တစ်ထုပ်ကနေစပြီး ဧရာမ ယာဉ်ပျံ တစ်စင်းအထိ အမှတ်တွေကို အသုံးပြုပြီး ဝယ်ယူလို့ ရပါတယ်"

ကောရွေ့နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

"အမှတ်..."

"ဘာအမှတ်လဲ"

"ညီလေးလီ... မင်း နည်းနည်းလောက် ရှင်းပြလို့ ရမလား... ငါတို့က ကြားရတာ တော်တော်လေး နားလည်ရခက်နေလို့"

လီချင်းဟွာက ပြုံးလျက် "ဒီအမှတ်ပေးစနစ်က ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖန်တီးထားတာပါ... ကပ်ဘေးစတင်ပြီး ခြောက်လလောက် အကြာကတည်းက ဒီအမှတ်ပေးစနစ်က ပေါ်ပေါက်လာခဲ့တာပါ"

"အခုဆိုရင် ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ နည်းပညာ တိုးတက်လာတာနဲ့အမျှ အမှတ်ပေးစနစ်က လူနေမှုဘဝရဲ့ အသေးစိတ် အစိတ်အပိုင်းတိုင်းမှာ အပြည့်အဝ အသက်ဝင်နေပါပြီ"

"ဒီအမှတ်တွေက ဘယ်လိုရလာတာလဲ... ဘယ်နေရာမှာ မှတ်တမ်းတင်ထားတာလဲ" ချွီကျင့်က မနေနိုင်ဘဲ မေးလိုက်သည်။

လီချင်းဟွာက ကတ်ပြားတစ်ခုကို အလွယ်တကူ ထုတ်ယူလိုက်ပြီး ပြုံးလျက် "ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နေထိုင်သူအားလုံးဟာ လူမှုရေးရာဌာနမှာ ဒီလို မှတ်ပုံတင်ကတ်ပြားတစ်ခုကို ပြုလုပ်ရပါတယ်"

"မှတ်ပုံတင်ကတ်ပြား တစ်ခုစီတိုင်းက တမူထူးခြားပြီး ဒီကတ်ပြားကို ပိုင်ဆိုင်ထားရင် ထိုက်ယန်တောင်ရဲ့ သြဇာလွှမ်းမိုးတဲ့ နယ်မြေအတွင်း မည်သည့်နေရာကိုမဆို အဝင်အထွက် ပြုလုပ်နိုင်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ နေထိုင်သူ အခွင့်အရေးကို ခံစားခွင့်ရှိပါတယ်"

"ဒီမှတ်ပုံတင်ကတ်ပြားထဲမှာ တပ်ဆင်ထားတဲ့ ချစ်ပ်ပြား ပါရှိပြီး အထဲမှာ အမှတ် မှတ်တမ်းစနစ် တစ်ခု ပါဝင်ပါတယ်... ခင်ဗျားရဲ့ ငွေကြေး သုံးစွဲမှုတိုင်းကို အဲဒီအပေါ်မှာ မှတ်တမ်းတင်ထားမှာ ဖြစ်ပြီး ကျွန်တော်တို့ ထိုက်ယန်တောင် နေရာအနှံ့အပြားမှာရှိတဲ့ ဈေးဝယ်စင်တာ ခန်းမတွေက စက်တွေမှာ အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်ပါတယ်"

"အမှတ်တွေ ဘယ်လိုရလာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ကတော့ နည်းလမ်းတွေ အများကြီး ရှိပါတယ်"

"ခင်ဗျား အမဲလိုက်လို့ ရလာတဲ့ သားကောင်တွေကို ထိုက်ယန်တောင် ဈေးဝယ်စင်တာဆီ ရောင်းချတာပဲဖြစ်ဖြစ်... မွေးမြူရေးဌာန ဒါမှမဟုတ် သားသတ်ရုံကို ရောင်းချတာပဲဖြစ်ဖြစ် အမှတ်တွေ ရနိုင်ပါတယ်"

"သတ္တုတူးဖော်တာ... စိုက်ပျိုးရေးလုပ်ပြီး ဟင်းသီးဟင်းရွက် ရောင်းချတာ... စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တာ စတာတွေ အားလုံးကနေလည်း အမှတ်တွေ ရှာဖွေနိုင်ပါတယ်"

"ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းနဲ့ ရင်းနှီးသွားတဲ့အခါ အလိုလို သိလာပါလိမ့်မယ်"

"ကျွန်တော် ခင်ဗျားတို့ကို ဈေးဝယ်စင်တာထဲ အရင်လိုက်ပြပါ့မယ်"

လီချင်းဟွာက ပြုံးလျက် ရှင်းပြနေပြီး နေရာတွင် မှင်တက်နေကြသော လူအုပ်ကြီးကို လုံးဝ ဂရုမစိုက်တော့ဘဲ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ဧရာမ ဈေးဝယ်စင်တာကြီးအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

လီချင်းဟွာအတွက်တော့ ဤလူများ၏ တုံ့ပြန်မှုက သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ စည်ကားဖွံ့ဖြိုးမှုကို မြင်တွေ့ပြီး အံ့အားသင့်သွားကြသော ပထမဆုံး အုပ်စု မဟုတ်သောကြောင့် ဖြစ်သည်။

အပြင်ဘက်မှ လူများ ထိုက်ယန်တောင်သို့ လာရောက်ကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ ရောက်ရှိလာသည့် အကြိမ်တိုင်း မျက်စိရှေ့ရှိ ပတ်ဝန်းကျင် အခြေအနေများကြောင့် အံ့အားသင့် တုန်လှုပ်သွားကြစမြဲ ဖြစ်သည်။

ထိုက်ယန်တောင်သည် နေ့ရက်တိုင်းနှင့်အမျှ အလျင်အမြန် ပြောင်းလဲ တိုးတက်နေသည်။

ဤကဲ့သို့သော ပြောင်းလဲတိုးတက်မှုများသည် အစွမ်းပိုင်ရှင်များ၏ စွမ်းအားနှင့် သင်္ကေတ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများသာမက လူများ၏ နေထိုင်မှု ဘဝအဆင့်အတန်းအပေါ်တွင်လည်း တိုက်ရိုက် ပေါ်လွင်နေလေသည်။

ဆက်ရန်...

All Chapters