အခန်း ၉၁၀
Vol. 46 Ch. 910
အပိုင်း (၉၁၀) စတုတ္ထအကြိမ်မြောက် အစည်းအဝေး
"ဆရာလင်း... လူတွေစုံနေကြပြီ"
နေ့လယ် တစ်နာရီခွဲအချိန်... ထိုက်ယန်တောင် ခေါင်းဆောင်စံအိမ်တွင် ရေပေါ်ကျွန်း ခြောက်ကျွန်းနှင့် အနီးနားရှိ လေပေါ်ကျွန်းများမှ ကျွန်းသခင်များ အားလုံး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကျိအန်မြို့မှ ရေပေါ်ကျွန်း ကျွန်းသခင်များပင်လျှင် ရောက်ရှိလာခဲ့ကြသည်။
လင်းချိုးယွဲ့နှင့် လျှိုရှီးရှန်းတို့အတွက်မူ သူတို့က မုန်ယာထက်စာလျှင် ထိုက်ယန်တောင်နှင့် ပို၍ နီးကပ်ပေသည်။
ထို့အပြင် လျှိုရှီးရှန်းဖြစ်စေ... လင်းချိုးယွဲ့ဖြစ်စေ နှစ်ယောက်စလုံး ရှင်းလင်းစွာ သိထားသည့် အချက်မှာ လင်ကျောင်းမြို့ဘက်ရှိ ထိုက်ယန်တောင် ကျွန်းစုများကသာ ထိုက်ယန်တောင် အင်အားစု၏ အဓိက အချက်အချာကျသော နေရာဖြစ်ကြောင်းပင်။
ထို့ကြောင့် သူတို့အနေဖြင့် ဤဘက်သို့ လာရောက်ပူးပေါင်းရန် နည်းလမ်းရှာကြမည်မှာ အသေအချာပင် ဖြစ်သည်။
ဤသို့ပြုလုပ်မှသာလျှင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဓိက အမာခံအဖွဲ့နှင့် နီးစပ်နိုင်မည် ဖြစ်သည်။
သေချာသည်မှာ... ဤကဲ့သို့ တွေးတောနေသူများမှာ သူတို့ချည်းသာ မဟုတ်ပေ။
မိုးကြိုးနတ်မင်းနှင့် လျှိုချင့်ဟုန်တို့လည်း ရောက်ရှိနေကြသည်။
သူတို့သည် မုန်ယာ၏ အထက်တန်းအလွှာများ ဖြစ်ကြသော်လည်း မိုးကြိုးနတ်မင်း၏ မိုးကြိုးပြစ်ဒဏ်ကျွန်းနှင့် အခြားလေပေါ်ကျွန်းတစ်ကျွန်းမှာ ကျိအန်မြို့ အထက်တွင်ရှိပြီး လင်ကျောင်းမြို့နှင့် အလွန်နီးကပ်နေသောကြောင့် မုန်ယာသို့ မသွားဘဲ ဤဘက်သို့ တကူးတက လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ သူ လာရောက်သည့် ပထမဆုံးအကြိမ်လည်း မဟုတ်တော့ပေ။
ပြီးခဲ့သည့်အကြိမ်က လင်းယွမ်နှင့် တွေ့ဆုံပြီးနောက် မိုးကြိုးပြစ်ဒဏ်ကျွန်းသို့ ပြန်ရောက်သောအခါ အားလပ်ချိန်ရှာ၍ ထိုက်ယန်တောင်သို့ လာရောက်ခဲ့ဖူးသည်။
ထိုက်ယန်တောင် ကျွန်းစုများ၏ တိုးတက်ဖွံ့ဖြိုးမှုမှာ သူ၏ စိတ်ကူးမှန်းဆချက်များကို လုံးဝ ကျော်လွန်နေခဲ့ပြီး မုန်ယာ၏ အထွတ်အထိပ်ကာလထက်ပင် ပိုမို စည်ကားတိုးတက်သော ခိုလှုံရေးစခန်း ဖြစ်နေသည်မှာ အသေအချာပင်။
စည်ကားတိုးတက်မှုသာမက ဤနေရာ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုမှာလည်း အလွန် ကောင်းမွန်လှသည်။
ဤနေရာတွင် တရားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ရှိပြီး မိုးကြိုးနတ်မင်း ဟုန်လိန် အနေဖြင့် ဤကဲ့သို့သော တရားဥပဒေစနစ်ကို ထိန်းသိမ်းထားနိုင်ရန် ဆန့်ကျင်မှုအားလုံးကို နှိမ်နင်းနိုင်စွမ်းရှိသော အင်အားတစ်ရပ်ကို ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း ကောင်းစွာ နားလည်ထားသည်။
ဤသို့ပြုလုပ်နိုင်မှသာလျှင် စည်းမျဉ်းစည်းကမ်းစနစ် တစ်ခုလုံးကို ပြီးပြည့်စုံစွာ လည်ပတ်နိုင်အောင် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ထင်ရှားသည်မှာ ဆရာလင်းသည် ဤထိုက်ယန်တောင် ကျွန်းစုများအပေါ် လုံးဝ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းပင်။
လူတိုင်း လိုက်နာစောင့်ထိန်းရသော တရားဥပဒေစနစ်တစ်ခုကသာ ခိုလှုံရေးစခန်းတစ်ခုလုံး တည်ငြိမ်ရေးအတွက် အဓိကအကျဆုံး အကြောင်းရင်း ဖြစ်ပေသည်။
ထိုက်ယန်တောင်တွင် လုံခြုံစိတ်ချရသော တရားဥပဒေစနစ် ရှိရုံသာမက အလွန် မျိုးစုံလှသော ရိက္ခာပစ္စည်းများနှင့် ပြီးပြည့်စုံသော အခြေခံအဆောက်အအုံ အမျိုးမျိုးလည်း ရှိနေသေးသည်။
ဤထိုက်ယန်တောင် ကျွန်းစုများ၏ တိုးတက်ဖွံ့ဖြိုးမှုမှာ ကပ်ဘေးမတိုင်မီက တတိယအဆင့်ရှိ မြို့တစ်မြို့ထက်ပင် နောက်ကျခြင်း မရှိတော့ပေ။
ဤနေရာတွင် ဖုန်းများနှင့် လက်ကိုင်ဖုန်းများကို အသုံးပြုနေသူများ ရှိနေကြောင်းပင် ဟုန်လိန် သတိထားမိလိုက်ပြီး အင်တာနက်ဆိုင်များပင် ရှိနေသေးသည်တကား။
ဤတွေ့ရှိချက်က သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
ဤသည်မှာ လူသားယဉ်ကျေးမှု ပြန်လည် နာလန်ထူလာခြင်း၏ ကြီးမားသော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။
သူ အလျင်အမြန် စုံစမ်းကြည့်လိုက်မှသာ ဤလက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများအားလုံးမှာ ဒေသတွင်းကွန်ရက်ကို အသုံးပြုထားကြောင်း သိလိုက်ရသည်။
ဆိုလိုသည်မှာ ထိုက်ယန်တောင် ကျွန်းစုများ၏ နယ်နိမိတ်အတွင်း၌သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ပေါ်ရှိ ဂြိုဟ်တုများအားလုံး ပျက်စီးသွားပြီဖြစ်ရာ ခရီးဝေး ဆက်သွယ်ရေး ကွန်ရက်ကို အကောင်အထည်ဖော်ရန်မှာ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ဤမျှလောက်နှင့်ပင် ဟုန်လိန်ကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ဤသည်ကပင် ထိုက်ယန်တောင် ကျွန်းစုများနှင့် နီးကပ်စွာ ပူးပေါင်းလိုသော သူ၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့သည်။
ဟုန်လိန် ဤသို့ တွေးတောနေသကဲ့သို့ ကျိအန်မြို့မှ အခြားသော ကျွန်းသခင် အများအပြားကလည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ကြီးမားလှသော အလားအလာများကို မြင်တွေ့ထားကြသည်မှာ သဘာဝပင်။
သူတို့အထဲတွင် ထိုက်ယန်တောင်နှင့် အဝေးဆုံး၌ရှိသော လေပေါ်ကျွန်းတစ်ကျွန်းမှာ ယွီကျိုးပြည်နယ်၏ နယ်စပ်တွင်ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့တိုင်အောင် ထိုကျွန်း၏ ကျွန်းသခင်မှာ တစ်ကျွန်းလုံးကို ထိုက်ယန်တောင်ရှိရာ အရပ်ဆီသို့ ပြတ်သားစွာ ရွှေ့ပြောင်းလာခဲ့သည်။
အခြားတစ်ယောက်ဖြစ်သော လျှိုချင့်ဟုန်အကြောင်းမူ ပြောနေစရာပင် မလိုတော့ချေ။ သူမသည် ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် အချိန်တိုင်း လင်းယွမ်ကိုသာ ဗဟိုပြုကာ ဆရာဖြစ်သူ၏ အကျိုးစီးပွားကို အရာအားလုံးထက် ပို၍ ဦးစားပေးသူ ဖြစ်သည်။
ဤတစ်ကြိမ်တွင် အရိပ်တပ်ဖွဲ့များ မြောက်ဘက်သို့ တက်လာကြောင်း ကြားသိရသောအခါ သူမက ပထမဆုံး ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။
ခေါင်းဆောင်စံအိမ်အတွင်း၌ အစွမ်းထက်သူ အများအပြား စုရုံးနေကြသည်။
ဟုန်လိန်တို့ ဝင်ရောက်လာသည့်တိုင် မျက်တောင်များပင် အနည်းငယ် တုန်လှုပ်သွားကြသည်။
သူ၏ ရှေ့တွင် အမျိုးသမီးတစ်ဦး ရှိနေပြီး လှပခန့်ညားသော ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာပိုင်ရှင်ဖြစ်ကာ ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားသဖြင့် နှင်းရေခဲ တိုင်းပြည်မှ ဘုရင်မတစ်ပါးနှင့်ပင် တူနေသည်။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အငွေ့အသက်များမှာ သူ့ထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။
ဟုန်လိန်က အသက်ကို ဝအောင် ရှူသွင်းလိုက်ပြီး ရင်ထဲမှ အံ့အားသင့်မှုများကို ဖိနှိပ်ထားလိုက်သည်။
ကြည့်ရသည်မှာ ဆရာလင်း ဤတစ်ကြိမ် မုန်ယာသို့ မြောက်ပိုင်းစစ်ချီရာတွင် ဤအမျိုးသမီးကို ခေါ်ဆောင်သွားခြင်း မရှိသည့်ပုံပင်။
ဤသည်က ဘာကို ဖော်ပြနေသနည်း။
ဆရာလင်းသည် သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်အပေါ် အလွန်အမင်း ယုံကြည်မှုရှိနေကြောင်းကို ဖော်ပြနေခြင်းပင်တည်း။
ထိုသို့မဟုတ်လျှင် ဤကဲ့သို့သော အစွမ်းထက်သူတစ်ဦးကို အသုံးမပြုဘဲ နောက်တန်း၌ ထားရစ်ခဲ့မည် မဟုတ်ပေ။
သူက ပတ်ပတ်လည်သို့ ထပ်မံ ကြည့်ရှုလိုက်ရာ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။
ကျိုးဟောင်ရန်... ယွီဝမ်ထောင်...
ဤသူများမှာ လင်ကျောင်းမြို့ အထက်ရှိ လေပေါ်ကျွန်းများကို အစောဆုံး သိမ်းပိုက်နိုင်ခဲ့ကြသူများ ဖြစ်သည်။
ယခင်က သူတို့ အချင်းချင်း အတော်လေး အဆက်အသွယ် ရှိခဲ့ကြသည်။
မမျှော်လင့်ဘဲ ယခုအခါ ကံဆိုးရာမှ ကံကောင်းသွားကြပြီး ဤအဖွဲ့က ထိုက်ယန်တောင်ထံသို့ အစောဆုံး ဝင်ရောက်ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။
ယခင်က မိမိလောက် အဆင့်အတန်း မမြင့်မားခဲ့သော ထိုလူနှစ်ယောက်မှာ ယခုအခါ ပတ်ဝန်းကျင်ရှိ ထိုက်ယန်တောင်၏ အထက်တန်းအလွှာများနှင့် ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်နေကြသည်ကို ကြည့်ရင်း ဟုန်လိန်၏ ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေမိသည်။
ထိုအချိန်၌ တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
လူတိုင်းက အနောက်သို့ အသီးသီး လှည့်ကြည့်လိုက်ကြသည်။
လင်းယွမ်နှင့်အတူ ရန်မေ... ဆုန့်ဝမ်... တုံယန်တို့အဖွဲ့သည် အလျင်စလိုမရှိသော ခြေလှမ်းများဖြင့် အတူတကွ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ဟုန်လိန် အံ့သြသွားပြီး ဘေးနားရှိ လျှိုချင့်ဟုန်ကို အသံတိုးတိုးဖြင့် မေးလိုက်မိသည်။
"ကျွန်းသခင်မလျှို... ဆရာလင်း ဘေးက အမျိုးသမီးတွေက ဘယ်သူတွေလဲ"
"အဲ့ဒါက ထိုက်ယန်တောင် စီမံခန့်ခွဲရေးဌာနရဲ့ ဝန်ကြီး ရန်မေ... စိုက်ပျိုးရေးဌာန ဝန်ကြီး ဆုန့်ဝမ်နဲ့ မွေးမြူရေးခြံ တာဝန်ခံ တုံယန်တို့ပဲ"
ဟုန်လိန် အနည်းငယ် ကြောင်သွားပြီး အမျိုးသမီး သုံးဦးစလုံးကို သေချာစွာ ကြည့်လိုက်ရာ အားလုံးမှာ ထိပ်တန်းအလှပိုင်ရှင်များ ဖြစ်နေကြသည်။
သို့သော် ဤသည်မှာ အဓိကအချက် မဟုတ်ပေ... အဓိကမှာ ဤအမျိုးသမီးများမှာ အစွမ်းထက်ပုံ မပေါ်ကြောင်း သူ ခံစားမိနေခြင်းပင်။
အထူးသဖြင့် ထိုစီမံခန့်ခွဲရေးဌာန ဝန်ကြီး ရန်မေဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ယခုမှ ရောက်ရှိခါစသာ ရှိသေးပုံရသည်။
ဤအချက်က သူ့ကို အနည်းငယ် မယုံနိုင်စရာ ဖြစ်သွားစေသည်။
စီမံခန့်ခွဲရေးဌာန အကြောင်းကို သူ သိထားပြီး ဖြစ်သည်... ဤသည်မှာ ထိုက်ယန်တောင်၏ အလွန် အရေးပါသော ဌာနတစ်ခု ဖြစ်သည်။
အပြင်ဘက်ရှိ ထိုက်ယန်တောင် စီးပွားရေးဇုန်ကြီးကို ထိုစီမံခန့်ခွဲရေးဌာနက ကြီးကြပ်ကွပ်ကဲခြင်း ဖြစ်သည်။
လူ့စွမ်းအားအရင်းအမြစ် ဌာနကဲ့သို့သော အရေးကြီး ဌာနများပင်လျှင် စီမံခန့်ခွဲရေးဌာန၏ ဝင်ရောက်စွက်ဖက်မှုကို ခံရသေးသည်။
ဤမျှ အရေးကြီးသော ဌာနတစ်ခု၏ ဝန်ကြီးမှာ စွမ်းရည်နိမ့်ပါးသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်တဲ့လား။
သူ၏ စိတ်ကူးများကို ခံစားမိသွားပုံရသော လျှိုချင့်ဟုန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ "သူက တစ်ချိန်တည်းမှာပဲ ဆရာလင်းရဲ့ အမျိုးသမီးလည်း ဖြစ်တယ်... ဆရာလင်းအတွက် ကလေးတောင် မွေးပေးထားတာ"
ဟုန်လိန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူ၏ အကြည့်များကို ချက်ချင်း ရုပ်သိမ်းလိုက်ကာ "တကယ်ကို နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ စုံတွဲပဲ"
လျှိုချင့်ဟုန်က ပြုံးလိုက်ပြီး "အဲ့ဒီအမျိုးသမီးတွေ အကုန်လုံးက ဆရာလင်းရဲ့ မိန်းမတွေချည်းပဲ"
ဟုန်လိန် အံ့သြသွားပြီးနောက် ခေါင်းခါကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ ကျင်းရှီရုံ အနီးတွင် ဤမျှကြာအောင် နေလာခဲ့ပါလျက်နှင့် ဤအချက်ကို စောစောစီးစီး တွေးမိသင့်ပေသည်။
ထိုအချိန်တွင် လင်းယွမ်က အမျိုးသမီးအချို့ကို ခေါ်ဆောင်ကာ နေရာယူ ထိုင်လိုက်ပြီ ဖြစ်သည်။
ထို့နောက် သူက ပတ်ပတ်လည်သို့ တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "အားလုံးပဲ... ကျွန်တော် ဒီတစ်ခေါက် အပြင်ထွက်သွားတာ တစ်ပတ်လောက်တောင် ရှိသွားပြီ... မြောက်ပိုင်းက မုန်ယာနဲ့ ခိုက်ရီနည်းပညာ အရေးကိစ္စတွေကို ခင်ဗျားတို့လည်း အနည်းနဲ့အများ သိထားလောက်ပြီလို့ ထင်တယ်"
"ဒီနေ့ ကျွန်တော် အားလုံးကို ပြောပြပါမယ်"
"အခုလက်ရှိ မုန်ယာနဲ့ ခိုက်ရီနည်းပညာတို့ဟာ ကျွန်တော်တို့ ထိုက်ယန်တောင်လက်အောက်ကို အပြည့်အဝ ရောက်ရှိသွားပါပြီ... ကျင်းရှီရုံ အပါအဝင် ရန်သူတွေကိုလည်း ကျွန်တော် ရှင်းလင်းပစ်ခဲ့ပြီ"
"ဒီနေ့ကစပြီး မုန်ယာနဲ့ ခိုက်ရီနည်းပညာတို့ဟာ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ... အချိန်တန်ရင် အဲ့ဒီနေရာတွေအားလုံးက ထိုက်ယန်တောင် ကျွန်းစုတွေနဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်ကြလိမ့်မယ်"
"ဒါ့အပြင် ကျွန်တော် အဲ့ဒီဘက်က ကိစ္စတွေကို ဖြေရှင်းဖို့ လူအင်အား အများကြီး ချန်ထားခဲ့တယ်... မကြာခင်မှာ ဟိုဘက်က လူတချို့ကိုလည်း ဒီဘက်ကို ရွှေ့ပြောင်းခေါ်ဆောင်လာမှာဖြစ်သလို... ကျွန်တော်တို့ဘက်က လူတချို့ကိုလည်း ဟိုဘက်ကို ရွှေ့ပြောင်းပေးရလိမ့်မယ်"
"အင်းပေါ့... ဒါက ယာယီပါပဲ... နောက်ရက်အနည်းငယ်ကြာရင် ထိုက်ယန်တောင် ကျွန်းစုတွေက မြောက်ပိုင်းဆီကို တရားဝင် ရွေ့လျားသွားပြီး အခြားရေပေါ်ကျွန်းတွေနဲ့ ပူးပေါင်းပြီး ပိုမို ကြီးမားတဲ့ ထိုက်ယန်တောင် ကျွန်းစုကြီးအဖြစ် ဖွဲ့စည်းသွားမှာပါ"
"အဲ့ဒီအချိန်ကျရင် မုန်ယာတို့... ခိုက်ရီနည်းပညာတို့ဆိုပြီး ခွဲခြားနေမှာ မဟုတ်တော့ဘူး... အားလုံးက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အစိတ်အပိုင်း တစ်ခုတည်း ဖြစ်သွားလိမ့်မယ်"
စကားသံအဆုံးတွင် လူအများက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ကြပြီး လူအတော်များများ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်လွင်လာကြသည်။
စိတ်လှုပ်ရှား ဝမ်းသာနေသည့် ခံစားချက်များကို သူတို့၏ မျက်နှာများတွင် အထင်းသား တွေ့မြင်နေရသည်။
ထိုက်ယန်တောင် ပိုမို အစွမ်းထက်လာလေ... သူတို့၏ အကျိုးအမြတ် ပိုမို များပြားလာလေ ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မလိုသောအချက်ပင်။
ထို့နောက် လင်းယွမ်က မုန်ယာနှင့် ခိုက်ရီနည်းပညာဘက်ရှိ နောက်ဆက်တွဲ အသေးစိတ် လုပ်ငန်းစဉ်များအတွက် ရည်ရွယ်ကာ လူအင်အား ရွှေ့ပြောင်းခြင်း အပါအဝင် အစီအစဉ်အချို့ကို ချမှတ်ပေးခဲ့သည်။
ထိုကိစ္စများ ပြောဆိုပြီးစီးသွားသောအခါ လင်းယွမ်က အရိပ်တပ်ဖွဲ့များ မြောက်ပိုင်းသို့ တက်လာသည့် ကိစ္စကို စတင် ပြောဆိုလာသည်။
"အားလုံးပဲ... မြောက်ပိုင်းကိစ္စတွေကို ပြောပြီးသွားပြီဆိုတော့ ဒီအစည်းအဝေးမှာ နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ကျန်နေသေးတယ်"
"တောင်ပိုင်းက အရိပ်တပ်ဖွဲ့တွေ ကျူးကျော်လာတဲ့ ကိစ္စပါပဲ"
"ခင်ဗျားတို့ထဲမှာလည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားတဲ့သူတွေ အများကြီး ရှိနေလောက်ပါပြီ"
"အခုလက်ရှိ တောင်ပိုင်းက အရိပ်တပ်ဖွဲ့တွေဟာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး အလျင်အမြန် တိုးတက်လာနေတယ်... တောင်ပိုင်းဒေသ အတော်များများကို ကျူးကျော်ဝင်ရောက်ပြီး သယံဇာတတွေကို လုယက်ကြရုံသာမက လေပေါ်ကျွန်းတွေ... ရေပေါ်ကျွန်းတွေကို ဓားပြတိုက်ပြီး ကျွန်တော်တို့ရဲ့ ညီနောင်သားချင်းတွေကို သတ်ဖြတ်နေကြတယ်"
"အခုဆိုရင် တစ်လျှောက်လုံး လိုက်လံ သတ်ဖြတ်လာတာ... ကျွန်တော်တို့ ပြည်နယ်ထဲကိုတောင် ဝင်ရောက်လာတော့မယ်"
"ကျွန်တော်တို့နဲ့ မိုင် (၆၀) အကွာမှာ ရေပေါ်ကျွန်း ခြောက်ကျွန်း ရပ်နားထားတယ်... အဲ့ဒီရေပေါ်ကျွန်း ခြောက်ကျွန်းက တောင်ပိုင်းကနေ တစ်ခုတည်းသော ထွက်ပြေးလွတ်မြောက်လာတဲ့ ညီအစ်ကိုတွေပဲ"
"ကျွန်းသခင်ချွီနဲ့ ကျွန်းသခင်မုန့်... ခင်ဗျားတို့ တောင်ပိုင်းဒေသကနေ လာကြတဲ့ ညီအစ်ကိုတွေက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး တောင်ပိုင်းက အခြေအနေတွေကို အားလုံးကို ပြောပြလိုက်ပါဦး"
ချွီကျင့်နှင့် မုန့်ဟူတို့မှာ နာမည်ခေါ်ခံလိုက်ရသဖြင့် အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။
အမှန်အတိုင်း ပြောရလျှင် သူတို့သည် ဤကဲ့သို့သော အဆင့်အတန်းရှိသည့် အစည်းအဝေးမျိုးကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သည်။
ယခင်က သူတို့၏ သက်ဆိုင်ရာ ရေပေါ်ကျွန်းများပေါ်တွင်မူ သူတို့သည် ခေါင်းဆောင်များ ဖြစ်ကြပြီး သူတို့စကားသာလျှင် အတည်ဖြစ်ခဲ့သည်။
အလွန်ဆုံးမှ ယုံကြည်ရသော လက်အောက်ခံတပည့် အနည်းငယ်ကိုသာ ခေါ်ယူ၍ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးလေ့ ရှိသည်။
သို့သော် ယနေ့ကဲ့သို့သော အခမ်းအနားမှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကြီး တစ်ရပ်ကဲ့သို့ အလွန် တရားဝင်ဆန်လွန်းသဖြင့် ရင်ထဲမှနေ၍ လေးနက်သွားစေသည်။
ထို့ကြောင့် သူတို့အဖွဲ့မှာ အနည်းငယ် စိတ်လှုပ်ရှား နေမိသည်မှာ မလွဲဧကန်ပင်။
ကံကောင်းသည်မှာ အားလုံးက လောကဓံကို ဖြတ်သန်းဖူးသူများ ဖြစ်ကြသဖြင့် ချွီကျင့်တို့အဖွဲ့က မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို အရင်ဆုံး စတင် မိတ်ဆက်လိုက်ကြသည်။
ထို့နောက်မှသာ တောင်ပိုင်းရှိ အရိပ်တပ်ဖွဲ့များ၏ လုပ်ရပ်များအကြောင်းကို စတင် ပြောဆိုကြလေသည်။
"ဒီအရိပ်တပ်ဖွဲ့တွေက လူလို့တောင် ခေါ်လို့မရတော့ဘူး... တကယ့်ကို တိရစ္ဆာန်တွေလိုပဲ"
"ကျွန်တော့်ရဲ့ ဇာတိက တောင်ပိုင်း မြို့တော်ကပါ... အဲ့ဒီမှာ မူလက အရမ်းကြီးမားတဲ့ ရေပေါ်ကျွန်း သုံးကျွန်းရှိပြီး လူဦးရေကလည်း တစ်သိန်းနီးပါးလောက် ရှိတယ်"
"ဒါပေမဲ့ အရိပ်တပ်ဖွဲ့တွေ ကျူးကျော်လာပြီးနောက်မှာ လူတစ်သိန်းရှိတဲ့ ရေပေါ်ကျွန်း သုံးကျွန်းလုံးကို သူတို့က ဓာတ်ရောင်ခြည် ဗုံးတွေနဲ့ တစ်ကြိမ်တည်း ကြဲချတိုက်ခိုက်ခဲ့တာ... သေတဲ့သူကသေ... သန္ဓေပြောင်းတဲ့သူက ပြောင်းနဲ့ အသက်ရှင်တဲ့သူ တစ်ယောက်မှ မကျန်ခဲ့ဘူး"
"အဲ့ဒါ လူတစ်သိန်းတောင်နော်... သူတို့ခမျာ ရေကြီးတဲ့ ကပ်ဘေးဆိုးကြီးထဲကနေ မနည်း အသက်ရှင်လွတ်မြောက်လာပြီးမှ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဖြတ်သန်းပြီး ရေပေါ်ကျွန်းပေါ်ကို ရောက်လာခဲ့ကြရတာ"
"ရေပေါ်ကျွန်း ရှိနေလို့ အားလုံး အသက်ဆက်ရှင်နိုင်ပြီး ကိုယ့်အိမ်ကိုယ့်ရာ ပြန်လည် တည်ဆောက်နိုင်မယ်လို့ ထင်ထားခဲ့ကြတာ"
"ဒါပေမဲ့ ဒီတိရစ္ဆာန်အုပ်စုက..."
ချွီကျင့်၏ မျက်တောင်များ နီရဲလာပြီး အတိတ်အကြောင်းကို ပြောပြနေရင်း မျက်ရည်များပင် ကျဆင်းလာခဲ့သည်။
ထိုဧရာမ ရေပေါ်ကျွန်းကြီး သုံးကျွန်းပေါ်တွင် သူ၏ ဆွေမျိုးများ ရှိနေပြီး သူကိုယ်တိုင်လည်း မူလက ထိုနေရာတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က သူနှင့် သူ့သူငယ်ချင်းများ အတူတကွ သန္ဓေပြောင်းငါး ဖမ်းဆီးရန် ပင်လယ်ထဲသို့ ထွက်သွားခဲ့ခြင်းနှင့် အတိအကျ ကြုံကြိုက်သွားခဲ့သည်။
ထိုတစ်ကြိမ် ပင်လယ်ထဲသို့ ထွက်သွားခဲ့ခြင်းကပင် သူ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
ထိုတစ်ကြိမ် ပင်လယ်ထွက်ပြီးနောက် မမျှော်လင့်ဘဲ ယခု သလင်းကျောက်ကျွန်းကို ရှာတွေ့ခဲ့ပြီး ကျွန်းသခင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူ ပြန်ရောက်လာသည့် အချိန်တွင်မူ ထိုရေပေါ်ကျွန်းကြီး သုံးကျွန်းလုံးကို အရိပ်တပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကျွန်းပေါ်ရှိ နေရာအနှံ့အပြားတွင် မိစ္ဆာကောင်များနှင့် အလောင်းများသာ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူ အလွန်အမင်း ဝမ်းနည်းဒေါသထွက်ခဲ့ရပြီး သေလုမြောပါး အန္တရာယ်များကို ဖြတ်သန်းပြီးမှသာ နောက်တစ်ကြိမ် ပြန်လည် ထွက်ပြေးလွတ်မြောက်ကာ သူ၏ သလင်းကျောက်ကျွန်းဆီသို့ ပြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူက ဆက်လက် မနေရဲတော့ဘဲ သလင်းကျောက်ကျွန်းကို ထိန်းချုပ်ကာ တောင်ပိုင်းမှနေ၍ မြောက်ဘက်သို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
ဤသို့ လာရာလမ်းတစ်လျှောက်တွင် သူသည် အသက်ရှင်ကျန်ရစ်သူများကို အဆက်မပြတ် တွေ့ဆုံခဲ့ပြီး ဤကိစ္စကိုလည်း အခြားသူများအား အမြဲတမ်း ပြောပြခဲ့သည်။
သို့သော် အစပိုင်းတွင် မည်သူကမျှ မယုံကြည်ခဲ့ကြပေ... ထိုအချိန်က တောင်ပိုင်းရှိ ခိုလှုံရေးစခန်းများတွင်လည်း နည်းပညာ သိပ်မရှိသေးသဖြင့် ခရီးဝေးသွားရောက်၍ စုံစမ်းအတည်ပြုရန် မဖြစ်နိုင်ခဲ့ပေ။
ချွီကျင့်မှာ ဒေါသထွက်လာသဖြင့် မြောက်ဘက်သို့ ဆက်လက် ခရီးဆက်ခဲ့သည်။ သူက ပို၍ မြင့်မားသော နေရာများသို့ သွားရောက်ကာ နိုင်ငံတော်၏ စစ်တပ်နှင့် တွေ့ဆုံနိုင်ကောင်း တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ဤကဲ့သို့ မြောက်ဘက်သို့ တောက်လျှောက် တက်လာခြင်းကပင် နောက်ပိုင်းတွင် အရိပ်တပ်ဖွဲ့များ၏ လိုက်လံ သတ်ဖြတ်မှုမှ သူ့ကို လွတ်မြောက်သွားစေခဲ့သည်။
ထို့နောက် သူသည် တောင်ပိုင်းမှ ထွက်ပြေးလာကြသော သူများကို အများအပြား ကယ်တင်နိုင်ခဲ့ပြီး မေးမြန်းကြည့်လိုက်မှသာ အရိပ်တပ်ဖွဲ့များသည် ခြေလှမ်းရပ်တန့်မသွားဘဲ သူတို့ကို ဆက်လက် ကျူးကျော်နေဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။
သလင်းကျောက်ကျွန်းပေါ်သို့ အသက်ရှင်ကျန်ရစ်သူများ ပိုမို များပြားလာသည်နှင့်အမျှ အရိပ်တပ်ဖွဲ့များသည် တောင်ပိုင်းဒေသ အနှံ့အပြားတွင် တိုက်ခိုက်မှု စစ်ပွဲများကို ဆင်နွှဲနေပြီး နိုင်ငံသားများကို နေရာအနှံ့ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ကာ ရေပေါ်ကျွန်းများကို လုယက်နေကြောင်း အားလုံး သိရှိသွားကြတော့သည်။
ဆက်ရန်...