အခန်း ၉၁၅
Vol. 46 Ch. 915
အပိုင်း (၉၁၅) ချင်ကန်း
ယွီမန်မန်၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာ၏။
သူမက အလောတကြီးဖြင့် "ကျွန်မ မအော်တော့ပါဘူး... ကျွန်မ မအော်တော့ပါဘူး... ကျွန်မကို မသတ်ပါနဲ့... ကျွန်မကို မသတ်ပါနဲ့ရှင်"
ချင်ကန်း၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များက လျော့ကျမသွားဘဲ ဆဲဆိုလိုက်သည်။ "ခွေးမ... ခုနက ထိုက်ယန်တောင်က ကျေးဇူးရှင် သုံးယောက်က မင်းကို မသတ်ဘဲ သဘောကောင်းပြီး အသက်ရှင်ခွင့် ပေးခဲ့တာကို... မင်းက ကျေးဇူးကန်းရဲတယ်ပေါ့လေ"
"ကျွန်မ မလုပ်ပါဘူး... ကျွန်မ မလုပ်ခဲ့ပါဘူးရှင်"
"ငြင်းရဲသေးတယ်ပေါ့လေ... ငါ မကြားဘူးလို့ မင်း ထင်နေတာလား... ကျေးဇူးရှင် သုံးယောက်က အရိပ်တပ်ဖွဲ့ရဲ့ စစ်စခန်းကို သွားမယ်ဆိုတဲ့ကိစ္စကို အဲဒီ တိရစ္ဆာန်အကောင်တွေကို မင်း ခုနက ရှင်းရှင်းလင်းလင်းကြီး ပြောပြနေခဲ့တာလေ"
ချင်ကန်းက ဒေါသတကြီး ဆဲဆိုလိုက်ပြန်သည်။ "ခွေးမ... ဒီ အရိပ်တပ်ဖွဲ့ဝင်တွေက ငါတို့ကို ခွေးဝက်တိရစ္ဆာန်တွေလို သဘောထားတာကို... မင်းက သူတို့ခိုင်းတာကို ကြည်ကြည်ဖြူဖြူ လုပ်ပေးပြီး မကောင်းမှုမှာ ပါဝင်ကူညီနေတယ်ပေါ့လေ"
"ခုနက ငါတို့က မင်းကို ယုံကြည်ခဲ့တာတောင်... မင်းက သောက်ရမ်းကို သစ္စာဖောက်ရက်တယ်"
ယွီမန်မန်က မျက်နှာတွင် တောင်းပန်တိုးလျှိုးမှုများ အပြည့်ဖြင့် ငိုယိုကာ "သူတို့မှာ သန္ဓေပြောင်းအစွမ်းတွေ ရှိတယ်လေ... ကျွန်မ မဖုံးကွယ်ရဲပါဘူး... ကျွန်မ လိမ်ပြောမပြောဆိုတာကို သူတို့ သိနိုင်တဲ့ နည်းလမ်းတွေ သေချာပေါက် ရှိမှာပါ"
"အစတုန်းကတော့ ကျွန်မ ဘာမှ မပြောပါဘူး... သူတို့ ကျွန်မကို ရိုက်လို့သာ ကျွန်မ ပြောလိုက်ရတာပါရှင်"
"အစ်ကိုချောချောလေးရယ်... ကျွန်မကို တောင်းပန်ပါတယ်... ကျွန်မကို မသတ်ပါနဲ့... ကျွန်မလို မိန်းမတစ်ယောက် အခုအချိန်အထိ အသက်ရှင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး... ကျွန်မ တကယ် မသေချင်သေးလို့ပါရှင်... အီးဟီးဟီး..."
ချင်ကန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး "မင်းကို မသတ်ရင်... ခဏနေလို့ အရိပ်တပ်ဖွဲ့တွေ ပြန်ရောက်လာတဲ့အခါ မင်းက ငါ့ကိုလည်း ဖော်ကောင်လုပ်ဦးမှာပဲ"
ထိုသို့ပြောရင်း သူက သေနတ်ပြောင်းဝဖြင့် ထိုမိန်းမ၏ ခေါင်းကို ရုတ်တရက် တေ့ထားလိုက်ပြီး "တစ်ချက်တည်းပဲ... မင်း ချက်ချင်း သေသွားလိမ့်မယ်... သိပ်ပြီး နာကျင်ရမှာ မဟုတ်ဘူး"
ယွီမန်မန်က သူ၏ သေနတ်ပြောင်းဝကို ထိတ်လန့်တကြား ပုတ်ထုတ်လိုက်ပြီး ငိုယိုအော်ဟစ်လေသည်။ "ရှင်မှ မသေဖူးတာ... မနာကျင်ဘူးဆိုတာ ရှင် ဘယ်လိုလုပ် သိမှာလဲ... ဖယ်လိုက်ပါ... ဖယ်လိုက်ပါ... အီးဟီး... တောင်းပန်ပါတယ်... ကျွန်မကို မသတ်ပါနဲ့... ကျွန်မ ဘာမဆို လုပ်ပေးပါ့မယ်... ကျေးဇူးပြုပြီးတော့ပါရှင်"
သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး သူမ၏ ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများက အောက်သို့ လျောကျနေကာ ဖြူဖွေးသော အသားအရေနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဖော်ပြနေသည်။
သို့သော်လည်း ချင်ကန်းက အနည်းငယ်မျှပင် တုန်လှုပ်မသွားဘဲ အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ရုန်းကန်မနေနဲ့တော့... မင်းက အရင်ကတောင် မင်းသားရဲ့ အသက်နဲ့ ကျိန်တွယ်ခဲ့သေးတာပဲ... ဒါပေမဲ့ မင်း အကုန်လုံးကို ပြောပြခဲ့တာပဲလေ... ဒါကိုကြည့်ရင် မင်းရဲ့ မူလစရိုက်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ"
ယွီမန်မန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ထိုစကားကို ကြားလိုက်ရသောအခါ မနေနိုင်တော့ဘဲ ခေါင်းမော့လာကာ နီရဲနေသော မျက်ဝန်းများဖြင့် ရုတ်တရက် အရူးတစ်ယောက်လို စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "ဟုတ်တယ်... ကျွန်မ ပြောလိုက်တယ်... ကျွန်မ တကယ်ပဲ ပြောလိုက်တာ"
"ကျွန်မ အသက်ရှင်ချင်ရုံလေးပါ... ကျွန်မမှာ အပြစ်ရှိလို့လား"
"အရိပ်တပ်ဖွဲ့တွေက သေသင့်တယ်ဆိုရင်တောင်... ဟို လယ်ကွင်းထဲက အခြားအသက်ရှင်ကျန်ရစ်သူတွေ အကုန်လုံးကရော လူကောင်းတွေမို့လို့လား"
"ကပ်ဘေးကြီး စဖြစ်တဲ့အချိန်တုန်းက... ရှင့်ပါးစပ်ကပြောနေတဲ့ ကျွန်မတို့လူမျိုးတွေဆိုတာက... ကျွန်မကို နည်းနည်းလေးတောင် မနှိပ်စက်ခဲ့ဘူး ထင်နေလား"
"ကျွန်မ ပထမဆုံးအကြိမ် အပျိုစင်ဘဝ ပျက်စီးခဲ့ရတာကလည်း... ဘေးအိမ်က အိမ်နီးချင်းက အိမ်တံခါးကို အတင်းဖျက်ဝင်လာလို့ပါပဲ... ကျွန်မ သူ့ကို တောင်းပန်ခဲ့ပါတယ်... ဒါပေမဲ့ အဲဒီတိရစ္ဆာန်က လုံးဝ ဂရုမစိုက်ဘဲ ကျွန်မသားလေးရဲ့ ရှေ့မှာတင် ကျွန်မကို မုဒိမ်းကျင့်ခဲ့တာ"
"သူကရော ဒီ အရိပ်တပ်ဖွဲ့တွေနဲ့ ယှဉ်လိုက်ရင် တိရစ္ဆာန် မဟုတ်တော့ဘူးလား"
"ရှင် ဒီမှာလာပြီး ဟန်ဆောင်ကောင်းမနေနဲ့... ရှင် အခုအချိန်အထိ အသက်ရှင်နေနိုင်တာ... ရှင်ကရော မတရားတဲ့ အလုပ်တွေကို တစ်ခါမှ မလုပ်ခဲ့ဖူးလို့လား"
"ကျွန်မ မယုံဘူး... ကျွန်မ လုံးဝ မယုံဘူး"
"ဒီကမ္ဘာပေါ်မှာ လူယုတ်မာမှန်သမျှ အတူတူပဲ ... အရိပ်တပ်ဖွဲ့တွေလည်း သေသင့်သလို ရှင်တို့လည်း သေသင့်တာပဲ"
သူမက စိတ်လွတ်သွားသလို အသံထွက်၍ ရယ်မောလိုက်ပြီးနောက် ချင်ကန်း၏ စွမ်းအင်သေနတ်ကို ရုတ်တရက် အတင်း ဝင်လုလေသည်။
ချင်ကန်းက ရင်ထဲတွင် ဒေါသထွက်သွားပြီး ခြေနှစ်လှမ်းခန့် အမြန်ဆုတ်လိုက်ကာ လက်ထဲရှိ စွမ်းအင်သေနတ်ကို မသိစိတ်ဖြင့် ပစ်ခတ်လိုက်မိသည်။
"ဝီ"
စွမ်းအင်သေနတ်မှ စွမ်းအင်ကျည်ဆန်တစ်တောင့် ပစ်လွှတ်လိုက်ရာ "ဖောင်း" ဟူသော အသံနှင့်အတူ ယွီမန်မန်၏ ရင်ဘတ်မှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားလေသည်။
ခဏချင်းမှာပင် မရေမတွက်နိုင်သော သွေးရေများနှင့် အသားစများ လွင့်စဉ်ထွက်ကုန်သည်။
ချင်ကန်းက အလွန် နီးကပ်စွာ ရှိနေသဖြင့် သူ့ကိုယ်ပေါ်တွင်လည်း သွေးများ ချက်ချင်း ပေကျံသွားလေသည်။
သူက အနည်းငယ် ကြောင်အမ်းသွားပြီး မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ယွီမန်မန်၏ အလောင်းကို ကြောင်ငေးစွာ ကြည့်နေမိသည်။
ခုနက ပစ်ခတ်လိုက်သည့် တစ်ချက်အတွက် သူ ကြိုတင် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။
သို့သော်လည်း သက်ရှိတို့၏ အသက်မှာ ဤမျှပင် နုနယ်လွန်းလှပြီး ယွီမန်မန်မှာလည်း ဤကဲ့သို့ပင် တိုက်ရိုက် အသတ်ခံလိုက်ရလေပြီ။
ချင်ကန်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် အသက်ကို ဝဝရှူသွင်းလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ "တခြားသူတွေကိုတော့ ငါမသိဘူး... ဒါပေမဲ့ ငါကတော့ မတရားတဲ့ အလုပ်တွေကို တစ်ခါမှ မလုပ်ခဲ့ဖူးဘူး"
ထိုသို့ပြောပြီးနောက် သူက စွမ်းအင်သေနတ်ကို သိမ်းဆည်းလိုက်ပြီး အလောင်းကို ရှင်းလင်းလိုက်ကာ သူ၏ သန္ဓေပြောင်းအစွမ်းကို အသက်သွင်းလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေမြောင်းထဲသို့ စီးဝင်သွားလေတော့သည်။
"ရေစီးကြောင်းအတိုင်း သွားရင် ဒီကျွန်းပေါ်ကနေ ထွက်သွားလို့ရနိုင်တယ်"
"အဲဒီ ကျေးဇူးရှင် သုံးယောက်က ထိုက်ယန်တောင်ကနေ လာတာပဲ... ငါ ထိုက်ယန်တောင်ကို သတင်းသွားပို့ရမယ်... ထိုက်ယန်တောင်က လူတွေလာပြီး သူတို့ကို ကယ်တင်နိုင်ဖို့ မျှော်လင့်ရတာပဲ"
ချင်ကန်းက စိတ်ထဲမှ တွေးတောနေမိသည်။ သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် ဤကျွန်းပေါ်တွင် ပုန်းအောင်းနေနိုင်ရန် လုံးဝ မဖြစ်နိုင်ကြောင်းကို သူ ကောင်းကောင်း သိရှိထားသည်။
သူသာ ဤနေရာတွင် ဆက်နေရဲပါက အနှေးနဲ့အမြန်ဆိုသလို ပေါ်သွားလိမ့်မည် ဖြစ်သည်။
ရေစီးကြောင်းအတိုင်း စုန်ဆင်းလာရာ သူ၏ အလျင်မှာ သိပ်မမြန်လှသော်လည်း ကင်းလှည့်နေသော အရိပ်တပ်ဖွဲ့ စစ်သားများစွာကိုတော့ အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။
မကြာမီမှာပင် ရေစီးကြောင်းအတိုင်း သမုဒ္ဒရာထဲသို့ ရောက်ရှိသွားလေတော့သည်။
သမုဒ္ဒရာထဲသို့ ဝင်ရောက်ပြီးနောက် သူ ဆက်လက် ကူးခတ်သွားရာ အချိန်အတန်ကြာသော် ရုတ်တရက် ကြီးမားလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သူက နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။
အဝေးရှိ ထို အရိပ်တပ်ဖွဲ့၏ ကျွန်းပေါ်တွင် ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲသွားပြီး မီးတောက်မီးလျှံများက ကောင်းကင်ယံအထိ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။
ရေခိုးရေငွေ့များ အလုံးအရင်းဖြင့် အထက်သို့ ပျံတက်သွားပြီး အပြာရောင် ရေစီးကြောင်းများဖြင့် ဖွဲ့စည်းထားသော ဧရာမ ဖီးနစ်ငှက်ကြီး ပုံစံ သတ္တဝါကြီးတစ်ကောင်က ကောင်းကင်သို့ ပျံတက်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းများက သူမကို ဝန်းရံထားပြီး ကြောက်စရာကောင်းသော ရေမြှားများအဖြစ် ပြောင်းလဲကာ ကျွန်းပေါ်သို့ လေခွင်းသံများနှင့်အတူ ပစ်လွှတ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကျွန်းပေါ်မှ ဧရာမ စွမ်းအင်အကာအကွယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး စတင် ကာကွယ်လေတော့သည်။
ထိုမျှမကသေးဘဲ အနီရောင် စွမ်းအင်ကျည်ဆန်များက ကောင်းကင်ယံသို့ ပြင်းထန်စွာ ပစ်လွှတ် ပေါက်ကွဲသွားလေသည်။
"ဝုန်း"
ပြင်းထန်လှသော ဗုံးပေါက်ကွဲသံများက ကောင်းကင်ယံမှ တိမ်မည်းများကို တိုက်ရိုက် ဆွဲဖြဲပစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ရောင်ခြည်လှိုင်းများက ချက်ချင်းပင် လွှမ်းမိုး ပေါက်ကွဲသွားလေသည်။
ထို အပြာရောင် ဖီးနစ်ငှက်ကြီးကလည်း ဤစွမ်းအင်လှိုင်းများကို အလွန် အကြောက်အလန့် ရှိပုံရကာ သူမ၏ ခန္ဓာကိုယ်က အတောင်ပံများကို အလျင်အမြန် ခတ်၍ ပျံသန်းသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိကာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားလေသည်။
ထိုနောက်တွင် လူရိပ်ပေါင်းများစွာကလည်း အနောက်မှ အသည်းအသန် လိုက်လံ ဖမ်းဆီးသွားသည်ကို ချင်ကန်း မြင်လိုက်ရသည်။
ထို့အပြင် အာကာသယာဉ်များနှင့် တူသော လေယာဉ်ပျံသန်းရေး ယာဉ်များစွာကလည်း နောက်မှ လိုက်ပါသွားကြပြီး လေခွင်းသံများနှင့်အတူ မိုးသားတိမ်လိပ်များကို ထိုးခွဲကာ ပျောက်ကွယ်သွားကြလေသည်။
ကျွန်းပေါ်ရှိ စွမ်းအင်အကာအကွယ်ကြီးမှာ ပျောက်ကွယ်မသွားဘဲ ဆက်လက် လည်ပတ်နေဆဲပင် ဖြစ်သည်။
ချင်ကန်းက ဆက်လက် နေထိုင်ရန် မရဲတော့သဖြင့် ရေအောက်သို့ အမြန် ဝင်ရောက်ကာ အောက်ခြေသို့ အလျင်စလို ငုပ်လျှိုးသွားလေသည်။
"အဲဒါ ဟိုကျေးဇူးရှင် သုံးယောက်ထဲကများလား... ဘယ်တစ်ယောက်လဲဆိုတာတော့ မသိဘူး... ကျန်တဲ့ နှစ်ယောက်ကရော ဘယ်လိုနေလဲ မသိဘူး"
"ဓာတ်ရောင်ခြည် ဗုံးတွေရဲ့ အစွမ်းက အရမ်း ကြောက်စရာကောင်းတာပဲ... ငါ ဓာတ်ရောင်ခြည် ဗုံးတွေရဲ့ ထိမှန်တာကို လုံးဝ ခံလို့မဖြစ်ဘူး... တတ်နိုင်သမျှ ဝေးဝေး ရှောင်နေမှ ဖြစ်မယ်"
သူက ရေအောက်သို့ ဆက်တိုက် ငုပ်လျှိုးသွားပြီး တစ်လမ်းလုံး အလျင်အမြန် ထွက်ပြေးလေသည်။
ရေစီးကြောင်းများက ဓာတ်ရောင်ခြည် ဗုံးများ၏ အစွမ်းသတ္တိကို ထိရောက်စွာ လျှော့ချပေးနိုင်သည်။
ဓာတ်ရောင်ခြည်လှိုင်းများ ဖြတ်သန်းသွားလာနိုင်သော ကြားခံနယ်များထဲတွင် လေထုထဲ၌ ကူးစက်ပြန့်နှံ့မှု အမြန်ဆုံး ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ。
အမှန်တကယ်တော့ လေဟာနယ်ထဲတွင်သာဆိုလျှင် ဤဓာတ်ရောင်ခြည်လှိုင်းများ၏ ပြန့်နှံ့မှု အလျင်က ပို၍ပင် မြန်ဆန်လေသည်။
မည်သည့် စွမ်းအင်လှိုင်း ပြန့်နှံ့မှုမျိုးမဆို အရာဝတ္ထုများ၏ ဟန့်တားမှုကြောင့် အားနည်းသွားတတ်စမြဲ ဖြစ်သည်။
ရေစီးကြောင်းများကလည်း စွမ်းအင်လှိုင်းများ ပြန့်နှံ့မှုကို ဟန့်တားပေးနိုင်သဖြင့် သူ၏ အကောင်းဆုံး ရွေးချယ်မှုမှာ ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားရန်ပင် ဖြစ်သည်။
ချင်ကန်းက ရေအောက်သို့ နက်ရှိုင်းစွာ ငုပ်လျှိုးသွားပြီးနောက် ချက်ချင်း ထွက်ပြေးမသွားဘဲ ခေါင်းလှည့်ကာ ပေ့မင် ရေပေါ်ကျွန်းဘက်သို့ ကူးခတ်သွားလေသည်။
"အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲ... ဒီ အရိပ်တပ်ဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင် ရေပေါ်ကျွန်းကိုတော့ ဗုံးခွဲမှာ မဟုတ်လောက်ဘူး"
"ငါ ဘယ်လောက်ပဲ မြန်မြန်ကူးကူး ဓာတ်ရောင်ခြည် ဗုံးတွေရဲ့ အလျင်ထက်တော့ ပိုမြန်နိုင်မှာ မဟုတ်ဘူး... အကောင်းဆုံး နည်းလမ်းက အရိပ်တပ်ဖွဲ့ရဲ့ ရေပေါ်ကျွန်း အောက်မှာ ပုန်းနေတာပဲ"
သူက စိတ်ထဲမှ တွေးတောရင်း အလျင်ကို မြှင့်တင်လိုက်ကာ ပေ့မင် ရေပေါ်ကျွန်းဆီသို့ ဆက်တိုက် ချဉ်းကပ်သွားလေသည်။
မကြာမီမှာပင် သူသည် ရေပေါ်ကျွန်း၏ တည့်တည့်အောက်သို့ ရောက်ရှိသွားလေသည်။
သူက ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင် အလွန် အံ့အားသင့်သွားလေသည်။
ပေ့မင် ရေပေါ်ကျွန်း၏ တည့်တည့်အောက်တွင် ရွှံ့မြေများ မဟုတ်ဘဲ ကြီးမားလှသော စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာ အမြောက်အမြားကို မြှုပ်နှံတပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုရေပေါ်ကျွန်း အောက်တွင် ဧရာမ ဘဲဥပုံစံ အခန်းငယ်ကြီး တစ်ခုရှိပြီး အခန်း၏ အဆုံးတွင် ဧရာမ အင်ဂျင်စက်ကြီးနှင့် တူသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ထိုအခန်း၏ အခြား နေရာများတွင်လည်း ဝင်ပေါက်ထွက်ပေါက် အမြောက်အမြားကို တွေ့မြင်နိုင်သေးသည်။
ဤ ပေ့မင် ရေပေါ်ကျွန်းကြီးမှာ ထိပ်မှခြေဖျားအထိ လက်နက်အပြည့်အစုံ တပ်ဆင်ထားခြင်း ခံထားရသည်မှာ ထင်ရှားလှသည်။
အောက်ခြေတွင်ပင် စစ်ဘက်ဆိုင်ရာ စနစ်များ တပ်ဆင်ထားသေးသည်။
"အရိပ်တပ်ဖွဲ့ရဲ့ စခန်းက ဒီနေရာမှာ ရှိနေတာလား"
ချင်ကန်း၏ ရင်ထဲတွင် ခုန်ပေါက်သွားပြီး မျက်နှာပေါ်တွင် ဝမ်းသာအံ့သြသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
အကယ်၍ ဤသတင်းကို ထိုကျေးဇူးရှင်များအား ပြောပြလိုက်ပါက သူတို့အနေဖြင့် ပေ့မင် စခန်းကို အပင်ပန်းခံ ရှာဖွေစရာ မလိုတော့ဘူး မဟုတ်ပါလား။
ထိုအချက်ကို တွေးမိသောအခါ သူက အနီးအနားရှိ အဆောက်အအုံကြီး တစ်ခုထဲတွင် အလျင်အမြန် ပုန်းအောင်းလိုက်သည်။
အဆောက်အအုံကြီးမှာ ရေလွှမ်းမိုးခံထားရသည်မှာ ကြာပြီဖြစ်ပြီး အတွင်းတွင် သန္ဓေပြောင်း ခရုခွံများ၊ ပင်လယ်ခရုများ၊ ဂဏန်းဘီလူးကြီးများနှင့် ပုစွန်ဘီလူးကြီးများ စသည့် သန္ဓေပြောင်း သတ္တဝါ အမြောက်အမြား မှီတင်း နေထိုင်လျက် ရှိသည်။
တစ်ချိန်က လူသားတို့၏ နေရပ်ဖြစ်ခဲ့သော နေရာသည် ယခုအခါ ဤသန္ဓေပြောင်း သတ္တဝါများ၏ နေရပ်အဖြစ် အပြီးတိုင် ပြောင်းလဲသွားလေပြီ။
ချင်ကန်းက ဤမြင်ကွင်းများကို ကြည့်ရင်း အနည်းငယ် ငေးမောသွားမိသည်။
သူသည် ဤကဲ့သို့သော ရှုထောင့်မှနေ၍ ဤကဲ့သို့သော ရေအောက်ကမ္ဘာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က သာမန်လူ တစ်ယောက်သာ ဖြစ်ခဲ့သောကြောင့်ပင်။
ခဏမျှ ငေးမောနေပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီ ရေဘေးကြီးက လူသားတွေရဲ့ နေရပ်ကို ဖျက်ဆီးပစ်ခဲ့ပေမဲ့... ဒီ ပင်လယ်သတ္တဝါတွေရဲ့ နေရပ်ကိုတော့ အဆပေါင်းမက ကျယ်ပြန့်သွားစေခဲ့တာပဲ"
"လူသားတွေသာ မျိုးမသုဉ်းသွားဘူးဆိုရင်... အနာဂတ်မှာ ဒီသမုဒ္ဒရာထဲကနေ ပိုပြီး စွမ်းရည်ထက်မြက်တဲ့ ဉာဏ်ရည်မြင့် မျိုးနွယ်စုတွေ ဆင့်ကဲပြောင်းလဲလာမလားဆိုတာတော့ မသိနိုင်ဘူး"
သူက ဟိုတွေးဒီတွေးဖြင့် ခဏတာ စောင့်ဆိုင်းနေပြီးနောက် သူ၏ သန္ဓေပြောင်းအစွမ်းများ ကုန်ခမ်းလုနီးပါး ဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့် ရေမျက်နှာပြင်ဆီသို့ အလျင်အမြန် ကူးခတ်သွားလေသည်။
ရေမျက်နှာပြင်သို့ ရောက်ရှိသွားသောအခါ သူက လူသားပုံစံသို့ ချက်ချင်း ပြန်လည် ပြောင်းလဲလိုက်ပြီး ကျွန်းပေါ်ရှိ လူသူကင်းမဲ့သော ကျောက်ဆောင်များကြားတွင် ပုန်းအောင်းကာ သန္ဓေပြောင်းအစွမ်းများကို ဖြည်းညင်းစွာ ပြန်လည် ဖြည့်တင်းလေသည်။
"ဖောက်ခွဲတာရပ်သွားတဲ့ ပုံပဲ... ကျေးဇူးရှင် သုံးယောက်ရော ဘယ်လိုနေလဲ မသိဘူး"
သူက ခေါင်းမော့၍ အကဲခတ်ကြည့်လိုက်ရာ ကျွန်းပေါ်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သို့သော် ကျွန်းပေါ်ရှိ စွမ်းအင်အကာအကွယ်မှာ ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး အရိပ်တပ်ဖွဲ့ဝင်များက သတိထား၍ ကာကွယ်နေဆဲဖြစ်ကြောင်း ထင်ရှားနေသည်။
သူက အချိန်အတန်ကြာ စောင့်ဆိုင်းလိုက်ပြီးနောက် တစ်ခါတစ်ရံတွင် အာကာသယာဉ်များ ပြန်လည် ပျံသန်းလာသည်ကို တွေ့မြင်ရသဖြင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် လုံခြုံသွားပြီဟု ယုံကြည်လိုက်ကာ ရေအောက်သို့ တစ်ဖန် ပြန်လည် ငုပ်လျှိုးသွားလေသည်။
ထို့နောက် မြောက်ဘက်သို့ တောက်လျှောက် ကူးခတ်သွားလေသည်။ ထို အသက်ကယ် ကျေးဇူးရှင် ပြောခဲ့သည့် မြောက်ဘက်သို့ သွားလျှင် ထိုက်ယန်တောင်ကို ရှာတွေ့နိုင်သည် ဆိုသော စကားကို သူ မှတ်မိနေသည်။
ချင်ကန်းက တစ်လျှောက်လုံး ကူးခတ်လာခဲ့ပြီး သူ၏ ရေဓာတ် သန္ဓေပြောင်းအစွမ်းကြောင့် ရေထဲတွင် သူ၏ လှုပ်ရှားမှုမှာ ကုန်းပေါ်ထက်ပင် ပို၍ သွက်လက်နေလေသည်။
လမ်းတစ်လျှောက်တွင် စွမ်းအားကြီးမားသော သန္ဓေပြောင်း သတ္တဝါများကို ဂရုတစိုက် ရှောင်ကွင်းလာခဲ့ပြီး ဤသို့ဖြင့် မြောက်ဘက်သို့ တစ်ရက်နှင့်တစ်ညခန့် ကူးခတ်လာခဲ့ရာ နောက်ဆုံးတွင် ထိုနေ့၌ ရေအောက်တွင် ဧရာမ ရေငုပ်သင်္ဘောကြီး တစ်စင်းကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။
ထိုရေငုပ်သင်္ဘော၏ အပြင်ဘက်တွင် 'ထိုက်ယန်တောင် ရေတပ်' ဟူသော စာတန်းကို ရှင်းလင်းစွာ ရေးသားထားလေသည်။
ချင်ကန်း၏ ရင်ထဲတွင် ချက်ချင်း ခုန်ပေါက်သွားပြီး စိတ်လှုပ်ရှားလာကာ... "ဒါ ထိုက်ယန်တောင်ရဲ့ ရေတပ်လား"
သူက ထိုဘက်သို့ အလျင်အမြန် ကူးခတ်သွားလေသည်။
သို့သော် ခြေနှစ်လှမ်းခန့်မျှသာ ကူးရသေးချိန်တွင် ထိုရေငုပ်သင်္ဘောပေါ်ရှိ အမြောက်ပြောင်းဝတစ်ခုက သူ့ထံသို့ ရုတ်တရက် ချိန်ရွယ်လာလေသည်။
သူက ချက်ချင်း လန့်ဖြန့်သွားပြီး အလျင်အမြန် ရပ်တန့်လိုက်လေသည်။
ထို့နောက်တွင် ရေငုပ်သင်္ဘောထဲမှ အသေးစား ရေငုပ်ယာဉ်တစ်စီးက အလျင်အမြန် မောင်းနှင်လာလေသည်။
"အထင်မလွဲပါနဲ့... အထင်မလွဲပါနဲ့... ကျွန်တော်က အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပါ... ကျွန်တော်က အသက်ရှင်ကျန်ရစ်သူပါ"
ရေအောက်တွင် အသံပြန့်နှံ့ရန် ခက်ခဲသော်လည်း သူ၏ လက်မြှောက်ကာ ဝှေ့ယမ်းပြနေသော ပုံစံကြောင့် ထိုက်ယန်တောင်မှ လူများက သူ့ကို တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
ခဏအကြာတွင် ရေငုပ်ယာဉ်၏ အတွင်းခန်းတံခါး ပွင့်လာပြီး အတွင်းရှိ လူများက သူ့ကို လှမ်း၍ လက်ယပ်ခေါ်လိုက်သည်။
ထိုအခါမှသာ ချင်ကန်းက ကူးခတ်သွားရဲတော့သည်။
ရေငုပ်ယာဉ်ထဲသို့ ဝင်ရောက်သွားသောအခါ ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးက ဝိုင်းအုံလာသည်ကို တွေ့လိုက်ရသည်။
"မင်းက ဘယ်သူလဲ" ဟု ၎င်းတို့အထဲမှ တစ်ဦးက မေးလိုက်သည်။
ချင်ကန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ကျွန်တော့်နာမည်က ချင်ကန်းပါ... ပေ့မင် ရေပေါ်ကျွန်းကနေ အခုလေးတင် ထွက်ပြေးလာတာပါ... ထိုက်ယန်တောင်က အစွမ်းပိုင်ရှင် သုံးယောက်က ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ... မြောက်ဘက်ကို ကူးသွားရင် ထိုက်ယန်တောင်ကို တွေ့နိုင်ပြီး အသက်ရှင်နိုင်လိမ့်မယ်လို့ သူတို့ ပြောခဲ့တယ်"
ထိုက်ယန်တောင် ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးမှာ ချက်ချင်း အံ့သြသွားကြပြီး တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထို့နောက် တစ်ဦးက စကားပြောစက်ကို ကိုင်ကာ အလျင်အမြန် လှမ်းခေါ်လိုက်သည်။ "ခေါင်းဆောင်ခုံ... လူတစ်ယောက်ကို ဖမ်းမိထားပါတယ်... အရိပ်တပ်ဖွဲ့ရဲ့ ရေပေါ်ကျွန်းကနေ ထွက်ပြေးလာတာလို့ ဆိုပါတယ်... ကျွန်တော်တို့ လူတွေက ကယ်တင်ခဲ့တာလို့ သူက ပြောနေပါတယ်... ကျွန်တော့်အထင်တော့ သူပြောနေတာက ခေါင်းဆောင်ဝူယင်တို့ အဖွဲ့ကို ပြောနေတာ ဖြစ်နိုင်ပါတယ်"
"သူ့ကို ဒီခေါ်ခဲ့"
စကားပြောစက် တစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်တွင် ချင်ကန်းမှာ ရေငုပ်ယာဉ်ဖြင့် ထိုဧရာမ ရေငုပ်သင်္ဘောကြီးထဲသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရလေတော့သည်။
ဆက်ရန်...